အခန်း (၁၂၂)
Vol. 10 Ch. 122
ကိုးယောက်မြောက် မင်းသားက လှည်းထဲမှာ နောက်တစ်ယောက် ရှိနေသေးတာကို သတိပြုမိလိုက်သည်။ အဲဒီသူရဲ့ ပုံရိပ်က သူနဲ့ အနည်းငယ် ရင်းနှီးနေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။
သေချာ စေ့စေ့ကြည့်လိုက်တဲ့အခါမှာတော့ ကိုးယောက်မြောက် မင်းသားဟာ အံ့အားသင့်မှု၊ စိတ်ပျက်ဝမ်းနည်းမှုတွေ ရောထွေးနေတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလူဟာ သူ နေ့ညမပြတ် တောင့်တနေရပြီး စိတ်ထဲကနေ ဘယ်လိုမှ ဖယ်ထုတ်လို့မရနိုင်တဲ့ သူ့ရဲ့ ဆရာတူ အစ်မ ချိုင်ယွီရှင်း ဖြစ်နေလို့ပင် ဖြစ်သည်။
‘သူတို့နှစ်ယောက် တကယ်ပဲ လှည်းတစ်စီးထဲမှာ အတူရှိနေကြတာပဲ'
ကိုးယောက်မြောက်မင်းသားသည် အကြီးအကျယ်ကို တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ဤသည်ကား ယောက်ျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အခန်းတစ်ခန်းတည်း၌ အတူတကွ ရှိနေခြင်းပင် ဖြစ်ချေသည်။
ထိုခေတ်ကာလတွင် လူမှုကျင့်ဝတ်များသည် အလွန်တင်းကျပ်လှ၏။ နီးစပ်သော ဆက်ဆံရေးရှိမှသာ ကိုယ်ထိလက်ရောက် ထိတွေ့ခွင့် ရှိသည်။ အကယ်၍ ဆက်ဆံရေးသည် လုံလောက်စွာ ရင်းနှီးမှု မရှိပါက သံသယ ဖြစ်ဖွယ်ရာများကို ရှောင်ရှားရပေမည်။ အခန်းတွင်း၌ အတူတကွ ရှိနေခြင်းဆိုသည့် ကိစ္စဆိုသည်မှာ မသင့်မလျော်မှုများ မဖြစ်ရလေအောင် ရှောင်ကြဉ်ရမည့် ကိစ္စဖြစ်ပါသော်လည်း သူတို့နှစ်ဦးသည် လှည်းတစ်စီးတည်း၌ အတူ ထိုင်နေခဲ့ကြသည်။
၎င်းသည် လှည်းလေးတစ်စီးသာ ဖြစ်သော်ငြားလည်း အခန်းတစ်ခန်းသဖွယ်ပင် ဖြစ်၏။ ဤမျှ သေးငယ်သော နေရာတွင် ၎င်းတို့ မည်သို့ ပြုမူနေနိုင်ကြပါသနည်း။
ကိုးယောက်မြောက်မင်းသားသည် မိမိကိုယ်မိမိ နှစ်သိမ့်ရန် ကြိုးစားရင်း “ မင်း သိပ်အဆိုးမြင်မနေနဲ့။ သူတို့က ငယ်ငယ်လေးကတည်းက အတူနေလာကြတာဆိုတော့ မောင်နှမလိုမျိုး ဆက်ဆံရေး ရှိမှာပဲ။ ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရမယ်” ဟု တွေးနေသော်လည်း မိမိ၏ ဦးခေါင်းထက်တွင် စိမ်းရောင် အလင်းတစ်ခု လင်းလက်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
တစ်ပြိုင်နက်တည်းမှာပင် လှည်းအတွင်းမှာ ရှိတဲ့ လင်းပိုင်ဖန်က ပြုံးလိုက်ကာ “ယွီရှင်း၊ ငါ နည်းနည်း အေးနေတယ်၊ ငါ့ အနားကို လာထိုင်ပါလား” ဟု ပြောလိုက်သည်။
“ကောင်းပြီ” ဟု ချိုင်ယွီရှင်းက ပြန်ဖြေလိုက်သည်။
သူမသည် အထူးအဆန်းအဖြစ် မခံစားရပေ။ ရာသီဥတုက အေးနေပြီး အရှင်မင်းကြီးသည်လည်း သိုင်းပညာရှင် မဟုတ်သည့်အတွက် အအေးဒဏ်ကို မခံနိုင်ခြင်းသည် ပုံမှန်ဖြစ်သည်။ ထို့ကြောင့် သူမသည် ပိုမိုနီးကပ်စွာ ကပ်လာခဲ့ပြီး နှစ်ဦးသားသည် အလွန်နီးကပ်စွာ ထိုင်လိုက်ကြသည်။
ကိုးယောက်မြောက်မင်းသား၏ မျက်နှာသည် ချက်ချင်းပင် မနာလိုစိတ်ဖြင့် စိမ်းဖျော့သွားခဲ့သည်။ “သူတို့ တကယ်ပင် နီးနီးကပ်ကပ် ထိုင်နေကြပါလား”
သူသည် သူ၏ ဆရာတူ အစ်မအား ချစ်ခင်မြတ်နိုးခဲ့ပြီး သူမ၏ မျက်နှာသာကို ရရှိရန် ကြိုးပမ်းရာတွင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ သိမ်မွေ့ယဉ်ကျေးစွာ နေထိုင်ခဲ့ပြီး အကွာအဝေးတစ်ခုကို ထိန်းသိမ်းခဲ့သည်။ သုံးပေအတွင်း နီးကပ်လာလျှင်ပင် အပြစ်ရှိသလို ခံစားခဲ့ရသူ ဖြစ်သည်။
သို့သော်လည်း စိတ်မချမ်းမြေ့စရာမှာ ထိုအမျိုးသားက သူမ၏ နွေးထွေးမှုကို ခံစားရလောက်အောင် နီးကပ်စွာ ရှိနေခြင်းပင်ဖြစ်သည်။
“ခွေးမသား” ကိုးယောက်မြောက်မင်းသားသည် သွားများကို ကြိတ်လိုက်သည်။ သူသည် လင်းပိုင်ဖန်ကို ဖယ်ပြီး သူ၏ နေရာတွင် အစားထိုးချင်စိတ် ပြင်းပြနေလေ၏။
“မဟုတ်ဘူး၊ သိပ်မတွေးနဲ့ ။ လှည်းက အရမ်း ကျဥ်းတယ်၊ ဒါကြောင့် နီးကပ်စွာ ထိုင်တာက နားလည်ပေးလို့ရတယ်။ ဒါက ဘာမှ မဟုတ်ဘူး”
ကိုးယောက်မြောက်မင်းသားသည် မိမိကိုယ်မိမိ တစ်ဖန် နှစ်သိမ့်ရန် ကြိုးစားလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ စိတ်ခံစားမှုတို့ဖြင့် နီရဲလာခဲ့သည်။ မနာလိုစိတ်တို့သည် ရဲရဲတောက် လောင်ကျွမ်းနေလေ၏။
ထိုစဉ်တွင် လင်းပိုင်ဖန်က ထပ်မံ ပြောလိုက်ပြန်သည်။ “ယွီရှင်း၊ ငါ့ လက်တွေ နည်းနည်း အေးနေတယ်”
“လက်တွေအေးတာလား၊ ပြကြည့်”
ချိုင်ယွီရှင်းသည် အလေးအနက် မစဉ်းစားဘဲ လင်းပိုင်ဖန်၏ လက်ကို ဆွဲယူပြီး “ဟုတ်တယ်။ တကယ် အေးနေတာပဲ။ ရာသီဥတုအေးရင် အအေးမိဖို့ လွယ်တယ်။ ငါ နွေးအောင် လုပ်ပေးမယ်” ဟု ပြောလိုက်သည်။
ပြောရင်းဆိုရင်း သူမသည် လင်းပိုင်ဖန်၏ လက်ကို ဆုပ်ကိုင်ထားပြီး အစစ်အမှန်ချီကို စီးဆင်းစေလိုက်သည်။
‘သူတို့ရဲ့ လက်တွေ… သူတို့ တကယ်ပဲ လက်ချင်း ဆုပ်ကိုင်နေကြတာပဲ’
ကိုးယောက်မြောက်မင်းသား၏ မျက်နှာသည် နောက်တစ်ကြိမ် စိမ်းဖျော့သွားကာ မျက်လုံးများသည် ပို၍ပင် နီရဲလာပြီး ဒေါသဖြင့် တုန်ယင်နေလေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူသည် ဆရာတူ အစ်မ၏ အသားအရေကိုပင် မထိဖူးသေးပေ။ ယခုမူ ထိုလူနှင့် လက်ချင်းတောင် ဆုပ်ကိုင်နေကြသည်တဲ့လား။ ပြီးတော့ တင်းကျပ်စွာတောင်မှ ဆုပ်ကိုင်ထားနေကြသေးတယ်။
ကိုးယောက်မြောက်မင်းသားသည် မနာလိုစိတ်တို့ကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ပြီး မကျေနပ်သည့် အော်ဟစ်သံများက သူ့နှလုံးသားထဲ၌ ပဲ့တင်ထပ်နေလေ၏။ “ ခွေးကောင်၊ လူယုတ်မာ၊ သူမကို လွှတ်လိုက်စမ်း၊ မင်းရဲ့ ညစ်ညမ်းတဲ့ လက်တွေကို ဆရာတူ အစ်မရဲ့ နူးညံ့တဲ့ လက်တွေကနေ အမြန် ဖယ်လိုက်၊ မင်းနဲ့ မတန်ဘူး၊ ငါပဲ ကိုင်ရမှာ”
“သိပ်လည်း တွေးမနေနဲ့၊ ရာသီဥတုက အေးလို့ အချင်းချင်း အနွေးဓာတ်ရအောင် လုပ်ပေးတာ ဖြစ်ပါလိမ့်မယ်၊ ဆရာတူ အစ်မက အရမ်းကို ကြင်နာတတ်တယ်၊ သူမရဲ့ မောင်လေးလို ဖြစ်နေတဲ့ကို ဂရုစိုက်တာ သဘာဝကျပါတယ်၊ သူက ဆရာတူ အစ်မရဲ့ မောင်ငယ်လေး သက်သက်ပါပဲ” ဟု ကိုးယောက်မြောက်မင်းသားသည် မိမိကိုယ်မိမိ ထပ်မံ နှစ်သိမ့်နေလေသည်။
သို့သော် သူ၏ ရင်ဘတ်ကို ဖိလိုက်သောအခါ စူးအောင့်သော နာကျင်မှုကို ခံစားနေရဆဲပဲ ဖြစ်သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး “ယွီရှင်း၊ အရမ်းအေးတာပဲ၊ မင်း ငါ့ကို ဖက်ထားပေးလို့ ရမလား” ဟု ပြောလိုက်သည်။
ချိုင်ယွီရှင်း၏ မျက်နှာ နီရဲသွားကာ လင်းပိုင်ဖန်ကို လက်သီးဖြင့် ထိုးလိုက်ပြီး “ရှင် ရူးနေတာလား၊ လူတွေ အများကြီး ရှေ့မှာကို” ဟု ဆိုလိုက်လေသည်။
လင်းပိုင်ဖန်က တီးတိုးပြောလိုက်ကာ- “ရပါတယ်။ လူတိုင်း အောက်ကို ငုံ့ကြည့်နေကြတာပဲကို၊ သူတို့ မြင်မှာ မဟုတ်ပါဘူး”
ချိုင်ယွီရှင်းသည် ပြတင်းပေါက် အပြင်ဘက်သို့ အသာအယာ ကြည့်လိုက်ရာ ထိုအတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသဖြင့် လင်းပိုင်ဖန်ကို လျင်မြန်စွာ ပွေ့ဖက်လိုက်ပြီး အနမ်းပါ ပေးလိုက်လေသည်။
ဤအခြင်းအရာအားလုံးကို ကိုးယောက်မြောက်မင်းသားသည် အမှောင်ထဲကနေ မြင်လိုက်ရပြီး သူ၏ နှလုံးသားအား တန်ချိန် ၁၀၀,၀၀၀ ရှိသော အားဖြင့် အပြင်းအထန် ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သူတို့က တကယ်ကြီး ပွေ့ဖက်ရုံသာမက အနမ်းပါ ပေးနေကြတာလား။
ကိုးယောက်မြောက်မင်းသားသည် ထိုထိခိုက်မှုကြောင့် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ နှလုံးသားတွေ ကွဲကြေသွားခဲ့ရလေသည်။ ဤအချိန်၌ မည်သည့် နှစ်သိမ့်မှုမှ အသုံးမဝင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦးသည် တကယ်တမ်း ချစ်သူများ ဖြစ်နေကြပြီဖြစ်သည်။
ဤသို့ ပြုမူနေခြင်းမှာ ချစ်သူများသာ ဖြစ်ပေလိမ့်မည်။ မဟုတ်သေးဘူး၊ အရှက်အကြောက်မရှိတဲ့ စုံတွဲတွေမှသာ ဤကဲ့သို့ ပြုမူကြပေလိမ့်မည်။
ကိုးယောက်မြောက်မင်းသားသည် သူ၏ ရင်ဘတ်ကို ဖိကိုင်ရင်း နာကျင်လွန်းလှသဖြင့် အားရပါးရ ငိုကြွေးချင်စိတ်ပင် ပေါ်ပေါက်လာခဲ့လေသည်။ “ငါသာ ဒီနေရာမှာ မရှိနေခဲ့ရင် အကောင်းသား၊ မင်းတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို မြင်နေရမည့်အစား...”
ခဏဖက်ပြီးတဲ့နောက် ချိုင်ယွီရှင်းသည် စိုးရိမ်စွာဖြင့် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ရာ မည်သူမျှ သတိမထားမိသည်ကို တွေ့ရှိရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် လူအုပ်ထဲမှ ရင်းနှီးသလို ရှိနေသည့် ပုံရိပ်တစ်ခုကိုလည်း သူမ မြင်လိုက်ရသည်။
“ရပ်၊ လှည်းကို ရပ်လိုက်”
လင်းပိုင်ဖန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ဘာကိစ္စများလဲ”
“ကျွန်မရဲ့ ဆရာတူ မောင်လေးကို မြင်လိုက်ရတယ် ထင်တယ်”
လင်းပိုင်ဖန်က မဲ့ပြုံး ပြုံးပြလိုက်ပြီး “မင်းနဲ့ သိတဲ့သူ ဖြစ်နေရင်တော့ သူ့ကို ဖိတ်ခေါ်လိုက်တာပေါ့”
ထို့ကြောင့် လှည်းကို ရပ်တန့်လိုက်ပြီး နှစ်ဦးသား လှည်းပေါ်မှ ဆင်းကာ ကိုးယောက်မြောက်မင်းသားထံသို့ ဦးတည် သွားလိုက်ကြသည်။
ဝမ်းနည်းမှုတို့က အနက်ရှိုင်းဆုံး အနေအထားထိ ရောက်ရှိနေသည့် ကိုးယောက်မြောက်မင်းသားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေသည်ကို ခံစားလိုက်ရသည်။ သူ၏ ဆရာတူ အစ်မသည် သူ့ထံသို့ လာနေပါလား။ သူ၏ ဆရာတူ အစ်မက သူ့ကို မှတ်မိသွားတာများလား။
ကိုးယောက်မြောက်မင်းသားသည် မိမိကိုယ်မိမိ ငုံ့ကြည့်လိုက်ရာ သူသည် စုတ်ပြဲပေကျံနေသော အဝတ်အစားများဖြင့် လမ်းဘေးမှ သူတောင်းစားတစ်ဦးသဖွယ် ဖြစ်နေပြီး သူ၏ ပုံမှန် အနေအထားနှင့် လုံးဝ ကင်းကွာနေသည်ကို သတိပြုမိလိုက်သည်။
“မဖြစ်ဘူး၊ ငါ့ရဲ့ ဒီလိုပုံစံကို ဆရာတူ အစ်မကို မြင်စေလို့ မဖြစ်ဘူး၊ အထူးသဖြင့် အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ပါ မြင်သွားရင် ရှက်စရာ ကောင်းလွန်းတယ်”
သူသည် ချက်ချင်း လှည်းထဲကို လက်လှမ်းလိုက်ကာ ရွှံ့တစ်ဆုပ်ကို ဆွဲယူပြီး သူ၏ မျက်နှာပေါ် လိမ်းကျံလိုက်သည်။ “ထွီ…၊ ဒါက အနံ့ဆိုးလိုက်တာ၊ နွားချေးတွေပဲဟ၊ ပြီးတော့ လတ်လတ်ဆတ်ဆတ် ပါထားတာကြီး၊ သတိမထားမိလိုက်ဘူး၊ ထားလိုက်ပါတော့၊ ဒီအတိုင်းပဲ နေလိုက်မယ်...”
ဤအချိန်တွင် လင်းပိုင်ဖန်နှင့် ချိုင်ယွီရှင်းတို့သည် ကိုးယောက်မြောက်မင်းသားထံသို့ လျှောက်လာခဲ့ပြီး ဖြစ်သည်။
ချိုင်ယွီရှင်းသည် နှုတ်ဆက်ရန် ပြင်ဆင်လိုက်စဉ် မျက်နှာအပြည့် နွားချေးများဖြင့် အမျိုးသားတစ်ဦးကို တွေ့မြင်လိုက်ရသဖြင့် လန့်ပြီး နှစ်လှမ်း ဆုတ်လိုက်ကာ “ရှင် ဘယ်သူလဲ၊ ဘာလို့ မျက်နှာမှာ နွားချေးတွေ လိမ်းထားတာလဲ?” ဟု အော်လိုက်သည်။
ဘေးနားတွင် ဒူးထောက်နေသော အဘိုးအိုက ကိုးယောက်မြောက်မင်းသားသည် ဧကရာဇ်အား မနှစ်မြို့စေမည်ကို စိုးရိမ်သဖြင့် အလျင်စလို ရှင်းပြလိုက်သည်။ “အရှင်မင်းကြီးနဲ့ စစ်သူကြီးကို လျှောက်တင်ပါတယ်၊ ဒီလူက လမ်းမှာ ကျွန်တော်မျိုး တွေ့ခဲ့တဲ့ သာမန်လူတစ်ယောက်ပါ၊ သူဟာ အသက်မွေးဝမ်းကျောင်းဖို့ ကျွန်တော်မျိုးတို့ မဟာရှ နိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တစ်ဦးပါ”
ကိုးယောက်မြောက်မင်းသားလည်း အရူးတစ်ယောက်နှယ် ပြုံးပြလိုက်ကာ ခေါင်းညိတ်လိုက်ပြီး- “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
သို့သော် သူ ပါးစပ်ဟလိုက်သည်နှင့် နွားချေးတစ်စိတ်တစ်ပိုင်းက သူ့ပါးစပ်ထဲ စီးဝင်သွားခဲ့သည်။
ကိုးယောက်မြောက်မင်းသား- “အဟွတ်..အဟွတ်”
“ဒီတော့ သူက ဒုက္ခသည်ပေါ့” လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
ဘေးနားမှ အစောင့်တစ်ဦးက အသံကျယ်ကျယ်ဖြင့် “အရှင်မင်းကြီးကို မြင်နေရက်နဲ့ ဘာလို့ ဒူးမထောက်တာလဲ?” ဟု အော်လိုက်သည်။
“ငါ...” ကိုးယောက်မြောက်မင်းသားသည် ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
လင်းပိုင်ဖန်က အချိန်ကိုက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ရပါတယ်။ သူ လှည်းပေါ်မှာ အချိန်တိုင်း ထိုင်နေတာ မောင်မင်းတို့ မမြင်ဖူးဘူးလား။ သူ့ခြေထောက်တွေက မသန်မစွမ်းနေတာ ဖြစ်နိုင်တယ်”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” အစောင့်က နောက်ဆုတ်သွားခဲ့သည်။
လင်းပိုင်ဖန်က ချိုင်ယွီရှင်းဘက်သို့ လှည့်ကာ “ယွီရှင်း၊ ဒါက မင်းရဲ့ ဆရာတူမောင်လေးလား” ဟု မေးလိုက်သည်။
“ဒါက... ကျွန်မ အမြင်မှားသွားတာ ဖြစ်နိုင်တယ်”
ချိုင်ယွီရှင်းက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ “ကျွန်မသိတဲ့ ဆရာတူမောင်လေးက မြင့်မြတ်တဲ့ ဂုဏ်ပုဒ်နဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားရှိတဲ့ မင်းဆက်တစ်ခုရဲ့ မင်းသားတစ်ပါးပါ။ သူက ဒီလိုပုံစံမျိုး လုံးဝဖြစ်နေမှာ မဟုတ်ဘူး”
လင်းပိုင်ဖန်က သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး- “ အမှန်ပဲ ဘယ်မင်းသားကများ နွားချေးကို စားမှာလဲ”
ကိုးယောက်မြောက်မင်းသား- “…”
လင်းပိုင်ဖန်၏ စကားကို ကြားရသောအခါ ချိုင်ယွီရှင်းသည် သူမ အမြင်မှားသွားသည်ကို ပို၍ပင် သေချာသွားသည်။ ပုံမှန်လူများပင် နွားချေးကို မစားနိုင်ပါက၊ မြင်မြတ်စွာ မွေးဖွားလာသော မင်းသားတစ်ပါးဆိုရင် ဝေးရောပေါ့။
လင်းပိုင်ဖန်က- “မောင်မင်း နာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ကလာတာလဲ၊ မောင်မင်းရဲ့ မိသားစုမှာ ဘယ်သူတွေ ရှိသေးလဲ” ဟု မေးလိုက်သည်။
“ငါ...” ကိုးယောက်မြောက်မင်းသားသည် ဦးနှောက်ကို အမြင့်ဆုံးထိ အလုပ်လုပ်ကာ လိမ်လည်ပြောဆိုရန် နည်းလမ်းကို ရှာဖွေလိုက်သည်။
လင်းပိုင်ဖန်က သူ၏ ဦးခေါင်းကို လက်ညိုးထိုးပြီး “ဒီလို ရိုးရှင်းတဲ့ မေးခွန်းကိုတောင် ဒီလောက်ကြာကြာ တွေးနေရတယ်ဆိုတော့ မောင်မင်းက သိပ်ဉာဏ်မကောင်းဘူး ထင်တယ်။ မောင်မင်းရဲ့ ဦးနှောက်က တစ်ခုခု မှားနေတာများလား?” ဟု မေးလိုက်သည်။
ဘေးနားမှ အဘိုးအိုက ချက်ချင်း ရှင်းပြလိုက်သည်။ “အရှင်မင်းကြီး၊ အရှင်မင်းကြီး တကယ်ပဲ မှန်ပါတယ်။ ကျွန်တော်မျိုး သူ့ကို မနေ့က တွေ့တုန်းက သူ့ပုံစံက ရူးသွပ်နေသလိုမျိုး ငိုလိုက်၊ ရယ်လိုက် လုပ်နေတာပါ။ ပြီးတော့ တစ္ဆေ နဲ့ တွေ့ခဲ့တယ်လို့တောင် ပြောသေးတယ်။ ဒါပေမဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဘယ်က တစ္ဆေက ရှိမှာလဲ”
“သူ့ဦးနှောက်မှာ တကယ်ပဲ ပြဿနာရှိပုံရပါတယ်။ သနားစရာကောင်းပါတယ်”
လင်းပိုင်ဖန်သည် သူနှင့်အတူပါလာသည့် နန်းတွင်းအမတ်ထံမှ ငွေတုံးတစ်တုံးကို ယူလိုက်ပြီး ကိုးယောက်မြောက်မင်းသားထံ ပစ်ပေးလိုက်ကာ “ဒီပိုက်ဆံက မောင်မင်းအတွက်ပဲ။ အဝတ်အစား အသစ်တွေ ဝယ်ပြီး ကောင်းကောင်း စားသောက်ပါ၊ ပြီးတော့ နွားချေးတွေကို ဆက်မစားနဲ့တော့။ အဲဒါတွေက ကျန်းမာရေးအတွက် မကောင်းဘူး” ဟု ပြောလိုက်သည်။
ကိုးယောက်မြောက်မင်းသားသည် သူ၏ ခြေထောက်နားရှိ ငွေတုံးကို ငေးကြည့်နေခဲ့သည်။ သူ့ကို သူတောင်းစားဟု မှားယွင်းယူဆကာ ပေးကမ်းတာတဲ့လား။ ပြီးလျှင် ပေးကမ်းသူမှာ သူချစ်ရသည့် အမျိုးသမီးကို ခိုးယူသွားသည့် ပြိုင်ဘက် ဖြစ်နေလေသည်။
ကိုးယောက်မြောက်မင်းသားသည် ချက်ချင်းဆိုသလို အကြီးအကျယ်ကို အရှက်ရသလို ခံစားလိုက်ရပြီး ငွေကို လက်မခံလိုပေ။
ကိုးယောက်မြောက်မင်းသား ငိုင်နေသည်ကို မြင်သောအခါ ဘေးမှ အဘိုးအိုက ပို၍ စိုးရိမ်လာပြီး “မင်း ဘာလို့ ရပ်နေတာလဲ၊ အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ဖို့ ဒူးမထောက်ဘူးလား” ဟု ပြောလိုက်သည်။
“ငါက သူ့ကို ကျေးဇူးတင်ရမှာလား၊ ပြီးတော့ ငါလို မင်းဆက်တစ်ခုရဲ့ မင်းသားတစ်ပါးက သူ့ကို ဒူးထောက်ရမှာလား”
“ လုံးဝ မဖြစ်နိုင်ဘူး “
ထို့နောက် ကိုးယောက်မြောက်မင်းသားသည် စိတ်ထဲကနေ “ဒီဘဝမှာ ငါဆိုတဲ့ကောင်က ကောင်းကင်နဲ့ မြေကြီး၊ မိဘတွေကိုသာ ဒူးထောက်နိုင်မယ်။ အခြားဘယ်သူ့ကိုမှ ဒူးမထောက်နိုင်ဘူး၊ ဘယ်သူပေးကမ်းတာကိုမှလည်း လက်မခံနိုင်ဘူး၊ ဒါက ငါ့ရဲ့ နောက်ဆုံး ဂုဏ်သိက္ခာနဲ့ ယောက်ကျာ်းတစ်ယောက်ရဲ့ မာနပဲ”
မလှုပ်မယှက် ရပ်နေသော ကိုးယောက်မြောက်မင်းသားကို မြင်သောအခါ အဘိုးအိုက ပို၍ပင် စိုးရိမ်လာပြီး “အရှင်မင်းကြီး၊ ခဏလေး စောင့်ပါဦး၊ သူက ထပ်ပြီး ရူးနှမ်းတဲ့ အကျင့်တွေ ထွက်လာပြီး ဘာလုပ်ရမှန်း မသိတာ နေမှာပါ။ ဒီက ကျွန်တော်မျိုးပဲ သူ့ကို ကူညီပါရစေ” ဟု ဆိုကာ ထရပ်လိုက်ပြီး ကိုးယောက်မြောက်မင်းသား၏ ခါးကို အတင်းအကြပ် ကွေးညွှတ်လိုက်သည်။
“အရှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
လင်းပိုင်ဖန်သည်လည်း ဝမ်းသာစွာဖြင့် “ကောင်းပြီလေ” ဟု ပြောလိုက်လေသည်။
ကိုးယောက်မြောက်မင်းသား- “...”
ထို့နောက် လင်းပိုင်ဖန်နှင့် ချိုင်ယွီရှင်းတို့ လှည်းသို့ ပြန်လည် ဝင်ရောက်ပြီး ခရီးဆက်ခဲ့ကြသည်။
ကိုးယောက်မြောက်မင်းသားသည် လင်းပိုင်ဖန်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဒေါသတို့ဖြင့် တုန်ယင်နေကာ အံ့ကိုကြိတ်ပြီး- “ ချစ်ရသူကို ခိုးယူသွားတဲ့ အငြိုးနဲ့ ငါ့အပေါ် ပြုမူခဲ့တဲ့ အရှက်တရားက ဒီတစ်သက် ပြေလည်နိုင်မယ့် ကိစ္စမဟုတ်ဘူး၊ မကြာခင် ဒါကို အဆတစ်ရာ၊ မဟုတ်ဘူး၊ အဆတစ်ထောင် ပြန်ပေးဆပ်စေရမယ်” ဟု ရေရွတ်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူ၏ မျက်နှာပေါ်မှာ လိမ်းကျံထားသော နွားချေးအရည်များက သူ၏ ပါးစပ်ထဲသို့ စီးကျလာခဲ့သည်။
“ အဟွတ်…အဟွတ်”