အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
အခန်း (၄၆) - အနားယူခြင်း
အနားယူမယ်။
ပဉ္စမအလှည့်တွင် လူတိုင်းသည် ခရုခွံများထဲသို့ဝင်သွားခဲ့ကြပြီး မြေပြင်သည် တိတ်ဆိတ်သွားခဲ့သည်။
ရွှေဘောလုံး၏ တိုက်မိသံများ ရပ်တန့်သွားပြီး ဘယ်သူမှ ထွက်မလာကြတော့ပေ။
ထို့နောက် ဖားသည် ရွှံ့ထဲမှ ထွက်လာပြီး နှစ်ကြိမ်အော်မြည်လိုက်သည်။ စားစရာပိုးမွှားမရှိတော့သဖြင့် ရွှံ့ထဲတွင် ပျင်းရိစွာ လဲလျောင်းနေသည်။
ရှန်မိုသည် ခရုခွံ၏အကာအကွယ်မှတစ်ဆင့် ဖားကိုကြည့်ပြီး ဖား၏မျက်လုံးမှာ အနည်းငယ်ပြန်ကောင်းလာပြီဖြစ်သော်လည်း အမာရွတ်တစ်ခုကျန်နေသေးသည်ကို တွေ့ရှိခဲ့သည်။
ဤသည်မှာ သူ၏တိုက်ခိုက်မှုသည် ထိရောက်ကြောင်း သက်သေပြချက်ဖြစ်သည်။
ဒဏ်ရာသည် အလုံအလောက်ပြင်းထန်ပါက ပြန်ကောင်းရန် ခက်ခဲပါလိမ့်မည်။ နောက်တစ်ကြိမ်တွင် အခြားအစိတ်အပိုင်းများကို စမ်းသပ်ကြည့်နိုင်သည်...
…
အချိန်များသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်နေသည်။
ဘောလုံးရှာရန် ဘယ်သူမှ မထွက်လာကြသလို ဖားကလည်း တက်တက်ကြွကြွ မတိုက်ခိုက်တော့သဖြင့် အခြေအနေမှာ ရပ်တန့်သွားခဲ့သည်။
မည်သူစတင်ခဲ့သည်ကို မသိရသော်လည်း လူတိုင်းသည် ခရုခွံများကိုဖြတ်ပြီး စကားပြောလာကြသည်။
“ရွှံ့တွေအရမ်းမြန်မြန်ပြိုကျတယ်။ ဘောလုံးက နည်းနည်းလေးပဲခုန်ရင် ပိုကောင်းမယ်။ အပေါက်တွေလည်း နည်းသွားပြီး ရှာရတာလည်း ပိုလွယ်မယ်။”
“လွယ်ပါ့မလား။ ခရုတွေအရမ်းများတယ်။ တွန်းဖယ်လို့ရရင်...” စကားပြောသူသည် အားစိုက်နေဟန်ရှိသည်။ ခဏနေပြီးမှ ပြောလာသည်။ “အရမ်းလေးတယ်။ ဒါပေမယ့် တွန်းဖယ်လို့ရတယ်”
“အားတွေမဖြုန်းနဲ့။ ဒီလိုဏ်ဂူထဲမှာ ခရုအနည်းဆုံး ၁၀၀ လောက်ရှိတယ်။ တွန်းဖယ်လို့ရရင်တောင် အကုန်လုံးကို တွန်းဖယ်နိုင်မှာလား။ ဘောလုံးက ဒီတစ်ကောင်ကိုဖြစ်ဖြစ်၊ ဟိုတစ်ကောင်ကိုဖြစ်ဖြစ် တိုက်မိမှာပဲ။ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး။”
“ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ဖားရဲ့ဒဏ်ရာက ရွှံ့ထဲမှာလှိမ့်ပြီး တစ်ဝက်လောက်ပြန်ကောင်းသွားပြီ။ ဘယ်လိုသတ်ကြမလဲ”
“နောက်တစ်ခါဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရအောင်...”
လူတိုင်းသည် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပြီး အများအားဖြင့် တန်ရှောင်ကပြောခြင်းဖြစ်သည်။ အစ်ကိုဟွာနှင့် မျောက်တို့သည်လည်း မကြာခဏ စကားဝိုင်းထဲပါဝင်လေ့ရှိသည်။
ပဉ္စမအလှည့်သည် ဘာအဖြစ်အပျက်မှမရှိဘဲ ကုန်လွန်သွားခဲ့သည်။
ဆဌမအလှည့်အတွက် အချိန်ရေတွက်နေစဉ်အတွင်း ဆရာချန်းသည် သတိပြန်ရလာသည်။
သတိရလာသော်လည်း သူသည် အာရုံမကြည်လင်သေးပေ။ သူ၏ခန္ဓာကိုယ်အများစုသည် ရွှံ့နှင့်စိုစွတ်နေသည်ကိုမြင်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “သေခြင်းဆိုတာ အဓိပ္ပါယ်ရှိရဲ့လား။ ငါ့ခန္ဓာကိုယ်က တောင်တွေထဲမှာ မြုပ်နေမယ်။ အိုး... ငါ့ဘဝက ဒီမှာပဲဆုံးသွားပြီထင်တယ်...”
တန်ရှောင်သည် သူပြောသည်ကို နားမလည်သဖြင့် ခရုကြီးတစ်ကောင်ကို ရွေးပြီး အခွံကိုပုတ်ကာ ဆရာချန်းအား ပြောလိုက်သည်။ “အဖိုး၊ ဒီကိုမြန်မြန်လာပါ။ ဒီမှာအရမ်းကျယ်တယ်!”
ဆရာချန်းသည် အသံကိုကြားပြီး လှည့်ကြည့်လိုက်ရာ တန်ရှောင်သည် ရွှံ့နွံထဲမှ ထွက်လာပြီး အားအင်ပြည့်ဝနေသော်လည်း ညစ်ပေနေသည်ကို တွေ့မြင်ရသည်။ သူ၏စိတ်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာသည်။
“ငါအခုအသက်ကြီးနေပြီ။ အရာရာကိုရင်ဆိုင်ရတဲ့အခါ မင်းလိုလူငယ်တွေလို အကောင်းမြင်စိတ်နဲ့ အားတက်သရော မဖြစ်နိုင်တော့ဘူး။ ဒီအချက်မှာတော့ မင်းဆီကနေ သင်ယူချင်တယ်”
သူသည် ခေါင်းညိတ်ပြီး ခြေထောက်များကိုအားပြုကာ ဖြည်းဖြည်းချင်းထလာပြီး ရွှံ့ထဲမှ ဖြတ်လာခဲ့သည်။
တန်ရှောင်သည် သည်းမခံနိုင်တော့ဘဲ ခြေလှမ်းအနည်းငယ်ဖြင့် ရေကူးသကဲ့သို့ လာပြီး ဆရာကြီးကို ကျောပိုးလိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။ “အဖိုးက အသက် ၇၀၊ ၈၀ လည်းမဟုတ်တာ။ ဘာလို့ဒီလိုအချိန်ဆွဲနေတာလဲ။ မြန်မြန်လာပါ။ အချိန်ရေတာ ပြီးတော့မယ်!”
ဆရာချန်းသည် တန်ရှောင်၏ပခုံးပေါ်တွင် ခုန်နေရသည့်အတွက် ညည်းညူနေသည်။
တန်ရှောင်ရှာဖွေတွေ့ရှိခဲ့သော ခရုခွံသည် လူနှစ်ယောက်အတွက် လုံလောက်စွာကျယ်ဝန်းသည်။ သူတို့နှစ်ဦး နေရာချပြီးသိပ်မကြာခင်တွင် ရွှေဘောလုံးသည် အပြင်ဘက်တွင် တဒိန်းဒိန်းမြည်လျက် တိုက်မိနေသည်။
တစ်ချက်မှာ သူတို့နေသော ခရုခွံကို တိုက်မိပြီး အခွံတစ်ခုလုံး ရွှံ့ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ရွှံ့ရည်များသည် ခရုခွံထဲသို့ ရုတ်တရက်စီးဝင်လာပြီး တန်ရှောင်သည် ရေမွန်းသွားခဲ့သည်။ သူသည် အလျင်အမြန် ခရုခွံအတွင်းပိုင်းသို့ တွားသွားပြီး ကျိန်ဆဲလိုက်သည်။ “ချီးပဲ”
ဆရာချန်းသည် အပေါ်ပိုင်းတွင် ထိုင်နေသောကြောင့် ရွှံ့ထဲသို့မနစ်သော်လည်း မကြာသေးမီက တုန်ခါမှုကြောင့် ခေါင်းမူးပြီး နားများအူနေသည်။
ရွှံ့များစီးဝင်ပြီးနောက် ခရုခွံအတွင်းရှိ လေထုသည် ရုတ်တရက်ညစ်ထေးသွားသည်။ ကံကောင်းထောက်မစွာ ဖြင့် ထိုအခြေအနေသည် ကြာရှည်မခံခဲ့ပေ။ စက္ကန့် ၂၀ ခန့်အကြာတွင် ပတ်ဝန်းကျင်တွင် တုန်ခါမှုစတင်လာပြီး အောက်ခြေမှ အပေါ်သို့ အားတစ်ခုစီးဝင်လာကာ ခရုခွံသည်လည်း ဤအားနှင့်အတူ ရွှံ့မျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။
တန်ရှောင်သည် အသက်ရှူကျပ်လာပြီး ချက်ချင်းခေါင်းကို ထုတ်ကြည့်လိုက်သည်။
ဖားတစ်ကောင်သည် ရွှံ့ထဲတွင် အေးအေးဆေးဆေး ထိုင်နေသည်ကို တွေ့မြင်ရပြီး ဒေါသထွက်ကာ ကျိန်ဆဲလိုက်သည်။ “ဒီဖားကောင်ကြီးက ပြန်ရောက်လာပြီ။ ချီးပဲ! သူ့မျက်လုံးက ပြန်ကောင်းသွားပြီ”
ဆရာချန်းသည်လည်း ခေါင်းထုတ်ကြည့်ပြီး “...ဟမ်”
“ဘာတုန်းဟ။ ဒီမှာလာတွန်းမကြည့်နဲ့။ ဟိုကစားသွားလိမ့်မယ်” တန်ရှောင်က သူ့ကိုဆွဲခေါ်လိုက်သည်။
ဆရာချန်းသည် အံ့အားသင့်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “တန်ရှောင် ငါတို့နေရာက အရင်အတိုင်းပဲထင်တယ်။”
“အတူတူပဲ။ ဘာဖြစ်လို့လဲ” တန်ရှောင်က စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ဘောလုံးက အမြဲတမ်း ခရုခွံတွေကိုတိုက်တယ်။ ဖားကလည်း ခရုခွံတွေကိုပြန်တွန်းတင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့နေရာတွေက အတူတူပဲထင်တယ်!”
ဆရာချန်းသည် ချက်ချင်းအရေးတကြီးအသံဖြင့် ပြောလိုက်သည်။ “နေရာတွေမပြောင်းဘူးဆိုရင် အစမှတ်ကိုသိရုံနဲ့ ဘောလုံးကျမယ့်နေရာကို တွက်ထုတ်လို့ရတယ်”
………………
အခန်း (၄၇) ဂိမ်းဘာကြောင့်ရှိနေရတာလဲ။
တန်ရှောင်သည် ကြောင်သွားခဲ့သည်။
ထပ်ပြီး ကြောင်သွားပြန်သည်...
မိနစ်ဝက်ကြာခန် ငေးမောနေပြီးနောက် သူသည် ချန်းဝေခိုင်၏ ရင်ဘတ်ကို ရိုက်နှက်လိုက်သည်။ “ဘာလို့အရင်ကမပြောတာလဲ။ မြန်မြန်လုပ်ပါ!”
ဆရာချန်း၏ရင်ဘတ်သည် ပေါက်မတတ်ဖြစ်သွားသည်။ “အဟွတ် အဟွတ် အဟွတ်!...”
တန်ရှောင်သည် အလျင်အမြန် သူ့ရင်ဘတ်ကို ပြန်ပွတ်ပေးရင်း “အိုး အဖိုး၊ အရမ်းအားနည်းတာပဲ။ ကျွန်တော်အားသိပ်မသုံးလိုက်ဘူး... အဖိုးအခုနက ပြောတာတကယ်လား။ တကယ်တွက်လို့ရမှာလား”
ဆရာချန်းက ခေါင်းခါပြီး လက်ကို ဝှေ့ယမ်းပြသည်။ “အဟွတ် အဟွတ် အဟွတ်...”
“ဘာကိုဆိုလိုတာလဲ” တန်ရှောင်က မျက်လုံးပြူးပြီး မေးသည်။ “မရဘူးလား။ ခုနကမှ ရတယ်လို့ပြောတယ်မလား ဟေး! တွက်လို့ရမလား မရဘူးလား။ အတိအကျဖြေဦး!”
ဆရာချန်းက ရင်ဘတ်ကိုပွတ်ပြီး ပြောသည်။ “မရ...”
တန်ရှောင် : “ဒါဆို ခုနက ပြောင်တာလား”
“ဆိုလိုတာက သဘောတရားအရ...” ဆရာချန်းက အသက်ရှုမှန်အောင် ကြိုးစားရင်း ရှင်းပြသည်။ “သဘောတရားအရ၊ စပစ်တဲ့နေရာနဲ့ ဘောလုံးပစ်လွှတ်တဲ့ထောင့်ကို သိရင် ဘောလုံးကျမယ့်နေရာကို တွက်ထုတ်လို့ရနိုင်တယ်”
တန်ရှောင်က သူ့ပခုံးကိုကိုင်ပြီး လှုပ်ခါလိုက်သည်။ “ဒါဆို မြန်မြန်တွက်လိုက်လေ”
ဆရာချန်းက ခေါင်းမူးပြီး စိတ်ရှုပ်သွားသည်။ “ငါ... ငါက တရုတ်စာသင်တဲ့ဆရာ...”
“ဘာသင်တာလဲ မစဉ်းစားနဲ့။ ဆရာက ဆရာပဲ။ သင်္ချာတော့ တတ်ရမယ်!” တန်ရှောင်က စိတ်လှုပ်ရှားစွာအော်သည်။ “ကျွန်တော်က မူလတန်းသင်္ချာတောင် အောင်အောင်မြင်မြင် မဖြေခဲ့ဘူး။ ဆရာက ကျွန်တော့်ထက်တော့ ပိုတတ်တယ်မလား။ ဟမ်”
ချန်းဝေခိုင်သည် သူ့၏ ပွစိပွစိစကားတွေကြောင့် နားငြီးလှကာ နာလည်းကျင်နေသော်လည်း သူ့စကားကို နားထောင်ပြီးနောက် အချို့အချက်တွေမှာ မှန်ကန်နေသည်ဟု ခံစားရသည်။
လက်ရှိအခြေအနေမှာ နည်းလမ်းတိုင်းကို စမ်းသပ်ကြည့်ရမည်။ ဒါက မျှော်လင့်ချက် ဖြစ်နိုင်သည်။
ဆရာချန်းက သူ့ကိုယ်သူ အေးဆေးတည်ငြိမ်အောင် ကြိုးစားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ “တစ်ခါတစ်ရံ လူတွေက ကံကြမ္မာကို ဆန့်ကျင်တတ်ကြတယ်။ ဒါပေမယ့် ထွက်လမ်းတစ်ခုတော့ အမြဲရှိတယ်။ ကောင်းပြီ၊ ဒီနေ့ စမ်းကြည့်မယ်! တန်ရှောင် ငါ့ကိုကူညီပါ!”
တန်ရှောင်က ခရုခွံထဲကနေ ထွက်လာပြီး ကိုင်းညွှတ်ကာ ချန်းဝေခိုင်ကို အထဲမှထွက်ရန်ကူညီပေးသည်။
ဖားက ပိုးမွှားတွေကို မစားရတော့သည့်အတွက် ခဏနေပြီး ထွက်သွားခဲ့သည်။ ဂူသည် အခုတော့ မှောင်မည်းပြီး တိတ်ဆိတ်နေကာ ကြည့်လိုက်လျှင် ခရုခွံတွေနှင့်သာ ထူထပ်နေသည်။
ဆရာချန်းက တုန်တုန်ရီရီနှင့် သူ့အင်္ကျီအတွင်းမှ ဘောပင်တစ်ချောင်းထုတ်ယူပြီး ဘောပင်ကိုမဖွင့်ဘဲ ဘောပင်၏အဖုံးနှင့် စိုစွတ်နေသည့် ခရုခွံပေါ်တွင် ရေးခြစ်ကာ ဖော်မြူလာတွေ ဖန်တီးနေသည်။
အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ခရုခွံတွေထဲမှ ထွက်လာကြသည်။
တန်ရှောင်နှင့် ချန်းဝေခိုင်တို့၏အငြင်းပွားမှုကို ကြားခဲ့ရ၍လားမသိ လူတိုင်းက သူတို့ကို မျှော်လင့်ချက်နှင့်သံသယရောနေသည့် မျက်လုံးများနှင့် ကြည့်နေကြသည်။
“တကယ်တွက်လို့ရမှာလား” မျောက်က မေးသည်။
“တွက်လို့ရလား မရဘူးလားဆိုတာ တွက်ပြီးမှပဲ သိရမှာပေါ့” တန်ရှောင်က မော့ကြည့်ပြီး ဂုဏ်ယူစွာနှင့် ပြောသည်။ ချန်းဝေခိုင်က သူ့ “ညီကိုယ်တော်” ဖြစ်သည်ဟုခံစားရတာကြောင့် သူ့စကားထဲတွင် နားမလည်နိုင်သည့် ဂုဏ်ယူမှုတစ်ခု ရှိနေသလိုပင်။
ဘယ်သူမှ စကားမပြောကြဘဲ အားလုံးက ဆရာချန်း၏နောက်ကျောကို မရေရာစွာ ကြည့်နေကြသည်။
ဒီကိစ္စမှာ သူတို့က ဘာမှ ကူညီပေးလို့မရပေ။
ရှန်မိုက ပိုင်ယို့ဝေကို ကြည့်နေသည်။
——သူမက အစ်ကိုဟွာနှင့် မျောက်ကို ကြည့်နေသည်။
ရှန်မို ကြည့်နေသည်ကို သတိထားမိတာကြောင့် ပိုင်ယို့ဝေသည် ခေါင်းအနည်းငယ်စောင်းပြီး သူ့ကို အပြစ်မဲ့ကာ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာလေးနှင့် ကြည့်လိုက်သည်။
ရှန်မိုသည် သူ့အကြည့်ကိုရုပ်သိမ်းလိုက်ပြီး သူအထင်မှားနေတာလားဟုတွေးမိသည်...
မကြာခင်မှာပဲ သတ္တမအကြိမ်မြောက် ကစားပွဲစတင်တော့မည်။ သေဆုံးမှုမရှိဘဲ နှစ်ပွဲပြီးပြီးနောက် ရွှေဘောလုံး၏ အသံသည် ပျင်းရိပြီး ပေါ့ပေါ့တန်တန် ဖြစ်လာခဲ့သည်။
“လက်ရှိကစားပွဲ ကျရှုံးပြီး၊ ရှင်သန်ကျန်ရစ်သူများဟာ ‘ဖား၏ ရွှေဘောလုံး’ ကစားပွဲရဲ့သတ္တမအကြိမ်မြောက် အလှည့်ကို ဝင်ရောက်တော့ရပါတော့မယ်။အဆင်သင့်ပြင်ကြပါ (ဟွား..)... ဟေး၊ ဖားတွေ ပိုကြိုးစားဖို့လိုတယ်”
“၅၉၊ ၅၈၊ ၅၇...”
ပိုင်ယို့ဝေက ဖြည်းဖြည်းချင်း ခရုခွံထဲကို ပြန်ဝင်သွားသည်။
ရှန်မိုက အပြင်မှာပဲ နေကာ သူ့၏မှောင်မိုက်သည့်မျက်လုံးများနှင့် ရွှေဘောလုံးကို စိုက်ကြည့်နေပြီး ဒီကစားပွဲ၏ရည်ရွယ်ချက်၊ အဓိပ္ပါယ်က ဘာလဲဆိုတာ တွေးနေမိသည်။
လူတွေကို သတ်ချင်ရင် သတ်လိုက်ပါ။ ဘာလို့ ဒီလို နာမည်စုံနဲ့ ကြံစည်နေရတာလဲ။ ကမ္ဘာကြီးပျက်သုဉ်းတော့မည်ဆိုရင်တောင် ဂြိုလ်သားတွေရောက်လာကာ ကမ္ဘာမြေကို ကျူးကျော်မည်ဆိုလျှင်လည်း ဘာပဲဖြစ်ဖြစ် အကြောင်းပြချက်တစ်ခုတော့ ရှိရမှာဖြစ်သည်။
အရုပ်ကစားပွဲတွေ ဘာကြောင့်ရှိနေရတာလဲ?
………….
အခန်း (၄၈) သူမရှိဘဲ သူမ အသက်မရှင်နိုင်ပါ
ထိုသို့တွေးနေစဉ်တွင် တန်ရှောင်က သူ့ကို အဝေးမှ လှမ်းခေါ်လိုက်ပြီး အော်ပြောလာသည်။ “အစ်ကို အရင်ဝင်နှင့်။ ခဏနေရင် အဖိုးက ကျမယ့်နေရာကို တွက်ပြီးလောက်ပြီ။ ဖားနဲ့ တိုက်ရိုက် မတိုက်နဲ့ဦး”
သူက ရှန်မိုကို အတော်လေး ဂရုစိုက်သည်။
ရှန်မိုက ဓားကိုကိုင်ကာ ခရုခွံပေါ်တွင် နှစ်ချက် ပွတ်တိုက်လိုက်သည်။ အပေါ်ဘက်ရှိ ရွှေဘောလုံးကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လှည့်ကာ ခရုခွံထဲသို့ ဝင်သွားသည်။
မြေကြီးကို တုန်လှုပ်စေသော နောက်ထပ် တုန်ခါမှု တစ်ခုစတင်လာသည်။
…
ရွှေဘောလုံး ရပ်တန့်သွားသည်။
…
ဖား ထွက်လာသည်။
…
"ကွက်— ကွက်—"
နှစ်ပွဲဆက်တိုက် ဆာလောင်နေပြီးနောက် ဖားကြီးသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ရှေ့ခြေထောက်များဖြင့် ရွှံ့များကို မွှေနှောက်ကာ အနီးအနားရှိ ခရုများကို ထိုးဆွပြီး ပိုးမွှားများကို ရှာဖွေရန် ကြိုးစားတော့သည်။
ဤမမျှော်လင့်သော ပြောင်းလဲမှုက လူတိုင်းကို အငိုက်မိစေသည်။
ရွှံ့များ တုန်ခါနေသည်ကို ခံစားမိသောအခါ လူတိုင်းသည်တစ်ချိန်တည်း ကြွက်သားများ တင်းမာသွားကြပြီး ခရုခွံထဲသို့ တတ်နိုင်သမျှ နက်ရှိုင်းစွာ တိုးဝင်သွားကြသည်။ တုန်ခါနေစဉ် ခရုခွံထဲမှ ချော်မထွက်စေရန် ကျဉ်းမြောင်းသော အတွင်းနံရံကို အသုံးပြုကာ ကိုယ်ခန္ဓာကို ထိန်းထားကြသည်။
"ကွက်— ကွက်—" ဖားသည် ပို၍ ပို၍ စိုးရိမ်လာသည်။
ဖား၏ ခြေထောက်များကြောင့် ရွှံ့များသည် အဆက်မပြတ် လှုပ်ယမ်းနေသည်။
ပိုင်ယို့ဝေသည် အပြင်ဘက်မှ ခပ်ပြတ်ပြတ် အော်သံတစ်ခုကို ကြားလိုက်ရသည်။
"အား" ဟု အော်သံတစ်သံ ထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ အချိန်သည် တိုလွန်းသောကြောင့် ကံဆိုးသူသည် မည်သူဖြစ်သည်ကို မသိနိုင်ပေ။
ထို့နောက် သူမကိုယ်တိုင်လည်း လဲကျလုနီးပါ ဖြစ်နေသောကြောင့် ထိုအရာများကို စဉ်းစားရန် အချိန်မရှိပေ။
သူမ၏ အားနည်းသော ခြေထောက်အောက်ပိုင်းသည် ယခုဂိမ်းတွင် သူမအား အမှန်ပင် အားနည်းချက် ဖြစ်စေသည်။
ဖလပ်!
ပိုင်ယို့ဝေ ရှိနေသည့် ခရုခွံသည် မှောက်သွားပြီး သူမသည် ခရုခွံထဲမှ ပစ်ထုတ်ခံရကာ ရွှံ့ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ခန္ဓာကိုယ်သည် နစ်မြုပ်သွားပြီး ပိုင့်ယိုဝေသည် မလှုပ်တော့ပေ။
သူမ အခု လှုပ်ရှားလို့ မရဘူးဆိုတာ သိသည်။ ခေါင်းကို ထောင်လိုက်ပါက ဖားက ပိုးကောင်ကဲ့သို့ စားပစ်မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ဆက်ထိန်းထားရမည်။ ဆက်ပြီး ထိန်းထားရမည်...
အနံ့ဆိုးသော ရွှံ့များနှင့် ရေများသည် ပတ်ဝန်းကျင် ပတ်ပတ်လည်တွင် လျှောကျနေသော မြွေများကဲ့သို့ သူမ၏ နှာခေါင်း၊ သူမ၏ မျက်လုံးများ၊ နားများ နှင့် သူမ၏ ပါးစပ်ထဲသို့ စိမ့်ဝင်လာသည်။ ပိုင်ယို့ဝေသည် အသက်အောင့်ထားရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကိုယ်ခန္ဓာကို ထိန်းထားနိုင်သည့်နေရာကို ဆုံးရှုံးရခြင်း၏ စိုးရိမ်ပူပန်မှုနှင့် သေခြင်းတရား နီးကပ်လာခြင်း၏ ကြောက်ရွံ့မှုက သူမ၏ စိတ်ကို ဆက်လက် နှိပ်စက်နေသည်။
ထိုခံစားချက်က ကြောက်စရာ ကောင်းလွန်းသည်။
သို့သော် အသက်ရှင်ဖို့အတွက် သူမ သည်းခံရမည်။
အချိန်တိုင်း သေချင်နေခဲ့သူတစ်ယောက်ဖြစ်ပါလျက် အခုလို ဂိမ်းမျိုးမှာ အသက်ရှင်လိုစိတ် ပြင်းပြင်းပြပြ ပေါ်ပေါက်လာသည်က ရယ်စရာကောင်းလှသည်။
လက်တစ်ဖက်က သူမ၏ ခါးကို ရစ်ပတ်ကာ သူမကို မတင်လိုက်သည်။
သူမသည် လတ်ဆတ်သော လေထဲသို့ ရုတ်တရက် ရောက်ရှိသွားသည်။
ပိုင်ယို့ဝေသည် မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ရွှံ့များနှင့် ရေများသည် သူမ၏ ခေါင်းနှင့် မျက်နှာပေါ်သို့ စီးကျနေသည်။ သူမသည် ထိုလူ၏ ကျယ်ပြန့်ပြီး သန်မာသော ရင်ဘတ်ကို မြင်လိုက်ရသည်။ နောက်တစ်ကြိမ် မော့ကြည့်လိုက်သောအခါ ရှန်မို၏ အေးစက်နေသော မျက်နှာကို မြင်လိုက်ရသည်။
ပိုင်ယို့ဝေက သူ့ကို ကြည့်နေရုံသာ ကြည့်ပြီး ဘာမှ မပြောနိုင်ပေ။ အောက်ဆီဂျင် ချို့တဲ့မှုကြောင့် သူမ အဆက်မပြတ် မောဟိုက်နေသည်။
ရှန်မိုက သူမကို လွှတ်ပေးလိုက်ချင်သည်။
သူမက သူ့လက်မောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။
ရွှံ့များက သူမအား ပေးခဲ့သော ကြောက်ရွံ့မှုသည် ရှိနေဆဲဖြစ်ပြီး ကပ်ဘေးမှ အသက်ရှင်ကျန်ရစ်သော ယုန်တစ်ကောင်ကဲ့သို့ သူ့လက်မောင်းများထဲတွင် တုန်ယင်နေသည်။
ရှန်မိုက မျက်မှောင်ကြုတ်လိုက်သော်လည်း လွှတ်တော့မလွှတ်လိုက်ပေ။
တန်ရှောင်က ဘေးမှ ကပ်လာသည်။ သူ၏ မီးခိုးရောင် ဆံပင်တိုများသည် ရွှံ့များနှင့် ပေကျံနေပြီး ရှုပ်ပွနေပုံရသည်။ သူက ပိုင်ယို့ဝေကို ပြောသည်။ "မကြောက်နဲ့။ ဖားက သွားပြီ"
ထို့နောက် သူက လက်ကို ဆန့်ထုတ်ကာ လည်ပင်းအောက်တွင် ရှေ့တိုးနောက်ဆုတ် အမူအရာ ပြုလုပ်လိုက်ပြီး သူမ မနားလည်မည်စိုး၍ ဝမ်းဗိုက်ကိုခွဲသည့် အမူအရာ ထပ်လုပ်ပြလိုက်သည်။
"အစ်ကို ဗိုက်ခွဲလိုက်ပြီ။ ထွက်ပြေးသွားပြီ"
ပိုင်ယို့ဝေက ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ရှန်မို၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ပြီး ငြိမ်သက်စွာ နေလိုက်သည်။
"အစ်ကို့ညီမလေး ကြောက်သွားရှာပြီ။" တန်ရှောင်က သဘောပေါက်စွာ သက်ပြင်းချပြီး ရှန်မို၏ ပခုံးကို ပုတ်လိုက်သည်။ "သူ့ကို သေချာ ဂရုစိုက်လိုက်ပါ။ အစ်ကိုတို့ မောင်နှမနှစ်ယောက် ဆက်ဆံရေးကောင်းတာ သိသာပါတယ်။ အစ်ကိုမရှိဘဲ သူအသက်မရှင်နိုင်ဘူး။"
ရှန်မို: “…”
ပိုင်ယို့ဝေသည် အစက အဆင်ပြေနေခဲ့သော်လည်း ဤစကားကို ကြားလိုက်ရသောအခါ ဘာကြောင့်မှန်းမသိ ရယ်ချင်စိတ် ပေါ်လာသည်။ သူမ၏ ပခုံးများသည် အနည်းငယ် တုန်ယင်သွားပြီး အသံတိုးတိုးဖြင့် မေးသည်။ "ကျမယ့်နေရာကို တွက်ပြီးပြီလား"
ရှန်မိုက သူမ၏ လေသံကို ကြားလိုက်သောအခါ သူမ ပြန်ကောင်းပြီဖြစ်ကြောင်း သိလိုက်ရပြီး စိတ်သက်သာရာ ရသွားသည်။
တန်ရှောင်က စိတ်ဓာတ်ကျသွားပြီး မလှမ်းမကမ်းရှိ ချန်းဝေခိုင်ကို လှည့်ကြည့်ကာ သက်ပြင်းချသည်။ "မရသေးဘူး"
သူ ထိုသို့ပြောပြီးနောက် မည်သူမှ ဘာမှ မပြောကြတော့ပေ။
ဂူအတွင်းရှိ တစ်ခုတည်းသော အသံမှာ ဆရာချန်း၏ ဆက်တိုက် တွက်ချက်နေသည့် တရှပ်ရှပ် အသံသာ ဖြစ်သည်။
တိတ်ဆိတ်မှုသည် ပုံမှန်ဟုတ်ပုံမရဘဲ လူတိုင်း၏ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်း ခံစားချက်များ လွှမ်းခြုံနေသည်...
………….