အခန်း (၁၂၁)
Vol. 10 Ch. 121
နောက်တစ်နေ့ မနက်တွင် ကိုးယောက်မြောက် မင်းသားသည် ဦးခေါင်းပေါ်ရှိ အဖုကို စမ်းမိရင်း အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။ သူက "ဘယ်ခွေးမသားက ပစ်လိုက်တဲ့ ကျောက်တုံးလဲမသိဘူး။ ငါ့ခေါင်းကို တည့်တည့်လာထိတာ၊ သေလောက်အောင် နာလိုက်တာကွာ" ဟု ရေရွတ်လိုက်သည်။
ထိုစဉ်တွင် သူ၏ နားရွက်များ တဆတ်ဆတ် လှုပ်သွားပြီး စိတ်လှုပ်ရှားလာခဲ့သည်။ "လူသံ... လူသံကြားတယ်။ ငါ အသက်ရှင်ပြီ" ဟု တွေးကာ သူ ချက်ချင်း ထရပ်လိုက်ပြီး အသံလာရာသို့ အပြေးသွားခဲ့လိုက်သည်။
နောက်ဆုံးတွင် သူသည် နွားလှည်းတစ်စီးကို တွေ့လိုက်ရသည်။ လှည်းပေါ်တွင် အဘိုးအိုတစ်ဦးက နွားကိုမောင်းရင်း ဘာအဓိပ္ပါယ်မှန်းမသိသော သီချင်းတစ်ပုဒ်ကို ဆိုနေပြီး အလွန်ပင် စိတ်အေးလက်အေးနှင့် ပျော်ရွှင်နေပုံပေါ်သည်။ ဤသီချင်းသံကပင် သူ့ကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
စိတ်လှုပ်ရှားစွာဖြင့် လက်ကို ဝှေ့ယမ်းရင်း ကိုးယောက်မြောက်မင်းသားသည် နွားလှည်းရှေ့သို့ အလျင်အမြန် ပြေးသွားကာ "ခဏ၊ ခဏလေး" ဟု အော်ပြောလိုက်သည်။
အဘိုးအိုသည်လည်း နွားလှည်းကို ရပ်လိုက်ပြီး သူ့ကို သတိထားကာ ကြည့်လိုက်သည်။ "လူငယ်လေး၊ မင်း ဘာလိုချင်လို့လဲ။ ငါ့နွားရဲ့ စိတ်က ဆက်တယ်။ ငါသာ မထိန်းထားရင် မင်းကို ချိုနဲ့တိုက်လိုက်လို့ လွင့်နေလောက်ပြီ" ဟု သတိပေးလိုက်သည်။
ကိုးယောက်မြောက်မင်းသားက "ဘာမှမဟုတ်ပါဘူး... ခင်ဗျားကို မြင်ရလို့ ကျွန်တော် အရမ်းပျော်နေလို့ပါ" ဟု စိတ်လှုပ်ရှားလွန်း၍ စကားပင် ရှေ့နောက်မညီ ဖြစ်နေသည်။
အဘိုးအိုကမူ "ငါ့လို အဘိုးအိုတစ်ယောက်ကို မြင်ရလို့ ပျော်စရာ ဘာများရှိလို့လဲ၊ ထူးဆန်းတဲ့ကောင်ပဲ" ဟု တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်တွင် ကိုးယောက်မြောက်မင်းသား၏ ဗိုက်မှ ကျယ်လောင်စွာ အသံမြည်လာခဲ့သည်။ သူသည် ဗိုက်ကို ကိုင်ရင်း မျှော်လင့်တကြီးဖြင့် အဘိုးအိုကို ကြည့်ကာ "အဘိုး၊ ကျွန်တော် ရက်တော်တော်ကြာအောင် ဘာမှမစားရသေးဘူး။ စားစရာလေး နည်းနည်းပါရင် ပေးလို့ရမလား" ဟု မေးလိုက်သည်။
အဘိုးအိုက အံ့အားသင့်စွာဖြင့် "ရက်တော်တော်ကြာအောင် အစာငတ်နေတယ်... ဒီခေတ်မှာတောင် ဆာလောင်နေတဲ့သူတွေ ရှိသေးတာလား။ မင်းက တခြားနိုင်ငံက ဒုက္ခသည်များလား" ဟု မေးလိုက်သည်။
ကိုးယောက်မြောက်မင်းသားက ခေါင်းကို အားနဲ့ ညိတ်လိုက်ပြီး "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်က အပြင်ဘက်ကနေ ရောက်လာတဲ့ ဒုက္ခသည်ပါ၊ ဒီမှာ အသက်မွေးဝမ်းကျောင်းဖို့ လာခဲ့တာပါ" ဟု ဝန်ခံလိုက်သည်။
"ဒီလိုကိုး"
"မဟာရှ နိုင်ငံ မှာဆိုရင် ဆာလောင်မှုဆိုတဲ့ စကားက အခြေခံအားဖြင့် မရှိတော့ဘူး၊ လက်နဲ့ခြေထောက်သာ ရှိပြီး အလုပ်လုပ်ချင်စိတ်သာရှိရင် အများအားဖြင့် မငတ်ဘူး" ဟု ပြောရင်း ဘေးနားရှိ သစ်သားသေတ္တာထဲမှ ပေါက်စီတစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။
"မင်းကလည်း သနားစရာကောင်းနေတဲ့အတွက် ငါ့မှာ ပေါက်စီနည်းနည်းတော့ ရှိတယ်။ ယူပြီး စားချေ" ဟု ဆိုလိုက်သည်။
ကိုးယောက်မြောက်မင်းသားလည်း ၎င်းတို့ကို လျင်မြန်စွာ ဆွဲယူကာ အားရပါးရ စားရင်း "ကျေးဇူးတင်ပါတယ် အဘိုး။ ခင်ဗျားက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူပဲ။ နောင်တစ်ချိန်မှာ ကျေးဇူးကို သေချာပေါက် ဆယ်ဆပြန်ဆပ်ပါ့မယ်" ဟု ပြောလိုက်သည်။
အဘိုးအိုက ရယ်မောပြီး ခေါင်းယမ်းလိုက်ကာ "မလိုပါဘူး။ ပေါက်စီလေး နည်းနည်းပါပဲ။ မင်းသာ ကြိုးစားပန်းစားနဲ့သာ အလုပ်လုပ်ပါ။ မဟာရှနိုင်ငံကို လာဖို့ ဆုံးဖြတ်ခဲ့တာ မင်းဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ ငါ ပြောနိုင်မယ်။ မင်းသာ အားနဲ့မာန်နဲ့ ကြိုးစားမယ်ဆိုရင် မင်းလိုချင်တဲ့ဘဝကို သေချာပေါက် ရနိုင်လိမ့်မယ်" ဟု ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့၊ အဘိုးပြောတာမှန်ပါတယ်၊ ကျေးဇူးတင်ပါတယ်" ဟု ကိုးယောက်မြောက်မင်းသားက ဆိုလိုက်သည်။
ပေါက်စီအချို့ ကို စားပြီးနောက် ကိုးယောက်မြောက် မင်းသားသည် ပိုမို သက်သောင့်သက်သာရှိလာပြီး အားအင်ပြည့်ဝလာခဲ့သည်။ အသားမပါရှိသည့် ရိုးရိုးပေါက်စီများက ဤမျှလောက် အရသာရှိနိုင်သည်ကို သူ တစ်ခါမှ မသိခဲ့ဖူးချေ။ ၎င်းတို့သည် သူ စားဖူးသမျှထဲတွင် အကောင်းဆုံးနှင့် အထူးခြားဆုံး ဟင်းလျာများထက်ပင် ပိုမို အရသာရှိနေသောကြောင့် ထပ်မံ စားချင်စိတ် ပေါက်လာခဲ့သည်။
ဗိုက်ပြည့်သွားပြီဖြစ်သောကြောင့် သူသည် အရေးကြီးသည့် ကိစ္စကို စတင်ရန် ဆုံးဖြတ်လိုက်သည်။ ကိုးယောက်မြောက်မင်းသားက "အဘိုး၊ ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ" ဟု မေးလိုက်ရာ အဘိုးအိုက ရယ်မောပြီး "မေးစရာလိုသေးလို့လား။ ဒါက မဟာရှနိုင်ငံပေါ့" ဟု ပြန်ဖြေသည်။
ကိုးယောက်မြောက်မင်းသားက ထပ်မံ၍ "ဒီကနေ မဟာရှနိုင်ငံရဲ့ မြို့တော်ကို ဘယ်လောက်ဝေးလဲ။ ဘယ်လမ်းကို သွားရမလဲ" ဟု မေးလိုက်သည်။
အဘိုးအိုက ရှေ့သို့ လက်ညွှန်ပြကာ "မဝေးတော့ဘူး၊ လီ ၅၀ လောက်ပဲ ကျန်တော့တယ်။ မြန်မြန်လျှောက်ရင် ညနေမိုးချုပ်တဲ့အခါ ရောက်နိုင်လိမ့်မယ်။ အာ... မင်းက ဒီလောက်အဝေးကြီး ရောက်လာပြီး လမ်းမသိဘူးဆိုတာတော့ နားမလည်နိုင်ဘူး" ဟု ပြောလိုက်သည်။
ကိုးယောက်မြောက်မင်းသားက ခပ်ရှက်ရှက်ဖြင့် ပြုံးလိုက်ပြီး မဝေးလှသည့် နေရာကို လက်ညွှန်ပြကာ "အဘိုး၊ ကျွန်တော် လိမ်မပြောပါဘူး။ ကျွန်တော် ဟိုဘက်လမ်းက လာတာပါ၊ ဒါပေမဲ့ ထူးဆန်းတယ်။ ကျွန်တော် လျှောက်ရင်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားခဲ့တာ" ဟု ဆိုလိုက်သည်။
အဘိုးအိုက နည်းနည်း စိတ်ရှုပ်ထွေးသွားပြီး "မင်း ဟိုနေရာကလာတာ ဟုတ်လား။ အဲ့ဒီနေရာမှာ လမ်းမရှိဘူးလေ" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် ကိုးယောက်မြောက်မင်းသား၏ ကျောရိုးတစ်လျှောက် ချမ်းတုန်သွားပြီး "လမ်းမရှိဘဲ ဘယ်နေပါ့မလဲ။ ကျွန်တော် အဲဒီမှာ ရက်တော်တော်ကြာ လျှောက်နေခဲ့တာ။ မယုံရင် ကျွန်တော် လိုက်ပြမယ်" ဟု သူ ပြန်ပြောလိုက်သည်။
ထိုသို့ဖြင့် နှစ်ဦးသား နောက်ကို ပြန်လျှောက်လာခဲ့ကြသည်။ သို့သော် သူတို့ရှေ့မှ မြင်ကွင်းက ကိုးယောက်မြောက်မင်းသားကို တကယ်ပင် အံ့အားသင့်စေခဲ့သည်။ ထိုနေရာတွင် မြက်ရိုင်းများဖြင့် ဖုံးလွှမ်းနေပြီး လမ်းလုံးဝ မရှိခဲ့ချေ။ ကိုးယောက်မြောက်မင်းသားသည် ပို၍ပင် ကြက်သီးထကာ မျက်နှာလည်း ဖြူဖျော့လာခဲ့သည်။
"ငါ သိသားပဲ" ဟု အဘိုးအိုက အနည်းငယ် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။ "ဒီမှာ လမ်းလုံးဝမရှိဘူး။ မင်းကို တစ္ဆေများ ခြောက်လွှတ်လိုက်တာလား၊ ဒါမှမဟုတ် ငါ့ကို ဟာသလာလုပ်နေတာလား" ဟု မေးလိုက်သည်။
"အဘိုး၊ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာကို နားထောင်ပါ။ ကျွန်တော် မလိမ်ပါဘူး၊ ကျွန်တော် တကယ်ပဲ တစ္ဆေအခြောက်ခံရတာ ဖြစ်နိုင်ပါတယ်" ဟု ကိုးယောက်မြောက်မင်းသားက အကြိမ်ကြိမ် တောင်းပန်လိုက်တဲ့အခါ အဘိုးအိုက သူ့ကို ခွင့်လွှတ်လိုက်သည်။
ကိုးယောက်မြောက်မင်းသားသည် မြို့တော်သို့ သွားလိုသော်လည်း နောက်ထပ် ထူးဆန်းသည့် အခက်အခဲများနှင့် ကြုံတွေ့ရမှာကို ကြောက်သောကြောင့် အဘိုးအိုကို တွယ်ကပ်နေခဲ့သည်။ အဘိုးအိုကလည်း ဈေးအတွက် မြို့တော်သို့ သွားလိုသဖြင့် သူတို့နှစ်ဦး အတူတူ ခရီးထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။ နေ့လယ်ပိုင်းတွင် ခရီးစတင်ပါက နောက်တစ်နေ့ နံနက်ပိုင်းတွင် မြို့တော်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
နွားလှည်းပေါ်တွင် ထိုင်နေသော ကိုးယောက်မြောက်မင်းသားသည် အလွန် စိတ်လှုပ်ရှားနေသည်။ သူ ကြာမြင့်စွာ တောင့်တခဲ့သော ဆရာတူ အစ်မနှင့် တွေ့ဆုံရန် နောက်ဆုံးတွင် နီးကပ်လာပြီဖြစ်သည်။
ဆရာတူ အစ်မနှင့် တွေ့ဆုံပြီးနောက် သူမကို ဘယ်လောက်ထိ ချစ်ကြောင်းနှင့် သူမကို ရှာဖွေရာတွင် မကြာခဏဆိုသလို အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရကြောင်း သူ၏ ခံစားချက်များကို ထုတ်ဖော် ပြောကြားရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏လူများကို ရှာဖွေနိုင်ရန် ဆရာတူ အစ်မအား အကူအညီ တောင်းခံရပေမည်။
နောက်တစ်နေ့မနက်တွင် သူတို့ မျှော်လင့်ထားသည့်အတိုင်း မဟာရှ၏ မြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။ မြို့တံခါးဝမှ ဝင်လိုက်သည်နှင့် ကိုးယောက်မြောက်မင်းသားသည် အံ့သြတုန်လှုပ်သွားခဲ့သည်။
လမ်းမများပေါ်တွင် မြင်းရထားများဖြင့် ပြည့်နှက်နေပြီး လူအသွားအလာမှာလည်း အလွန်များပြားလှကာ ဆူညံသံများကြောင့် မြို့တစ်ခုလုံး အသက်ဝင်လှုပ်ရှားနေသည်။ ဆိုင်များတွင်လည်း သူ နာမည်ပင် မမှတ်မိနိုင်သည့် ပစ္စည်းများစွာရှိနေပြီး သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဒါက မဟာရှရဲ့ မြို့တော်လား၊ အရမ်းစည်ကားနေတာပဲ၊ မင်းဆက်တစ်ခုရဲ့ မြို့တော်ထက် မလျော့ဘူး" ဟု သူ ရေရွတ်မိလိုက်သည်။
အဘိုးအိုသည် နွားလှည်းပေါ်မှ ဆင်းလိုက်ပြီး ရယ်မောကာ "ငါ တခြားနိုင်ငံတွေကို တစ်ခါမှ မရောက်ဖူးလို့ သူတို့မြို့တော်တွေ ဘယ်လိုရှိလဲတော့ မသိဘူး၊ ဒါပေမဲ့ ဒီနေရာကတော့ အရင်ကထက် ပိုပြီး စည်ကားလာတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီက ဥပဒေတွေက တင်းကြပ်တယ်၊ ဒါကြောင့် လျှောက်သွားချင်သလို လျှောက်မသွားနဲ့၊ ရာဇဝတ်မှုတွေ လုံးဝမကျူးလွန်မိပါစေနဲ့၊ မဟုတ်ရင် ငါတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး" ဟု သတိပေးလိုက်သည်။
ကိုးယောက်မြောက်မင်းသားက "စိတ်မပူပါနဲ့၊ ကျွန်တော် အဲဒီလိုအရာတွေ လုပ်မှာမဟုတ်ပါဘူး" ဟု ခေါင်းယမ်းလိုက်သည်။
ထိုအချိန်တွင် အဝေးမှ ဆူညံသံများ ထွက်ပေါ်လာပြီး အစောင့်တပ်ဖွဲ့ဝင်တစ်စု အပြေးအလွှား ရောက်လာကာ လမ်းမ၏ ဘေးနှစ်ဖက်တွင် မည်သူမှ မချဉ်းကပ်နိုင်စေရန် တားဆီးထားသည်။
"ဟိုမှာ ဘာဖြစ်နေတာလဲ" ဟု ကိုးယောက်မြောက် မင်းသားက မေးလိုက်သည်။
အဘိုးအိုက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ "သူတို့က နန်းတွင်းအစောင့်တပ်ဖွဲ့ဝင်တွေ၊ ဧကရာဇ်မင်းမြတ် ရောက်လာတာ ဖြစ်ရမယ်" ဟု ဖြေလိုက်သည်။
ကိုးယောက်မြောက်မင်းသားလည်း စိတ်ထဲကနေ "အချိန်ကိုက်ပဲ။ ဒီက မင်းသားက ငါ့ရဲ့စီနီယာအစ်မကို ခိုးယူသွားတဲ့လူက ဘယ်လိုပုံပန်းသဏ္ဌာန်ရှိလဲဆိုတာ ကိုယ်တိုင်တွေ့ချင်နေတာ" ဟု တွေးလိုက်သည်။
ထိုအချိန်တွင် အဝေးမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "အရှင်မင်းကြီး ရောက်ရှိလာပြီ၊ အဘယ်ကြောင့် ဒူးထောက်အရိုအသေ မပြုကြသနည်း" ဟု အော်လိုက်သောအခါ အရပ်သားတွေ အားလုံးက "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ အင်ပါယာလည်း သက်တော်တစ်သောင်းထိ တည်ပါစေ" ဟု ဝပ်တွားကာ ဦးညွှတ်လိုက်ကြသည်။
ကိုးယောက်မြောက်မင်းသားသည် ဒူးမထောက်ဘဲ နွားလှည်းပေါ်တွင် ထိုင်လျက် မလှုပ်မယှက်ပဲ ဟန်ဆောင်နေသော်လည်း လူများစွာ ရှိနေသောကြောင့် မည်သူမျှ သူ့ကို သတိမထားမိကြပေ။
လူအုပ်ကြီး၏ ကြိုဆိုမှုများကြားတွင် မြင်းခြောက်ကောင်ဆွဲထားသော ခမ်းနားထည်ဝါလှသည့် ရွှေရောင်မြင်းရထားတစ်စီးက ဖြည်းညှင်းစွာ ရှေ့သို့ ရွေ့လျားလာသည်။
ကိုးယောက်မြောက်မင်းသားသည် ခေါင်းကို အနည်းငယ် မြှောက်၍ ထိုမြင်းရထားကို ကြည့်လိုက်သည်။
ရထားအတွင်း၌ နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူဆောင်းထားသော လူငယ်တစ်ဦး ထိုင်နေသည်။ သူ၏ ဓားကဲ့သို့ ထူထဲသော မျက်ခုံးများနှင့် ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများကြောင့် သူ၏ ရုပ်ရည်မှာ အလွန် ချောမော ခန့်ညားလှသည်။
ကိုးယောက်မြောက်မင်းသားပင် မနာလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူက " ဘယ်လောက်ပဲ ချောချော၊ သူက အခုထိ အရူးဧကရာဇ် တစ်ယောက်ပဲ၊ ငါ့ဆရာတူ အစ်မနဲ့ မထိုက်တန်ဘူး" ဟု တွေးလိုက်သည်။