← Chapters

အခန်း (၁၂၃)

Vol. 10 Ch. 123

အခန်း (၁၂၃)

Vol. 10 Ch. 123

ထို့နောက် သူ့တွင်ရှိသော ငွေဖြင့် အဝတ်အစား အသစ်တစ်စုံ ဝယ်လိုက်ပြီး ကောင်းကောင်းမွန်မွန် စားသောက်ကာ လူတစ်ဦးဦးကို ရှာဖွေရန် ထွက်ခွာလာခဲ့သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်၏ အနှောင့်အယှက် မရှိတော့သောကြောင့် ကိုးယောက်မြောက် မင်းသားခေါ်လာခဲ့သူများသည် နောက်ဆုံး၌ သူတို့၏ ဒုက္ခမှ လွတ်မြောက်လာခဲ့ကြပြီး မြို့တော်၌ စုဝေးမိကြကာ ကိုးယောက်မြောက် မင်းသားနှင့် တွေ့ဆုံခဲ့ကြလေသည်။

ကိုးယောက်မြောက် မင်းသားလည်း အလွန်အံ့သြသွားပြီး-“ အားလုံး အဆင်ပြေကြရဲ့လား”

“အရှင့်သား၊ ကျွန်တော်မျိုးတို့ အားလုံး အဆင်ပြေပါတယ်”

“အဲဒီနေ့က ကျွန်တော်မျိုးတို့ လမ်းခွဲပြီးနောက်မှာ တောတောင်တွေထဲမှာ လျှောက်လိုက်၊ နားလိုက် လုပ်ခဲ့ပေမဲ့ လမ်းကို ရှာမတွေ့နိုင်ခဲ့ဘူး…

မနေ့ကမှ လွတ်မြောက်လာခဲ့တာ

ကျွန်တော်မျိုးတို့က တခြားသူတွေကို တစ္ဆေ နဲ့ တွေ့ခဲ့တယ်လို့ ပြောပြပေမဲ့ ဘယ်သူမှ မယုံကြဘူး

အရှင့်သား၊ ကျွန်တော်မျိုးတို့ အရှင့်သားကို ပြန်တွေ့ခွင့်ရလိမ့်မယ်လို့တောင် မထင်ထားမိခဲ့ဘူး”

ကိုးယောက်မြောက် မင်းသားက အလွန်ကို စိတ်သက်သာရာ ရသွားခဲ့သည်- “အားလုံး ဘေးကင်းကင်းနဲ့ ရှိနေတာပဲ ကောင်းလှနေပြီ”

“အရှင့်သားရော ဘယ်လိုနေလဲ။ အဝတ်အစားက ဘာလို့ လဲထားတာလဲ။ အဆင်ကော ပြေပါရဲ့လား”

ကိုးယောက်မြောက် မင်းသား၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ပုံမှန်သမဟုတ်သလိုမျိုး ရှိနေပြီး- ကျုပ်လည်း သဘာဝအတိုင်းပဲ အဆင်ပြေပါတယ်။ အဲဒါတွေက အတိတ်က ကိစ္စတွေပါ။ ပြောမနေပါနဲ့တော့”

ကိုးယောက်မြောက် မင်းသားမှာ ပြောစရာ ဇာတ်လမ်းတစ်ပုဒ် ရှိနေကြောင်းကို လူတိုင်း သိလိုက်ကြသည်။

သို့သော် သူက ပြောပြချင်စိတ် မရှိသောကြောင့် ထပ်မမေးကြတော့ပေ။

“အရှင့်သား၊ ကျွန်တော်မျိုးတို့ နောက် ဘာဆက်လုပ်ကြမလဲ”

ကိုးယောက်မြောက် မင်းသား၏ မျက်လုံးများက ထက်မြလာပြီး- ကျွန်ုပ်တို့ မဟာလီမင်းဆက်ရဲ့ ကိုးယောက်မြောက် မင်းသားအမည်နဲ့ မဟာရှ ဧကရာဇ်ကို သွားတွေ့ကြမယ်”

သူ၏ အခြွေအရံများအားလုံး ပြန်ရောက်လာကြသဖြင့် သူ၏ ယုံကြည်မှုတို့က တစ်ဖန် ခိုင်မာလာခဲ့သည်။

ထို့နောက် ကိုးယောက်မြောက် မင်းသားသည် သူ၏ မြွေရုပ်ပုံထိုးထွင်းထားသည့် ဝတ်ရုံကို ဝတ်ဆင်ကာ ဆံပင်နှင့် ရုပ်ရည်ကို သပ်ရပ်အောင် ပြင်ဆင်ပြီး သူ၏ ခန်နားထည်ဝါသော ဟန်ပန်တို့ကို ပြန်လည်ရရှိခဲ့သည်။

သူသည် လက်စားချေရန်နှင့် အရှက်ရခဲ့သည်များကို ဆေးကြောရန် ဆုံးဖြတ်ထားသည်။

သူ့အနေဖြင့် လင်းပိုင်ဖန်ကို အသွင်သစ်ဖြင့် ချိုးနှိမ်ပြီး အရှင်သခင်တစ်ယောက်ရဲ့ ပုံစံအမှန်က ဘယ်လိုလဲနှင့် သူ၏ ဆရာတူအစ်မ ချိုင်ယွီရှင်း နှင့် ထိုက်တန်သူက ဘယ်သူလဲ ဆိုတာကို ပြသလိုသည်။

မဟာရှ နန်းတော်အတွင်း၌…

“အရှင်မင်းကြီးအား သတင်းပို့ပါတယ်၊ မဟာလီ မင်းဆက်ရဲ့ ကိုးယောက်မြောက် မင်းသား လီထျန်းချုံးက အရှင်မင်းကြီးအား တွေ့ခွင့်ရရန် နန်းတော်တံခါး အပြင်ဘက်၌ စောင့်ဆိုင်းနေပါတယ်”

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး " လက်စားချေချင်တဲ့ အကြံတွေက ရှိနေတုန်းပဲပေါ့လေ။ သူ့ကို ခေါ်လိုက်"

“မဟာလီမင်းဆက်၏ ကိုးယောက်မြောက် မင်းသား လီထျန်းချုံးကို အရှင်မင်းကြီးအား ဖူးမြော်နိုင်ရန် နန်းတော်ထဲသို့ ဝင်ရောက်ရန် ဆင့်ခေါ်လိုက်သည်”

ကိုးယောက်မြောက် မင်းသားသည် သူ၏ အခြွေအရံများကို ဦးဆောင်ကာ မောက်မာပြီး ခမ်းနားထည်ဝါလှသော ဟန်ပန်တို့ဖြင့် နန်းတော်၏ ခမ်းနားသော ခန်းမဆောင်ထဲသို့ လှမ်းဝင်လာလေသည်။

မဟာရှ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိတို့သည် သူ၏ သန်ရှင်း ပြေပြစ်မှုနှင့် ခန်နားထည်ဝါမှုတို့ကို မြင်တွေ့လိုက်ရပြီး စိတ်ဝင်တစားဖြစ်ကာ သူသည် မင်းဆက်တစ်ခုမှ မင်းသားတစ်ပါး အမှန်ပင် ဖြစ်ပြီး၊ ငယ်စဉ်ကတည်းက ပျိုးထောင်လာခဲ့သော အရှိန်အဝါမှာ အခြားသူများနှင့် မတူ ကွဲပြားခြားနားနေကြောင်းကို အသိအမှတ်ပြုလိုက်ကြသည်။

သို့သော် ထိုအချိန်တွင် ကိုးယောက်မြောက် မင်းသားသည် အမြင့်ဆုံး၌ ထိုင်နေသော လင်းပိုင်ဖန်ကို မော့ကြည့်လိုက်သောအခါ သူ၏ ရင်ထဲ၌ ဒေါသများ ပြည့်နှက်လာခဲ့သည်။

ဤလူယုတ်မာသည် သူ ချစ်သော ဆရာတူ အမကို ခိုးယူသွားပြီး သူ့ကိုလည်း လူအများရှေ့တွင် မျက်နှာပျက်စေခဲ့သည်။

သူက "မဟာရှ ဧကရာဇ်ကို အရိုအသေပေးပါတယ်" ဟု ပေါ့ပေါ့တန်တန် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

ဤအပြုအမူကြောင့် မဟာရှမှ အမတ်များက မကျေမနပ် ဖြစ်လာခဲ့သည်။

ထိုသူသည် မင်းဆက်တစ်ခု၏ မင်းသားတစ်ပါး ဖြစ်သော်လည်း အခြားနိုင်ငံ၏ ဧကရာဇ်ကို လာရောက်ဖူးမြော်သောအခါ သင့်လျော်သော အခမ်းအနားကို လိုက်နာရပေလိမ့်မည်။ ယင်းမှာ အနည်းဆုံးအနေဖြင့် ရှိသင့်သော လေးစားမှုပင်ဖြစ်သည်။

သို့သော် ယခုအခါ အရိုအသေပေးရုံမျှဖြင့် ပေါ့ပေါ့တန်တန် ပြောဆိုလိုက်ခြင်းမှာ အမှန်တကယ်ပင် ယဉ်ကျေးမှုမရှိလှချေ။

၎င်းမှာ သူတို့၏ ဧကရာဇ်အား မထီမဲ့မြင် ပြုနေခြင်းပင်ဖြစ်သည်။

သို့သော် လင်းပိုင်ဖန်ကတော့ ဂရုမစိုက်ခဲ့ပေ။

လူတစ်ယောက်ကို ဒီလောက်ထိ ဒေါသထွက်အောင် လုပ်ခဲ့ပြီးမှတော့ ထိုသူ စိတ်တိုဒေါသ ထွက်လာတာက ပုံမှန်ပင်ဖြစ်သည်။

ဒေါသသာ မထွက်ဘူးဆိုရင် လင်းပိုင်ဖန်က တခြားသူရဲ့ သည်းခံနိုင်စွမ်း ဘယ်လောက်ထိ နက်ရှိုင်းသလဲဆိုတာကို အမှန်တကယ် သတိထားမိမှာ ဖြစ်သည်။

လင်းပိုင်ဖန်က ပြုံးကာ- "အရမ်းကို ကြိုဆိုပါတယ်၊ မဟာလီရဲ့ ကိုးယောက်မြောက် မင်းသားက မဟာရှကို ဘာကိစ္စနဲ့ ရောက်လာတာပါလဲ"

ကိုးယောက်မြောက် မင်းသားက အနည်းငယ် ရန်လိုသော လေသံဖြင့် "ဒီတစ်ခေါက် လာရောက်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိပါတယ်၊ အဲဒါက ဆရာတူ အစ်မ ချိုင်ယွီရှင်းကို တွေ့ဖို့ပါပဲ။ ဒီမှာ ဘယ်လိုနေလဲ၊ အဆင်ပြေလား၊ ဒါမှမဟုတ် အခက်အခဲများ တစ်ခုခု ရှိနေသလားဆိုတာကို သိချင်လို့ပါ"

လင်းပိုင်ဖန်က ရယ်မောလိုက်ကာ- "ကိုးယောက်မြောက် မင်းသားနဲ့ ယွီရှင်းမှာ ဒီလို ဆက်ဆံရေးမျိုး ရှိနေတာ မသိခဲ့ဘူးပဲ။ ဒီလိုဆိုရင် ငါကိုယ်တော်တို့က မိသားစု ဖြစ်သွားနိုင်တာပဲ။ ခင်ဗျားတို့ နှစ်ယောက် စကားပြောကြဖို့ ယွီရှင်းကို ခေါ်လိုက်ပါ့မယ်"

လင်းပိုင်ဖန်သည် ချစ်ခင်ကြင်နာစွာဖြင့် "ယွီရှင်း" ဟူ၍ အကြိမ်ကြိမ် ခေါ်ဝေါ်နေသည်မှာ ကိုးယောက်မြောက် မင်းသားကို ဒေါသထွက်စေခဲ့သည်- " ဘယ်သူက ခင်ဗျားနဲ့ မိသားစုလဲ။ ခင်ဗျားကိုယ်ခင်ဗျား သေသေချာချာ ပြန်ကြည့်ကြည့်လိုက်၊ ရိုင်းပြသွားရင်တော့ ခွင့်လွှတ်ပါ။ ခင်ဗျားက ဆရာတူ အစ်မနဲ့ မတန်ဘူး"

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ မျက်နှာများမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

“ဘယ်လောက်တောင်မှ အတင့် ရဲလိုက်လဲ။ ဒီလို ရိုင်းစိုင်းတဲ့ စကားမျိုး ဒီမှာ ပြောရဲတယ်”

“ဒါ မဟာရှ နန်းတော်၊ မင်းရဲ့ မဟာလီ မဟုတ်ဘူး။ ဒီလို ရိုင်းစိုင်းမှုကို သည်းခံမှာ မဟုတ်ဘူး”

“ အရှင်မင်းကြီးကို မလျော်မကန် ပြောဆိုမှုအတွက် ချက်ချင်း တောင်းပန်ရမယ်”

ကိုးယောက်မြောက် မင်းသားသည် ခေါင်းကိုမော့၊ ရင်ကော့ကာ ကျယ်လောင်စွာဖြင့် - "ကျွန်ုပ် ပြောတာတွေက အမှန်တရားတွေပဲ။ ဘယ်မှာ မှားနေလို့လဲ။ ဘာလို့ တောင်းပန်ရမှာလဲ"

“မင်း…” အရာရှိများမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့ကြသည်။

လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်- "အားလုံးပဲ စိတ်အေးအေးထားပါ။ ကိုးယောက်မြောက် မင်းသားက ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့အတွက် ဒီလို စကားတွေ ပြောမိတာက ပုံမှန်ပါပဲ။ သူ့ကို ငါတို့တွေ နားလည်ပြီး သည်းခံပေးသင့်တယ်"

“အရှင့်မင်းကြီး၏ အမိန့်တော် အတိုင်းပါ” ဟု ဆိုကာ အရာရှိများ နောက်ဆုတ်သွားကြသည်။

ကိုးယောက်မြောက် မင်းသားမှာ သူ၏ လက်သီးချက်သည် ဝါဂွမ်းပေါ်သို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

တခြားသူ၏ ပေါ့ပေါ့တန်တန်၊ ဂရုမစိုက်သလို ရှိနေသည့် အမူအရာတို့သည် သူ့ကို လူရွှင်တော်တစ်ယောက်လို ဖြစ်သွားစေခဲ့သည်။

‘ သူ ဟန်ဆောင်နေတာ ရှင်းနေတာပဲ’

လင်းပိုင်ဖန်အပေါ် သူ၏ မကျေနပ်မှုတို့မှာ ပိုမို ပြင်းထန်လာခဲ့သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က စကားစလိုက်သည်- "မဟာလီရဲ့ မင်းသား၊ ယွီရှင်းနဲ့ ကျုပ်က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီ၊ ကျုပ်တို့ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာက အလွန်ကို နက်ရှိုင်းတယ်။ အနာဂတ်မှာ သူမဟာ ကျုပ်ရဲ့ မိဖုရား ဖြစ်လာမှာ အသေအချာပဲ။ ကျုပ်သာ သူမနဲ့ မထိုက်တန်ဘူးဆိုရင် ဘယ်သူက ထိုက်တန်မှာလဲ"

“ဟုတ်တယ်…၊ အဲ့ဒါ ကျုပ်ပဲ”

ကိုးယောက်မြောက် မင်းသားက ခေါင်းမော့ ရင်ကော့ကာ ကြေညာလိုက်သည်။ "မဟာလီမင်းဆက်ရဲ့ ကိုးယောက်မြောက် မင်းသားအနေနဲ့ ကျုပ်ရဲ့ ဂုဏ်သိက္ခာက အလွန်ကို မြင့်မြတ်ပြီး ကျုပ်ရဲ့ ရာထူးအနေနဲ့လည်း သြဇာက အလွန်ကိုကြီးမားတယ်။ ခင်ဗျားထက် အများကြီး သာလွန်တယ်။ ကျုပ်ကသာ ဆရာတူ အစ်မနဲ့ ထိုက်တန်တာ"

တစ်ယောာက်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ကိုးယောက်မြောက် မင်းသားက စိတ်ရှုပ်ထွေးစွာဖြင့် "ဘာကို ရယ်နေတာလဲ" ဟု မေးလိုက်သည်။

"ရှင်းရှင်းလေးပဲ။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ၊ မင်းရဲ့ အနေအထားကို မသိတာကို ငါ ရယ်နေတာ" ဟု အရာရှိငယ်တစ်ဦးက ရှေ့သို့ တက်လာခဲ့သည်။

ကိုးယောက်မြောက် မင်းသားလည်း ဒေါသတကြီးဖြင့် "မင်းက ကြီးကြပ်ရေးမှူးသာသာ အဆင့်ပဲရှိ ငါ့ကို လာပြီး လှောင်ပြောင်ရဲတယ်"

"ဘာလို့လဲဆိုတော့ ကြီးကြပ်ရေးမှူး သက်သက်သာ ဖြစ်တဲ့ ကျွန်ုပ်တောင် ခင်ဗျားထက် ပိုရှင်းရှင်း မြင်နိုင်လို့ပဲ"

ချောင်ချောင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီးက ခင်ဗျားထက် နိမ့်ကျတယ်လို့ ခင်ဗျားက ပြောတယ်။ ဒါပေမဲ့ ကျွန်ုပ်က ခင်ဗျားကို မေးရအုံးမယ်၊ ဘယ်နည်းနဲ့များ ခင်ဗျားက အရှင်မင်းကြီးနဲ့ ယှဉ်နိုင်နေတာလဲ"

"မင်း" ကိုးယောက်မြောက် မင်းသားသည် ဒေါသဖြင့် တုန်ယင်လာခဲ့သည်။

သူသည် ကြီးကြပ်ရေးမှူး သာသာ အဆင့်ရှိသူ တစ်ယောက်၏ ပြစ်တင်ပြောဆိုခြင်းကို ခံလိုက်ရသောကြောင့် လူသတ်ချင်စိတ် ပေါက်လာခဲ့သည်။

သို့သော် ချောင်ချောင်းက ကြောက်လန့်ခြင်း မရှိဘဲ ကျယ်လောင်စွာဖြင့် ပြောလိုက်သည်- "ကျွန်ုပ် မေးမယ်၊ ခင်ဗျားက စစ်သား ဘယ်နှစ်ယောက်ကို အမိန့်ပေးနိုင်လဲ၊ ခင်ဗျားကို ချီဖွဲ့တည်ခြင်းအဆင့် ဘယ်နှစ်ယောက်က အစေခံပြီး အလုပ်အကျွေးပြုလဲ"

ကိုးယောက်မြောက် မင်းသားက ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်- “ ငါ့မှာ အစောင့် တပ်သား ငါးထောင် ရှိတယ်၊ အစေခံအနေနဲ့ ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်ရှိတယ်"

ချောင်ချောင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- "ကျုပ်တို့ ဧကရာဇ်မင်းမြတ်က စစ်သည် ရှစ်သိန်းကို ဦးဆောင်နေတယ်။ ချီဖွဲ့တည်ခြင်းအဆင့် ခုနစ်ယောက်ကို အမိန့်ပေးနိုင်တယ်၊ စစ်အင်အားအရဆိုရင် ခင်ဗျားက ကျုပ်တို့ ဧကရာဇ်မင်းမြတ်ထက် အများကြီး နောက်ကျနေတယ်"

"မင်း" ကိုးယောက်မြောက် မင်းသားခင်ဗျာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

"ကျွန်ုပ် မေးအုံးမယ်၊ ခင်ဗျားမှာ မြေ ဘယ်လောက် ပိုင်ဆိုင်လဲ၊ လူ ဘယ်နှစ်ယောက်ကို အုပ်ချုပ်လဲ" ဟု မာန်ပါပါဖြင့် မေးလိုက်သည်။

ကိုးယောက်မြောက် မင်းသားက လက်ညှိုးထောင်ပြီး "ကျွန်ုပ်ရဲ့ နန်းတော်မှာ စတုရန်းကီလိုမီတာ တစ်သိန်းလောက်ထိ ကျယ်တဲ့ မြေ ရှိတယ်၊ လူပေါင်း တစ်သန်းကျော်ကို အုပ်ချုပ်နေတယ်"

ချောင်ချောင်းက တစ်ဖန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- "ကျုပ်တို့ ဧကရာဇ်မင်းမြတ်ရဲ့ နယ်မြေက စတုရန်းကီလိုမီတာ ခြောက်သိန်းကျော်တောင် ကျယ်ဝန်းပြီးတော့၊ လူဦးရေကလည်း ကိုးသန်းကို ကျော်လွန်နေတာ ကြာလှပြီ။ ခင်ဗျားက အရှင်မင်းမြတ်ရဲ့ ဖိနပ်တောင် သယ်ဖို့ မထိုက်တန်ဘူး"

"မင်း" ကိုးယောက်မြောက် မင်းသား၏ မျက်လုံးများ မီးတောက်လာခဲ့လေသည်။

"ကျွန်ုပ် မေးမယ်၊ ခင်ဗျားရဲ့ နှစ်စဉ် ဘဏ္ဍာငွေ ဝင်ငွေက ဘယ်လောက်လဲ။ ငွေကြေးပမာဏ ဘယ်လောက်ကို ကိုင်တွယ်နိုင်လဲ" ဟု ချောင်ချောင်းက ဆက်လက် မေးမြန်းခဲ့သည်။

ကိုးယောက်မြောက် မင်းသားက ဂုဏ်ယူစွာဖြင့် " ငါ့ နန်းတော်ရဲ့ နှစ်စဉ် ဘဏ္ဍာ ဝင်ငွေက ငွေတေး တန်တစ်သန်းကျော်လောက် ရှိပြီး လက်ရှိမှာ သုံးနိုင်တဲ့ ငွေက သုံးသန်းကျော်တောင်မှ ရှိတယ်။ နိုင်ငံငယ်လေး တစ်နိုင်ငံနဲ့ ယှဉ်နိုင်လောက်တဲ့ထိ ချမ်းသာတယ်" ဟု ပြောလိုက်သည်။

ဤ ဘဏ္ဍာငွေ ပမာဏသည် မင်းသားတွေအားလုံးထဲတွင် ထိပ်ဆုံးအဆင့်၌ ရှိသည်။

သို့သော် ချောင်ချောင်းက ပြုံးကာ ခေါင်းကို ခါလိုက်ပြီး "အဲ့ပမာဏက အရမ်း နည်းလွန်းတယ်။ ကျုပ်တို့ မဟာရှ ဘဏ္ဍာတိုက်ရဲ့ နှစ်စဉ် ဝင်ငွေက ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျား သိလား။ အခု ဘယ်လောက်ထိရှိတဲ့ ပမာဏကို သုံးနိုင်လဲဆိုတာကိုရော သိလား"

All Chapters