အခန်း (၃၃၁၁-၃၃၁၂)
Vol. 218 Ch. 33011-33012
အခန်း ၃၃၁၁ - အရေအတွက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း
ဆူဇီမိုသည် ပေါင်းမိုးပြည်နယ်ကို ပြန်လာဖို့ စိတ်ကူးမရှိခဲ့ပေ။
သူသည် ကြာစေ့လေးစေ့ ရှိရာဘက်သို့ ခန့်မှန်းကာ သွားနေခြင်းသာဖြစ်ပြီး ဤနေရာကို ဖြတ်လာခြင်းဖြစ်၏။
သူသည် ပေါင်းမိုးပြည်နယ်ကို ခြေချလာပြီး မကြာခင် အရိပ်များကြားကနေ သူ့ကို တစ်ယောက်ယောက် ထောက်လှမ်းကြည့်ရှုနေသည်ကို အာရုံခံမိနေပြီဖြစ်၏။
ပေါင်းမိုးပြည်နယ်မှာ အဆိပ်ရှိအင်းဆက်များက ပြည့်နှက်နေပြီး တစ်ထောင့်တစ်နေရာချင်းစီမှာ ပုန်းကွယ်နေသည့် အဆိပ်ရှိအင်းဆက်များ၏ ထောက်လှမ်းမှုကနေ မလွတ်မြောက်နိုင်ဘူးဆိုတာ သူသိထား၏။
သူရောက်ရှိလာသည့် သတင်းသည် အဆိပ်ငါးမျိုးနန်းတော်သို့ အလျင်အမြန် ပျံ့နှံ့ရောက်ရှိသွားပေလိမ့်မည်။
ဆူဇီမိုက ကြိတ်၍ လှောင်ရယ်လိုက်သည်။
ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း၏ မျိုးဆက်သွေးကို သူပိုင်ဆိုင်ထားသည့် သတင်းကို အဆိပ်ငါးမျိုးနန်းတော်က ဖြန့်ခဲ့ခြင်းဖြစ်သည်။
အဆိပ်ငါးမျိုးနန်းတော်သည် သူ့ကို လာရှာရဲမည်ဆိုလျှင် သူသည် သူတို့ကို ပေါင်းမိုးပြည်နယ်ကနေ ဖယ်ရှားရှင်းလင်းပစ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ တာအိုသာလွန်သူပညာရှင်ရာချီသည် အထွတ်အမြတ်ခိုလှုံရာ လေးခုနှင့် မတိုက်ခိုက်နိုင်ပေ။ သို့သော်လည်း သူတို့အနေဖြင့် အဆိပ်ငါးမျိုးနန်းတော်ကို ဖျက်ဆီးပစ်ဖို့က လွယ်ကူလေသည်။
အတိအကျဆိုရလျှင် ထိုစွမ်းအားနှင့်အတူ သူသည် အရှေ့တောင်ဒေသတစ်ခုလုံးမှာ လုပ်ချင်တာကို လုပ်နိုင်ပြီဖြစ်သည်။
ဆူဇီမိုသည် သူ၏ လမ်းကြောင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင် အလောတကြီး လျှောက်လှမ်းနေ၏။
တကယ်ပင်...
သိပ်မကြာခင် သူသည် အဝေးကနေ ရန်လိုစိတ် ခပ်ဖျော့ဖျော့တစ်ခုကို အာရုံခံမိလိုက်၏။
သူ၏ ထက်ရှသော အာရုံခံသတိစိတ်ကြောင့် မဟုတ်လျှင် သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်မျှနှင့် ၎င်းကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် ရှေ့ကို ဆက်လျှောက်နေ၏။
ဘေးပတ်ဝန်းကျင်မှာ စုစည်းလာသော ရန်လိုစိတ်က တဖြည်းဖြည်း ပိုတိုးလာပြီး ပေါ်ထွက်လာခြင်းမရှိဘဲ တစ်လမ်းလုံး သူ့နောက်ကို လိုက်လာ၏။
ဆူဇီမိုက ကြိတ်၍လှောင်ရယ်လိုက်သည်။
ဤလူအုပ်စုက ဘယ်လောက်ကြာကြာ ချုပ်တည်းထားနိုင်မလဲ သူက စောင့်ကြည့်လိုနေ၏။
တကယ်တမ်းမှာ အဆိပ်ငါးမျိုးနန်းတော်မှ ပညာရှင်များသည် ဆူဇီမို တွေးထင်ထားသည်ထက် များစွာပိုမိုသတိကြီးပြီး သည်းခံနိုင်ကြလေသည်။
သူက ပေါင်းမိုးပြည်နယ်ထဲကနေ ထွက်ခွာတော့မည်ဆဲဆဲမှသာ အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူပညာရှင်များသည် နန်းတော်အရှင်လေးဦး၏ ဦးဆောင်မှုအောက်ကနေ ပေါ်ထွက်လာပြီး ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။
“ဟဲဟဲ”
နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက ရယ်မောကာ ထုတ်ဖော်ကြေညာလိုက်၏။
“ဒါက မကြာသေးခင်က နာမည်ကြီးကျော်ကြားလာတဲ့ ကစဉ့်ကလျားနန်းတော်ရဲ့ နန်းတော်အရှင်ဆူ ဖြစ်ရမယ်... ဟုတ်တယ်မလား”
ဆူဇီမိုက ပြန်ဖြေခြင်းမရှိဘဲ လှည့်ပတ်ကြည့်ရှုလိုက်၏။
သူ့ရှေ့တည့်တည့်ရှိ အဆိပ်ငါးမျိုးနန်းတော်မှ နန်းတော်အရှင်လေးဦးအပြင် မဟာတာအိုသာလွန်သူတချို့နှင့် အဓိပတိတာအိုသာလွန်သူ သုံးဦးအပါအဝင် ဘေးပတ်လည်မှာ တာအိုသာလွန်သူပညာရှင် ၃၀ကျော် ရှိနေ၏။
“နန်းတော်အရှင်ဆူ... မကြောက်ပါနဲ့”
နန်းတော်အရှင် ကောင်းကင်ဘုံမြွေက ဆူဇီမို နှုတ်ဆိတ်နေသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ကြောက်လန့်လွန်းသောကြောင့် စကားမပြောနိုင်ဟု သူက တွေးလိုက်၏။ သူက သွားဖြဲကာ ပြောလိုက်၏။
“နန်းတော်အရှင်ဆူ... မင်းက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ အတော်လေးကျော်ကြားလာတယ်လို့ ကြားလို့ ငါတို့က မင်းကို အဆိပ်ငါးမျိုးနန်းတော်ဆီ အလည်ခေါ်ချင်ရုံပါပဲ”
“တကယ်တော့ မင်းက ငါတို့အဆိပ်ငါးမျိုးနန်းတော်က တာအိုသာလွန်သူတစ်ဦးကို သတ်ဖြတ်ခဲ့တယ်… နန်းတော်အရှင်တစ်ဦးကလည်း မင်းကြောင့် သေခဲ့ရတယ်… ဒါက မင်းနဲ့ စာရင်းရှင်းဖို့ အချိန်ကောင်းဆိုလည်း ဟုတ်တယ်”
“မင်းတို့ အဆိပ်ငါးမျိုးနန်းတော်က တာအိုသာလွန်သူတွေအားလုံး ဒီကိုရောက်နေကြတာလား”
ဆူဇီမိုက ရုတ်တရက် မေးလိုက်သည်။
နန်းတော်အရှင် ကောင်းကင်ဘုံကင်းမြီးကောက်က အသံကျယ်ကျယ် ရယ်မောကာ ပြန်မေးလိုက်၏။
“ဘာလို့လဲ... အဆိပ်ငါးမျိုးနန်းတော်က ငါတို့လူအုပ်စုက မင်းအတွက် မလုံလောက်ဘူး ထင်လို့လား”
“အင်း... နည်းနည်းတော့ လိုနေသေးတယ်”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့တွေလောက်နဲ့ ငါ့ကို ရွေ့အောင်တောင် တွန်းနိုင်မှာ မဟုတ်ဘူး”
“ဟားဟားဟား”
အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူများက ထိုစကားကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
သူတို့သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဆူဇီမိုနောက်သို့ လိုက်နေခဲ့ခြင်းကြောင့် မဟုတ်လျှင် သူတို့သည် ဤလူ၏ ခြိမ်းခြောက်ခြင်းကို တကယ်ပင် ခံရပေလိမ့်မည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူဇီမိုက တစ်ယောက်တည်းသာဖြစ်ခဲ့၏။
သူတို့သည် အမှားအယွင်းတစ်စုံတစ်ရာ မရှိစေရန် သူတို့၏ ဘေးပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ရှုထားခဲ့ပြီးသားဖြစ်၏။
နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက မထီတရီ ပြုံးလိုက်၏။
“ဆူဇီမို... မင်းဟန်ဆောင်နေရတာ မပင်ပန်းဘူးလား... ငါတို့ ပေါ်ထွက်လာပြီဆိုမှတော့ ငါတို့မှာ ယုံကြည်မှုအပြည့်ရှိလို့ပေါ့”
“အဓိပတိတာအိုသာလွန်သူ ဆိုးယုတ်ဖျက်ဆီးခြင်းက မင်းကို တစ်ကြိမ်ကယ်တင်ပေးနိုင်ခဲ့တယ်… ဒါပေမဲ့ သူက နောက်တစ်ကြိမ် ကယ်ပေးနိုင်မှာ မဟုတ်ဘူး”
“မိုးပေါ်ကနေ သူတော်စင်တစ်ပါး ဆင်းသက်မလာသရွေ့ ဒီနေ့ မင်းရဲ့သေဆုံးမှုကို ရှောင်လွှဲလို့ မရတော့ဘူး”
ဆူဇီမိုက မျက်ခုံးပင့်ပြီး မေးလိုက်၏။
“မင်းတို့တွေက ငါ့ကို အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်ဖို့ ကြံနေကြတာလား”
“ဟားဟားဟား”
“မင်းတော်တော်နုံအတာပဲ”
ဘေးပတ်ဝန်းကျင်မှာရှိသော တာအိုသာလွန်သူများကလည်း နောက်တစ်ဖန် ရယ်မောလိုက်ကြ၏။
“အစကတော့ မင်းလိုမျိုး မဟာကောင်းကင်ဘုံတာအိုသာလွန်သူတစ်ယောက်လောက်ကို ကိုင်တွယ်ဖို့ ဒီလောက်လူတွေအများကြီး ငါတို့ စုဖွဲ့စရာမလိုခဲ့ဘူး… ငါတစ်ယောက်တည်းကတင် လုံလောက်တယ်”
နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက စကားလမ်းကြောင်းပြောင်းကာ လှောင်ရယ်လိုက်၏။
“ဒါပေမဲ့ မင်းက အနှိုင်းမဲ့ကောင်းကင်ဘုံတာအိုသာလွန်သူအဖြစ် ကျော်ကြားလာပြီဆိုမှတော့ ငါတို့အဆိပ်ငါးမျိုးနန်းတော်က မင်းကို လုံလောက်တဲ့ လေးစားမှု ပေးရမှာပေါ့”
“အမှန်ပဲ… သူ့ကို ဒီနေ့ အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်ပြီး အေးအေးချမ်းချမ်း သေခွင့်ပေးလိုက်ရအောင်”
အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူများက တိုက်ခိုက်ဖို့ကို စိတ်အားထက်သန်နေကြပြီဖြစ်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မိုးမြေဖန်တီးခြင်းကားချပ်ကို ဆွဲထုတ်ကာ ဖြည်းဖြည်းချင်း ဖြန့်လိုက်၏။
“အရေအတွက်အားကိုးနဲ့ ဘယ်လိုအနိုင်ကျင့်ရလဲဆိုတာ ငါလည်း နည်းနည်းပါးပါးတော့ သိထားတယ်”
သူ့စကားမဆုံးခင် မိုးမြေဖန်တီးခြင်းကားချပ်ထဲကနေ လူရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေသည်။ သူတို့က အရေအတွက်ရာချီရှိပြီး ဆူဇီမို၏ ဘေးပတ်လည်မှာ ဆင်းသက်လိုက်ကြ၏။
သူတို့အားလုံးမှာ စွမ်းအားကြီးမားသော အော်ရာများရှိပြီး အားအနည်းဆုံး ကျင့်ကြံမှုနယ်ပယ်များက ကောင်းကင်ဘုံတာအိုသာလွန်သူပညာရှင်များ ဖြစ်ကြသည်။
တကယ်ဆို... သူတို့ကြားမှာ မဟာသာလွန်သူ ၁၀၀နီးပါးနှင့် အဓိပတိတာအိုသာလွန်သူ ၂၀ကျော် ရှိနေ၏။
ရှူး…
အဆိပ်ငါးမျိုးနန်းတော်မှ ပညာရှင်များ၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့က ပင့်သက်ကို ရှိုက်လိုက်ကြ၏။
တကယ်ပင် သူတို့ကြားမှာ သူတော်စင်များ မပါရှိပေ။
သို့သော်လည်း ကောင်းကင်ထက်ကနေ တာအိုသာလွန်သူပညာရှင်ရာချီ ဆင်းသက်လာခြင်းက တကယ့်ကို ကြောက်စရာကောင်းလေသည်။ အရေအတွက်က သူတို့ထက် ဆယ်ဆကျော် ပိုနေ၏။
ဒါ့အပြင် သူတို့ကြားမှာ အဓိပတိတာအိုသာလွန်သူ ပညာရှင် ၂၀ကျော် ပါဝင်နေလေသည်။
အဆိပ်ငါးမျိုးနန်းတော်မှ ဤလူအုပ်စုသည် အဓိပတိတာအိုသာလွန်သူ ၂၀ကျော်ကျော်ကိုပင် ကိုင်တွယ်ဖို့ မလုံလောက်ပေ။
“မင်း... မင်းက…”
နန်းတော်အရှင် ကောင်းကင်ဘုံဖားပြုပ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူ၏ အသံက တုန်ယင်နေ၏။
“မင်း ဘာလုပ်နေတာလဲ”
နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများကလည်း ဤမြင်ကွင်းမှာ တုန်လှုပ်သွား၏။
သူက အသက်ပြင်းပြင်း ဆက်တိုက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။ သူက တံတွေးကို အလျင်စလို မျိုချပြီး လက်နှစ်ဖက်ကို အနည်းငယ်ယှက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်းတို့... ခင်ဗျားတို့ကို ကြည့်ရတာ ရင်းနှီးတဲ့ပုံမပေါ်ဘူး... ခင်ဗျားတို့က ဘယ်အဖွဲ့အစည်းကလဲ သိပါရစေ”
“ကစဉ့်ကလျားနန်းတော်ကပေါ့”
ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“သူတို့တွေအားလုံးက အပင်မျိုးနွယ်က တာအိုသာလွန်သူတွေဆိုတာကို မင်းတို့ မပြောနိုင်ဘူးလား”
အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူပညာရှင်များသည် သူတို့ရှေ့မှ မြင်ကွင်းမှာ ကြောက်လန့်နေခဲ့ပြီး ဤလူအုပ်စုသည် ဘယ်မျိုးနွယ်က လာသည်ကို စုံစမ်းစစ်ဆေးဖို့ သူတို့က အာရုံမရခဲ့ပေ။
ဆူဇီမိုစကားကို ကြားမှသာ လူတိုင်းက စစ်ဆေးကြည့်ရှုလိုက်ကြ၏။
တကယ်ပင်…
သူတို့အားလုံးသည် အပင်မျိုးနွယ်မှ ပညာရှင်များ ဖြစ်ကြသည်။
ဒါ့အပြင် ဤပညာရှင်အုပ်စုသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီးနောက် သူတို့က အလွန်တရာ စိတ်လှုပ်ရှားတက်ကြွနေ၏။ ဘေးပတ်ဝန်းကျင် အာရုံကို အာရုံခံပြီး သူတို့၏ မျက်လုံးများက တောက်ပလာကာ ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် သူတို့၏ သွေးများ အေးစက်လာသည်ဟု ခံစားလိုက်ရ၏။
အဓိပတိတာအိုသာလွန်သူ လင်းမင်နှင့် အခြားသော တာအိုသာလွန်သူရာချီသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ နှစ်ပေါင်း ခြောက်ဘီလီယံကျော်ကြာအောင် ပိတ်မိနေခဲ့လေသည်။ သူတို့အားလုံးက ရူးသွပ်တော့မည့်ဆဲဆဲဖြစ်၏။
ယခု သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကသို့ ပြန်လည်ရောက်ရှိလာပြီး လူတိုင်းက ဘယ်လိုလုပ် စိတ်လှုပ်ရှားမတက်ကြွဘဲ နေမှာလဲ။
သူတို့သည် ခုတ်ပိုင်းစရာ လူတချို့ကို ရှာဖွေဖို့ စိတ်အားထက်သန်နေကြပြီဖြစ်၏။
“တာအိုရောင်းရင်းတို့... ဒီနေ့ ဖြစ်ပျက်ခဲ့တာက နားလည်မှုလွဲသွားတာကြောင့်ပါ”
နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများက တည်ငြိမ်သယောင် ဟန်ဆောင်ကာ ကြိုးစား၍ ရယ်မောလိုက်၏။
အဓိပတိတာအိုသာလွန်သူ လင်းမင်က သူ့ကို ကြည့်ပင်မကြည့်ပေ။ သူက ဆူဇီမိုဘက်ကိုသာ လှည့်ပြီး အနည်းငယ် ဦးညွှတ်ကာ မေးလိုက်၏။
“သခင်... ဘာဖြစ်နေတာပါလဲ”
“သခင်…”
အဆိပ်ငါးမျိုးနန်းတော်မှ လူတိုင်းသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားသွား၏။
ဆူဇီမိုက ပြောလိုက်၏။
“ဒီလူတွေက အဆိပ်ငါးမျိုးနန်းတော်က ကျင့်ကြံသူတွေပဲ... အရင်တုန်းက ငါ သူတို့ရဲ့ အမဲလိုက်တာ ခံရပြီး တောင်ပိုင်းဒေသကို တိမ်းရှောင်ခဲ့ရတယ်… အခု သူတို့တွေက ငါ့ဆီ နောက်တစ်ခါ ပြန်လာပြီး အရေအတွက်အားကိုးနဲ့ ငါ့ကို အနိုင်ကျင့်ဖို့ ခြိမ်းခြောက်နေတာပဲ”
“နားလည်ပါပြီ”
အဓိပတိတာအိုသာလွန်သူ လင်းမင်က ခေါင်းညိတ်ပြပြီး. ဘေးပတ်လည်မှာရှိသော တာအိုသာလွန်သူပညာရှင်များကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ... ဘာမှ ထိန်ချန်မထားကြနဲ့တော့... တိုက်ခိုက်ကြ... တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့စေနဲ့”
ဝုန်း... ဝုန်း... ဝုန်း...
အဓိပတိတာအိုသာလွန်သူ လင်းမင်နှင့် တာအိုသာလွန်သူပညာရှင်ရာချီ၏ ခန္ဓာကိုယ်ထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ သူတို့၏ သွေးချီက တလိပ်လိပ် ထိုးတက်လာလေသည်။ သူတို့သည် မဟာတာအိုများစွာကို ထိန်းချုပ်ပြီး လက်နက်များအဖြစ် စုဖွဲ့ကာ အဆိပ်ငါးမျိုးနန်းတော်မှ လူတိုင်းရှိရာသို့ ပစ်ဝင်သွား၏။
ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ ဤလူအုပ်စု၏ မျက်လုံးများက နီရဲလာ၏။
အဆိပ်ငါးမျိုးနန်းတော်မှာ တာအိုသာလွန်သူပညာရှင် ၃၀ကျော်ကျော်သာ ရှိလေသည်။ လူဆယ်ယောက်က တစ်ယောက်ကို ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုလျှင်ပင် သားကောင်အရေအတွက်က လောက်ငှလိမ့်မည် မဟုတ်ပေ။
တာအိုသာလွန်သူ ပညာရှင်အုပ်စုသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ တစ်ချိန်လုံး နေခဲ့ရပြီး သူတို့ လက်ရည်စမ်းစဉ်မှာတောင် သူတို့၏ အကန့်အသတ်ကို သူတို့ သိရှိရလေသည်။
သူတို့သည် သွေးကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ သူတို့သည် နောက်ဆုံး ထိန်ချန်ခြင်းမရှိဘဲ တိုက်ခိုက်ဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုကို ရရှိလာပြီဆိုမှတော့ သူတို့အားလုံးက ရူးသွပ်ပေါက်ကွဲသည့် အခြေအနေမှာ ကျရောက်သွားကြပြီဖြစ်သည်။
အခန်း ၃၃၁၂ - ကြာတောင်ထွတ်လေးခု
ဆူဇီမိုအနေဖြင့် ဤတိုက်ပွဲမှာ ဝင်ပါစရာမလိုပေ။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ တာအိုသာလွန်သူပညာရှင်များသည် အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူသုံးဆယ်ကျော်ကျော်ကို ဖိနှိမ်ဖို့ ကောင်းကောင်းလုံလောက်လေသည်။
အစကတော့ နန်းတော်အရှင် ကောင်းကင်ဘုံကင်းခြေများနှင့် အခြားသူများသည် ဆူဇီမိုကိုဖမ်းဆီးပြီး အခြေအနေကို ပြန်ပြောင်းလို၏။
သို့သော်လည်း သူတို့သည် အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများကို လုံးဝမကျော်ဖြတ်နိုင်ပေ။ ထိုအစား သူတို့သည် ပိုမိုနစ်မြုပ်သည်ထက်နစ်မြုပ်ပြီး နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးပင် မရတော့ပေ။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ တာအိုသာလွန်သူပညာရှင်ရာချီသည် ဝိုင်းပတ်ပိတ်ဆို့မှုတစ်ခုကို ပြုလုပ်လိုက်ကြ၏။ မဟာတာအိုများက လေဟာနယ်ထဲမှာ ရောထွေးယှက်ဖြာပြီး မလွတ်မြောက်နိုင်သော ပိုက်ကွန်တစ်ခုဖြစ်ပေါ်လာစေသည်။
ဘေးတစ်ဘက်မှာ ဆူဇီမိုသည် တာအိုသာလွန်သူပညာရှင်များကြား တိုက်ပွဲကို သေသေချာချာ အကဲခတ်ကြည့်နေ၏။
သူသည် ယခင်က တာအိုသာလွန်သူမျာနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ဖြစ်စဉ်က တိုတောင်းပြီး သူသည် တာအိုသာလွန်သူပညာရှင်များ၏ တိုက်ခိုက်မှုပုံစံနှင့်ပတ်သက်၍ များစွာသိရှိခဲ့ခြင်းမရှိပေ။
ဤတိုက်ပွဲသည် တာအိုသာလွန်သူများကြား မည်သို့မည်ပုံတိုက်ခိုက်ရသလဲ သူ့ကို နားလည်သိမြင်မှုအသစ်တစ်ခု ရရှိလာစေ၏။
တာအိုသုံးသပ်မှုနယ်ပယ် ကောင်းကင်ဘုံသာလွန်သူတစ်ဦးသည် လောကကို အသုံချပြီး အထဲမှာရှိသော မဟာတာအိုအငွေ့အသက်များဖြင့် မဟာတာအိုနယ်မြေဖြစ်စဉ်များစွာကို ဖန်တီးနိုင်လေသည်။
သို့သော်လည်း တာအိုကြီးစိုးမှုနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် လောကနှင့်တာအိုကြားမှာ မည်သည့်ကွာခြားမှုမှ မရှိတော့ပေ။ တာအိုနှင့်လောကသည် တစ်သားတည်းအဖြစ် အတူတကွ ပေါင်းစည်းလာလိမ့်မည်ဖြစ်သည်။ လောကက တာအိုဖြစ်လာပြီး တာအိုက လောကဖြစ်ပေလိမ့်မည်။
မဟာတာအိုသည် အစကတည်းက မတွေ့မြင်နိုင်ပေ။
သို့သော်လည်း တာအိုကြီးစိုးမှုနယ်ပယ် တာအိုသာလွန်သူတစ်ဦး၏ လက်ထဲမှာ ၎င်းသည် သိပ်သည်းစုဖွဲ့လာနိုင်၏။ ၎င်းသည် နယ်မြေဖြစ်စဉ် ပုံရိပ်ယောင်တစ်ခုမဟုတ်တော့ဘဲ နတ်ဘုရားလက်နက်များစွာအဖြစ် အသွင်ပြောင်းလဲနိုင်သည့် ရုပ်ဒြပ်ရှိသော ပုံသဏ္ဍာန်တစ်ခု ဖြစ်လာပေလိမ့်မည်။
ရှင်းရှင်းပြောရလျှင် တာအိုကြီးစိုးမှုနယ်ပယ်ကို ဝင်ရောက်လာပြီးနောက် လူတစ်ယောက်ကျင့်ကြံသော မဟာတာအိုသည် ပုံရိပ်ယောင်တစ်ခုဆက်လက်၍ မဟုတ်တော့ပေ။
ထိုအစား ၎င်းသည် တာအိုသာလွန်သူတစ်ဦး၏ လက်ထဲရှိ လက်နက်များဖြစ်လာပေလိမ့်မည်။
မဟာတာအိုကို လက်နက်များအဖြစ် အသုံးချခြင်း။
ကျင့်ကြံဖို့အတွက် တာအိုသာလွန်သူပညာရှင်များ ပြုလုပ်ဖို့အတွက် လိုအပ်သည့်အရာမှာ မဟာတာအိုကို ပိုမိုကောင်းမွန်စွာ ဘယ်လိုကိုင်တွယ်ထိန်ချုပ်ရမလဲဆိုတာပင်။ ထိုသို့ဖြင့် သူတို့သည် မဟာတာအိုကို အလိုရှိသလို အသုံးချလာနိုင်မည်ဖြစ်၏။
၎င်းသည် ရတနာဓားတစ်လက်ကို ပုံသွင်းရခြင်းနှင့်ဆင်တူလေသည်။
ဓားက ထက်ရှသော်လည်း ၎င်း၏ အမြင့်မားဆုံးစွမ်းအားကို မည်သို့မည်ပုံထုတ်ဖော်ရမလဲ… လူတစ်ယောက်က အဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်၏။
တာအိုကြီးစိုးမှုနယ်ပယ်၏ စဦးကျွမ်းကျင်မှုမှာ လူတစ်ယောက်သည် မဟာတာအိုကို ကိုင်တွယ်ထိန်းချုပ်ပုံနှင့် အနည်းငယ်စိမ်းသက်နေပေလိမ့်မည်။
သူ့ကျင့်ကြံမှုအပေါ် သူ၏ နားလည်ဆင်ခြင်သုံးသပ်မှုက ပိုမိုနက်ရှိုင်းလာသည်နှင့် သူသည် ၎င်းကို ကိုင်တွယ်ထိန်းချုပ်ခြင်းမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်လာပြီး နောက်ဆုံးမှာ ပြီးပြည့်စုံမှုသို့ ရောက်ရှိလာပေလိမ့်မည်။
ထိုအချိုးအစားမှာ သိုင်းတာအိုပင်မခန္ဓာသည် မနှိုင်းယှဉ်သာသော အားသာချက်တစ်ခုရှိနေ၏။
ထိုသည်မှာ သိုင်းတာအိုကို သူကိုယ်တိုင်ဖန်တီးထားသောကြောင့်ဖြစ်သည်။
တာအိုအပေါ် နားလည်ဆင်ခြင်မှုမှာဖြစ်စေ၊ ကျွမ်းကျင်ပိုင်နိုင်မှုမှာဖြစ်စေ သိုင်းတာအိုပင်မခန္ဓာသည် အလျင်အမြန်သင်ယူတတ်မြောက်နိုင်ပြီး အတွေ့အကြုံများစွာစုဆောင်းဖို့ အချိန်များစွာမလိုအပ်ပေ။ သူ၏ ကျင့်ကြံမှုနယ်ပယ်သည်လည်း အလွန်တရာလျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။
ထို့ကြောင့်ပင် သူသည် မီးတောက်တောင်ကြောရိုးလေးခုသို့ ဝင်ရောက်သည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာက တာအိုကြီးစိုးမှုနယ်ပယ်သို့ ဝင်ရောက်နေပြီဖြစ်ခြင်းပင်။
ကောင်းကင်ဘုံမီးသုံးမျိုးကို စုပ်ယူသန့်စင်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် မီးတောက်ဆယ့်နှစ်မျိုးကို ထိန်းချုပ်လာနိုင်၏။ ဒါ့အပြင် ထိုမီးတောက်တစ်ခုချင်းစီသည် လောကရှိ အသန်မာဆုံးမီးတောက်များဖြစ်လေသည်။
မီးတောက်တစ်ခုချင်းစီကနေ မဟာတာအိုတစ်ခုကို သီးခြားခွဲထုတ်ကျင့်ကြံနိုင်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က လျင်မြန်စွာတိုးတက်လာသော်လည်း သူသည် တမလွန်သွေးပင်လယ်ကနေ ထွက်ခွာနိုင်ခြင်းမရှိဘဲ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကူညီမပေးနိုင်ပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် တာအိုနှင့် မည်သို့မည်ပုံပေါင်းစည်းရမလဲ အဖြေတစ်ခုကို ယခုအချိန်ထိ ရှာမရသေးပေ။
သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုနှင့်အတူ ပေါင်းစည်းရန်အလို့ငှာ ကျင့်ကြံသူသည် မဟာတာအိုနှင့်အတူ ပျော်ဝင်ပေါင်းစည်းပြီး တစ်သားတည်း ကျလာရပေမည်။
လူတစ်ယောက်သည် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်လာသည်နှင့် သူတော်စင်ကိုယ်တိုင်က မဟာတာအိုဖြစ်လာပြီး ထာဝရအသက်ကို ရရှိလာပေလိမ့်မည်။
တာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်တစ်ဦးက မဟာတာအိုကို ကိုင်တွယ်ထိန်းချုပ်ခြင်းမှာ ဘယ်လောက်ပင် ကျွမ်းကျင်ပိုင်နိုင်သည်ဖြစ်စေ ၎င်းသည် သူတော်စင်တစ်ပါး၏ ရှေ့မှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေပေလိမ့်မည်။
တာအိုနှင့်အတူ ပေါင်းစည်းခြင်းဖြစ်စဉ်ကလည်း အန္တရာယ်အများဆုံးဖြစ်သည်။
လူတစ်ယောက်က သတိတစ်ချက်ပေါ့လျော့မိလျှင် သူတို့သည် တာအိုအဖြစ်သို့ ပျော်ဝင်ကာ သေဆုံးသွားရပေလိမ့်မည်။
ဆူဇီမိုသည် ဤတိုက်ပွဲမှာ ဘေးထွက်နေ၏။
သူသည် တိုက်ပွဲကို စောင့်ကြည့်ရင်း ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာသို့သွားရာ သူ၏ ခရီးစဉ်ကို ပြန်လည်စဉ်းစားကြည့်လိုက်၏။
ကမ္ဘာပျက်အနက်ရောင်ကြာပန်းသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ မရှိလောက်ပေ။
ကမ္ဘာပျက်အနက်ရောင်ကြာပန်းသည် အထွတ်အမြတ်ခိုလှုံရာများ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေသည်ဟု ယောင်ရွှယ်က သူ့ကို အရိပ်အမြွက်တစ်ခုပေးခဲ့၏။
တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာပျက်အနက်ရောင်ကြာပန်းသည် ယင်ယန်အထွတ်အမြတ်ခိုလှုံရာ၊ နတ်ဘုရားအပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာ၊ ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာ သို့မဟုတ် လေဟာနယ်အချိန် အထွတ်အမြတ်ခိုလှုံရာတို့မှာ ရှိနေနိုင်သည်။ မည်သည့်အထွတ်အမြတ်ခိုလှုံရာဖြစ်စေ ကမ္ဘာပျက်အနက်ရောင်ကြာပန်းကို ရယူဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းပေလိမ့်မည်။
ယင်ယန်အထွတ်အမြတ်ခိုလှုံရာ၏ သူတော်စင်မျိုးနွယ်နှင့် တိုက်ခိုက်ပြီးနောက် သူ၏ မျက်လုံးထဲရှိ မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးမှာ ထူးခြားဆန်းကြယ်သော ဇာစ်မြစ်များရှိနေသည်ကို ဆူဇီမိုက ပို၍ရှင်းရှင်းလင်းလင်းခံစားမိလာသည်။
တကယ်ဆို ဂမ္ဘီရကျောက်တုံးများထဲမှာ အသိစိတ်တချို့ပင် စတင်နိုးထလာပြီဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် သူ့အပေါ်မှာ ခုခံငြင်းဆန်လိုစိတ် သို့မဟုတ် ရန်လိုစိတ်မရှိကြပေ။
အိပ်မက်တံဆိပ်ပြားကို သူမအား လူတစ်ယောက်က ပေးထားခဲ့သည်ဟု ယောင်ရွှယ်က ပြောခဲ့သည်။ သူမနှင့် အာရှဲ့မှာ အိပ်မက်တံဆိပ်ပြား တစ်ယောက်တစ်ခုစီ ရှိခဲ့ကြ၏။ ဤလူက ဘယ်သူလဲ။
ဆူဇီမိုက စဉ်းစားတွေးတောရင်း တိုက်ပွဲက တဖြည်းဖြည်းအဆုံးသတ်လာ၏။
အဆိပ်ငါးမျိုးနန်းတော်မှ တာအိုသာလွန်သူပညာရှင် သုံးဆယ်ကျော်ကျော်စလုံးက သေဆုံးသွားပြီး မည်သူကမှ မလွတ်မြောက်နိုင်ခဲ့ပေ။
တစ်ထောင့်တစ်နေရာချင်းစီမှာ ပုန်းကွယ်နေသည့် အဆိပ်ရှိအင်းဆက်များက ကြောက်ရွံ့စွာဖြင့် အဘက်ဘက်ကို ထွက်ပြေးသွားကြပြီဖြစ်၏။
ယနေ့မှစ၍ အဆိပ်ငါးမျိုးနန်းတော်သည် ပေါင်းမိုးပြည်နယ်ကနေ ဖယ်ရှားခံရပေလိမ့်မည်။
ဘေးပတ်ဝန်းကျင်မှာရှိသော ဒေသပေါက်ပင်များက ညင်သာစွာယိမ်းနွဲ့ကာ ဝမ်းသာပျော်ရွှင်မှုကို ထုတ်ဖော်နေကြ၏။
အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများသည် တိုက်ပွဲနယ်မြေကို ရှင်းလင်းပြီး သူတို့ရရှိထားသည့် စစ်ပွဲအကျိုးအမြတ်များကို ဆူဇီမိုထံ စုဆောင်းကာ ကမ်းပေးလိုက်ကြ၏။
“အဲဒါတွေကို ခင်ဗျားတို့တွေပဲ ယူထားလိုက်ပါ”
ဆူဇီမိုက အတော်လေးရက်ရောနေပြီး လက်ကာပြလိုက်၏။
မည်သို့ပင်ဆိုစေ ဤတိုက်ပွဲမှာ သူက ဘာမှလုပ်မပေးခဲ့ပေ။
ဒါ့အပြင် ရတနာအများစုသည် ယခုအချိန်မှာ သူ့အတွက် အသုံးဝင်မှုများစွာမရှိပေ။
“ကျေးဇူးတင်ပါတယ်သခင်”
အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများက သူ့ကို ကျေးဇူးတင်လိုက်ကြ၏။
တာအိုသာလွန်သူပညာရှင်တချို့သည် ဝတ်ကျေတန်းကျေ ခေါင်းညိတ်လိုက်ရုံသာဖြစ်၏။
သူတို့၏ ထင်မြင်ချက်အရ ဤကဲ့သို့သာဖြစ်သင့်လေသည်။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများကို မိုးမြေဖန်တီးခြင်းကားချပ်ထဲသို့ ပြန်သွားခိုင်းခြင်း မရှိပေ။
ယခု ဤတာအိုသာလွန်သူပညာရှင်များသည် နှစ်ပေါင်းများစွာကြာပြီးမှ နောက်ဆုံးထွက်ခွာလာနိုင်ခဲ့ပြီး ဆူဇီမိုက သူတို့ကို ပြန်ခေါ်သွင်းချင်သည်ဆိုလျှင်ပင် သူတို့က စိတ်လိုလက်ရရှိကြလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့သည် မိုးမြေဖန်တီးခြင်းကားချပ်ထဲရောက်သည်နှင့် တစ်ချိန်လုံး ထိန်းချုပ်ခံနေရပေလိမ့်မည်။
“သခင်… အခုကစပြီး ခင်ဗျား ဘယ်ကိုသွားဖို့စီစဉ်ထားလဲ”
အဓိပတိသာလွန်သူဟွိုက်အန်က ပြောလိုက်၏။
“သူတော်စင်မျိုးနွယ်က ပညာရှင်တွေ ရောက်လာမယ်ဆိုရင် ကျုပ်တို့က ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်လောက်ဘူး”
ဆူဇီမိုက ရှင်းမပြဘဲ အကြမ်းဖျင်း ဦးတည်ဘက်တစ်ခုကိုသာ လက်ညှိုးထိုးပြလိုက်၏။
အဓိပတိသာလွန်သူဟွိုက်အန်နှင့် အခြားသူများက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တစ်စုံတစ်ရာကို ပြောချင်ကြ၏။
သို့သော်လည်း အဓိပတိသာလွန်သူလင်းမင်က သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။ သူက စိတ်ဝိညာဉ်ယာဉ်ပျံကို မောင်းနှင်ပြီး ပညာရှင်များစွာနှင့်အတူ ထိုဘက်အရပ်သို့ ဦးတည်လိုက်လေသည်။
တာအိုသာလွန်သူပညာရှင်ရာချီက သူ့ကို ဝန်းရံထားလေသည်။ ဤကဲ့သို့သော အစုအဖွဲ့တစ်ခုသည် မဟာကမ္ဘာတစ်ထောင်လောကမှာ မည်သည့်အဟန့်အတားမှမရှိဘဲ သွားလာနိုင်ကြပြီး မည်သည့်အဖွဲ့အစည်းကမှ ပေါ်ထွက်မလာရဲကြပေ။
နေ့တစ်ဝက်ခန့်ကြာပြီးနောက်…။
ဆူဇီမိုနှင့် အခြားသူများသည် နောက်ဆုံးမှာ လိုရာပန်းတိုင်ကို ရောက်ရှိလာကြ၏။
သူတို့၏ ရှေ့မှာ ခံ့ညားသောအော်ရာတစ်ခုနှင့်အတူ တိမ်စိုင်များကြားထိုးတက်နေသည့် ငွားငွားစွင့်စွင့်မြင့်မားသော တောင်ထွတ်တစ်လုံးရှိနေ၏။ အဝေးကနေကြည့်ရုံမျှနှင့် အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများက ကြည့်ညိုလေးစားမှုကို ခံစားလာရ၏။
ဆူဇီမိုသည် ထိုတောင်ထွတ်ထံမှ မတူညီသော ခံစားချက်တစ်ခုကို ရရှိနေ၏။
တောင်ထွတ်နှင့် သူ့ကြားမှာ ချိတ်ဆက်မှုတစ်ခုရှိနေသည့်ပုံပင်။
“ဒီနေရာက…”
အဓိပတိသာလွန်သူလင်းမင်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ တီးတိုးရေရွတ်လိုက်၏။
အခြားသော တာအိုသာလွန်သူပညာရှင်များကလည်း အိုးတိုးအမ်းတမ်းဖြစ်နေကြ၏။
“ဘာဖြစ်လို့လဲ”
ဆူဇီမိုက မေးလိုက်သည်။
အဓိပတိသာလွန်သူလင်းမင်က ရှင်းပြလိုက်၏။
“ဒီနေရာက အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ ရှိခဲ့တဲ့နေရာဖြစ်မယ်… ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဘီလီယံကျော်တုန်းက ဒီတောင်ထွတ်က ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာထဲမှာ မရှိခဲ့ဘူး”
လူတိုင်းက ရှေ့သို့ဆက်တက်လာစဉ် သူတို့သည် ပို၍ ရှင်းရှင်းလင်းလင်း တွေ့မြင်လာရသည်။
တောင်ထွတ်၏ ဘေးပတ်လည်မှာ ကြာပန်းပုံစံဖြင့် ပိုနိမ့်သော တောင်ထွတ်လေးခုရှိနေ၏။
သို့သော်လည်း တောင်ထွတ်လေးခုက အရောင်မတူကြပေ။ တောင်ထွတ်များထဲမှတစ်ခုသည် စိမ်းစိုလန်းဆန်းပြီး နောက်တစ်ခုက မီးတောက်နီရောင် သစ်ပင်ဝါးပင်များဖြင့် ပြည့်နှက်နေ၏။ အဝေးကနေ ကြည့်လျှင် ၎င်းသည် မီးတောက်များဖြင့် လောင်ကျွမ်းနေသော တောင်တစ်လုံးနှင့်တူလေသည်။
တတိယမြောက်တောင်ထွတ်ပေါ်မှာ ရွှေရောင်အပင်များစွာရှိနေ၏။
စတုတ္ထမြောက်တောင်ထွတ်က ပိန်းပိတ်အောင်နက်မှောင်ပြီး ညအမှောင်နှင့် ရောနှောနိုင်လေသည်။
“အရင်တုန်းက ဒီတောင်ထွတ်လေးခုလည်း မရှိခဲ့ကြဘူး”
အဓိပတိသာလွန်သူလင်းမင်က သူ့၏ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
ဆူဇီမိုသည် သူ၏ မျိုးဆက်မှတ်ဉာဏ်များကို ပြန်လည်ပုံဖော်ပြီး သူ့ရှေ့မှာ မြင်ကွင်းပေါ် အခြေခံကာ ခန့်မှန်းချက်တစ်ခုကို ရရှိလိုက်၏။
ဘေးပတ်လည်မှာရှိသော တောင်ထွတ်လေးခုသည် အရင်တုန်းက ကြာစေ့လေးစေ့ကနေ အသွင်ပြောင်းလဲလာခြင်းဖြစ်နိုင်သည်။
အလယ်ရှိ ငွားငွာစွင့်စွင့်မြင့်မားသော တောင်ထွတ်ကတော့ မည်သို့မည်ပုံဖြစ်ပေါ်လာသလဲ သူမစဉ်းစားတတ်ပေ။