← Chapters

အခန်း (၃၃၁၉-၃၃၂၀)

Vol. 218 Ch. 3319-3320

အခန်း (၃၃၁၉-၃၃၂၀)

Vol. 218 Ch. 3319-3320

အခန်း ၃၃၁၉ - တောက်ပခန့်ညားသော ချောမောလှပမှု

အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်သည် တွေ့မြင်ရသော အခြင်းအရာမှာ လေးတွဲ့စွာ သက်ပြင်းချလိုက်ကြ၏။

သူတို့သည် နှစ်ပေါင်းဘီလီယံချီ ရှင်သန်လာခဲ့ပြီး သေခြင်းရှင်ခြင်းများနှင့် အသားကျနေပြီ ဖြစ်သော်လည်း အဓိပတိသာလွန်သူ လင်းမင်၏ ရလဒ်ကို တွေ့မြင်ရသောအခါ သူတို့က ပူဆွေးဝမ်းနည်းကာ သက်ပြင်းချလိုက်ကြဆဲဖြစ်၏။

အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်က ဆူဇီမိုကို လှည့်ကြည့်လိုက်ကြ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များက တဖြည်းဖြည်း ဖျော့တော့ကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်၏။

သူ့ထံကနေ အဓိပတိသာလွန်သူသုံးဦး ခံစားနေခဲ့ရသည့် ဖိအားအငွေ့အသက်ကလည်း ပျက်ပြယ်သွားပုံရသည်။

အဓိပတိသာလွန်သူသုံးဦးက အကြည့်ချင်းဖလှယ်ပြီး ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းလာ၏။ သူတို့က ဒူးထောက်ချပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သခင်... တောင်းပန်ပါတယ်... ကျုပ်တို့ အပြစ်ပေးခံရသင့်…”

“ထကြ”

အဓိပတိသာလွန်သူသုံးဦးက စကားဆုံးအောင် မပြောရသေးခင် ဆူဇီမိုက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး သူတို့ကို မတ်တတ်ပြန်ထဖို့ အချက်ပြလိုက်၏။

စောစောက အဓိပတိသာလွန်သူသုံးဦးသည် ဘယ်ဘက်ကိုမှ ကူညီမပေးဖို့ ရွေးချယ်ခဲ့သော်လည်း တကယ်တမ်းမှာ သူတို့သည် အဓိပတိသာလွန်သူ လင်းမင်၏ဘက်တွင် ရှိနေခဲ့ကြလေသည်။ ထိုလုပ်ရပ်သည် အဓိပတိသာလွန်သူ လင်းမင်က ဆူဇီမိုကို သတ်ဖြတ်ပြီး သူ့နေရာကို အစားထိုးယူတော့မည်ကို သူတို့က အလိုလိုသဘောတူလက်ခံလိုက်ခြင်းနှင့် တူခဲ့လေသည်။

သို့သော်လည်း နောက်ဆုံးမှာ သူက မအောင်မြင်ခဲ့ပေ။

ဆူဇီမိုက ပြောလိုက်၏။

“နှစ်ဖက်စလုံးပေါ် သစ္စာရှိဖို့က မလွယ်ဘူး... ဒါက အစကတည်းက ခက်ခဲတဲ့ ရွေးချယ်စရာတစ်ခုပဲ... ခင်ဗျားတို့တွေက ပေါင်းသင်းဆက်ဆံရေးနဲ့ မှန်ကန်ဖြောင့်မတ်မှုကို တန်ဖိုးထားကြတယ်... ဘာမှမှားမနေဘူး”

အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားနှစ်ယောက်က မတ်တတ်ထရပ်ပြီး သူ့ကို ကျေးဇူးတင်လိုက်ကြ၏။

ဆူဇီမိုသည် သူတို့သုံးယောက်ကို ညွှန်ကြားစရာတချို့ ညွှန်ကြားပြီးနောက် ထွက်ခွာသွားလေသည်။ သူက အနောက်တောင်ဘက်သို့ ဦးတည်လိုက်သည်။

သူသည် လမ်းတစ်လျှောက်မှာ တိုက်ခိုက်မှုတချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း သူ့အပေါ်မှာ အမှန်တကယ် ခြိမ်းခြောက်မှု မရှိခဲ့ပေ။

တောင်ပိုင်းဒေသကို ဖြတ်ကျော်ပြီးနောက် ဆူဇီမိုသည် နောက်ဆုံးမှာ အရှေ့တောင်ဒေသကို ခြေချလာနိုင်သည်။

နယ်မြေဒေသနှစ်ခုကြားမှာ သိသာထင်ရှားသော နယ်နိမိတ်စည်းမျဉ်းတစ်ခု ရှိနေ၏။

တောင်ပိုင်းဒေသသည် ချစ်ချစ်တောက် ပူပြင်းပြီး သစ်ပင်၊ ဝါးပင်များကို တွေ့မြင်ရခဲသည်။

သို့သော်လည်း အနောက်တောင်ဒေသမှာ နေရာတစ်ခွင်က စိမ်းလန်းပြီး အသက်ဓာတ်အားဖြင့် ပြည့်နှက်နေ၏။ သက်တံများသည် သုခဘုံတစ်ခုကဲ့သို့ အင်မော်တယ်မြူခိုးများကြားမှာ တောက်ပနေ၏။

ဆူဇီမိုသည် မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာပြီး ကျင့်ကြံသူတစ်ဦးထံမှ အနောက်တောင်ဒေသ၏ မြေပုံတစ်ချပ်ကို ဝယ်ယူလိုက်လေသည်။ သူသည် ရွှမ်ဖျင်တောင်၏ ဦးတည်ဘက်ကို ရှာဖွေပြီး နောက်တစ်ဖန် ခရီးဆက်လိုက်၏။

လဝက်ခန့် ကြာပြီးနောက်...

ဆူဇီမိုသည် နောက်ဆုံးမှာ သူလိုရာပန်းတိုင်ကို ရောက်ရှိလာခဲ့သည်။

သူသည် ရွှမ်ဖျင်တောင်အနီးအနားသို့ ရောက်ရှိလာသည့် ခဏမှာပင် ဤနေရာက မတူကွဲပြားသည်ကို ဆူဇီမိုက အာရုံခံမိလိုက်သည်။

လမ်းတစ်လျှောက်မှာ သူသည် ကောင်းကင်လိုဏ်ဂူ ၃၆ခုနှင့် မွန်မြတ်ကုန်းမြေ ၇၂ခုထဲမှ နေရာတချို့ကို ဖြတ်ကျော်လာခဲ့၏။ ကောင်းကင်လိုဏ်ဂူများနှင့် မွန်မြတ်ကုန်းမြေများသည် အရှေ့တောင်ဒေသမှာရှိသော ပြည်နယ် ၁၀၈ခုနှင့် တောင်ပိုင်းဒေသမှာရှိသော စိတ်ဝိညာဉ်ကုန်းမြေ ၄၉ခုနှင့် ဆင်တူလေသည်။

သူတို့အားလုံးသည် ကျင့်ကြံသူပညာရှင်များ သိမ်းပိုက်ထားသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်။

ဤပညာရှင်များအားလုံးသည် အမြင့်မှာ စွမ်းပကားကြီးမားစွာ ရှိနေခဲ့ပြီး အင်မော်တယ်တောင်ထွတ်များမှာ စိုးစံကာ မော်တယ်လောကနှင့် ကင်းကွာနေကြ၏။

သို့သော်လည်း ရွှမ်ဖျင်တောင်အနီးမှာ ဆူဇီမိုသည် ကျေးရွာများနှင့် အိမ်များကို တွေ့မြင်ရလေသည်။ လှည်းယာဉ်များက နေရာတိုင်းမှာ ရှိနေပြီး ကြက်များ၊ ခွေးများ၏ အသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရ၏။ အမျိုးသားများက လယ်ထွန်နေပြီး အမျိုးသမီးများက လွတ်လပ်ပေါ့ပါးသော ပုံစံဖြင့် ရက်ကန်းရက်နေကြ၏။

ဆူဇီမိုသည် ထိုနေရာမှာ အတန်ကြာသည့်အထိ တိတ်တဆိတ် မတ်တတ်ရပ်နေမိ၏။ သူသည် မော်တယ်လောကသို့ ပြန်လည်ရောက်ရှိပြီး မတွေ့မြင်ရသည်မှာ ကြာပြီဖြစ်သည့် မြင်ကွင်းတစ်ခုကို ပြန်လည်မြင်တွေ့လိုက်ရသည့်အလားပင်။

သူတို့ကြားမှာ အမျိုးသားများနှင့် အမျိုးသမီးများ၏ ကျင့်ကြံမှုနယ်ပယ်များက ကွာခြားကြလေသည်။ သူတို့ထဲမှ တချို့သည် ကျင့်ကြံခြင်းပင် မရှိဘဲ သာမန်မော်တယ်များနှင့် တူနေ၏။

သို့သော်လည်း ကျင့်ကြံမှုနယ်ပယ် မြင့်မားသောသူများသည် ကျင့်ကြံမှုနယ်ပယ် နိမ့်ကျသောသူများအပေါ် မောက်မာဝင့်ကြွားခြင်း သို့မဟုတ် အထင်သေးခြင်း မရှိကြပေ။ ဤနေရာမှာ အားနည်းသူကို အနိုင်ကျင့်သော ဖြစ်ရပ်မျိုးလည်း မရှိပေ။

ရွာထဲမှာ မည်သည့်သွေးထွက်သံယိုမှ မရှိဘဲ တည်ငြိမ်အေးချမ်းနေ၏။

ကောင်းကင်လိုဏ်ဂူ ၃၆ခုနှင့် မွန်မြတ်ကုန်းမြေ ၇၂ခု၏ အင်မော်တယ်တောင်တန်းများနှင့် လိုဏ်ဂူခန်းဝါများ ခြံရံပြီး ဤရွာလေးသည် မဟာကမ္ဘာတစ်ထောင်လောကမှာ သီးခြားသုခဘုံတစ်ခုကဲ့သို့ ဖြစ်နေ၏။

ဒါက ရွှမ်ဖျင်တောင်လား…

သူသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ရောက်ရှိနေသည်ကို သိရှိထားခြင်းကြောင့် မဟုတ်လျှင် ဆူဇီမိုသည် ပင်ယန်းမြို့ပြင်မှာရှိသော ရွာတစ်ရွာသို့ ပြန်လည်ရောက်ရှိသွားသည်ဟု တွေးမိပေလိမ့်မည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့မှာရှိသော ရွာလေးရှိရာသို့ လျှောက်လှမ်းလိုက်၏။

ခပ်လှမ်းလှမ်းမှာ ကောက်ရိုးဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူတစ်ဦးက ကျောက်တုံးတစ်တုံးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ပြီး စမ်းချောင်းဘေးမှာ မလှုပ်မယှက် ငါးမျှားနေ၏။

တောအုပ်ထဲမှာ သစ်ခုတ်သမားတစ်ဦးသည် သူ၏ ပုဆိန်ကိုလွှဲပြီး သစ်ပင်များကို တစ်ပင်ပြီးတစ်ပင် ခုတ်ပိုင်းချနေ၏။ သူသည် ချွေးများဖြင့် စိုရွှဲနေပြီး သူ၏ ခြေရင်းမှာ သစ်ကိုင်းများစွာ ပုံထပ်နေပြီဖြစ်သည်။

တကယ်ဆို ဆူဇီမိုသည် ဤတည်ငြိမ်အေးချမ်းမှုကို မဖြိုခွင်းလိုပေ။ သူသည် လယ်ကွင်းထဲရှိ လမ်းငယ်လေးအတိုင်း ခပ်ဖွဖွ လျှောက်လှမ်းလာရုံသာဖြစ်၏။

ကလေးတချို့က ဆော့ကစားနေပြီး တစ်ယောက်ကိုတစ်ယောက် ပြေးလိုက်နေကြ၏။

ကလေးတစ်ဦးသည် မိုးမမြင်လေမမြင်နှင့် ဆူဇီမိုထံသို့ ပြေးဝင်လာ၏။ သူက ဆူဇီမိုကို ဝင်တိုးပြီး အနည်းငယ် မူးဝေသွား၏။

“မင်း အဆင်ပြေရဲ့လား”

ဆူဇီမိုက မေးလိုက်သည်။

“ကျွန်တော်... ကျွန်တော် အဆင်ပြေပါတယ်”

ကလေးငယ်က ဦးညွှတ်ပြီး ပြောလိုက်၏။

“ကျွန်တော် တောင်းပန်ပါတယ်... တောင်းပန်ပါတယ်နော်”

ဆူဇီမိုက ပြုံးလိုက်သည်။

ဆူဇီမို၏အပြုံးကို တွေ့မြင်သောအခါ ကလေးက တစ်ဖက်သို့ လှည့်ထွက်ပြီး အခြားသော ကလေးများနှင့် ပြန်လည်ဆော့ကစားနေ၏။

လမ်းဘေးရှိ လယ်ကွင်းထဲမှာ လယ်ထွန်နေသည့် သက်လတ်ပိုင်းအရွယ် လယ်သမားတစ်ဦးက ဆူဇီမိုရှိရာဘက်သို့ ခေါင်းညိတ်ပြီး တောင်းပန်လိုသော အမူအရာဖြင့် ပြုံးပြလိုက်၏။

စောစောက ဆူဇီမိုကို ဝင်တိုးခဲ့သော ကလေးသည် သက်လတ်ပိုင်းအရွယ် လယ်သမားနှင့် ရုပ်ချင်းဆင်လေသည်။

ဆူဇီမိုကလည်း အသိအမှတ်ပြု ခေါင်းပြန်ညိတ်ပြလိုက်၏။

လမ်းတစ်လျှောက်မှာ ရွာထဲမှ လူများသည် သူ့လိုမျိုး အပြင်လူတစ်ယောက်အပေါ် မည်သည့်ရန်လိုစိတ် သို့မဟုတ် မည်သည့်စိုးရိမ်ပူပန်မှုမှ မရှိကြပေ။ သူတို့က ဖော်ရွေစွာဖြင့် ပြုံးပြတတ်ကြသည်။

အိမ်တစ်အိမ်၏ အထက်မှာ မီးခိုးများက လိပ်တက်ပြီး တံခါးများကို ဖွင့်ထားလေသည်။ ပြတင်းပေါက်ကနေတစ်ဆင့် အထဲမှာ ရစ်ဝဲနေသည့် မီးခိုးများကို မြင်တွေ့ရပြီး ဗလတောင့်တောင့်အမျိုးသားတစ်ဦးကိုပင် ခပ်ရေးရေး တွေ့မြင်နိုင်လေသည်။

ဆူဇီမိုက ထွက်ပေါ်လာသော အနံ့ကို ရှူရှိုက်လိုက်၏။

၎င်းသည် အင်မော်တယ်ဆေးလုံးများ သို့မဟုတ် စိတ်ဝိညာဉ်ဆေးဝါးများ၏ အနံ့မျိုး မဟုတ်ပေ။ ၎င်းသည် မော်တယ်လောကမှာ အရိုးရှင်းဆုံး ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသည့် စားသောက်ဖွယ်ရာတစ်ခု ဖြစ်သည်။

ဤသာမန်မီးခိုးနှင့် မီးသည် ရှင်းမပြတတ်စွာဖြင့် သူ၏ ရင်ကို တစ်နည်းတစ်ဖုံ လာထိလေသည်။

“ကဲ... စားဖို့ အချိန်ကျပြီ”

“ကောင်စုတ်လေး... ညစာစားဖို့ ပြန်လာခဲ့တော့ဟေ့”

ဗလတောင့်တောင့်အမျိုးသား၏ ခက်ကြမ်းကြမ်းအသံက အိမ်ထဲကနေ ထွက်ပေါ်လာသည်။

ဆူဇီမိုကလည်း ငေးငိုင်ရာကနေ သတိပြန်ကပ်လာ၏။

မလှမ်းမကမ်းမှာ ဆော့ကစားနေသည့် ကလေးတစ်ဦးသည် သူ၏ ကစားဖော်များကို ထားခဲ့ပြီး ခုန်ပေါက်ပြေးလွှားလာ၏။ သူ၏ ဗိုက်ထဲမှာ တကြုတ်ကြုတ်မြည်နေသော်လည်း သူ၏ မျက်နှာက ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေ၏။

“ဒါက ရွှမ်ဖျင်တောင်လား”

ကလေးငယ်သည် အနားက ဖြတ်သွားသောအခါ ဆူဇီမိုက သူ့ကို အလိုလိုလှမ်းမေးလိုက်၏။

ကလေးက လှည့်ကြည့်ပြီး မေးလိုက်၏။

“ဦးလေးကလည်း တောင်အကြီးအကဲဆီကနေ ဗဟုသုတရှာမှီးဖို့ ဒီကိုရောက်လာတာလား”

“တောင်အကြီးအကဲလား”

ဆူဇီမိုက မှင်တက်သွားသည်။

ကလေးက သူ၏ လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး သူ့မျက်လုံးနှစ်လုံး၏ ထောင့်စပ်များကို ဆွဲချလိုက်၏။ သူက ပြောင်စပ်စပ်မျက်နှာ လုပ်ပြပြီး ပြုံးပြလိုက်လေသည်။

“တောင်အကြီးအကဲက ဟိုနားက တောင်ခြေရင်းမှာ နေတယ်... သူက မျက်နှာရှည်ရှည်နဲ့ အဘိုးအိုတစ်ဦးပဲ... ဦးလေး သူ့ကိုတွေ့ရင် သိပါလိမ့်မယ်”

“ဟေး…”

အိမ်ထဲမှာရှိသော ဗလတောင့်တောင့်အမျိုးသားက ချက်ပြုတ်လို့ ပြီးစီးသွားခါစဖြစ်၏။ သူက အပြင်ဘက်မှ အသံကို ကြားသောအခါ လက်နှီးစုတ်တစ်စကိုကိုင်ပြီး သူ၏လက်မှာ ပေနေသည့် ဆီများကိုသုတ်ရင်း လှမ်းအော်ပြောလိုက်၏။

“ညီကို... မင်းငါတို့နဲ့အတူတူ လာမစားချင်ဘူးလား”

ဆူဇီမိုက ခဏမျှ မှင်တက်သွားပြီးနောက် ပြုံးပြလိုက်၏။

“အစ်ကို... ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်... ကျုပ်က ဆူဇီမိုပါ... ကျုပ်မှာ လုပ်စရာရှိသေးတယ်... ခင်ဗျားကို အနှောင့်အယှက်မပေးတော့ပါဘူး”

“မင်းက လူတစ်ယောက်ကို ရှာဖို့ ရောက်လာတာမလား”

ဗလတောင့်တောင့်အမျိုးသားက မေးလိုက်လေသည်။

ဆူဇီမို ပြန်မဖြေခင် ဗလတောင့်တောင့်အမျိုးသားက ခပ်လှမ်းလှမ်းကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒီဘက်ကို သွားကြည့်လိုက်”

ဆူဇီမိုက အံ့အားသင့်ကာ ကျေနပ်သဘောကျသွား၏။

ဗလတောင့်တောင့်အမျိုးသားက သူ၏ ရည်ရွယ်ချက်ကို သိရှိနေလေသည်။

သို့သော်လည်း ဗလတောင့်တောင့်အမျိုးသား ညွှန်ပြသည့်ဘက်မှာ တောင်အကြီးအကဲ ရှိသလား သို့မဟုတ် တျဲယွဲ့ ရှိနေသလား သူ မသိပေ။

ဆူဇီမိုက ဆက်လက်၍ မမေးမြန်းရခင် ဗလတောင့်တောင့်အမျိုးသားက ကလေးငယ်ကို အိမ်ထဲသို့ ခေါ်သွင်းပြီး စားပွဲမှာ ထိုင်ကာ အားရပါးရ စားသောက်နေကြပြီဖြစ်၏။

ဆူဇီမိုက အနည်းငယ် မအီမသာဖြစ်နေသော်လည်း သူက ထိုဘက်အရပ်သို့ လျှောက်လှမ်းသွားဆဲဖြစ်၏။

ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူက တုန်လှုပ်သွားပြီး ရုတ်တရက် ငေးငိုင်ရာကနေ သတိပြန်ကပ်လာ၏။

လမ်းတစ်လျှောက် သူတွေ့ခဲ့သော လူတချို့... သူတို့၏ ကျင့်ကြံမှုနယ်ပယ်များသည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်မှာ ရောက်ရှိနေလောက်လေပြီ။ သူတို့အားလုံးက အဓိပတိသာလွန်သူပညာရှင်များ ဖြစ်ကြသည်။

စမ်းချောင်းဘေးမှာ ငါးမျှားနေသောသူ၊ တောအုပ်ထဲက သစ်ခုတ်သမား၊ လယ်ကွင်းထဲမှာ လယ်ထွန်နေသည့် လယ်သမားနှင့် စောစောက ဗလတောင့်တောင့်အမျိုးသားကပင်...။

သို့သော်လည်း ဤလူများသည် သူတို့၏ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်းကျနေပြီးသားဖြစ်၏။

မြင်မြင်ချင်းမှာ သူတို့ကို သာမန်လယ်သမားများ သို့မဟုတ် သာမန်သစ်ခုတ်သမားများဟု မှတ်ယူမိပေလိမ့်မည်။

စဉ်းစားတွေးတောရင်း ဆူဇီမိုက သူ၏ ခြေလှမ်းကို မရပ်တန့်လိုက်ပေ။ သိပ်မကြာခင် ရင်းနှီးနေပုံရသော ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုက ရှေ့ကနေ ထွက်ပေါ်လာ၏။

ဤသည်မှာ မက်မွန်ပွင့်များ၏ မွှေးရနံ့ဖြစ်သည်။

ဆူဇီမိုက မော့ကြည့်လိုက်၏။

မလှမ်းမကမ်း တောင်ခြေရင်းမှာ မက်မွန်ပင်များက တစ်ပင်ပြီးတစ်ပင် စီတန်းကာ ပေါက်နေ၏။ ထိုအခိုက်အတန့်မှာ မက်မွန်ပွင့်များက အပြည့်အဝ ဖူးပွင့်နေပြီး လိပ်ပြာများစွာက ပန်းပွင့်များကြားမှာ ကူးလူးယှက်ဖြာနေ၏။

သွေးနီရောင်ဝတ် အမျိုးသမီးတစ်ဦးသည် မက်မွန်ပင်တစ်ပင်ကို မှီထားလေသည်။ သူမ၏ ခန္ဓာကိုယ်ကို တစ်ဝက်လျှောချထားပြီး သူမ၏ သေးသွယ်သော ခြေတံများကို သစ်ကိုင်းတစ်ကိုင်းပေါ်မှာ သာမန်ကာလျှံကာ တင်ထားသည်။ သူမသည် မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူနေပြီး သူမ၏ အနက်ရောင်ဆံပင်များကို ပုခုံးပေါ်မှာ ဖြန့်ချထား၏။ သူမမှာ လွတ်လပ်ပေါ့ပါးသော အမူအရာတစ်ခု ရှိနေပြီး တစ်မူထူးခြားစွာ ညှို့ငင်ဖမ်းစားနိုင်နေ၏။

ဤသည်မှာ လိပ်ပြာများ ခြံရံထားသည့် တောက်ပခန့်ညားသော ချောမောလှပမှုတစ်ခု ဖြစ်လေသည်။

အခန်း ၃၃၂၀ - ဆူတျဲ

ဆူဇီမိုသည် သွေးနီရောင်ဝတ်အမျိုးသမီးကိုကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။ သူက ငေးငိုင်သွားပြီး ဤမြင်ကွင်းက အစစ်အမှန်လား ထင်ယောင်ထင်မှားတစ်ခုလား မသိတော့ပေ။

သူတို့နှစ်ယောက် ခွဲခွာခဲ့သည်မှာ နှစ်ပေါင်းရှစ်သောင်းကျော် ကြာသွားခဲ့ပြီဖြစ်သည်။

တျဲယွဲ့သည် ပင်ယန်းမြို့မှာတုန်းက လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး ထွက်ခွာသွားတုန်းကနှင့်မတူဘဲ သူတို့နှစ်ယောက်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သေကွဲကွဲကာ ခွဲခွာခဲ့ရလေသည်။

တကယ်ဆို မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် သူသည် တျဲယွဲ့ကို နောက်တစ်ဖန်ပြန်လည်မြင်တွေ့နိုင်ပါ့မလားပင် မသိခဲ့ရပေ။

သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းသည့်အခါ တျဲယွဲ့က မည်ကဲ့သို့သောပုံစံရှိနေမလဲ။

ထိုအခိုက်အတန့်မှသာ တျဲယွဲ့သည် သူနေ့နေ့ညည စဉ်းစားတွေးတောနေသည့် တူညီသောလူအဖြစ် ရှိနေဆဲဖြစ်သည်ကို သူက နားလည်သိရှိလိုက်၏။ တကယ်ဆို သူမသည် ယခင်ကထက်ပင် ပိုမိုငယ်ရွယ်သည့်ပုံပေါ်လာ၏။

သူမ၏ လွတ်လပ်ပေါ့ပါးသော မျက်နှာပေါ်တွင် မိန်းကလေးဆန်သည့် ကနွဲ့ကလျအငွေ့အသက်တစ်ခုပါ ထပ်ရှိလာ၏။

ဆူဇီမိုသည် သူ့ရှေ့မှာ တျဲယွဲ့သေဆုံးသွားသည်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။

ထိုစိတ်ပျက်အားငယ်မှု၊ ဘာမှမတတ်နိုင်မှုနှင့် နာကျင်မှုသည် သူ့ကို သေချင်စိတ်ပေါက်စေခဲ့၏။

သူသည် မိတ်ဆွေဟောင်းများနှင့် အိမ်ရာကို ပစ်ထားပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် တစ်ယောက်တည်း လှည့်ပတ်သွားလာခဲ့သည်မှာ သူ၏ ရင်ထဲရှိ နာကျင်မှုများကို ပြေလျော့စေနိုင်ဖို့ဖြစ်၏။ သို့သော်လည်း သူ့အနေဖြင့် ထိုနာကျင်မှုကနေ ရုန်းထွက်ဖို့ ခက်ခဲနေဆဲဖြစ်၏။

စောစောက တျဲယွဲ့ကို တွေ့မြင်သည့်ခဏမှာပင် သူ၏ နာကျင်မှုများအားလုံးက ပျောက်ကွယ်သွား၏။

သူ၏ ရင်ထဲမှာ အဆုံးမဲ့ ဝမ်းသာပျော်ရွှင်မှုသာလျှင် ရှိတော့သည်။

ဆူဇီမို၏ မျက်လုံးက နီရဲလာပြီး သူက လုံးဝအကြည့်မလွှဲနိုင်ပေ။ သူသည် တျဲယွဲ့ကို ငေးငိုင်စွာသာကြည့်နေပြီး သူမကို အနှောက်အယှက်ပင် မပေးရက်ပေ။

မသိလိုက်မသိဘာသာအချိန်တစ်ခု ကြာသွားပြီးနောက်…။

ရုတ်တရက် သွေးနီရောင်ဝတ်အမျိုးသမီးက ညင်သာစွာနှာတစ်ချက်မှုတ်ပြီး ပြောလိုက်၏။

“ရှင်ကျွန်မကို ကြည့်နေတာ တော်တော်ကြာပြီနော်… အဲဒါ ရိုင်းတယ်”

ထိုသို့သူမပြောလိုက်စဉ် သွေနီရောင်ဝတ်အမျိုးသမီးသည် သူမ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဆူဇီမိုရှိရာဘက်သို့ ကြည့်လိုက်၏။

“အမ်…”

သွေးနီရောင်ဝတ်အမျိုးသမီးက ဆူဇီမို၏ အမူအရာကို တွေ့မြင်သောအခါ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူမ၏ လှပသောမျက်လုံးထဲတွင် အပြုံးတစ်ခုပေါ်ထွက်လာ၏။

“ရှင်က တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ… ကျွန်မရှင့်ကို နည်းနည်းလေး အော်ငေါက်လိုက်တာနဲ့ အဲလောက်ထိ စိတ်ထိခိုက်ခံစားသွားတာလား… ကြည့်ပါဦး မျက်လုံးတွေတောင် နီရဲလာပြီ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မအီမသာခံစားလာရ၏။ သူက ရှေ့သို့ အလောတကြီးလျှေက်လှမ်းပြီး မက်မွန်ပင်အောက်သို့ ရောက်ရှိလာကာ တုန်ယင်နေသောအသံဖြင့်မေးလိုက်၏။

“တျဲယွဲ့… မင်းငါ့ကို မမှတ်မိတော့ဘူးလား”

“ကျွန်မ ရှင့်ကို ဘာလို့မှတ်မိရမှာလဲ”

သွေးနီရောင်ဝတ်အမျိုးသမီးက ဆူဇီမိုကို ခဏကြာစိုက်ကြည့်ပြီးနောက် ခေါင်းခါပြလိုက်၏။

တျဲယွဲ့က သူ့ကို စနောက်နေခြင်းဟုတ်ပုံမရသည်ကို ဆူဇီမိုတွေ့မြင်သောအခါ သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ မျက်နှာက အတော်လေး ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

အရင်တုန်းက ဧကရီဆိုးယုတ်ပြောခဲ့သည့် စကားလုံးများက သူ၏ စိတ်ထဲမှာ ပြန်လည်ပေါ်ထွက်လာ၏။

“သူက မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုကို ရရှိမှာနော်… ပြန်လည်မွေးဖွားမှာ မဟုတ်ဘူး”

“ဘဝသစ်ဆိုတာက… ဒီဘဝအငွေ့အသက်တွေအားလုံးက ပျောက်ကွယ်သွားမယ်ဆိုတဲ့ သဘောပဲ”

“သူက မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုကို ရရှိမယ်ဆိုရင် သူက မျိုးနွယ်စုတစ်သောင်းထဲက ဘယ်မျိုးနွယ်မဆို ဖြစ်လာနိုင်တယ်… သူက နောက်တစ်ခါထပ်ပြီး ကျင့်ကြံမယ်ဆိုရင်တောင် နင်အပါအဝင် ဒီဘဝမှာရှိတဲ့အရာရာတိုင်းကို မေ့ပျောက်သွားလိမ့်မယ်”

နောက်ဆုံးမှာတော့ ဧကရီဆိုးယုတ်ပြောခဲ့သည့်စကားက မှန်နေခဲ့သည်။

သူတို့နှစ်ယောက်သည် ပြန်လည်ဆုံစည်းသော်လည်း သူမက သူ့ကို မသိရှိတော့ပေ။

ဆူဇီမိုက ရင်ထဲမှာ နာကျင်ကိုက်ခဲသွားသည်။

စောစောက ဖြစ်ပေါ်လာသော ဝမ်းသာပျော်ရွှင်မှုက သိသိသာသာ ပျက်ပြယ်သွားလေသည်။

ထိုစဉ်မှာပင် သွေးနီရောင်ဝတ်အမျိုးသမီးက ဆက်ပြောလိုက်၏။

“နောက်ပြီး ကျွန်မနာမည်က တျဲယွဲ့မဟုတ်ဘူး… ဆူတျဲပဲ”

ဆူဇီမိုက ခဏမျှမှင်တက်သွားပြီး မေးလိုက်၏။

“မင်းရဲ့မျိုးရိုးနာမည်က ဘာလို့ဆူဖြစ်နေတာလဲ… အဲဒီနာမည် မင်းကိုဘယ်သူပေးထားတာလဲ”

“ကိုယ့်ဘာသာကိုယ်ပေးထားတာလေ”

ထိုအကြောင်းကိုပြောဆိုချိန်မှာ သွေးနီရောင်ဝတ်အမျိုးသမီး၏ မျက်ဝန်းထဲမှာ အူမြူးအားရမှုအကြည့်တစ်ခု ပေါ်ထွက်လာ၏။

“ကျွန်မကို မွေးတုန်းက လိပ်ပြာတစ်အုပ်စုက ချီးမြှောက်ပေးခဲ့တယ်… ကျွန်မပထမဆုံးပြောခဲ့တဲ့စကားက ‘ဆူ’ပဲ… ကျွန်မပထမဆုံးမှတ်မိတဲ့စာလုံးကလည်း ‘ဆူ’ပဲ”

“သူက ကျွန်မရဲ့အရင်ဘဝမှာ အရမ်းကိုအထင်ကြီးစရာကောင်းတဲ့လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ ခန့်မှန်းမိတယ်… ‘ဆူ’ ဆိုတဲ့စကားလုံးက ကျွန်မအတွက် အဲလောက်ထိ အရေးပါနေတယ်ဆိုမှတော့ ကျွန်မရဲ့ မျိုးရိုးနာမည်က ဆူဖြစ်သွားတာပေါ့”

သွေးနီရောင်ဝတ်အမျိုးသမီးက စကားပြောလို့မဆုံးသေးခင် ဆူဇီမို၏ မျက်လုံးများက နီရဲလာပြီး သူ၏ မျက်နှာပေါ် မျက်ရည်များစီးကျလာသည်ကို သူမက တွေ့မြင်လိုက်ရ၏။

ဘဝတစ်ခုမှာ ပြန်လည်ဝင်စားပြီးနောက် တျဲယွဲ့သည် သူမ၏ ယခင်ဘဝနှင့်ပတ်သက်သည့်အရာရာတိုင်းနှင့် သူမကိုယ်သူမပင် မေ့ပျောက်လုနီးပါးဖြစ်သွားခဲ့လေပြီ။

သို့သော်လည်း သူမသည် သူနှင့်ပတ်သက်၍ လုံးလုံးလျားလျား မေ့ပျောက်မသွားခဲ့ပေ။

သွေးနီရောင်ဝတ်အမျိုးသမီးသည် အထိန်းအကွပ်မဲ့စွာငိုယိုနေသည့်ဆူဇီမိုကို မက်မွန်ပင်ပေါ်ကနေ ငုံ့ကြည့်နေ၏။ သူမက ရင်တစ်ချက်ထိတ်သွားပြီး ရင်ထဲမှာ ဖော်မပြတတ်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သွေးနီရောင်ဝတ်အမျိုးသမီးက သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး အတန်ကြာအောင် နှုတ်ဆိတ်နေ၏။ ရုတ်တရက် သူမက မက်မွန်ပင်ပေါ်ကနေ လျှောဆင်းပြီး ဆူဇီမိုရှေ့သို့ ရောက်ရှိလာကာ ညင်သာစွာ မေးလိုက်၏။

“ရှင့်နာမည်က ဘယ်သူလဲ”

“ငါ့နာမည်က ဆူဇီမို…”

ဆူဇီမို၏ မျက်လုံးများက ငိုကြွေးခြင်းဖြင့် နီရဲနေပြီး သူက ညင်သာစွာပြန်ပြောလိုက်၏။

“ဪ… ဟုတ်လား”

သွေးနီရောင်ဝတ်အမျိုးသမီးက သာမန်ကာလျှံကာပုံစံဖြင့် ပြန်ဖြေလိုက်၏။

ဆူဇီမိုက သူ့မျက်နှာပေါ်မှ မျက်ရည်များကို သာမန်ကာလျှံကာသုတ်ဖယ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏။

“မိန်းမပျိုတျဲ… ငါမင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြချင်တယ်… မင်းနားထောင်ချင်လား”

“အဲဒါကတော့ ရှင်ဘယ်လောက်အပြောကောင်းလဲဆိုတဲ့အပေါ် မူတည်တာပေါ့”

သွေးနီရောင်ဝတ်အမျိုးသမီးက ညင်သာစွာပြုံးပြလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကြိုးစားဣန္ဒြေဆယ်ကာ ပြန်ပြောင်းအောက်မေ့သောအမူအရာတစ်ခုကို ထုတ်ဖော်ပြီး ညင်သာစွာပြောလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပင်ယန်းမြို့လို့ခေါ်တဲ့ မြို့ငယ်လေးတစ်မြို့ရှိတယ်”

“အဲဒီမြို့လေးမှာ သူ့ကိုယ်ပိုင်ဂေဟာတစ်ခုရှိတဲ့… စာပေပညာရှင်လေးတစ်ဦးရှိတယ်… အဲဒီခြံဝန်းထဲမှာလည်း ဒီမက်မွန်ပင်လိုပဲ မက်မွန်ပင်တစ်ပင်ရှိတယ်…”

ထိုသို့ပြောရင်း ဆူဇီမိုသည် ဘေးမှာရှိသော မက်မွန်ပင်ကို လက်ညှိုးထိုးပြလိုက်၏။

မည်သို့ပင်ဆိုစေ တျဲယွဲ့က ကိစ္စတချို့ကို မှတ်မိနေဆဲဖြစ်၏။

ထိုသို့မဟုတ်လျှင် သူမ၏ ဂေဟာအနီးနားမှာ ဤမက်မွန်ပင်များကို စိုက်ထားလိမ့်မည်မဟုတ်ပေ။

ပင်ယန်းမြို့မှ အချိန်ကာလအပိုင်းအခြားသည် တျဲယွဲ့၏ ရင်ထဲမှာ နက်ရှိုင်းသော ထင်မြင်ချက်တစ်ခု ကျန်ရစ်ခဲ့စေလိမ့်မည်ဟု ဆူဇီမိုက ယုံကြည်ထားသည်။ သူသည် ဤအကြောင်းအရာများကို အသုံးချကာ တျဲယွဲ့၏ ယခင်ဘဝမှတ်ဉာဏ်များကို နိုးထလာစေနိုင်ဖို့ မျှော်လင့်ထားလေသည်။

ဆူဇီမိုက ဆက်ပြောလိုက်သည်။

“စာပေသမားရဲ့ နေ့စဉ်ဘဝက ရိုးရှင်းတယ်… သူက စာဖတ်လိုက် စာရေးလိုက်နဲ့ပဲ ဘဝကို ဖြတ်သန်းနေတယ်… တစ်နေ့မှာတော့ သူက အပြင်ဘက်မှာသွားလာရင်း ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်နေတဲ့ အနီရောင်ဝတ်ရုံဝတ်အမျိုးသမီးတစ်ဦးနဲ့ ကြုံတွေ့ခဲ့တယ်… သူက သူမကို ကယ်တင်ပေးပြီးတဲ့နောက်…”

သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံစဉ်က တျဲယွဲ့သည် သူ့အတွက် လက်ဆောင်သုံးခု ချန်ပေးထားခဲ့လေသည်။ ထို့နောက် သူသည် အဆက်မပြတ်ကျင့်ကြံပြီး သူမ၏ ခြေလှမ်းများနောက်သို့ လိုက်ခဲ့၏။ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိပြီးနောက် သူတို့နှစ်ယောက်က နောက်ဆုံးမှာ ပြန်လည်ဆုံစည်းခဲ့သည်။

ထိုစဉ်တုန်းက သူတို့နှစ်ယောက်သည် လောကမှာ လက်ချင်းတွဲကာ အတူတိုက်ခိုက်ပြီး ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးခဲ့လေသည်။ နောက်ဆုံးမှာတော့ တျဲယွဲ့သည် ဗြဟ္မာတစ္ဆေမိခင်၏ လက်ထဲမှာ သေခဲ့ရသည်။

ဤဇာတ်လမ်းက အလွန်တရာရှည်လျားလေသည်။

ဆူဇီမိုသည် သူ၏ မှတ်ဉာဏ်များမှာ နစ်မျောသွားပြီး မသိလိုက်မသိဘာသာနှင့် သူသည် သုံးရက်သုံးညကြာအောင် ထိုဇာတ်လမ်းကို ပြန်ပြောပြနေခဲ့သည်။

ဤမျှအချိန်ကြာပြီးတာတောင် သွေးနီရောင်ဝတ်အမျိုးသမီး၏ မျက်နှာပေါ်တွင် မည်သည့်စိတ်မရှည်နိုင်မှုမှ ပေါ်ထွက်မလာသည်ကို သူက သတိမထားမိပေ။ သူမသည် ကြားဝင်မေးမြန်းခြင်းမရှိဘဲ သူပြောသည်ကို တိတ်တဆိတ်နားထောင်နေ၏။

သူသည် စိတ်ခံစားချက်မြင့်မားသောအပိုင်းများကို ပြောဆိုသည့်အခါ သွေးနီရောင်ဝတ်အမျိုးသမီး၏ မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့သောအကြည့်တစ်ခုပေါ်ထွက်လာပြီး သူ့ကိုစိုက်ကြည့်နေတတ်၏။

ဇာတ်လမ်းတစ်ခုလုံး ပြောပြပြီးနောက် ဆူဇီမိုသည် သူ၏ ငေးငိုင်ရာကနေ သတိပြန်ကပ်လာပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“တော်တော်ကောင်းတဲ့ဇာတ်လမ်းပဲ”

သွေးနီရောင်ဝတ်အမျိုးသမီးက ပေါ့ပါးစွာပြုံးလိုက်၏။

“အဲဒီဇာတ်လမ်းထဲက စာပေသမားက ရှင်ဖြစ်ပြီး သွေးနီရောင်ဝတ်အမျိုးသမီးက ကျွန်မရဲ့ယခင်ဘဝဖြစ်တယ်လို့ ရှင်က ပြောချင်နေတာလား”

“မင်း… ငါပြောတာကို မယုံဘူးလား”

သူသည် သူမ၏ ယခင်ဘဝနှင့်ပတ်သက်သည့် အရာရာတိုင်းကို ပြောပြပြီးတာတောင် ထူးခြားလာလိမ့်မည်မဟုတ်ဟု သူက ထင်မှတ်မထားခဲ့ပေ။ သူက စိတ်ထဲမှာ မွန်းကျပ်လာ၏။

သူ၏စိတ်ထဲ အတွေးတစ်ခုပေါ်ထွက်လာပြီး သူက သိုလှောင်အိတ်ထဲကနေ ပန်းချီကားတစ်ချပ်ကို အလောတကြီးထုတ်ယူကာ သွေးနီရောင်ဝတ်အမျိုးသမီး၏ရှေ့မှာ ၎င်းကို ဖြန့်ပြလိုက်၏။

ပန်းချီကားထဲမှာ လူနှစ်ယောက်ကို ရေးဆွဲထားလေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး။

အမျိုးသားမှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံနှင့် တောက်လောင်ပြင်းပြသောအကြည့်ရှိလေသည်။ ထိုသူက ဆူဇီမိုဖြစ်သည်။

အမျိုးသမီး၏‌ သွေးနီရောင်ဝတ်ရုံက မြေပြင်မှာတိုက်နေပြီး သူမသည် လောကကို အထက်စီးကနေကြည့်နေ၏။ ထိုသူက တျဲယွဲ့ဖြစ်သည်။

ဤပန်းချီကားကို သူတက်လှမ်းမလာခင် ပန်းချီအင်မော်တယ်မိုချင်က သူ့အားပေးခဲ့ခြင်းဖြစ်သည်။

“မိန်းမပျိုတျဲ… ကြည့်ပါဦး...”

ဆူဇီမိုက ပန်းချီကားထဲမှ လူနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။

“ဒါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မိတ်ဆွေဟောင်းတစ်ဦး ငါ့ကိုပေးခဲ့တဲ့ ပန်းချီကားပဲ… ပန်းချီကားထဲကလူတွေက ငါတို့မဟုတ်ဘူးလား”

သွေးနီရောင်ဝတ်အမျိုးသမီးက ပန်းချီကားကို တစ်ချက်ကြည့်ပြီး သူမ၏ အကြည့်က ပန်းချီကား၏ ညာဘက်အောက်ထောင့်မှ သေးငယ်သောစာလုံးများအပေါ် ရောက်ရှိသွားလေသည်။

သူမက ညင်သာစွာဖတ်လိုက်၏။

“ဂျူနီယာမောင်ဆူ… နင်သူ့ကို တတ်နိုင်သမျှမြန်မြန်ရှာတွေ့ပြီး နင်တို့ဘဝရဲ့ ကျန်တဲ့အချိန်တွေကို အတူတကွဖြတ်သန်းနိုင်ကြဖို့ ငါမျှော်လင့်တယ်”

သွေးနီရောင်ဝတ်အမျိုးသမီးသည် ထိုစာလုံးများကို ကြည့်ပြီး ပန်းချီကားထံမှ ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုကို ရှူရှိုက်မိလိုက်၏။

ရုတ်တရက် သူမက မေးလိုက်သည်။

“ဒါ… ရှင့်ကို အမျိုးသမီးတစ်ယောက်ပေးထားတာမလား”

“အင်း”

ဆူဇီမိုက အလိုလိုခေါင်းညိတ်ပြလိုက်၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ရဲ့ ပန်းချီအင်မော်တယ် စီနီယာအစ်မမိုချင်လေ”

“စီနီယာအစ်မမိုချင်တဲ့လား… ရှင် သူ့အကြောင်းပြောတာ ကျွန်မအရင်က ဘာလို့မကြားဖူးခဲ့တာလဲ”

သွေးနီရောင်ဝတ်အမျိုးသမီးက ဆူဇီမိုကိုစိုက်ကြည့်ပြီး ဟန်လုပ်အပြုံးတစ်ခုနှင့်အတူ မေးလိုက်၏။

“အဲဒါ ငါက…”

ဆူဇီမိုက ခဏမျှငိုင်ကျသွား၏။

“စောစောက သူ၏ ဇာတ်လမ်းမှာ သူသည် တျဲယွဲ့ကို သူဘယ်လောက်လွမ်းဆွတ်သတိရကြောင်း များစွာပြောဆိုခဲ့လေသည်။ သူသည် အခြားသူများအကြောင်းကို တတ်နိုင်သမျှ ကျော်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ ငေးငိုင်ရာကနေ သတိပြန်ကပ်လာ၏။ သူက စိတ်ခံစားချက်မြင့်တက်လာသော အမူအရာတစ်ခုနှင့်အတူ တျဲယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်ကာ ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ သူက ရှေ့သို့တက်လှမ်းပြီး တျဲယွဲ့၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ တုန်ယင်နေသော အသံဖြင့်မေးလိုက်၏။

“မင်း… မင်း မှတ်မိသွားပြီမလား”

တျဲယွဲ့၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အမူအရာတစ်ခု ပေါ်ထွက်လာပြီး သူမက ရုန်းမထွက်ပေ။ သူမက ဆူဇီမိုကို နူးညံ့စွာကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမို၏ နှလုံးက ပေါက်ကွဲထွက်တော့မည်မတတ်ဖြစ်ပြီး သူ၏ သွေးများက ဆူပွက်လာလေသည်။ သူက အလောတကြီးမေးလိုက်၏။

“ဘယ်အချိန်တုန်းကလဲ”

“ရှင်းစပြီးငိုနေတုန်းကပဲ”

တျဲယွဲ့က သူ၏ နှုတ်ခမ်ကိုစေ့ကာ ပြုံးလိုက်၏။

ဆူဇီမို၏ အမူအရာက ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။

သို့သော်လည်း သူက စိတ်ထဲမှာ အရမ်းကို ဝမ်းသာပျော်ရွှင်အားရနေ၏။

သူငိုခဲ့စဉ်က သူသည် ထိုဇာတ်လမ်းကိုပင် မပြောရသေးပေ။

ဆူဇီမိုက မေးလိုက်၏။

“ဒါဆို မင်းဘာလို့ စောစောက အဲဒါကို မပြောခဲ့တာလဲ… မင်းငါ့ကို…”

တျဲယွဲ့က ညင်သာစွာပြောလိုက်၏။

“ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်မတွေ့ရတာ အရမ်းကိုကြာခဲ့ပြီ… ရှင် သုံးရက်သုံးည စကားပြောတာကို နားထောင်ပြီးတာတောင် အဲဒါက မလုံလောက်သေးဘူးလို့ ကျွမ်မခံစားနေရတယ်”

ဆူဇီမိုက ထိုစကားကိုကြားသောအခါ ရင်ထဲမှာ နွေးထွေးသွား၏။ သူက တျဲယွဲ့ကို ရင်ခွင်ထဲသို့ဆွဲသွင်းပြီး ပွေ့ဖက်လိုက်လေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာပွေ့ဖက်ထားကြ၏။ သူတို့နှစ်ယောက်က ထပ်မံ၍ ခွဲခွာရမည်ကို စိုးရိမ်နေသည့်အလားပင်။

ဤတစ်ခေါက်မှာ မည်သူကမှ သူတို့ကို မခွဲနိုင်တော့ဘူးဆိုတာကို သူတို့နှစ်ယောက် သိရှိထားကြသည်။

All Chapters