← Chapters

အခန်း (၁၂၉)

Vol. 10 Ch. 129

အခန်း (၁၂၉)

Vol. 10 Ch. 129

ထို့နောက် လင်းပိုင်ဖန်သည် မိန်းမစိုးလျှူအား ဖန်နိုင်ငံ၏ ရတနာတည်နေရာကို ပြောကြားပြီးတော့ သွားရောက်ယူဆောင်ခိုင်းလိုက်လေသည်။

ကောင်းကင်မှ ကျလာသော ဥက္ကာခဲသည် ဂျင် ၅၀၀၀ ခန့် လေးသောကြောင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်ပင်လျှင် သယ်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် လင်းပိုင်ဖန် က လက်ဗလာဆရာကြီး နှင့် အရက်ဓားအင်မော်တယ် တို့ကိုပါ အတူတကွ သွားရောက်ယူဆောင်ရန် တောင်းဆိုလိုက်လေသည်။

တစ်ပတ်အကြာတွင် သူတို့ ပြန်ရောက်လာခဲ့သည်။

လင်းပိုင်ဖန်သည် သူ၏ရှေ့မှ မြေပြင်ကိုပင် ဖိကြေနေစေသည့် မည်းနက်ပြီး ရုပ်ဆိုးဆိုး ကျောက်တုံးကြီးကို ကြည့်ကာ- “ဒါက ကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာခဲလား။ တကယ်ပဲ ကိုင်တွယ်ရ ခက်ခဲပြီး မာကျောမယ့် ပုံပဲ” ဟု ပြောလိုက်လေသည်။

အရက်ဓားအင်မော်တယ်က ခပ်ယဲ့ယဲ့ ပြုံးကာ “တကယ်ကိုပဲ မာကျောတယ်။ ကျွန်တော် အစွမ်းကုန် အားထုတ်ပြီး ခုတ်ကြည့်ပေမယ့် အမှတ်အသားလေးတောင် ချန်ထားနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။ ဒါက လက်နက်ပြုလုပ်ဖို့အတွက် ရှားပါးပစ္စည်းတစ်ခု ဖြစ်ပြီးတော့၊ နတ်လက်နက်တွေနဲ့ ထက်မြက်တဲ့ ဓားတွေကို ပုံသွင်းဖို့အတွက် အလွန်ကို သင့်တော်တယ်”

လက်ဗလာဆရာကြီးကလည်း ခေါင်းညိတ်ကာ “ဒါက ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် တကယ့်ပန်းပဲဆရာတစ်ယောက်ရဲ့ လက်ထဲမှာသာ သူ့ရဲ့ ထူးခြားတဲ့ အစွမ်းကို ပြသနိုင်မှာ၊ မဟုတ်ရင်တော့ သံတိုသံစတစ်ခု သာသာပဲ။ ကျွန်တော်မျိုး ပန်းပဲဆရာကြီးတစ်ချို့ကို သိတယ်။ သူတို့ကို စမ်းသပ်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ရမလား”

လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး- “ကောင်းပြီ။ ဒီကိစ္စကို မောင်မင်းကိုပဲ လွှဲပေးလိုက်မယ်” ဟု ပြောလိုက်သည်။

ထို့နောက် လင်းပိုင်ဖန်က အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်သည်။

“ဖန်နိုင်ငံရဲ့ ဧကရာဇ်သည် ရတနာများကို ဆက်သခဲ့သောကြောင့် သူ့အား ဖန်မြို့စား ဘွဲ့ကို ပေးသနားပြီး မြို့စားတစ်ဦး၏ အခွင့်အရေးများနှင့် ခံစားခွင့်များ အားလုံးကို ပေးအပ်လိုက်သည်”

အမိန့်တော်ကို လက်ခံရရှိမှသာ ဖန်နိုင်ငံ၏ ဧကရာဇ်သည် သက်ပြင်းချကာ စိတ်သက်သာရာ ရနိုင်ခဲ့သည်။ သူ့အနေဖြင့် ဧကရာဇ် မဖြစ်နိုင်တော့သော်လည်း အနည်းဆုံးတော့ အသက်နှင့် စည်းစိမ်အချို့ကို ထိန်းသိမ်းနိုင်ခဲ့ပြီး ဒါသည် သူ့အတွက် လုံလောက်သည်ထက် ပိုနေခဲ့သည်။

သူ ဒီသို့ ရောက်လာရသည့် အကြောင်းရင်းမှာ ယခင် ဧကရာဇ်သုံးပါးစလုံး ကောင်းကောင်းမွန်မွန် နေထိုင်နေကြသည်ကို သူသိသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် အာဏာ မရှိကြတော့သော်လည်း ဂုဏ်ပုဒ်နှင့် ငွေကြေး မြောက်များစွာ ရှိနေသေးသောကြောင့် သက်ကြီးပိုင်းတွင် ရှိနေသည့်တိုင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြသည်။ ပျက်စီးသွားခဲ့သော နိုင်ငံတစ်နိုင်ငံ၏ ဘုရင်တစ်ပါးအတွက် ဤအဆုံးသတ်သည် မဆိုးလှချေ။

မိဖုရားက “အရှင်မင်းကြီး…” ဟု ခေါ်လိုက်သည်။

ဖန်နိုင်ငံ၏ ဧကရာဇ်က လက်ကို ဝှေ့ယမ်းကာ- “ငါ့ကို အရှင်မင်းကြီးလို့ မခေါ်နဲ့တော့။ ငါက ဧကရာဇ် မဟုတ်တော့ဘူး၊ သခင်ကြီး လို့ပဲ ခေါ်ပါ။ အခုကစပြီး ငါတို့အားလုံး ဒီမှာ အေးချမ်းစွာ နေထိုင်ကြမယ်၊ အနေအထိုင်ကို ဆင်ခြင်ကြရမယ်၊ နားလည်လား”

အားလုံးက နားလည်ကြောင်း ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါ၊ သခင်ကြီး” ဟု ပြောလိုက်ကြသည်။

ထို့နောက် အားလုံးသည် သန့်ရှင်းရေးလုပ်ခြင်းနှင့် ခရီးဆောင်အိတ်များ ရွှေ့ပြောင်းခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ တစ်ယောက်ယောက်ကများ ကံကောင်းခြင်းတွေကို ယူဆောင်လာစေရန် မျှော်လင့်ချက်ဖြင့် မီးရှူးမီးပန်းတွေတောင် ဝယ်ယူပြီး ဖောက်ခဲ့ကြသည်။

ဖန်နိုင်ငံ၏ ဧကရာဇ်သည် လူတိုင်း အလုပ်ရှုပ်နေကြသည်ကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

အားလုံးက သူတို့ရဲ့ အခြေအနေတွေကို လက်ခံပြီး ဘဝသစ်ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပုံ ရပေမယ့် သူ့ကိုယ်တိုင်ကတော့ စိတ်မလွှတ်နိုင်သေးဘဲ ဝမ်းနည်းမှု အချို့ကို ခံစားရနေသေးသည်။ မည်သို့ပင်ဆိုစေ သူသည် တစ်ချိန်က မြင့်မြတ်သော ဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်၊ ယခုတွင် အာဏာမရှိတော့ဘဲ ဘွဲ့အမည်ခံ မြို့စား တစ်ဦး ဖြစ်သွားခဲ့ရာ အဆင့်အတန်း ကျဆင်းသွားခြင်းမှာ အလွန်ကို ကြီးမားလှသည်။

နိုင်ငံကို ဆုံးရှုံးခဲ့ရသည့် ကျန်ဧကရာဇ်သုံးပါးတို့သည် မည်သို့ ရင်ဆိုင်ဖြေရှင်းခဲ့ကြပါလိမ့်ဟု သူ မတွေးဘဲ မနေနိုင်ခဲ့ပေ။ သူတို့၏ နေ့စဉ်ဘဝတွင် သတိထားသင့်သည့် အရာများ ရှိနေသလား။ သူသည် အေးချမ်းသောဘဝကို မည်သို့ နေထိုင်နိုင်မည်နည်း။

သူတို့ကို ရှာဖွေကာ သူတို့၏ အတွေ့အကြုံများမှ သင်ယူလိုခဲ့သည်။

“မင်းတို့ အလုပ်တွေ ဆက်လုပ်ကြ၊ ငါ ခဏ အပြင် လမ်းလျှောက် ထွက်လိုက်ဦးမယ်” ဖန်နိုင်ငံ၏ ဧကရာဇ်သည် လက်ကို ဝှေ့ယမ်းပြီး တံခါးဝမှ ထွက်ခဲ့လိုက်သည်။

သူ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားသော ကိုယ်ဟန်အမူအရာရှိသည့် လူသုံးဦးနှင့် တိုးမိလိုက်သည်။

ဖန်နိုင်ငံ၏ ဧကရာဇ်ကို မြင်သောအခါ ၎င်းတို့သည် အချင်းချင်း မျက်လုံးချင်းဆုံမိကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။

၎င်းတို့ထဲမှ တစ်ဦးက စကားစပြောကာ “ခင်ဗျားက ဖန်နိုင်ငံရဲ့ ဧကရာဇ်လား” ဟု မေးလိုက်သည်။

ဖန်နိုင်ငံရဲ့ ဧကရာဇ်သည် အံ့အားသင့်သွားကာ “ခင်ဗျားတို့ ဘယ်လိုသိတာလဲ” ဟု ပြန်မေးလိုက်သည်။

ဒုတိယတစ်ယောက်က “ခင်ဗျားက မိုမြို့စား၊ ရှန်မြို့စား၊ အန်းမြို့စား တို့ကို သွားရှာဖို့ စီစဉ်နေတာလား” ဟု မေးလိုက်သည်။

ဖန်နိုင်ငံရဲ့ ဧကရာဇ်သည်လည်း တစ်ဖန် ပို၍ပင် အံ့အားသင့်ကာ “အဲဒါကိုရော ဘယ်လိုသိတာလဲ” ဟု မေးလိုက်လေသည်။

တတိယတစ်ယောက်က “ခင်ဗျား စိတ်ရှုပ်ထွေးနေပြီး ဘယ်ကို သွားရမှန်း၊ ဘာကို လုပ်ရမှန်းမသိဘူး ဖြစ်နေတာမလား။ ဒါကြောင့် ဒီမှာ ကောင်းကောင်း နေထိုင်နိုင်ဖို့ သူတို့ရဲ့ အကြံဉာဏ်ကို တောင်းခံချင်နေတာမလား” ဟု ပြောလိုက်လေသည်။

ဖန်နိုင်ငံ ဧကရာဇ်က ထပ်မံပြီး ထိန်းချုပ်မထားနိုင်တော့ဘဲ “ခင်ဗျားတို့ အရာရာကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ” ဟု မေးလိုက်လေသည်။

ထိုလူသုံးဦးလုံးသည် ရယ်မောလိုက်ကြပြီး “ဘာဖြစ်လို့လဲဆိုတော့ ငါတို့က မိုမြို့စား၊ ရှန်မြို့စား၊ အန်းမြို့စား တွေမို့လိုပဲ။ ငါတို့လည်း အတူတူပဲ လျှောက်လှမ်းခဲ့ရတာမို့ ခင်ဗျားရဲ့ အခြေအနေကို သဘာဝအတိုင်း နားလည်နေတာပေါ့”

“လာပါ၊ မင်းကို ငါတို့ အကြာကြီး စောင့်နေတာ” ( ချိဖတို့က ဒါတွေ ကြိုမြင်ပြီးသား)

“စားပွဲလည်း ပြင်ဆင်ပြီးပြီဆိုတော့၊ စားရင်းသောက်ရင်းနဲ့ စကားပြောကြတာပေါ့ ”

“ခင်ဗျားမှာ မေးစရာရှိတာ မှန်သမျှကို ငါတို့က အကုန် အဖြေရှာပေးမယ်”

ဘုရင်သုံးပါး၏ နှစ်သိမ့်ပေးမှုအပြီးတွင် ဖန်နိုင်ငံ၏ ဧကရာဇ်သည် သူ၏ပူပန်မှုများကို လက်ခံဖြေရှင်းနိုင်ခဲ့ပြီး ရယ်မောကာ ခေါင်းခါလိုက်လေသည်- “ကျုပ် စိုးရိမ်ပူပန်နေတဲ့ ကိစ္စက တကယ်တော့ မလိုအပ်ဘူးဆိုတာကိုတော့ မထင်ထားမိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူ (လင်းပိုင်ဖန်) က ကျုပ်ကို အစကတည်းက အလေးအနက် မထားခဲ့ဘူးပဲကိုး”

“ဟုတ်တယ်” မိုနိုင်ငံရဲ့ ဧကရာဇ်က ရယ်မောလိုက်ကာ “ဒါကြောင့် ငါတို့ရဲ့ ရလာတဲ့ ဒီဘဝကို ပျော်မွေ့သင့်တယ်၊ ကိုယ့်ကိုယ်ကို ဒုက္ခမပေးသင့်ဘူး”

“အာဏာကို ဝင်မစွက်ဖက်နေသရွေ့တော့ စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး နေထိုင်လို့ရတယ်”

“ဟုတ်တယ်။ ကျုပ် ဧကရာဇ်ဖြစ်တုန်းကထက် အခုမှ ပိုပြီး သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်။ ငွေတွေကိုလည်း လွတ်လွတ်လပ်လပ် သုံးစွဲရဲလာတယ်”

“ငါတို့ လေးယောက်၊ ယခင် ဧကရာဇ်တွေ အတူတူ ဆုံစည်းရတာ ရှားတယ်။ ဒါက ထူးခြားတဲ့ အခွင့်အရေးပဲ။ ငါတို့ရဲ့ ကံကြမ္မာအတွက် အတူတူ ခွက်မြှောက်ကာ သောက်လိုက်ကြရအောင်”

ဧကရာဇ်လေးပါးတို့သည် ခွက်များကို တပြိုင်နက် မြှင့်တင်ကာ သောက်လိုက်ကြသည်။

ထိုစဉ် မလှမ်းမကမ်းမှ လက်ခုပ်သံတစ်ချက် ထွက်ပေါ်လာခဲ့လေသည်- “ခင်ဗျားတို့ ဧကရာဇ်တွေဟာ တကယ်ကို ဘဝကို ဘယ်လိုခံစားရမှန်း သိတတ်ကြတာပဲ။ ဒီလိုမျိုး စုဝေးနေကြတာကို တခြား ဧကရာဇ်တွေ သိရင် မနာလိုဖြစ်မှာကို မကြောက်ကြဘူးလား”

ဧကရာဇ်လေးပါးလုံးသည် ချက်ချင်း မကျေမနပ် ဖြစ်သွားခဲ့ကြသည်။

“ငါတို့ ဘာလုပ်ချင်လဲဆိုတာ မင်းနဲ့ မဆိုင်ဘူး”

“မင်း ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မြို့စားတွေ၊ မင်းတို့လို သာမန်လူတွေက လာပြီး ရန်စလို့ မရဘူး”

သို့သော် မကြာမီ သူတို့အားလုံး အံ့အားသင့်သွားခဲ့ကြသည်- “ဒီအသံက အရှင်မင်းကြီးရဲ့ အသံနဲ့ တူနေတာပဲ”

သူတို့ ချက်ချင်း လှည့်ကြည့်လိုက်တော့ ဟန်ဆောင်ထားသော်လည်း သူတို့ရှေ့မှ ပုဂ္ဂိုလ်သည် အရှင်မင်းကြီး၊ လင်းပိုင်ဖန် ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။

သူတို့သည် တုန်လှုပ်ချောက်ချားသွားပြီး “အရှင်မင်းကြီး၊ ဒီနေရာကို ဘာကြောင့် ရောက်လာပါသလဲ” ဟု မေးလိုက်ကြသည်။

“ငါကိုယ်တော်က လျှို့ဝှက်ခရီးထွက်လာတာ၊ လမ်းကြုံလို့ ဒီမှာ ခဏနားပြီး တစ်ခုခု စားဖို့ ဆုံးဖြတ်လိုက်တာ၊ မင်းတို့အားလုံးနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ တိုက်ဆိုင်လိုက်တာ”

လင်းပိုင်ဖန်သည် ဧကရာဇ်လေးပါးလုံးကို နွေးထွေးစွာ ပြုံးပြလိုက်ပြီး “မင်းတို့တွေအားလုံး စုဝေးနေကြတာကာ လက်စားချေလိုသူများ မဟာမိတ်ကို ဖွဲ့စည်းဖို့ စီစဉ်နေကြတာလား” ဟု မေးလိုက်သည်။

လင်းပိုင်ဖန်၏ အကြည့်ကြောင့် ဧကရာဇ်လေးပါးတို့သည် စိတ်မသက်မသာ ဖြစ်သွားခဲ့ကြသည်။

မိုနိုင်ငံရဲ့ ဧကရာဇ်က အလျင်အမြန်ဆုံး တုံ့ပြန်လိုက်ပြီး “မဟုတ်ပါဘူး၊ ကျွန်တော်မျိုးတို့က ရှုံးနိမ့်သူများ မဟာမိတ်ပါ”

ကျန်ဧကရာဇ်များကလည်း ဝင်ရောက် ရှင်းပြကြသည်- “အတိအကျပါပဲ၊ အတိအကျပါပဲ... ကျွန်တော်မျိုးတို့က ရှုံးနိမ့်သူများ မဟာမိတ်အဖွဲ့ကပါ၊ တစ်ယောက်ကိုတစ်ယောက် အားပေး နှစ်သိမ့်နေကြတာပါ၊ လက်စားချေဖို့ဆိုတဲ့ စိတ်ကူး လုံးဝမရှိပါဘူး”

လင်းပိုင်ဖန်က ပြုံးကာ တူတစ်ချောင်းကို ကောက်ယူပြီး ဖြတ်ခနဲ မြည်အောင် ချိုးလိုက်သည်။

ထို့နောက် တူများစွာကို ကောက်ယူပြီး အနည်းငယ် အားစိုက်ထုတ်သော်လည်း မချိုးနိုင်ခဲ့ပေ။

“ဒါ ဘာကို ဆိုလိုတယ်ဆိုတာ မင်းတို့ သိလား”

“စည်းလုံးခြင်းက ခွန်အားဖြစ်တယ်လို့ ပြောတာ”

“မဟုတ်ဘူး” လင်းပိုင်ဖန်က ခေါင်းခါပြီး အားအနည်းငယ် ထပ်စိုက်ထုတ်လိုက်ရာ တူများစွာသည် မြည်သံများဖြင့် ကျိုးသွားခဲ့သည်။

“ငါ့ရဲ့ ရည်ရွယ်ချက်က မင်းတို့အားလုံး စုပေါင်းခဲ့ရင်တောင်မှ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်တာ”

ဧကရာဇ်လေးပါး: “……”

လင်းပိုင်ဖန်က ပြုံးကာ ထရပ်လိုက်ပြီး “ဒါကြောင့် စိတ်ပူစရာမလိုဘူး။ မင်းတို့ လုပ်ချင်တာကို လုပ်ကြ၊ ငါကိုယ်တော် အလေးအနက်ထားမှာ မဟုတ်ဘူး၊ ငါကိုယ်တော် ဗိုက်လည်း ပြည့်ပြီဆိုတော့ ပြန်လိုက်ဦးမယ်။ ဒီနေ့ ခင်ဗျားတို့အားလုံး ပျော်ရွှင်ကြပါစေ”

All Chapters