အခန်း (၃၃၁၇-၃၃၁၈)
Vol. 218 Ch. 3317-3318
အခန်း ၃၃၁၇ - မဆိုင်သလို ဘေးထွက်နေကြ
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သူ၏ အတွေ့အကြုံနှင့်ယှဉ်လျှင် မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာပြီးနောက် ဆူဇီမို၏ ခရီးစဉ်က အတော်လေး ချောမွေ့နေ၏။
သို့သော်လည်း ဆိုးယုတ်အမျိုးသမီးနှင့် သူတော်စင်ကူယောင်အပြင် အရင်တုန်းက သူတော်စင်အရှင် ကစဉ့်ကလျားနှင့် အခြားသူများ၏ အကူအညီနှင့်ပင်လျှင် ဆူဇီမိုသည် ပါးလွှာသော ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား ပေါ့ပေါ့ဆဆ မပြုမူရဲခဲ့ပေ။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ ပညာရှင်များ၏ ကျင့်ကြံမှုက သူ့ထက်များစွာသာလွန်နေ၏။
အရင်တုန်းက ကောင်းကင်ဘုံသာလွန်သူတချို့ပင်လျှင် သူ့အပေါ်မှာ မကျေမနပ်ရှိခဲ့ကြ၏။
ဤတာအိုသာလွန်သူများနှင့် အဓိပတိသာလွန်သူပညာရှင်များသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်နေထိုင်လာခဲ့ပြီး မရေမတွက်နိုင်သည့် သွေးလွှမ်းတိုက်ပွဲများကို တွေ့ကြုံဖြတ်ကျော်ထားခဲ့၏။ သူတို့အနေဖြင့် သူ၏မျိုးဆက်သွေးသက်သက်ကြောင့်နှင့် သူ့ထံမှာ စိတ်လိုလက်ရ အညံ့ခံလာသည်က အဓိပ္ပာယ်သိပ်မရှိပေ။
ဆူဇီမိုသည် မလှမ်းမကမ်းမှာရှိသော တောအုပ်ကို လှည့်ကြည့်ပြီး လှမ်းအော်ပြောလိုက်၏။
“မင်းတို့တွေ ငါ့နောက်ကို လိုက်လာတာ အရမ်းကို ကြာနေပြီမလား... အခု ထွက်လာလို့ ရပြီ”
သူသည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကနေ ထွက်လာခဲ့ကတည်းက သူ့နောက်သို့ လူတချို့လိုက်ပါလာသည်ကို အာရုံခံမိခဲ့၏။
ဒါ့အပြင် သူတို့က တစ်ယောက်မက ရှိနေ၏။
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ပုံရိပ်သုံးခုက ဖျတ်ခနဲ ခုန်ထွက်လာ၏။ သူတို့သည် အဓိပတိသာလွန်သူ ချန်ချင်း၊ အဓိပတိသာလွန်သူဟွိုက်အန်နှင့် အဓိပတိသာလွန်သူ ဟွာရောတို့ ဖြစ်လေသည်။
အဓိပတိသာလွန်သူ လင်းမင်အပါအဝင် သူတို့လေးယောက်စလုံးသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ သူတော်စင်မျိုးနွယ်သက်ရှိများ ဖြစ်ကြသည်။
သူတော်စင်မျိုးနွယ်များသာလျှင် ဤကဲ့သို့သော ရည်မှန်းချက်နှင့် သတ္တိများ ရှိနိုင်သည်။
“ခင်ဗျားတို့ သုံးယောက်ကရော ကျုပ်ကိုသတ်ဖို့ ဒီကိုရောက်လာတာလား”
ဆူဇီမိုက မေးလိုက်၏။
ချန်ချင်း၊ ဟွာရောနှင့် ဟွိုက်အန်တို့က အကြည့်ချင်းဖလှယ်ပြီး ခေါင်းခါပြလိုက်၏။
အဓိပတိသာလွန်သူ လင်းမင်၏ အမူအရာက ညိုမည်းသွားပြီး သူက မေးလိုက်၏။
“တာအိုရောင်းရင်းတို့... မင်းတို့က သူ့ကို ကာကွယ်ပေးချင်လို့လား”
အဓိပတိသာလွန်သူ ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူက သူတော်စင်အရှင်ရဲ့ အရိုက်အရာဆက်ခံသူပဲ... မင်းအနေနဲ့ သူ့ကို တိုက်ခိုက်ဖို့က မသင့်လျော်ဘူး”
ဆူဇီမို တွေးမိနိုင်သည့်အရာကို နှစ်ပေါင်းသန်းရာချီ ရှင်သန်နေထိုင်လာခဲ့သော ဤလူအိုကြီးများကလည်း ခန့်မှန်းနိုင်လေသည်။
ယခင်က ဆူဇီမိုသည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့စဉ်က အဓိပတိသာလွန်သူ ချန်ချင်းက သူ့ကို တစ်ခါ အရိပ်အမြွက်ပေးခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် မိုးမြေဖန်တီးခြင်းကားချပ်ကို ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာ ချန်ထားခဲ့လိုသောအခါ အဓိပတိသာလွန်သူ ဟွိုက်အန်ကလည်း သူ့ကို သတိပေးလိုခဲ့၏။ သို့သော်လည်း သူ မပြောရခင် အဓိပတိသာလွန်သူ လင်းမင်က သူ့စကားကို ဖြတ်ပြောခဲ့လေသည်။
ထို့ကြောင့် ကစဉ့်ကလျားနန်းတော်ကနေ ဆူဇီမို ထွက်ခွာသွားပြီးနောက် အဓိပတိသာလွန်သူ လင်းမင်ကလည်း ထွက်ခွာသွားသောအခါ သူတို့သုံးယောက်သည် ကိစ္စတချို့ကို ခန့်မှန်းမိပြီး လိုက်လာခဲ့ကြ၏။
အဓိပတိသာလွန်သူ လင်းမင်က လေးနက်စွာဖြင့် ပြောလိုက်၏။
“ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကို ပြန်ပြီးတော့ မြင့်မားတိုးတက်လာဖို့ မင်းတို့သုံးယောက်က သူ့အပေါ်မှာ မှီခိုမလို့လား… သူက တာအိုသုံးသပ်မှုနယ်ပယ်မှာပဲ ရှိတယ်... သူ့ရဲ့ကျင့်ကြံမှုက အရမ်းကို အားနည်းတယ်... ငါတို့ကတော့.. ငါတို့က သူတော်စင်နယ်ပယ်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
အဓိပတိသာလွန်သူ ချန်ချင်းက ပြောလိုက်၏။
“သခင့််ရဲ့ ကျင့်ကြံမှု အလျင်အဟုန်ကလည်း…. သိပ်တော့ မနှေးဘူး”
“ငါတို့က ဘယ်လောက်ကြာကြာ စောင့်နေရမှာလဲ”
အဓိပတိသာလွန်သူ လင်းမင်က ပြောလိုက်၏။
“မင်းတို့သုံးယောက်က သူ့လိုမျိုး ကောင်းကင်ဘုံသာလွန်သူတစ်ဦး ထိန်းချုပ်တာကို ခံချင်လို့လား... သူ့ရဲ့မျိုးဆက်သွေးကြောင့်နဲ့ပဲ သူက ငါတို့ ဖိနှိမ်ခွင့် ရှိလို့လား”
ရုတ်တရက် အဓိပတိသာလွန်သူ ဟွာရောက ပြောလိုက်၏။
“အစ်ကိုလင်းမင်... ရှင်က သူ့ကို ရှင့်ရဲ့ကိုယ်ကျိုးအတ္တအတွက် တိုက်ခိုက်ချင်တာ မဟုတ်ဘူးလား”
“ဟုတ်တယ်”
ဤကိစ္စကို အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားသောနှစ်ယောက်ထံမှာ သေချာပေါက် ဖုံးကွယ်ထားလို့ရမည် မဟုတ်ပေ။ အဓိပတိသာလွန်သူ လင်းမင်က ထိုအချက်ကို ဖုံးကွယ်မထားတော့ဘဲ တိုက်ရိုက်ဝန်ခံလိုက်၏။
အဓိပတိသာလွန်သူ လင်းမင်က ပြောလိုက်၏။
“သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုနဲ့ ပေါင်းစည်းရတာက ဘယ်လောက်အန္တရာယ်များလဲ... ဖူယင်က တာအိုအဖြစ် ပြောင်းလဲပြီး သေဆုံးသွားတာကို ငါတို့စောင့်ကြည့်ခဲ့ရတယ်... ဒါပေမဲ့ ငါတို့ ဘာမှမတတ်နိုင်ခဲ့ဘူး... ငါက တာအိုနဲ့ ပေါင်းစည်းဖို့ ယုံကြည်မှု သိပ်မရှိသေးဘူး... ငါက အဲဒီခြေလှမ်းကို လှမ်းဖို့လည်း သတ္တိမရှိသေးဘူး”
“ငါက ဖန်တီးခြင်းမဟာတာအိုကို ကျင့်ကြံတယ်... ငါက သူ့ရဲ့ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကို ရနိုင်မယ်ဆိုရင် တာအိုနဲ့ ပေါင်းစည်းနိုင်မယ့် ငါ့ရဲ့အခွင့်အရေးက မြင့်တက်လာလိမ့်မယ်”
အဓိပတိသာလွန်သူ လင်းမင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
“တာအိုရောင်းရင်းတို့... အခု ငါ့မှာ မေးစရာတစ်ခုပဲ ကျန်တော့တယ်… ငါတို့ရဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေးက သူ့လိုမျိုး အပြင်လူတစ်ယောက်နဲ့ ယှဉ်နိုင်မှာလား”
အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်က တွေဝေရှုပ်ထွေးသွားပြီး နှုတ်ဆိတ်သွားကြ၏။
ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာတုန်းက သူတို့သည် အတူတကွကျင့်ကြံပြီး မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကပ်ဘေးများကို တွေ့ကြုံဖြတ်ကျော်ခဲ့ကြ၏။
နောက်ပိုင်းမှာ သူတို့သည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ နှစ်ပေါင်းခြောက်ဘီလီယံကျော်အောင် ပိတ်မိနေခဲ့၏။ သူတို့သည် တာအိုအကြောင်း ဆွေးနွေးခြင်း၊ အားရပါးရသောက်စားခြင်းနှင့် ပျော်ရွှင်စွာ စကားပြောဆိုခြင်းများ ရှိခဲ့ကြ၏။ ထိုဆက်ဆံရေးကို အခြားသူများ တကယ်ပင် မယှဉ်နိုင်ပေ။
အဓိပတိသာလွန်သူ လင်းမင်က ပြောလိုက်၏။
“မင်းတို့တွေက နှစ်ပေါင်းများစွာ ငါတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို မျက်ကွယ်ပြုလိုပြီး ငါ့ကိုသတ်ဖို့ ရောက်လာတာဆိုရင် ငါတစ်ယောက်တည်းနဲ့ မင်းတို့ကို မနိုင်ဘူးဆိုမှတော့ ငါ သေချာပေါက် တုံ့ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး”
အဓိပတိသာလွန်သူ လင်းမင်က ထိုသို့ပြောလိုက်သောအခါ အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်က ချက်ချင်းပင် ငိုင်ကျသွား၏။
သူတို့အနေဖြင့် အဓိပတိသာလွန်သူ လင်းမင်ကို သတ်ဖြတ်ဖို့နေနေသာ တိုက်ခိုက်ဖို့ပင် မဖြစ်နိုင်ပေ။
သို့သော်လည်း ဆူဇီမိုသည် ယခင်သူတော်စင်အရှင်၏ အရိုက်အရာဆက်ခံသူ ဖြစ်နေသည်။ သူသည် သူတို့နှင့် နက်ရှိုင်းသောဆက်ဆံရေး မရှိသော်လည်း သူက အမည်ခံအားဖြင့် သူတို့၏သခင် ဖြစ်နေ၏။
သူတို့သည် ဆူဇီမိုအပေါ် တကယ်ပင် မကျေနပ်ချက်တချို့ရှိခဲ့ပြီး သူ့ကို အထင်အမြင်ပင် သေးခဲ့ကြလေသည်။ သို့သော်လည်း သူတို့သည် သူတို့၏ သခင်ကို သစ္စာဖောက်ပြီး သူ့နေရာကို အစားထိုးဖို့ ဘယ်တုန်းကမှ မတွေးခဲ့ကြပေ။
ထိုစဉ်မှာပင် ဆူဇီမိုက ပြောလိုက်၏။
“ကိုယ့်လူတို့... ဒီကိစ္စနဲ့ပတ်သက်ပြီး အကျပ်ရိုက်နေစရာ မလိုဘူး... အဓိပတိသာလွန်သူ လင်းမင်က ကျုပ်ကို သတ်ချင်တယ်ဆိုမှတော့ ဒါက သူနဲ့ကျုပ်ကြားက ကိစ္စပဲ... ခင်ဗျားတို့သုံးယောက် ဘယ်ဘက်ကိုမှ ကူညီမပေးဘဲ မဆိုင်သလို ဘေးထွက်နေလို့ ရတယ်”
“ဘယ်သူသေသေ ဘယ်သူရှင်ရှင် ဒါက ခင်ဗျားတို့သုံးယောက်နဲ့ မဆိုင်တော့ဘူး”
ထိုစကားကို ကြားသောအခါ အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်က စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
ဆူဇီမို၏ စိတ်သဘောထားကြီးမားမှုသည် သူတို့သုံးယောက်ကို စိတ်သက်သာရစေ၏။ သို့သော်လည်း သူတို့က တစ်ချိန်တည်းမှာ မလုံမလဲ ခံစားလာရ၏။
သူတို့သုံးယောက်သည် မဆိုင်သလို ဘေးထွက်နေမည်ဆိုလျှင် သူတို့သည် ဘယ်ဘက်ကိုမှ ကူညီပေးခြင်း သို့မဟုတ် ဘက်လိုက်ခြင်း မရှိသည့်ပုံပေါ်လေသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမိုက အဓိပတိသာလွန်သူ လင်းမင်၏ လက်ထဲမှာ သေမည်ကို သူတို့က စောင့်ကြည့်နေခြင်းနှင့် တူညီပေလိမ့်မည်။
မည်သို့ပင်ဆိုစေ နှစ်ဦးနှစ်ဖက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ကွာဟချက်က ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခုလုံးလုံး ဖြစ်သည်။
ထိုကွာဟချက်ကို မည်သည့် ပါရမီအရည်အချင်း သို့မဟုတ် မည်သည့် မျိုးဆက်သွေးနှင့်မှ မဖာထေးနိုင်ပေ။
“သခင်... နောက်ပြီးကျရင် လှည့်ထွက်ပြေးတော့”
နောက်ဆုံးမှာတော့ အဓိပတိသာလွန်သူ ဟွာရောက အဲဒါကို မကြည့်ရက်နိုင်တော့ဘဲ သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ကျွန်မ သူ့ကို ခဏတော့ တားပေးနိုင်တယ်... အဲဒါပြီးရင်တော့…”
ဆူဇီမိုက ပြန်မဖြေဘဲ သူ၏ ခေါင်းကိုသာ ညင်သာစွာ ခါလိုက်၏။
အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်သည် သက်ပြင်းချပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြ၏။
ထိုသည်ကို တွေ့မြင်သောအခါ အဓိပတိသာလွန်သူ လင်းမင်က နောက်ဆုံးမှာ စိတ်သက်သာရာရသွား၏။ သူက ဆူဇီမိုကို လှည့်ကြည့်ပြီး ပြောလိုက်၏။
“မပူပါနဲ့... မင်းသေပြီးသွားရင် ငါက ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကို ဦးဆောင်ပြီး အရင်တုန်းကဂုဏ်ကျက်သရေကို ပြန်ပြီးရရှိအောင် သေချာပေါက်လုပ်မှာ”
“မင်း သေသွားရမယ်ဆိုရင်တောင် မင်း အေးအေးချမ်းချမ်း အနားယူနိုင်တယ်”
ဆူဇီမိုက ပြုံး၍ ပြောလိုက်၏။
“မင်းက မတိုက်ခိုက်ခင် ဒီနေရာအထိ ငါ့နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့တယ်ဆိုတာ ဒီနေရာက လူသူကင်းမဲ့လို့ပဲ... ငါ့ကိုသတ်ပြီးရင် မင်းက ငါ့ရဲ့သေဆုံးမှုကို တခြားအဖွဲ့အစည်းတွေအပေါ် ပုံချနိုင်မယ်”
“မင်းက အဲဒါကို အကြောင်းပြချက်အဖြစ်သုံးပြီး ငါ့ရဲ့နေရာကို တရားဝင်သိမ်းယူနိုင်မယ်... လက်စားချေဖို့အတွက် အကြောင်းပြချက်ကိုသုံးပြီး မင်းက ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကို အုပ်စိုးဖို့အတွက် လူတိုင်းရဲ့ နှလုံးသားကို တတ်နိုင်သမျမြန်မြန် သိမ်းသွင်းယူနိုင်မယ်”
“အမှန်ပဲ”
အဓိပတိသာလွန်သူ လင်းမင်က ခေါင်းညိတ်ပြလိုက်၏။
ထိုကဲ့သို့သော အကြံအစည်များသည် သူ၏ ရင်ထဲမှာ အမြဲတမ်း ရှိနေခဲ့၏။
“သိပ်ကောင်းတယ်”
ဆူဇီမိုက လက်ခုပ်တီးပြီး ပြုံးလိုက်၏။
“အခုအချိန်မှာ မင်းအတွက် ပြဿနာတစ်ခုပဲ ကျန်တော့တယ်”
“အဲဒါ ဘာလဲ”
“ငါက မသေချင်သေးတာပဲ”
“အဲဒါက မင်းရဲ့သဘောဆန္ဒအပေါ် မူတည်မနေတော့ဘူး”
သူတို့နှစ်ယောက်က လေထဲမှာ အကြည့်ချင်းဖလှယ်ပြီး စကားလုံးတချို့မျှနှင့် တုတ်ဆွဲဓားဆွဲ ဖြစ်လာကြလေသည်။
ယခုအချိန်မှာတောင် ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ပြုံး၍မေးလိုက်၏။
“ငါ မင်းတို့တွေရဲ့ရှေ့မှာ ဘာလို့ ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့တာလဲ မင်းသိလား”
အဓိပတိသာလွန်သူ လင်းမင်ကလည်း ပြုံး၍ပြောလိုက်၏။
“မင်းက သတိထားနေတယ်ဆိုမှတော့ မင်းရဲ့ဝှက်ဖဲတွေကို ဖုံးကွယ်ထားချင်လို့ပေါ့”
ထို့နောက် ချက်ချင်းပင် အဓိပတိသာလွန်သူ လင်းမင်က စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမဲ့ ငါက ဒီနေ့မတိုင်ခင်အထိ အဲဒါနဲ့ပတ်သက်ပြီး တခြားသူတွေကို မေးမြန်းစုံစမ်းခဲ့ပြီးပြီ”
“မင်းက မင်းရဲ့ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးအပေါ် မှီခိုပြီး မင်းမှာ ကျင့်ကြံမှုနယ်ပယ် ပိုမြင့်မားတဲ့သူတွေကို သတ်ဖြတ်နိုင်တဲ့ တိုက်ခိုက်ရည်ခွန်အား ရှိတယ်... မင်းရဲ့ အမြုတေစိတ်ဝိညာဉ်နယ်ပယ်ကဆို မဟာသာလွန်သူတစ်ဦးရဲ့ အဆင့်ကိုတောင် ရောက်ရှိနေပြီ... မင်းရဲ့ အသန်မာဆုံး ဝှက်ဖဲကတော့ သွေးကိုမြင်တာနဲ့ သေချာပေါက် သတ်ဖြတ်နိုင်တဲ့ ဂမ္ဘီရဓားနှစ်လက်ပဲ”
“မင်းက အဲဒါကိုတောင် သိထားတာလား”
ဆူဇီမိုက မေးလိုက်သည်။
အဓိပတိသာလွန်သူ လင်းမင်က ခပ်ပေါ့ပေါ့ ပြောလိုက်၏။
“မင်းက အတော်လေး ပါးနပ်တယ်... ဒါပေမဲ့ ဘာပဲပြောပြော မင်းက ငယ်လွန်းသေးတယ်… မင်းက လှုပ်ရှားမှုတစ်ခု မပြုလုပ်ခင် မင်းကိုယ်မင်းနဲ့ မင်းရဲ့ရန်သူအကြောင်းကို သိထားရမယ်... ငါက ငါ့ရဲ့ဘဝမှာ အလကားသက်သက် ရှင်သန်နေထိုင်လာခဲ့တာ မဟုတ်ဘူး… ငါက ဘယ်သူ့ကိုမှ လျှော့မတွက်ခဲ့ဘူး... မင်းလိုမျိုး အားနည်းတဲ့ လူတစ်ယောက်ကိုတောင်မှပေါ့”
“ငါ့ရဲ့ အစွမ်းအစနဲ့ဆို မင်းရဲ့ ဂမ္ဘီရဓားနှစ်လက်က ငါ့ကို လုံးဝ ထိနိုင်မှာမဟုတ်ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
တကယ်တမ်းမှာ အဓိပတိသာလွန်သူ လင်းမင် ပြောသည်က မှန်လေသည်။ ဆူဇီမို၏ လက်ရှိနည်းလမ်းများအရ မျှတသော တိုက်ပွဲတစ်ခုတွင် သူ့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိပေ။
အခန်း ၃၃၁၈ - ခရမ်းရောင် မျက်လုံးများ
သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြသည်။
ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်ပြီး လောကတစ်ခုက ထွက်ပေါ်လာလေသည်။
အလင်းနှစ်ခုက ကစဉ့်ကလျားကို ဆုတ်ဖြဲပြီး သူ၏ လက်ထဲသို့ ဆင်းသက်ရောက်ရှိလာ၏။ ၎င်းသည် အဝီစိဓားနှင့် တမလွန်ဓားဖြစ်သည်။
အဓိပတိသာလွန်သူ လင်းမင်၏ အမူအရာက တည်ငြိမ်နေပြီး ဤမြင်ကွင်းကို ဂရုမစိုက်သည့်ဟန်ဖြင့် စောင့်ကြည့်နေ၏။
သူသည် ဆူဇီမို၏ နည်းလမ်းများအားလုံးကို သိရှိထားသည်။
ထိုစဉ်မှာပင် ခရမ်းရောင်မီးတောက်နှစ်ခုက ဆူဇီမို၏ မျက်လုံးထဲမှာ ရုတ်တရက်ပေါ်ထွက်လာပြီး သူ၏ အော်ရာက သိသိသာသာ ပြောင်းလဲသွားလေသည်။
“အမ်…”
အဓိပတိသာလွန်သူ လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်သည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာ ရှိနေဆဲဖြစ်သည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ သူသည် ဆူဇီမို၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် ပစ်မှတ်ထားခြင်း ခံရသောအခါ သူသည် ဖွင့်လှစ်ထားသော စာအုပ်တစ်အုပ်လို ဖတ်ရှုခံနေရသည့်အလား ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာလေသည်။
“ဘာဖြစ်နေတာပါလိမ့်”
သူ့ရှေ့မှာ ဆူဇီမိုသည် ရုတ်တရက် မတူညီသော လူတစ်ယောက် ဖြစ်သွားပုံရသည်။
အဓိပတိသာလွန်သူ လင်းမင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆည်လိုက်၏။
မည်သို့ပင်ဆိုစေ သူတို့၏ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က ကြီးမားနေဆဲဖြစ်သည်။ တာအိုသုံးသပ်မှုနယ်ပယ်၏ အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးက သူ့ကို ထိခိုက်အောင် လုပ်နိုင်မည့် နည်းလမ်းတစ်ခုခု ပိုင်ဆိုင်ထားမည်ဟု သူ မယုံပေ။
အဓိပတိသာလွန်သူ လင်းမင်သည် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ဖန်တီးခြင်းမဟာတာအိုကို အလျင်အမြန်စုဖွဲ့ကာ ဆေဘာတစ်လက်အဖြစ် အသွင်ပြောင်းပြီး ဆူဇီမို၏ ဦးခေါင်းရှိရာသို့ ခုတ်ပိုင်းချလိုက်၏။
သူသည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်မှာရှိပြီး မဟာတာအိုကို ကျွမ်းကျင်ပိုင်နိုင်နေခဲ့ပြီးသားဖြစ်၏။
ဆူဇီမို၏ မျက်လုံးများက ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူက ဝင်ရောက်လာသော မဟာတာအိုဆေဘာကို စိုက်ကြည့်လိုက်၏။ သူ၏ ဓားကို ဝှေ့ယမ်းပြီး ပေါ့ပေါ့ပါးပါးပုံစံဖြင့် ဆေဘာကို ခုတ်ပိုင်းချလိုက်လေသည်။
ချွင်...
ကြွပ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်လာသည်။
မဟာတာအိုဆေဘာက ကျိုးပဲ့သွား၏။
“ဟမ်…”
အဓိပတိသာလွန်သူ လင်းမင်၏ အမူအရာက ပြောင်းလဲသွားသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ဆူဇီမို၏ လက်ထဲရှိ ဂမ္ဘီရဓားနှစ်လက်က ဘယ်လောက်ပင် ထက်ရှသည်ဖြစ်စေ... သူတို့အနေဖြင့် လုံလောက်သည့် ခွန်အားမရှိဘဲ သူ၏ မဟာတာအိုလက်နက်ကို ဖြတ်တောက်ဖို့ မဖြစ်နိုင်ပေ။
အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်ပင်လျှင် ထိုသည်ကို တွေ့မြင်သောအခါ အံ့အားတသင့် ဖြစ်သွားကြ၏။
အဓိပတိသာလွန်သူ လင်းမင်သည် သူတော်စင်မျိုးနွယ်ဖြစ်ပြီး ပကတိတာအိုကြီးစိုးမှုနယ်ပယ်မှာ ရှိနေသည်။ ဆူဇီမိုသည် အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးအဖြစ် သူ၏ စွမ်းအားအပေါ် မှီခိုထားရုံမျှသာဖြစ်၏။ သူက ဂမ္ဘီရလက်နက်တစ်ခုကို ကိုင်စွဲထားမည်ဆိုလျှင်တောင် သူ့အနေဖြင့် အဓိပတိသာလွန်သူတစ်ဦး စုဖွဲ့ထားသည့် မဟာတာအိုကို ကိုင်လှုပ်ဖို့ မဖြစ်နိုင်ပေ။
ဆူဇီမိုသည် ဓားနှစ်လက်ကို ကိုင်စွဲပြီး အေးစက်နေသော အမူအရာနှင့်အတူ အဓိပတိသာလွန်သူ လင်းမင်ရှိရာသို့ လျှောက်လှမ်းလာ၏။
အဓိပတိသာလွန်သူ လင်းမင်သည် သူ၏ လက်ကို အလောတကြီး ဝေ့ယမ်းပြီး သူ၏ မဟာတာအိုကို အသွင်ပြောင်းလဲကာ လေထဲတွင် နတ်ဘုရားလက်နက်များစွာအဖြစ် စုဖွဲ့ပြီး ဆူဇီမိုရှိရာသို့ ခုတ်ပိုင်းချလိုက်၏။
ချွင်... ချွင်... ချွင်...
သတ္တုချင်းထိခတ်သံက ဆက်တိုက်ထွက်ပေါ်လာ၏။
ဆူဇီမိုသည် အဝီစိဓားနှင့် တမလွန်ဓားကို ထူးခြားသော မည်သည့်နည်းစနစ်မှမပါဘဲ ဝေ့ယမ်းခုတ်ပိုင်းနေရုံသာဖြစ်၏။ သို့သော်လည်း သူသည် မဟာတာအိုလက်နက်များ အားလုံးကို ဖြတ်တောက်ပြီး ဘာမှမကျန်အောင် ပြောင်းလဲသွားစေ၏။
အဓိပတိသာလွန်သူ လင်းမင်၏ မျက်လုံးထဲတွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တကြား အငွေ့အသက်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
ဤအခြေအနေသည် သူတွေးထင်ထားသည်ထက် လုံးဝကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။
အဓိပတိသာလွန်သူ ချင်းယန်နှင့် အခြားနှစ်ယောက်ကလည်း မမှိတ်မသုန် စောင့်ကြည့်နေကြ၏။
“သခင်က ပကတိခွန်အားသက်သက်နဲ့ အဲ့ဒီမဟာတာအိုလက်နက်တွေကို ဖြတ်တောက်နေတဲ့ပုံမပေါ်ဘူး”
အဓိပတိသာလွန်သူ ချန်ချင်းက ဘေးကနေ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရ၏။
“သေချာကြည့်ကြ... သခင်ရဲ့ ခုတ်ချက်တိုင်းက မဟာတာအိုလက်နက်တွေရဲ့ အားအနည်းဆုံး အမှတ်တွေကို ထိခတ်သွားတဲ့ပုံပဲ”
အဓိပတိသာလွန်သူ ဟွာရောနှင့် အဓိပတိသာလွန်သူ ဟွိုက်အန်ကလည်း ခေါင်းညိတ်လိုက်ကြ၏။
သို့သော်လည်း သိပ်မကြာခင် အဓိပတိသာလွန်သူ ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဖန်တီးခြင်းမဟာတာအိုကို လုံးလုံးလျားလျား နားလည်ဆင်ခြင်မထားသရွေ့ သူက မဟာတာအိုလက်နက်တွေရဲ့ အားနည်းချက်ကို ချက်ချင်းရှာဖွေနိုင်မှာ မဟုတ်ဘူး”
ဤကဲ့သို့ ထူးဆန်းသော အခြေအနေမှာ ဖြစ်နိုင်ခြေတစ်ခုသာ ရှိလေသည်။
ဖန်တီးခြင်းမဟာတာအိုအပေါ် ဆူဇီမို၏ ထိန်းချုပ်မှုနှင့် နားလည်ဆင်ခြင်မှုသည် အဓိပတိသာလွန်သူ လင်းမင်၏ အထက်မှာ ရှိနေ၏။
သို့သော်လည်း တကယ်တမ်းမှာ ဆူဇီမိုကျင့်ကြံထားသည်မှာ ကစဉ့်ကလျား မဟာတာအိုဖြစ်ပြီး ဖန်တီးခြင်းမဟာတာအို မဟုတ်ပေ။
ဒါ့အပြင် သူသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာသာ ရှိပြီး တာအိုကြီးစိုးမှုနယ်ပယ်ကို မရောက်ရှိသေးပေ။ သူ့အနေဖြင့် ဖန်တီးခြင်းမဟာတာအိုကို ထိန်းချုပ်နိုင်ဖို့က ပို၍ပင် မဖြစ်နိုင်ပေ။
သူတို့နှစ်ဦးကြား အကွာအဝေးက အဆက်မပြတ် တိုတောင်းလာ၏။
ဆူဇီမိုသည် အဝီစိဓားနှင့် တမလွန်ဓားနှင့်အတူ ယုံကြည်မှုရှိရှိ လျှောက်လှမ်းလာပြီး အဓိပတိသာလွန်သူ လင်းမင်၏ တိုက်ခိုက်မှုများကို အလွယ်တကူ ချေဖျက်နေ၏။
“မဖြစ်နိုင်ဘူး…”
အဓိပတိသာလွန်သူ လင်းမင်က ပျာပျာသလဲ ဖြစ်လာပြီး အံ့အားတသင့် အော်လိုက်၏။
“ငါ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ နှစ်တစ်သောင်းကြာအောင် ဘာကြောင့်ကျင့်ကြံနေခဲ့လဲ မင်းသိလား”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်သည်။
ထိုစကားလုံးများသည် အဓိပတိသာလွန်သူ လင်းမင်ကို ပို၍ပင် တွေဝေရှုပ်ထွေးသွားစေ၏။
တကယ်တော့ တံခါးပိတ်ကျင့်ကြံခြင်းသည် သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်ရန်သာ ဖြစ်လေသည်။ တခြားအကြောင်းပြချက် ရှိသေးလို့လား။
တကယ်တမ်းမှာ ဆူဇီမိုသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီးသားဖြစ်၏။
သို့သော်လည်း သူသည် ထွက်ခွာဖို့ကို အလောတကြီး ရှိမနေခဲ့ပေ။ ထိုအစား သူသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ ဆက်လက်၍ နေထိုင်ခဲ့သည်။ ထိုသို့ သူပြုလုပ်ခဲ့သည်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအတွက် မဟုတ်ဘဲ သိုင်းတာအိုပင်မခန္ဓာအတွက် ဖြစ်လေသည်။
သူသည် တျဲယွဲ့ကို တတ်နိုင်သမျှမြန်မြန် ရှာဖွေလိုသည်ဆိုလျှင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ အမြဲတမ်းနေလို့မရပေ။
သို့သော်လည်း သူထွက်ခွာသွားသည်နှင့် သူက အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။
သူသည် မိုးမြေဖန်တီးခြင်းကားချပ်ကို သူနှင့်အတူ ယူဆောင်သွားမည်ဆိုလျှင် သူက အသက်တော့ ရှင်သန်နိုင်ပေလိမ့်မည်။ အဓိပတိသာလွန်သူ လင်းမင်က သူ့ကို ရှာတွေ့သွားမည်ဆိုလျှင် သူက ထိုအထဲမှာ အမြဲတမ်း ပိတ်မိသွားပေတော့မည်။
ထို့ကြောင့် ပြီးခဲ့သည့် နှစ်တစ်သောင်းအတွင်း သိုင်းတာအိုပင်မခန္ဓာသည် တမလွန်သွေးပင်လယ်ရှိ သူတော်စင်အပျက်အစီးနယ်မြေမှာ မဟာတာအိုသူတော်စင်မီးကို အသုံးချပြီး မဟာတာအိုတချို့ကို သန့်စင်နေခဲ့၏။
အဲ့ဒီမှာ ဖန်တီးခြင်းမဟာတာအိုသာမက အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားသူများ ကျင့်ကြံသည့် မဟာတာအိုတချို့လည်း ပါဝင်လေသည်။
စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို ထုတ်ဖော်လိုက်သည့်အခါ သူသည် မဟာတာအို သူတော်စင်မီးနှင့် လောင်ကျွမ်းနေသည့် သိုင်းတာအိုပင်မခန္ဓာ၏ ခရမ်းရောင်မျက်လုံးများကို အသုံးချနိုင်လေသည်။ ထိုခရမ်းရောင်မျက်လုံးများအောက်မှာ အဓိပတိသာလွန်သူလင်းမင် ထုတ်ဖော်ထားသည့် မဟာတာအိုလက်နက်များတွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့ပေ။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ဖန်တီးခြင်းမဟာတာအို၏ ချည်မျှင်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။ သူသည် ၎င်း၏ အားအနည်းဆုံးအမှတ်ကို ရှာတွေ့နိုင်ပြီး တမလွန်ဓားနှင့် အဝီစိဓား၏ ထက်ရှမှုကို အသုံးပြုကာ ခုတ်ချက်တစ်ချက်ချင်းစီနှင့် ၎င်းကို ချိုးဖျက်နိုင်လေသည်။
၎င်းသည် သိုင်းတာအိုပင်မခန္ဓာ သန့်စင်ရခြင်း မရှိသေးသည့် မဟာတာအိုတစ်ခု ဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အကူအညီနှင့် အဝီစိဓားနှင့် တမလွန်ဓားနှင့်ပင်လျှင် ၎င်းကို ဖြတ်တောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ထိုအကြောင်းကို အဓိပတိသာလွန်သူ လင်းမင်ထံ ရှင်းပြနေမည် မဟုတ်ပေ။
အဓိပတိသာလွန်သူ လင်းမင်သည် သူ၏ တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ချေဖျက်ခံရသောအခါ ပို၍ပင် ထိတ်လန့်တကြား ဖြစ်လာ၏။ ဒါ့အပြင် ဆူဇီမိုက အဆက်မပြတ် ချဉ်းကပ်လာနေ၏။
ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ထိုမျက်လုံးများနှင့် သူ အကြည့်ချင်းဆုံသည့်အခါ သူသည် သူ၏ မျက်လုံးထဲမှာ လောင်ကျွမ်းခံနေရသော နာကျင်မှုတစ်ခုကိုပင် ခံစားလာရ၏။
အဓိပတိသာလွန်သူ လင်းမင်သည် တမလွန်ဓားနှင့် အဝီစိဓားကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် သူ၏ သွေးချီကိုလည်း မထုတ်ဖော်ရဲပေ။ သူသည် အလောတကြီး နောက်သို့ဆုတ်ခွာပြီး ချက်ချင်းပင် လူချင်းခွာလိုက်၏။
“မင်းရှုံးသွားပြီ”
ဆူဇီမိုက နေရာမှာတင် မတ်တတ်ရပ်ပြီး သူ့နောက်သို့ ဆက်လိုက်ခြင်းမရှိဘဲ ဂရုမစိုက်သည့်ဟန်ဖြင့်သာ ပြောလိုက်၏။
အဓိပတိသာလွန်သူ လင်းမင်က ထိုစကားကို ကြားသောအခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ မျက်နှာက ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ သူသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလားပင်။ သူ၏ အမူအရာကပင် ငေးငိုင်သွားလေသည်။
ဆူဇီမိုသည် ဓားနှစ်လက်ကို ရုပ်သိမ်းပြီး နေရာမှာတင် မတ်တတ်ရပ်ကာ ခပ်လှမ်းလှမ်းမှာရှိသော အဓိပတိသာလွန်သူ လင်းမင်ကို တိတ်တဆိတ်ကြည့်နေ၏။
ယခုအချိန်မှာ သူသည် အဓိပတိသာလွန်သူ လင်းမင်ကို မသတ်ဖြတ်နိုင်သေးပေ။
အဓိပတိသာလွန်သူ လင်းမင်က လှည့်ထွက်ပြေးမည် ဆိုလျှင် သူက လိုက်မီလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤတိုက်ခိုက်ဖလှယ်မှုသည် အဓိပတိသာလွန်သူ လင်းမင်ကို ခြိမ်းခြောက်ဖို့အတွက် လုံလောက်ပြီး အနာဂတ်မှာ ထိုသူသည် မဆင်မခြင်ပြုမူရဲတော့မည် မဟုတ်ပေ။
“ငါရှုံးသွားပြီ... ဟုတ်တယ် ငါရှုံးသွားပြီ…”
အဓိပတိသာလွန်သူ လင်းမင်သည် ဆူဇီမိုကိုကြည့်ပြီး သူ၏ စိတ်ထဲမှာ အတွေးပေါင်းသောင်းခြောက်ထောင် ပေါ်ထွက်လာသည့်အလား တတွတ်တွတ်ရေရွတ်နေ၏။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
သူ့ကို သတိပေးဖို့အတွက် သူတော်စင်အရှင်က ဆူဇီမိုရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပူးခဲ့တာလား…
အဓိပတိသာလွန်သူ လင်းမင်သည် မလှမ်းမကမ်းရှိ အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်ကို လှည့်ကြည့်လိုက်၏။
ထိုအခိုက်အတန့်မှာ အဓိပတိသာလွန်သူသုံးဦးသည် အလွန်တရာ တွေဝေရှုပ်ထွေးသော အကြည့်များနှင့် သူ့ကိုကြည့်နေကြ၏။
သူတို့သုံးယောက်၏ အကြည့်များက ထိုအခိုက်အတန့်မှာ အနည်းငယ်ပင် စူးရှနေပုံရသည်။
အဓိပတိသာလွန်သူ လင်းမင်က အလိုလိုအကြည့်လွှဲလိုက်၏။
ယနေ့ကိစ္စအတွက် အဓိပတိသာလွန်သူ လင်းမင်သည် သူတို့သုံးယောက် သူ့ကို တိုက်ခိုက်မလာစေရန် သူတို့၏ နှစ်ပေါင်းများစွာ ဆက်ဆံရေးကိုပင် အသုံးချခဲ့လေသည်။ ထိုသို့ဆိုလျှင်တောင် သူသည် ဆူဇီမိုကို ရှုံးနိမ့်သွားရဆဲဖြစ်၏။
သူသည် အနာဂတ်မှာ သူတို့နှင့်အတူ ဘယ်လိုရှေ့ဆက်နိုင်တော့မှာလဲ…
သူသည် အနာဂတ်မှာ ကစဉ့်ကလျားနန်းတော်တွင် ဘယ်လိုလုပ် နေနိုင်တော့မှာလဲ…
သူသည် အနာဂတ်မှာ ဆူဇီမိုကို ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ရဲတော့မှာလဲ…
ရှက်ရွံ့ခြင်း၊ နောင်တရခြင်း၊ ကြောက်ရွံ့ခြင်းနှင့် တွေဝေရှုပ်ထွေးခြင်း...။ ချက်ချင်းပင် အဓိပတိသာလွန်သူ လင်းမင်၏ စိတ်ခံစားချက်များက ရောထွေးလာ၏။ တကယ်ဆို သူ့ကိုယ်သူ အဆုံးစီရင်ဖို့ အတွေးတစ်ခုပင် သူ၏ စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်ထွက်လာသည်။
ခဏမျှ နှုတ်ဆိတ်ပြီးနောက် အဓိပတိသာလွန်သူ လင်းမင်၏ မျက်လုံးထဲတွင် ပြတ်သားသော အလင်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူက ထိုအဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်၏။
တာအိုပေါင်းစည်းခြင်း…
ရုတ်တရက် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက အဓိပတိသာလွန်သူ လင်းမင်၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာသည်။
“မလုပ်နဲ့…”
“ညီကိုလင်းမင်…”
အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်က အံ့အားတသင့် လှမ်းအော်ပြီး သူ့ကို တားဆီးချင်ကြ၏။
သူသည် ဤကဲ့သို့ ကြီးမားသည့် ထိုးနှက်ချက်တစ်ခုကို လက်ခံရရှိပြီးနောက် တာအိုနှင့်အတူ ပေါင်းစည်းဖို့ ကြိုးပမ်းမည်ဆိုလျှင် ၎င်းသည် သူ့ကိုယ်သူသတ်သေသည့် လုပ်ရပ်နှင့် တူညီနေပေလိမ့်မည်။
သို့သော်လည်း သိပ်မကြာခင် အဓိပတိသာလွန်သူ လင်းမင်၏ မျက်လုံးထဲတွင် စိတ်သက်သာရာရမှုနှင့် တောင်းပန်လိုသော အကြည့်တစ်ခုကို သူတို့တွေ့မြင်လိုက်ရ၏။
ဤသည်က အဓိပတိသာလွန်သူ လင်းမင်၏ ရွေးချယ်မှုဖြစ်သည်။
ဤသည်မှာ သူ့အတွက် ရွေးချယ်ဖို့ကျန်သည့် တစ်ခုတည်းသော လမ်းဖြစ်လေသည်။
ပြင်းထန်ကြမ်းတမ်းစွာ တုန်ခါပြီးနောက် အဓိပတိသာလွန်သူ လင်းမင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်းငြိမ်သက်သွား၏။ အားလုံး၏ အကြည့်အောက်မှာ သူ၏ အသွေးအသားသည် ဖုန်မှုန့်များနှင့် ပြာမှုန့်များအဖြစ် ပြောင်းလဲပြီး တာအိုအဖြစ် ပျက်ပြယ်ကာ သူက သေဆုံးသွားလေသည်။