← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉) ဖားလောင်းလေး အမေကို ရှာပါ

ဖားသည် စောစောစီးစီး ထွက်သွားခဲ့ပြီး ရွှေဘောလုံးလည်း ပေါ်မလာသေးပေ။

ချန်းဝေခိုင်သည် ဖော်မြူလာများကို ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ရေးချလျှက် တတွတ်တွတ်ရေရွတ်နေသည်။ “အစဦးထောင့်က ၄၅ ဒီဂရီလောက်။ ကျောက်နံရံကို ထိပြီး ပြန်ကန်ထွက်တာက ၁၂၀ ဒီဂရီလောက်... ညာဘက်အောက်ကို ကန်ထွက်တာ ၆၀ ဒီဂရီ... မဟုတ်ဘူး၊ ဒါ မှားတယ်။ ရိုက်ထောင့်နဲ့ ပြန်ထောင့်က နှစ်နားညီတြိဂံကို ဖြစ်ပေါ်စေလိမ့်မယ်။ ဒီနည်းနဲ့မှ ပြန်ကန်ထွက်ပြီးတဲ့ ဘောလုံးရဲ့ လမ်းကြောင်းကို ဆုံးဖြတ်နိုင်မယ်... မဟုတ်ဘူး၊ ဒါလည်း မှားတယ်။ ဒီအခြေအနေက ရေပြင်ညီအတွက်ပဲ မှန်တာ။ ဒါပေမယ့် အခုက ကတော့ပုံ။ ကတော့ပုံအတွက် ဖော်မြူလာက ဘာလဲ...”

သူ၏ နဖူးမှ ချွေးများ စီးကျနေပြီး မြှောက်ထားသော ညာဘက်လက်မှာ တုန်ယင်နေကာ ဆရာချန်း၏ မျက်နှာမှာ ပို၍ ပို၍ ဖြူဖျော့လာသည်။

သူသည် သူ့ကိုယ်သူ ရုတ်တရက် မုန်းတီးသွားသည်။ ဘာကြောင့် သူသည် တရုတ်စာ ဆရာ ဖြစ်နေရသနည်း။

သူသာ သင်္ချာဆရာ ဖြစ်ခဲ့လျှင် ဤအချိန်တွင် ပြဿနာကို ဖြေရှင်းရန်၊ သူ့ကိုယ်သူ ကယ်တင်ရန်နှင့် ဤနေရာတွင် ပိတ်မိနေသော လူအားလုံးကို ကယ်တင်ရန် အကြံဉာဏ်တစ်ခု ရနိုင်မည်ဖြစ်သည်။

တရုတ်စာ ဆရာသည် သင်္ချာဆရာထက် မညံ့ပါ။ သို့သော် ဤအချိန်အခါတွင် ဖြစ်ရခြင်းသည်.. ဤအချိန်အခါတွင် ဖြစ်ရခြင်းသည်....

ကလစ်။

သူ၏ လက်သည်အားမရှိတော့ဘဲ ဘောပင်မှာ ရွှံ့ထဲသို့ ကျသွားသည်။

သူ ချက်ချင်း ကောက်ရန် ငုံ့လိုက်သည်။

“တွက်မနေနဲ့တော့။” ရှန်မိုက ဂရုမစိုက်စွာ ပြောလိုက်သည်။ “ရွှေဘောလုံးက တစ်ကြိမ်ကို အခါ ၆၀ ကျော် ပြန်ကန်တယ်။ လှုပ်ရှားမှု တစ်ခုချင်းစီရဲ့ လမ်းကြောင်းကို တွက်ပြီး ကျမယ့်နေရာကို ရှာချင်ရင် တွက်ချက်မှု အများကြီး လိုတယ်။ ဒီမှာ ကွန်ပျူတာလည်း မရှိဘူး။ စာရွက်နဲ့ ဘောပင်လည်း မရှိဘူး။ အချိန်လည်း မလုံလောက်ဘူး။ တွက်လို့ မရနိုင်ဘူး။”

ထို့အပြင် ချန်းဝေခိုင်သည် တရုတ်စာ ဆရာသာ ဖြစ်ပြီး သင်္ချာတွင် မကျွမ်းကျင်ပေ။

ရှန်မိုက ဒီစကားကို အသံထွက် မပြောသော်လည်း ထိုနေရာတွင် ရှိသူတိုင်း စိတ်ထဲတွင် သိကြသည်။

“နောက်တစ်ပွဲမှာ ဖားကို သတ်မယ်။” ရှန်မိုက ဓားကို ကိုင်ကာ ဓားသွားကို ခရုခွံပေါ် ဖြည်းဖြည်းချင်း ပွတ်တိုက်လိုက်သည်။ “ကူညီချင်ရင် နောက်တစ်ခါအတွက် သေချာ ပြင်ဆင်ထားပါ။”

စကားပြောပြီးနောက် လူတိုင်းသည် မျက်နှာအမူအရာ အမျိုးမျိုး ဖြစ်ပေါ်နေကြသည်။

တန်ရှောင်က လက်ဗလာဖြင့် မည်သို့ ကူညီနိုင်မည်နည်းဟု တွေးတောနေပုံဖြင့် ဝမ်းနည်းနေသည့် မျက်နှာ ဖြစ်နေသည်။

ဆရာချန်းက စိတ်ဓာတ်ကျနေပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။

အစ်ကိုဟွာနှင့် မျောက်တို့က မှိုင်နေကြသည်။ ဧရာမ ဖားကြီးနှင့် ရန်သူ မဖြစ်လိုကြသော်လည်း ထိုနေရာတွင် ထိုင်ပြီး သေခြင်းကို စောင့်နေရန်လည်း မလိုလားကြပေ။

စိတ်ဝင်စားစရာကောင်းသည်မှာ ကျန်းဟွာသည် ခရုခွံထဲမှ ထွက်လာပြီး အစ်ကိုဟွာနှင့် မျောက်တို့ကို အုံ့မှိုင်းနေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ထို့နောက် ပိုင်ယို့ဝေ...

ပိုင်ယို့ဝေလည်း အစ်ကိုဟွာနှင့် မျောက်ကို ကြည့်နေသည်။

ရှန်မိုသည် ထိုသူတို့၏ မျက်နှာအမူအရာများကို သတိပြုမိလိုက်ပြီး သူ၏ ရင်ဘတ်အောက်ခြေမှ ဖော်ပြမရသော မကောင်းသည့်ခံစားချက် တစ်ခု ပေါ်ထွက်လာသည်။ သူ၏ ခံစားချက်များကို ထိန်းချုပ်ကာ ပိုင်ယို့ဝေကို တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။ “ဘာကြည့်နေတာလဲ?”

ပိုင်ယို့ဝေသည် သတိပြန်ဝင်လာပြီး ခေါင်းမော့လိုက်သည်။ “ဪ၊ ဘာမှမကြည့်ပါဘူး။”

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှန်မိုက သူမကို ဆက်ကြည့်နေသည်ကို တွေ့သောအခါ “နည်းနည်း စိုးရိမ်နေတာပါ။ အဲဒီ ဖားကြီးကို ရှင်တစ်ယောက်တည်း တိုက်ရတာ အရမ်း အန္တရာယ်များတယ်။”

ရှန်မိုသည် သူမ ဘာကို တွေးနေသည်ကို မသိပေ။ သူ၏ ပါးလျသော နှုတ်ခမ်းများကို တင်းစေ့လိုက်ပြီး ခဏအကြာတွင် “အဲ့လောက် အန္တရာယ် မများပါဘူး။ အသွေးနဲ့ အသားနဲ့ကောင်ပဲ။ သေနတ်တွေ၊ ကျည်ဆန်တွေထက် ကိုင်တွယ်ရတာ အများကြီး ပိုလွယ်ပါတယ်။”

သူသည် ပိုင်ယို့ဝေကို ပွေ့ကာ ခရုခွံထဲသို့ ပြန်သယ်သွားသည်။

ရွှေဘောလုံးလည်း ထိုအချိန်တွင် ထွက်လာသည်။

“လက်ရှိဂိမ်း ကျရှုံးသွားပါပြီ၊ ကစားသမား ၇ ဦး ကျန်ရှိပြီး အခုတစ်ခါ ‘ဖား၏ ရွှေဘောလုံး’ အဋ္ဌမအကြိမ်သို့ ရောက်ရှိပါပြီ...”

စကားလုံးများကို ထပ်ခါတလဲလဲ ပြောနေရ၍ ရွှေဘောလုံးပင် ငြီးငွေ့လာသည်။ ထွက်လာပြီးနောက် ဟွားခနဲ သန်းကာ ညည်းညူသည်။ “ဖားက ခပ်ဝဝအကောင်ကိုစားဖို့ မကြိုးစားသေးဘူး။ အို၊ အို၊ အို၊ ငါ အဖြေတစ်ခု စဉ်းစားရတော့မယ် ထင်တယ်။”

လူတိုင်း၏ နှလုံးသားများ ရုတ်တရက် တုန်လှုပ်သွားကြပြီးနောက် ရွှေဘောလုံး ထပ်ပြောသည်ကို ကြားလိုက်ရသည်။

“ဖားတွေ အိမ်ပြန်မယ်။ ဖားလောင်းလေးတွေ အမေရှာမယ်- ဖားတွေ အိမ်ပြန်မယ်။ ဖားလောင်းလေးတွေ အမေရှာမယ် -“

ခြေဖဝါးများ ထပ်မံ တုန်လှုပ်သွားပြီး ရွှံ့ရည်များ လှိုင်းထသွားသည်။

ဧရာမ မိစ္ဆာကြီး ပြန်လာတော့မည် ထင်သည်။

သို့သော် ထိုသို့ မဟုတ်ပုံရ။

ဒီတစ်ကြိမ်တွင် ပိုများပြီး ပိုသိပ်သည်းသည်။

ရုတ်တရက် ရွှံ့ရေထဲမှ ဖားလောင်း အနက်ရောင်များ ပုံထွက်လာသည်။ ၎င်းတို့သည် အလွန်သိပ်သည်းပြီး တစ်ကောင်ချင်းစီသည် ရေချိုးကန် တစ်လုံးစာနီးပါး ကြီးသည်။

သူတို့၏ အမြီးများကို စိတ်လှုပ်ရှားစွာ ယမ်းခါကာ ဦးချိုကဲ့သို့ သွားများဖြင့် ပြည့်နေသော ပါးစပ်များကို ဖွင့်ပြီး ခရုများထဲသို့ တည့်တည့် တိုးဝင်လာသည်။

ရှန်မိုသည် ဓားတစ်ချက်ဖြင့် တစ်ကောင်ကို ခုတ်သတ်ပြီးနောက် ပိုင်ယို့ဝေကို ခရုခွံထဲမှ အမြန်ဆုံး ဆွဲထုတ်လိုက်သည်။ သူမ၏ ခါးမှ ပွေ့ကာ ခရုကျောပေါ်သို့ တင်လိုက်သည်။

ပိုင်ယို့ဝေ၏ မျက်နှာ ဖြူဖျော့နေသော်လည်း သူမ၏ မျက်လုံးများက ဝေးရာသို့ ကြည့်နေသည်။ ရှန်မိုက သူမ၏ အကြည့်နောက် လိုက်ကြည့်လိုက်ရာ အစ်ကိုဟွာနှင့် မျောက်တို့သည် ကြောက်လန့်တကြား ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

ချက်ချင်းပင် အသက်အန္တရာယ်ကိုခြိမ်းခြောက်နေသော ဖိအားနှင့် ကြာရှည်စွာရှိခဲ့‌သော သံသယတို့သည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် ပိုင်ယို့ဝေ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အံကြိတ်လျှက် မေးလိုက်သည်။ “ဂိမ်းကို ဘယ်လို ဖြတ်ကျော်ရမယ်ဆိုတာ မင်း အရင်ကတည်းက သိနေခဲ့တယ် မဟုတ်လား?!”

…………

အခန်း ၅၀ ကျွန်တော် မသေချင်ဘူး

ပိုင်ယို့ဝေသည် သူ့လက်ဖြင့် အညှစ်ခံလိုက်ရပြီး နှင်းလိုဖြူဖွေးနေသော သူမ၏ မျက်နှာသည် ချက်ချင်း နီရဲသွားသည်။

သူမ၏ မျက်လုံးများလည်း နီရဲနေသည်။ ဒေါသ၊ မကျေနပ်မှုနှင့် မုန်းတီးမှုတို့ ရှိနေသည်။

သူမ၏ မျက်လုံးများရှိ ခံစားချက်များထံမှ ထိုးစိုက်ခံလိုက်သကဲ့သို့ ရှန်မိုသည် သူ၏ လက်များရှိ အားကို မသိစိတ်က လျှော့ချလိုက်သည်။

ပိုင်ယို့ဝေက သူ့ကို ဒေါသတကြီး တွန်းထုတ်လိုက်သည်။ သူမက ခေါင်းငုံ့ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။

မလှမ်းမကမ်းရှိ ကျန်းဟွာသည် ထိတ်လန့်နေသည်။ “ဖားလောင်းတွေ ဘာလို့ ရှိနေတာလဲ။ ဘာလို့... ဖားနဲ့တင် ပြည့်တော့မှာကို။ ဘာလို့ အခုအချိန်မှာ ဖားလောင်းတွေ ရှိနေရတာလဲ”

သူ၏ ကိုယ်ခန္ဓာသည် ရွှံ့ရေများ စိုရွှဲနေသည်။ သူသည် ခရုများပေါ်သို့ အကြိမ်များစွာ တက်သော်လည်း အကြိမ်များစွာ ပြန်ပြန်ချော်ကျသည်။ ဖားလောင်း ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က သူ့ကို စိတ်လှုပ်ရှားစွာ ဝိုင်းရံထားပြီး ခေါင်းနှင့် အမြီးများကို ယမ်းခါကာ သူ့ကို ကိုက်ခဲ နာကျင်စေပြီး မကြာမီတွင် သူ့ကိုစားသောက် လိုက်ကြသည်။

အတိအကျ ပြောရလျှင် ဖားလောင်းများတွင် သွားများ မရှိပါ။

ဖားလောင်း၏ ပါးစပ်သည် အသားထူသော နှုတ်ခမ်း တစ်စုံနှင့် သွားဖုံးကဲ့သို့ “သွား”အတန်းများဖြင့် ဖွဲ့စည်းထားသည်။ သွားများသည် အလွန်ပျော့ပြောင်းပြီး ခေါင်းဘီးပေါ်ရှိ အသွားများကဲ့သို့ ပုံသဏ္ဍာန်ရှိသည်။ ၎င်းတို့သည် အန္တရာယ် မရှိပုံရသော်လည်း အရွယ်အစားကို ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာ ချဲ့ကြည့်လျှင် ပါးစပ်၏ စုပ်ယူအားနှင့် ကိုက်အားသည် အမှန်ပင် အံ့သြဖွယ် ကောင်းလိမ့်မည်ဖြစ်သည်။

ယခုအချိန်တွင် ကျန်းဟွာ အရှင်လတ်လတ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး လူတိုင်းသည် ခရုခွံထဲတွင် အချိန်ဆွဲနေခြင်းကြောင့်ရသည့် သက်သောင့်သက်သာခံစားချက်များအားလုံးပျောက်ကွယ်သွားတော့သည်။

တန်ရှောင်သည် ချန်းဝေခိုင်ကို ခရုခွံပေါ်တွင် လှဲချစေရန် ဆွဲခေါ်လိုက်ပြီး အားကုန် ကန်ထုတ်လိုက်သည်။ သူသည် ခုန်တက်လာသော ဖားလောင်းများကို ရွှံ့ထဲသို့ ကန်ချလိုက်သည်။

ဖားလောင်းများက အပေါ်သို့ ဆက်လက် တက်လာသည်။

ခရုများသည် မည်သည့်အချိန်မဆို မှောက်သွားနိုင်သော သမုဒ္ဒရာထဲမှ လှေငယ်လေးကဲ့သို့ ယိမ်းထိုးနေသည်။

အစ်ကိုဟွာနှင့် မျောက်တို့လည်း ထိုနည်းတူ ထိတ်လန့်နေကြသည်။ သူတို့သည် တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ထားပြီး ဖားလောင်းများကြောင့် ခရုပေါ်မှ မပြုတ်ကျစေရန် ခရု၏ ဘေးနှစ်ဖက်တွင် တွဲလောင်းခိုနေကြသည်။

ရှန်မို၏ မျက်နှာသည် အုံ့မှိုင်းနေသည်။ သူသည် ပိုင်ယို့ဝေကို ဆွဲထူပြီး ထပ်မံ သည်းခံလိုက်သည်။ သူ၏ ဒေါသကို ထိန်းချုပ်ကာ သူမကို ထပ်မေးလိုက်သည်။ “မင်း သေချာ သိနေတာကို ဘာလို့ မပြောတာလဲ”

ပိုင်ယို့ဝေသည် သူ့လက်ထဲတွင် ပျော့အိပြီး အားမရှိသော အဝတ်စကဲ့သို့ ဖြစ်နေသည်။

သူမ ဘာမှမပြောပေ။ သို့သော် အစ်ကိုဟွာနှင့် မျောက်တို့ကို အုံ့မှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“ပိုင်ယို့ဝေ!” ရှန်မို၏ ထိန်းချုပ်ထားသော ဒေါသသည် ရုတ်တရက် ထပ်မံ ပေါ်ပေါက်လာသည်။ သူမ၏ ကော်လာစကို ဆုပ်ကိုင်ကာ သူ့ရှေ့သို့ ဆွဲယူပြီး “ဂိမ်းကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာ ဘာလို့ ငါ့ကို မပြောတာလဲ”

ဆရာချန်းသည် အကြိမ်များစွာ ချော်ကျပြီး တန်ရှောင်က အကြိမ်များစွာ ဖမ်းထားသည်။

အစ်ကိုဟွာနှင့် မျောက်တို့သည် ရုန်းကန်နေရင်း ကျိန်ဆဲ အော်ဟစ်နေကြသည်။

ပိုင်ယို့ဝေသည် ဤအရာများ အားလုံးကို လျစ်လျူရှုနေပုံရပြီး သူမ၏ ကြည်လင်သော အညိုရောင် မျက်လုံးများသည် ယခုအချိန်တွင် ရေခဲကဲ့သို့ အေးစက်နေသည်။

“သူတို့ကို ဘာလို့ ပြောရမှာလဲ” သူမ လှောင်ပြုံးပြုံးကာ “သူတို့ကို ကယ်ဖို့ ပြောပြရမှာလား။ သူတို့နဲ့ ထိုက်တန်လို့လား”

ရှန်မို အံ့အားသင့်သွားသည်။

ပိုင်ယို့ဝေသည် သူ့မျက်လုံးများကို စိုက်ကြည့်ပြီး “မနေ့ညက ကျွန်မ အခက်အခဲ ဖြစ်နေတုန်းက အဲဒီလူတွေ အိပ်ချင်ယောင်ဆောင်တာကလွဲပြီး တခြား ဘာလုပ်ခဲ့လဲ။ အဲဒီအမှိုက်တွေကို ဂိမ်းက ရှင်းလင်းသင့်တာ။ အခု ရှင်းလင်းမထားရသေးတော့ ကျွန်မလည်း ဘာမှ မပြောဘူးပေါ့။”

“အဲဒီလို တွေးနေတာလား” ရှန်မို တုန်လှုပ်သွားသည်။ “မင်း သေရမှာ မကြောက်ဘူးလား”

ပိုင်ယို့ဝေ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးမှာ ပို၍ ထင်ရာစိုင်းလာပြီး သူမ၏ မျက်လုံးများတွင် ရန်လိုမှုများ ပြည့်နှက်နေသည်။ “ကျွန်မ သေသွားရင် ရှင်တို့ ဘယ်သူမှ အသက်မရှင်နိုင်ဘူး”

ရှန်မိုသည် သူမကို အံ့အားသင့်စွာ ကြည့်နေပြီး သူ၏ လက်များရှိ အားများ လျော့သွားကာ သူမလည်း လျှောကျသွားသည်။ ဖားလောင်းက ကိုက်တော့မည်ဆဲဆဲတွင် သူမကို ရှန်မိုက ထပ်ဆွဲထူလိုက်သည်။

ခဏတာမျှ သူမကို မည်သို့ လုပ်ရမည်ကို သူ မသိတော့ပေ။

သူ့နောက်ကျောတွင် အစ်ကိုဟွာက ရုတ်တရက် အော်လိုက်သည်။ “မျောက်!”

ရှန်မိုက ခေါင်းလှည့်ကြည့်လိုက်ရာ အစ်ကိုဟွာသည် ရွှံ့ထဲသို့ ကျသွားပြီး ဖားလောင်းများက ချက်ချင်း ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။ သူ ဘယ်လိုမှ မတ်တပ် မရပ်နိုင်တော့ဘဲ သူ့လက်များကို အပေါ်သို့ မြှောက်ရုံသာ တတ်နိုင်တော့သည်။ လက်များကို မြှောက်ထားရင်း ...

မျောက်က ခရုခွံကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကို ဆွဲတင်ရန် လက်လှမ်းဖို့ တွန့်ဆုတ်နေသည်။

“မျောက်! . . . မျောက်! . . .”

ရွှံ့ထဲမှ လူများက အော်ဟစ်နေကြသည်။

မျောက်သည် မည်သည့်အရာကိုမျှ မကြားရသကဲ့သို့ ပိုင်ယို့ဝေကို မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်နေသည်။

အကူညီတောင်းသည့် အော်ဟစ်သံမှာ ပို၍ အားနည်းလာသည်။

ပျောက်ကွယ်သွားသည်။

ဖားလောင်းများသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဖားလောင်း တစ်ကောင်ချင်းစီသည် သူတို့၏ ကိုယ်ခန္ဓာမဲမဲများကို လှိမ့်ကာ ရွှံ့အောက်ခြေသို့ နစ်မြုပ်သွားသည်။

လူတိုင်း မျောက်ကို ကြည့်လိုက်ကြသည်။

ပုံပန်းမလှသော ပိန်ပိန်ပါးပါး လူငယ်လေး၏ အကြောများသည် ဖောင်းကြွနေပြီး မျက်လုံးများ နီရဲနေကာ သူ၏ ခံစားချက်များက ပြင်းထန်စွာ လှုပ်ရှားနေသဖြင့် ထိန်းချုပ်ထားသော ခံစားချက်များဖြင့် သူ၏ ကိုယ်ခန္ဓာသည် တုန်ယင်နေသည်။

သူသည် သူ့၏ အချစ်ဆုံး အစ်ကိုကို ခုလေးတင်မှ ဆုံးရှုံးလိုက်ရသည်။

လူတိုင်းက သူသည် ဒေါသတကြီး ပြေးလာပြီး ပိုင်ယို့ဝေကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲတော့မည်ဟု ထင်နေကြချိန်တွင် သူသည် အမှန်တကယ်တွင် ပြုံးလိုက်သည်။

မျက်ရည်များလည်း စီးကျလာပြီး သူ၏ အပြုံးမှာ အလွန် အရုပ်ဆိုးနေသည်။

“... အခု ပြောပြလို့ ရပြီလား” မျောက်က ပိုင်ယို့ဝေကို အရူးလို မျက်လုံးများဖြင့် ကြည့်ကာ “အကြံထုတ်တာက ပြဿနာကောင်၊ လုပ်တာက အစ်ကိုဟွာ၊ ကျွန်တော်က ဖုန်းနဲ့ ဓာတ်ပုံရိုက်ပေးရုံပဲ... ကျွန်တော် ခင်ဗျားကို မထိပါဘူး၊ အခု ပြောပြလို့ ရပြီလား။ ဂိမ်းကို ဖြတ်ကျော်မယ့် နည်းလမ်း၊ ကျွန်တော် မသေချင်ဘူး... မသေချင်ဘူး...”

………….

အခန်း (၅၁) မင်းက ရူးနေတာပဲ

“လက်ရှိဂိမ်း ကျရှုံးသွားပါပြီ၊ ကစားသမား ၅ ဦးသာ ကျန်ရှိပါတယ်။ ယခုအခါ ‘ဖား၏ ရွှေဘောလုံး’ နဝမအကြိမ်သို့ ဝင်ရောက်ပါမယ်။ ကစားသမားများ ကျေးဇူးပြု၍ အသင့်ပြင်ပါ။ တစ်မိနစ်ရေတွက်ခြင်း စတင်ပါပြီ။ ၅၉၊ ၅......”

လူတိုင်းက ပိုင်ယို့ဝေကို ကြည့်လိုက်ကြသည်။

လူတိုင်း၏ အကြည့် ဖိအားအောက်တွင် ပိုင်ယို့ဝေက မော့ကြည့်လိုက်သည်။ သူမသည် အပြစ်ရှိသည်ဟုလည်း မခံစားရ၊ ရှက်ရွံ့ခြင်းလည်း မရှိပေ။ ပြောင်ပြောင်ရှင်းရှင်းပင် ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့် ပြောလိုက်သည်။ “ဆရာချန်း ဘေးနားက ခရုကို မှောက်လိုက်။”

တန်ရှောင် ခဏမျှ ကြောင်သွားသည်၊ “...ဒါ၊ ဒီလောက် ရိုးရှင်းတာလား။”

“ဟုတ်တယ်၊ ဒီလောက် ရိုးရှင်းတာ။” ပိုင်ယို့ဝေက သူ့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ “ ခရု၁၆၃ကောင်ကနေ ဘောလုံးရဲ့ လမ်းကြောင်းထဲက မဖြစ်မနေ ဖြတ်သွားရမယ့် အမှတ်တွေကို တွက်ကြည့်လိုက်။ ဒီလောက် ရိုးရှင်းတာ ဘာလို့ ရှင်တို့ မလုပ်နိုင်ကြတာလဲ”

တန်ရှောင်က သူ့နှုတ်ခမ်းထောင့်များကို ရှက်ရွံ့စွာ ဆွဲလိုက်သည်။

သူသည် မည်သည့် လမ်းကြောင်းနှင့် မည်သည်က မဖြစ်မနေ ဖြတ်သန်းရမည့် အမှတ်များ ဖြစ်သည်ကို အနည်းငယ် နားမလည်နိုင်ဘဲ ရှုပ်ထွေးနေသည်။

ဆရာချန်းက ရုတ်တရက် သဘောပေါက်သွားသည်။ “ဒါဆို ဒီလိုကိုး! ဘောလုံးက အကြိမ်ပေါင်းများစွာ ပြန်ကန်နေတော့ ကျမယ့်နေရာ တွက်တာက ရှုပ်ထွေးလွန်းတယ်။ ဒါပေမယ့် မဖြစ်မနေ ဖြတ်သန်းရမယ့် အမှတ်တွေကို တွက်လို့ ရတာပေါ့!”

တန်ရှောင် စိတ်လှုပ်ရှားသွားသည်။ “အဖိုး တွက်လို့ ရလား”

ချန်းဝေခိုင်က သူ့နှုတ်ခမ်းများကို ဖုံးအုပ်ကာ “အဟမ်း၊ ငါက တရုတ်စာ သင်တာ...”

တန်ရှောင်: “…”

မျောက်သည် ခရုဆီသို့ လျှောက်လာသည်။ သူ့မျက်နှာတွင် မူမမှန်သော အပြုံးနှင့် မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပနေဆဲ ဖြစ်သည်။

“ဒါကို စမ်းကြည့်ရအောင်” သူက လက်ဆန့်ထုတ်ကာ ခရုကို စိတ်မရှည်စွာ ဆုပ်ကိုင်လိုက်သည်။

တန်ရှောင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဝမ်းချုပ်နေသည့် မျက်နှာထားဖြင့် ကူညီရန် သွားလိုက်သည်။

ရွှံ့ထဲတွင်နစ်နေသော ခရုကို တွန်းလှဲရန် ခက်ခဲသော်လည်း ထိုနေရာတွင် လှန်လိုက်ရုံသာဆိုလျှင် လူအများ ပူးပေါင်းလုပ်ဆောင်ပါက အလွန်ခက်ခဲသည် မဟုတ်ပေ။

ရှန်မိုသည် သူ့ဘေးနားရှိ ပိုင်ယို့ဝေကို ငုံ့ကြည့်ကာ မေးသည်။ “ဘယ်လောက် ယုံကြည်မှု ရှိလဲ”

ပိုင်ယို့ဝေသည် သူ့ကို မကြည့်ပေ။ သူမ၏ ရှေ့ရှိ တန်ရှောင်နှင့် မျောက်ကို စူးစိုက်ကြည့်ကာ သာမန်အတိုင်း ပြောလိုက်သည်။ “၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။”

ရှန်မိုသည် စိတ်ထဲတွင် အနည်းငယ် တင်းကျပ်နေသည်။

သူ ခဏမျှ တိတ်ဆိတ်နေပြီး သူမကို သတိပေးသည်။ “နောက်တစ်ခါ ဒီလို မလုပ်နဲ့။”

ပိုင်ယို့ဝေ မျက်ခုံးပင့်ကာ သူ့ကို စူးစိုက်ကြည့်သည်။ “ဘာဖြစ်ချင်လို့လဲ”

ရှန်မို: “…”

သူမ၏ နတ်ဆိုးဆန်သောဘက် ပြန်ပေါ်လာကြောင်း တွေ့လိုက်ရပြီး နတ်ဆိုးရုံသာမက ကောင်ကျစ်သည့်ပုံပေါ်နေသည်။

“အဲဒီလူမျိုးအတွက် မင်း အသက်ကို စွန့်စားဖို့ မလိုဘူး။” ရှန်မိုက အသံနက်နက်ဖြင့် ပြောလိုက်သည်။

ပိုင်ယို့ဝေက သူမ၏ နှုတ်ခမ်းထောင့်များကို ကော့ညွတ်ကာ တိတ်ဆိတ်စွာ ပြုံးသည်။ “အသက်ဆုံးရှုံးသွားတာ ကျွန်မ မဟုတ်ဘူး။ ကျန်းဟွာ။ ကျွန်မကို ကာကွယ်ပေးဖို့ ရှင်ရှိတယ်။ ဆရာချန်းကို ကြည့်ဖို့ တန်ရှောင် ရှိတယ်။ အဲ့ဒီ လူမိုက်နှစ်ယောက်ကတော့ ညီအစ်ကိုလိုလိုနဲ့ တကယ်တမ်း အကျိုးအမြတ်ရှာသူတွေ။ ဘယ်အချိန်မဆို တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်နိုင်တယ်။ ကျန်းဟွာက ဒါကို သေချာ မြင်တယ်။ ဒါကြောင့် သူတို့ကို စောင့်ကြည့်နေတာ။ အနည်းဆုံးတော့ သူတို့ထဲက တစ်ယောက်ယောက်က ဖားဗိုက်ထဲ ဝင်သွားလိမ့်မယ်လို့ တွေးနေတာ။ ကံမကောင်းစွာနဲ့ပဲ စည်းမျဉ်းကို ကိုယ့်သဘောအတိုင်း ပြောင်းလဲတဲ့ ဂိမ်းစစ်ဆေးရေးမှူးနဲ့ တွေ့တာ။ ဖားအစား ဖားလောင်းကို ပြောင်းလိုက်တော့ ကျန်းဟွာလည်း စောစောစီးစီး သေသွားတယ်။”

ရှန်မိုသည် ခေါင်းထဲတွင်နာကျင်မှုကို ခံစားရပြီး သူ၏ မျက်ခုံးများ ပို၍ နက်ရှိုင်းစွာ တွန့်ချိုးသွားသည်။ “စည်းမျဉ်းတွေ မပြောင်းခဲ့ရင် ဂိမ်းကို ဘယ်လို ဖြတ်ကျော်ရမယ်ဆိုတာ မင်း ငါ့ကို ပြောမှာ မဟုတ်ဘူး မဟုတ်လား”

“ဟုတ်တယ်” ပိုင်ယို့ဝေက တည်ငြိမ်စွာ ခေါင်းညိတ်သည်။ သူမ၏ မျက်နှာတွင် လျစ်လျူရှုသော အမူအရာ ရှိနေသည်။ “ကျွန်မက ကယ်တင်ရှင် ဖြစ်ရတာကို စိတ်မဝင်စားဘူး။ ဒါ့အပြင် ဒီဂိမ်းက လူတွေကို သေအောင် နည်းလမ်းရှာနေတာ။ ကျွန်မ သူတို့ကို ကယ်လိုက်ရင် ဂိမ်းကို ဆန့်ကျင်ရာ ရောက်တယ်။ အဲ့တာက ကျွန်မအတွက် ဘာအကျိုးရှိမှာမလို့လဲ”

ရှန်မိုသည် ဒေါသထွက်နေသော်လည်း ထိန်းချုပ်ထားပြီး ဘာမှ မပြောပေ။

ပိုင်ယို့ဝေက သူ့ကို မော့ကြည့်ကာ နှုတ်ခမ်းပေါ်တွင် ရန်စသော လှောင်ပြုံးဖြင့် “ဘာလို့လဲ။ ကျွန်မကို တစ်ကိုယ်ကောင်းဆန်တယ် ဒါမှမဟုတ် ယုတ်မာတယ်လို့ ထင်နေတာလား။ ရှန်မို၊ ရှင့်ကို စကားတစ်ခွန်း သင်ပေးမယ်။ ဆင်းရဲခြင်းက လူတွေကို နှိမ့်ချစေတယ်။ ဒုက္ခရောက်ခြင်းက လူတွေကို ရက်စက်စေတယ်။ ကံမကောင်းစွာ ဒုက္ခရောက်ခဲ့တဲ့ ကျွန်မလို သူဌေးသမီးကတော့ ရက်စက်ရုံသာမက သွေးအေးတယ်။ အကြီးမားဆုံး ပျော်ရွှင်မှုက ကိုယ့်ထက် ကံဆိုးတဲ့သူတွေကို မြင်ရတာပဲ။ နားလည်လား?”

ရှန်မို အသက်ပြင်းပြင်း ရှူလိုက်သည်။ “နားလည်တယ်”

ခနလောက်ရပ်ပြီးနောက် “မင်းက ရူးနေရုံပါပဲ”

ပိုင်ယို့ဝေ တုန်လှုပ်သွားသည်။ သူမ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ “ရှင် ကျွန်မကို ဆဲလိုက်တာလား”

ရှန်းမိုသည် စိတ်ထဲတွင် တွေးသည်မှာ - ဟုတ်တယ်။ ဆဲတာက အသေးအမွှားပဲရှိသေးတာ။ ငါ့လက်အောက်က လူသာဆိုရင် ရိုက်နှက်တာတောင် ပြစ်ဒဏ်က ပေါ့နေဦးမယ်။

သို့သော် ရွှေဘောလုံး၏ အချိန်ရေတွက်ခြင်းသည် သူတို့၏ စကားကို ဖြတ်တောက်လိုက်သည်။

“…၃…၂…၁၊ ဂိမ်း စတင်ပါပြီ!”

ဒုန်း!

………..

All Chapters