← Chapters

အခန်း (၃၃၀၅-၃၃၀၆)

Vol. 218 Ch. 3305-3306

အခန်း (၃၃၀၅-၃၃၀၆)

Vol. 218 Ch. 3305-3306

အခန်း ၃၃၀၅ - အန္တရာယ်များသော တိုက်ပွဲ

ချွင်... ချွင်... ချွင်...

အဝီစိဓားနှင့် တမလွန်ဓားသည် နဂါးကြေးခွံဓားနှင့် ဟင်္သပဒါးငှက်လှံတို့နှင့်အတူ ထိတွေ့ရိုက်ခတ်ပြီး ကြွပ်ဆတ်ဆတ်အသံများ ထွက်ပေါ်လာ၏။

အစကတော့ သူတော်စင်မျိုးနွယ်သက်ရှိငါးဦး ရှိနေခဲ့သည်။ ထိုသို့ဆိုလျှင်တောင် သူတို့သည် ဝိုင်းပတ်ပိတ်ဆို့ထားစဉ် ဆူဇီမိုကို မဖိနှိမ်နိုင်ခဲ့ပေ။

ယခု သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးသာလျှင် ကျန်တော့သည်။

ဆူဇီမိုသည် ဒဏ်ရာရရှိထားပြီဖြစ်သော်လည်း သူက အဝီစိဓားနှင့် တမလွန်ဓား၏ ကြောက်မက်ဖွယ်ရာကောင်းမှုနှင့် သူ၏ စွမ်းအားကြီးမားသော သွေးချီနှင့်အတူ အသာစီးရရှိနေ၏။

ကျူးလျန့်နှင့် ချင်းယန်က သတိကြီးကြီးထားကာ တိုက်ခိုက်နေရသည်။

လေ့ဟော်၏ တိုက်ခိုက်မှုများကလည်း ပို၍ လေးကန်လာပြီး သူက စိုးရွံ့ထိတ်လန့်နေ၏။

သူ၏ သတ်ဖြတ်ခြင်းနည်းစနစ်များ အားလုံးသည် သူ၏လက်သည်းများနှင့် သွားများ ဖြစ်လေသည်။ မည်သည့်လက်နက်ကမဆို သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။

သို့သော်လည်း အနားကို ချဉ်းကပ်လာသည်နှင့် သူသည် အဝီစိဓားနှင့် တမလွန်ဓား၏ ထက်ရှမှုနှင့် သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။

သူ၏ ထက်ရှသော လက်သည်းများအရ သူသည် တမလွန်ဓား၏ အနားစောင်းကို ခုခံနိုင်၏။

သို့သော်လည်း ယခင်တိုက်ခိုက်မှုမှာ သူ၏လက်သည် ပြန်အရုတ်မှာ အနည်းငယ် နှေးကွေးသွားပြီး သူ၏ ထက်ရှသော လက်သည်းများသည် အဝီစိဓားဖြင့် သေသပ်စွာ လှီးဖြတ်ချခြင်း ခံခဲ့ရ၏။

လှီးဖြတ်ခံလိုက်ရသော လက်သည်းများကနေ မည်သည့် သွေးဒဏ်ရာမှ ရှိမလာသည်မှာ ကံကောင်းလေသည်။ ထို့ကြောင့် မဟာအဝီစိ၏ စွမ်းအားက ထွက်ပေါ်မလာခဲ့ပေ။

ထိုသို့ဆိုလျှင်တောင် လေ့ဟော်သည် ချွေးပြန်နေခဲ့ပြီဖြစ်၏။

သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးက ဆူဇီမိုကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ ဆူဇီမိုသည် သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးကို ဖိနှိမ်လာနေ၏။

အေးစက်နေသော ဓားအလင်းများက လေထဲမှာ ဖြတ်သန်းပြီး ဆူဇီမိုက သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးကို သူ၏ ကစားပွဲထဲသို့ တဖြည်းဖြည်း ဆွဲခေါ်သွား၏။

သို့သော်လည်း ဖူစန်းထျန်နှင့် ရှဲ့လင်၏ သေဆုံးမှုများ၏ ရိုက်ခတ်မှုက ထိုမျှသာမကပေ။

သူတော်စင်မျိုးနွယ်သက်ရှိသုံးဦး၏ လောကသည် ဆူဇီမို၏ ကစဉ့်ကလျားလောကကို တဖြည်းဖြည်း မဖိနှိမ်နိုင်တော့ပေ။

ဆူဇီမို၏ သွေးချီက သိပ်သည်းစုဖွဲ့လာပြီး ဖန်တီးခြင်းကြာပန်းနှင့် ကြမ္မာမီးကြာပန်း၏ အော်ရာက ဆပွားမြင့်တက်လာ၏။ သူတို့ထဲမှ တစ်ခုသည် အစိမ်းရောင်အလင်းဖြင့် တောက်ပနေပြီး အခြားတစ်ခုက ကြမ္မာမီးဖြင့် လောင်ကျွမ်းနေ၏။

ကစဉ့်ကလျားလောကသည် ၎င်း၏ စွမ်းပကားကို တဖြည်းဖြည်း စတင်ပြသလာသည်။ မီးခိုးရောင်မြူခိုးများက အဆက်မပြတ် ဖြန့်ကြက်ပြီး သူတော်စင်မျိုးနွယ်သုံးဦး၏ လောကများကို ဝါးမျို ချေဖျက်ပစ်ချင်နေ၏။

ကျူးလျန့်နှင့် အခြားနှစ်ယောက်က တိတ်တဆိတ် ထိတ်လန့်လာ၏။

ဤအတိုင်းသာ ဆက်သွားလျှင် သူတို့သုံးယောက်သည် ဆူဇီမိုကို ဖိနှိမ်ဖို့နေနေသာ သူတို့က ဤနေရာမှာပင် သေရနိုင်၏။

သူတို့သုံးယောက်သည် နောက်ဆုတ်ဖို့ကို စိတ်ကူးလာကြပြီဖြစ်၏။ သူတို့က သတ္တိကြောင်လာစဉ် သူတို့၏ တိုက်ခိုက်မှုများကလည်း အားပျော့လာလေသည်။

ပညာရှင်များအကြား တိုက်ပွဲတစ်ခုမှာ အနည်းငယ်သော အားနည်းချက်ကပင် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်သည်။

ဆူဇီမို၏ မျက်လုံးနှစ်လုံးကနေ ဂမ္ဘီရအလင်းနှစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သူက မာန်ဖီဟိန်းဟောက်လိုက်၏။ သူ၏ နောက်ဘက်မှ လေ့ဟော်၏ သွားစွယ်များနှင့် လက်သည်းများကို လျစ်လျူရှုပြီး သူက ရှေ့သို့ခုန်ကာ ကျူးလျန့်နှင့် ချင်းယန် ရှိရာသို့ ပစ်ဝင်သွား၏။

ဤတိုက်ခိုက်မှုသည် သူ့အသက်နှင့် အလောင်းအစား ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် ဤအခွင့်အလမ်းကို အသုံးချပြီး ကျူးလျန့်နှင့် ချင်းယန်ကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးရှိသည်။

သို့သော်လည်း သူသည် အခြားမည်သည့်အရာကိုမှ ဂရုစိုက်ဖို့ အချိန်မရတော့ပေ။ သူထုတ်ဖော်ထားသည့် သေကွင်းသေကွက်များကို လေ့ဟော်က ဖမ်းဆုပ်မိမည်ဆိုလျှင် သူက နေရာမှာပင် သတ်ဖြတ်ခံရနိုင်သည်။

သူ၏ ခေါင်းလေးလုံး လက်လေးဖက် အခြေအနေက ကျိုးပျက်သွားခဲ့ပြီဖြစ်၏။

ဤတစ်ခေါက်မှာ သူ့တွင် စတေးစရာ မည်သည့် ခေါင်းအပိုမှ မရှိတော့ပေ။

လေ့ဟော်က အခွင့်အလမ်းကို ချိန်ဆနိုင်သည်နှင့် သူသည် ဆူဇီမိုကို အသေကိုက်သတ်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနေ၏။

သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးသည် အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်နေရပြီး အခြေအနေကို ချက်ချင်းပင် အကဲဖြတ်လိုက်နိုင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတော်စင်မျိုးနွယ်သက်ရှိသုံးဦး၏ စိတ်ထဲတွင် အခြားသော အတွေးများက ဝင်ရောက်လာ၏။

ကျူးလျန့်နှင့် ချင်းယန်သည် ဆူဇီမိုနှင့် အသေအကြေတိုက်ခိုက်ဖို့ ရွေးချယ်မည်ဆိုလျှင် သူတို့သည် နေရာမှာပင် သေဆုံးပြီး လေ့ဟော်က နောက်ဆုံးအနိုင်ရရှိသူဖြစ်လာဖို့ အခွင့်အရေး မြင့်မားလေသည်။

ကျူးလျန့်နှင့် ချင်းယန်သည် ဤကဲ့သို့သော ရလဒ်တစ်ခုကို သေချာပေါက် လိုလားလိမ့်မည် မဟုတ်ပေ။

လေ့ဟော်ကတော့ သူသည် ဆူဇီမို၏ အဝီစိဓားနှင့် တမလွန်ဓားကို အတော်လေး စိုးရိမ်ပူပန်နေ၏။ ဤသည်မှာ ဆူဇီမို၏ ငါးစာဖြစ်နိုင်ပြီး သူက အနားကို ချဉ်းကပ်မိသည်နှင့် ထိုသူ၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားမည်ကိုလည်း စိုးရိမ်နေ၏။

တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းပြီး အခြေအနေက ရှုပ်ထွေးလာ၏။ တစ်ချိန်တည်းမှာပင် နှစ်ဦးနှစ်ဖက်က စိတ်ပိုင်းဆိုင်ရာ အားပြိုင်လာကြပြီဖြစ်၏။

ကျူးလျန့်နှင့် ချင်းယန်သည် ယခုတင် သူတို့၏ ဟာကွက်များကို ထုတ်ဖော်မိလိုက်ပြီး ဓားနှစ်လက်ကို ကိုင်စွဲထားသည့် ဆူဇီမိုက သူတို့အနားကို ချဉ်းကပ်လာ၏။ သူတို့သည် ရှောင်လွှဲနိုင်စရာ အကြောင်းမရှိတော့ဘဲ တိုက်ခိုက်မှုကို အတတ်နိုင်ဆုံး လမ်းလွှဲဖို့သာ တတ်နိုင်ကြတော့လေသည်။

ဆူဇီမိုသည် သူ၏ နောက်ဘက်မှာရှိသော လေ့ဟော်ကို လုံးလုံးလျားလျား လျစ်လျူရှုပြီး အဝီစိဓားနှင့် တမလွန်ဓား၏ စွမ်းအားကို သူတို့၏ အကန့်အသတ်အထိ ထုတ်ဖော်လိုက်၏။ ဓားချီက တလိပ်လိပ် ထိုးတက်ပြီး သူတို့နှစ်ယောက်ရှိရာသို့ သွန်းလောင်းကျဆင်းလာလေသည်။

လေ့ဟော်ထံမှ အနည်းငယ်သော တွေဝေတုံ့ဆိုင်းမှုသည် ကျူးလျန့်နှင့် ချင်းယန်ကို အန္တရာယ်ကျရောက်လာစေပြီဖြစ်၏။

“မင်း ဘာကို စောင့်နေတာလဲ...”

ကျူးလျန့်က အော်ပြောလိုက်၏။

ကျူးလျန့်နှင့်ချင်းယန် သေဆုံးသွားပြီးနောက် သူတစ်ယောက်တည်း ကျန်ရှိမည်ဆိုလျှင် သူသည် ဆူဇီမိုကို သေချာပေါက် မယှဉ်နိုင်ဘူးဆိုတာ လေ့ဟော်က သူ၏ ရင်ထဲမှာ သိရှိထား၏။

လေ့ဟော်၏ အကြည့်က အေးစက်လာပြီး သူ၏ ပုံရိပ်က ဖျတ်ခနဲလက်သွား၏။

တစ္ဆေသရဲတစ်ကောင်ကဲ့သို့ သူသည် ဆူဇီမို၏ နောက်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာပြီး သူ၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟကာ ဆူဇီမို၏ ဦးခေါင်းကို ပြင်းထန်ကြမ်းတမ်းစွာ ကိုက်ချလိုက်၏။

ရုတ်တရက်ဆိုသလို…

ကျူးလျန့်နှင့် ချင်းယန်အပေါ် ဆူဇီမို၏ တိုက်ခိုက်မှုများက ရပ်တန့်သွား၏။ သူ၏ ခန္ဓာကိုယ်က လှည့်မလာခင် အဝီစိဓားနှင့် တမလွန်ဓားသည် သူ၏ နံကြားအောက်ဘက်ကနေ နောက်ဘက်ကို လှည့်ထွက်သွားပြီဖြစ်၏။

လေ့ဟော်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

“ဆိုးပြီ...”

လေ့ဟော်က ရင်တစ်ချက်ထိတ်သွား၏။

ထိုလူက နောက်ဆုံးမှာတော့ သူ့ကို ပစ်မှတ်ထားလာဆဲဖြစ်သည်။

သူတို့နှစ်ယောက်ကြား အကွာအဝေးက အရမ်းကို နီးကပ်နေပြီး လေ့ဟော်အနေဖြင့် နောက်ဆုတ်ဖို့က နောက်ကျသွားခဲ့ပြီဖြစ်သည်။

သူသည် တမလွန်ဓားကို ကိုက်ဖို့သာ အချိန်ရလိုက်၏။ သို့သော်လည်း နောက်က လိုက်လာသော အဝီစိဓားသည် သူ၏ သွားစွယ်များကို ဖြတ်တောက်လိုက်ပြီး ဓားနှစ်လက်က သူ၏ ခံစစ်ကို ချိုးဖျက်ကာ လေ့ဟော်၏ ဦးခေါင်းကို ပိုင်းဖြတ်ချလိုက်၏။

သွေးများက ပန်းထွက်လာလေသည်။

လေ့ဟော်က သေဆုံးသွားပြီ ဖြစ်သည်။

စောစောက ကျူးလျန့်နှင့် ချင်းယန်သည် ဆူဇီမို၏ တိုက်ခိုက်မှုကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။ ဆူဇီမိုက သူ၏လှုပ်ရှားမှုကို ရပ်တန့်ပြီး လေ့ဟော်ကို လှည့်၍ ကိုင်တွယ်စဉ်မှာတောင် သူတို့နှစ်ယောက်သည် ပြန်လည်တိုက်ခိုက်ဖို့ အချိန်မရလိုက်ပေ။

သူတို့နှစ်ယောက် တုံ့ပြန်လာသည့်အချိန်မှာ လေ့ဟော်၏ ဦးခေါင်းသည် သူ၏ ခန္ဓာကိုယ်ကနေ ပြတ်ကျပြီး သူက သေဆုံးသွားပြီဖြစ်၏။

တစ်ခဏချင်းမှာပင် ဟင်္သပဒါးငှက် စင်ပေါ်တွင် သူတော်စင်မျိုးနွယ်သက်ရှိနှစ်ဦးသာ ကျန်တော့လေသည်။

တိုက်ပွဲက အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။

သူတို့၏ ကိုယ်ပိုင်နည်းလမ်းများပေါ် မှီခိုခြင်းအပြင် ဆူဇီမိုသည် သူ၏ ဒဏ်ရာအပြင်းအထန်ရရှိနေသော ခန္ဓာကိုယ်နှင့်အတူ သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးကြားမှာ လေ့ဟော်ကို သတ်ဖြတ်နိုင်ခဲ့သည့် အရေးကြီးဆုံးအချက်သည် နှစ်ဦးနှစ်ဖက်ကြား စိတ်ပိုင်းဆိုင်ရာကစားပွဲကို အသုံးချခဲ့သောကြောင့်ဖြစ်၏။

သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးသည် သေရမည်ကို မကြောက်ဘဲ သူတို့မှာ တစ်ကိုယ်ကောင်းဆန်သော အတ္တများမရှိလျှင် ဆူဇီမိုက သူတို့ထဲမှတစ်ယောက်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် သူကလည်း နေရာမှာတင် သတ်ဖြတ်ခံရပေလိမ့်မည်။

သူတော်စင်မျိုးနွယ်၏ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို ကြောက်စရာကောင်းလေသည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ တစ်ယောက်ယောက်က ဆူဇီမိုကို ဤမျှအတိုင်းအတာအထိ ဖိအားမပေးနိုင်ခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။

ဆူဇီမိုသည် လေ့ဟော်ကို သတ်ဖြတ်ရန် သူ၏ နောက်ဘက်သို့ အဝီစိဓားနှင့် တမလွန်ဓားကို ပို့လွှတ်ခဲ့ရုံမျှသာဖြစ်၏။ သူသည် ကိုယ်တိုင်လှည့်သွားခဲ့ခြင်း မရှိပေ။

သူ၏ အကြည့်က ကျူးလျန့်နှင့် ချင်းယန်အပေါ်မှာ ကျရောက်နေဆဲဖြစ်၏။

ဆူဇီမိုသည် ဓားနှစ်လက်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် သူက ရပ်တန့်မသွားပေ။ သူသည် ဓားနှစ်လက်ကို ကိုင်စွဲပြီး သူတို့နှစ်ယောက်ရှိရာသို့ ပစ်ဝင်သွား၏။

ဤတစ်ခေါက်မှာ သူတော်စင်မျိုးနွယ်သက်ရှိနှစ်ဦးသာ ကျန်ပြီး ဆူဇီမိုအပေါ် ဖိအားက သိသိသာသာ လျော့ကျသွား၏။

ကျူးလျန့်နှင့် ချင်းယန်ကတော့ သူတို့၏ တာအိုနှလုံးသားက ဘယ်လောက်ပင် ခိုင်မာသည်ဖြစ်စေ… သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးဖြစ်သော ဖူစန်းထျန်၊ ရှဲ့လင်နှင့် လေ့ဟော်တို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို တွေ့မြင်သောအခါ သူတို့က မလွဲမသွေ ကြောက်ရွံ့တုန်လှုပ်လာလေသည်။

ဆူဇီမို၏ စွမ်းအားကြီးမားသော တိုက်ခိုက်မှုများမှာ သူတို့နှစ်ယောက်သည် သူတို့၏ ဟင်္သပဒါးငှက်တံဆိပ်ပြားများကို ဆင့်ခေါ်ဖို့ပင် အခွင့်အရေး မရပေ။

ဝုန်း...

လေထဲမှာ လောကနှစ်ခုသာ ကျန်ရစ်ခဲ့ပြီး သူတို့သည် ကစဉ့်ကလျားလောကကို ဆက်လက်၍ မဖိနှိမ်နိုင်တော့ပေ။

ကစဉ့်ကလျားလောကက အဆက်မပြတ်ဖြန့်ကြက်ပြီး ကျူးလျန့်နှင့် ချင်းယန်၏ လောကများကို ဝါးမျိုကာ ဆွဲယူနှစ်မြှုပ်ချင်နေ၏။

ကစဉ့်ကလျားလောကသည် သူတို့ကို လွှမ်းခြုံလာသည်နှင့် ကျန်ရှိနေသော သူတော်စင်မျိုးနွယ်သက်ရှိနှစ်ဦးကလည်း ဤနေရာမှာ သေဆုံးရပေလိမ့်မည်။

ထိုစဉ်မှာပင် သူ့ထံသို့ ကျရောက်လာသော ဆူဇီမို၏ တိုက်ခိုက်မှုမှာ ဟာကွက်တစ်ခု ရှိနေပုံရသည်ကို ကျူးလျန့်က နားလည်သိရှိသွားပြီး သူက ကြားထဲမှာ အသက်ရှူခွင့်ရလာ၏။

ဤသည်က ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

၎င်းသည် သူ၏ ထွက်ပြေးလွတ်မြောက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။

“ထွက်ပြေးရမယ်”

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျူးလျန့်က နောက်သို့ တစ်ရှိန်ထိုး ဆုတ်ပြီး တိုက်ပွဲနယ်မြေကနေ ထွက်ခွာလိုက်၏။

သူက ဟင်္သပဒါးငှက်တံဆိပ်ပြားကို ဆင့်ခေါ်ပြီး ဟင်္သပဒါးငှက် စင်မြင့်ပေါ်ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။

“ကျူးလျန့်... နင်...”

ချင်းယန်က ဒေါသချောင်းချောင်းထွက်သွား၏။

သို့သော်လည်း သူမ၏ အသံသည် တိုက်ပွဲနယ်မြေရှိ ဓားတေးသံများကြားမှာ လုံးလုံးလျားလျား နစ်မြုပ်သွားပြီဖြစ်၏။

တမလွန်ဓားနှင့် နဂါးကြေးခွံဓားက ထိတွေ့ရိုက်ခတ်သွား၏။ ဓား၏အနားစောင်းက လည်ပြီး နဂါးကြေးခွံဓားကို ခတ်ထုတ်ကာ ဟာကွက်တစ်ခုကို ပေါ်ထွက်လာစေ၏။

အဝီစိဓားက ပစ်ဝင်လာသည်။

ရွှစ်...

ဓားအနားစောင်းသည် ချင်းယန်၏ နဂါးခန္ဓာကိုယ်ကို ထိုးခြစ်သွားလေသည်။ ၎င်းအပေါ်ရှိ နဂါးကြေးခွံများကပင် အဝီစိဓား၏ ထက်ရှမှုကို မခုခံနိုင်ဘဲ သွေးသံရဲရဲဒဏ်ရာတစ်ခုအဖြစ် ထိုးခွဲခံလိုက်ရ၏။

မဟာအဝီစိက ပေါက်ကွဲထွက်ပေါ်လာပြီး ချင်းယန်၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် ဆွဲယူသွင်းလိုက်၏။ ကျူးလျန့်နှင့် ချင်းယန်က အတူပူးပေါင်းထားစဉ်မှာတောင် သူတို့သည် ဆူဇီမို၏ ဓားနှစ်လက် တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။

ယခု ချင်းယန်က တစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့ပြီး သူမသည် အသက်ရှူချိန် အနည်းငယ်မျှမှာ နေရာမှာတင် သတ်ဖြတ်ခံလိုက်ရ၏။

ဘိုးဘေးမီးအထွတ်အမြတ်ခုံလှုံရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဟင်္သပဒါးငှက် စင်မြင့်ပေါ်မှာ…

သွေးများ စိုရွှဲနေသည့် အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ၏ဓားနှစ်လက်ကို ကိုင်စွဲပြီး အေးစက်သော အကြည့်နှင့်အတူ ဝင့်ကြွားစွာ မတ်တတ်ရပ်နေ၏။ သူတော်စင်မျိုးနွယ်၏ သွေးများက သူ့ဓားကနေ ဖြည်းဖြည်းချင်း တစ်စက်စက် စီးကျနေပြီး သူတော်စင်မျိုးနွယ်သက်ရှိလေးဦး၏ အလောင်းများက သူ့ခြေရင်း သွေးအိုင်ထဲမှာ လဲကျနေ၏။

ကျင့်ကြံသူများ အားလုံးသည် မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်နေပြီး အံ့အားသင့်တုန်လှုပ်နေသော အမူအရာများနှင့်အတူ ဟင်္သပဒါးငှက် စင်မြင့်ပေါ်မှ ပုဂ္ဂိုလ်ကို ကြည့်နေကြ၏။ သူတို့၏ ရင်ထဲတွင် အဆုံးမဲ့ တုန်လှုပ်မှုသာလျှင် ရှိတော့လေသည်။

အခန်း ၃၃၀၆ - အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူ

ကောင်းကင်ဘုံသာလွန်သူများကြား ဤနောက်ဆုံးတိုက်ပွဲမှာ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက သေဆုံးသွားပြီး တစ်ယောက်သာလျှင် သေဘေးကနေ လွတ်မြောက်နိုင်ခဲ့သည်။

ဤတိုက်ပွဲသည် လူတိုင်းတွေးထင်ထားသည်ထက် တကယ်ပင် ကျော်လွန်သွားခဲ့၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင် သူတော်စင်မျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်းသက်ရှိများ၏ ရင်ထဲမှာ ရပ်တန့်တားဆီးမရနိုင်သော တည်ရှိမှုတစ်ခုဖြစ်ခဲ့လေသည်။

တကယ်တမ်းမှာလည်း ထိုသို့ပင်ဖြစ်ခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံမှုနယ်ပယ်တူမှာ မည်သည့်သက်ရှိကမှ သူတော်စင်မျိုးနွယ်ကို စိန်မခေါ်နိုင်ခဲ့ပေ။

သူတော်စင်မျိုးနွယ်ကသာ သူတော်စင်မျိုးနွယ်ကို အနိုင်ယူနိုင်သည်။

“ပြောရရင် ဆူဇီမိုမှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းမျိုးဆက်သွေးရှိနေတယ်… သူ့ကိုလည်း သူတော်စင်မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်နိုင်တယ်မလား”

“အဲလိုဆိုရင်တောင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လောက်အောင် သန်မာတဲ့ ဘယ်သူတော်စင်မျိုးနွယ်သက်ရှိကိုမှ ငါမကြားဖူးဘူး”

“အဲဒါက ငါးယောက်တစ်ယောက်တိုက်ပွဲဖြစ်ရုံတင်မကဘူး… တစ်ယောက်သမားက ငါးယောက်ထက် ကျင့်ကြံမှုနယ်ပယ်အသေးနှစ်ခု ပိုပြီးနိမ့်ကျနေတဲ့အခြေအနေအောက်မှာပဲ… အားလုံးပဲ မင်းတို့တွေ တွေးမိကြလား… အဲဒီလူက ပကတိတာအိုသုံးသပ်မှုနယ်ပယ်ထိကျင့်ကြံပြီး အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦး ဖြစ်လာမယ်ဆိုရင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို ဖိနှိမ်ရတာက သူ့အတွက် လက်ဖဝါးကို မှောက်လှန်သလောက် လွယ်ကူနေမှာပဲ”

“အပင်မျိုးနွယ်က သူတော်စင်မျိုးနွယ်သက်ရှိက အရင်တုန်းကသာ အဲလောက်ထိ စွမ်းအားကြီးမားခဲ့မယ်ဆိုရင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဖျက်ဆီးခံခဲ့ရမှာမဟုတ်ဘူး”

ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ အသံများက ပေါက်ကွဲထွက်ပေါ်လာ၏။

“ပြောရမယ်ဆိုရင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ ကာကွယ်မှုလည်းမရှိဘဲ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို သတ်ဖြတ်ပြီးတဲ့နောက် အထွတ်အမြတ်ခိုလှုံရာလေးခုက သူ့ကိုအလွယ်တကူလွှတ်ပေးတော့မှာ မဟုတ်ဘူး”

“အမှန်ပဲ… အထွတ်အမြတ်ခိုလှုံရာလေးခုက တာအိုသာလွန်သူပညာရှင်တွေက ဒီအမှုနောက်ကို လိုက်လာမယ်ဆိုရင် ဒီလူက ဘယ်လောက်ပဲ ပါရမီအရည်အချင်းရှိရှိ သူ့အတွက် ရလဒ်က တစ်ခုပဲကျန်တော့မယ်”

“သူတော်စင်မျိုးနွယ်သက်ရှိငါးဦးထဲမှာ တစ်ဦးပဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်.. ကြည့်ရတာ အန္တိမကောင်းကင်ဘုံသာလွန်သူကျူးလျန့်က တကယ်ပဲ အစွမ်းအစရှိတဲ့ပုံပဲ”

ကျင့်ကြံသူများက စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေပြီး အတန်ကြာသည့်အထိ ငြိမ်သက်မသွားကြပေ။

ဟင်္သပဒါးငှက်စင်မြင့်ပေါ်မှာ။

ဆူဇီမိုသည် သူ၏ ခြေရင်းမှ သူတော်စင်မျိုးနွယ်အလောင်းလေးလောင်းကိုကြည့်ပြီး သူ၏ သွေးချီကို တဖြည်းဖြည်းငြိမ်သက်စေလိုက်၏။

သူကလွဲလျှင် ကျူးလျန့်ထွက်ပြေးလွတ်မြောက်သွားနိုင်ခြင်းက အဓိကအားဖြင့် သူ၏ တမင်သက်သက် ဟပေးမှုကြောင့် ဖြစ်သည်ကို အခြားသူများက မသိရှိကြပေ။

တစ်ဘက်မှာတော့ ကျူးလျန့်သည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ သူတော်စင်မျိုးနွယ်မှဖြစ်သည်။

သူသည် ကုသိုလ်ရွှေကြာပန်းအတွက် တိုက်ခိုက်နိုင်မည့် ဤအခွင့်အလမ်းကို ရရှိလာသည်မှာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ဦးလေးဖုန့်ကြောင့်ဖြစ်လေသည်။

ဆူဇီမိုသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာအကြောင်း များစွာသိရှိမထားပေ။

သူသည် ကျူးလျန့်ကို သတ်ဖြတ်လိုက်မည်ဆိုလျှင် ဦးလေးဖုန့်အတွက် ကိုင်တွယ်ရခက်ခဲသွားမည်ကို သူက စိုးရိမ်ပူပန်နေ၏။

အခြားတစ်ဘက်မှာတော့…။

သူသည် ဟာကွက်တစ်ခုကို ထုတ်ဖော်ပြီး ကျူးလျန့်ကို ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးလိုက်မည်ဆိုလျှင် ချင်းယန်သည် သူ၏ တစ်ဦးတည်းသောပြိုင်ဘက်ဖြစ်လာပြီး သူက သူမကို အလွယ်တကူသတ်ဖြတ်နိုင်လေသည်။

ဤတိုက်ပွဲသည် ရှည်ကြာသည်ဟု မထင်ရသော်လည်း သူတော်စင်မျိုးနွယ်များနှင့် တိုက်ခိုက်ခြင်းသည် သူ၏ စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးစေခဲ့၏၊

ဘေးမှာ ရပ်ကြည့်နေသည့် အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦးရှိနေ၏။ ဟိုမိန်းကလေးကလွဲလျှင် သူသည် နောက်ထပ်အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦးနှင့် ရင်ဆိုင်ရနိုင်သည်။ သူသည် မည်သည့်အမှားအယွင်းမှမရှိစေရန် သူ၏ သက်လုံအားကို ချွေတာထားရပေမည်။

တကယ်တမ်းမှာ စောစောက ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲမှာ သူသည် ဖန်းယွင်နှင့်အခြားနှစ်ယောက်ထံ သူ၏ စိတ်အာရုံကို ခွဲဝေမပေးနိုင်ခဲ့ပေ။

ဘေးကနေ စောင့်ကြည့်နေသော သူတို့သုံးယောက်သည် တိုက်ပွဲကို အနီးကပ်တွေ့မြင်ထားပြီး သူတော်စင်မျိုးနွယ်နှင့် ဆူဇီမိုကြား တိုက်ပွဲကနေ ထွက်ပေါ်လာသည့် ကြောက်စရာကောင်းသော နည်းလမ်းများကို ခံစားမိခဲ့ကြ၏။ သူတို့သည် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေကြပြီဖြစ်သည်။

ဆူဇီမိုသည် သူ၏ ခေါင်းကိုငုံ့ပြီး အဝီစိဓားနှင့် တမလွန်ဓားကို ကြည့်လိုက်၏။

ဓားနှစ်လက်သည် ဤတိုက်ပွဲမှာ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို သတ်ဖြတ်နိုင်ဖို့အတွက် ကြီးမားစွာအကျိုးဆောင်ခဲ့လေသည်။

ဆူဇီမိုသည် အနက်ရောင်ဝတ်အမျိုးသား၏ နောက်ခံကို ပို၍ပင် သိချင်စိတ်ဖြစ်ပေါ်လာ၏။

အစိမ်းရောင်ကြာပန်းဓားနှင့် အနီရောင်ကြာပန်းဓားကို ဤလူက ပြန်လည်ပုံသွင်းပေးပြီးနောက် ဤကဲ့သို့ကြောက်စရာကောင်းသော နတ်ဘုရားလက်နက်များအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။

သူတော်စင်မျိုးနွယ်၏ မျိုးဆက်သွေးက တကယ့်ကို စွမ်းအားကြီးမားလေသည်။

အဝီစိဓားနှင့် တမလွန်ဓားသည် မနှိုင်းယှဉ်သာအောင် ထက်ရှပြီး သူတို့ကို မည်သည့်သွေးကမှ မစွန်းထင်းနိုင်ပေ။

သို့သော်လည်း သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို သတ်ဖြတ်ပြီးနောက် ဓားပေါ်တွင် သွေးတချို့စွန်းထင်းကျန်ရစ်ခဲ့ပြီး ဖြည်းဖြည်းချင်းစီးကျနေ၏။

ဆူဇီမိုသည် အဝီစိဓားနှင့် တမလွန်ဓားပေါ်ရှိ သွေးများကို ခါထုတ်လိုက်၏။ သူက ဖန်းယွင်၊ ဖန်ကျစ်ယန်နှင့် ကျိုးရန်တို့ကို လှည့်ကြည့်လိုက်၏။

“မင်းတို့သုံးယောက် အတူပေါင်းပြီး တိုက်ခိုက်ချင်လား”

ဆူဇီမိုက မှင်သေသေဖြင့်မေးလိုက်၏။

ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

ဟင်္သပဒါးငှက်စင်မြင့်ပေါ်တွင် ကောင်းကင်ဘုံသာလွန်သူတစ်ဦးတည်း ကျန်ခဲ့မှသာ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ဖန်းယွင်နှင့်အခြားနှစ်ယောက်သည် ဆူဇီမို၏ မေးခွန်းကို ကြားသောအခါ သူတို့၏ ခန္ဓာကိုယ်များက သိသိသာသာတုန်ယင်သွား၏။

“တာအိုရောင်းရင်း… ခင်ဗျားနောက်နေတာပဲ ဖြစ်ရမယ်”

ဖန်းယွင်က ညင်သာစွာ ချောင်းဟန့်လိုက်၏။

ဖန်ကျစ်ယန်က တံတွေးကို အလျင်စလိုမျိုချပြီး အလောတကြီးပြောလိုက်၏။

“ရှင်က… အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူပါပဲ… အဲဒီဘွဲ့အတွက် ကျွန်မရှင်နဲ့ တိုက်ခိုက်မှာမဟုတ်ဘူး”

ဒါက ဘယ်လိုဟာသမျိုးလဲ…။ သူတော်စင်မျိုးနွယ်သက်ရှိများသည် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့အတွက် ဆက်တိုက်သေဆုံးခဲ့ရပြီဖြစ်သည်။

သူမသည် ဤအခိုက်အတန့်မှာ ဆူဇီမိုကို ဘယ်လိုလုပ်ရင်ဆိုင်ရဲပါ့မလဲ။

သူတော်စင်မျိုးနွယ်သက်ရှိလေးဦးသေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ရခြင်း၏ တုန်လှုပ်မှုက သူမအတွက် အရမ်းကိုကြီးမားလေသည်။

“နှုတ်ဆက်ပါတယ်”

ကျိုးရန်က ပို၍ပင် တဲ့တိုးဆန်လေသည်။ သူက နှုတ်ဆက်စကားကိုပြောပြီး သူ၏ ဟင်္သပဒါးငှက်တံဆိပ်ပြားကို ဆင့်ခေါ်ကာ နေရာကနေပျောက်ကွယ်သွား၏။ သူက ကြန့်ကြာနေမည်ဆိုလျှင် ထွက်ပြေးဖို့အခွင့်အရေးပင်မရမည်ကို စိုးရိမ်နေ၏။

ဖန်းယွင်နှင့် ဖန်ကျစ်ယန်ကလည်း တုံ့ပြန်လိုက်ပြီး ထွက်ပြေးတိမ်းရှောင်ဖို့အတွက် သူတို့၏ ဟင်္သပဒါးငှက်တံဆိပ်ပြားများကို ဆင့်ခေါ်လိုက်ကြ၏။

တစ်ခဏချင်းမှာပင် ဟင်္သပဒါးငှက်စင်မြင့်ပေါ်တွင် ဆူဇီမိုနှင့်မိန်းကလေးသာလျှင် ကျန်ခဲ့၏။

ဆူဇီမိုက မိန်းကလေးကိုကြည့်ပြီး ညင်သာစွာပြုံးပြလိုက်၏။

“တာအိုရောင်းရင်း… ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”

သူ၏ လေသံကို ညင်သာစေရန် အတတ်နိုင်ဆုံးကြိုးစားထားပြီဖြစ်၏။ သို့သော်လည်း သူသည် ယခုတင် သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို သတ်ဖြတ်ထားပြီး သူ့ကို သွေးနှင့်သတ်ဖြတ်လိုစိတ်က ဖုံးလွှမ်းထားလေသည်။ သူက ရင်းနှီးဖော်ရွေသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်စဉ်မှာတောင် ၎င်းသည် မိန်းကလေးကို အတော်လေးထိတ်လန့်သွားစေ၏။

မိန်းကလေးကလည်း သူမ၏ ဟင်္သပဒါးငှက်တံဆိပ်ပြားကို ထုတ်ယူလိုက်၏။ သူမသည် ပျာပျာသလဲဖြင့် ဟင်္သပဒါးငှက်တံဆိပ်ပြားက မြေပြင်ပေါ်သို့ လွတ်ကျလုမတတ်ဖြစ်သွားသည်။ သူမသည် မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားချင်၏။

“ဟေး… မသွားနဲ့ဦး”

ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ သူက အသံတစ်ခုကို အလောတကြီးပို့လွှတ်လိုက်၏။

“ရွှမ်ဖျင်တောင်က ဘယ်မှာလဲ”

မိန်းကလေးကို အလင်းရောင်တစ်လွှာက လွှမ်းခြုံလာလေသည်။ သူမ ပျောက်ကွယ်မသွားခင် ဆူဇီမို၏ စိတ်ထဲ အသံတစ်ခု ဝင်ရောက်လာ၏။

“အဲဒါက အနောက်တောင်ဘက်မှာပဲ… ရှင်ရောက်ရင် သိရလိမ့်မယ်”

“ဟေ့… ဟေး… ကျွန်မရှင့်ကို စောစောက ဒဏ်ရာရစေခဲ့တယ်.. ရှင်အဲဒါကို ဗွေမယူရဘူးနော် ဟုတ်တယ်မလား”

မိန်းကလေး၏ အသံက သူမ၏ ပုံရိပ်နှင့်အတူ ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုက ထိုစကားကိုကြားသောအခါ ပြုံးလိုက်၏။

မိန်းကလေးက ရိုးသားပြီး ချစ်စရာကောင်းလေသည်။ သူမသည် သူမ၏ နာမည်ကို တစ်ချိန်လုံး ထုတ်ဖော်မပြောဆိုခဲ့သည်မှာ သူက သူမနှင့်ပတ်သက်၍ ကျေနပ်မှုမရှိမည်ကို သူမက စိုးရိမ်နေသောကြောင့်ဖြစ်နိုင်သည်။

ဆူဇီမိုသည် သူတော်စင်မျိုးနွယ်သက်ရှိလေးဦး၏ ရတနာများကို သိမ်းဆည်းလိုက်၏။

ထိုအခိုက်အတန့်မှာ သူသည် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်ပေါ်တွင် တစ်ဦးတည်းသာကျန်ရစ်ခဲ့၏။

သူ၏ နာမည်သည် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဟူသော စကားလုံးနှင့်အတူ တွဲကာ ပေါ်ထွက်လာ၏။ ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုသည် သူ၏ ဟင်္သပဒါးငှက်တံဆိပ်ပြားကိုကောက်ယူပြီး ထွက်ခွာသွား၏။

ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာသို့ သူပြန်လည်ရောက်ရှိလာသည့်ခဏမှာပင် စွမ်းအားကြီးမားသောအင်အားတစ်ခုက သူ့ကိုလွှမ်းခြုံလာလေသည်။

“ငါပါ…”

တစ်ချိန်တည်းမှာပင် ဦးလေးဖုန့်၏ အသံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။

ဆူဇီမိုက ငြင်းဆန်ခြင်း မရှိပေ။

ဤသည်မှာ လေဟာနယ်မဟာတာအို၏ စွမ်းအားဖြစ်သည်။ ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာ ဆူဇီမို၏ ခန္ဓာကိုယ်သည် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

သူပြန်လည်ပေါ်ထွက်လာသည့်အခါ သူသည် တိတ်ဆိတ်ငြိမ်သက်သော ဂေဟာထဲကို ရောက်ရှိနေပြီဖြစ်သည်။

ဦးလေးဖုန့်ကလည်း ပေါ်ထွက်လာ၏။

“စီနီယာ… ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။

ဦးလေးဖုန့်သည် သူ့ကိုကာကွယ်ပေးသည့်အနေဖြင့် ကျင့်ကြံသူများစွာ၏ မြင်ကွင်းကနေ အလျင်အမြန်ခေါ်ထုတ်လာခဲ့လေသည်။

ဒါ့အပြင် ဦးလေးဖုန့်ကြောင့်မဟုတ်လျှင် ဆူဇီမိုသည် ဤအခွင့်အလမ်းကို ရရှိလိမ့်မည်မဟုတ်ပေ။

ဦးလေးဖုန့်က တည်တံ့စွာပြောလိုက်၏။

“ဆူဇီမို… မင်း ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကို ဝင်ရောက်လိုလား”

ဆူဇီမိုက အနည်းငယ်မှင်တက်သွားပြီးနောက် ခေါင်းခါပြလိုက်၏။

ကောင်းကင်ဘုံခုံရုံး၏ အရှင်ကိုးပါးထဲမှတစ်ပါးသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်တစ်ပါးဖြစ်ဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။

သူသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာသို့ ဝင်ရောက်မည်ဆိုလျှင် သူသည် ပို၍ပင် ကြီးမားသော ပြဿနာတစ်ခုနှင့် ကြုံတွေ့ရနိုင်သည်။

ဆူဇီမိုက မေးလိုက်၏။

“အဲဒါက ကုသိုလ်ရွှေကြာပန်းကို ရယူဖို့အတွက် လဲလှယ်ရမယ့်အခြေအနေလား”

ဦးလေးဖုန့်က ပြုံးပြီး ခေါင်းခါပြလိုက်၏။

“မင်းက အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့ကိုရထားပြီဆိုမှတော့ ကုသိုလ်ရွှေကြာပန်းက မင်းအပိုင်ပေါ့… ငါ့စကားကိုငါ ပြန်မရုပ်သိမ်းပါဘူး”

“ဒါပေမဲ့ အစက ဒီလိုမျိုး ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များတဲ့ အခြေအနေတစ်ခု ရှိမလာခဲ့သင့်ဘူး… အာ…”

ဦးလေးဖုန့်က တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ထပ်မံ၍ သက်ပြင်းချလိုက်၏။

ဦးလေးဖုန့်၏ သက်ပြင်းချသံနောက်ကွယ်မှ အဓိပ္ပါယ်ကို ဆူဇီမိုက အကြမ်းဖျင်းခန့်မှန်းမိနိုင်သည်။

အစကတော့ ၎င်းသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲတစ်ခုမျှသာဖြစ်ခဲ့သည်။ သို့သော်လည်း ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း၏ ပေါက်ကြားမှုကြောင့် သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက ရောက်ရှိလာပြီး ကိစ္စများက ဤကဲ့သို့ ပြောင်းလဲသွားခဲ့လေသည်။

တစ်နည်းအားဖြင့်ဆိုသော် ဦးလေးဖုန့်သည် ပထမနေရာမှာ ကုသိုလ်ရွှေကြာပန်းကို သူ့အား အမှန်တကယ်ရရှိစေလိုခဲ့၏။

သို့သော်လည်း ဤဖြစ်စဉ်မှာ အလွဲလွဲအချော်ချော်များပေါ်ထွက်လာခဲ့လေသည်။

ဦးလေးဖုန့်သည် ဘာ့ကြောင့်သူ့ကို ဤကဲ့သို့ ကူညီကာကွယ်ပေးလိုနေတာလဲ။

All Chapters