နာမည်ပြောင်းရန် ပြင်းထန်စွာ တောင်းဆိုခြင်း
Vol. 47 Ch. 774
ဒီနေ့ နှစ်ကူးနေ့မဟုတ်သော်လည်း ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ ပြန်ရောက်လာပြီးနောက် နှစ်ဖက်မိသားစုမှ လူများအားလုံး စုံညီနေကြသည်။
ထမင်းစားနေစဉ်တွင် တတိယဒေါ်လေးရှောင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ထျန်းဟောက်... ရှို့အာက ပြောတယ်။ သူ နိုင်ငံခြားမှာ ကျောင်းသွားတက်လို့ ရတယ်ဆို။ တကယ်ပဲလား"
ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ရှို့အာမှာ နိုင်ငံခြားသွားပြီး ကျောင်းတက်ဖို့ အခွင့်အလမ်းရှိနေတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း စာတော်တယ်။ အရည်အချင်းရှိတယ်။ ရှို့အာက HF တက္ကသိုလ်မှာ တက်ချင်တယ်လို့ ပြောတယ်။ TOEFL စာမေးပွဲ အောင်ရင် HF တက္ကသိုလ်ဝင်ဖို့ အဆင်ပြေသွားပြီ"
ယခင်ကဆိုလျှင် တတိယဦးလေးရှောင်နှင့် တတိယဒေါ်လေးရှောင်တို့ ကြားဖူးသမျှ အကောင်းဆုံးတက္ကသိုလ်မှာ မြို့တော်တက္ကသိုလ်သာ ဖြစ်သည်။
သို့သော် ဒီနှစ်ပိုင်းအတွင်း စီးပွားရေးလုပ်လာပြီး ဗဟုသုတများလာသဖြင့် ပိုမိုမြင့်မားသော အရာများကို သိရှိလာကြသည်။ HF တက္ကသိုလ်အကြောင်းလည်း ကြားဖူးသည်။
M နိုင်ငံမှ HF တက္ကသိုလ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး တက္ကသိုလ်တစ်ခု ဖြစ်သည်။
ကိုယ့်သားကို အဲဒီတက္ကသိုလ်မှာ တက်စေချင်တာပေါ့။
သို့သော် လင်မယားနှစ်ယောက်သည် သားဖြစ်သူကို ကြည့်ပြီး စိုးရိမ်ပူပန်နေကြသည်။
ငါတို့ရှို့အာက HF တက္ကသိုလ်ကို တကယ် ဝင်ခွင့်ရပါ့မလား။
ရှောင်လင်းရှို့သည် မိဘများ၏ မျက်နှာအမူအရာကို သတိထားမိပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ "မေမေ... စိတ်မပူပါနဲ့။ ယောက်ဖက ပြောတယ်။ သားရဲ့ အမှတ်စာရင်းနဲ့ဆို HF ဝင်ဖို့ ပြဿနာမရှိဘူးတဲ့"
တတိယဦးလေးရှောင်တို့ လင်မယားသည် ကုန်းထျန်းဟောက်ကို လှမ်းကြည့်လိုက်ကြသည်။
ကုန်းထျန်းဟောက်က ခေါင်းညိတ်လိုက်သည်။ "ရှို့အာရဲ့ စာမေးပွဲရလဒ်တွေက ပြဿနာမရှိပါဘူး။ အဓိကက အင်္ဂလိပ်စာပဲ။ TOEFL စာမေးပွဲ အောင်ဖို့ လိုတယ်။ ဒါပေမဲ့ ဦးလေးနဲ့ ဒေါ်လေး စိတ်မပူပါနဲ့။ ရှို့အာအတွက် ကျွမ်းကျင်တဲ့ ဆရာတစ်ယောက် ငှားပြီး သင်ပေးပါ့မယ်"
တတိယဦးလေးရှောင်တို့ လင်မယား ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။ "ထျန်းဟောက်... တကယ် ကျေးဇူးတင်ပါတယ်ကွာ"
အရင်တုန်းကတော့ ရှောင်လင်းရှို့ တက္ကသိုလ်ဝင်ခွင့်ရရင် တော်ပြီလို့ မျှော်လင့်ခဲ့ကြတာ။ နောက်ပိုင်း သူ့စာတွေ တော်လာတာမြင်တော့ ရှောင်လင်းယဲ့လို မြို့တော်တက္ကသိုလ် ဝင်နိုင်ဖို့ မျှော်လင့်လာကြတယ်။
ကုန်းထျန်းဟောက် ပြောမပြရင် သားကို နိုင်ငံခြားလွှတ်ပြီး ကျောင်းထားဖို့ ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ဘူး။
သခင်ကြီးကုန်းက ပြုံးကာ ပြောလိုက်သည်။ "နိုင်ငံခြားမှာ ကျောင်းတက်တာ ကောင်းပါတယ်။ ဗဟုသုတ တိုးတာပေါ့"
အခြားသူများကလည်း ထောက်ခံကြသည်။ "ဟုတ်တယ်။ နိုင်ငံခြားမှာ ကျောင်းတက်နိုင်ရင် ကောင်းတာပေါ့"
"ရှို့အာ... မင်း ကြိုးကြိုးစားစား လုပ်နော်။ မာနမကြီးနဲ့။ မင်းယောက်ဖ စိတ်ပျက်အောင် မလုပ်နဲ့။ ကြားလား" အဘိုးရှောင်က လေးနက်စွာ သတိပေးလိုက်သည်။
"ဟုတ်ကဲ့ အဘိုး၊ သား ကြိုးစားပါ့မယ်" ရှောင်လင်းရှို့က ရိုးသားစွာ ကတိပေးလိုက်သည်။
"ရှို့အာ... ကြိုးစားထား"
……
လူတိုင်းက ရှောင်လင်းရှို့ကို အားပေးနေစဉ် ရှောင်ရှောင်းဟွေ့က ရုတ်တရက် အော်ပြောလိုက်သည်။ "ဖေဖေ၊ မေမေ၊ သား နာမည်ပြောင်းချင်တယ်။ သားလည်း တက္ကသိုလ်ဝင်ခွင့် ဖြေချင်တယ်"
ရှောင်ရှောင်းဟွေ့၏ အော်သံကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။ အပျော်ရွှင်ဆုံးသူမှာ စတုတ္ထဒေါ်လေးရှောင် ဖြစ်သည်။
သူမ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "သား... ဘာပြောလိုက်တယ်။ သား တက္ကသိုလ်ဝင်ခွင့် ဖြေချင်တယ် ဟုတ်လား"
ရှောင်မိသားစုမှ ကလေးများသည် စာတော်ကြပြီး စာဖတ်ဝါသနာပါကြသည်။ တစ်ဦးတည်းသော ခြွင်းချက်မှာ သူမ၏သားပင်ဖြစ်သည်။
ဒီကောင်လေးက စာဖတ်ခိုင်းရင် အိပ်ငိုက်တတ်ပြီး သစ်ပင်တက်၊ ငှက်ဖမ်း၊ ရေထဲဆင်း၊ ငါးဖမ်းတာလောက်ပဲ စိတ်ဝင်စားသည်။ အင်အားကတော့ အပြည့်ပင်။
ဒါပေမဲ့ ကလေးက စာမလုပ်တတ်ရင် မလုပ်တတ်ဘူးလေ။ လင်မယားနှစ်ယောက် ရိုက်လည်းရိုက်ပြီးပြီ၊ ဆူလည်းဆူပြီးပြီ။ ကလေးက စာမလုပ်ချင်တော့ သူတို့ ဘာလုပ်နိုင်မှာလဲ။
သူတို့ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ စာမလုပ်ချင်လည်း နေပါစေတော့။ ကလေး ဘေးကင်းကျန်းမာရင် ပြီးတာပါပဲ။
ရလဒ်အနေဖြင့် ဒီကောင်လေးက ရုတ်တရက် တက္ကသိုလ်ဝင်ခွင့် ဖြေချင်တယ်တဲ့။ လင်မယားနှစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျချင်သွားကြသည်။
ဒီကောင်လေး... နောက်ဆုံးတော့ လမ်းမှန်ရောက်ပြီလား။
ရှောင်ရှောင်းဟွေ့က လေးနက်စွာ ပြောလိုက်သည်။ "အဖေ၊ အမေ၊ သား နာမည်ပြောင်းချင်တယ်။ သားနာမည်ကို ရှောင်လင်းဟွေ့လို့ ပေးချင်တယ်။ အစ်မကြီးနာမည်က ရှောင်လင်းယွီ၊ အစ်မလတ်နာမည်က ရှောင်လင်းယွင်၊ အစ်ကိုလတ်နာမည်က ရှောင်လင်းယဲ့၊ အစ်ကိုလေးနာမည်က ရှောင်လင်းရှို့။ သားတစ်ယောက်တည်း ရှောင်ရှောင်းဟွေ့ ဖြစ်နေတယ်။ သူတို့နာမည်မှာ 'လင်း' ပါပြီး သားနာမည်မှာ 'ရှောင်း' ပါနေတာ တမင် ခွဲခြားထားသလိုပဲ။ 'လင်း' ပါတဲ့သူတွေက စာတော်ကြတယ်။ 'ရှောင်း' ပါတဲ့ သားတစ်ယောက်တည်း စာညံ့နေတယ်။ ဒါကြောင့် သား နာမည်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ရှောင်လင်းဟွေ့လို့ ပြောင်းလိုက်ရင် သားလည်း စာကြိုးစားလာမယ်။ နောင်ကျရင် တက္ကသိုလ်ဝင်ခွင့် ရလာလိမ့်မယ်"
ဒေါင်...
စတုတ္ထဒေါ်လေးရှောင် ကိုင်ထားသော တူ ပြုတ်ကျသွားသည်။
"သား... သား... စောစောက ဘာပြောလိုက်တယ်" စတုတ္ထဒေါ်လေးရှောင် ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
ရှောင်ရှောင်းဟွေ့သည် မိခင်၏မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ လန့်သွားပြီး လည်ပင်းကို ကျုံ့လိုက်သည်။ သို့သော် နာမည်ကောင်းရရန်နှင့် စာတော်လာစေရန်အတွက် ရင်ကိုကော့ပြီး ပြောလိုက်သည်။ "အမေ... သား နာမည်ပြောင်းချင်တယ်လို့ ပြောတာ။ ရှောင်လင်းဟွေ့လို့ ခေါ်ချင်တယ်။ ရှောင်လင်းဟွေ့... ရှောင်လင်းဟွေ့... နာမည်က ဘယ်လောက် ကောင်းလိုက်သလဲ။ နာမည်ပြောင်းလိုက်ရင် သား သေချာပေါက် စာကြိုးစားတော့မယ်။ ရှောင်ရှောင်းဟွေ့ဆိုတဲ့ နာမည်က ရုပ်ဆိုးလိုက်တာ"
"မဖြစ်ဘူး" စတုတ္ထဒေါ်လေးရှောင်က စဉ်းစားခြင်းမရှိဘဲ ချက်ချင်း ငြင်းပယ်လိုက်သည်။
ဗေဒင်ဆရာက ပြောဖူးသည်။ သူ့နာမည်ထဲမှာ ရေဓာတ်ပါသော စာလုံး မပါရဘူးတဲ့။ မဟုတ်ရင် ဘေးအန္တရာယ်တွေ ကြုံရလိမ့်မယ်တဲ့။
"ဘာလို့ မဖြစ်ရမှာလဲ" ရှောင်ရှောင်းဟွေ့က မကျေမနပ် ပြန်ပြောလိုက်သည်။ "အစ်ကိုတို့ အစ်မတို့ နာမည်တွေက ကောင်းလိုက်တာ။ ဘာလို့ သားနာမည်က ဒီလောက် ရိုးအီနေရတာလဲ။ သား ရှောင်လင်းဟွေ့လို့ပဲ အမည်ခံချင်တယ်။ ဒီကိစ္စကို အစ်မကြီးလည်း သဘောတူထားပြီးသား။ မယုံရင် အစ်မကြီးကို မေးကြည့်"
မိခင်ဖြစ်သူ သဘောမတူမှန်းသိသဖြင့် ရှောင်ရှောင်းဟွေ့က ရှောင်လင်းယွီကို ဆွဲထည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အစ်မကြီးက နာမည်ပြောင်းပေးဖို့ ကူညီပြောပေးမယ်လို့ ကတိပေးထားတယ်လေ။
ရှောင်ရှောင်းဟွေ့၏ စကားဆုံးသည်နှင့် အားလုံး၏ အကြည့်များက ရှောင်လင်းယွီထံ ရောက်လာကြသည်။
ရှောင်လင်းယွီ၏ မျက်နှာထား တင်းမာသွားပြီးနောက် အပြုံးတုဖြင့် ပြောလိုက်သည်။ "အဲဒါက... ရှောင်းဟွေ့က နာမည်ပြောင်းချင်တဲ့ဆန္ဒ ရှိလားလို့ လာမေးလို့... နာမည်ပြောင်းလို့ရမရ ကြည့်ပေးမယ်လို့ ပြောလိုက်တာပါ" စိတ်ထဲတွင်မူ ကျိတ်ဆဲလိုက်သည်။ ဒီကောင်စုတ်လေး... ဘာလို့ အခုမှ ငါ့ကို ဆွဲထည့်ရတာလဲ။ အခု ငါက ပစ်မှတ် ဖြစ်သွားပြီ။
စတုတ္ထဒေါ်လေးရှောင်က နာမည်ပြောင်းမည့်ကိစ္စကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ "မရဘူး။ နာမည်ပြောင်းချင်ရင် ပြောင်း။ ဒါပေမဲ့ နာမည်ထဲမှာ ရေဓာတ်ပါတဲ့ စာလုံး လုံးဝ မပါရဘူး"
ဗေဒင်ဆရာက ရေဓာတ်မပါရဘူးလို့ ပြောထားမှတော့ မပါရဘူးပေါ့။ မယုံလို့ မရဘူး။
ရှောင်ရှောင်းဟွေ့က ထူးဆန်းသလို မေးလိုက်သည်။ "ဒါပေမဲ့ အမေ၊ ရှောင်လင်းဟွေ့ ဆိုတဲ့နာမည်မှာ ရေဓာတ်ပါတဲ့ စာလုံးမှ မပါတာ"
အားလုံး - "......" ဒီကလေး စာကို ဘယ်လိုများ သင်နေတာလဲ။ မမှားဘူးဆိုရင် အခု အလယ်တန်းတက်နေပြီ။ အလယ်တန်း တတိယနှစ်တောင် ရောက်တော့မယ် မဟုတ်လား။
စတုတ္ထဦးလေးရှောင်နှင့် စတုတ္ထဒေါ်လေးရှောင်တို့၏ နဖူးတွင် အမည်းရောင်အစင်းကြောင်းများ ပေါ်လာပြီး ဒေါသထွက်လာကြသည်။
စတုတ္ထဒေါ်လေးရှောင်က အံကြိတ်ကာ ပြောလိုက်သည်။ "လင်းဆိုတဲ့ စာလုံးက ရေဓာတ်ပါတယ်ဟဲ့။ နင် ဒီကောင်စုတ်လေး... ပုံမှန် စာကြိုးစားပါဆိုတော့ မကြိုးစားဘူး။ အခုတော့ အခြေခံအသိတောင် မရှိတော့ဘူး။ ရှက်စရာကောင်းလိုက်တာ"
ရှောင်ရှောင်းဟွေ့က ဝမ်းနည်းပက်လက် ပြောလိုက်သည်။ "သားလည်း စာကြိုးစားချင်တာပေါ့။ ဒါပေမဲ့ စာအုပ်မြင်တာနဲ့ အိပ်ချင်လာတာ သား ဘယ်လိုလုပ်ရမလဲ"
စတုတ္ထဦးလေးရှောင်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "မင်းက ရှောင်မိသားစုရဲ့ သွေးသား ဟုတ်ရဲ့လားလို့တောင် ငါ သံသယဝင်မိတယ်။ မဟုတ်ရင် မင်းအစ်ကိုတွေ အစ်မတွေက စာတော်နေပြီး မင်းကျမှ ဘာလို့ သီးသန့်ဖြစ်နေရတာလဲ"
ရှောင်ရှောင်းဟွေ့က အခွင့်ကောင်းယူပြီး ပြောလိုက်သည်။ "အဖေ ဒါကြောင့် သား နာမည်ပြောင်းချင်တာပေါ့။ ရှောင်လင်းဟွေ့လို့ ပြောင်းလိုက်ရင် ရှောင်မိသားစုက ကလေးမှန်း၊ အစ်ကိုတို့ အစ်မတို့ရဲ့ မောင်မှန်း သိသာသွားမှာ။ ရှောင်ရှောင်းဟွေ့ဆိုတဲ့ ရိုးရှင်းပြီး သာမန်ဆန်တဲ့ နာမည်နဲ့ သား ဘယ်လိုလုပ် စာတော်လာမှာလဲ"
စတုတ္ထဦးလေးရှောင်က ရယ်ချင်သွားပြီး ပြောလိုက်သည်။ "မင်းက အခု နာမည်ကို အပြစ်ပုံချနေတာလား။ နာမည်တစ်ခုက မင်းရဲ့ ပညာရေးနဲ့ ဘယ်လောက် ဆက်စပ်မှုရှိလို့လဲ"
ရှောင်ရှောင်းဟွေ့က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ဆက်စပ်မှု ရှိတာပေါ့။ နာမည်ပြောင်းလိုက်ရင် သား စာကြိုးစားလာနိုင်တယ်။ အစ်မကြီး၊ သားကို ကူပြောပေးပါဦး။ အစ်မကြီး ကတိပေးထားတယ်လေ။ နာမည်ပြောင်းပေးမယ်လို့"
"အဟွတ်... အဟွတ်..." ရှောင်လင်းယွီ ရေနင်သွားသည်။ ကုန်းထျန်းဟောက်က သူမ၏ကျောကို ပုတ်ပေးပြီး ပြောလိုက်သည်။ "ဘာလို့ ဒီလောက် မဆင်မခြင်ဖြစ်ရတာလဲ"
ရှောင်လင်းယွီ စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ "ကျွန်မ မဆင်မခြင် ဖြစ်တာ မဟုတ်ဘူး။ ဒီကောင်စုတ်လေး ရှောင်ရှောင်းဟွေ့ ဂျင်းထည့်တာ ခံလိုက်ရတာ"
ရှောင်လင်းယွီ အသက်ရှူမှန်အောင် လုပ်ပြီးနောက် စတုတ္ထဦးလေးရှောင်နှင့် စတုတ္ထဒေါ်လေးရှောင်ကို ရယ်ပြကာ ပြောလိုက်သည်။ "ဦးလေး၊ ဒေါ်လေး၊ ရှောင်းဟွေ့က နာမည်ပြောင်းချင်နေမှတော့ ပြောင်းပေးလိုက်ပါလား။ အရင်တုန်းက သူက ငယ်သေးတယ်။ အခု သူ ကြီးနေပြီ။ နေ့တိုင်း ရေကန်ထဲဆင်း၊ မြစ်ထဲဆင်းပြီး ရေကစားနေတာပဲ။ ဘာမှမဖြစ်ပါဘူး" သူမ 'အယူသီးတာ' ဟု ပြောလုနီးပါး ဖြစ်သွားသည်။
သို့သော် ဤကိစ္စသည် အဘိုးကိုယ်တိုင် ဗေဒင်မေးထားခြင်း ဖြစ်သည်။ အဘိုး၏စေတနာနှင့် မျက်နှာကို ရှောင်လင်းယွီ မပစ်ပယ်ရဲပေ။
ရှောင်ရှောင်းဟွေ့က ချက်ချင်း ထောက်ခံလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်။ သား နေ့တိုင်း ရေကန်ထဲ၊ မြစ်ထဲသွားပြီး ရေကစားတာပဲ။ ဘာမှ..."
"ပါးစပ်ပိတ်ထား" စတုတ္ထဒေါ်လေးရှောင်က ဟိန်းဟောက်လိုက်သည်။ ထို့နောက် ရှောင်လင်းယွီကို ကြည့်ပြီး ပြောလိုက်သည်။ "ယွီအာ၊ မတော်တဆဆိုတာ ရှိတတ်တယ်"
သခင်ကြီးကုန်းက သံသယဖြင့် မေးလိုက်သည်။ "လင်းဟွေ့ဆိုတဲ့ နာမည်က ဘာပြဿနာ ရှိလို့လဲ"
အဘိုးရှောင်က ရှင်းပြလိုက်သည်။ "ရှောင်းဟွေ့ မွေးတုန်းက သူ့ရဲ့ မွေးသက္ကရာဇ်ကို ယူပြီး ဗေဒင်မေးကြည့်တာ မီးဓာတ်အားကောင်းနေလို့ နာမည်ထဲမှာ ရေဓာတ်မပါရဘူးတဲ့။ မဟုတ်ရင် ဓာတ်မတည့်ဘဲ ဘေးအန္တရာယ် များလိမ့်မယ်တဲ့။ ဒါကြောင့် မူလက ရှောင်လင်းဟွေ့လို့ ပေးမလို့ဟာကို ရှောင်ရှောင်းဟွေ့လို့ ပြောင်းလိုက်ရတာ"
"ဩော်... အဲဒီလိုကိုး" သခင်ကြီးကုန်း ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်တော့ နာမည်ကို စိတ်ထင်သလို လျှောက်မပြောင်းသင့်ဘူး"
လူကြီးသူမများအတွက် နာမည်ပြောင်းခြင်းသည် ကံကြမ္မာပြောင်းခြင်းနှင့် တူသည်။ မဖြစ်မနေ အခြေအနေမျိုး မဟုတ်လျှင် နာမည်မပြောင်းသင့်ပေ။
စတုတ္ထဒေါ်လေးရှောင်က အခွင့်ကောင်းယူပြီး ပြောလိုက်သည်။ "ကြားလား။ မင်းနာမည်ကို စိတ်ထင်သလို လျှောက်မပြောင်းရဘူး"
ရှောင်ရှောင်းဟွေ့က ဝမ်းနည်းပက်လက် ပြောလိုက်သည်။ "ဒါပေမဲ့ နာမည်မပြောင်းရင် သား စာမလုပ်ချင်ဘူး။ သားလည်း တက္ကသိုလ်တက်ချင်တယ်"
အားလုံး - "......"
ဒီကလေးက နာမည်ပြောင်းချင်တာနဲ့ တော်တော် တဇွတ်ထိုးလုပ်နေတာပဲ။ ပြဿနာက နာမည်ပြောင်းတာနဲ့ စာကြိုးစားတာ ဘာဆိုင်လို့လဲ။
မိသားစုစုံညီ ရှိနေသည့်အတွက် ဦးလေးရှောင်နှင့် စတုတ္ထဒေါ်လေးရှောင်တို့သည် ဒီအချိန်မှာ ကလေးကို မဆုံးမချင်ကြပေ။
စတုတ္ထဒေါ်လေးရှောင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့။ ငါတို့ စဉ်းစားကြည့်ပါဦးမယ်"
ရှောင်ရှောင်းဟွေ့က အလျှော့မပေးဘဲ ခေါင်းမာစွာ ပြောလိုက်သည်။ "မရဘူး။ ဒီနေ့ သား နာမည်ပြောင်းခွင့်ပြုတယ်လို့ ကတိပေးရမယ်"
"နင် ဒီကောင်စုတ်လေး... တစ်ရက်လောက် အရိုက်မခံရရင် မနေနိုင်ဘူးလား" စတုတ္ထဒေါ်လေးရှောင် ဒေါသထွက်သွားပြီး ကလေး၏နားရွက်ကို လှမ်းဆွဲရန် ပြင်လိုက်သည်။
ရှောင်ရှောင်းဟွေ့က လျင်မြန်စွာ ထွက်ပြေးသွားသည်။
အကြီးဆုံးဒေါ်လေးရှောင်က ဝင်ရောက်ဖြန်ဖြေပေးသည်။ "ညီမလေး... ကလေးက နာမည်ပြောင်းချင်နေမှတော့ အားလုံးဝိုင်းပြီး တိုင်ပင်ကြတာပေါ့။ ရှောင်လင်းဟွေ့လို့ မပေးရင် တခြား 'ဟွေ့' တစ်ခုခု ပေးလို့ရတာပဲ။ ငါတို့ ထပ်စဉ်းစားကြမယ်လေ။ ရှောင်းဟွေ့ သား သဘောတူလား"
ရှောင်လင်းယွီကလည်း ဝင်ပြောသည်။ "ဟုတ်တယ် ဦးလေး၊ ဒေါ်လေး ရှောင်းဟွေ့က နာမည်ပြောင်းချင်နေမှတော့ ပြောင်းပေးလိုက်ပါ။ ရေဓာတ်မပါတဲ့ စာလုံး ရွေးလိုက်ရင် ရပြီပဲ"
ကုန်းထျန်းဟောက်ကလည်း ထောက်ခံလိုက်သည်။ "ဦးလေး၊ ဒေါ်လေး ရှောင်းဟွေ့ နာမည်ပြောင်းလိုက်ရင် တကယ် စာကြိုးစားလာနိုင်ပါတယ်"
စတုတ္ထဦးလေးရှောင်နှင့် စတုတ္ထဒေါ်လေးရှောင်တို့ စဉ်းစားသွားကြသည်။
သားဖြစ်သူ စာတော်ဖို့ မမျှော်လင့်သော်လည်း တကယ် စာကြိုးစားလာလျှင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။
အဘိုးရှောင်က ပြောလိုက်သည်။ "ကောင်းပြီ... ရှောင်းဟွေ့ နာမည်ပြောင်းချင်ရင် ပြောင်းပေးလိုက်ပါ"
အဘိုးရှောင် ပြောလိုက်ပြီဖြစ်ရာ ဤကိစ္စ အတည်ဖြစ်သွားလေသည်။
***