အခန်း (၃၃၀၉-၃၃၁၀)
Vol. 218 Ch. 3309-3310
အခန်း ၃၃၀၉ - အိပ်မက်
ဦးလေးဖုန့်သည် သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး ဆူဇီမိုကို လေဟာနယ်ထဲသို့ ခေါ်ဆောင်သွား၏။
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်သည် ခန့်ညားလှပပြီး စိမ်းစိုလန်းဆန်းသော တောင်ထွတ်တစ်ခုရှေ့သို့ ရောက်ရှိသွား၏။
တောင်ခြေရင်းမှာ ကြည်လင်သောရေများနှင့် ပျော့ပျောင်းသော မိုးမခပင်များ ဝန်းရံထားသည့် တိတ်ဆိတ်ငြိမ်သက်ပြီး တစ်မူထူးခြားသော ဂေဟာတစ်ခု ရှိနေ၏။
သူတို့ချဉ်းကပ်လာသောအခါ ဆူဇီမိုသည် မော့ကြည့်လိုက်ပြီး ဂေဟာအထက်မှာ ချိတ်ဆွဲထားသည့် မော်ကွန်းပြားတစ်ခုကို တွေ့မြင်လိုက်၏။
ကူယောင်ခြံဝင်း…
ဘာကြောင့်ရယ်မသိ သူသည် ထိုနာမည်ကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
တစ်စုံတစ်ရာကို တွေးမိသွားပုံရသော်လည်း သူက သိပ်ပြီးတော့ မစဉ်းစားရဲပေ။
“မင်း ဝင်သွားလို့ရတယ်”
ဦးလေးဖုန့်က ပြောလိုက်၏။
“သခင် အထဲမှာ ရှိနေတယ်”
“သခင်လား”
ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။
ယခင်က ဦးလေးဖုန့်ကို နောက်ခံပေးထားသည့် သူတော်စင်ပညာရှင်တစ်ဦး ရှိနေနိုင်သည်ဟု သူက ခန့်မှန်းမိခဲ့၏။ ထိုသူသည် ဤကူယောင်ခြံဝင်း၏ သခင် ဖြစ်ပေလိမ့်မည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သစ်သားတံခါးကို ညင်သာစွာ တွန်းဖွင့်ကာ ခြံဝင်းထဲသို့ လှမ်းဝင်လိုက်၏။
ခြံဝင်းသည် စိမ်းစိုလန်းဆန်းသော သစ်ပင်များနှင့်အတူ တောင်တန်းများ၊ မြစ်များဖြင့် ပြည့်နှက်နေ၏။
ရှေးဟောင်းအဆောက်အအုံတချို့က ခပ်ကျဲကျဲရှိနေပြီး သူတို့ကို ပန်းခင်းများ၊ ဝါးပင်များနှင့် မွှေးရနံ့ခပ်ဖျော့ဖျော့ ဖြာထွက်နေသည့် သစ်ခွပန်းများက ဝန်းရံထားလေသည်။
ခြံဝင်းက ရိုးရှင်းပြီး သေသပ်သော်လည်း အလှဆင်ထားသည့် အစိတ်အပိုင်းတိုင်းကို အဓိပ္ပာယ်ပါပါ နေရာချထားပြီး ဘေးပတ်ဝန်းကျင်မှာရှိသော တောင်တန်းများ၊ မြစ်များနှင့် ပေါင်းစည်းနေ၏။
ဦးလေးဖုန့်က သူနှင့်အတူ လိုက်ပါမလာခဲ့ပေ။ ထိုအစား သူသည် ရိုသေလေးစားသော အမူအရာနှင့်အတူ အပြင်ဘက်မှာ မတ်တတ်ရပ်ကျန်ရစ်ခဲ့၏။
ဆူဇီမိုက ခြံဝင်းကို တစ်ယောက်တည်း ဖြတ်ကျော်လာသည်။
သူ၏ မြင်ကွင်းက ရှင်းလင်းသွားပြီး သူသည် ငါးများကူးခတ်နေသည့် ကြည်လင်သော ရေကန်ကြီးတစ်ကန်ကို တွေ့မြင်လိုက်ရ၏။ ရေကန်က ဝဲဂယက်များ ဖြာထွက်ပြီး ရေမျက်နှာပြင်ပေါ်မှာ ရေကြာများက ဖူးပွင့်နေ၏။
ရေကန်၏ အလယ်မှာ ကြော့ရှင်းသော ရေမဏ္ဍပ်တစ်လုံး ရှိနေ၏။
ရေမဏ္ဍပ်ထဲမှာ အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးက ဆူဇီမိုဘက်ကနေ ကြည့်လျှင် ဘေးတိုက်အနေအထားဖြင့် လက်ရန်းကို မှီကာ ထိုင်နေ၏။
သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးပြီး လှပကြော့ရှင်းနေ၏။ သူမ၏ ဘေးတိုက်ကိုယ်နေဟန်ထားကပင် လောကရှိ အနှိုင်းမဲ့ ချောမောလှပမှုများ အားလုံးကို ဖိနှိမ်ထား၏။
တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အဖြူရောင်ဝတ် အမျိုးသမီးက လှည့်ကြည့်လိုက်၏။
ဆူဇီမိုသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ကနဲ တုန်ယင်သွားလေသည်။
နောက်ခဏ၌ သူက ဝမ်းသာအားရ ရယ်မောလိုက်၏။
“ယောင်ရွှယ်…”
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် ရင်းနှီးနေကျ မျက်နှာကို နောက်တစ်ဖန် မြင်တွေ့လိုက်ရသောအခါ များပြားလှစွာသော မှတ်ဉာဏ်များက ဆူဇီမို၏ စိတ်ထဲသို့ တဖျပ်ဖျပ် ဝင်ရောက်လာပြီး အဆုံးမဲ့ ဝမ်းသာပျော်ရွှင်မှုက သူ၏ ရင်ထဲမှာ လှိုက်တက်လာ၏။
ဦးလေးဖုန့်က သူ့ကို ဘာကြောင့် ဤမျှအထိ ကူညီကာကွယ်ပေးလိုခဲ့သလဲ နောက်ဆုံးမှာ သူက နားလည်သဘောပေါက်သွား၏။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာသည် ကုသိုလ်ရွှေကြာပန်းကဲ့သို့ ရတနာတစ်ခုကို သူ့အား ဘာကြောင့်ပေးလိုသလဲ သူက နောက်ဆုံးမှာ သိရှိသွား၏။
သူသည် ယောင်ရွှယ်ကို တွေ့မြင်သည့် ခဏမှာပင် သူ၏ရင်ထဲရှိ သံသယများစွာက အဖြေကို ရရှိလာ၏။
သို့သော်လည်း ထိုအရာများက ဆက်လက်၍ အရေးမပါတော့ပေ။
ဆူဇီမိုအတွက်တော့ အရေးကြီးဆုံးအရာသည် ယောင်ရွှယ်က အသက်ရှင်နေခြင်းဖြစ်သည်။
“ယောင်ရွှယ်…”
ဆူဇီမိုက စိတ်လှုပ်ရှားစွာဖြင့် ညင်သာစွာ လှမ်းခေါ်လိုက်၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးပြီး ပေ ၃၀ လောက်သာ ကွာဝေးသည့် ရေမဏ္ဍပ်ဆီသို့ ကျောက်တံတားကနေ ဖြတ်ကျော်ဖို့ ပြင်လိုက်၏။
သို့သော်လည်း သူသည် ကျောက်တံတားရှေ့သို့ ရောက်ရှိလာသောအခါ သူ၏ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးသွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက တစ်စတစ်စ ဖျော့တော့သွားလေသည်။
ရေမဏ္ဍပ်ထဲရှိ အဖြူရောင်ဝတ် အမျိုးသမီးသည် တည်ငြိမ်သော အမူအရာနှင့် သူမမျက်လုံးထဲရှိ အေးစက်မှု တစ်စွန်းတစ်စနှင့်အတူ သူ့ကို ကြည့်နေ၏။
ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး ရေမဏ္ဍပ်ထဲရှိ အဖြူရောင်ဝတ် အမျိုးသမီးကို သေသေချာချာ ကြည့်လိုက်၏။
ယောင်ရွှယ်သည် ရုတ်တရက် သူနှင့် သူစိမ်းတစ်ယောက် ပြန်ဖြစ်သွားသည့်အလားပင်။
သူမသည် သူနှင့် အရမ်းကို စိမ်းသက်သည့်ပုံပေါ်နေပြီး သူက သူမကို ဆက်လက်၍ မခေါ်ရဲတော့ပေ။
“နင် လူမှားနေပြီပဲ”
အဖြူရောင်ဝတ် အမျိုးသမီးက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့နာမည်က ယောင်ကျိ... ဒါမှမဟုတ် နင်ငါ့ကို သူတော်စင်ကူယောင်လို့ ခေါ်နိုင်တယ်”
ဆူဇီမိုသည် အဖြူရောင်ဝတ် အမျိုးသမီးကို အတန်ကြာအောင် ငေးကြည့်ပြီးနောက် သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်၏။
သူက ထိုအချက်ကို လက်မခံလိုပေ။
အဖြူရောင်ဝတ် အမျိုးသမီး၏ အမည်က မည်သို့ပင်ဆိုစေ ဆူဇီမို၏ မျက်လုံးထဲမှာ သူမသည် မဟာကျိုးမင်းဆက်နိုင်ငံ၏ မင်းသမီး၊ နဂါးသင်္ချိုင်းတောင်ကြားမှာ သူ့အတွက် လာရောက်ငိုကြွေးခဲ့သော အမျိုးသမီး၊ နှစ်တစ်ထောင်ကြာအောင် သူနှင့် အဖော်ပြုပေးခဲ့သည့် ပြုံးပျော်နေခဲ့သော ကျိယောင်ရွှယ် ဖြစ်လေသည်။
“မင်းမှာ ပြောလို့မရတဲ့ အခက်အခဲတစ်ခုခု ရှိနေလို့လား”
ဆူဇီမိုက မေးလိုက်၏။
သူတော်စင်ကူယောင်က ပြောလိုက်၏။
“ငါက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာရဲ့ သူတော်စင်တစ်ဦး… သူတော်စင်အရှင်ရဲ့ သမီးတော်ပဲ… ငါ့မှာ ဘာအခက်အခဲ ရှိမှာလဲ”
“ဒါဆို မင်းဘာလို့ ငါ့ကို ကယ်တင်ပြီး ကူညီပေးခဲ့တာလဲ”
ဆူဇီမိုက မေးလိုက်သည်။
သူတော်စင်ကူယောင်က ပြန်မဖြေပေ။ သူမသည် သူမ၏ခါးမှ အဖြူရောင်ကျောက်စိမ်းဆွဲသီးတစ်ခုကိုသာ ဖြုတ်ယူပြီး ညင်သာစွာ ဝေ့ယမ်းပြလိုက်၏။
ဆူဇီမိုက မှင်တက်သွားသည်။
“အဲဒါ အိပ်မက်တံဆိပ်ပြားလား”
သူတော်စင်ကူယောင်၏ လက်ထဲရှိ အဖြူရောင်ကျောက်စိမ်းဆွဲသီးသည် သူ့မှာရှိသော အိပ်မက်တံဆိပ်ပြားနှင့် ထပ်တူထပ်မျှ တူညီနေ၏။
သူတော်စင်ကူယောင်က ပြောလိုက်၏။
“စုစုပေါင်း အိပ်မက်တံဆိပ်ပြား နှစ်ခုရှိတယ်… သူတို့နှစ်ခုစလုံးကို လူတစ်ယောက်တည်းကနေ ပေးထားတာပဲ… အာရှဲ့နဲ့ ငါ့မှာ တစ်ယောက်တစ်ခုစီ ရှိတယ်… အာရှဲ့ရဲ့ အိပ်မက်တံဆိပ်ပြားက နင့်လက်ထဲကို ရောက်နေတယ်ဆိုမှတော့ သူ့မျက်နှာကို ထောက်ထားပြီး ငါက နင့်ကို ဂရုစိုက်ပေးရတာပေါ့”
ပြီးခဲ့သည့် အချိန်အတောအတွင်း သူ့ကို ကူညီပေးခဲ့ခြင်းသည် အာရှဲ့နှင့် အိပ်မက်တံဆိပ်ပြားကြောင့်ပဲလား။
ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။
“နင်လည်း အဲဒါကို ခန့်မှန်းမိမှာပါ… ငါ့မှာ အိပ်မက်တံဆိပ်ပြား ရှိတယ်ဆိုမှတော့ ငါက အိပ်မက်ဓမ္မတာအိုကို တတ်ကျွမ်းတာပေါ့”
သူတော်စင်ကူယောင်က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့အတွက်တော့ ထျန်ဟွမ်ကုန်းမြေတိုက်က အဲဒီဘဝက အိပ်မက်တစ်ခုပဲ… ငါ့ရဲ့ မဟာတာအိုက ကျင့်ကြံဖို့အတွက် အိပ်မက်ပေါင်း သန်းချီထဲမှာ ပြန်လည်ဝင်စားရတာပဲ… နင်ခေါ်နေတဲ့ ယောင်ရွှယ်က သူတို့ထဲက တစ်ဦးပဲ”
ဒါက ဘာသဘောလဲ..
ဒါဆို ဖြစ်ခဲ့သမျှ အရာရာတိုင်းက သူတော်စင်ကူယောင်အတွက် အိပ်မက်တစ်ခုပဲလား…
ထို့ကြောင့်ပင် ယောင်ရွှယ်က အဆင့်ချိုးဖျက် မတက်လှမ်းနိုင်ခဲ့ပေ။
ထို့ကြောင့်ပင် ယောင်ရွှယ်၏ အလောင်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အဲဒါက အိပ်မက်တစ်ခုပဲလား…
အဲဒါတွေ အားလုံးက….
သူတို့တွေက အိပ်မက်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းတွေပဲလား…
ထိုလူများအားလုံး...
သူတို့သည် ထိုအိပ်မက်ထဲမှာ ဖြတ်သွားဖြတ်လာများသာ ဖြစ်ခဲ့ကြ၏။
ဘယ်သူက ဂရုစိုက်နေမှာလဲ…
ကြာခဲ့ပြီဖြစ်သော အိပ်မက်တစ်ခုကို ဘယ်သူက အမှတ်ရနေမှာလဲ…
ပထမ ထိုနေရာမှာ ဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် သူလိုချင်တောင့်တနေခဲ့သော အတွေးများသာ ဖြစ်ခဲ့၏။
ဆူဇီမိုက ကျောက်တံတားအစပ်မှာ မတ်တတ်ရပ်နေ၏။
သူတော်စင်ကူယောင်က ရေမဏ္ဍပ်ထဲမှာ မတ်တတ်ရပ်နေ၏။
ဆူဇီမိုသည် သူတော်စင်ကူယောင်ကို တိတ်တဆိတ်ကြည့်နေ၏။ ထိုကဲ့သို့ပင် သူတို့နှစ်ယောက်ကို ကျောက်တံတားက ပိုင်းခြားထားပြီး သူတို့က တစ်ယောက်ကိုတစ်ယောက် မသိရှိဘဲ အကြည့်ချင်းဆုံနေကြ၏။
သူတော်စင်ကူယောင်က ဂရုမစိုက်တတ်သော အမူအရာဖြင့် အိပ်မက်တစ်ခုထဲမှ ဖြတ်သွားဖြတ်လာတစ်ဦးလို ဆူဇီမိုကို ကြည့်နေ၏။
အေးစက်၍ ဝေးကွာခြင်း...
ဆူဇီမိုက ရင်ထဲမှာ နာကျင်ကိုက်ခဲသွား၏။
သူတို့နှစ်ယောက်ကြားမှာ ကျောက်တံတားတစ်စင်းသာ ခြားလေသည်။
သို့သော်လည်း ကျောက်တံတား၏ ထိုအကွာအဝေးသည် သူတို့ကို ကမ္ဘာခြားသွားစေသည်ဟု ထင်ရသည်။
အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ဆူဇီမိုက စိတ်သက်သာစွာဖြင့် ပြုံးလိုက်၏။
“အဲဒါလည်း ကောင်းပါတယ်လေ”
သူသည် သူတော်စင်ကူယောင်၏ ရင်းနှီးနေကျနှင့် စိမ်းသက်နေသော မျက်နှာကိုကြည့်ပြီး တစ်စုံတစ်ရာကို ပြောချင်သည့်အလား သူ့ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်သော်လည်း ပြန်လည်ရပ်တန့်လိုက်၏။
အတန်ကြာပြီးနောက် ဆူဇီမိုက နောက်ဆုံးမှာ တစ်စုံတစ်ရာကို လွှတ်ချလိုက်ပုံရသည်။
မည်သို့ပင်ဆိုစေ၊ သူမက မည်သူမည်ဝါဖြစ်စေ၊ သူ့အတွက်တော့ ယောင်ရွှယ် အဆင်ပြေသည်ကို သိရသည်က လုံလောက်လေပြီ။
သူတို့သည် နှစ်ပေါင်းထောင်ချီကြာအောင် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြသလား သို့မဟုတ် အရာရာတိုင်းက အိပ်မက်တစ်ခုပေပဲလား၊ မည်သို့ပင်ဆိုစေ အားလုံးက အတိတ်မှာ ကျန်ခဲ့လေပြီ။
ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ အရောင်လွင့်နေပြီဖြစ်သော ဝတ်ရုံဟောင်းတစ်ထည်ကို ထုတ်ယူပြီး ၎င်းကို သေသပ်စွာ ခေါက်လိုက်၏။ သူက ရှေ့သို့ ညင်သာစွာ ကိုင်းညွှတ်ပြီး ၎င်းကို ကျောက်တံတားပေါ်မှာ တင်လိုက်လေသည်။
“သူတော်စင်ကူယောင်... ဒီအခွင့်အလမ်းအတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်… ကျုပ်တို့ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လက်နှစ်ဖက်ကို ယှက်ပြကာ နှုတ်ဆက်လိုက်၏။ သူက ဤနေရာမှာ ဆက်လက်၍ မနေလိုတော့ဘဲ လှည့်ထွက်သွား၏။
သူ လှည့်ထွက်သွားစဉ် ကံမကုန်ရင်ဟူသောစကားကို ကြားရသည့်အချိန်မှာ သူတော်စင်ကူယောင်၏ တည်ငြိမ်နေသော မျက်လုံးထဲတွင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာသည်ကို သူက သတိမထားမိလိုက်ပေ။
သူတို့နှစ်ယောက် ပထမဆုံး တွေ့ဆုံပြီး ပထမဆုံးအကြိမ် နှုတ်ဆက်ခွဲခွာခဲ့စဉ်က ကံမကုန်ရင် ပြန်ဆုံကြမည် ဟူသောစကားကို ဆူဇီမိုက တစ်ခါပြောခဲ့လေသည်။
ထိုအချိန်တုန်းက သူမသည် ပြုံး၍ သူတို့နှစ်ယောက် သေချာပေါက် ပြန်ဆုံရမည်ဟု ပြန်ပြောခဲ့လေသည်။
နှစ်ပေါင်းများစွာကြာအောင် ချိပ်ပိတ်ထားသည့် ထိုမှတ်ဉာဏ်များအားလုံးက သူမ၏စိတ်ထဲသို့ နောက်တစ်ဖန် တိုးဝင်လာ၏။
ဆူဇီမို၏ ပုံရိပ်က လုံးလုံးလျားလျား ပျောက်ကွယ်သွားစဉ်မှာတောင် ကျိယောင်ရွှယ်သည် နီမြန်းလာသော မျက်လုံးများနှင့်အတူ သူထွက်ခွာသွားရာဘက်သို့ ငေးငိုင်စွာ စိုက်ကြည့်နေဆဲဖြစ်၏။
သူမသည် ကျောက်တံတား၏ အစပ်မှ ရင်းနှီးနေကျ အဝတ်အစားကို ကြည့်လိုက်၏။ ဆူဇီမိုက အဝေးသို့ ရောက်ရှိသွားသောအခါ သူမက တီးတိုးရေရွတ်လိုက်၏။
“တစ်ခုပဲ... နင်ကတော့ အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူး”
သူမသည် ထိုအရာများစွာနှင့် ထိုလူများကို မေ့ပျောက်သွားခဲ့ပြီဖြစ်၏။
အစိမ်းရောင်ဝတ်ရုံနှင့် ဖြောင့်မတ်သော အမျိုးသားကသာ သူမ၏ မှတ်ဉာဏ်များထဲမှာ ရှင်းလင်းပြတ်သားပြီး ထာဝရစွဲထင်နေပေလိမ့်မည်။
အခန်း ၃၃၁၀ - ငါဘယ်လိုမေ့နိုင်မှာလဲ
ကူယောင်ခြံဝန်းထဲမှာ…။
ဦးလေးဖုန့်သည် ခြံဝန်းထဲသို့ရောက်ရှိလာပြီး ကျောက်တံတားရှေ့မှာ မတ်တတ်ရပ်လိုက်၏။ သူက သူ့ခြေရင်းတွင် သေသပ်စွာခေါက်ထားသည့် အဝတ်ဟောင်းကိုကြည့်ပြီး ဒွိဟဖြစ်နေ၏။
“သခင်… သူသွားပါပြီ”
ဦးလေးဖုန့်က ရှေ့သို့တက်လှမ်းခြင်းမရှိဘဲ ကျောက်တံတားရှေ့မှာသာ မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်၏။
“အမ်း…”
ကျိယောင်ရွှယ်က စိတ်အာရုံပျံ့လွင့်စွာဖြင့် ပြန်ဖြေလိုက်၏။
“ဒီအဝတ်တွေက…”
ဦးလေးဖုန့်က အကဲစမ်းမေးမြန်းလိုက်၏။
“လွှင့်ပစ်လိုက်”
ကျိယောင်ရွှယ်သည် သူမ၏ ယခင်အေးစက်စက်သွင်ပြင်ဟန်ပန်သို့ ပြန်လည်ရောက်ရှိသွားပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့”
ဦးလေးဖုန့်က အဝတ်ဟောင်းများကို ကောက်ယူပြီး လှည့်ထွက်ဖို့ပြင်လိုက်၏။
“နေဦး…”
ဦးလေးဖုန့် ထွက်သွားတော့မည့်ဆဲဆဲမှာပင် ကျိယောင်ရွှယ်က သူ့ကို တားဆီးပြီး ညင်သာစွာပြောလိုက်၏။
“အဲဒါတွေကို အဲနားမှာပဲထားခဲ့”
ဦးလေးဖုန့်က ထိုစကားကိုကြားသောအခါ သူက ကြိတ်၍သက်ပြင်းချပြီး အဝတ်ဟောင်းမျာကို နေရာမှာပင် ပြန်ထားလိုက်၏။
“ငါအစတုန်းက သူနဲ့တွေ့ဖို့ စိတ်ကူးမရှိခဲ့ဘူး”
ကျိယောင်ရွှယ်၏ လှပသော မျက်ဝန်းထဲတွင် ဒေါသအငွေ့အသက်တစ်ခုဖျတ်ခနဲပေါ်ထွက်လာ၏။
“အဲဒါတွေအားလုံး… ကျိယောင်ရွှယ်က သူ့အတွက် အရမ်းအရေးပါပြီး သူက သူမကို လွှတ်မချနိုင်ဘူးလို့ အဲဒီလူက ပြောခဲ့လို့ပဲ… သူလုံးလုံးလျားလျား လက်လျှော့သွားအောင်လို့ ငါသူနဲ့တွေ့ဆုံခဲ့တာ”
ဦးလေးဖုန့်က ပြောလိုက်၏။
“ဆရာ… ခင်ဗျားသူ့ကို ဒီတစ်ခေါက် ကုသိုလ်ရွှေကြာပန်းပေးပြီး ခင်ဗျားတတ်နိုင်တာကို အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီ… နောက်ပိုင်းမှာ သူတော်စင်အရှင်က သူ့ရဲ့ဒဏ်ရာတွေကနေ သက်သာပျောက်ကင်းပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အခါ သူက ဒီကိစ္စနောက်ကို မလွဲမသွေလိုက်လိမ့်မယ်”
“ငါ မလုပ်ခဲ့ဘူး”
ကျိယောင်ရွှယ်က ပြောလိုက်၏။
“သူက ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ သူ့အားကိုယ်သူကိုးပြီး အနိုင်ရခဲ့တာပဲ… ငါ ကူညီခဲ့တာမဟုတ်ဘူး”
ဦးလေးဖုန့်က ကူကယ်ရာမဲ့သောအမူအရာဖြင့် ခါးသက်စွာပြုံးလိုက်၏။
ဆူဇီမို၏ သရုပ်သကန်က ကြိုတင်ပေါက်ကြားပြီး သူတော်စင်မျိုးနွယ်သက်ရှိလေးဦး ပေါ်ထွက်လာခဲ့ခြင်းကြောင့်မဟုတ်လျှင် ဆူဇီမို၏ နည်းလမ်းများအရ သူ့အား ကုသိုလ်ရွှေကြာပန်းကို သက်တောင့်သက်သာနှင့် အလကားသက်သက်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ဦးလေးဖုန့်က ပြောလိုက်၏။
“အဲလိုဆိုရင်တောင် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့အတွက် လောကမှာ တစ်ခုတည်းရှိတဲ့ ကုသိုလ်ရွှေကြာပန်းကို ဆုလာဘ်အဖြစ် ပေးလိုက်တာက အတော်လေးများနေပြီ… သူတော်စင်အရှင် သေချာပေါက် မေးခွန်းထုတ်လာလိမ့်မယ်”
“ဟမ့်…”
ရုတ်တရက် ကျိယောင်ရွှယ်က လှောင်ရယ်လိုက်၏။
“သူ ကိုယ်တိုင်လာပြီး ငါ့ကိုတည့်တည့်မေးစမ်းပါစေ…”
ဦးလေးဖုန့်က နှုတ်ဆိတ်သွား၏။
လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ဘီလီယံကျော်က မဟာကမ္ဘာတစ်ထောင်လောကမှာ ဝရုန်းသုန်းကားအခြေအနေပြီးကတည်းက သူတော်စင်အရှင်နှင့် သူတော်စင်ကူယောင်၏ အဖေနှင့်သမီးဆက်ဆံရေးမှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်ကို သူက သိရှိထားလေသည်။
ထိုအချိန်မှစ၍ သူတော်စင်ကူယောင်သည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာနှင့် ခပ်ခွာခွာနေပြီး ကူယောင်ခြံဝန်းထဲမှာ လာရောက်နေထိုင်ခဲ့လေသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဦးလေးဖုန့်က တစ်စုံတစ်ရာပြောဆိုရဲခြင်း မရှိပေ။
ကျိယောင်ရွှယ်က လက်ယပ်ခေါ်လိုက်ပြီး ကျောက်တံတားအစပ်မှာရှိသော အဝတ်ဟောင်းများက သူမလက်ရှိရာသို့ လွင့်မျောလာ၏။
သူမသည် သူမ၏ လက်ချောင်းများကို ဆန့်ထုတ်ပြီး အရောင်အနည်းငယ်လွင့်နေပြီဖြစ်သေ ဝတ်ရုံကို ညင်သာစွာပွတ်သပ်လိုက်၏။ သူမ၏ အကြည့်က တဖြည်းဖြည်းပျော့ပျောင်းသွားပြီး သူမ၏ မြင်ကွင်းက ဝေဝါးသွားလေသည်။ အတိတ်ကာလက ပုံရိပ်များက သူမ၏ စိတ်ထဲမှာ တဖျပ်ဖျပ်ပေါ်ထွက်လာသည့်အလားပင်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူမသည် ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏ အသက်ဓာတ်အားက သိသိသာသာလျော့ကျသွား၏။ သူမ၏ မျက်နှာက မနှိုင်းယှဉ်သာအောင် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူမသည် သွေးတစ်လုတ်ကို ထွေးထုတ်ကာ ဝတ်ရုံပေါ်သို့ ပြန့်ကျဲသွားစေ၏။
“သခင်…”
ထိုသည်ကိုတွေ့မြင်သောအခါ ဦးလေးဖုန့်က မကြည့်ရက်နိုင်ဘဲ ညင်သာစွာခေါ်လိုက်၏။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ဖျောင်းဖျလိုက်၏။
“ခင်ဗျား ဘာလို့ ဒီလိုလုပ်နေရတာလဲ”
ကျိယောင်ရွှယ်သည် စိတ်ပျက်အားငယ်သောအမူအရာနှင့်အတူ သူမ၏ ခေါင်းကိုသာ ငုံ့လိုက်၏။
သူမ၏ ဘေးပတ်လည်မှာ မဟာတာအိုက ခပ်ရေးရေးပေါ်ထွက်လာသော်လည်း အက်ကွဲကြောင်းများရှိနေပြီး လဲပြိုကျထားသည့် လက္ခဏာများပင် ပေါ်ထွက်နေ၏။
“ဆရာ… ခင်ဗျားရဲ့ ပါရမီအရည်အချင်းနဲ့ဆို ခင်ဗျားက မဟာသူတော်စင်တစ်ပါးဖြစ်လာဖို့ နောက်ထပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ကြာခဲ့ပြီ”
ဦးလေးဖုန့်က ပြောလိုက်၏။
“ဒါပေမယ့် ခင်ဗျားက အဲဒီသံယောဇဉ်ကို ချည်နှောင်ထားပြီး သူ့ကို မမေ့ဖျောက်နိုင်သေးဘူးဆိုရင် ခင်ဗျားက မဟာသူတော်စင်တစ်ပါးဖြစ်လာဖို့နေနေသာ ခင်ဗျားရဲ့တာအိုက ပျက်ပြယ်ပြီး သေသွားရနိုင်တယ်”
“သွားတော့…”
ကျိယောင်ရွှယ်က အေးစက်စွာပြောလိုက်သည်။
ဦးလေးဖုန့်သည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး တစ်ခုခုပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။ နောက်ဆုံးမှာတော့ သူက သက်ပြင်းချပြီး ဦးညွှတ်ကာ ထွက်ခွာသွား၏။
ရေမဏ္ဍပ်ထဲမှာ ကျိယောင်ရွှယ်တစ်ဦးသာလျှင် ကျန်ရစ်ခဲ့လေသည်။
သူမသည် သူမလက်ထဲရှိ အဝတ်ဟောင်းကို ငေးငိုင်စွာကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“ငါဘယ်လိုမေ့နိုင်မှာလဲ…”
ထို့နောက် သူမသည် သူမ၏ ခါးမှ အိပ်မက်တံဆိပ်ပြားကို ဖြုတ်ယူပြီး အဖြူရောင်ကျောက်စိမ်းဆွဲသီးကိုကြည့်ကာ ညင်သာစွာပြောလိုက်၏။
“ငါ့အပေါ် ဆရာထားတဲ့ မျှော်လင့်ချက်ကို ထောက်ထားပြီး ငါသူ့ကို မေ့ပစ်ရမယ်”
“ငါ တောင်းပန်ပါတယ်”
. . . . .
ဆူဇီမိုသည် ကူယောင်ခြံဝန်းထဲကနေ ထွက်ခွာပြီး ယောင်ရွှယ်နှင့် သူပြန်လည်ဆုံစည်းခဲ့သည့်မြင်ကွင်းကို ပြန်လည်စဉ်းစားပြီးနောက် သူက မချင့်မရဲဖြစ်ကာ အတန်ကြာသည့်အထိ သူ၏ စိတ်ကို မငြိမ်သက်စေနိုင်ပေ။
သို့သော်လည်း သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးထံကနေ အရင်းခံလာသည့် အန္တရာယ်က ယခုအချိန်ထိ မပြေလည်သေးသည်ကိုလည်း သူကသိရှိထား၏။
ယခုအချိန်မှာ သူသည် ကြာစေ့လေးစေ့ကို ရှာဖွေဖို့အတွက် ပေါင်းမိုးပြည်နယ်သို့ သွားရောက်ရပေမည်။
သူက သူ၏ သွေးချီကို ထုတ်ဖော်ပြီး တစ်စုံတစ်ရာကို ဖွင့်ထုတ်ချင်သည့်အလား မဟာကမ္ဘာတစ်ထောင်လောက၏ အရှေ့တောင်ဘက်သို့ သူ၏ အစွမ်းကုန်ဖြင့် ပြေးထွက်သွား၏။ သူ၏စိတ်ကလည်း ကသောင်းကနင်းဖြစ်နေ၏။ သူသည် အတန်ကြာပြီးမှသာ တောင်ပိုင်းဒေသကနေ ထွက်ခွာလာခဲ့သည်။
တောင်ပိုင်းဒေသ၏ နယ်စပ်ကို ရောက်ရှိလာပြီးနောက် ဆူဇီမိုက သူ၏ ခြေလှမ်းကိုရပ်တန့်ကာ ကူယောင်ခြံဝန်းရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။ သူသည် ထိုနေရာမှာ အတန်ကြာအောင် တိတ်တဆိတ်မတ်တတ်ရပ်နေပြီးမှ လှည့်ထွက်သွား၏။
တကယ်တမ်းမှာ သူသည် အရှေ့တောင်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့်ခဏမှာပင် ကြာစေ့လေးစေ့၏ အကြမ်းဖျင်းတည်နေရာကို သူက ခပ်ရေးရေးအာရုံခံမိနိုင်ပြီဖြစ်သည်။
ဤသည်မှာ ကြာပန်းသုံးခု ပေါင်းစည်းခြင်းကနေတစ်ဆင့် သူ၏ အမြုတေစိတ်ဝိညာဉ် အဆင့်ချိုးဖျက်တက်လှမ်းခြင်းကနေ ဆောင်ကျဉ်းပေးလာသည့် အပြောင်းအလဲတစ်ရပ်လည်းဖြစ်သည်။
ကြာပန်းသုံးခုသည် ကြာစေ့လေးစေ့၏ မျိုးဆက်သွေးနှင့် ချိတ်ဆက်နေ၏။
ဆူဇီမိုသည် ဦးတည်ဘက်ကို အကြမ်းဖျင်းဆုံးဖြတ်ပြီး ထိုဘက်အရပ်သို့ ဦးတည်လိုက်လေသည်။
ပေါင်းမိုးပြည်နယ်မှာ…။
နန်းတော်အရှင် ကောင်းကင်ဘုံပင့်ကူသေဆုံးသွားပြီးကတည်းက အဆိပ်ငါးမျိုးနန်းတော်မှာ နန်းတော်အရှင်လေးဦးသာ ကျန်ခဲ့သည်။
အဆိပ်ငါးမျိုးနန်းတော်မှာ နောက်ထပ် အဓိပတိသာလွန်သူပညာရှင်သုံးဦး ရှိနေသေးသော်လည်း သူတို့ထဲ မည်သူကမှ နန်းတော်အရှင်ဖြစ်လာဖို့ အဆင့်မမီကြပေ။
နဂို နန်းတော်အရှင်ငါးဦးထဲမှာ ကောင်းကင်ဘုံပင့်ကူနှင့် ကောင်းကင်ဘုံကင်းခြေများသာလျှင် ပကတိတာအိုကြီးစိုးမှုနယ်ပယ် အဓိပတိသာလွန်သူပညာရှင်များဖြစ်ကြလေသည်။
ကောင်းကင်ဘုံမြွေနှင့် ကောင်းကင်ဘုံကင်းမြီးကောက်သည် တာအိုကြီးစိုးမှုနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုမှာရှိသော မဟာသာလွန်သူပညာရှင်များဖြစ်ကြသည်။
ကောင်းကင်ဘုံဖားပြုပ်ကသာ တာအိုကြီးစိုးမှုနယ်ပယ်၏ စဦးကျွမ်းကျင်မှုမှာသာရှိပြီး တာအိုသာလွန်သူပညာရှင်တစ်ဦးဖြစ်လေသည်။
သူတို့ငါးဦးသည် အဆိပ်ငါးမျိုးနန်းတော်၏ နန်းတော်အရှင်များဖြစ်လာနိုင်သည့် အဓိကအကြောင်းအရင်းမှာ သူတို့ကို နောက်ခံပေးထားသည့် သူတော်စင်အဆိပ်ကြောင့်ဖြစ်သည်။
ဤနေ့မှာ…။
နန်းတော်အရှင်လေးဦးနှင့် အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူပညာရှင်များသည် အဆိပ်ငါးမျိုးခန်းမထဲမှာ စုဝေးရောက်ရှိနေကြ၏။
“တောင်ပိုင်းဒေသကနေ သတင်းရောက်လာတယ်… ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာရဲ့ ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲမှာ တခြားအထွတ်အမြတ်ခိုလှုံရာတွေက တကယ်ပဲ ပေါ်ထွက်လာကြတယ်… ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာအပါအဝင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက လှုပ်ရှားခဲ့ကြတယ်”
ထိုနေရာအရောက်မှာ နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက ရယ်မောကာ ပြောလိုက်၏။
“ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာက တစ်ယောက်ကလွဲရင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးထဲ ကျန်တဲ့လေးယောက်စလုံးက သေသွားရတယ်တဲ့”
အောက်ဘက်မှာရှိသော တာအိုသာလွန်သူများ၏ အမူအရာများက ထိုစကားကိုကြားသောအခါ ရုတ်ချည်းပြောင်းလဲသွား၏။
“အဲဒီလူက သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို တကယ်ပဲ သတ်ဖြတ်နိုင်ခဲ့တာလား”
“အဲဒီတိုက်ပွဲမှာ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ခွာပြဲခဲ့တာကြောင့်ဖြစ်မယ်လို့ ငါထင်တယ်.. အဲဒါကြောင့် အဲဒီလူက နောက်ဆုံးမှာ အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်ခဲ့တာဖြစ်ရမယ်”
နန်းတော်အရှင် ကောင်းကင်ဘုံကင်းမြီးကောက်က ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို ဆုံးရှုံးရပြီးတဲ့နောက် အထွတ်အမြတ်ခိုလှုံရာလေးခုက ဒီကိစ္စကို ဒီတိုင်းထားမှာမဟုတ်ဘူး… အဲဒီလူက သိပ်ကြာကြာရှင်သန်နိုင်မှာ မဟုတ်ဘူး”
“သူအခုဘယ်မှာလဲ”
တာအိုသာလွန်သူတစ်ဦးက မေးလိုက်၏။
“ငါလည်းမပြောတတ်ဘူး”
နန်းတော်အရှင်ကောင်းကင်ဘုံမြွေက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“တစ်ယောက်က သူ့ကို အရှေ့တောင်ဒေသမှာ မြင်ခဲ့တယ်လို့ပြောတယ်”
“အဲဒီလူက ပြန်လာရဲတာလား”
“မဟုတ်ရင်လည်း သူက ဘယ်နေရာကိုသွားပြီး ပုန်းနိုင်မှာလဲ… အထွတ်အမြတ်ခိုလှုံရာလေးခုကို ဆန့်ကျင်ပြီးတဲ့နောက် အနောက်မြောက်ဒေသက အဆုံးမဲ့စစ်မီးတောက်တွေကလွဲရင် သူက မဟာကမ္ဘာတစ်ထောင်လောကရဲ့ တခြားဘယ်နေရာမှာသွားပြီး ပုန်းနိုင်ဦးမှာလဲ”
“အစီရင်ခံပါတယ်….”
ထိုစဉ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ သံရှည်ဆွဲအော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာ၏။
အဆိပ်ငါးမျိုးနန်းတော်မှ ကောင်းကင်ဘုံသာလွန်သူတစ်ဦးသည် ခန်းမထဲသို့ အပြေးအလွှားဝင်ရောက်လာ၏။ သူက တာအိုသာလွန်သူများ၏ ရှေ့မှာ ဒူးထောက်ချပြီး အော်ပြောလိုက်၏။
“နန်းတော်အရှင်တို့… ဆူဇီမိုက ပေါင်းမိုးပြည်နယ်မှာ ပြန်ပေါ်လာပြီ”
“အို…”
နန်းတော်အရှင်လေးဦး၏ မျက်လုံးများက ထိုစကားကိုကြားသောအခါ ဝင်းလက်သွားကြ၏။
“သူတစ်ယောက်တည်းလား”
နန်းတော်အရှင်ကောင်းကင်ဘုံဖားပြုပ်က မေးလိုက်သည်။
“ဟုတ်ပါတယ်… သူတစ်ယောက်တည်းပါ”
ကောင်းကင်ဘုံသာလွန်သူက ပြန်ဖြေလိုက်၏။
အထွတ်အမြတ်ခိုလှုံရာလေးခုသည် ဆူဇီမိုကို မျက်စိကျနေပြီး ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းကို လုယူချင်နေကြ၏။ ထို့ကြောင့်အဆိပ်ငါးမျိုးနန်းတော်က သူတို့၏ ကိစ္စမှာ ဝင်မပါရဲပေ။
သို့သော်လည်း သူတို့သည် ပေါင်းမိုးပြည်နယ်မှာ ဤလူကို သတ်ဖြတ်နိုင်မည်ဆိုလျှင် နန်းတော်အရှင်ကောင်းကင်ဘုံပင့်ကူအတွက် လက်စားချေခြင်းက အကျိုးအမြတ်များထဲမှ တစ်ခုသာလျှင်ဖြစ်၏။
အခြားတစ်ဘက်မှာတော့ သူတို့သည် ဆူဇီမိုကို အထွတ်အမြတ်ခိုလှုံရာလေးခုထံ လွှဲပေးပြီး အကျိုးအမြတ်များစွာကို တောင်းဆိုနိုင်မည်ဖြစ်သည်။
နန်းတော်အရှင်လေးဦးသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် အသံများကို ပို့လွှတ်ကာ ဆက်သွယ်ပြောဆိုလိုက်ကြသည်။
နန်းတော်အရှင်ကောင်းကင်ဘုံကင်းခြေများက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ… ငါ့နောက်က လိုက်ခဲ့ကြ… ငါတို့သူ့ကို အဝေးကနေ ခြေရာခံထားမယ်… အရင်ဆုံး မတိုက်ခိုက်ကြနဲ့ဦး… သူ့နောက်ကို လိုက်လာတဲ့ တခြားပညာရှင်တွေရှိလားဆိုတာကို သေသေချာချာစစ်ဆေးကြည့်ရမယ်”
နန်းတော်အရှင် ကောင်းကင်ဘုံပင့်ကူ၏ သေဆုံးမှုအပြီးမှာ ဆူဇီမို၏ ဘေးတွင် အဓိပတိသာလွန်သူဆိုးယုတ်ဖျက်ဆီးကဲ့သို့ နောက်ထပ်ပညာရှင်တစ်ဦး ပေါ်ထွက်လာမည်ကို စိုးရိမ်နေပြီး နန်းတော်အရှင်လေးဦးက မဆင်မခြင်မပြုမူရဲကြပေ။