← Chapters

အခန်း (၁၂၆)

Vol. 10 Ch. 126

အခန်း (၁၂၆)

Vol. 10 Ch. 126

နောက်တစ်နေ့မှာတော့ လင်းပိုင်ဖန်က အရက်ကောင်းတွေ အပြည့်ထည့်ထားတဲ့ အိုးများစွာကို ယူလာပြီး ပြန်ရောက်လာပြန်တယ်။

ကိုးယောက်မြောက်မင်းသားမှာ အိပ်ရာမှ နိုးကာစဖြစ်ပြီး ခေါင်းများ ကိုက်ခဲနေသဖြင့် “မင်း ဘာလာလုပ်တာလဲ” ဟု မေးလိုက်လေသည်။

“မင်းရဲ့ ဝေဒနာတွေက မပျောက်သေးဘူးလို့ကြားလို့ ဝမ်းနည်းမှုတွေ သက်သာအောင် ငါ အဖော်လာလုပ်ပြီး အတူလာသောက်ပေးတာ” ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။

ကိုးယောက်မြောက်မင်းသားက နားမလည်စွာဖြင့် “မင်းမှာ ကိုင်တွယ်ရမယ့် နိုင်ငံရေးကိစ္စတွေ မရှိဘူးလား”

လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ကာ- “ငါက မိုက်မဲတဲ့ ဧကရာဇ်တစ်ယောက်လေ။ မိုက်မဲတဲ့ဧကရာဇ်က နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကို မင်း မြင်ဖူးလို့လား”

ကိုးယောက်မြောက်မင်းသားက- “ကောင်းပြီလေ၊ မင်းမှာ အချိန်တွေ ပေါနေရင်လည်း ဆက်သောက်ကြတာပေါ့။ မင်းကို အနိုင်မယူနိုင်ဘူးဆိုတာ ငါ မယုံဘူး”

တစ်ဖန် နှစ်ယောက်သား အသောက်ပြိုင်ပွဲကြီးကို တစ်ဖန် စတင်ခဲ့ကြပြန်သည်။

သိပ်မကြာခင်မှာပဲ ကိုးယောက်မြောက်မင်းသားသည် တစ်ဖန် မူးယစ်လာခဲ့ပြန်သည်။

မူးလာရုံသာမကပဲ လင်းပိုင်ဖန်၏ စကားတွေနဲ့ ထပ်ပြီး ထိုးနှက်ခံလိုက်ရသဖြင့် ခန္ဓာကိုယ်နှင့် စိတ် နှစ်ခုလုံးတွင် မခံမရပ်နိုင်အောင် နာကျင်ခံစားနေခဲ့ရသည်။

ရက်ပေါင်းများစွာ ဆက်တိုက် သောက်ပြီးတဲ့ နောက်တွင်တော့ ကိုးယောက်မြောက်မင်းသားသည် လင်းပိုင်ဖန်ကို မြင်သည်နှင့်ပင် ကြောက်လန့်လာပြီး “မင်း..၊ တောင်းပန်ပါတယ်၊ နောက်ထပ် မလာပါနဲ့တော့လား။ ငါ ကောင်းသွားပါပြီ၊ ထပ်မသောက်ချင်တော့ဘူး။ မင်း ထပ်လာရင် ငါ မင်းကို စိတ်ဆိုးမိတော့မှာ”

လင်းပိုင်ဖန်က- “တွေ့လား၊ အားလုံး အဆင်ပြေသွားပြီ မဟုတ်လား” ဟု အောင်နိုင်သူအပြုံးဖြင့် ချိုင်ယွီရှင်းအား ပြောလိုက်သည်။

ချိုင်ယွီရှင်းလည်း စိတ်အေးသွားပြီးတော့ ရယ်လိုက်ကာ “အဆင်ပြေပြီဆိုရင်၊ ကျွန်မ စစ်ရေးကိစ္စတွေကို သွားလုပ်လိုက်ဦးမယ်” ဟု ပြောလိုက်သည်။

ချိုင်ယွီရှင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ကိုးယောက်မြောက်မင်းသားတွင် ဝမ်းနည်းမှုအချို့ကတော့ ကျန်ရှိနေသေးပြီး လင်းပိုင်ဖန်အား စိုက်ကြည့်ကာ “ဆရာတူအစ်မက မင်းကို အရင်ကတည်းက မသိခဲ့ဘူးဆိုရင်၊ ငါ မင်းကို ရှုံးမှာ မဟုတ်ဘူး”

လင်းပိုင်ဖန်က ကိုးယောက်မြောက်မင်းသား၏ ပခုံးကို ပုတ်ကာ- “လူငယ်လေး၊ ဒီ လက်တွေ့မကျတဲ့ စိတ်ကူးတွေကို စွန့်လွှတ်လိုက်တော့။ ငါ နဲ့ ယွီရှင်း နောက်မှ ဆုံခဲ့ကြရင်တောင်၊ သူက ငါ့ကို မလွန်ဆန်နိုင်ဘဲ ချစ်မိသွားဦးမှာပဲ၊ ဘယ်သူမှ ငါ့ကို မတွန်းလှန်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့ကြားက ကွာဟချက်က ကျော်လွှားလို့ မရနိုင်တဲ့အတွက်ကြောင့်ပဲ”

“မဖြစ်နိုင်ဘူး” ဟု ကိုးယောက်မြောက်မင်းသားက အော်လိုက်လေသည်။

“မယုံဘူးလား။ အပြင်ထွက်ပြီး စမ်းကြည့်လိုက်ရအောင်” ဟု လင်းပိုင်ဖန်က ရယ်မောကာ ပြောလိုက်သည်။

“စမ်းမယ်လေ၊ စမ်းကြည့်တာပေါ့”

ဒီလိုဖြင့် သူတို့နှစ်ဦးသည် လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။

လင်းပိုင်ဖန်က သိမ်မွေ့သောအသွင်အပြင်ရှိသည့် မိန်းကလေးငယ်တစ်ဦးကို တားကာ “မိန်းကလေး၊ ကျွန်တော့်မှာ မေးစရာရှိလို့ပါ” ဟု ပြောလိုက်သည်။

မိန်းကလေးငယ်က အရိုအသေပေးပြီး- “အရှင်မင်းကြီး၊ မေးတော်မူပါ။ ဒီက ကျွန်တော်မျိုးမက အသေးစိတ် မချန်ဘဲ ဖြေပါ့မယ်”

လင်းပိုင်ဖန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီးတော့ ကိုးယောက်မြောက်မင်းသားကိုပါ ညွှန်ပြကာ “မိန်းကလေးရဲ့ အနာဂတ်ခင်ပွန်းဖြစ်ဖို့ ကျွန်တော်တို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးမလဲ” ဟု မေးလိုက်သည်။

မိန်းကလေးငယ်မှာ အလွန်ကို ရှက်ရွံ့သွားခဲ့သည်။ ‘အရှင်မင်းကြီးက ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ။ အရမ်းရှက်ဖို့ကောင်းလိုက်တာ’

သို့သော် ဧကရာဇ်က မေးထားသဖြင့် ပြန်ဖြေရပေမည်။

သူမက လင်းပိုင်ဖန်ကို မော့ကြည့်ပြီး ကိုးယောက်မြောက်မင်းသားကိုပါ ကြည့်ကာ မဆိုင်းမတွပင် “ဧကရာဇ်အရှင်မင်းကြီးကိုပေါ့ရှင်” ဟု ပြောလိုက်လေသည်။

လင်းပိုင်ဖန်က ပြုံးကာ “ဘာလို့လဲ” ဟု ထပ်မေးလိုက်သည်။

“အရှင်မင်းကြီးမှာ မြင့်မြတ်တဲ့ရုပ်ရည်၊ တောက်ပတဲ့ စာပေပညာရပ်တွေရှိနေပြီး၊ ဒါ့အပြင်ကိုမှ နိုင်ငံရဲ့ အုပ်စိုးရှင်ဖြစ်ပြီး၊ အမြင့်ဆုံးအာဏာကို ကိုင်စွဲထားသူဖြစ်တဲ့အတွက်၊ အရှင်မင်းကြီးကို ပြုစုခွင့်ရတာက ဒီက ကျွန်တော်မျိုးမအတွက် ဂုဏ်ယူစရာပါ” ဟု မိန်းကလေးငယ်က ရှက်ရွံ့စွာ ပြောလိုက်လေသည်။

လင်းပိုင်ဖန်သည် အားရပါးရ ရယ်မောလိုက်ပြီး “ကောင်းတယ် ပြောတာ ကောင်းတယ်”

ကိုးယောက်မြောက်မင်းသားကတော့ မကျေနပ်ပေ- “ငါကလည်း မဟာလီမင်းဆက်ရဲ့ ကိုးယောက်မြောက်မင်းသားပဲလေ၊ ပိုပြီးတော့တောင်မှ မြင့်မြတ်တဲ့ အဆင့်အတန်းရှိသေးတယ်။ မင်း တကယ်ပဲ ငါ့ကို မရွေးဘဲ သူ့ကို ရွေးတာလား”

လင်းပိုင်ဖန်က ထပ်ဖြည့်လိုက်ကာ “သူက တကယ်ပဲ မဟာလီ အင်ပါယာရဲ့ မင်းသားပါ၊ မေးခွန်းကို ထပ်ဖြေပါဦး- သူ့ကို ရွေးမလား၊ ငါ့ကို ရွေးမလား၊ မှန်မှန်ဖြေပါ၊ ဖုံးကွယ်ထားတာမျိုး မရှိရင် ဘယ်အပြစ်ကိုမဆို ခွင့်လွှတ်ပေးမယ်”

“ဧကရာဇ်အရှင်မင်းကြီးကိုပဲပေါ့ရှင်” ဟု မိန်းကလေးငယ်က လုံးဝမဆိုင်းမတွဘဲ ပြောလိုက်လေသည်။

“ဘာလို့လဲ” ဟု လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။

“အဖိုးမဖြတ်နိုင်တဲ့ ရတနာကို ရှာရတာ လွယ်ပေမယ့် ချစ်တတ်တဲ့ယောက်ျားကိုတော့ ရှာရခက်တယ်”

မိန်းကလေးငယ်က ခေါင်းငုံ့ပြီး ပြောလိုက်လေသည်။ “အစောပိုင်းတွေတုန်းက အရှင်မင်းကြီးက အမျိုးသမီး တစ်ဦးအတွက် ကိုယ့်နိုင်ငံရဲ့ ပိုင်နက်ကို စွန့်လွှတ်ခဲ့တယ်၊ နောက်ပိုင်းမှာလည်း ဗိုလ်ချုပ် ချိုင်ယွီရှင်းအတွက် ကိုယ်တိုင်ပဲ တပ်ကို ဦးဆောင်ပြီး အန္တရာယ်ရှိတဲ့နယ်မြေကို စွန့်စားသွားရဲခဲ့တယ်၊ ဒီလိုမျိုး ချစ်တက်ပြီးတော့၊ ဖြောင့်မတ်တဲ့သူဟာ အမျိုးသမီးတိုင်း နေ့ညမပြတ် စိတ်ကူးယဉ်ပြီး အိပ်မက်ထဲမှာတောင် တမ်းတနေရတဲ့ ချစ်သူပါပဲ၊ အဲဒီ မင်းသားကတော့ ဒီက ကျွန်တော်မျိုးမက သူ့အကြောင်း သိပ်မသိတဲ့အတွက်၊ သဘာဝအတိုင်းပဲ သူ့ကို မရွေးဖြစ်ပါဘူး”

လင်းပိုင်ဖန်သည် ဝင့်ကြွားစွာ ရယ်မောလိုက်ပြန်သည်- “ကောင်းတယ် ပြောတာကောင်းတယ်၊ မင်းကို ဆုချရမယ်”

သူမအား ငွေတစ်တေး ပေးလိုက်ပြီး ပြန်လွှတ်လိုက်သည်။

“ကဲ၊ ကိုးယောက်မြောက်မင်းသား၊ အခု ဘာပြောချင်သေးလဲ” ဟု လင်းပိုင်ဖန်က လှောင်ပြောင်လိုက်သည်။

“ဒါကို ထည့်မတွက်ဘူး”

ကိုးယောက်မြောက်မင်းသားက အော်ဟစ်လိုက်ကာ- “မင်းက ဒီနေရာရဲ့ ဧကရာဇ်လေ၊ သူတို့က မင်းကိုပဲ ရွေးမှာပေါ့၊ ငါ့ကို ရွေးမှာ မဟုတ်ဘူး”

“ကောင်းပြီ၊ ဒါဆို ထပ်လုပ်ကြည့်လိုက်ရအောင်။ မင်းကို တကယ့် အရှုံးဆိုတာ ဘာလဲဆိုတာ ငါ ပြမယ်”

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ကြာပြီးနောက်တွင် လင်းပိုင်ဖန်သည် လုံးဝ ကွဲပြားသောပုံစံဖြင့် ထွက်ပေါ်လာခဲ့သည်။ သူသည် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အရေပြားမှာ နေလောင်ထားကာ၊ နှုတ်ခမ်းမွှေး အနည်းငယ်ပါ ရှိနေသည်။

ကိုးယောက်မြောက်မင်းသားမှာ အံ့အားသင့်သွားပြီး “မင်း ဘာလို့ အယောင်ဆောင်ထားတာလဲ”

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ကာ- “ငါ့ရဲ့ ချောမောလှတဲ့ ရုပ်ရည်ကို ဖုံးကွယ်ထားရမယ်လေ၊ မဟုတ်ရင် မင်းက မတရား အသာစီးယူပြီး နိုင်တယ်လို့ ထပ်စွပ်စွဲဦးမှာကိုး”

ကိုးယောက်မြောက်မင်းသား- “…..”

နှစ်ယောက်သား သာမာန်အရပ်သားများကြားတွင် အယောင်ဆောင်၍ တစ်ဖန် မိန်းကလေးငယ်တစ်ဦးကို တားလိုက်ကြသည်။

“မိန်းကလေး၊ ကျွန်တော်တို့မှာ မေးစရာ ရှိလို့ပါ၊ မှန်မှန်ကန်ကန် ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု လင်းပိုင်ဖန်က ယဉ်ကျေးစွာ မေးလိုက်သည်။

မိန်းကလေးငယ်သည် ထိုအမျိုးသားနှစ်ဦးကို ရည်မွန်သည့် သဘောရှိပြီး “ဘာမေးစရာရှိလို့လဲ မေးပါရှင်” ဟု ပြောလိုက်သည်။

“တစ်ယောက်ကတော့ လက်ရှိ မဟာရှရဲ့ ဧကရာဇ်၊ နောက်တစ်ယောက်က မဟာလီမင်းဆက်က မင်းသားတစ်ပါးပေါ့။ မိန်းကလေးရဲ့ ခင်ပွန်းလောင်းဖြစ်ဖို့ သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးမလဲ” ဟု လင်းပိုင်ဖန်က အပြုံးဖြင့် မေးလိုက်သည်။

“ဒါက ပြောစရာလိုသေးလို့လား။ ဧကရာဇ်အရှင်မင်းကြီးကိုပဲ ရွေးမှာပေါ့ရှင်” ဟု မိန်းကလေးငယ်က ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။

“ဘာလို့လဲ”

ကိုးယောက်မြောက်မင်းသား၏ စိတ်မှာ အနည်းငယ် တင်းမာသွားခဲ့သည်။ ဧကရာဇ်မင်းဆက်က မင်းသားတစ်ပါးက မဟာနိုင်ငံတော်က ဧကရာဇ်ထက် ပိုပြီးတော့တောင်မှ ရွေးချယ်စရာ မကောင်းပေဘူးလား။

“ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ့်နေရာ ကိုယ် သိလို့ပါပဲ”

မိန်းကလေးငယ်က ပြုံးပြီး ပြောလိုက်သည်။ “အဲဒီ မင်းဆက်ရဲ့ မင်းသားတွေက သူတို့ရဲ့ အိမ်ထောင်ရေးကို သူတို့ကိုယ်တိုင် ဆုံးဖြတ်လို့ မရပါဘူး။ သူတို့ဟာ အခြားနိုင်ငံက မင်းသမီးတွေ၊ ဒါမှမဟုတ် မှူးမတ်မျိုးနွယ်တွေနဲ့ပဲ လက်ထပ်ရမှာ၊ ကျွန်မလို နောက်ခံ ဒါမှမဟုတ် အာဏာမရှိတဲ့ သာမန် လူတစ်ယောက်အတွက်ကတော့ နန်းတွင်းမိဖုရားဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘယ်သူ့ကို ရွေးရွေး အချည်းနှီးပါပဲ၊ ဒါပေမဲ့ အရှင်မင်းကြီးကတော့ မတူပါဘူး”

“သူက ဘာကွာခြားသွားတာလဲ” ဟု ကိုးယောက်မြောက်မင်းသားက အမြန် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက သူ့ရဲ့ အိမ်ထောင်ဖက်ကို သူကိုယ်တိုင် ရွေးချယ်နိုင်တယ်၊ သူ ဆန္ဒရှိတဲ့သူကို ရွေးချယ်နိုင်တယ်၊ ဘယ်သူမှ ဆန့်ကျင်ရဲမှာ မဟုတ်ဘူး၊ ဥပမာ- လက်ရှိ မိဖုရားကိုပဲ ကြည့်ပါဦး။ သူက အရင်က သာမန်အမျိုးသမီးတစ်ယောက်ပဲ မဟုတ်ဘူးလား၊ ဒါကြောင့် အရှင်မင်းကြီးကို ရွေးချယ်ရင် အောင်မြင်ဖို့ အခွင့်အလမ်းက ပိုများတယ်”

ကိုးယောက်မြောက်မင်းသားသည် ဤစကားကို ကြားလိုက်ရသောအခါ မကျေမနပ် ဖြစ်နေပေမယ့်လည်း ပြောသွားသည်မှာ အမှန်တရားပင် ဖြစ်သည်။

မင်းဆက်တစ်ခု၏ မင်းသားတစ်ပါးအနေဖြင့် သူ၏ အိမ်ထောင်ရေးကို သူကိုယ်တိုင် ထိန်းချုပ်ခွင့်မရှိပေ။ သူ၏ ပထမဇနီးဖြစ်သူကို နိုင်ငံက သူ့အတွက် ဆုံးဖြတ်ပေးမည်ဖြစ်ပြီး၊ သူ၏ ဆန့်ကျင်မှုသည် အချည်းနှီးသာ ဖြစ်သည်။

သို့သော် လင်းပိုင်ဖန်မှာမူ မတူပေ။ သူသည် နိုင်ငံတော်၏ ကိစ္စများကို နောက်ဆုံးအနေဖြင့် ဆုံးဖြတ်ခွင့်ရှိပြီး မည်သူ့ကိုမဆို ဆန့်ကျင်သူမရှိဘဲ လက်ထပ်နိုင်သည်။

ထိုအချိန်တွင် သူသည် လင်းပိုင်ဖန်အား အနည်းငယ်ပင် မနာလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။

“ဒါ့အပြင်၊ အရှင်မင်းကြီးနဲ့ လက်ထပ်ခွင့်ရတာဟာ အမျိုးသမီးပေါင်းများစွာ အိပ်မက်မက်နေတဲ့အရာပဲ”

မိန်းကလေးငယ်က စိတ်ကူးများယဉ်နေကာ- “အရှင်မင်းကြီးက ဆွဲဆောင်မှုရှိပြီး ချောမောတယ်၊ အရည်အချင်းလည်းရှိတယ်၊ လောကကြီးကိုလည်း အမြင့်ဆုံးအာဏာနဲ့ အုပ်စိုးထားတယ်၊ သူ့ကို လက်ထပ်ရတာက ဘဝများစွာကနေ စုဆောင်းလာတဲ့ ကံကောင်းခြင်းတွေပဲ၊ အဲဒီ မင်းသားနဲ့ လက်ထပ်ရတာထက် အများကြီး ပိုကောင်းတယ်”

လင်းပိုင်ဖန်သည် အလွန်ဝမ်းမြောက်သောအမူအရာဖြင့် “ကောင်းတယ် ပြောတာကောင်းတယ်၊ ဒါက မင်းအတွက် ဆုငွေပဲ၊ ယူလိုက်ပါ”

“ဒါကိုတော့ ကျွန်မ လက်မခံနိုင်ပါဘူး၊ ဘာမှ မလုပ်ရဘဲ ဆုကို မယူထိုက်ပါဘူး”

“စိတ်မပူပါနဲ့၊ ကျွန်တော် ပေးတာဖြစ်လို့ ယူလိုက်ပါ။ မယူချင်ဘူးဆိုရင်တော့ ကျွန်တော် ဒီပိုက်ဆံကို လွှင့်ပစ်လိုက်ရုံပဲ ရှိတော့တယ်”

“ခဏလေး၊ ကျေးဇူးတင်ပါတယ်၊ သခင်လေး၊ ကျွန်မ ယူလိုက်ပါ့မယ်”

မိန်းကလေးငယ်သည် ပိုက်ဆံကို လက်ခံယူလိုက်ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။

လင်းပိုင်ဖန်က ကိုးယောက်မြောက်မင်းသားအား မျက်ခုံးပင့်ပြကာ- “ဘယ်လိုလဲ၊ အရှုံးကို ဝန်ခံဖို့ အဆင်သင့်ဖြစ်ပြီလား”

“မဖြစ်သေးဘူး၊ ထပ်စမ်းကြည့်ရအောင်၊ ဒီတစ်ခါ ငါ့အလှည့်ပဲ”

သူတို့သည် အခြား မိန်းကလေးငယ်တစ်ဦးကို တားလိုက်ပြီး ကိုးယောက်မြောက်မင်းသားက တိုက်ရိုက်ပင် မေးလိုက်သည်- “မိန်းကလေးရဲ့ အနာဂတ်ခင်ပွန်းဖြစ်ဖို့ ကျွန်တော်တို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးမလဲ”

လင်းပိုင်ဖန်မှာ အံ့အားသင့်သွားသည်။ ကိုးယောက်မြောက်မင်းသားသည် နိုင်ချင်စိတ် ပြင်းပြလွန်းသဖြင့် သူ၏ သိက္ခာအားလုံးကို ပစ်ပယ်လိုက်ပြီဖြစ်သည်။

သူသည် လက်ရှိတွင် အယောင်ဆောင်ထားပြီး သူ၏ ရုပ်ရည် ချောမောနေမှုကို ဖုံးကွယ်ထားသည်ကို သိလျက်နဲ့ပင် ထိုသို့သော မေးခွန်းကို မေးရဲနေသည်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ၊ သူ့ရဲ့ သေးငယ်တဲ့ ပြိုင်ဆိုင်လိုစိတ်လေးကို ကျေနပ်အောင် ဒီတစ်ကြိမ် အနိုင်ပေးလိုက်ပါတော့မယ်လေ။

သူတို့ တားလိုက်သော မိန်းကလေးငယ်သည်လည်း အံ့အားသင့်သွားပြီး လူအများရှေ့တွင် ဤသို့သော မေးခွန်းမျိုးကို ရုတ်တရက် မေးရခြင်းသည် ဘယ်လောက် ရှက်စရာကောင်းလိုက်ပါသနည်း။

သူတို့သည် လူဆိုးများဖြစ်မည်ဟု ထင်ကာ အသက်လု ထွက်ပြေးချင်လာခဲ့သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က အနည်းငယ် ဦးညွှတ်လိုက်ပြီး “မိန်းကလေး ကျွန်တော်ပဲ တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ ညီက စိတ်ကို မထိန်းနိုင်ဘဲ တိုက်ရိုက် မေးလိုက်မိတာပါ၊ ဒါပေမဲ့ သူ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လောင်းကစားလုပ်နေတာပါ၊ မိန်းကလေးကို ထိခိုက်နစ်နာစေတာရှိရင် ကျွန်တော် ဒီနေရာမှာပဲ တောင်းပန်ပါတယ်”

မိန်းကလေးငယ်သည် လင်းပိုင်ဖန်ကို နှစ်သက်သလို ရှိသွားပြီး “ဒီလိုလား” ဟု ပြောလိုက်သည်။

“မိန်းကလေး၊ ကျွန်တော့်မေးခွန်းကို ဖြေဖို့ အချိန်ရောက်ပြီ။ ရွေးရမယ်ဆိုရင် သူ့ကို ရွေးမလား၊ ကျွန်တော့်ကို ရွေးမလား” ဟု ကိုးယောက်မြောက်မင်းသားက ထပ်မေးလိုက်သည်။

“ဒီက မိန်းကလေးက ရွေးရမယ်ဆိုရင်တော့ သူ့ကို ရွေးမှာပါ” မိန်းကလေးငယ်သည် လင်းပိုင်ဖန်အား ကြည့်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။

ကိုးယောက်မြောက်မင်းသားမှာ တုန်လှုပ်သွားပြီး “ဘာလို့လဲ။ သူက အသက်ကြီးပြီး ရုပ်ဆိုးနေတာကို”

“ဒါက ရင့်ကျက်ပြီး တည်ငြိမ်တယ်လို့ ခေါ်ပါတယ်”

ကိုးယောက်မြောက်မင်းသားက ကန့်ကွက်လိုက်လေသည်၊ “သူက အိမ်ထောင်ရှိပြီးသားလေ၊ မင်း သူ့ကို လက်ထပ်ရင် မယားငယ်ပဲ ဖြစ်မှာ”

“ကျွန်မက ရိုးရာဓလေ့ကို အလေးထားပါတယ်၊ မယားငယ်ဖြစ်ရတာကို ကျွန်မ ဂရုမစိုက်ပါဘူး”

မကျေနပ်သေးသည့် ကိုးယောက်မြောက်မင်းသားက ဆက်လက်၍ “သူက နာမည်ဆိုးနဲ့ ကျော်ကြားပြီး၊ ဖောက်ပြန်တတ်တဲ့သူလည်း ဖြစ်တယ်၊ ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့၊ အမျိုးသမီးအများအပြားနဲ့လည်း မသမာတဲ့ ဆက်ဆံရေးတွေ ရှိသေးတယ်”

“အဲဒါက ကျွန်မကို သူ့ကို ပိုရွေးချင်အောင် ဆွဲဆောင်နေတာပဲ” မိန်းကလေးငယ်၏ မျက်နှာသည် ပို၍ပင် နီရဲလာခဲ့သည်။

“ဘာလို့လဲ၊ သူက အဲဒီလောက် မကောင်းတဲ့လူ ဖြစ်နေတာတောင် မင်း သူ့ကိုပဲ ဘာလို့ ရွေးနေသေးတာလဲ” ကိုးယောက်မြောက်မင်းသားသည် လုံးဝရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲ့ဒီသူတွေရဲ့ မျက်လုံးတွေက အမြင်ရှိလို့ပါပဲ”

ကိုးယောက်မြောက်မင်းသား: “Fuck”

လင်းပိုင်ဖန်သည် အောင်ပွဲခံကာ ရယ်မောလိုက်လေသည်။

ကိုးယောက်မြောက်မင်းသားမှာ အလွန်နာကျင်ခံစားလိုက်ရသဖြင့် စိတ်ဓာတ်တွေတောင် ကျသွားခဲ့သည်။ ဒီလိုပုံစံမျိုးနဲ့တောင်မှ အနိုင်မယူနိုင်ရင် သူ့အနေဖြင့် သေတာမှ ပိုကောင်းပေလိမ့်မည်။

နောက်ဆုံးတွင် လင်းပိုင်ဖန်က ထိုမိန်းကလေးငယ်အား ငွေတစ်တေး ဆုချလိုက်သည်။

သူမ၏ ချစ်ခင်မှုတွေကိုတော့ သူ့အနေဖြင့် စွန့်လွှတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

All Chapters