← Chapters

အခန်း (၁၂၀)

Vol. 10 Ch. 120

အခန်း (၁၂၀)

Vol. 10 Ch. 120

လူအုပ်ကြီးမှာ မျက်လုံးအပြူးသားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်နှာများသည်လည်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် တစ်နေကုန် ထိုလမ်းကြောင်းအတိုင်း လျှောက်လာခဲ့သော်လည်း အစပြုရာ နေရာသို့ပင် ပြန်လည် ရောက်ရှိနေသောကြောင့်ပင် ဖြစ်သည်။ ဤသည်မှာ ဘယ်လောက်တောင်မှ ထူးခြားဆန်းကြယ်သည့် အဖြစ်အပျက်ပေနည်း။

"ဒီလိုဖြစ်တာက သရဲလုပ်တာပဲ ဖြစ်ရမယ်" တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

"ငါတို့တွေ မကောင်းဆိုးဝါးနဲ့ တွေ့နေရပြီ၊ ဒီနေရာမှာ တစ္ဆေ ရှိတယ်"

တစ်ခြားတစ်ယောက်က တုန်လှုပ်စွာဖြင့် မေးလိုက်သည်- "အာရှန်နဲ့ အာချန်တို့လည်း ဒီလိုမျိုး တစ္ဆေတွေနဲ့ တွေ့ခဲ့လို့များလား၊ အခု ငါတို့ အလှည့်များ ရောက်နေပြီလား"

လူအုပ်ကြီးသည် အလွန်တုန်လှုပ်ခြောက်ခြားပြီး အော်ဟစ်နေကြသည်။ ထိုအချိန်တွင် ကိုးရောက်မြောက်မင်းသား ကိုယ်တော်တိုင်ပင် စိတ်တည်ငြိမ်စွာ မနေနိုင်တော့ပေ။ ရိုးရှင်းသော ခရီးတစ်ခုသည် ဤမျှ ထူးဆန်းသော အဖြစ်အပျက်များဆီသို့ ဦးတည်လိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သူ၏ ရင်ထဲ၌ ကြောက်မက်ဖွယ် အတွေးတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်- 'ငါတို့ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကောင်နဲ့များ တွေ့ကြုံနေရတာများလား'

သူသည် သူ၏ တစ်ဦးတည်းသော အားကိုးရာဖြစ်သော အနီးရှိ သက်တော်စောင့် အကြီးအကဲကို မလွှဲသာဘဲ လှည့်ကြည့်လိုက်မိသည်။

အဘိုးအိုက ရှေ့သို့ တစ်လှမ်းတိုးလာပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်- "အားလုံး စိတ်မလှုပ်ရှားကြပါနဲ့။ ဒီလောကမှာ တစ္ဆေဆိုတာ လုံးဝ မရှိဘူး။ ကျုပ် သိုင်းလောကထဲမှာ ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့ပြီး လူအမြောက်အမြားကို သတ်ခဲ့ဖူးပေမယ့် တစ္ဆေနဲ့ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး"

"ငါတို့ အခု ရင်ဆိုင်နေရတာဟာ သဘာဝအတိုင်းဖြစ်လာတဲ့ ဒါမှမဟုတ် လူလုပ်ထားတဲ့ ထူးခြားဆန်းကြယ်တဲ့ အစီအရင် တစ်မျိုးမျိုး ဖြစ်နိုင်တယ်၊ ဒါပေမယ့် တစ္ဆေတော့ လုံးဝ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ပိုကြောက်အောက် လျှောက်မတွေးနေကြနဲ့"

ကိုးရောက်မြောက်မင်းသားကလည်း ချက်ချင်းဆိုသလို- "အားလုံးပဲ အကြီးအကဲမူရဲ့ စကားကို နားထောင်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကြပါ"

ထိုနှစ်ဦး၏ နှစ်သိမ့်စကားတို့ကြောင့် လူအုပ်သည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့ကြသည်။ ကိုးရောက်မြောက်မင်းသားက- "အကြီးအကဲမူ၊ ဒါက တကယ်ပဲ အစီအရင်တစ်ခုလား"

အဘိုးအိုက လေးနက်စွာဖြင့် ခေါင်းညိတ်ကာ- "ဖြစ်နိုင်ခြေ အရမ်းများတယ်။ လူလုပ်ထားတာ ဖြစ်ဖို့ကလည်း ဖြစ်နိုင်ချေ အလွန်များတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝအတိုင်း ဖြစ်ခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တခြားသူတွေ တွေ့ရှိခဲ့ပြီးသား ဖြစ်မှာပဲ၊ ပြီးတော့ ဒီနေရာမှာ လမ်းတွေလည်း ရှိနေမှာ မဟုတ်ဘူး"

"အကြီးအကဲမူ ပြောတာ အရမ်းကို အဓိပ္ပာယ်ရှိတယ်။ ဒါဆိုရင် ဒီအစီအရင်ထဲကနေ ဘယ်လို ထွက်မလဲ" ဟု ကိုးရောက်မြောက်မင်းသားက မေးလိုက်သည်။

"အစီအရင်တွေနဲ့ ပတ်သက်လို့တော့ ကျုပ်လည်း နားမလည်ဘူး။ ဒါပေမယ့် တစ်ခုတော့ သိတယ်။ ဒီအစီအရင်ကို တည်ဆောက်တဲ့သူကို ရှာနိုင်မယ်ဆိုရင်တော့ ဒီထောင်ချောက်ကနေ လွတ်မြောက်ပြီး ဒီအစီအရင်ကို ဖြေရှင်းနိုင်မှာ သေချာတယ်"

ထိုအချိန် စကားပြောနေစဉ်မှာပင် အကြီးအကဲမူ၏ နားရွက်များ လှုပ်ရှားသွားပြီး သူသည် ရုတ်တရက် သစ်တောထဲသို့ ပြေးဝင်သွားလိုက်သည်။

"အကြီးအကဲမူ၊ ဘယ်ကိုသွားတာလဲ" ဟု ကိုးရောက်မြောက်မင်းသားက အော်ခေါ်လိုက်သည်။

"လူတစ်ယောက်ကို တွေ့လိုက်လို့၊ အစီအရင်ကို တည်ဆောက်တဲ့သူ ဖြစ်နိုင်ချေ အရမ််းများတယ်။ သူ့ကို ဖမ်းပြီး ပြန်ခေါ်လာခဲ့မယ်"

"ဒါပေမယ့် ကျုပ်ကိုရော ဘယ်လိုလုပ်မလဲ" ဟု ကိုးရောက်မြောက်မင်းသားက ထပ်မံ အော်ခေါ်လိုက်သည်။

"အရှင်မင်းသား စိတ်မပူပါနဲ့၊ ခဏလေးနဲ့ ပြန်လာခဲ့ပါမယ်"

ထိုအကြီးအကဲ ပျောက်ကွယ်သွားသောအခါ ကိုးရောက်မြောက်မင်းသားသည် အနည်းငယ် ကူရာမဲ့နေသော်လည်း "လူတိုင်း၊ ဒီမှာပဲ ခဏအနားယူကြမယ်။ အကြီးအကဲမူ ပြန်လာတာနဲ့ ဒီဒုက္ခကနေ ငါတို့ လွတ်မြောက်နိုင်လိမ့်မယ်" ဟု ပြောကာ လူအုပ်ကို နှစ်သိမ့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အရှင်မင်းသား"

သို့သော် တစ်နာရီကြာအောင်ပင် စောင့်ဆိုင်းခဲ့သော်လည်း အကြီးအကဲမူ ပြန်ရောက်မလာသေးပေ။ ကိုးရောက်မြောက်မင်းသားနှင့် အခြားသူများ စတင် ထိတ်လန့်လာကြသည်။

"တစ်နာရီတောင် ကျော်နေပြီ၊ အကြီးအကဲမူက ခုထိ မပြန်လာသေးဘူး။ သူ့မှာ တစ်ခုခုများ ဖြစ်နေတာလား"

"လျှောက်မပြောနဲ့။ အကြီးအကဲမူက အင်ပါယာချီအဆင့် ပညာရှင်တစ်ယောက်ပဲ။ ကောင်းကင်နယ်ပယ်ကလွဲရင် ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး"

"ဒါပေမယ့် သူ ထွက်သွားတာ ကြာနေပြီလေ"

"ငါတို့ တကယ်ပဲ တစ္ဆေနဲ့ တွေ့နေရတာများလား။ လူတစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ၊ တစ္ဆေနဲ့တွေ့ရင်တော့ အသုံးမဝင်ဘူးလေ"

"မင်းပြောတာ အရမ်းမှန်တယ်"

အဲ့ဒီအချိန်တွင် ကိုးရောက်မြောက်မင်းသားက ချောင်းဟန့်လိုက်ကာ- "ဒီအကြောင်းတွေ ဆက်မပြောကြတော့နဲ့။ ကောင်းကောင်း အနားယူကြ။ အကြီးအကဲမူ ပြန်လာတာနဲ့ ငါတို့ ဒီကနေ ထွက်သွားနိုင်မှာပါ"

"ဟုတ်ကဲ့ပါ၊ အရှင်မင်းသား" လူတိုင်း ခေါင်းတွေ့ငုံ့ကာ အသက်မဲ့နေခဲ့ကြသည်။

ညသည် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။

ကိုးရောက်မြောက်မင်းသားသည် အိပ်မပျော်တပျော် ဖြစ်နေခြင်းမှ နိုးလာပြီး လှည်းထဲမှ ထွက်လိုက်သည်နှင့် ပထမဆုံး မေးလိုက်သည်မှာ- "အကြီးအကဲမူ ခုထိ ပြန်မလာသေးဘူးလား"

"မလာသေးပါဘူး၊ အရှင်မင်းသား"

ကိုးရောက်မြောက်မင်းသားက ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်ခံစားချက်တွေကမူ ပို၍ လေးလံလာခဲ့သည်။ ထိုစဉ်တွင် သူသည် အဖွဲ့ထဲမှ တစ်စုံတစ်ဦး ပျောက်နေသည်ကို သတိပြုမိလိုက်ပြီး "အာကျင်း ဘယ်မှာလဲ။ ဘာလို့ မတွေ့ရတာလဲ" ဟု မေးလိုက်သည်။

"အရှင်မင်းသား၊ သူ ခုလေးတင် အပေါ့သွားဖို့ ထွက်သွားတာပါ"

"ဪ..."

ကိုးရောက်မြောက်မင်းသားက ပေါ့ပေါ့ပါးပါး မေးလိုက်သည်- "သူ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"

"အမွှေးတိုင် တစ်ဝက်လောက်ထိလောင်ကျွမ်းတဲ့ အချိန်လောက်ပါပဲ"

ကိုးရောက်မြောက်မင်းသား၏ မျက်နှာအမူအရာက လေးနက်လာပြီး- "အသေးအမွှား ကိစ္စလေးဆိုရင် အမွှေးတိုင် တစ်ဝက်လောက်ထိကြာမှာ မဟုတ်ဘူး။ အာကျင်း တစ်ခုခုများ ဖြစ်နေပြီလား"

"မဖြစ်နိုင်လောက်ပါဘူး" လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"သူ အလေး သွားနေတာလည်း ဖြစ်နိုင်တာပဲ"

"အာကျင်းက လူပျင်းပဲ၊ အချိန်ဆွဲပြီး လုပ်နေတာက သူ့အတွက် ပုံမှန်ပါပဲ"

"သူ ခဏလေးနဲ့ ပြန်ရောက်လာမှာပါ"

သို့သော် နောက်ထပ် အမွှေးတိုင် တစ်ဝက်လောက်လောင်ကျွမ်းသည့် အချိန်ထိ စောင့်ဆိုင်းခဲ့သော်လည်း အာကျင်း ပြန်မလာခဲ့ပေ။ လူတိုင်း၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုက တိုးလာခဲ့သည်- 'အာကျင်းလည်း မကောင်းတာတစ်ခုခုနဲ့များ တွေ့ခဲ့ပြီလား'

သူနဲ့ ခင်မင်ရင်းနှီးတဲ့ အစေခံတစ်ဦးက ထရပ်လိုက်ပြီး "အရှင်မင်းသား၊ ကျွန်တော်မျိုး သွားကြည့်လိုက်ပါ့မယ်။ သူ အပေါ့သွားနေရင်းနဲ့ အိပ်ပျော်နေတာလည်း ဖြစ်နိုင်တာပဲ၊ အရင်ကလည်း ဒီလိုမျိုး ဖြစ်ဖူးပါတယ်" ဟု ပြောလိုက်သည်။

"မြန်မြန် သွား" ဟု ကိုးရောက်မြောက်မင်းသားက ပြောလိုက်သည်။

သို့သော် အာကျင်းကို လိုက်ရှာတဲ့သူပင် အမွှေးတိုင် တစ်ဝက်လောင်ကျွမ်းသည့် အချိန်ကြာသည့်တိုင် ပြန်မလာခဲ့ပေ။ အားလုံး၏ ရင်ထဲ၌ ထပ်မံ၍ ကြောက်စိတ်များ ဝင်လာခဲ့ပြီး - 'သူလည်း မကောင်းတာ တစ်ခုခုနဲ့ တွေ့ခဲ့ရပြီလား'

ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ လူတစ်ယောက်က ဘယ်လိုများ ပျောက်ကွယ်သွားနိုင်ရမှာလဲ။

ထိုအချိန်မှစ၍ လူတိုင်း စကားပြောရန် ဒါမဟုတ် အိပ်ရန်ပင် စိတ်ကူးမရှိတော့ဘဲ လေထုက အလွန်ပင် လေးနက်ကာ မှိုင်းစွဲနေခဲ့သည်။ ထင်းမီးများလောင်ကျွမ်းသည့် အသံသာ တတောက်တောက် မြည်နေသည်။

အရုဏ်တက်လာခဲ့သည်။ ထွက်သွားသူ သုံးဦးစလုံး ပြန်မလာကြသေးပေ။

လူတိုင်း စိတ်ပူနေကြပြီး တစ်ယောက်ယောက်က မေးလိုက်သည်- "အရှင်မင်းသား၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

"ဒီက အခြေအနေက အရမ်း ထူးဆန်းနေတယ်။ အခုကစပြီး ငါတို့ လုံးဝ လူစုကွဲလို့ မရဘူး"

ကိုးရောက်မြောက်မင်းသားက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်- "စားတာဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊ အိပ်တာပဲဖြစ်ဖြစ် အားလုံး အတူတူပဲ။ အပေါ့သွားဖို့ လိုအပ်ရင်တောင်မှ မျက်စိအောက်က အကွာအဝေးအတွင်းမှာပဲ ရှိရမယ်၊ ပေ ၃၀ ထက် မကျော်ရဘူး၊ မဟုတ်ဘူး...ပေ ၁၅ပေထက် လုံးဝ မကျော်ရဘူး"

"အရှင်မင်းသား ပြောတာ လုံးဝမှန်ပါတယ်။ အခု ခရီးဆက်ကြမလား"

"ဒီမှာ ဆက်နေတာက မလုံခြုံဘူး။ ငါတို့ ဆက်လက် လှုပ်ရှားရမယ်၊ ဒါပေမယ့် လမ်းကြောင်းပြောင်းပြီးတော့ နောက်ပြန်လှည့်ရမယ်"

"ဟုတ်ကဲ့ပါ၊ အရှင်မင်းသား"

တစ်ဖန် သူတို့သည် ဆန့်ကျင်ဘက် ဦးတည်ရာသို့ ခြေရာခံရင်း ထွက်ခွာလာခဲ့ကြသည်။ သို့သော် တစ်နေ့တာ ခရီးနှင်ပြီးနောက် သူတို့သည် ရင်းနှီးသော သစ်ပင်အိုကြီးနှင့် သူတို့ ချန်ထားခဲ့သော ခြေရာများဆီသို့ပင် ထပ်မံ ရောက်ရှိလာခဲ့ကြသည်။

"မဖြစ်နိုင်ဘူး။ ဘာလို့ ငါတို့ ဒီနေရာကိုပဲ ပြန်ရောက်လာပြန်တာလဲ" လူတိုင်း အနည်းငယ် ထိတ်လန့်တုန်လှုပ်လာခဲ့ကြသည်။

တတိယနေ့တွင် သူတို့သည် လမ်းကြောင်း အသစ်တစ်ခုကို ထပ်မံ ရွေးချယ်ပြီး ခရီးထွက်ခဲ့ကြပြန်သည်။ သို့သော် ညနေရောက်တော့ သူတို့သည် နေရာဟောင်းသို့ ပြန်ရောက်လာခဲ့ကြပြန်သည်။

စတုတ္ထနေ့တွင်လည်း သူတို့သည် လမ်းကြောင်း တစ်ခုကို ပြောင်းလဲကာ ထပ်မံ ထွက်ခွာကြပြန်သည်။ သို့သော် ညနေရောက်တော့ သူတို့သည် နေရာဟောင်းသို့ပင် ပြန်ရောက်လာခဲ့ကြသည်။

အားလုံး ပြိုလဲလုနီးပါး ဖြစ်နေကြသည်။ သူတို့ ဘယ်လောက်ပဲ လျှောက်လျှောက် ဘာလို့ ဒီနေရာကနေ ထွက်မသွားနိုင်ရတာလဲ။ သူတို့ ဒီမှာ တစ်သက်လုံး ပိတ်မိနေဖို့ ကံကြမ္မာကများ ဖန်နေတာလား။

ကိုးရောက်မြောက်မင်းသားသည်လည်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ သူလည်း ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း အဖွဲ့၏ ခေါင်းဆောင်အဖြစ်နဲ့ သူသည် စိတ်ဓာတ်ကျခွင့် မရှိပေ။ သူ၏ စိတ်ကို စုစည်းလိုက်ပြီး "လူတိုင်း စိတ်မပူကြပါနဲ့။ ငါတို့ လမ်းကြောင်း အများအပြားကို ကြိုးစားခဲ့ပြီးပြီ၊ မကြိုးစားရသေးတဲ့ လမ်းကြောင်း အနည်းငယ်ပဲ ကျန်တော့တယ်။ ကြိုးစားမှုတိုင်းက ငါတို့ကို အောင်မြင်မှုနဲ့ ပိုနီးစပ်စေလိမ့်မယ်"

"ဒါ့အပြင်၊ ငါ့အနေနဲ့ တစ်ခုခုဖြစ်ပြီး ပျောက်ဆုံးသွားရင်တောင် ငါ့ရဲ့ ဖခင်ဘုရင်က ငါတို့ကို ကယ်ဆယ်ဖို့ ကျွမ်းကျင်တဲ့ အဖွဲ့တွေကို သေချာပေါက် စေလွှတ်လိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ တစ်နေ့ကျရင် ငါတို့ လွတ်မြောက်ရာ လမ်းကြောင်းကို သေချာပေါက် ရှာတွေ့မှာပါ"

ကိုးရောက်မြောက်မင်းသား၏ စကားကြောင့် လူတိုင်း နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့ကြသည်။

ညစာ စားပြီးနောက် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသော ကိုးရောက်မြောက် မင်းသားသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လိုက်သည်။

နောက်မနက် သူ နိုးလာပြီး လှည်းထဲမှ ထွက်လိုက်သောအခါ လူတိုင်း ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရပြီး ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။ လှည်းကို ဆွဲသော မြင်းများပင် မရှိတော့ဘဲ သူ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

ကိုးရောက်မြောက်မင်းသားလည်း နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သွားပြီး- "အားလုံး ဘယ်မှာလဲ။ မင်းတို့ ဘယ်ရောက်သွားကြတာလဲ။ ငါတို့ လူစုမကွဲရဘူးလို့ ငါပြောထားတာ မဟုတ်ဘူးလား။ ငါ့ အမိန့်ကို ဘယ်လိုလုပ်ပြီး မနာခံရဲကြတာလဲ။ ပြန်လာခဲ့ကြ၊ အားလုံး ပြန်လာခဲ့ကြစမ်း"

သူ့အနေဖြင့် အကြိမ်ပေါင်းများစွာ အော်ဟစ်ခဲ့သော်လည်း သူ့အသံက သစ်တောထဲတွင်သာ ပဲ့တင်ထပ်နေပြီး ဘယ်သူကမှ ပြန်မဖြေခဲ့ပေ။ နောက်ထပ် တစ်နာရီကြာသွားသော်လည်း မည်သူမှ ပြန်မလာခဲ့ပေ။ ကိုးရောက်မြောက်မင်းသားလည်း ထိုလူတို့သည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်လိုက်လေသည်။

စိုးရိမ်ပူပန်မှုတို့က သူ့ရင်ထဲတွင် လွှမ်းမိုးလာခဲ့ပြီး- "အခု ငါ တစ်ယောက်တည်းပဲ ကျန်တော့တယ်၊ ဘာလုပ်ရမလဲ"

သူသည် လှည်းကို စစ်ဆေးကြည့်လိုက်ရာ အစားအစာများ၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေနှင့် ပိုက်ဆံများပါ ပျောက်ကွယ်နေသည်ကို တွေ့ရှိလိုက်ရသည်။

"ငါ ဒီနေရာကနေ ထွက်သွားမှ ရတော့မယ်၊ မဟုတ်ရင် ငတ်ပြီး သေရလိမ့်မယ်"

သူသည် လှည်းကို စွန့်ပစ်ပြီး သူ တစ်ခါမှ မသွားဖူးသေးသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ထပ်မံ ထွက်ခွာခဲ့သည်။ သူသည် သူ၏ လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုပြီး မည်သည့် အကျိုးဆက်ကိုမှ ဂရုမစိုက်တော့ဘဲ အားသွန်ခွန်စိုက် ပြေးခဲ့လိုက်သည်။

လမ်းတစ်လျှောက်လုံးတွင် သူသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရဘဲ ရွာကိုလည်း တစ်ရွာတစ်လေမှ မတွေ့ခဲ့ရပေ။ နေ့လည်ရောက်တော့ သူသည် ထိုသစ်ပင်ဆီသို့ပင် ပြန်ပြေးလာခဲ့ရပြန်သည်။ သို့သော် လှည်းကတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။

သူသည် ကံဆိုးမှုကို လက်မခံချင်ခဲ့ဘဲ နောက်တစ်ကြိမ် ထပ်မံ ထွက်ခွာခဲ့ပြန်သည်။ ညနေရောက်တော့ သူ ထပ်မံ ပြန်ပြေးလာခဲ့ရပြန်သည်။

"ချီးလိုပဲ... ငါ ဘယ်လောက်ပဲ ပြေးပြေး၊ ထွက်လို့ မရဘူးလားဟ"

သူသည် ဗိုက်ကို ကိုင်ကြည့်လိုက်ရာ ဆာလောင်မှုတို့ကြောင့် ပြားချပ်နေပြီဖြစ်သော်လည်း စားစရာကတော့ ဘာမှမရှိနေခဲ့ပေ။ ပတ်ဝန်းကျင်မှာတော့ သစ်ပင်တွေနဲ့ မြက်ပင်တွေ ရှိပေမယ့် ငယ်စဉ်ကတည်းက ဘာမဆို လိုလေသေးမရှိ နေထိုင်ခဲ့ရသော မင်းသားတစ်ပါးဖြစ်၍ ဒီလိုအရာတွေကို စားဖို့က မဖြစိနိုင်ပေ။ ဆာလောင်မှုကိုသာ ကြိတ်မှိတ်ခံပြီး အနားယူခဲ့ရသည်။

နောက်နေ့ မိုးလင်းတာနဲ့ သူသည် လွတ်မြောက်ရာ လမ်းကို ရှာဖွေရင်း ထပ်မံ ထွက်ခွာခဲ့ရပြန်သည်။

ထိုသို့ဖြင့် ငါးရက်တာ အချိန်က ကုန်လွန်သွားခဲ့လေသည်။

ကိုးရောက်မြောက်မင်းသားသည် အလွန်ဆာလောင်မွတ်သိပ်ကာ အားနည်းနေပြီး ဗိုက်ကလည်း တဂွီဂွီ အော်မြည်နေကာ နောက်ကျောနှင့် ရင်ဘတ်ပင် ကပ်နေတော့သည်။ သူသည် မြေပြင်ပေါ်တွင် မှောက်လျက်လဲကျနေပြီး လှုပ်ရှားလိုစိတ်ပင် မရှိတော့ပေ။ သစ်တောထဲတွင် မကြာခဏ ပြေးလွှားခဲ့ရသောကြောင့် သူ၏ အဝတ်အစားများလည်း စုတ်ပြဲနေပြီး ဖိနပ်အောက်ခံများသည်ပင် စုတ်ပြဲကာ အပေါက်များ ဖြစ်နေသည်။ မျက်နှာကို မသစ်ရဘဲ ဆံပင်ကိုလည်း မပြင်ဆင်ရသဖြင့် သူသည် အလွန်ရှုပ်ပွနေကာ စိတ်ဓာတ်များလည်း ကျနေပုံရသည်။ အနီးကပ်ကြည့်လျှင် သူသည် သူတောင်းစားတစ်ဦးနှင့် မခြားနားတော့ချေ။

"မဟုတ်ဘူး၊ ဒီလိုမဖြစ်ရဘူး။ ငါ လွတ်မြောက်ရာ လမ်းကို ရှာရမယ်။ မသေခင်မှာ ငါ့ရဲ့ ဆရာတူအစ်မကို တစ်ကြိမ်လောက် ထပ်တွေ့ပြီး ငါ့ခံစားချက်တွေကို ထုတ်ပြောရမယ်"

ထို သွက်လက်ဖျက်လက်ပြီး လှပသော ပုံရိပ်တစ်ခုက သူ့စိတ်ထဲကို ရောက်လာခဲ့ပြီး သူ့အနေဖြင့် မနေနိုင်ဘဲ အရူးတစ်ယောက်လို ပြုံးလိုက်မိသည်- " ဆရာတူအစ်မရေ ကျွန်တော် ဘာတွေပဲ ဖြစ်ကျော်ရ...."

ထိုအချိန်တွင် ကျောက်တုံးတစ်လုံးက ဘယ်ကမှန်းမသိ ပေါ်လာခဲ့ပြီး သူ့ခေါင်းကို အားဖြင့် ထုချလိုက်သည်။

ခေါင်းပေါ်တွင် အဖုကြီးတစ်ခု ဖူးရောင်လာကာ သတိလစ်သွားခဲ့သည်။

အဲ့ဒီအချိန်မှာတော့ ဆယ်ရက်ကြာလောက် ကစားပြီးနောက် လင်းပိုင်ဖန်သည် သူ့ကို လွှတ်ပေးဖို့ အချိန်တန်ပြီဟု ခံစားလိုက်ရလေသည်။

All Chapters