အခန်း (၃၃၁၅-၃၃၁၆)
Vol. 218 Ch. 3315-3316
အခန်း ၃၃၁၅ - မဟာတာအိုသူတော်စင်မီး
ကစဉ့်ကလျားဝင်္ကပါ၏ ကာကွယ်မှုနှင့်အတူ ဆူဇီမိုသည် အထွတ်အမြတ်ခိုလှုံရာလေးခုမှ ပညာရှင်များ အတင်းအကျပ်ဝင်ရောက်ကာ တိုက်ခိုက်လာမည်ကို စိုးရိမ်မနေတော့ပေ။ သူသည် စတင်၍ တံခါးပိတ်ကျင့်ကြံပြီး ကြာစေ့သုံးစေ့မှ ကစဉ့်ကလျားမဟာတာအို၏ နားလည်ဆင်ခြင်မှုကို စုပ်ယူနေ၏။
တံခါးပိတ်ကျင့်ကြံမှုသို့ မဝင်ရောက်ခင် ဆူဇီမိုသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ ကျင့်ကြံသူများအားလုံးကို ထုတ်ပေးခဲ့သည်။
ရှုလွေ၊ မုံ့ရှစ်နှင့် အခြားသူများသည် အတိတ်ကာလတုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသို့ ပြန်လည်ရောက်ရှိလာသောအခါ သူတို့က စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကြ၏။
အဓိပတိသာလွန်သူလင်းမင်၊ အဓိပတိသာလွန်သူချန်ချင်းနှင့် အခြားပညာရှင်များကလည်း တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်သွားကြ၏။ သူတို့ထဲမှ တချို့သည် သူတော်စင်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့ပင် ပြင်ထားကြလေသည်။
တစ်ခဏချင်းမှာပင် နှစ်တစ်ထောင်ကုန်ဆုံးသွားသည်။
အထွတ်အမြတ်ခိုလှုံရာလေးခုမှ ပညာရှင်များသည် နှစ်တစ်ထောင်ကြာအောင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ အပြင်ဘက်ကနေ စောင့်ကြပ်နေကြ၏။
နောက်ပိုင်းမှာတော့ သူတို့သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြ၏။
သူတို့သည် တစ်ချိန်လုံး အပြင်ဘက်မှာ စောင့်ကြပ်မနေနိုင်ပေ။
ချွေးထျန်နှင့် အခြားသူများ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် တစ်နေ့မှာပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး အနာဂတ်မှာ အခွင့်အရေးတစ်ခု သေချာပေါက် ရှိလာပေလိမ့်မည်။
နှစ်တစ်ထောင်မှာ ဆူဇီမိုသည် ကြာစေ့သုံးစေ့မှ ကစဉ့်ကလျားမဟာတာအို၏ နားလည်ဆင်ခြင်မှုများကို စုပ်ယူသန့်စင်ခဲ့ပြီဖြစ်၏။
ကစဉ့်ကလျားလောကထဲမှာ မဟာတာအို၏ အငွေ့အသက်များက အဆက်မပြတ်ဖြန့်ကြက်ပြီး တစ်ထောင့်တစ်နေရာမကျန်ပြည့်နှက်ကာ လောကနှင့်အတူ ပေါင်းစည်းရင်း သူ၏ ကျင့်ကြံမှုက ခပ်မှန်မှန်မြင့်တက်လာ၏။
နောက်ဆုံးမှာတော့ ဤနေ့မှာ သူသည် နောက်တစ်ဆင့်ကို တက်လှမ်းပြီး ပကတိတာအိုသုံးသပ်မှုနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ကာ အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးဖြစ်လာသည်။
သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကလည်း မြင့်တက်ပြီး တာအိုကြီးစိုးမှုနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုသို့ ရောက်ရှိကာ မဟာသာလွန်သူတစ်ဦးနှင့် ယှဉ်နိုင်လာလေသည်။
တမလွန်သွေးပင်လယ်အပျက်အစီးနယ်မြေမှာ…။
နှစ်တစ်ထောင်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက ပကတိတာအိုကြီးစိုးမှုနယ်ပယ်ထိ မြင့်တက်လာခဲ့ပြီဖြစ်၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာမှာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မျိုးဆက်မှတ်ဉာဏ်များရှိပြီး သူ၏ ကျင့်ကြံမှုက အလွန်တရာမြန်ဆန်လေသည်။
သိုင်းတာအိုကတော့ ၎င်းသည် သိုင်းတာအိုပင်မခန္ဓာဖန်တီးထားသော ဓမ္မတာအိုဖြစ်လေသည်။ ကျင့်ကြံမှုမှာ ပင်မခန္ဓာ၏ အလျင်အဟုန်သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက်ပင် ပိုမိုမြန်ဆန်လေသည်။
သူသည် ရှေ့သို့နောက်ထပ်တက်လှမ်းမည်ဆိုလျှင် သူသည် သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် တာအိုနှင့်အတူ ပေါင်းစည်းရပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ ထင်မှတ်ထားသည့်အတိုင်း.. သူ့ကျင့်ကြံမှုနယ်ပယ် အဆက်မပြတ်မြင့်တက်လာသည်နှင့် သုံးဘုံလောကကနေ ဆင့်ကဲပြောင်းလဲလာသည့် သိုင်းစကြဝဠာနှင့် သူ့ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်လာသည့် အမြုတေသိုင်းလောကကြား တွန်းကန်မှုက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူ့ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်သည် အမြုတေသိုင်းလောကထဲမှာရှိလေသည်။
သူသည် တာအိုကို ပေါင်းစည်းလိုသည်ဆိုလျှင် သူသည် လောကနှစ်ခုကို ပေါင်းစည်းရပေလိမ့်မည်။
သို့သော်ယခု လောကနှစ်ခုသည် မီးနှင့်ရေကဲ့သို့ဖြစ်နေ၏။ သူက တာအိုကိုအတင်းအကျပ်ပေါင်းစည်းမည်ဆိုလျှင် သူက သေရဖို့သာ ရှိလေသည်။
သူသည် တာအိုသုံးသပ်မှုနယ်ပယ်မှာရှိခဲ့စဉ်က သူတို့ကို ယာယီအားဖြင့် ပေါင်းစည်းထားနိုင်ခဲ့ဆဲဖြစ်၏။
ပကတိတာအိုကြီးစိုးမှုနယ်ပယ်ထိ ရောက်ရှိလာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ၎င်းကို ပေါင်းစည်းဖို့ တစ်ကြိမ်ကြိုးစားကြည့်ခဲ့ဖူးသည်။ သို့သော်လည်း လောကနှစ်ခု ထိတွေ့ရိုက်ခတ်သည့်ခဏမှာပင် သူက ဒဏ်ရာအပြင်းအထန်ရရှိပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့၏။
သူသည် လအနည်းငယ်အားဖြည့်ပြီးမှ ပြန်လည်ကုသနိုင်ခဲ့လေသည်။
အနက်ရောင်ဝတ်အမျိုးသားသည် ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့နေရသော်လည်း သူက မည်သည့်အရာကိုမှ မတွေ့မြင်သည့်အလား တစ်ချိန်လုံးနှုတ်ဆိတ်နေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုက မူကွဲတစ်ခုဖြစ်သည်။
သူ့အနေဖြင့် တာအိုကိုပေါင်းစည်းခြင်းကနေတစ်ဆင့် သူတော်စင်တစ်ပါးဖြစ်လာဖို့ မဖြစ်နိုင်ပေ။
မဟာတာအိုက ကျယ်ပြောပြီး သူ၏ အနာဂတ်က သေချာရေရာမှုမရှိပေ။
သူသည် သူ့ကိုယ်ပိုင်လမ်းကြောင်းကို သူ့ဘာသာဖောက်လုပ်ရပေမည်။
သိုင်းတာအိုပင်မခန္ဓာသည် နှစ်ပေါင်းများစွာ ကြံဖန်စဉ်းစားခဲ့ပြီး အစစ်အမှန်ခန္ဓာနှစ်ခုက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုခဲ့ကြ၏။
ကုသိုလ်ကြာစေ့၏ မျိုးဆက်မှတ်ဉာဏ်များထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် အခွင့်အလမ်းတစ်ခုကို အာရုံခံမိခဲ့လေသည်။ ဤသည်မှာ လမ်းဆုံး၏ရှေ့တွင် အလင်းရောင်ကို ပထမဆုံးတွေ့မြင်ရခြင်းဖြစ်သည်။
ဆူဇီမိုသည် ကုသိုလ်ရွှေကြာပန်းနှင့် ပေါင်းစည်းသောအခါ သူသည် ၎င်းပေါ်မှာ လောင်ကျွမ်းနေသည့် မီးတောက်တချို့၏ အငွေ့အသက်ကို အာရုံခံမိခဲ့၏။
ကစဉ့်ကလျားဝင်္ကပါ၏ ရွှေရောင်ကြာတောင်ထွတ်ကတော့ ၎င်းမှာ သူကျင့်ကြံခဲ့ မြင်တွေ့ခဲ့ဖူးသော မီးတောက်များနှင့် ကွဲပြားခြားနားသည့် အလွန်တရာရှေးကျသော မီးတစ်ခု၏အော်ရာပါဝင်နေ၏။
သိုင်းတာအိုပင်မခန္ဓာ ကျင့်ကြံထားသည့် မီးတောက်ဆယ့်နှစ်ခုကပင် ၎င်းကို မယှဉ်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ထိုမီးတောက်ကို နားလည်ဆင်ခြင်ဖို့ ကြိုးစားကြည့်ခဲ့၏။
နောက်ထပ် နှစ်တစ်ထောင်ကုန်ဆုံးသွားခဲ့သည်။
သိုင်းတာအို့ပင်မခန္ဓာသည် လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များအပေါ် မည်သည့်တိုးတက်မှုမှ ရှိမလာခဲ့ပေ။
မီးတောက်များ၏ အနက်ပိုင်းထဲမှာ ပါဝင်သော စွမ်းအားသည် သူလက်ရှိကျင့်ကြံမှုနယ်ပယ်ထက် များစွာသာလွန်နေပုံရ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တီထွင်ကြံဆပုံကို စတင်၍ ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များ၏ အော်ရာကို အသုံးချကာ သူထိန်းချုပ်ထားသော မီးတောက်ဆယ့်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ ပြင်ဆင်လိုက်လေသည်။
နောက်ဆုံးမှာတော့ နှစ်သုံးထောင်အကြာမှာ သူသည် လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များ၏ စွမ်းအားတစ်စွန်းတစ်စကို အသုံးချပြီး မီးတောက်ဆယ့်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ တစ်မျိုးတည်းသော မီးတောက်အဖြစ် သူတို့ကို စုဖွဲ့နိုင်ခဲ့လေသည်။
ထိုအခိုက်အတန့်မှာ သိုင်းစကြဝဠာထဲတွင် မီးတောက်တစ်မျိုးတည်းသာလျှင် ရှိတော့လေသည်။
သူ၏ ကျင့်ကြံမှုနယ်ပယ်သည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်ရှိနေဆဲပင်။
သို့သော်လည်း ဤမီးတောက်လုံး၏ တည်ရှိမှုသည် တာအိုကြီးစိုးမှုနယ်ပယ်ကို ကျော်လွန်ပြီး သူတော်စင်နယ်ပယ်၏ စွမ်းအားကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်၏။
သိုင်းတာအို့ပင်မခန္ဓာသည် ၎င်းကို မဟာတာအိုသူတော်စင်မီးဟု ခေါ်ဆိုလေသည်။
သူတော်စင်များစွာ၏ အလောင်းများကို ဤအပျက်အစီးနယ်မြေထဲမှာ မြှုပ်နှံထားသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူတော်စင်တစ်ပါး၏ အရိုးစုဘေးသို့ ရောက်ရှိလာပြီး အာရုံစူးစိုက်ကာ စောင့်ကြည့်လိုက်၏။
သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် မဟာတာအိုနှင့်အတူ ပေါင်းစည်းခြင်း။
သူတော်စင်က သေဆုံးပြီးလျှင်တောင် သူ့အရိုးစုပေါ်ရှိ သူ၏ မဟာတာအိုအမှတ်အသား၏ အကြွင်းအကျန်တချို့ ရှိနေဆဲဖြစ်၏။
ဤသူတော်စင်သည် ရေမဟာတာအို၏ အခွဲတစ်ခုဖြစ်သော မိုးမဟာတာအိုကို ကျင့်ကြံထားခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် မဟာတာအိုသူတော်စင်မီးကို အသုံးချပြီး သူတော်စင်အရိုးစုပေါ်ရှိ မဟာတာအိုအမှတ်အသားကို လောင်ကျွမ်းသန့်စင်ဖို့ ကြိုးစားကြည့်လိုက်၏။
အချိန်ကြာလာသည်နှင့်အမျှ မိုးမဟာတာအိုသည် မဟာတာအိုသူတော်စင်မီးကြောင့် တဖြည်းဖြည်းသန့်စင်ခံလိုက်ရ၏။
အမြုတေသိုင်းလောက၏ မွေးဖွားပေါ်ထွက်မှုသည် အစကတည်းက မူကွဲတစ်ခုဖြစ်ခဲ့လေသည်။ ၎င်းသည် ပြန်ဝင်စားခြင်းစက်ဝန်းထဲမှာ မပါဝင်ဘဲ သုံးဘုံးလောကအတွင်းမှာလည်း ရှိမနေဘဲ အထဲမှာ မည်သည့်မဟာတာအိုမှ မရှိပေ။ ၎င်းသည် အစက ဗလာကျင်း၍ တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော်လည်း မဟာတာအိုသူတော်စင်မီးသည် မိုးမဟာတာအိုကို သန့်စင်ပြီးနောက် အမြုတေသိုင်းလောကထဲတွင် အသစ်စက်စက်မဟာတာအိုတစ်ခု ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှစဉ်းစားတွေးတောပြီးနောက် နောက်ထပ်သူတော်စင်၏ အရိုးစုကို ဆက်လက်၍ ရှာဖွေလိုက်၏။
ဤသူတော်စင်၏ အရိုးစုသည် ဒြပ်စင်ငါးမျိုးမဟာတာအို၏ အကြွင်းအကျန်ကို ပိုင်ဆိုင်ထားလေသည်။
မဟာတာအိုသူတော်စင်မီး၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် ဒြပ်စင်ငါးမျိုးမဟာတာအိုအကြွင်းအကျန်ကို သန့်စင်မွမ်းမံလိုက်၏။
မိုးမဟာတာအိုနှင့်ယှဉ်လျှင် ဒြပ်စင်ငါးမျိုးမဟာတာအိုကို သန့်စင်မွမ်းမံရသည့်အချိန်က များစွာပိုမိုကြာလေသည်။
သူသည် ဒြပ်စင်ငါးမျိုးမဟာတာအိုကို သန့်စင်ပြီးနောက် အမြုတေသိုင်းလောကထဲတွင် အသစ်စက်စက် ဒြပ်စင်ငါးမျိုးမဟာတာအို ပေါ်ထွက်လာ၏။
“ဒီလောက်များပြားတဲ့ မဟာတာအိုတွေကို သန့်စင်နေမယ်ဆိုရင် မင်းက မဟာတာအိုနဲ့အတူပေါင်းစည်းပြီး သူတော်စင်တစ်ပါးဖြစ်လာဖို့မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်တာနဲ့အတူတူပဲ”
သိုင်းတာအိုပင်မခန္ဓာ၏ အပြုအမူကို အာရုံခံရင်း အနက်ရောင်ဝတ်အမျိုးသားက ရုတ်တရက်စကားပြောလိုက်၏။
လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်ကို မဟာတာအိုနှင့်ရောနှောခြင်းသည် ကောင်းကင်ဘုံကိုတက်လှမ်းရသလောက် ခက်ခဲပြီး အလွန်တရာအန္တရာယ်များလေသည်။
သန့်စင်လိုက်သောမဟာတာအိုက ပိုမိုများပြားလေ သူတို့ကို ပေါင်းစည်းဖို့က ပို၍ မဖြစ်နိုင်တော့လေပင်။
ဥပမာအားဖြင့် ရေမဟာတာအိုနှင့် မီးမဟာတာအိုကို ကြည့်နိုင်လေသည်။ ထိုမဟာတာအိုနှစ်ခုသည် အတိုက်အခံဖြစ်ပြီး သူတို့ကြားမှာ ပင်ကိုယ်သဘာဝအရ ငြင်းဆန်မှုရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာရှင်းပြနေခြင်း မရှိပေ။
သူ့အတွက်တော့ သူတော်စင်တစ်ပါးဖြစ်လာဖို့ မဟာတာအိုနှင့် ပေါင်းစည်းခြင်းသည် အစကတည်းက မဖြစ်နိုင်တော့ပေ။
ယခုအချိန်ထိကို သူ၏ အနာဂတ်ကို ပုံဖော်နိုင်ခြင်း မရှိသေးပေ။ ယခုအချိန်မှာ သူ၏ နှလုံးသားထဲတွင် အကြမ်းဖျင်းဦးတည်ချက်တစ်ခုသာရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူတော်စင်အရိုးစုများထဲမှ သန့်စင်စရာမဟာတာအိုများကို ဆက်လက်၍ ရှာဖွေနေ၏။
ကစဉ့်ကလျားအထွတ်အမြတ်လိုလှုံရာမှာ။
ဆူဇီမိုသည် ပကတိသုံးသပ်မှုနယ်ပယ်ထိ ကျင့်ကြံပြီးနောက် အထွတ်အမြတ်ခိုလှုံရာလေးခုမှ လူတိုင်းက ဆုတ်ခွာသွားခဲ့ပြီကို သူက အာရုံခံမိလိုက်၏။ သူသည် ထွက်ခွာဖို့ အလောတကြီးရှိမနေဘဲ ဆက်လက်၍ ကျင့်ကြံနေ၏။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားသည်။
လူတိုင်းသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသို့ ဝင်ရောက်လာခဲ့ကြသည်မှာ နှစ်တစ်သောင်းကြာသွားခဲ့ပြီဖြစ်သည်။
ဆူဇီမိုသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်၏။ သို့သော်လည်း သူသည် တာအိုကြီးစိုးမှုနယ်ပယ်သို့ ဆက်လက်၍ တက်လှမ်းနိုင်ခြင်းမရှိပေ။
မည်သို့ပင်ဆိုစေ ၎င်းသည် ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခုဖြစ်သည်။
သူသည် ကမ္ဘာပျက်အနက်ရောင်ကြာပန်း သို့မဟုတ် အခွင့်အလမ်းတချို့ကို မရရှိသရွေ့ သူ့အနေဖြင့် တံခါးပိတ်ကျင့်ကြံနေရုံမျှနှင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့ မလွယ်ကူတော့ပေ။
ဤအချိန်အတောအတွင်း ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ အဓိပတိသာလွန်သူပညာရှင်တစ်ဦးသည် သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် တာအိုနှင့်ပေါင်းစည်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့လေသည်။
အဓိပတိသာလွန်သူပညာရှင်၏ ခန္ဓာကိုယ်က တစ်စတစ်စပျက်ပြယ်ပြီး မဟာတာအိုအဖြစ် ပျော်ဝင်ပေါင်းစည်းသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ သေဆုံးသွားသည်ကို ဆူဇီမိုက စောင့်ကြည့်နေခဲ့၏။
သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုနှင့်ပေါင်းစည်းခြင်းက ဘယ်လောက်အန္တရာယ်များသလဲ သူသိရှိထားပြီးသားဖြစ်၏။
သို့သော်လည်း ၎င်းကို ကိုယ်တိုင်မြင်တွေ့ရခြင်းက များစွာပိုမိုတုန်လှုပ်စရာကောင်းလေသည်။
အဓိပတိသာလွန်သူပညာရှင်တစ်ဦးက ဤကဲ့သို့သောပုံစံဖြင့် သေဆုံးသွားရသည်။
သူသည် ထိုအဆင့်ကို တက်လှမ်းသည်နှင့် တခြားရွေးချယ်စရာမရှိတော့ပေ။
တာအိုနှင့်အတူ ပေါင်းစည်းခြင်းက ကျရှုံးသွားသည်နှင့် သေရဖို့သာရှိလေသည်။
သမိုင်းတစ်လျှောက်မှာ သူတော်စင်များဖြစ်လာဖို့ တာအိုနှင့်အတူ ပေါင်းစည်းခဲ့သည့်လူ ဘယ်လောက်များများရှိခဲ့သလဲ။ သို့သော်လည်း သူတို့ထဲ ဘယ်လောက်များများက ထာဝရအသက်၏ ဂိတ်တံခါးဝမှာ သေဆုံးခဲ့ရသလဲ။
သူတော်စင်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရာမှာ ဤအဓိပတိသာလွန်သူ၏ ကျရှုံးမှုသည် အခြားသော တာအိုသာလွန်သူပညာရှင်များကို ပို၍ပင် စိုးရိမ်ပူပန်လာစေ၏။
ပြီးခဲ့သည့် နှစ်တစ်သောင်းအတွင်း အခြားမည်သူကမှ တာအိုနှင့်ပေါင်းစည်းဖို့ ဆက်လက်၍ မကြိုးစားကြတော့ပေ။
အခန်း ၃၃၁၆ - လူသားမျိုးနွယ်မှာ သူတော်စင်များမရှိ
လွန်ခဲ့သည့်နှစ်တစ်သောင်းက ဆူဇီမိုသည် လူတိုင်းကို ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသို့ ဦးဆောင်ခေါ်လာပြီး ဝင်္ကပါကိုအသုံးချကာ အထွတ်အမြတ်ခိုလှုံရာလေးခုမှ ပညာရှင်များ၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုကို ခုခံခဲ့စဉ်က ထိုသတင်းသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့လေသည်။
ဤနှစ်များမှာ အပင်မျိုးနွယ်မှ ကျင့်ကြံသူတချို့နှင့် သက်ရှိတချို့သည် အရှေ့တောင်ဒေသသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာကြ၏။
အရှေ့တောင်ဒေသမှာ အပင်မျိုးနွယ်၏ ရှင်သန်ရာပတ်ဝန်းကျင်ကလည်း ယခင်ကထက် ပိုမိုကောင်းမွန်လာ၏။
ပြည်နယ်တစ်ရာ့ရှစ်ခုသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ ခွန်အားကို စိုးရိမ်ပူပန်နေ့ပြီး အပင်မျိုးနွယ်သက်ရှိများအပေါ် သူတို့၏ အနိုင်ကျင့်မှုကို ပြန်လည်ချုပ်တည်းလာကြလေသည်။
တကယ်ဆို အရှေ့တောင်ဒေသသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ ဦးဆောင်မှုအောက်မှာ ဖယ်ရှားရှင်းလင်းခြင်းနှင့် လက်စားချေမှုတို့နှင့်အတူ ပေါက်ကွဲထွက်လာတော့မည်ကို အမြော်အမြင်ရှိသော မျိုးနွယ်စုတချို့နှင့် အဖွဲ့အစည်းတချို့က အာရုံခံမိနေကြပြီဖြစ်၏။
ထိုအဖွဲ့အစည်းများသည် အရှေ့တောင်ဒေသကနေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စတင်၍ ဆုတ်ခွာနေကြ၏။
တကယ်တမ်းမှာလည်း ထိုသို့ပင်ဖြစ်သည်။
ဤနှစ်များမှာ အထွတ်အမြတ်ခိုလှုံရာလေးခုမှ ပညာရှင်များ ဆုတ်ခွာသွားသောကြောင့် အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများသည် ပြင်ပမျိုးနွယ်များသိမ်းပိုက်ထားသည့် ပြည်နယ်တစ်ရာ့ရှစ်ခုစလုံးကို ပြန်လည်သိမ်းယူဖို့ စတင်၍ ဆွေးနွေးပြောဆိုနေကြပြီဖြစ်၏။
ဤနေ့မှာ အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများသည် ကစဉ့်ကလျားခန်းမထဲမှာ စုဝေးပြီး သူတို့စဉ်းစားထားသည့် အကြံအစည်များကို ဆူဇီမိုထံ အကြမ်းဖျင်းရှင်းပြပေးနေ၏။
သူတို့စကားကိုနားထောင်ပြီးနောက် ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“ဒီကိစ္စအတွက် ကျုပ်ကို မလိုဘူးမလား”
အဓိပတိသာလွန်သူလင်းမင်က ပြုံး၍ ပြောလိုက်၏။
“သခင်… ခင်ဗျားရဲ့ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင် မမြင့်မားသေးဘူး… ခင်ဗျားအနေနဲ့ အန္တရာယ်ကို စွန့်စားစရာမလိုပါဘူး… ခင်ဗျားက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကနေ ဦးဆောင်ပေးနေရင်ရပြီ”
သူတို့သည် အရှေ့တောင်ဒေသမှ ပြင်ပမျိုးနွယ်များကို မောင်းထုတ်ချင်သည်ဆိုလျှင် သူတို့သည် ပြည်နယ်တစ်ရာ့ရှစ်ခု၏ ထိပ်တန်းအဖွဲ့အစည်းများနှင့် ဆန့်ကျင်တိုက်ခိုက်ရလိမ့်မည်ဖြစ်ပြီး တာအိုသာလွန်သူများကြား တိုက်ပွဲတစ်ခု ပေါ်ထွက်လာပေလိမ့်မည်။
ဆူဇီမိုကတော့ သူသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာသာ ရှိလေသည်။ ထို့ကြောင့် လက်ရှိ တာအိုသာလွန်သူများအတွက် သူသည် အခြေအနေကို ပြောင်းလဲပေးနိုင်မည်မဟုတ်ပေ။
ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။
“ဒါဆိုရင် ဒီမှာရှိတဲ့ကိစ္စတွေ ခင်ဗျားတို့နဲ့ပဲ ကျုပ်လွှဲပေးထားလိုက်မယ်… ကျုပ်လောလောဆယ် အပြင်ထွက်ပြီး မိတ်ဆွေဟောင်းတစ်ယောက်ကို သွားရှာစရာရှိတယ်”
“သခင်… ခင်ဗျားဘယ်လိုသွားမလို့လဲ”
အဓိပတိသာလွန်သူလင်းမင်က မေးလိုက်၏။
“အနောက်တောင်ဒေသရဲ့ ရွှမ်ဖျင်တောင်…”
ဆူဇီမိုက ထိုအချက်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်မေးလိုက်၏။
“ခင်ဗျားတို့တွေ အဲဒီနေရာကို ကြားဖူးကြလား”
“အနောက်တောင်ဒေသလား…”
အဓိပတိသာလွန်သူချန်ချင်းက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒီနေရာက အနောက်တောင်ဒေသနဲ့ အရမ်းကိုဝေးကွာတယ်… ကြားထဲမှာ တောင်ပိုင်းဒေသခြားနေတယ်… လမ်းမှာ အန္တရာယ်တစ်ခုခုနဲ့ မကြုံတွေ့ရအောင် သတိထားမှရမယ်”
“ရပါတယ်… အခုကျုပ်မှာ ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်တဲ့ စွမ်းရည်တချို့ရှိနေပြီ”
ဆူဇီမိုက ပြောလိုက်၏။
“ဒီကစဉ့်ကလျားဝင်္ကပါမှာ အားနည်းချက်တစ်ခု ရှိနေတုန်းကပဲ… လောလောဆယ်မှာ ဝင်္ကပါမျက်လုံးနေရာကို အစားထိုးဖို့ အနက်ရောင်ကြာတောင်ထွတ်ပေါ်မှာ မိုးမြေဖန်တီးခြင်းကားချပ်ကို ကျုပ်ထားခဲ့မယ်”
“အထွတ်အမြတ်ခိုလှုံရာလေးခု တစ်ကျော့ပြန်လာမယ်ဆိုရင် ကျုပ်မရှိဘဲနဲ့တောင် သူတို့အနေနဲ့ ကစဉ့်ကလျားဝင်္ကပါကို ချိုးဖျက်ဖို့ လွယ်မှာမဟုတ်ဘူး”
အဓိပတိသာလွန်သူဟွိုက်အန်က ထိုစကားကိုကြားသောအခါ သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူက ပြောတော့မည့်ဆဲဆဲမှာပင် အဓိပတိသာလွန်သူလင်းမင်က ရုတ်တရက်ဝင်ပြောလိုက်၏။
“သခင်… ခင်ဗျားပြောနေတဲ့ ရွှမ်ဖျင်တောင်က လူသားမျိုးနွယ်တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပုံပဲ”
“ရွှမ်ဖျင်တောင်တင်ဘယ်ဟုတ်မလဲ… အနောက်တောင်ဒေသတစ်ခုလုံးကို လူသားတွေသိမ်းပိုက်ထားတယ်”
စကားပြောလိုက်သောသူက မကြာသေးခင်နှစ်များမှာ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသို့ ဝင်ရောက်လာခဲ့သော တာအိုသာလွန်သူပညာရှင်တစ်ဦး မိန်လျန့် ဖြစ်လေသည်။
“အို…ဟုတ်လား”
ထိုစကားကိုကြားသောအခါ အဓိပတိသာလွန်သူလင်းမင်၊ အဓိပတိသာလွန်သူချန်ချင်းနှင့် အခြားသူများက အံ့အားသင့်သောအကြည့်များကို ထုတ်ဖော်လိုက်ကြ၏။
အဓိပတိသာလွန်သူချန်ချင်းက ပြောလိုက်၏။
“ငါသိရသလောက်ဆိုရင် လူသားမျိုးနွယ်က နောက်ပိုင်းမှာ မွေးဖွားလာတဲ့ မျိုးနွယ်စုတစ်ခုပဲ… သူတို့က အရေအတွက်သိပ်မရှိဘူး… လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဘီလီယံကျော်တုန်းက လူသားမျိုးနွယ်မှာ ပညာရှင်တွေနဲ့ သူတော်စင်တွေ ပေါ်ထွက်လာခဲ့ပေမယ့် သူတို့အများစုက အဲဒီဝရုန်းသုန်းကားအခြေအနေမှာ သေဆုံးခဲ့ရတယ်”
တာအိုသာလွန်သူမိန်လျန့်က ခေါင်းခါပြလိုက်၏။
“အဲဒါတော့ ကျု့ပ်မသိဘူး… အခုချိန်မှာ လူသားအဖွဲ့အစည်းတွေက အနောက်တောင်ဒေသမှာ စိုးမိုးထားတယ်… လူသားမျိုးနွယ်က တာအိုသာလွန်သူပညာရှင်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကောင်းကင်လိုဏ်ဂူ ၃၆ခုနဲ့ မွန်မြတ်ကုန်းမြေ ၇၂ခုရှိတယ်လို့ဆိုတယ်”
“ဒါပေမဲ့ လူသားမျိုးနွယ်က အခုချိန် မဟာကမ္ဘာတစ်ထောင်လောကရဲ့ နေရာတိုင်းမှာ ရှိနေကြပေမယ့် သူတို့ရဲ့ အဆင့်အတန့်နဲ့ခွန်အားက အရင်တုန်းကထက် အများကြီးပိုပြီးအားနည်းသွားတဲ့ပုံပဲ… ကျုပ်တို့အပင်မျိုးနွယ်နဲ့ သိပ်မကွာတော့ဘူး”
ဆူဇီမိုက အလေးအနက်စဉ်းစားတွေးတောသွား၏။
အဓိပတိသာလွန်သူချန်ချင်းနှင့် အဓိပတိသာလွန်သူမိန်လျန့်ပြောပုံအရ လွန်ခဲသည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က လူသားမျိုးနွယ်ကို ကြီးမားသည့်မျိုးနွယ်တစ်ခုဟု မဆိုနိုင်ခဲ့ပေ။
ထိုဝရုန်းသုန်းကားအခြေအနေအပြီးမှာ လူသားမျိုးနွယ်က တဟုန်ထိုး ပွားများလာခဲ့သည်။ သို့သော်လည်း သူတို့၏ အဆင့်အတန်းက ယခင်ကလောက် မကောင်းတော့ပေ။
အဓိပတိသာလွန်သူမိန်လျန့်က ပြောလိုက်၏။
“အဲဒါ… ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်မှာ သူတော်စင်တွေ မရှိတာကြောင့်ဖြစ်နိုင်တယ်”
“လူသားမျိုးနွယ်မှာ သူတော်စင်တစ်ယောက်မှမရှိဘူးလား”
ဆူဇီမိုက မေးလိုက်၏။
တာအိုသာလွန်သူမိန်လျန့်က ခေါင်းညိတ်ပြလိုက်၏။
“ဒီနှစ်တွေထဲမှာ လူသားမျိုးနွယ်က ဘယ်သူတော်စင်ကိုမှ မွေးထုတ်မပေးနိုင်ခဲ့ဘူး”
နှစ်ပေါင်းခြောက်ဘီလီယံကျော်အတွင်း လူသားမျိုးနွယ်မှာ သူတော်စင်များလုံးဝရှိမလာခဲ့ဘူးလား။
ဤအချက်က အတော်လေးထူးခြားနေသည်။
သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုနှင့်ပေါင်းစည်းခြင်းက ဘယ်လောက်ပင်ခက်ခဲသည်ဖြစ်စေ နှစ်ပေါင်းခြောက်ဘီလီယံကျော် ရှည်လျားသောအချိန်မြစ်ထဲမှာ လူသားမျိုးနွယ်သည် သူတော်စင်တစ်ဦးကိုပင် မွေးထုတ်ပေးနိုင်ခဲ့ခြင်းမရှိသည်ကို ဆူဇီမိုက မယုံကြည်ပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတုန်းက သူ့မှာ ဆင်တူသော သံသယများရှိခဲ့၏။
လူသားမျိုးနွယ်သည် အားနည်းသည့်ပုံပေါ်သော်လည်း နောက်ဆုံးမှာ မဟာဧကရာဇ်များဖြစ်လာသည့် သက်ရှိများ၏ ထက်ဝက်ကျော်က လူသားများဖြစ်ခဲ့ကြ၏။
ဒါ့အပြင် လူသားမျိုးနွယ်သည် မျိုးနွယ်စုများစွာနှင့် ခွဲခြားမရအောင် ဆက်စပ်နေ၏။
ဥပမာအားဖြင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်နှင့် အခြားသောမျိုးနွယ်စုများစွာသည် စွမ်းအားကြီးမားသော မျိုးဆက်သွေးများနှင့်အတူ မွေးဖွားလာပြီး အမျိုးမျိုးသော မွေးရာပါအရည်အချင်းနှင့် စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း သူတို့အားလုံးသည် လူသားများ၏ ပုံသဏ္ဍာန်မှာ ရှိခဲ့ကြ၏။
တစ်ဘက်မှာတော့ သူသည် တျဲယွဲ့ကိုရှာဖွေရန် အနောက်တောင်ဒေသသို့ သွားရောက်မည်ဖြစ်၏။ တစ်ဘက်မှာတော့ သူသည် ထိုနေရာမှာ အဖြေတချို့ကို ရှာဖွေကောင်းရှာဖွေနိုင်ပေမည်။
ဆူဇီမိုသည် ညွှန်ကြားစရာရှိသည်တချို့ ညွှန်ကြားပြီးနောက် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကနေ ထွက်ခွာကာ အနောက်တောင်ဒေသသို့ ဦးတည်လိုက်လေသည်။
ပကတိတာအိုသုံးသပ်မှုနယ်ပယ်ကို ရောက်ရှိလာပြီးနောက် ဆူဇီမို၏ အလျင်အဟုန်က သိသိသာသာ မြင့်တက်လာ၏။
တစ်လမကြာခင် သူသည် အရှေ့တောင်ဒေသနှင့် တောင်ပိုင်းဒေသ၏ နယ်စပ်ကို နောက်တစ်ဖန်ရောက်ရှိလာပြီဖြစ်၏။
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။
မလှမ်းမကမ်းမှာ သူသည် လူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။
အဓိပတိသာလွန်သူလင်းမင်…။
ဆူဇီမိုသည် သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး သူ့မျက်လုံးအနက်ပိုင်းထဲတွင် ဖော်မပြတတ်သည့် တွေဝေရှုပ်ထွေးသော စိတ်ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် သူက ပြုံး၍ မေးလိုက်၏။
“အဓိပတိသာလွန်သူလင်းမင်… ခင်ဗျားကျုပ်ကို လိုက်ပို့ပေးမလို့ ဒီကိုရောက်လာတာလား”
အဓိပတိသာလွန်သူလင်းမင်က နှုတ်ဆိတ်နေ၏။
ဆူဇီမိုက နောက်တစ်ဖန်ရယ်မောကာ ပြောလိုက်၏။
“ဒါဆိုရင်တော့ ခင်ဗျားကျုပ်ကို သတ်ဖို့ ဒီကိုရောက်လာတာဖြစ်ရမယ်”
ထိုစကားကိုကြားသောအခါ အဓိပတိသာလွန်သူလင်းမင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွာပြီး သူက မှင်သေသေဖြင့် မေးလိုက်၏။
“မင်းကိုကြည့်ရတာ အံ့အားမသင့်တဲ့ပုံပဲ”
“ဘယ်အံ့အားသင့်ပါ့မလဲ”
ဆူဇီမိုက ပြောလိုက်၏။
“အို…”
အဓိပတိသာလွန်သူလင်းမင်က စဉ်းစားရခက်သွားပြီး မေးလိုက်၏။
“ငါ ဘယ်တုန်းကများ ဟာကွက်ကို ထုတ်ဖော်မိခဲ့တာလဲ”
“ဘယ်တုန်းကမှ မထုတ်ဖော်မိခဲ့ဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“အစကနေ အခုချိန်ထိ မင်းက ဘယ်ဟာကိုမှ မထုတ်ဖော်ခဲ့ဘူး… ငါ့ပေါ်မှာ အရမ်းကို ရိုသေလေးစားမှုရှိခဲ့တယ်”
“ဒါဆို ငါမင်းကို သတ်ဖို့ ဒီကိုရောက်လာတယ်ဆိုတာ မင်းဘယ်လိုခန့်မှန်းမိသွားတာလဲ”
အဓိပတိသာလွန်သူလင်းမင်က မေးလိုက်သည်။
ဆူဇီမိုက မှင်သေသေဖြင့် ပြုံးလိုက်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မင်းထက်ပိုပြီး ငါ့အပေါ်ကို ကောင်းပေးခဲ့တဲ့လူတစ်ယောက်ရှိတယ်… သူက ငါ့အသက်ကိုတောင်မှ ကယ်တင်ပေးခဲ့ဖူးတယ်… ဒါပေမယ့် နောက်ဆုံးသူ့ရဲ့ရည်မှန်းချက်က ငါ့ကို သန့်စင်ချေဖျက်ဖို့ပဲ”
အဓိပတိသာလွန်သူလင်းမင်က မေးလိုက်၏။
“အဲဒီအကြောင်းပြချက်နဲ့ပဲ မင်းက သတိထားနေခဲ့တာလား”
“တကယ်တော့ အဲဒါတင်ဘယ်ကမလဲ”
ဆူဇီမိုက ပြောလိုက်၏။
“ငါ ငယ်ငယ်တုန်းက သမိုင်းစာအုပ်တချို့ကို ဖတ်ဖူးတယ်… အဲဒီမှာ အခုငါကြုံတွေ့နေရတဲ့အခြေအနေနဲ့ ဆင်တူတဲ့ အခြေအနေတစ်ခုရှိခဲ့တယ်… ငယ်ရွယ်တဲ့ ဧကရာဇ်တစ်ပါးက ပလ္လင်ပေါ်ကို ပထမဆုံးတက်လှမ်းလာတုန်းက သူက အဖွဲ့အစည်းတွေကို မဖိနှိမ်နိုင်ခဲ့ဘူး… ဘာပဲပြောပြော သူ့ရဲ့လက်အောက်ငယ်သားတွေက အရမ်းကိုသန်မာလွန်းတယ်… သူတို့မှာ အဲဒီငယ်ရွယ်တဲ့ဧကရာဇ်အပေါ် ခံစားချက်သိပ်မရှိတဲ့အတွက် သူတို့မှာ သစ္စာဖောက်မယ့်အတွေးတွေ ပေါ်ထွက်လာဖို့ အရမ်းကိုလွယ်တယ်”
“အဲဒါကြောင့် မင်းတို့ထဲကတစ်ယောက်ယောက်က ငါ့ကိုတိုက်ခိုက်ပြီး ငါ့နေရာကို အစားထိုးချင်နေလိမ့်မယ်လို့ ငါယူဆခဲ့တယ်”
အဓိပတိသာလွန်သူလင်းမင်က ခေါင်းညိတ်လိုက်၏။
“တကယ်တော့ အရင်တုန်းက သူတော်စင်အရှင်ကလည်း ဒီအခြေအနေကို ကြိုတွက်ထားခဲ့တာပဲ… အဲဒါကြောင့်ပဲ သူက မင်းအတွက် မိုးမြေဖန်တီးခြင်းကားချပ်နဲ့ ငါတို့ကို ဖိနှိမ်ခြိမ်းခြောက်ဖို့အတွက် ကစဉ့်ကလျားဝင်္ကပါကို ချန်ထားပေးခဲ့တာပဲ”
“ကံဆိုးစွာနဲ့ပဲ မင်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကနေ ထွက်ခွာလာပြီး ကစဉ့်ကလျားဝင်္ကပါရဲ့ ကာကွယ်မှုအောက်ကနေ လွတ်ထွက်လာခဲ့တယ်… နောက်ပြီး မင်းက မိုးမြေဖန်တီးခြင်းကားချပ်ကိုလည်း အထွတ်အမြတ်ခိုလှုံရာမှာ ချန်ထားခဲ့တယ်”
ခဏမျှရပ်တန်ပြီးနောက် အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“ငါနားမလည်နိုင်ဘူး… တစ်ယောက်ယောက်က မင်းကိုတိုက်ခိုက်လာမယ်ဆိုတာကို ခန့်မှန်းမိတယ်ဆိုပြီးတော့ ဘာလို့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကနေ ထွက်လာတာလဲ”
ဆူဇီမိုကပြုံး၍ ပြောလိုက်၏။
“တကယ်တော့… ငါအဲဒါကို တမင်သက်သက်လုပ်ခဲ့တာပဲ”
“တမင်သက်သက်လား”
အဓိပတိသာလွန်သူလင်းမင်က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
ဆူဇီမိုက ပြောလိုက်သည်။
“တစ်ယောက်ယောက်က ငါ့ကို တိုက်ခိုက်ချင်နေတယ်ဆိုတာ ငါခန့်မှန်းမိတယ်… ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲ ငါမသိဘူး… ငါက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ နေနေမယ်ဆိုရင် မင်းတို့တွေက အခွင့်အရေးတစ်ခုဘယ်တော့မှရမှာမဟုတ်ဘူး”
“ဒီလိုဆိုမှတော့ မင်းတို့တွေအတွက် အခွင့်အရေးတစ်ခု ငါက ဖန်တီးပေးရတာပေါ့။”