အခန်း (၁၂၅)
Vol. 10 Ch. 125
ခဏအကြာတွင် ကိုးယောက်မြောက်မင်းသားတို့ အဖွဲ့သည် ချိုင်အိမ်တော်သို့ ရောက်ရှိလာကြသည်။
ချိုင်ယွီရှင်းသည် စစ်တပ်စခန်းမှ အလျင်အမြန် ပြန်ရောက်နေပြီးသား ဖြစ်သည်။ ကိုးယောက်မြောက် မင်းသားကို မြင်သည်နှင့် သူမက အံ့သြတကြီးဖြင့် "နန်းတော်ကနေ ငါ့ကို တကူးတက လာတွေ့တယ်ဆိုတဲ့ သတင်းကို အခုလေးတင် ရလိုက်တာ၊ မင်း တကယ်ကြီး ရောက်လာမယ်လို့ မမျှော်လင့်မိဘူး၊ ဆရာတူမောင်လေး မတွေ့ရတာတောင် ကြာပြီပဲ"
" ကျွန်တော် ဆရာတူအစ်မကို လာတွေ့တာပါ" ဟု ကိုးယောက်မြောက်မင်းသားက ညင်သာစွာ ပြောလိုက်သည်။
သူမ၏ စစ်ဝတ်စုံကို ဝတ်ဆင်ပြီး၊ ရဲစွမ်းသတ္တိတို့ဖြင့် ခန့်ညားသော ဟန်ပန်ဖြင့် လှမ်းလာပုံကို ကြည့်ရင်း သူသည် ဆရာတူ အစ်မသည် အလွန် လှပသည်ဟု တွေးလိုက်မိသည်။
ထိုသို့သော ဆရာတူအစ်မကို သူ ဘယ်လိုလုပ် မနှစ်သက်ဘဲ နေနိုင်ပါ့မလဲ....။
"ဒါပေမဲ့ မင်းက နန်းတော်မှာ အရှင်မင်းကြီးကို အနိုင်ကျင့်ခဲ့တယ်လို့ ငါကြားတယ် အဲဒါ ဟုတ်လား" ချိုင်ယွီရှင်း၏ မျက်ခုံးလေးများ တွန့်ချိုးသွားပြီး အနည်းငယ် ဒေါသထွက်နေပုံရသည်။
ကိုးယောက်မြောက်မင်းသားသည် အလွန်ကို မတရားသဖြင့် ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
သူ ဘယ်နေရာမှာ အနိုင်ကျင့်ခဲ့လို့လဲ။
မြို့တော်ရောက်တဲ့ ပထမဆုံးနေ့မှာပဲ သူ့ကို အရှက်ရစေခဲ့တယ်၊ ဒူးပါ ထောက်ခိုင်းခဲ့ပြီးမျက်နှာပျက်ခဲ့ရသည်။
သူ နန်းတော်ကို ရောက်တော့လည်း သူ့လက်အောက်ခံတွေရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသေးတယ်။
ငါ ဘယ်လို ကံကြမ္မာမျိုးနဲ့ ကြုံရတာလဲကွာ။
"မင်းက နန်းတော်မှာ ငါ့အပေါ် မင်းရဲ့ ခံစားချက်တွေကို ထုတ်ဖော်ခဲ့တယ်လို့လည်း ငါကြားတယ် အဲဒါ အမှန်ပဲလား" ချိုင်ယွီရှင်း၏ အကြည့်က အနည်းငယ် အန္တရာယ်ရှိလာခဲ့သည်။
ကိုးယောက်မြောက်မင်းသားသည် သူမ၏ စူးရှတဲ့ အကြည့်တွေအောက်တွင် ကျောချမ်းသွားခဲ့သည်။
သူတို့အတူတူ သိုင်းပညာ လေ့ကျင့်နေစဥ်တုန်းကလည်း သူမရဲ့ ရိုက်ချက်တွေကို သူ မကြာခဏ ခံခဲ့ရဖူးသည်။
သူမသည် တိုက်ခိုက်တဲ့အချိန်ရင် ဘယ်သူ့ ရာထူးဂုဏ်ပုဒ်ကိုမှ ဂရုမစိုက်ပေ။
ဒါပေမဲ့ သူ့ရဲ့ခံစားချက်တွေက ပေါ်သွားပြီဆိုမှတော့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက ပိုကောင်းပေလိမ့်မည်။
သတ္တိကို မွေးပြီး ကိုးယောက်မြောက်မင်းသားက "ဟုတ်တယ်၊ အဲဒါ အမှန်ပဲ၊ တကယ်တော့ ကျွန်တော် ဆရာတူ အစ်မကို ဟိုး အရင်ကတည်းက လေးစားခဲ့ရတာပါ၊ ကျွန်တော် ဆရာတူ အစ်မကလွဲရင် တခြားဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့ ဆုံးဖြတ်ထားပြီးပါပြီ၊ ဆရာတူ အစ်မ ကျွန်တော့်အပေါ် ဘယ်လိုခံစားရလဲဆိုတာ သိပါရစေ" ဟု ပြောလိုက်သည်။
ချိုင်ယွီရှင်းက သက်ပြင်းချလိုက်ကာ– "ငါတို့နှစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ဘူး"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ" ကိုးယောက်မြောက်မင်းသားက စိုးရိမ်တကြီးဖြင့်– "အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က ဆရာတူ အစ်မကို ခြိမ်းခြောက်နေလို့လား၊ ဆရာတူအစ်မသာ ဟုတ်တယ် လို့ ပြောတာနဲ့ ကျွန်တော် နိုင်ငံက ကျွမ်းကျင်သူတွေကို စေလွှတ်ပြီး ဆရာတူအစ်မကို ကယ်တင်ပေးမယ်"
"အဲဒီလို မဟုတ်ဘူး၊ သူသာ ငါ့ကို ခြိမ်းခြောက်ရဲရင် ငါ သူ့ကို မြေကြီးပေါ်မှာ သူ့သွားတွေ လိုက်ရှာရတဲ့အထိ ရိုက်ပစ်လိုက်မှာ" ချိုင်ယွီရှင်းက သူမ၏ လက်သီးသေးသေးလေးကို ဆုပ်ပြလိုက်သည်။
ကိုးယောက်မြောက်မင်းသားက နားမလည်နိုင်ဖြစ်သွားပြီး– "ဒါဆို ဘာလို့လဲ..."
"ဒါကို ကြည့်လိုက် ဆရာတူမောင်လေး"
ချိုင်ယွီရှင်းက သူမဘေးရှိ ကြီးမားသော အိမ်တော်ကြီးကို လက်ညှိုးထိုးပြကာ– "ဒါက အစ်မရဲ့ အိမ်ပဲ၊ ငါ ငယ်စဉ်ကတည်းက ကြီးပြင်းလာတဲ့နေရာ၊ ဒါက ငါ့နိုင်ငံ၊ ငါ့ဆွေမျိုးတွေအားလုံးကလည်း ဒီမှာရှိနေတယ်"
"အစ်မ မင်းနဲ့အတူ ထွက်သွားခဲ့ရင် အစ်မရဲ့ ဆွေမျိုးတွေကို စွန့်ပစ်လိုက်တာ၊ အစ်မ အိမ်ကို စွန့်ပစ်လိုက်တာ၊ နိုင်ငံကို စွန့်ပစ်လိုက်တာနဲ့ တူလိမ့်မယ် လူတွေမှာ စိတ်ခံစားမှုတွေရှိတာပဲလေ၊ သူတို့ကို ဆရာတူ အစ်မ ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ"
ကိုးယောက်မြောက်မင်းသားမှာ ပါးစပ်ကို ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
"နောက်ထပ် အကြောင်း တစ်ခု ရှိသေးတယ်၊ မင်းသိတဲ့အတိုင်းပဲ ငါ ငယ်ငယ်ကတည်းက စစ်သူကြီး ဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့တယ်ဆိုတာ"
ချိုင်ယွီရှင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေပြီး– "အစ်မ စစ်သူကြီးတစ်ယောက် ဖြစ်ချင်ခဲ့တာ၊ စစ်တပ်တွေကို ဦးဆောင်ပြီး ငါတို့ရဲ့ နယ်မြေ ထောင်ချီကို ဖြတ်ကျော်ပြီး ကျူးကျော်သူတွေကို နှင်ထုတ်ချင်ခဲ့တာ၊ နယ်စပ်ဒေသကို လုံခြုံစေချင်ခဲ့ပြီး၊ ထာဝရတည်မယ့် ဂုဏ်သတင်းကို ထူထောင်ချင်ခဲ့တာ၊ 'မိန်းမတွေက ယောက်ျားတွေထက် နိမ့်ကျတယ်' လို့ ပြောတဲ့သူတွေကို၊ သူတို့တွေ မှားတယ်ဆိုတာကို ကမ္ဘာကြီးကို သက်သေပြသချင်ခဲ့တာ"
"အစ်မသာ မင်းနဲ့အတူ သွားမယ်ဆိုရင် မင်း ငါ့ကို စစ်သူကြီးဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးနိုင်မလား၊ မင်း ငါ့ကို စစ်မြေပြင်မှာ တပ်တွေကို ဦးဆောင်ခွင့်ပေးပြီး ထာဝရတည်တမယ့် ဂုဏ်သတင်းကို ထူထောင်ခွင့်ပေးနိုင်ပါ့မလား"
ကိုးယောက်မြောက်မင်းသားက ခါးသီးစွာဖြင့် ပြောလိုက်သည်– "ကျွန်တော် မလုပ်ပေးနိုင်ဘူး..."
သူသာ ချိုင်ယွီရှင်းကို လက်ထပ်လိုက်ရင် သူမရဲ့ ရာထူးက မင်းသမီးဖြစ်သွားပေလိမ့်မည်။
မင်းသမီးတစ်ပါးက အပြင်ထွက်ပြီး စစ်တိုက်ဖို့ တပ်တွေကို ဦးဆောင်တယ်ဆိုတာမျိုးက ဘယ်လိုပုံစံမျိုး ဖြစ်နေလိမ့်မလဲ။
လူတိုင်းရဲ့ ပြောင်လှောင်သရော်စရာ ဖြစ်သွားမှာ အသေအချာပါပဲ။
မဟာလီမှာ ယောက်ျားသားတွေ မရှိတော့လို့ မိန်းမတွေကို စစ်ပွဲထဲ စေလွှတ်နေတယ်လို့ ပြောကြပေလိမ့်မည်။
သူ့အနေဖြင့် သဘောတူခဲ့ရင်တောင်မှ သူ့ရဲ့ အဖေဧကရာဇ်က သဘောတူမှာ မဟုတ်ပေ၊ တရားရုံးတစ်ခုလုံးရဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေလည်း သဘောတူမှာ မဟုတ်ပေ။
ကိုးယောက်မြောက်မင်းသားက စိတ်ထဲ မပါ့တပါဖြင့် မေးလိုက်သည်– "ဒီမှာဆိုရင် တကယ်လုပ်နိုင်တာလား"
ချိုင်ယွီရှင်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် "အမှန်ပဲ၊ လုပ်နိုင်တာပေါ့၊ အခု ငါက ဒုတိယအဆင့် စစ်သူကြီးချုပ် ဖြစ်နေပြီ၊ စစ်သည် ၅၀၀,၀၀၀ ကို ကွပ်ကဲခွင့်လည်း ရထားတယ်၊ အခု ငါက တကယ့်ကို အင်အားကြီးပြီး သြဇာလွှမ်းမိုးမှု ရှိနေတယ်လို့ သတ်မှတ်နိုင်တယ်"
ချိုင်ယွီရှင်း၏ တက်ကြွသော သွင်ပြင်ကို ကြည့်ရင်း ကိုးယောက်မြောက်မင်းသားသည် မနာလိုစိတ်များ ဖြစ်ပေါ်လာပြီး– "အဲဒီဘွဲ့တွေကို သူ ပေးထားတာလား"
ချိုင်ယွီရှင်းက မနေနိုင်ဘဲ ပြုံးလိုက်မိပြီး– "ဟုတ်တယ်၊ ငါ စစ်သူကြီး ဖြစ်ချင်မှန်း သူသိတော့ သူ ငါ့ကို ရာထူးပေးခဲ့တယ်၊ ငါ စစ်မြေပြင်မှာ တပ်တွေကို ဦးဆောင်ချင်မှန်း သူသိတော့ သူ ငါ့ကို စစ်သည် ထောင်ပေါင်းများစွာကိုပါ ပေးခဲ့သေးတယ်။ ငါ လိုချင်တာ မှန်သမျှကို သူ ပေးခဲ့တယ်၊ ငါ သူ့အပေါ် ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက အချည်းနှီး မဖြစ်ခဲ့ဘူး"
ကိုးယောက်မြောက်မင်းသားသည် ပို၍ပင် မနာလိုဖြစ်သွားခဲ့သည်၊ သူသည် သူ၏ ဆရာတူအစ်မကို ယခုလို ပျော်ရွှင်စွာဖြင့် ပြုံးနေတာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဒါတွေအားလုံးက အဲဒီကောင်ကြောင့်ပဲ။
အဲဒီလူက သူ့ ဆရာတူအစ်မ လိုချင်တာ အကုန် ပေးခဲ့တယ်။
သူကျတော့ မပေးနိုင်ခဲ့ဘူး။
"ဒါ့အပြင် အရေးကြီးဆုံး အကြောင်းပြချက် တစ်ခု ရှိသေးတယ်"
"ဘာအကြောင်းပြချက်လဲ" ဟု ကိုးယောက်မြောက်မင်းသားက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အစ်မကမှ မင်းကို မချစ်တာ၊ ဘာလို့ ငါ မင်းနဲ့ လိုက်ရမှာလဲ" ဟု ချိုင်ယွီရှင်းက အပြစ်ကင်းသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
" ဘာ..." ကိုးယောက်မြောက်မင်းသားသည် တစ်ဖန်ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရလေသည်။
အစ်မကြီးက သူ့ကို ယောက်ျားတစ်ယောက်အနေနဲ့ မကြိုက်ခဲ့ဘူးတဲ့လား...?
သူမက သူ့ကို မကြိုက်လို့၊ မချစ်ခဲ့လို့ သူ့နဲ့ လိုက်မလာချင်တာတဲ့လား?
ဒီစကားကြောင့် ဖြစ်လာတဲ့ နာကျင်မှုက၊ အရင်အကြောင်းပြချက်တွေ အားလုံးထက်တောင်မှ ပိုနာကျင်ရတယ်!
ကိုးယောက်မြောက်မင်းသားသည် လုံးဝ လက်မခံနိုင်စွာဖြင့် "ဆရာတူ အစ်မ၊ တကယ်ပဲ ဆရာတူအစ်မရဲ့ နှလုံးသားထဲမှာ ကျွန်တော့်အတွက် ခံစားချက်က လုံးဝကို မရှိတာလား၊ တကယ်ပဲ နည်းနည်းလေးတောင်မှ မရှိတာလား" ဟု မေးလိုက်သည်။
ချိုင်ယွီရှင်းက လက်ကာပြလိုက်ကာ– "ငါ မင်းကို ဆရာတူ မောင်ငယ်တစ်ယောက်လိုပဲ အမြဲဆက်ဆံခဲ့တာ၊ ယောက်ျားမိန်းမကြားက ဘယ်လို ခံစားချက်မျိုးက ရှိနိုင်မှာလဲ"
ကိုးယောက်မြောက်မင်းသားသည် နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။
ချိုင်ယွီရှင်းက– "ရိုးရိုးသားသားပြောရရင် ဆရာက ငါ့ကို မင်းကို သင်ပေးဖို့ မတောင်းဆိုခဲ့ရင် ငါ့အနေနဲ့ မင်းကို ဂရုစိုက်မှာတောင် မဟုတ်ဘူး၊ ငါ ဒီလောက်တောင်မှ တုံးအနေတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ငါ မင်းကို အကြိမ်ပေါင်းများစွာ သင်ပေးခဲ့တာတောင် မင်းလာမှ နားမလည်လာဘူး။ မင်း လာဘ်ထိုးပြီး ဝင်လာတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
ကိုးယောက်မြောက်မင်းသား–"...."
ကိုးယောက်မြောက်မင်းသားသည် နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရပြန်သည်။
ပြီးတော့ သူမက တကယ်ကို အချက်ကျကျဖြင့် ပြောလိုက်တာဖြစ်ပြီး၊ သူ တကယ်ပဲ နောက်ဖေးတံခါးကနေ ဝင်ခဲ့တာဖြစ်သည်။
ဘာလို့လဲဆိုတော့ သူ့ဆရာက သူ့အဖေ၊ ဧကရာဇ်ရဲ့ ကျေးဇူးကြွေးကို ဆပ်ရမှာမို့လို့ပင်...
ကိုးယောက်မြောက်မင်းသားသည် သူ့၏ ရင်ဘတ်ကို ဖိရင်း၊ ဆရာတူ အစ်မရဲ့ နှလုံးသားထဲမှာ သူ့ကို ဒီလောက်ထိ အထင်သေးနေတယ်ဆိုတာကို မယုံနိုင်ခဲ့ဘဲ ရုတ်တရက် ငိုချင်စိတ်တွေ ပြင်းပြလာခဲ့သည်။
သူ မျက်ရည်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားရင်း မိုးကောင်းကင်ကို ၄၅ ဒီဂရီ စောင်းငဲ့ကြည့်လိုက်လေသည်။
"ဆရာတူ အစ်မ၊ အစ်မက ကျွန်တော့်ကို မကြိုက်ဘူးဆိုရင်၊ ဆရာတူအစ်မက အဲ့ဒီကောင်ကိုရောယောက်ျားတစ်ယောက်အနေနဲ့ ကြိုက်လား"
သူမ 'မကြိုက်ဘူး၊ သူ့ကို ကြိုက်စရာ အကြောင်းမရှိဘူး' လို့ ပြောမှာကို သူ့အနေဖြင့် တိတ်တဆိတ် မျှော်လင့်နေခဲ့မိသည်။
ချိုင်ယွီရှင်းက အလွန်ရှက်နေသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ကိုးယောက်မြောက်မင်းသားက စိုးရိမ်တကြီး ဖြစ်လာပြီး– "ဒါပေမဲ့ အဲ့ကောင်က အရမ်း ဆိုးသွမ်းတာလေ..."
ချိုင်ယွီရှင်းက ရယ်လိုက်ကာ– "ဘာဖြစ်လို့လဲတော့ မသိဘူး၊ ဒါပေမဲ့ ငါ သူ့ရဲ့ ဆိုးသွမ်းတဲ့ဘက်ကိုပဲ ကြိုက်မိနေတာ"
ကိုးယောက်မြောက်မင်းသား– "....."
"တချို့အချိန်တွေမှာ သူက အရမ်းဆိုးသွမ်းလွန်းလို့ ငါ သူ့ကို ရိုက်ချင်ပေမဲ့၊ အချိန်အများစုမှာ သူက တကယ် ချစ်စရာကောင်းတယ်၊ ပြီးတော့ သူ့နဲ့အတူရှိနေရတာကို ငါ အရမ်းပျော်တယ်၊ မင်းလိုမျိုး အမြဲတမ်း ခပ်တည်တည်နေပြီး အရမ်းကို မှိုင်ကုပ်နေတာမျိုး မဟုတ်ဘူး၊ ပျော်စရာမကောင်းဘူး"
ကိုးယောက်မြောက်မင်းသား–"......"
"ဒါ့ကြောင့် အခု ကြည့်လိုက်၊ အခု အစ်မမှာ မိသားစုရှိတယ်၊ အလုပ်အကိုင်လည်း ရှိတယ်၊ ပြီးတော့ ငါ ကြိုက်နေတဲ့သူလည်း ရှိတယ်၊ ငါ ဘယ်မှ မသွားဘူး၊ ငါ ဒီ မဟာရှမှာပဲ နေတော့မယ် ဆရာတူမောင်လေး၊ မင်း အဲဒီ အကြံကို လက်လျှော့လိုက်တာ ပိုကောင်းမယ်၊ မင်းရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကိုလည်း မင်း သေချာပေါက် ရှာတွေ့လိမ့်မယ်လို့ အစ်မ ယုံကြည်ပါတယ်"
"ဆရာတူအစ်မရဲ့ နှစ်သိမ့်စကားတွေအတွက် ကျေးဇူးတင်ပါတယ်" ကိုးယောက်မြောက်မင်းသားက မျက်ရည်များ စီးကျနေရင်းနဲ့ ပြောလိုက်လေသည်။
"ကောင်းပြီ၊ အတိတ်က အဲဒီအကြောင်းတွေကို မပြောတော့ဘူး ဆရာတူမောင်လေး၊ မင်း မဟာရှကို တစ်ခါတစ်လေ လာတာဆိုတော့၊ အစ်မတစ်ယောက်အနေနဲ့ တာဝန်ကို ကြေပွန်ရမယ်၊ အစ်မ မင်းကို ထမင်းဝိုင်း အကြီးကြီး တစ်ဝိုင်းနဲ့ ဧည့်ခံမယ်၊ မင်း ဘာစားချင်လဲ အစ်မ စီစဉ်ပေးမယ်" ဟု ချိုင်ယွီရှင်းက စေတနာအပြည့်ဖြင့် ကမ်းလှမ်းလိုက်သည်။
ကိုးယောက်မြောက်မင်းသားကတော့ နာကျင်နေသော ရင်ဘတ်ကို ဖိရင်း "ဆရာတူအစ်မ၊ ကျွန်တော် သောက်ချင်တယ်၊ အရာအားလုံးကို မေ့သွားတဲ့အထိ သောက်ချင်တယ်"
ချိုင်ယွီရှင်းသည် ချက်ချင်း ပွဲတော်တစ်ခု စီစဉ်ပေးခဲ့လိုက်သော်လည်း၊ သးတို့ နှစ်ယောက်ကြားက ရန်ငြိုးကို ပြေလည်စေရန် မျှော်လင့်ချက်ဖြင့် လင်းပိုင်ဖန်ကိုလည်း ခေါ်လိုက်လေသည်။
လင်းပိုင်ဖန်က ပြုံးရွှင်စွာဖြင့် လာနေသည်ကို ကြည့်ရင်း ကိုးယောက်မြောက်မင်းသား ဒေါသထွက်လာခဲ့ပြန်သည်။
သို့သော် သူ၏ ဆရာတူအစ်မအတွက် သူသည် သူ့ကိုယ်သူ ထိန်းချုပ်ကာ ဒေါသတကြီး ပြောလိုက်သည်– "စိတ်ခံစားချက်ရေးရာမှာ မင်းကို ငါ ရှုံးတယ်၊ ဒါပေမဲ့ အရက်သောက်ရာမှာတော့ မင်းထက် သာအောင် သောက်ပြရမယ်"
အရက်အကောင်းစား အိုးပေါင်းများစွာကို သောက်ပြီးနောက် လင်းပိုင်ဖန်၏ အသားအရေမှာ မပြောင်းလဲသေးသော်လည်း ကိုးယောက်မြောက်မင်းသားမှာ လုံးဝ မူးယစ်နေလေသည်။
မှုန်ဝါးဝါး၊ မူးဝေနေသော မျက်လုံးများဖြင့် ကိုးယောက်မြောက်မင်းသားက "ငါတို့ ဒီလောက်အများကြီး သောက်ထားတာကို၊ ငါတစ်ယောက်တည်း ဘာလို့ မူးနေတာလဲ၊ မင်းကျတော့ မမူးဘူး" ဟု ရေရွတ်လိုက်သည်။
"ပျော်ရွှင်မှုက စိတ်ကို လန်းဆန်းစေတယ်လို့ ဆိုရိုးရှိတယ် ယွီရှင်းက သူမရဲ့ နှလုံးသားကို ငါ့ကို ပေးအပ်လိုက်ပြီဆိုတာ ငါ ခုမှ သိလိုက်ရတယ်၊ ငါ ဝမ်းသာလွန်းတဲ့အတွက်၊ လူတစ်ယောက် ပျော်နေတဲ့အခါ သဘာဝအတိုင်းပဲ မမူးနိုင်ဘူး၊ မင်းရော အဲ့လို မထင်ဘူးလား" ဟု လင်းပိုင်ဖန်က အလွန် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ကိုးယောက်မြောက်မင်းသားသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရပြီး နောက်ထပ် အရက်အနည်းငယ် ထပ်သောက်လိုက်သည်။
လင်းပိုင်ဖန်က "ဆက်မသောက်နဲ့တော့ 'ပင်လယ်ကြီးရှိနေသရွှေ့ ငါးမရှားဘူး' လို့ ဆိုရိုးရှိတယ်မလား ယွီရှင်းက မင်းကို သဘောမကျနိုင်ပေမဲ့ မင်းကို ကြိုက်တဲ့ အမျိုးသမီးတွေ အများကြီး ရှိသေးတယ် မင်း ချဉ်းကပ်ပုံက မမှန်လို့ပဲ" ဟု အကြံပေးလိုက်သည်။
"ဘယ်လို ချဉ်းကပ်ရမလဲ"
"ပြည့်တန်ဆာရုံပဲ၊ မင်းသာ သင့်လျော်တဲ့ စျေးနှုန်းကို ပေးဖို့ ဆန္ဒရှိသရွေ့ သူတို့ မင်းကို သေလောက်အောင် ချစ်ကြလိမ့်မယ်လို့ ငါ အာမခံတယ်"
"အား..." ကိုးယောက်မြောက်မင်းသားသည် နောက်ထပ် အရက် တစ်အိုးလောက် ထပ်လောင်းလိုက်ပြီး အမူးလွန်သွားကာ သတိမေ့သွားခဲ့သည်။
ချိုင်ယွီရှင်းသည် လင်းပိုင်ဖန်ကို အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်ကာ– "သူ့ကို နှစ်သိမ့်ပေးဖို့ လာခိုင်းတာလေ၊ သူ့ကို ဒေါသထွက်အောင် လုပ်ခိုင်းတာ မဟုတ်ဘူး"
လင်းပိုင်ဖန်က ယုံကြည်မှု အပြည့်ဖြင့် ခုခံကာကွယ်သည်– "ဒါကို 'အသဲကွဲတာ' လို့ ခေါ်တယ်၊ သူ့ရဲ့ နှလုံးသားဝေဒနာက အရမ်းပြင်းထန်နေလို့ ကိုယ့်ကိုယ်ကိုယ် လက်လျှော့ထားပြီ၊ သူ့ကို လုံလောက်တဲ့ လှုံ့ဆော်မှု ပေးမှသာ သူဟာ ပြာပုံထဲကနေ ပြန်လည်မွေးဖွားပြီး လိပ်ပြာတစ်ကောင်လို ပြောင်းလဲလာနိုင်မှာ"
"အဲဒါတောင်မှ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ"
"စိတ်မပူပါနဲ့၊ သူ့ကို နောက်ထပ် အကြိမ်အနည်းငယ် လှုံ့ဆော်ပေးလိုက်ရင်၊ နောက်ဆုံးမှာ အဆင်ပြေသွားမှာ သေချာတယ်"
ချိုင်ယွီရှင်း–"...."