အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အခန်း ၅၂ ဂိမ်းကို အောင်မြင်သွားသည့်အတွက် ဂုဏ်ပြုပါတယ်
ရွှေဘောလုံး ပြုတ်ကျသည့် ခဏတွင် ရှန်မိုသည် ပိုင်ယို့ဝေကို ပွေ့ယူကာ ခရု၏ဘေးသို့ နောက်ဆုတ်လိုက်ပြီး ဂူအတွင်း၌ ရွှံ့များပြန်ထူထပ်လာသည်ကို အေးစက်စွာ ကြည့်နေသည်။
နှစ်ဦးကြား စကားစစ်ထိုးခြင်း ခေတ္တမျှ ရပ်တန့်သွားသည်။
အကြိမ်ပေါင်းများစွာ ပြန်ကန်ထွက်ပြီးနောက် ရွှေဘောလုံးသည် အလွန် တိကျသော ထောင့်ဖြင့် ဝက်အူရစ် ပါးစပ်ထဲသို့ ကျသွားသည်။
ခရုသည် အားကြောင့် နစ်မြုပ်သွားပြီး ဆက်လက် နစ်မြုပ်နေဆဲဖြစ်သည်။ ခရုပါးစပ်၏ အစွန်းအထိ ရောက်မှ ရပ်တန့်သွားသည် - ဘောလုံး ရပ်တန့်သွားသည့်အခါ အသံများ အားလုံး ရပ်တန့်သွားသည်။ ခရု၏ပါးစပ်တွင် ရွှေဘောလုံး တစ်ခုတည်းသာ မှိန်ပြပြလေး တောက်ပနေသည်။
လူတိုင်း၏ မျက်လုံးများသည် ရွှေဘောလုံးပေါ်တွင် အာရုံစိုက်ထားပြီး သူတို့၏ အသက်ရှူသံပင် နှေးကွေးသွားသည်။
မယုံနိုင်လောက်စရာ ခံစားရသည်။
ယခုလောက် ကာလကြာအောင် ရုန်းကန်ခဲ့ပြီး ယခုလောက်အထိ ဒုက္ခခံခဲ့ရပြီး၊ ပထမအကြိမ်မှ နဝမအကြိမ်အထိ မဖြေရှင်းနိုင်သော ပြဿနာဟု ထင်ခဲ့သောအရာသည် ယခုအခါ ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်လား။
မယုံနိုင်စရာကောင်းလှသည်။
တန်ရှောင်သည် သူ၏ မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး အခွံထဲတွင် စိုက်နေသော ရွှေရောင်ဘောလုံးကို ကြည့်နေသည်။ “... ငါ အမြင်မှားနေတာလား?”
ဆရာချန်း၏ မျက်လုံးများလည်း စိုစွတ်လာပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ “ဒါက မဖြစ်မနေ ဖြတ်သန်းရမယ့် အမှတ်ပဲ၊ မဖြစ်မနေ ဖြတ်သန်းရမယ့် အမှတ်... အပေါက်ထဲမှာ ဘောလုံးက ရွှံ့ထဲ မကျဘဲ အကြိမ် ခုနစ်ဆယ်၊ ရှစ်ဆယ်၊ ဒါမှမဟုတ် တစ်ရာအထိ ပြန်ကန်တယ်။ ပြန်ကန်တိုင်း ခရုကို ထိတယ်။ ဒါက ဖြစ်နိုင်ခြေတွက်တဲ့ ရှုထောင့်ကနေဆိုရင်တော့ မဖြစ်နိုင်ဘူး! ရွှေဘောလုံး ဆက်တိုက် ပြန်ကန်ဖို့အတွက်ဆို သူ့လမ်းကြောင်းကို တိတိကျကျ တွက်ချက်ထားရမယ်။ အမှတ်တစ်မှတ်ကို တွက်နိုင်တာနဲ့ ရွှေရောင်ဘောလုံးကို ရှာနိုင်ပြီ”
ပိုင်ယို့ဝေက သူမ၏ နှုတ်ခမ်းထောင့်များကို ကော့ညွတ်လိုက်ပြီး ဤစကားများက သူမကို ချီးမွမ်းသည်ဟု မှတ်ယူလိုက်သည်။
သူမက ပြောသည်။ “ဂိမ်းရဲ့ စည်းမျဉ်းတွေမှာ စစ်ဆေးရေးမှူးက ဘောလုံးကို ဘယ်နေရာ၊ ဘယ်ထောင့်၊ ဘယ်အားနဲ့မဆို ပစ်နိုင်တယ်လို့ ဆိုထားတယ်။ ဒါက တကယ်တော့ ကျွန်မတို့ကို အထင်မှားအောင် လုပ်နေတာ။ ဘောလုံးက ကျပန်း ကျတယ်လို့ ထင်စေချင်တာ။ သူကတော်တော်လည်း အလုပ်ရှုပ်ခံတယ်။ မီးခိုးဗုံးတွေ၊ အချိန်လျှော့ပစ်တာတွေ၊ ကစားသမားတွေကို ဖိအားပေးဖို့ မကောင်းဆိုးဝါးကို ဖန်တီးတာတွေ ရှိတယ်။ တကယ်တမ်းတော့ နောက်ဆုံး လေ့လာသုံးသပ်မှုအရ... ဂိမ်းက အရမ်း ရိုးရှင်းနေတယ်။ ဒါကြောင့် ဂိမ်းကို လုံလောက်အောင် ရှုပ်ထွေးစေဖို့ အချို့သောကျွမ်းကျင်မှုတွေ လိုအပ်တယ်။”
“မင်းက ငါ့ဂိမ်းက လွယ်တယ် ပြောတာလား” အခွံထဲ စိုက်နေသည့် ရွှေရောင်ဘောလုံးက အော်ဟစ်လိုက်သည်။ “ငါ့ဂိမ်းက လွယ်တယ်တဲ့လား?! မင်းတို့ ကိုးကြိမ်မြောက်အထိ ကစားပြီးမှ ပြီးတာကို ငါ့ဂိမ်းက လွယ်တယ်လို့ မင်းပြောရဲတယ်။ မင်းတို့က ငါ ဒီနေ့အထိ မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အရှက်မရှိဆုံးပဲ!!!”
ပိုင်ယို့ဝေက လှောင်ပြုံးပြုံးသည်- “ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ ရှင်လည်း ကောင်းကောင်း သိပါတယ်။ ဂိမ်းရဲ့ ခက်ခဲမှုက ဂိမ်းရဲ့ ပုံသဏ္ဍာန်နဲ့ ဘာမှ မဆိုင်ဘူး။ အဲ့ဒီအစား ဂိမ်းထဲက လူတွေ ဘာလုပ်ကြမလဲ ဆိုတာကို အာရုံစိုက်ဖို့ လိုတယ်။”
ရွှေဘောလုံး တိတ်ဆိတ်နေသည်။
ခဏအကြာတွင် အပြစ်ကင်းဟန် ဆောင်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “ငါ မင်းတို့ကို အာရုံစိုက်နေခဲ့တာပါ... ဒါပေမယ့် မမြင်ခဲ့ဘူး။ ဟေး၊ မင်း ဘယ်လို သိတာလဲ။ မင်း တကယ် မဖြစ်မနေဖြတ်သန်းရမယ့် အမှတ်တွေကို တွက်တာလား။ ဒီတွက်ချက်မှုက တော်တော်အားစိုက်ဖို့လိုမယ်နော်...”
ပိုင်ယို့ဝေ တိတ်ဆိတ်သွားသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် တန်ရှောင်ကို ကြည့်ကာပြောလိုက်သည်။ “အချိန်ဆွဲနေတာ။ ဖားလောင်းတွေ ပြန်ထွက်လာတော့မယ်။”
ရွှေဘောလုံး: “…”
တန်ရှောင်: “!!!”
ရုတ်တရက် ဖားလောင်းများ အုပ်လိုက်ကြီး ထွက်ပေါ်လာသည့် မြင်ကွင်းကို ပြန်တွေးမိသောအခါ တန်ရှောင် တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ သူ ချက်ချင်းပင် တွန့်ဆုတ်ခြင်းမရှိဘဲ လက်များကို ဆန့်ထုတ်ကာ ရွှေရောင်ဘောလုံးပေါ်သို့ သေသေချာချာ ကပ်လိုက်သည်!
——
ရွှံ့ထဲတွင် လက်ဝါးရာနှစ်ခု ကျန်ရစ်ခဲ့သည်။
ရွှေဘောလုံး: “…”
ဂူအတွင်းတွင် သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။
“ဒီဂိမ်းကို ပြီးဆုံးသွားတဲ့အတွက် အားလုံးကို ဂုဏ်ပြုပါတယ်။”
ရွှေဘောလုံး၏ အသံသည် အားမရှိပေ။
“ဖား၏ရွှေရောင်ဘောလုံးကို အနိုင်ရခဲ့တဲ့အတွက် ဆုချီးမြှင့်ခံရမှာပါ။ ဂိမ်းကို အောင်မြင်နိုင်ခဲ့တဲ့ ကစားသမား ငါးယောက် ရှိပါတယ်။ သင်တို့ ရွေးချယ်နိုင်ပါတယ်...”
အသံသည် ခဏရပ်သွားပြီးမှ ဆက်ပြောသည်။”...ဪ၊ အခြေခံ စည်းမျဉ်းတွေ ပြောင်းသွားပြီ။ ကစားသမားတွေ ကိုယ့်ဆုကို ကိုယ်တိုင် ရွေးချယ်လို့ မရဘူး။ ဆုတွေကို စစ်ဆေးရေးမှူးက ပေးလိမ့်မယ်။ ကစားသမား ငါးယောက်က ရွံ့ဖားငါးခု ရရှိမယ်။ ပြီးတော့ ရွှေဘောလုံးကို ရှာတွေ့တဲ့သူက ‘မင်းသမီးရဲ့ သူငယ်ချင်း’ ဆိုတဲ့ ချစ်ကြည်ရေး တံဆိပ်တစ်ခု ထပ်ရလိမ့်မယ်။”
သူသည် နောက်တစ်ကြိမ် သက်ပြင်းချပြီး လေထဲသို့ ဖြည်းဖြည်းချင်း တက်သွားသည်။ “ဂိမ်းရဲ့ဆုတွေကို တွက်ချက်ပေးပြီးပြီ။ မင်းတို့ ငါ ပေးတဲ့ ဆုတွေကို တန်ဖိုးထားရမယ်...”
ရင်းနှီးသော အဖြူရောင် အလင်းရောင်တစ်ခု သူမ၏ မျက်စိရှေ့တွင် လင်းသွားသည်။ ပိုင်ယို့ဝေသည် မျက်တောင်ခတ်လိုက်သည်နှင့် ကားထဲသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ လက်ထဲတွင် ရွှံ့ခဲတစ်လုံး ရှိနေသည်။
…………..
အခန်း ၅၃ မင်းသမီးရဲ့ မိတ်ဆွေ
ရွှံ့ကို ရလိုက်သည့် ခဏအတွင်းတွင် ထိုအရာ၏ အသုံးပြုပုံသည် စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။
ပိုင့်ယိုဝေက ၎င်းကို ထိုးကြည့်လိုက်သည်။
၎င်းသည် ပျော့အိပြီး ဆွဲနိုင်ဆန့်နိုင်သည်။ ကလေးများ ကစားသော ဂျုံလုံးနှင့် အနည်းငယ် တူသည်။ သို့သော် အရောင်မှာ ဆိုးသည်။ အနက်ရောင် ဖြစ်သည်။
ထိုအရာ၏ အကျိုးရှိသော သက်ရောက်မှုကို ထည့်စဉ်းစားကာ ပိုင်ယို့ဝေသည် ရွှံ့ကို ဂရုတစိုက်ဖြင့် သူမ၏ အိတ်ထဲသို့ ထည့်လိုက်ပြီး အရုပ်သေနတ်၊ ယုန်တို့နှင့်အတူ ထားလိုက်သည်။
တွေးကြည့်လျှင် ရယ်စရာပင်။ ဂိမ်းမှပေးသော ဆုများသည် အမြဲတမ်း ကလေးဆန်သော ကစားစရာကဲ့သို့ပင်။
သူမ မော့ကြည့်လိုက်ရာ ရှန်မိုနှင့် ဆရာချန်းတို့ ကားထဲမှ ဆင်းသွားသည်ကို တွေ့လိုက်ရသည်။
မျောက်နှင့် တန်ရှောင်လည်း ချက်ချင်း ကားပေါ်မှ ဆင်းလာသည်။
သူတို့ တစ်ဦးစီ၏ လက်ထဲတွင် ရွှံ့ခဲတစ်လုံးစီ ကိုင်ထားကြပြီး သေဘေးမှ လွတ်မြောက်ပြီးနောက် ထိတ်လန့် တုန်လှုပ်ကာ ကြောင်တောင်တောင် ဖြစ်နေသည့်အတိုင်း ရယ်ရမည်လား ငိုရမည်လား မသိသည့် အလွန်ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ပုံမှန်အတိုင်း ရှန်မိုသည် ယာဉ်တန်းမှ အခြားသူများကို စစ်ဆေးသည်။
——အံ့ဩစရာမရှိဘဲ ဂိမ်းကို မအောင်နိုင်သူများ အားလုံး အရုပ်များ ဖြစ်သွားကြသည်။
“ကမ္ဘာကြီးကို တခြားdimemsionက မကောင်းဆိုးဝါး ဘုရင်တစ်ပါးများ ဝင်စီးထားတာလား” တန်ရှောင်က မယုံနိုင်စွာ ပြောသည်။ “ဒီဂိမ်းက အရမ်း ထူးဆန်းတယ်။ သူတို့ပေးတဲ့ ရွှံ့က ဒဏ်ရာတွေကို အမြန် ပျောက်စေတယ်။ ဒါကြောင့် ဖားကြီးက ဒဏ်ရာတွေ မြန်မြန် ပျောက်တာကိုး”
သူသည် ရွှံ့ကို သူ၏ နှာခေါင်းဆီသို့ ယူလာပြီး အနံ့ခံကြည့်သော်လည်း ဘာအနံ့မှ မရပေ။
သူ ပါးစပ်ဟကာ သွားဖြင့် ကိုက်ကြည့်သော်လည်း ရွှံ့သည် ရာဘာကွင်းကဲ့သို့ အလွန်မာကျောပြီး ကိုက်၍ မရပေ။
“ဒီပစ္စည်းကို ဘယ်လို သုံးရတာလဲ?” တန်ရှောင်က ရှုပ်ထွေးစွာ မေးသည်။
ဆရာချန်းက “ဒဏ်ရာတွေပေါ် လိမ်းရင်ပဲ အကျိုးသက်ရောက်မှု ရှိတာလား?”
ဆရာချန်းသည် ဂိမ်းကစားနေစဉ် ခေါင်းထိခဲ့သည်။ သွေးများစွာ မထွက်သော်လည်း ဒဏ်ရာမှာ ခရမ်းရောင်သမ်းနေပြီး ယောင်နေသည်။
သူသည် ရွှံ့ကို မြှောက်ကာ သူ့ခေါင်းပေါ် တင်လိုက်သည်။
ရွှံ့၏ အရောင် ချက်ချင်း မှိန်သွားသည်ကို တွေ့လိုက်ရသည်။ အနက်ရောင်မှ မီးခိုးပုပ်ရောင်သို့ ပြောင်းသွားသည်။
“အား...” ဆရာချန်းက ရှုပ်ထွေးစွာ ရွှံ့ကို ဖယ်လိုက်သည်။ “အသုံးပြုနိုင်တဲ့ အကြိမ်ရေက အကန့်အသတ်ရှိတယ်ထင်တယ်”
“အဖိုး ဒဏ်ရာ ပျောက်သွားပြီ” တန်ရှောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆရာချန်း၏ ခေါင်းကို မထိဘဲ မနေနိုင်တော့ပေ။ “တကယ် ပျောက်သွားပြီ။ ဘာမှ မဖြစ်တော့ဘူး။ မျက်နှာပေါ်က အရေးအကြောင်းတွေတောင် နည်းသွားပြီ!”
ဆရာချန်းလည်း ပြုံးလိုက်ပြီး သူ့ခေါင်းကို ပွတ်သပ်သည်။ “...တကယ်လား။ ငါလည်း မနာတော့ဘူးထင်တယ်။”
“ချီး၊ ဒါက အရမ်း မိုက်တယ်။ အရမ်း မိုက်တယ်။” တန်ရှောင် အလွန် စိတ်လှုပ်ရှားသွားသည်။ “အကြမ်းစားပဲ”
ကားထဲမှ လှောင်ပြုံး တစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်ရာ ကားပြတင်းပေါက်ကို မှီနေသော ပိုင်ယို့ဝေက မေးစေ့ကို လက်ဖြင့် ထောက်ကာ သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမ စကားတစ်ခွန်းမှ မပြောသော်လည်း သူမ၏ မျက်လုံးများက “အရူးတွေ” ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည် - နင်တို့တွေက အသက်ကယ်နိုင်မဲ့အခွင့်အရေးကို ဒါလေးထိခိုက်မိတာအတွက်သုံးလိုက်တာ တော်တော် တော်တာပဲ။
လူတိုင်း ခဏတာမျှ ရှက်ရွံ့သွားသည်။
ရှန်မိုက သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးနောက် မျက်ခုံးများ မြှင့်ကာ တန်ရှောင်ကို မေးသည်။ “တံဆိပ်က ဘယ်မှာလဲ။ ဘာအတွက် သုံးတာလဲ”
လူတိုင်း ကြောင်အသွားသည်။
ဟုတ်သည်။ ရွှံ့အပြင် ရွှေဘောလုံးကို ရှာတွေ့သူသည် “မင်းသမီး၏ သူငယ်ချင်း” ချစ်ကြည်ရေး တံဆိပ်တစ်ခုပါ ရရှိသည်။
ရွှံ့က ဒဏ်ရာများကို ပျောက်စေနိုင်သည်။ဒါဆို တံဆိပ်က ဘာအတွက် သုံးတာလဲ။
တန်ရှောင်က သူ့ခေါင်းကို ကုတ်ကာ ရှုပ်ထွေးနေသည့် ပုံဖြင့်ပြောသည်။ “မသိဘူး...”
စကားပြောပြီးနောက် လူတိုင်း သူ့ကို ဆက်ကြည့်နေသည်ကို တွေ့သောအခါ သူ ရုတ်တရက် စိုးရိမ်သွားသည်။ “ဘာဖြစ်လို့လဲ။ မယုံဘူးလား။ ဘာလို့ ခင်ဗျားတို့ကို လိမ်ရမှာလဲ။ ကျွန်တော် တကယ် မသိဘူး! ဒီတံဆိပ်က ကျွန်တော်က မင်းသမီးကို ပျောက်ဆုံးသွားတဲ့ ရွှေဘောလုံးကို ရှာဖွေဖို့ ကူညီပေးခဲ့တယ်တဲ့။ ပြီးတော့ ကျွန်တော်က အခုကစပြီး မင်းသမီးရဲ့ သူငယ်ချင်း ဖြစ်သွားပြီလို့ပဲ ပြောပြတယ်။ မင်းသမီးနဲ့ သူငယ်ချင်းဖြစ်တာက ဘာ အဓိပ္ပါယ်လဲဆိုတာ ဘုရားသခင်ပဲ သိမယ်။”
သူသည် ရွှေရောင် တံဆိပ်ကို ထုတ်ကာ လက်သုံးချောင်းကို မြှောက်သည်။ “ကျွန်တော့်ကို မယုံမကြည််မဖြစ်ကြပါနဲ့။ ကျွန်တော်က သိုင်းလောကမှာ အထင်မှားခံပြီး မနေနိုင်ဘူး။ ကျွန်တော် ကျိန်ဆိုလို့ ရတယ်။”
ဆရာချန်းက အမြန် ပြောသည်။”ယုံပါတယ်၊ ယုံပါတယ်! ဘယ်သူမှ မင်းကို မယုံတာ မဟုတ်ဘူး။ သူတို့က ဒီအတိုင်းထူးဆန်းနေတာ။”
ထို့နောက် တန်ရှောင်သည် သူ့လက်ကို ချလိုက်သည်။
သူသည် တံဆိပ်ကို လက်ထဲတွင် ကိုင်ထားပြီး ဘာကြောင့်မှန်းမသိ ပိုင်ယိုဝေကို မသိစိတ်ဖြင့် ကြည့်လိုက်မိသည်။ တစ်ခုခု မေးချင်သကဲ့သို့ ဖြစ်နေသော်လည်း အနည်းငယ် ကြောက်ရွံ့နေသည်။
ပိုင်ယို့ဝေသည် သူမ၏ မျက်လုံးများကို ကျဉ်းလိုက်ကာ ပြုံးလျက် ပြောသည်။ “သိမ်းထားလိုက်။ နောက်တစ်ကြိမ် ဂိမ်းထဲမှာ ရှင့်အသက်ကို ကယ်ဖို့ ရှင့်ရဲ့ မင်းသမီးကို လိုအပ်လိမ့်မယ်။”
တန်ရှောင်သည် ထိုစကားကို ကြားလိုက်သောအခါ သူ၏ ဆံပင်များ ထောင်ထကုန်ပြီး ပြင်းထန်စွာ တုန်ယင်သွားသည်။
လက်ထဲက တံဆိပ်ကို လွှင့်ပစ်မိမလိုပင် ဖြစ်သွားသည်။
…………….
အခန်း ၅၄ စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားခြင်း
ဒီလို ဂိမ်းမျိုးသည် တစ်ကြိမ်ကြုံပြီးလျှင် တစ်သက်တာလုံးအတွက် အရိပ်မည်းကြီး ဖြစ်နေမှာဖြစ်တာကြောင့် မည်သူမှ ထပ်မဖြစ်ချင်တော့ပေ။
တန်ရှောင်သည် တံဆိပ်ကို ကိုင်ထားစဉ် ပူနွေးလာသည်ဟု ခံစားရသည်။
ကျန်လူများက လမ်းအလယ်တွင် မတူညီသော မျက်နှာအမူအရာများဖြင့် ရပ်နေကြပြီး မည်သူမျှ စကားမပြောကြပေ။
လေတိုက်ခတ်လာသဖြင့် လမ်းဘေးရှိသစ်ကိုင်းသစ်ရွက်များ တရှဲရှဲ မြည်ပြီး တန်ရှောင်၏ မော်တော်ဆိုင်ကယ်မှ အလှဆင်သည့်သားရေပန်းဖွားများသည် လေထဲတွင် ရှုပ်ပွစွာ လွင့်နေသည်။
ရှန်မိုက ကောင်းကင်ရှိ မည်းမှောင်သော တိမ်များကို မော့ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ကားပေါ်တက်ပြီး ဒီကနေ အရင်သွားကြစို့”
ဘေးပတ်ပတ်လည်တွင် အရုပ်များ ပြည့်နေသည့် ဤနေရာမျိုးတွင် မည်သူမျှ ဆက်နေလိုစိတ် မရှိကြပေ။ လူတိုင်း စကားပြောခြင်းကို ရပ်ကာ ကားပေါ် တက်ကြသည်။
မျောက်သည် အစ်ကိုဟွာနှင့် ပြဿနာကောင်တို့နှင့်အတူ ကားအတူစီးလာခြင်း ဖြစ်သည်။ သူသည် အရုပ်များအဖြစ် ပြောင်းသွားသော ထိုနှစ်ဦးကို ကားပေါ်မှ ပစ်ချလိုက်သည်။ ဘုန်းခနဲ အသံဖြင့် လူပုံသဏ္ဌာန် အရုပ်များသည် လမ်းပေါ်သို့ ပြုတ်ကျကာ အနည်းငယ် လိမ့်သွားပြီး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။
ရှန်မိုသည် ထိုအရာကို မြင်သောအခါ မျက်မှောင်ကြုတ်မိသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ကားကို စတင်မောင်းလိုက်သည်။
…
မိုးကြိုးတိမ်တိုက်များ လျင်မြန်စွာ ရောက်ရှိလာသည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် လေသည် ပိုမိုပြင်းထန်လာကာ သဲနှင့်ကျောက်များ လမ်းပေါ်တွင် လွင့်ပျံနေပြီး ကောင်းကင်တစ်ခုလုံးကို မည်းမှောင်သော တိမ်များဖြင့် ဖုံးလွှမ်းသွားသည်။ တိမ်များက မှောင်မိုက်စွာ နိမ့်ဆင်းလာကာ တိုးဝှေ့မြည်ဟည်းသံများ ထွက်ပေါ်နေသည်။ အဆောက်အဦများနှင့် သစ်ပင်များ အားလုံးကို မျိုချတော့မည့်အလားပင်။
ပဲလုံးခန့်ကြီးသော မိုးစက်များသည် ကားပြတင်းပေါက်ကို ရိုက်ခတ်လာပြီး မိုးသည်းထန်စွာ ရွာချလာသည်။
သူတို့သည် ဘီးခွန်ဂိတ်တစ်ခုတွင် ရပ်တန့်လိုက်သည်။
တန်ရှောင်သည် မော်တော်ဆိုင်ကယ်စီးလာရာ ရေနစ်နေသော ကြွက်တစ်ကောင်ကဲ့သို့ စိုရွှဲနေသည်။
မလှမ်းမကမ်းတွင် ဘန်ဂလိုအိမ်အုပ်စုတစ်စု ရှိပြီး ၎င်းတို့သည် အခွန်ကောက်ခံရေးစခန်း ဝန်ထမ်းများ၏ အဆောင်နှင့် ထမင်းဆိုင်အဖြစ် အသုံးပြုကြခြင်းဖြစ်မည်။ လူတိုင်း မိုးခိုရန် ထိုနေရာသို့ မောင်းနှင်လာကြသည်။
ထိုနေရာတွင် နားနေစခန်းကဲ့သို့ လျှပ်စစ်မီးနှင့် အင်တာနက် မရှိပေ။ မည်သူ့ကိုမျှလည်း မတွေ့ရပေ။ လူတိုင်း သည် အတွင်းအပြင် လျှောက်ကြည့်ကာ သတင်းစာဟောင်းအချို့နှင့် သစ်သားစားပွဲ၊ ကုလားထိုင်များသာ တွေ့ရပြီး မီးမွှေးကာ အနွေးဓာတ်နှင့် အလင်းရောင် ရရန်ကြိုးစားကြသည်။
နွေရာသီတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်းသည် ထူးဆန်းသည် မဟုတ်သော်လည်း သေခြင်းတရားနှင့်ရင်ဆိုင်ရသည့် ဂိမ်းတစ်ခုကို ကြုံတွေ့ပြီးနောက် ဤမိုးကို ထပ်မံကြုံတွေ့ရခြင်းသည် ထူးခြားသော အဓိပ္ပာယ်ရှိနေပုံရသည်။
ဘုရားသခင်ထံမှ သတိပေးချက်တစ်ခုလိုပင်။
မိုးသည်းထန်စွာ ရွာသွန်းမှုက ရှေ့ဆက်မည့် လမ်းကိုပိတ်ပင်တားဆီးထားပြီး လူတို့၏ မျက်နှာများတွင်လည်း မသိစိတ်ကပင် ရှုပ်ထွေးမှုနှင့် ဆုံးရှုံးမှုတို့ကို ဖော်ပြနေသည် ။ နှလုံးသားထဲမှ လမ်းကြောင်းသည်ပင် မိုးကြီးကြောင့် ကွယ်ပျောက်သွားသကဲ့သို့ပင်။
ရှေ့ဆက်ပြီး ဘာတွေ စောင့်ကြိုနေမည်ကို မည်သူမျှ မသိကြပေ။
မျောက်သည် စီးကရက်တစ်လိပ်ကို မီးညှိကာ ပြင်းပြင်းထန်ထန် ဖွာရှိုက်လိုက်သည်။
တန်ရှောင်သည် အဝတ်အစားများကို အခြောက်ခံရန် မီးပုံနားတွင် ထိုင်နေသည်။ မျောက်က သူ့ကို စီးကရက်တစ်လိပ် ပေးလိုက်ရာ သူတို့နှစ်ဦး ရင်းနှီးစွာ အတူတူ ဆေးလိပ်သောက်နေကြသည်။
“မိုးတိတ်ရင် ဘယ်ကို သွားမလဲ” တန်ရှောင်က မျောက်ကို မေးသည်။
မျောက်နှင့် ပြဿနာကောင် နှစ်ဦးစလုံးသည် အစ်ကိုဟွာ၏ နောက်လိုက်များဖြစ်သည်။ အစ်ကိုဟွာ မရှိတော့သည့်အတွက် မျောက်သည် သူ၏ ပထမသွားမည့်နေရာသို့ မသွားတော့ပေ။
“အရှေ့ဘက်၊ တိုင်ကျိုးကို သွားမယ်။” မျောက်သည် သူ့စီးကရက်မှ ပြာများကို ခါချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ “ကျွန်တော့်ဇာတိက အဲ့ဒီဘက်မှာ။ ပြန်သွားကြည့်မလို့။”
သူက တန်ရှောင်ကို ထပ်မေးသည်။ “ခင်ဗျားရော ဘာအစီအစဉ်တွေ ရှိလဲ”
“ဟမ်...” တန်ရှောင်က မီးပုံကို ငေးကြည့်ရင်း “ကျွန်တော် မဆုံးဖြတ်ရသေးဘူး။ ယန်ကျိုးမှာ အရုပ်တွေ မရှိဘူးလို့ ကြားတာမလို့ သွားကြည့်ချင်တယ်။ ကျွန်တော့်ဆိုင်ကယ်မှာလည်း ဆီသိပ်မကျန်တော့ဘူးဆိုတော့ ခဏလောက် နေဖို့ နေရာတစ်ခု ရှာရဦးမယ်ထင်တယ်။”
“တိုင်ကျိုးကို ကျွန်တော်နဲ့အတူ သွားချင်လား” မျောက်က ရုတ်တရက် မေးသည်။
တန်ရှောင်က အနည်းငယ် ရှုပ်ထွေးသွားပြီး သူ့ကို ငေးကြည့်နေသည်။
မျောက်သည် ဘာကို တွေးနေသည်မသိဘဲ တခြားတစ်ဖက်ရှိ ရှန်မိုနှင့် ပိုင်ယို့ဝေအပါအဝင် အခြားလူများကို ကြည့်ကာ “ဘယ်လိုလဲ၊ စဉ်းစားချင်လား။ ကျွန်တော့် ဦးလေးရဲ့ မိသားစုက လယ်ယာလုပ်ငန်း လုပ်တယ်။ ကျွန်တော်နဲ့အတူ တိုင်ကျိုးကို လိုက်သွားရင် အစားအသောက်နဲ့ ရေတော့ လုံလောက်အောင် ရမှာ သေချာတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရတယ်။ ဂိမ်းတွေ ထပ်ကြုံရရင်တောင် စိတ်အေးရမှာပါ။”
သူ၏ မျက်လုံးများတွင် မီးတောက်များ ထင်ဟပ်နေပြီး အလင်းရောင်ထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။
သူသည် သူတို့ကို စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်သော်လည်း အသက်ကြီးပြီး ကိုယ်လက်မသန်စွမ်းသော ဆရာချန်းသည်မူ သူ၏ စဉ်းစားမှုတွင် မပါဝင်ခဲ့ပေ။
ပိုင်ယို့ဝေသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် မထီမဲ့မြင် ပြုံးသည်။ မျက်လုံးမှိတ်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။
ရှန်မိုသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေသည်။ “ကျွန်တော်တို့က ယန်ကျိုးကို လူရှာဖို့ သွားမှာပါ။”
မျောက်က ပြုံးပြီး “ရပါတယ်။ နောင်ကျရင် တိုင်ကျိုးကို လာချင်ရင် အမြဲကြိုဆိုပါတယ်”
သူသည် စကားအဖြစ် ပြောနေခြင်း မဟုတ်ပေ။ စာရွက်နှင့် ဘောပင်တစ်ချောင်းကို ရှာကာ လိပ်စာကို ဂရုတစိုက် ရေးမှတ်ပြီး ရှန်မိုနှင့် တန်ရှောင်တို့အား အသီးသီး ပေးလိုက်သည်။
တန်ရှောင်သည် တကယ်ပင် ရှုပ်ထွေးသွားကာ ချက်ချင်း မေးလိုက်သည်။ “မျောက်၊ ဘာကို ဆိုလိုတာလဲ။ ကျွန်တော်တို့က ဆွေမျိုးတွေ၊ သူငယ်ချင်းတွေမှ မဟုတ်တာ။ ဘယ်သူက အကြောင်းမဲ့ ခင်ဗျားနဲ့အတူ တိုင်ကျိုးကို လိုက်သွားမှာလဲ”
“ခင်ဗျား ဂိမ်းကိုဘယ်လိုထင်လဲ” မီးပုံ၏အလင်းရောင်ကို ဖြတ်ကျော်ကာ မျောက်၏ မျက်နှာသည် အပူငွေ့များကြောင့် ပုံပျက်နေသည်။ “ခင်ဗျား မနားလည်ဘူးလား။ ဒါက လူသားအားလုံးအတွက် ရွေးချယ်မှုတစ်ခုပဲ... ပြီးတော့ ကျွန်တော်တို့ နိုင်ခဲ့ပြီ။ ကျွန်တော်တို့ဟာ ရွေးချယ်ခံရတဲ့သူတွေပဲ။ ကမ္ဘာကြီးကို ပြောင်းလဲပေးရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ ကံကြမ္မာက ဖန်တီးထားတာ”
……………