← Chapters

အခန်း (၁၂၇)

Vol. 10 Ch. 127

အခန်း (၁၂၇)

Vol. 10 Ch. 127

လင်းပိုင်ဖန်က ကိုးယောက်မြောက်မင်းသားကို လေ့ကျင့်ပေးနေစဉ်အတွင်း ဖန်နိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်ပွဲသည် အံ့မခန်းနိုင်လောက်သော အရှိန်ဖြင့် ပြောင်းလဲနေလေသည်။

မဟာယွဲ့နိုင်ငံ၏ ဗိုလ်ချုပ်ကျောက်သည် စစ်သည် ၄ သိန်းကို ဦးဆောင်ကာ တိုက်ခိုက်ခဲ့တဲ့အတွက် ဖန်နိုင်ငံအနေဖြင့် ခုခံကာကွယ်ရန် စစ်တပ်များ စေလွှတ်လိုက်ရသည့်အထိ တွန်းအားပေး ခံခဲ့ရသည်။

တစ်လခွဲကျော်ကြာအောင် ခုခံပြီးနောက် ဖန်နိုင်ငံမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး အသတ်ခံလိုက်ရကာ ဖန်နိုင်ငံ၏ တပ်သည် လုံးဝ ရှုံးနိမ့်သွားပြီး နောက်ဆုံးတွင် မိမိတို့၏ နယ်မြေကိုပင် မထိန်းထားနိုင်တော့ပေ။

ဖန်နိုင်ငံ၏ နန်းတော်အတွင်းတွင် ဖန်နိုင်ငံ၏ ဧကရာဇ်ကတော့ ထိတ်လန့်တုန်လှုပ်နေလေသည်။

မဟာယွဲ့တပ်သည် မြို့တော်ကို ကျူးကျော်တော့မည် ဖြစ်သည်။ ယခုလိုအချိန်တွင် သူတို့အနေဖြင့် ဘာလုပ်သင့်သည်ကို သူ၏ အရပ်ဘက်နှင့် စစ်ဘက် အရာရှိအားလုံးကို အကြံညဏ်များ တောင်းခံနေသည်။

အရာရှိတွေကတော့ တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်နေရုံသာ တတ်နိုင်ကြပြီး အဖြေရှာမရဖြစ်နေကြသည်။

ဒေါသထွက်နေသော ဖန်နိုင်ငံဧကရာဇ်က “အသုံးမကျတဲ့ကောင်တွေ၊ မောင်မင်းတို့အားလုံး တစ်ယောက်မှ အသုံးမကျတဲ့ သူတွေချည်းပဲ။ ငါ့မျက်စိရှေ့ကနေ ထွက်သွားကြစမ်း” ဟု အော်ဟစ်လိုက်လေသည်။

အရာရှိအားလုံးကို မောင်းထုတ်လိုက်ပြီးနောက်တွင်တောင်မှ ဖန်နိုင်ငံဧကရာဇ်သည် လုံးဝကို ထိတ်လန့်တုန်လှုပ်နေဆဲပင်ဖြစ်သည်။

ဖန်နိုင်ငံသည် ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

နိုင်ငံသာ ပျက်သုဉ်းသွားခဲ့ပါက အခြားသူများအနေဖြင့် အသက်ရှင်ရပ်တည်ရန် အခွင့်အရေး ရှိနိုင်သေးသော်လည်း ဧကရာဇ်ဖြစ်သည့် သူ့အတွက်မူ သူ၏ အဆုံးသတ်သည် နီးကပ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။

သူသည် အသတ်ခံရမည် ဒါမှမဟုတ် ဖမ်းဆီးခံရမည် ဖြစ်သည်။ ရလဒ်ကတော့ မကောင်းနိုင်တော့ချေ။

“သူတို့ စမတိုက်ခင် အသက်ဘေးမှ လွတ်မြောက်အောင် ငါ ထွက်ပြေးသင့်လား?” ဟု ဖန်နိုင်ငံဧကရာဇ်က သူ့ဘာသာရေရွတ်လိုက်သည်။

မိမိနိုင်ငံကို စွန့်ပစ်ရမည်ကို မလိုလားဘဲ၊ သူ၏ စည်းစိမ်ဥစ္စာနှင့် ဂုဏ်ကျက်သရေကို စွန့်လွှတ်ရမည်ကို နှမြောသော်လည်း သူ၏အသက်သည် ကြိုးတစ်ချောင်းပေါ်တွင် မူတည်နေသည်နှင့်အမျှ ထွက်ပြေးခြင်းကသာ ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်မှုပင်ဖြစ်သည်။

ထိုအချိန်တွင် ကြမ်းတမ်းခက်ထန်သော ရယ်သံတစ်ခုက ရုတ်တရက် ဝင်ရောက်လာခဲ့သည်– “ထွက်ပြေးမယ်? မင်း ဘယ်ကို ထွက်ပြေးနိုင်မယ်လို့ မင်းထင်နေတာလဲ”

ဖန်နိုင်ငံဧကရာဇ်၏ မျက်နှာသည် ပြောင်းလဲသွားပြီး- “ဘယ်သူလဲ”

မဟာယွဲ့ ၏ ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ကျားတစ်ကောင်၏ အသွင်အပြင်နှင့် ဝက်ဝံတစ်ကောင်၏ ခွန်အားနဲ့ တူညီသည့် ဟန်ပန်ဖြင့် ဝင်လာခဲ့သည်။ သူသည် ပလ္လင်ပေါ်တွင် ထိုင်နေသော ဖန်နိုင်ငံဧကရာဇ်ကို လေးစားမှု တစ်စိုးတစ်စိမျှ မရှိဘဲ ကြည့်လိုက်ကာ “ငါက မဟာယွဲ့နိုင်ငံရဲ့ ဗိုလ်ချုပ်ကျောက်ပဲ” ဟု ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထိုသူသည် မဟာယွဲ့စစ်တပ်၏ ဗိုလ်ချုပ်ကျောက်ပင် ဖြစ်သည်။

ဒီဧကရာဇ်သည်လည်း သူ့လက်မှ နောက်တစ်ကြိမ် လွတ်မြောက်သွားမည်ကို စိုးရိမ်သောကြောင့် ဧကရာဇ်၏ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်ကို သတ်ပြီးသည့်နောက် ဖန်နိုင်ငံဧကရာဇ်ကို ကိုယ်တိုင်ကြီးကြပ်ရန်အတွက် ဖန်နိုင်ငံနန်းတော်သို့ ချက်ချင်း အပြေးအလွှား ရောက်လာခဲ့တာဖြစ်သည်။

“မင်းပဲ”

ဖန်နိုင်ငံ၏ ဧကရာဇ်သည် ဒေါသလည်း ထွက်လာသလို ကြောက်လည်း ကြောက်ရွံ့နေလေသည်– “ငါ မင်းကို တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပေးခဲ့တယ်လေ၊ မင်း ငါ့ရဲ့ကျေးဇူးကို မသိတတ်တဲ့အပြင် မင်းရဲ့တပ်တွေကို ငါ့ကို ဆန့်ကျင်ဖို့တောက် ဦးဆောင်လာသေးတယ်၊ မင်းက ကျေးဇူးမသိတတ်တဲ့ လူယုတ်မာပဲ”

ဗိုလ်ချုပ်ကျောက်က အော်ရယ်လိုက်ကာ-“မင်းရဲ့ အဲ့ဒီ တန်ဖိုးရှိတဲ့ လက်ဆောင်တွေကြောင့်သာ မဟုတ်ခဲ့ရင် ဒီလူအိုကြီးက မင်းရဲ့ ဖန်နိုင်ငံလေးက ဒီလောက်ထိ ချမ်းသာမယ်မှန်း ဘယ်တော့မှ သိခဲ့ရမှာမဟုတ်ဘူး၊ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ မင်းကို နမူနာယူပြဖို့ပဲ ရှိတော့တယ်။ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး”

ဖန်နိုင်ငံဧကရာဇ်သည် နောင်တများဖြင့် ပြည့်နှက်နေလေသည်။

သူသာ ကြိုသိခဲ့မယ်ဆိုလျှင် သူ၏ နိုင်ငံ ပျက်သုဉ်းခြင်းဆီသို့ ဦးတည်စေသော ကပ်ဘေးကို ယူဆောင်လာသည့် ထိုလက်ဆောင်တွေကို ပေးခဲ့မည် မဟုတ်ပေ။

ထိုအချိန်တွင် ဗိုလ်ချုပ်ကျောက်သည် ဖန်နိုင်ငံဧကရာဇ်ထံသို့ ချဉ်းကပ်ကာ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

ဖန်နိုင်ငံ၏ ဧကရာဇ်သည် ထိတ်လန့်သွားပြီး- “မင်း ဘာလုပ်မလို့လဲ”

“အဲဒီကနေ ဆင်း” ဟု ဗိုလ်ချုပ်ကျောက်က ဟိန်းဟောက်လိုက်သည်။

“ငါ ဒီ ဧကရာဇ်ပလ္လင် ပေါ်မှာပဲ ထိုင်မယ်”

စကားများ မပြီးဆုံးမီမှာပင် ဖန်နိုင်ငံဧကရာဇ်ကို အင်အားဖြင့် ပလ္လင်ပေါ်မှ ဆွဲချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ ပြုတ်ကျသွားပြီး နာကျင်မှုကြောင့် သူ၏မျက်လုံးများရှေ့တွင် ကြယ်များပင် မြင်လိုက်ရသည်။

ထို့နောက် ဗိုလ်ချုပ်ကျောက်သည် ရဲဝံ့စွာဖြင့် ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး ခြေထောက်တစ်ဖက်က ဖန်နိုင်ငံဧကရာဇ်၏ ခန္ဓာကိုယ်ကို ဖိထားဆဲဖြစ်ကာ အောင်ပွဲခံသော ရယ်သံဖြင့် ရယ်မောလိုက်ကာ “ဒီတော့ ဒါက ဧကရာဇ်ရဲ့ ပလ္လင်ပေါ့။ ထိုင်ရတာက တကယ်ပဲ သက်တောင့်သက်သာရှိတာပဲ။ လူတွေ အများကြီး ဧကရာဇ်ဖြစ်ချင်နေတာ အံ့ဩစရာမရှိဘူးပဲ၊ ဟားဟား…”

အရှက်ရမှု၊ ဒေါသတို့ဖြင့် လွှမ်းမိုးနေသော ဖန်နိုင်ငံ၏ ဧကရာဇ်က “အပြင်က တစ်စုံတစ်ယောက် လာဦး၊ မြန်မြန်၊ ဒီကို လာကြဦး…” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အော်နေတာ ရပ်လိုက်။ အပြင်က အစောင့်တွေကို ငါ သတ်ခဲ့ပြီးပြီ။ နန်းတော်တစ်ခုလုံးကိုလည်း ငါ ထိန်းချုပ်ထားပြီးပြီ။ မင်း အသံဝင်အောင် အော်နေရင်တောင်မှ မင်းကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကျောက်က ကျေနပ်ဂုဏ်ယူစွာ ပြောလိုက်သည်။

ဖန်နိုင်ငံဧကရာဇ်၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး- “မင်း နန်းတော်ကို ထိန်းချုပ်ထားတယ်?”

“မင်း မယုံရင် ဆက်အော်နေလို့ ရတယ်။ ဘယ်သူ နားထောင်ပြီးတော့ လာကယ်မလဲ ကြည့်လိုက်”

ဖန်နိုင်ငံဧကရာဇ်သည် နောက်ထပ် အကြိမ်များစွာ အော်ခေါ်လိုက်သော်လည်း တုံ့ပြန်မှုက မလာခဲ့ပေ။ နောက်ဆုံးတွင် သူသည် စိတ်ဓာတ်ကျသွားပြီး- “ငါ့ရဲ့ နိုင်ငံက ပြီးဆုံးသွားပြီလား”

“မှန်တယ်။ မင်း ဒီဗိုလ်ချုပ်အတွက် ဒီနေရာမှာ နာခံစွာနဲ့ နေသင့်တယ်”

ဗိုလ်ချုပ်ကျောက်က ရယ်မောကာ- “ဒီ အေးခဲနေတဲ့ ရာသီဥတုမှာ ဒီဗိုလ်ချုပ်ရဲ့ အိပ်ရာကို နွေးပေးဖို့ တစ်ယောက်ယောက် လိုအပ်တယ်။ ဖန်နိုင်ငံမိဖုရားကို လုပ်ခိုင်းလိုက်၊ သူက အသက်ကြီးနေပြီဆိုပေမယ့် ဒီလူအိုကြီးက သူ့ အရွယ်ကျော်နေတာကို ဂရုမစိုက်ပါဘူး၊ ဟားဟား”

ဖန်နိုင်ငံဧကရာဇ်သည် ဒေါသကြောင့် တုန်ရီနေလေသည်။

သူ၏နိုင်ငံကို သိမ်းပိုက်ခံလိုက်ရပြီး ယခု သူ့၏ ဇနီးကိုယ်တိုင် ရန်သူကို အလုပ်အကျွေးပြုရန် အတင်းအကျပ် စေခိုင်းခံနေရသည်၊ ၎င်းသည် အကြီးမားဆုံးသော အရှက်ကွဲခြင်းပင်ဖြစ်သည်။

“စိတ်ကူးတွေ ယဥ်မနေနဲ့၊ ငါ ဒါကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး” ဟု ဖန်နိုင်ငံဧကရာဇ်က အော်ဟစ်လိုက်သည်။

ဗိုလ်ချုပ်ကျောက်သည် လက်ကိုပိုက်ကာ ကျေနပ်ဂုဏ်ယူနေသော အပြုံးဖြင့် ရယ်မောလိုက်ကာ- “မင်းမှာ ခုခံနိုင်စွမ်းက ရှိသေးလို့လား။ မင်းရဲ့ နိုင်ငံကလည်း ပြီးသွားပြီ။ မင်းက တစ်ချိန်တုန်းက ဧကရာဇ်ဖြစ်ခဲ့ပေမယ့် အခု မင်းက ခွေးတစ်ကောင်ထက်တောင်မှ တန်ဖိုးမရှိတော့ဘူး၊ ခွေးကောင်းတစ်ကောင်အဖြစ်နဲ့ နေရင်ကောင်းမယ်၊ ငါ စိတ်ကောင်းဝင်နေရင် မင်းကို အရိုးတစ်ချောင်းလောက်တော့ ပစ်ပေးမှာပေါ့၊ မဟုတ်ရင်…”

ဖန်နိုင်ငံဧကရာဇ်၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာကာ သွေးများဆူပွက်လာပြီး ဒေါသတကြီး ဆဲဆိုလိုက်လေသည်-“မင်းကများ ငါ့နိုင်ငံကို လိုချင်တယ်လား။ မင်းကို ပေးတာထက် တခြားသူကို ပေးလိုက်တာက ပိုကောင်းဦးတယ်”

သူသည် တော်ဝင်အမိန့်တော် အလွှတ်တစ်ခုကို ဆွဲကိုင်ကာ မှင်များကို စုတ်တံအကြီးဖြင့် ဆုတ်ချက်များစွာ ဆွဲလိုက်ပြီးနောက် ကျောက်စိမ်းတံဆိပ်ကို စက္ကူပေါ်တွင် မြဲမြံစွာ ဖိနှိပ်လိုက်လေသည်။

“မင်း ဘာလုပ်နေတာလဲ”

ဗိုလ်ချုပ်ကျောက်သည် တော်ဝင်အမိန့်တော်ကို ဆတ်ခနဲ ဆွဲယူလိုက်ကာ- “ကောင်းကင်ဘုံ၏ အမိန့်တော်အရ ဧကရာဇ်မင်းမြတ်က အမိန့်ပေးလိုက်သည်- ငါသည် ငါ့၏ ဘိုးဘေးများကို အရှက်ရစေခဲ့ပြီး၊ သာမန်ပြည်သူများကို ရင်ဆိုင်ဖို့ သတ္တိမရှိတော့ပေ။ ထို့ကြောင့် ဤနေရာမှနေ ဖန်နိုင်ငံကို မဟာရှသို့ ပေးအပ်ပြီး မဟာရှာက ကြင်နာစွာ ဆက်ဆံမည်ဟု မျှော်လင့်သည်။ ဤအကြောင်းကို အများသူငှာ သိစေ”

ဗိုလ်ချုပ်ကျောက်က ရယ်မောလိုက်ကာ- “ဒီစက္ကူအပိုင်းအစက အသုံးဝင်မယ်လို့ မင်း ထင်နေတာလား”

“အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ အနည်းဆုံးတော့ ငါ မင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နိုင်တယ်လေ၊ ဟားဟား” ဟု ဖန်နိုင်ငံဧကရာဇ်က စိတ်ခြောက်ခြားစွာဖြင့် အော်ရယ်လိုက်လေသည်။

ဗိုလ်ချုပ်ကျောက်၏ မျက်နှာသည် မည်းမှောင်သွားပြီး ဧကရာဇ်ကို ပါးရိုက်လိုက်လေသည်။

“မင်း ခွေးတိရစ္ဆာန်ကောင်”

ထိုအခိုက်အတန့်တွင် မဟာရှာနိုင်ငံရှိ လင်းပိုင်ဖန်၏ စိတ်ထဲတွင် အသံတစ်သံက ပဲ့တင်ထပ်လာခဲ့သည်။

“ဒင်၊ ကစားသမား၏ နိုင်ငံတော်စွမ်းအား တိုးလာခြင်းကြောင့် သင်၏ ခွန်အားသည်လည်း တစ်ပြိုင်နက်တည်း ကြီးထွားလာခဲ့သည်၊ တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ ပညာရပ်ကို ဆုချလိုက်သည်”

တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ ပညာရပ်သည် တာအိုကနေ နတ်ဆိုးဆီသို့ ပြောင်းလဲသွားပြီး၊ စိတ်ဝိညာဥ်စွမ်းအားကို ကျင့်ကြံရသော နက်နဲသော အတတ်ပညာရပ် ဖြစ်သည်၊ ၎င်းသည် ရန်သူများကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့်အပြင်၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအပြင် စကြဝဠာ၏ အနှစ်သာရကိုပါ စုပ်ယူနိုင်လေသည်၊ ဒါ့အပြင် မျက်စိဖြင့် မမြင်ရဘဲ ရန်သူများကို သတ်နိုင်သည့် စိတ်ဝိညဥ်စွမ်းအားကို သန်မာလာအောင် ကျင့်ကြံနိုင်သည်…

အင်ပါယာ မြေပုံ၏ အကူအညီဖြင့် လင်းပိုင်ဖန်သည် ဤအံ့ဩဖွယ်နည်းပညာရပ်ကို လျင်မြန်စွာ ကျွမ်းကျင်လာပြီး သူ၏ ခွန်အားသည်လည်း ပိုမိုလျှင်မြန်စွာဖြင့် တိုးလာခဲ့သည်။

ရုတ်တရက် နိုင်ငံတော်စွမ်းအား တိုးတက်လာမှုက လင်းပိုင်ဖန်ကို အံ့အားသင့်စေခဲ့ပြီး သူသည် အချက်အလက်များကို ချက်ချင်း ဆွဲထုတ်ကာ ကြည့်ရှု့လိုက်သည်။

အင်ပါယာ မြေပုံ (အလယ်အလတ်အဆင့်)

ပိုင်နက်နယ်မြေ ဧရိယာ: ၈၈၀,၀၀၀ စတုရန်းမိုင် (စိုက်ပျိုးနိုင်သောမြေ ၆၀၀,၀၀၀ စတုရန်းမိုင်)

ပြည်တွင်း သယံဇာတ: ငွေတေး သန်း ၂၂၀ (သံသတ္တုတွင်း ၅ ခု၊ ကျောက်မီးသွေးတွင်း ၆ ခု၊ ကြေးနီတွင်း ၂ ခု)

လူဦးရေ: ၁၂ သန်း ( လူချမ်းသာ ၂%၊ သာမန်လူ ၃၈%၊ ဆင်းရဲသား ၆၀%)

စစ်အင်အား: ၈၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ၈ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၃၅၀ ဦး)

စုစုပေါင်း နိုင်ငံတော် အင်အား: ၁၆၅၀ (မဟာနိုင်ငံ အဆင့်)

အံ့အားသင့်စွာဖြင့် သူသည် ဖန်နိုင်ငံသည် မဟာရှ၏ အစိတ်အပိုင်း ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

ထို့ကြောင့် ပိုင်နက်နယ်မြေ ဧရိယာ၊ ပြည်တွင်းရှိ သယံဇာတ၊ လူဦးရေနှင့် အခြား ကဏ္ဍတွေ အားလုံးလိုလို တိုးလာခဲ့ပြီး နိုင်ငံတော်စွမ်းအားသည်လည်း သိသိသာသာ ကြီးထွားလာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ။ ဘာကြောင့် ဖန်နိုင်ငံက ရုတ်တရက် ငါတို့နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်သွားတာလဲ” ဟု လင်းပိုင်ဖန်က သူ့ကိုယ်သူ တွေးလိုက်သည်။

“ဒင်၊ ဖန်နိုင်ငံဧကရာဇ်သည် မဟာယွဲ့၏ ဗိုလ်ချုပ်ကြောင့် အရှက်ရခဲ့ပြီး၊ ထိုအရှက်ကွဲမှုကြောင့် ဖန်နိုင်ငံကို မဟာရှသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်၊ ထို့ကြောင့် ဖန်နိုင်ငံသည် ယခုအခါ မဟာရှ၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်”

လင်းပိုင်ဖန်သည် စကားတောင် မပြောနိုင်ဘဲ ဖြစ်သွားခဲ့သည်- “ဒီလိုလည်း ရတာပဲလား”

“ဒင်၊ လုပ်ထုံးလုပ်နည်းကသာ တရားဝင်နေသရွေ့ အင်ပါယာ မြေပုံက အသိအမှတ်ပြုပါလိမ့်မည်”

စစ်သားတစ်ဦးမျှ မသုံးလိုက်ရဘဲ ဒါမှမဟုတ် မည်သည့် ကြိုးစားအားထုတ်မှုမျှ မရှိလိုက်ဘဲ နိုင်ငံတစ်နိုင်ငံ၏ သယံဇာတတွေ အားလုံးကို ရရှိခြင်းသည် လင်းပိုင်ဖန်အတွက်တော့ ကြီးမားလှတဲ့ ကံကောင်းခြင်းဖြစ်ပြီး မီးအိမ်နဲ့တောင်မှ ရှာရခက်သည့် ရှားပါးသော ကံကြမ္မာတစ်ခုပင် ဖြစ်သည်။

“ငါက အမှန်တကယ်ပဲ ကောင်းကင်ဘုံ ဖေဖေကြီးက ချစ်ရတဲ့ သားပဲ၊ ဟား…ဟား....”

လင်းပိုင်ဖန်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ ချက်ချင်းပင် မရပ်မနားပဲ အလုပ်ကို စတင်ခဲ့လေသည်။

သူသည် ဖန်နိုင်ငံ၏ မြေဆီလွှာကောင်းများကို မဟာရှသို့ သယ်ယူလိုက်သည်။

ထို့နောက် သူသည် ဖန်နိုင်ငံ၏ သတ္တုသယံဇာတတွေကို မဟာရှသို့ သယ်ယူလိုက်လေသည်။

တစ်ဖန် သူသည် ဖန်နိုင်ငံ၏ ရွှေ၊ ငွေနှင့် ရတနာများကို မဟာရှာသို့ သယ်ယူခဲ့ပြန်သည်။

အတိုချုပ်ပြောရမယ်ဆိုလျှင် တန်ဖိုးရှိသည့် မည်သည့်အရာကိုမဆို သယ်ယူခဲ့လိုက်သည်။

သူသည် ဖန်နိုင်ငံကို အကျိုးအမြတ် လုံးဝ မရရှိစေပေ၊ ဒါ့အပြင်ကိုမှ မဟာယွဲ့ကိုမူ အကျိုးအမြတ် ပို၍ပင် မရရှိစေခဲ့ပေ။

ဤအဖြစ်အပျက်ပြီးနောက်တွင် လင်းပိုင်ဖန်သည် ပို၍ပင် ကြွယ်ဝလာခဲ့ပြီး သူ၏မျက်လုံးများပင် မပွင့်နိုင်လောက်အောင် ပြုံးနေမိခဲ့သည်- “ကံကောင်းခြင်းတွေက အားတောင် မထုတ်လိုက်ရဘဲ အိမ်ကို ရောက်လာတာပဲ၊ ငါ ဖန်နိုင်ငံဧကရာဇ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ရမယ်”

“အမ်? ဒီကောင်တွေ ဘာတွေ လုပ်နေကြတာလဲ။ ဖန်နိုင်ငံက အခု ငါ့ မဟာရှရဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်း ဖြစ်နေပြီကွ။ မင်းတို့ မဟာယွဲ့တပ်တွေက ငါ့မြေပေါ်မှာ ဘယ်လိုလုပ်ပြီး မဆင်မခြင် ပြုမူရဲတာလဲ။ ငရဲမင်းဆီ သွားပြီး မင်းတို့ရဲ့ လုပ်ရပ်အတွက် နောင်တယူလိုက်ကြ”

ထိုသို့ပြောပြီးနောက် သူသည် နတ်ဘုရား၏ လက်ကို ဆန့်ထုတ်လိုက်လေသည်။

All Chapters