အခန်း (၃၃၀၁-၃၃၀၂)
Vol. 218 Ch. 3301-3302
အခန်း ၃၃၀၁ - ကျွန်မ ရှင့်ကို ကူညီမယ်
ထိုမျှသာမက ဆူဇီမိုသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်တို့ကိုပင် ဆင့်ခေါ်လိုက်၏။ သူသည် ထိုလက်နက်များကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ပြီး သူ၏ ဘေးပတ်လည်မှာ ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာကို လွှမ်းခြုံကာ သူ၏ ဟာကွက်များကို ကာကွယ်စေ၏။
သူ၏ ခေါင်းလေးလုံး လက်လေးဖက် အခြေအနေကို အသုံးချပြီး သူတော်စင်မျိုးနွယ်သက်ရှိငါးဦးနှင့် ရင်ဆိုင်လိုက်၏။
လေ့ဟော်၏ မျက်လုံးများက တစ်ကြိမ်တိုက်ခိုက်တိုင်း ပြိုင်ဘက်၏ အားနည်းချက်များကို ထောက်လှမ်းနိုင်သော်လည်း ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်နှင့်အတူ သေကွင်းသေကွက် ပျက်စီးထိခိုက်မှုများကို အမြဲတမ်း ရှောင်တိမ်းနိုင်လေသည်။ ထို့သို့ဖြင့် အလွန်ဆုံး လေ့ဟော် လုပ်နိုင်သည်မှာ ဆူဇီမိုကို ထိန်းထားခြင်းပင်။
သို့သော် ယခု ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာ၏ ကာကွယ်မှုနှင့် သူ၏ အာရုံခံသတိစိတ်နှင့်အတူ ဆူဇီမို၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး သူက တန်ပြန်တိုက်ခိုက်လာ၏။
ဝုန်း… ဝုန်း… ဝုန်း…
ချက်ချင်းပင် သွေးချီက တိုက်ပွဲနယ်မြေမှာ တလိပ်လိပ်ထိုးတက်ပြီး အလင်းရောင်က အဘက်ဘက်ကို ဖြန့်ကြက်ကာ ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
အနီးကပ်တိုက်ခိုက်ရည်က အန္တရာယ်အများဆုံးဖြစ်သည်။
လှုပ်ရှားမှု တစ်ကွက်ချင်းစီက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
ဆူဇီမိုသည် သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ ဝိုင်းပတ်ပိတ်ဆို့မှုမှာ မရှုံးနိမ့်ဘဲ ထိန်းထားနိုင်သည့်အချက်သည် သူက သူ၏ တိုက်ခိုက်ရည်အတတ်များကို သူတို့၏ အကန့်အသတ်အထိ တကယ်ပင် ထုတ်ဖော်နိုင်သည်ဟု ဆိုလိုသည်။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအထိ တစ်လမ်းလုံး တိုက်ခိုက်လာခဲ့ခြင်း မဟုတ်လျှင် သူသည် သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ တိုက်ခိုက်မှုများကို ယနေ့ သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။
ဆူဇီမိုက အခြေအနေကို ပြန်ပြောင်းလာသည်ကို သူတော်စင်မျိုးနွယ်သက်ရှိငါးဦး တွေ့မြင်သောအခါ သူတို့က သူတို့၏ နတ်ဘုရားလက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်လိုက်ကြ၏။
ဖူစန်းထန်သည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ယင်ယန်လခြမ်းကွေး ဓားတစ်စုံကို ထုတ်ဖော်လိုက်၏။
ဤသည်မှာ ခွန်ဖန်းမျိုးနွယ်၏ တစ်မူထူးခြားသော လက်နက်တစ်ခု ဖြစ်သည်။ ယင်နှင့်ယန်၊ အဖိုနှင့်အမ…။ ခွန်ဖန်းမျိုးနွယ်သာလျှင် ဤနတ်ဘုရားလက်နက်၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ ထုတ်ဖော်နိုင်ကြသည်။
ချွင်…
ဖူစန်းထန်က ယင်ယန်လခြမ်းကွေး ဓားနှစ်လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး တချွင်ချွင်ခတ်ကာ လူတစ်ယောက်၏ နှလုံးကို ကုတ်ခြစ်နိုင်သည့် ကြွပ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်လာစေ၏။
သူ၏ လက်ထဲမှာ ယင်ယန်လခြမ်းကွေး ဓားနှစ်လက်သည် ပင်လယ်ရေအနက်ပိုင်းထဲမှ ဧရာမခွန်နှင့် ၎င်း၏ တောင်ပံများကို ဖြန့်ကြက်ထားသည့် ဧရာမဖန်းတို့အဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။ သူ၏ တိုက်ခိုက်မှုများက ကောင်းကင်တစ်ခွင် အုပ်မိုးနေသည်။
ဂါး…
နဂါးဟိန်းသံက နေရာတစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
အေးစက်နေသော အစိမ်းရောင်အလင်းတစ်ခုနှင့် ဓားတစ်လက်က ချင်းယန်၏ ရှေ့မှာ ပေါ်ထွက်လာသည်။
ဓားသည် လေးပေရှည်ပြီး ၎င်းပေါ်မှာ အစိမ်းရောင် နဂါးကြေးခွံတစ်လွှာက ဖုံးအုပ်ထားလေသည်။ ဓားချီက ကောင်းကင်ထက်ကို တလိပ်လိပ်ထိုးတက်ပြီး လေထဲမှာ မိုးပြာနဂါးပုံရိပ်ယောင်အဖြစ် အသွင်ပြောင်းလဲသွား၏။ ၎င်းသည် တိမ်စိုင်များကြား ပျံတက်သွားလေသည်။
ရွှစ်….
မီးတောက်စည်းကြောင်းတစ်ခုက ကောင်းကင်ကို ဆုတ်ဖြဲလိုက်၏။
ကျူးလျန့်၏ ထိုးသုတ်လာသော တိုက်ခိုက်မှုနှင့်အတူ ၎င်းသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ၎င်းက နီရဲနေသော လှံတစ်လက်ဖြစ်သည်။
လှံသည် ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းပြီး နီရဲကြည်လင်နေ၏။ မီးတောက်များ၏ ဘေးပတ်လည်မှာ ဟင်္သပဒါးငှက် ဆယ်ကောင်ကျော်က လှည့်ပတ်ပြီး သံရှည်ဆွဲ အော်ဟစ်နေကြ၏။
ဟင်္သာပဒါးငှက်မျိုးနွယ်၏ နတ်ဘုရားလက်နက် ဟင်္သာပဒါးငှက် လှံ…။
ရွှစ်…
ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်ပြီး ပစ်တိုက်ကျဆင်းလာ၏။
ရွှေရောင်လက်နက်သည် ရှဲ့လင်၏ လက်ထဲမှာ ပေါ်ထွက်လာ၏။
၎င်းသည် ဆေဘာတစ်လက်နှင့် တူသော်လည်း မည်သည့်ထက်ရှမှုမှ မရှိပေ။ ၎င်းသည် မနှိုင်းယှဉ်သာအောင် တုတ်ခိုင်ပြီး ဖျက်ဆီး၍ မရနိုင်သည့် ခပ်တုံးတုံး ပေတံတစ်ချောင်းနှင့် တူသည်။
ချီလင်မျိုးနွယ်၏ နတ်ဘုရားလက်နက် ချီလင်ပေတံ…
လေ့ဟော်ကတော့ သူသည် မည်သည့်နတ်ဘုရားလက်နက်ကိုမှ ဆင့်ခေါ်ခြင်း မရှိပေ။ ထွက်ရပ်လမ်း အထွတ်အမြတ်ခိုလှုံရာမှာ သူတော်စင်မျိုးနွယ်များအတွက် သူတို့ခန္ဓာကိုယ်များနှင့် မျိုးဆက်သွေး၏ အစိတ်အပိုင်းတိုင်းသည် သတ်ဖြတ်ဖို့အတွက် မွေးဖွားလာပြီး မည်သည့်အရာကိုမဆို သတ်ဖြတ်လက်နက်များအဖြစ် အသုံးချနိုင်သည်။
သူက သတ်ဖြတ်ဖို့အတွက် မွေးဖွားလာသူတစ်ဦးဖြစ်သည်။
သူတို့လက်ထဲရှိ နတ်ဘုရားလက်နက်များနှင့်အတူ သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ တိုက်ခိုက်မှုများက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။
တိုက်ပွဲနယ်မြေမှာ ရှိသော အခြေအနေက ပို၍ပင် အန္တရာယ်များလာလေသည်။
ခြေတစ်လှမ်းအမှားက သွေးများစွာကို ဖိတ်စင်ပြန့်ကျဲသွားစေနိုင်သည်။
ထိုစဉ် ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲ နောက်ဆုံးကျန်ရှိသည့် အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦးက ဟင်္သာပဒါးငှက်စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။
အဆင့်-၇ သည် တောင်ပိုင်းဒေသ၏ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုထဲမှ မီးလျှံစိတ်ဝိညာဉ်ကုန်းမြေမှ ဖန်းယွင်ဖြစ်သည်။
အရင်တုန်းက မီးလျှံစိတ်ဝိညာဉ်ကုန်းမြေမှ လူများသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ အပြင်ဘက်မှာ ဆူဇီမိုနှင့် ဆုံခဲ့ကြဖူးသည်။
သူတို့အုပ်စုထဲမှာ ဖန်းယွင်တစ်ယောက်သာ ဆူဇီမိုက သာမန်မဟုတ်သည်ကို ပြောနိုင်ခဲ့သည်။
သို့သော်လည်း သူသည် လက်ရှိမြင်ကွင်းမှာ တုန်လှုပ်သွားဆဲဖြစ်၏။
သူသာဆိုလျှင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ ဝိုင်းပတ်ပိတ်ဆို့မှုမှာ အသက်တစ်ရှိုက်စာပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤလူသည် အနိုင်ရလဒ်ကို မဆုံးဖြတ်ရသေးသည့် ကမ္ဘာတုန်လောက်ဖွယ်ရာတိုက်ပွဲမှာ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးနှင့် ရင်ဆိုင်တိုက်ခိုက်နေ၏။
အဆင့်-၈ သည် စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုထဲမှ မီးခိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဖန်ကျစ်ယန် ဖြစ်လေသည်။
အဆင့်-၉သည် စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုထဲမှ လောင်ကျွမ်းစိတ်ဝိညာဉ်ကုန်းမြေ၏ ကျိုးရန်ဖြစ်သည်။
အဆင့်-၁၀သည် တောင်ပိုင်းဒေသမှ ဟုတ်ပုံမရပေ။ ထိုသူသည် ကျစ်ဆံမြီးနှင့် ဘဲဥပုံသဏ္ဍာန် မျက်နှာပေါက်ရှိသော ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးဖြစ်၏။ သူမ၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး အလွန်တရာ စွမ်းအင်ပြည့်ဝသည့်ပုံပေါ်နေ၏။
အခြားသုံးယောက်သည် ဟင်္သပဒါးငှက်စင်မြင့်ပေါ်မှ မြင်ကွင်းကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်သွားသော်လည်း တိတ်တဆိတ်ကျေနပ်သဘောကျနေ၏။ တကယ်ဆို သူတို့သည် နောက်ဆုံးရလဒ်က ဘာဖြစ်လာမည်ကို စောင့်ကြည့်နေရုံမျှသာ ဖြစ်၏။
မိန်းကလေးကသာ သူမ၏ တလက်လက်တောက်ပနေသော မျက်လုံးများကို တဖျပ်ဖျပ်ခတ်ပြီး စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ မလှမ်းမကမ်းမှာရှိသော တိုက်ပွဲနယ်မြေကို ကြည့်နေ၏။
ခဏနေပြီးနောက် မိန်းကလေးက ရုတ်တရက် အသံမြှင့်ကာ ပြောလိုက်၏။
“သူတော်စင်မျိုးနွယ်ဝင်တွေအနေနဲ့ ရှင်တို့ငါးယောက်က လူတစ်ယောက်တည်းကို ဝိုင်းပြီးအနိုင်ကျင့်နေတာ ရှက်ဖို့မကောင်းလွန်းဘူးလား”
မိန်းကလေး၏ အသံက ဆည်းလည်းသံကဲ့သို့ ကြည်လင်ရှင်းလင်းပြီး သာယာနာပျော်ဖွယ်ကောင်းနေ၏။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက မှင်သေသေဖြင့် ရှိနေပြီး လှုပ်ရှားယိမ်းယိုင်သွားကြခြင်း မရှိပေ။
ဤကျင့်ကြံမှုနယ်ပယ်မှာ သူတို့၏ တာအိုနှလုံးသားက တည်ကြည်ခိုင်မာပြီး ကိုင်လှုပ်၍ မရနိုင်ပေ။ စကားလုံး အနည်းငယ်မျှနှင့် သူတို့က ဘယ်လိုလုပ် ဣန္ဒြေပျက်ယွင်းနိုင်ပါ့မလဲ။
သို့သော်လည်း ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် ဆူဇီမိုက တုန်လှုပ်သွား၏။
ထိုအသံသည် တျဲယွဲ့အကြောင်း သတင်းပေးခဲ့သည့်အသံဖြစ်သည်။
ဆူဇီမို၏ စိတ်အာရုံပျံ့လွင့်မှုကို သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက သတိမထားမိဘဲ နေမည်မဟုတ်ပေ။
“ဒီလူက တော်တော် မောက်မာတာပဲ... ငါတို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုမှာတောင် သူက စိတ်အာရုံပျံ့လွင့်ရဲသေးတယ်”
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ဤကဲ့သို့သော အခွင့်အလမ်းကို လက်လွတ်မခံဘဲ မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခိုက်လိုက်ကြ၏။
အစကတော့ ဆူဇီမိုသည် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို ကိုင်တွယ်နိုင်ဆဲဖြစ်၏။ သို့သော်လည်း သူထုတ်ဖော်လိုက်သည့် ဟာကွက်တစ်ခုသည် သူ့ကို အန္တရာယ်တောထဲသို့ ချက်ချင်းပင် ဆွဲခေါ်သွားဖို့ လုံလောက်လေသည်။
ဖောက်…
ဆူဇီမို၏ နံကြားသည် လေ့ဟော်၏ ကုတ်ခြစ်ခြင်းခံရပြီး လက်သည်းရာ အမှတ်အသားတချို့ ပေါ်ထွက်လာကာ နီရဲသွားလေသည်။
ဖူစန်းထန်၏ ယင်ယန်လခြမ်းကွေး ဓားများက ဆူဇီမို၏ လည်ပင်းဘေးကနေ ကပ်ထွက်သွားပြီး သူ၏လည်ပင်းပေါ်မှာ ခပ်ဖျော့ဖျော့ သွေးရောင်အမှတ်အသားတစ်ခု ပေါ်ထွက်လာ၏။
၎င်းသည် ဆူဇီမို၏ ဦးခေါင်းကို ဖြတ်ချဖို့ လက်မအနည်းငယ်သာ လိုခဲ့သည်။
ဖောက်…
နဂါးကြေးခွံဓားက သူ၏ ရင်ဘတ်ကို ခုတ်ပိုင်းချလိုက်၏။
ဟင်္သပဒါးငှက်လှံက သူ၏ ပခုံးကို ထိုးဖောက်သွားလေသည်။
ချီလင်ပေတံသည် ဆူဇီမို၏ နောက်ကျောကို ပစ်ရိုက်ချပြီး သူ့ကို ဒယီးဒယိုင်ဖြစ်ကာ သွေးများစွာ ထွေးထုတ်ရစေ၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုသည် ဒဏ်ရာအပြင်းအထန်ရရှိကာ သူ၏ အစိမ်းရောင်ဝတ်ရုံက သွေးများဖြင့် စွန်းထင်းသွားပြီဖြစ်၏။
မိန်းကလေးက ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
သူမ၏ စကားသည် ဆူဇီမိုကို ကူညီမပေးနိုင်ရုံသာမက သူ့ကို ဒဏ်ရာအပြင်းအထန်ပါ ရရှိသွားစေသည်ကို မိန်းကလေးက နားလည်သဘောပေါက်သွား၏။
“ကျွန်မ... ကျွန်မက ရှင့်ကို... ဟေး… မကြောက်နဲ့… ကျွန်မ ရှင့်ကို ကူညီပေးမယ်”
မိန်းကလေးငယ်၏ မျက်လုံးများက နီရဲနေပြီး သူမက စိုးရိမ်ပူပန်စွာဖြင့် အော်ပြောကာ သူ့အသံက ဗလုံးဗထွေးဖြစ်နေ၏။ သူမသည် ရှေ့သို့ခုန်တက်ပြီး တစ်နေရာရာကနေ ပုဆိန်တစ်လက်ကို ဆွဲထုတ်ကာ တိုက်ပွဲနယ်မြေရှိရာသို့ ပြေးဝင်သွား၏။
ပုဆိန်သည် မော်တယ်လောကမှ သစ်သားပုဆိန်တစ်လက်နှင့်တူပြီး မိန်းကလေး၏ ပုံသဏ္ဌာန်နှင့် အော်ရာနှင့် အလွန်တရာ ကွဲလွဲဆန့်ကျင်နေ၏။
မိန်းကလေးသည် ဒေါသထွက်၍ ပူပန်နေသော အမူအရာနှင့်အတူ သူမ၏ အနည်းငယ် ပိန်လှီနေသောလက်ဖြင့် ပုဆိန်ကို တရွတ်တိုက်ဆွဲသွား၏။ သူမက အော်ဟစ်ပြီး တိုက်ပွဲနယ်မြေသို့ အတင်းဝင်ရောက်သွား၏။
သာမန်ကျင့်ကြံသူများ၊ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုမှ အန္တိမကောင်းကင်ဘုံသာလွန်သူများပင် သူတော်စင်မျိုးနွယ်များနှင့် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။
သူတို့သည် သူတော်စင်မျိုးနွယ်မှ အစေခံများကိုပင် ရန်စရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မိန်းကလေးက နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။
ရွှစ်…
မိန်းကလေးက လောကတစ်ခုကို မြှောက်တင်ပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ ကိုးရိုးကားယားနိုင်ပုံရသော ပုဆိန်က ရုတ်တရက် သူမလက်ထဲမှာ ဘာမှမကျန်အောင် ပြောင်းလဲသွား၏။
“ဟဲဟဲ…”
ဖန်ကျစ်ယန်က ရယ်မောပြီး သူမ၏ လှပသော မျက်လုံးထဲတွင် သရော်တော်တော် အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“လက်စသတ်တော့ သူက လူသားတစ်ဦးပဲ”
မိန်းကလေးက သူမ၏ သွေးချီကို ထုတ်ဖော်လိုက်စဉ် လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် သူမ၏ မျိုးနွယ်ကို မှတ်မိသိရှိသွား၏။
ဖန်းယွင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးတစ်ဆယ်ထဲ ဝင်ရောက်လာနိုင်တဲ့ လူသားတစ်ဦးကို လျှော့တွက်လို့ မရဘူး… သူ့မှာ နည်းလမ်းတချို့ ရှိနေတာပဲ”
ကျိုးရန်က သူ့ပခုံးကို အနည်းငယ်တွန့်ပြီး သဘောမတူဟန်ဖြင့် ပြောလိုက်၏။
“အဲ့လိုဆိုရင်တောင် လူသားတစ်ဦးက သူတော်စင်မျိုးနွယ်ကို စိန်ခေါ်ဖို့ အဆင့်မမီဘူး”
ဝုန်း….
လူတိုင်းဆွေးနွေးနေစဉ် မိန်းကလေးငယ်က သူမ၏ ပုဆိန်ကို မြှောက်ပြီး ရှဲ့လင်၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်ပြီဖြစ်၏။
ရှဲ့လင်က သူမကို ကြည့်ပင်မကြည့်ဘဲ ဆူဇီမိုကိုသာ ဆက်လက်တိုက်ခိုက်နေ၏။ သူက မိန်းကလေး၏ ပုဆိန်ရှိရာဘက်သို့ လက်ပြန်ပစ်ထိုးလိုက်ရုံသာဖြစ်သည်။
ချွင်…
မိန်းကလေးငယ်၏ ပုဆိန်က ရှဲ့လင်၏ လက်သီးနှင့် ထိခတ်ပြီး စူးရှသော သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။ ၎င်းသည် တောင်ထွတ်တစ်ခုကို ထိခတ်သွားသည့်အလားပင်။
မိန်းကလေးက ဆတ်ခနဲတုန်ယင်ပြီး အထိန်းအကွပ်မဲ့စွာဖြင့် လွင့်စင်ထွက်သွား၏။ သူမသည် ပါးစပ်အပြည့် သွေးများကို ထွေးထုတ်ပြီး လက်နှစ်ဖက်ဖြင့် ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
“ဟမ်…”
ရှဲ့လင်၏ အမူအရာကလည်း ပြောင်းလဲသွားပြီး သူ့လက်သီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
သူ့လက်သီးပေါ်တွင် ဒဏ်ရာတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်သွေးများက စီးကျနေ၏။
သူက ဒဏ်ရာရရှိသွားလေသည်။
အခန်း ၃၃၀၂ - အခြေအနေကို ပြန်ပြောင်းခြင်း
ရှဲ့လင် ဒဏ်ရာရရှိသွားသည်နှင့် မိန်းကလေးမှာ သူ့ကို တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေ။ မည်သို့ပင်ဆိုစေ ရှဲ့လင်သည် လက်ဗလာဖြစ်ပြီး သူ၏ လောကကိုပင် မြှောက်တင်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း မိန်းကလေးသည် သူမ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ခဲ့သည်။
မိန်းကလေးသည် သူ၏ ခံစစ်ကို ချိုးဖျက်ပြီး သူတော်စင်မျိုးနွယ်မှ သူ၏ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေသွားသည့်အတွက် ရှဲ့လင်က အံ့အားသင့်သွားခြင်းမျှသာဖြစ်သည်။
စောစောက မိန်းကလေး၏ ပုဆိန်စွမ်းအားက သန်မာမှုမရှိပေ။
သို့သော်လည်း ပုဆိန်က သူ၏ လက်သီးကို ထိခတ်သောအခါ မသိသာသည့် တုန်ခါလှိုင်းများစွာက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းသည် တိုက်ခိုက်မှုများစွာကို အထပ်ထပ်ဆင့်ပြီး သူ့ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ခြင်းနှင့် တူညီသည်။
“ပုရွက်ဆိတ်.. နင်တကယ်ကို သေချင်နေတာပဲ”
ရှဲ့လင်က ပြုံးပြီး သူ၏ လက်ကို ခါလိုက်၏။ သူ့လက်ပေါ်ရှိ ဒဏ်ရာက လျင်မြန်စွာသက်သာပျောက်ကင်းသွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ဒါဆိုရင်တော့ ငါ နင့်ဆန္ဒကို အရင်ဆုံးဖြည့်ပေးရတာပေါ့”
ထိုသို့ပြောရင်း ရှဲ့လင်က တိုက်ပွဲနယ်မြေကနေ ဆုတ်ခွာကာ မိန်းကလေးကို အရင်ဆုံးသတ်ဖြတ်ဖို့ပြင်လိုက်၏။
တိုက်ပွဲနယ်မြေမှာ ဆူဇီမိုက ဒဏ်ရာရရှိထားသော်လည်း ထိုသည်ကို တွေ့မြင်သောအခါ သူက စိတ်သက်သာရာရသွား၏။
မိန်းကလေး၏ စကားလုံးများနှင့် စောစောက အပြုအမူသည် သူ့အတွက် တစ်စုံတစ်ရာကို အတည်ပြုပေးလိုက်၏။
မိန်းကလေးသည် သူ့ပေါ်မှာ ရန်လိုစိတ်မရှိဘဲ သူ့ကိုပင် ကူညီပေးလို၏။
မိန်းကလေးပြောသည့် တျဲယွဲ့နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကလည်း အလိမ်အညာမဟုတ်ဟု ဆိုလိုလေသည်။
တျဲယွဲ့နှင့်မိန်းကလေးက သိကျွမ်းထားကြသည်။
တျဲယွဲ့ကြောင့်ပဲ မိန်းကလေးက သူ့ကိုကူညီပေးလိုခြင်းဖြစ်ပေမည်။
တျဲယွဲ့သည် ရွှမ်ဖျင်တောင်မှာရှိလေသည်။
ထိုသို့အတွေးဖြင့် သူက နောက်ဆုံးမှာ စိတ်သက်သာရာရသွား၏။
သူ့အတွက်တော့ ဤသည်မှာ မဟာကမ္ဘာတစ်ထောင်ကို သူတက်လှမ်းလာပြီးကတည်းက အကောင်းဆုံးသတင်းဖြစ်သည်။ ရှဲ့လင်က မိန်းကလေးကို တိုက်ခိုက်တော့မည်ကို တွေ့မြင်သောအခါ ဆူဇီမိုက သူမကို အန္တရာယ်မကျရောက်စေလိုပေ။ သူက မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာကာ လှမ်းအော်ပြောလိုက်၏။
“မင်း… ဘေးကနေပဲ စောင့်ကြည့်နေ… ငါ သူတို့ငါးယောက်စလုံးကို ဖိနှိမ်ပြမယ်”
“ဘယ်လောက်တောင် မောက်မာလိုက်လဲ”
ဖူစန်းထျန်က ထိုစကားကိုကြားသောအခါ လှောင်ရယ်လိုက်၏။
တိုက်ပွဲကို စောင့်ကြည့်နေသည့် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများစွာက ထိုစကားကိုကြားသောအခါ သူသည် မောက်မာပြီး တင်စီးလွန်းသည်ဟု သူတို့က ခံစားလိုက်ရ၏။
သူသည် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို တစ်ယောက်တည်းဖြင့် ဖိနှိမ်လိုသည်ဟု ထုတ်ဖော်ကြေညာနေသည်။ ဤလူက သူတော်စင်မျိုးနွယ်ကို ဘယ်လိုသဘောထားနေတာလဲ။
မိန်းကလေးက ထိုစကားကို ကြားသောအခါ သူမက စိုးရိမ်ပူပန်နေသော်လည်း မဆင်မခြင်တိုက်ခိုက်လာခြင်း မရှိတော့ပေ။ ထိုအစား သူမသည် သူမ၏ ပုဆိန်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေ၏။
ရွှစ်…
ရုတ်တရက်… ဆူဇီမို၏ ဒုတိယဦးခေါင်း၏ နှာရောင်ကနေ မီးတောက်တစ်ခု ပစ်လွင့်ထွက်ပေါ်ပြီး လေထဲမှာ နီရဲနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ကြာပန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားကာ ရှဲ့လင်ကို အုပ်မိုးလာ၏။
၎င်းသည် ကြမ္မာမီးအနီရောင်ကြာခုံဖြစ်သည်။
“ဟမ်…”
ရှဲ့လင်၏ အမူအရာက ပြောင်းလဲသွားပြီး ချီလင်ပေတံကို ဝေ့ယမ်းကာ ဘန်းခနဲမြည်သံနှင့်အတူ ကြမ္မာမီးအနီရောင်ကြာခုံကို ပစ်ပေါက်ချလိုက်၏။
နတ်ဘုရားလက်နက်နှစ်ခုက လေထဲမှာ ထိပ်တိုက်ရင်ဆိုင်ပြီး တစ်ခုကိုတစ်ခု အလျှော့မပေးကြပေ။
ရုတ်တရက်ဆိုသလို…
ကြမ္မာမီးအနီရောင်ကြာခုံက ဖူးပွင့်လာပြီး မရေမတွက်နိုင်သော ပွင့်ချပ်များက အုပ်မိုးကျဆင်းကာ ဧရာမအကျဉ်းထောင်တစ်ခုအဖြစ် ရှဲ့လင်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်လေသည်။ ကြာစိမ့်ပေါက်များစွာကနေ မီးတောက်များလျှံထွက်ပြီး ရှဲ့လင်ရှိရာသို့ ပစ်လွင့်ကျဆင်းလာ၏။
ချွင်… ချွင်… ချွင်…
ကြမ္မာမီးကြာစေ့များသည် ရှဲ့လင်၏ ခန္ဓာကိုယ်ကို ထိခတ်ပြီး သတ္တုချင်းထိခတ်သံများနှင့်အတူ ပြန်ကန်ထွက်သွား၏။ သူတို့သည် ရှဲ့လင်၏ ကိုယ်ကာယခံစစ်ကို လုံးဝမချိုးဖျက်နိုင်ပေ။
သို့သော်လည်း ကြမ္မာမီးအနီရောင်ကြာခုံ၏ အစစ်အမှန်စွမ်းအားသည် ကြစေ့များမဟုတ်ဘဲ ကြမ္မာမီးဖြစ်သည်။
ဒေါသူပုန်ထနေသော ကြမ္မာမီးက ရှဲ့လင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ်လောင်ကျွမ်းနေပြီး သူ၏သွေးချီကလည်း ၎င်းကို မဖိနှိမ်နိုင်ပေ။
ရှဲ့လင်၏ ဘေးပတ်လည်မှာရှိသော ရွှေရောင်အကာအရံအလွှာက အရည်ပျောက်ကျတော့မည့်လက္ခဏာများ စတင်ပြသလာ၏။
သူသည် ချီလင်ပေတံကို ကိုင်ဆွဲပြီး ကြမ္မာမီးကြာခုံကို ဘယ်လိုပင်ပစ်တိုက်သည်ဖြစ်စေ သူသည် ထိုလှောင်ချိုင့်ထဲကနေ ရုန်းမထွက်နိုင်ပေ။
“ညီကိုရှဲ့… သတိထား အဲဒါက ကြမ္မာမီးကြာခုံပဲ”
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ သူတော်စင်မျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် ကျူးလျန့်သည့် ကြာခုံ၏ မူလဇာစ်မြစ်ကို အလျင်အမြန်မှတ်မိသိရှိသွား၏။ သူက တိတ်တဆိတ် ကျေနပ်သဘောကျသွားလေသည်။
သူသည် ဆူဇီမိုကို သတ်ဖြတ်နိုင်မည်ဆိုလျှင် သူသည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်း… ကြာပန်းနှစ်ခုကို ရရှိနိုင်မည်ဟု ဆိုလိုလေသည်။
ကြမ္မာမီးကြာခုံက ရှဲ့လင်ကို ချုပ်နှောင်ထားပြီး ဆူဇီမိုက သူ၏ ခေါင်းနှစ်လုံးလက်လေးဖက်၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာတို့ပေါ် မှီခိုကာ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး အရေးနိမ့်နေသည့် သူ၏ အခြေအနေကို တဖြည်းဖြည်း ပြန်လည်ပြောင်းလဲနေ၏။
“မင်းတို့လေးယောက်က ထိန်ချန်ထားကြတုန်းပဲလား”
ရှဲ့လင်၏ အသံက ကြမ္မာမီးကြာခုံထဲကနေ အေးစက်စွာဖြင့် ထွက်ပေါ်လာ၏။
သူသည် အထဲမှာပိတ်မိနေပြီး အဆက်မပြတ်လောင်ကျွမ်းခံနေရ၏။ ကြမ္မာမီးကြာစေ့များ၏ ရိုက်ခတ်မှုနှင့်အတူ သူက တကယ်ပင် ဒေါသချောင်းချောင်းထွက်နေပြီဖြစ်သည်။
တိုက်ပွဲ၏ ဤအဆင့်မှာ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ထိန်ချန်ထားကြဆဲဖြစ်၏။
သူတို့သည် ဆူဇီမိုကို ပြိုင်ဘက်တစ်ယောက်အဖြစ်ဘယ်တုန်းကမှ မဆက်ဆံခဲ့ပေ။ ထိုအစား သူတို့၏ ခွန်အားကို တတ်နိုင်သမျှ ချွေတာထားကြလို၏။ ထိုသို့ဖြင့် သူတို့သည် ဆူဇီမိုကို သတ်ဖြတ်ပြီးနောက် သူတို့ငါးယောက်ကြားတွင် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူကို သတ်မှတ်ဖို့အတွက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြမည်ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် တိုက်ရင်းခိုက်ရင်း ပို၍ ရဲဝင့်လာ၏။
သူတို့ပူးပေါင်းထားပြီးတာတောင် သူတို့က ဤလူကို မဖိနှိမ်နိုင်ဘူးဆိုတာ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက နားလည်သဘောပေါက်လာကြသည်။
“သတ်…”
ဖူစန်းထျန်က သူ၏ မျိုးဆက်သွေးကို အဆက်မပြတ်လှည့်ပတ်ပြီး အဆုံးစွန်ယင်နှင့် အဆုံးစွန်ယန်၏ စွမ်းအားကို လှည့်ပတ်လိုက်၏။
လေထဲမှာ ဧရာမခွန်နှင့် မဟာဖန်းက သိပ်သည်းစုဖွဲ့လာပြီး သူတို့၏ တိုက်ခိုက်မှုများက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာ၏။
ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွား၏။
သူ၏ ဘယ်ဘက်မျက်လုံက နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးသွား၏။
သူ၏ မျက်လုံးထဲရှိ မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးက တိုက်ခိုက်ဖို့ကို တကဲကဲဖြစ်နေခဲ့ပြီဖြစ်သည်။
ဂမ္ဘီရအလင်းနှစ်ခု… တစ်ခုကအနက် တစ်ခုကအဖြူသည် ပစ်လွင့်ထွက်ပေါ်ပြီး ဧရာမခွန်နှင့်မဟာဖန်းပေါ် ဆင်းသက်သွားလေသည်။
အဆုံးစွန်ယင်နှင့် အဆုံးစွန်ယန်၏ စွမ်းအားကနေ စုဖွဲထားသည့် ဧရာမတောကောင်နှစ်ကောင်က အလျင်အမြန်အရည်ပျော်ကျလာ၏။
ထိုမျှသာမက ဧရာမတောကောင်နှစ်ကောင်ကို စုဖွဲ့ထားသည့် အဆုံးစွန်ယင်နှင့်အဆုံးစွန်ယန်၏ စွမ်းအားသည်လည်း ဆူဇီမို၏ မျက်လုံးထဲရှိ မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံး၏ ဝါးမျိုးစုပ်ယူခြင်းကိုခံနေရ၏။
“ဘာလဲဟ”
ဖူစန်းထျန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ဆူဇီမို၏ မျက်လုံးထဲကနေ သူ့ကို ရင်တလှပ်လှပ်ဖြစ်စေသည့် အော်ရာတစ်ခုကို သူက အမှန်တကယ်ခံစားမိနေ၏။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူ့မှာ ဘိုးဘေးဗီဇမျိုးဆက်သွေးရှိလေသည်။ ဘယ်အရာက သူ့ကို ဤကဲ့သို့ ခံစားရစေတာလဲ။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။
စုတ်တံအဖြစ် အာဒိကပ္ပသမဂ္ဂ၊ မင်အဖြစ် ယင်ယန်ကိုသုံးပြီး သူက လေထဲတွင် စကားလုံးဆယ့်နှစ်လုံးကို အလျင်အမြန်ရေးဆွဲကာ ဟိန်းဟောက်လိုက်၏။
“တရားမျှတမှုကို ထိန်းသိမ်းဖို တင်းခြောက်ပါးနဲ့ကျားခြောက်ပါးကို ဖွဲ့စည်းခြင်း… နတ်ဘုရားများနှင့်တစ္ဆေများအားလုံး လွင့်ပြယ်သွားရမည်။”
ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးသည် လျင်မြန်စွာသိပ်သည်းစုဖွဲ့လာပြီး သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို ဝိုင်းပတ်လိုက်ကြ၏။
ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးမှာ သွေးချီ သို့မဟုတ် အမြုတေစိတ်ဝိညာဉ်များမရှိကြသော်လည်း သူတို့သည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်နှင့် ယှဉ်နိုင်လေသည်။ အနီးကပ်တိုက်ခိုက်ရည်မှာ သူတို့သည် အန္တိမကောင်းကင်ဘုံသာလွန်သူများ၏ တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်ကြသည်။
ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါး၏ ပင်ကိုယ်သဘာဝချိတ်ဆက်မှုနှင့်အတူ သူတို့သည် ပူးပေါင်းတိုက်ခိုက်မှုနည်းစနစ်တစ်ခုကို တတ်မြောက်ထားကြသည်။ ဆူဇီမိုသည် ရှေ့ကနေ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို ထိန်းပေးထားပြီး အခြေအနေက ချက်ချင်းပင်ပြောင်းလဲကာ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးသည် ထိတ်ထိတ်ပျာပျာဖြင့် နောက်သို့ တစ်လှမ်းပြီးတစ်လှမ်းဆုတ်ပေးလာရ၏။
ဘုန်း…
ရုတ်တရက် တိုက်ပွဲနယ်မြေမှာ ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာ၏။
ရွှေရောင်အလင်းဖုံးလွှမ်းထားသည့် ဂမ္ဘီရတောကောင်တစ်ကောင်သည် ကြမ္မာမီးကြာခုံ၏ လှောင်ချိုင့်ထဲကနေ ချိုးဖျက်ထွက်လာ၏။ ၎င်းသည် ၎င်း၏ ဦးခေါင်းကို မော့ပြီး ဟိန်းဟောက်လိုက်ကာ ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
ရှဲ့လင်သည် သူ၏ မျိုးဆက်သွေးကို အကန့်အသတ်ထိ လှည့်ပတ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေနှင့် သူ့ကိုယ်သူပေါင်းစည်းကာ သူ၏ အစစ်အမှန်ပုံစံ ရွှေရောင်ချီလင်ကို ထွက်ပေါ်လာစေ၏။
ရွှေချီလင်သည် သတ္တုမဟာတာအိုနှင့် ပင်ကိုယ်သဘာဝအရ လိုက်ဖက်ညီမှုရှိလေသည်။ ရှဲ့လင်သည် ၎င်းကို ကျင့်ကြံဖို့အတွက် အားထုတ်မှုတစ်ဝက်သာ လိုအပ်ရုံသာမက သူသည် သတ္တုမဟာတာအို၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိလည်း ထုတ်ဖော်နိုင်လေသည်။
ဒါ့အပြင် ရွှေချီလင်၏ ကိုယ်ကာယသည် ချီလင်မျိုးနွယ်များကြားမှာ ထိပ်တန်းအဆင့်တွင်ရှိလေသည်။
“အားလုံးပဲ ထိန်ချန်မထားကြနဲ့တော့ မင်းတို့ရဲ့အစွမ်းကုန်နဲ့တိုက်ခိုက်ပြီး ဒီလူ့ကို သတ်ကြ”
ရှဲ့လင်က အေးစက်နေသော လေသံနှင့်အတူ လူသားဘာသာစကားကို ပြောလိုက်၏။
“ကောင်းပြီလေ”
ဖူစန်းထျန်ကလည်း အော်ပြောလိုက်သည်။
“သူတော်စင်မျိုးနွယ်ရဲ့ အစစ်အမှန်စွမ်းပကားက ဘာလဲဆိုတာ ဒီလူ့ကို ပြပေးကြမယ်”
ဖူစန်းထျန်သည်လည်း သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။
သူ၏ ဧရာမခန္ဓာက ကောင်းကင်တစ်ခွင်အုပ်မိုးထားပြီး ခွန်နှင့်ဖန်း၏ ပုံသဏ္ဍာန်နှစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာ၏။
“ဂီး…”
ဖီးနစ်အော်သံက ထွက်ပေါ်လာပြီး ကျူးလျန့်က သူ၏ ဟင်္သပဒါးငှက်အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။ သူသည် ပိန်းပါးသည့်ပုံပေါ်သော်လည်း သူ၏ ခန္ဓာကိုယ်က အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပြုစုပျိုးထောင်ပေးနေ၏။
“ဂါး…”
ချင်းယန်ကလည်း သူမ၏ မိုးပြာနဂါးပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီး ဟင်္သပဒါးငှက်စင်မြင့်၏ အထက်မှာ လှည့်ပတ်ကာ အဆုံးမဲ့စွမ်းပကားကို ဖြာထုတ်ပေးနေ၏။ သူမသည် ပုရွက်ဆိတ်တစ်ကောင်ကိုကြည့်နေသည့်အလား ဆူဇီမိုကို မှင်သေသေအကြည့်ဖြင့် ကြည့်နေ၏။
“ဂါး…”
လေ့ဟော်က သူ၏ အစစ်အမှန်ပုံစံ စွမ်နီအဖြစ် အသွင်ပြောင်းလဲလိုက်၏။ သူသည် မီးတောက်များပေါ်မှာ မတ်တတ်ရပ်ပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ဟင်္သပဒါးငှက်စင်မြင့်ပေါ်မှ လူများကို မပြောနှင့်.. လေထဲရှိ ရေပြင်ပိတ်ကားကနေတစ်ဆင့် တိုက်ပွဲကို စောင့်ကြည့်နေသည့် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများပင် တုန်လှုပ်ချောက်ချားသွားကြ၏။
ဤသည်မှာ မျိုးဆက်သွေး၏ အနက်ပိုင်းထဲမှ ဖိနှိမ်မှုတစ်ရပ်ဖြစ်၏။ တခြားအရာများထက် သူတို့မှတ်ဉာဏ်များ၏ အနက်ပိုင်းထဲကနေ လာသည့် အကြောက်တရားကိုပင် ထိန်းချုပ်၍မရနိုင်တော့ပေ။