← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း ၅၅ ရူးသွားပြီ

လူသားအားလုံးအတွက် ရွေးချယ်မှုတဲ့လား

ရွေးချယ်ခံရသူတဲ့လား

...ပြီးတော့ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ်???

တန်ရှောင်သည် သူကြားလိုက်ရသည့် စကားများကြောင့် ကြောင်သွားပြီး မျောက်ကို ငေးကြည့်နေသည်။ သူ့ထက်ပင် ပိုမို အိပ်မက်မက်နိုင်သူ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

“စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ သေချာ မစုံစမ်းမစစ်ဆေးဘဲ ကောက်ချက်မချပါနဲ့။” ဆရာချန်းက ဖြည်းဖြည်းချင်း အကြံပေးသည်။ “ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဖို့ ရွေးချယ်မှု တကယ်လုပ်ချင်ရင်တောင် စာရိတ္တ၊ ဉာဏ်ရည် နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေကို ပြည့်ပြည့်စုံစုံ အကဲဖြတ်သင့်တယ်။ ဝိဇ္ဇာနဲ့ သိပ္ပံကို ခွဲခြားပြီး ပါရမီရှိတဲ့ ကျောင်းသားတွေကို အမှတ်ပိုပေးသင့်တယ်။ ဒါက သိပ္ပံနည်းကျတယ်။”

မျောက်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်သွားပြီး သူသည် ချန်းဝေခိုင်ကို “ပါးစပ်ပိတ်၊ ခင်ဗျား ဘာမှမသိဘူး” ဟု ပြောသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

သူသည် လောင်ကျွမ်းနေသော မီးပုံကို စိုက်ကြည့်ကာ သူ့ကိုယ်သူ ပြောသည်။ “ဒီကမ္ဘာကြီးက အတွင်းထဲကနေ ပုပ်သိုးနေပြီ။ တချို့လူတွေက အနှိမ်ချခံရပြီး မနက်ကနေ ညအထိ အလုပ်လုပ်ရပေမယ့် ဗိုက်မဝဘူး။ တချို့လူတွေက ဘာမှမလုပ်ရဘဲ ပိုက်ဆံတွေ သုံးမကုန်ဘူး။ ဘာလို့လဲ။ဘာလို့ တချို့လူတွေက ချမ်းသာပြီး မွေးလာတာလဲ။ ဘာလို့ တချို့လူတွေက ဒုက္ခခံဖို့ မွေးလာတာလဲ။ ဘုရားသခင်လည်း မတတ်နိုင်တော့ဘူး။ဒါကြောင့် ဂိမ်းတွေ ပေါ်လာတာ... သူ ပြောတာ မှန်တယ်။အမှိုက်တွေကို ရှင်းပစ်ရမယ်။ ငါတို့လည်း အဲ့ဒီလူတွေကို မသတ်ခဲ့ဘူး။ သူတို့က အရည်အချင်းမပြည့်တာ ဘယ်သူ့ကို သွားပြောလို့ရမလဲ။... သူက ဂိမ်းကြောင့် ဖယ်ရှားခံလိုက်ရတာ။ ငါကြောင့် မဟုတ်ဘူး။ ငါ မဟုတ်ဘူး။ ငါက အနိုင်ရတဲ့သူ။ ငါက ဘုရားသခင်ဆီက လက်ဆောင် ရခဲ့တာ။ ငါက ရွေးချယ်ခံရသူ... ငါက သူတို့နဲ့ မတူဘူး...”

အသံသည် နောက်ဆုံးတွင် တိုးတိုးလေး ရေရွတ်သံအဖြစ် ပြောင်းသွားပြီး သူသည် နတ်ဆိုးပူးကပ်ခံရသကဲ့သို့ ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်။ “ငါက ရွေးချယ်ခံရသူ၊ ငါက သူတို့နဲ့ မတူဘူး... ငါက ရွေးချယ်ခံရသူ...”

တန်ရှောင်သည် မျောက်ကို ဆွံ့အစွာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် ရှန်မိုနှင့် ပိုင်ယို့ဝေတို့ကို လှည့်ကြည့်ကာ သူ၏ ခေါင်းကို လက်ညှိုးထိုးပြပြီး “ဒီကောင် ရူးနေတာလား” ဟု မေးလိုဟန် ပြသည်။

မျောက်: “ဟုတ်တယ်။”

တန်ရှောင်သည် လန့်သွားပြီး လက်များကို အမြန် ပြန်ချလိုက်သည်။

မျောက်က ပြုံးပြီး ရှန်မိုကို ပြောသည်။ “ပြောရမယ်ဆိုရင် မင်းညီမကို ကျေးဇူးတင်ရမယ်။ သူသာ ကိုးကြိမ်မြောက်အထိ မခံနိုင်ခဲ့ရင် ငါတို့ ဂိမ်းကိုနိုင်ခဲ့ရင်တောင် ရွှံ့ဆုကို အကြိမ်အများကြီး သုံးနိုင်မှာ မဟုတ်ဘူး။”

ကိုးကြိမ်မြောက်ကစားပွဲကို အောင်မြင်ပြီးနောက် အကြိမ် ၉ ကြိမ် အသုံးပြုနိုင်သည့် ဆုကို ရရှိမည်ဖြစ်သည်။ ဤဆု၏နောက်ကွယ်တွင် အသက်ဆုံးရှုံးမှုများ ရှိနေသည်။

အော်ဟစ်‌စောဒကတက်‌နေမည့်အစား သူက ရှန်မိုနှင့် ပိုင်ယို့ဝေတို့ကို သူ့ဘက်ပါအောင် အစွမ်းကုန် ကြိုးစားစည်းရုံးခဲ့သည်။

ရှန်မိုက လျစ်လျူရှုဟန် ပြုပြီး ဒီအကြောင်းအရာနှင့်ပတ်သက်၍ဘာမှတ်ချက်မှ မပေးခဲ့ပေ။ သူက တည်ငြိမ်စွာပဲ ပြောလိုက်သည်။ “မိုးက ခဏတော့ တိတ်ဦးမှာ မဟုတ်ဘူး။ ကားလည်း သွားလို့ မရဘူး။ အရင်ဆုံး တစ်ခုခု စားကြရအောင်”

မျောက်က ခေါင်းညိတ်ပြီး မတ်တပ်ရပ်ကာ “ထမင်းစားခန်းထဲမှာ အိုးတွေ၊ ဒယ်အိုးတွေ ရှိတယ်။ သွားယူလိုက်ဦးမယ်”

ပြောပြောဆိုဆိုနှင့်ပင် သူက မိုးသည်းထန်စွာ ရွာနေသည့်ကြားမှ ပြေးထွက်သွားသည်။

အခန်းထဲရှိ ကျန်လူများက သူ့ကျောပြင်ကို ကြည့်ရင်း ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားကြသည်။

မျောက်၏ တုံ့ပြန်ပုံသည် အတော်ကို မူမမှန်ပေ။ သူက သူ့ကိုယ်သူ ကမ္ဘာကြီး၏ ကယ်တင်ရှင်ဟု သဘောထားနေပုံရသည်။ ကံကြမ္မာ၏ စမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် သူသည် အခြားသူများထက် သာလွန်သည်ဟု ခံစားနေရသည်။

ရှန်မိုက မျက်လွှာချကာ ပိုင်ယို့ဝေကို ကြည့်ပြီး မေးသည်။ “အခု စိတ်သက်သာရာ ရပြီလား?”

ပိုင်ယို့ဝေက ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။ သူမ၏ ဆံပင်ရှည်များက ပါးပြင်ကို ဖုံးအုပ်ထားသဖြင့် သူမ၏ မျက်နှာအမူအရာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

တန်ရှောင်က ထိုလူနှစ်ဦးကို ကြည့်ပြီး ဆန်းကြယ်သော လေထုကို ခံစားလိုက်ရသည်။ သူက ရှုပ်ထွေးစွာပင် မေးသည်။ “မျောက်က ဘာဖြစ်တာလဲ”

မည်သူမျှ မဖြေကြပေ။

ဆရာချန်းက ခေါင်းကို ညင်သာစွာ ခါယမ်းပြီး သက်ပြင်းချသည်-

“အင်း...”

နေ့လယ်ခင်းဖြစ်ပြီး ကောင်းကင်သည် ညအချိန်ကဲ့သို့ မှောင်မိုက်နေသည်။

တန်ရှောင်သည် ကားနောက်ဖုံးမှ အစားအစာအချို့ကို ထုတ်ယူလိုက်သည်။ ၎င်းတို့သည် ခေါက်ဆွဲခြောက်နှင့် ဝက်အူချောင်းများသာ ဖြစ်သည်။ လူတိုင်းသည် ရေအိုးတစ်အိုးကို ဆူပွက်အောင် တည်ပြီး အလျင်အမြန် စားသောက်ကြသည်။

ပိုင်ယို့ဝေသည် အစား အနည်းငယ်သာ စားသည်။ ခေါက်ဆွဲခြောက် နှစ်လုပ်သာ စားပြီးနောက် ချလိုက်သည်။ သူမသည် နုံးခွေ့နေပြီး အားအင်မရှိပေ။

သူမသည် ဂိမ်း၏အတွင်းနှင့် အပြင်တွင် လုံးဝကွဲပြားသော အခြေအနေနှစ်ခုတွင် ရှိနေသည်။

တစ်ခုက နူးညံ့ပြီး တိတ်ဆိတ်သည်။

တစ်ခုက ဆိုးသွမ်းပြီး အနိုင်ကျင့်တတ်သည်။

ရှန်မိုသည် ဤကဲ့သို့သော မိန်းကလေးမျိုးနှင့် တစ်ခါမျှ မကြုံဖူးပေ။

သူ အလုပ်တွင် တွေ့ဆုံဖူးသော အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များ အားလုံးသည် ပွင့်လင်းပြီး ရက်ရောကြသည်။ သူ့ဆွေမျိုးများမှ ဝမ်းကွဲညီအစ်မများလည်း ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ သို့သော် ပိုင်ယိုဝေနှင့် ဆက်ဆံသည့်အခါတိုင်း သူသည် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

သူမကို ပထမဆုံးအကြိမ် ဖြူကောင်လေးနှင့်တူသည်ဟု နှိုင်းယှဉ်ခဲ့စဉ်က သူ အထင်မှားခဲ့ပုံရသည်။

ဖြူ‌ကောင်တွင် ဆူးများ ရှိသော်လည်း ပိုင်ယို့ဝေ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားများ ရှိနေသည်။

သို့မဟုတ် အဆိပ်ရှိနေသည့် အရာတစ်ခုခု..

………….

အခန်း (၅၆) ကျွန်မကို လွှတ်

ညရှစ်နာရီတွင် မိုးတိတ်သွားသည်။

လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။

ရှန်မိုသည် တံစက်မြိတ်အောက်တွင် ရပ်လျက် မှောင်မိုက်သော ကောင်းကင်ကို ကြည့်ကာ “ဒီညတော့ သွားလို့မဖြစ်ဘူး” ဟု တွေးနေသည်။

လိုရာခရီးကိုရောက်ရန် တစ်နာရီပင် မကျန်တော့သော်လည်း သူတို့သည် ခရီးကို နောက်တစ်ရက် ထပ်မံ နှောင့်နှေးရတော့မည်။ ညဘက် ကားမောင်းခြင်းသည် အလွန် အန္တရာယ်များသဖြင့် နောက်နေ့မနက်အထိ စောင့်ဆိုင်းရတော့မည်။

လျှပ်စစ်မီးလည်း မရှိ၊ အင်တာနက်လည်း မရှိ၊ ယန်ကျိုးရှိ အခြေအနေကိုလည်း မသိရပေ။ စိုးရိမ်ပူပန်မှုမျိုးစုံက ရှန်မို၏ စိတ်ထဲတွင် လေးလံနေသဖြင့် မပြောပြတတ်အောင် စိတ်အနှောင့်အယှက် ဖြစ်နေသည်။

တန်ရှောင်နှင့် ဆရာချန်းတို့သည် အိုးကို မီးဖိုပေါ် ပြန်တင်ပြီး ခုံတန်းရှည်၏ခြေထောက် အနည်းငယ်ကို မီးထဲထည့်ကာ ရေနွေးတည်ပြီး ခေါက်ဆွဲပြုတ်ကြသည်။

မျောက်သည် ဝါယာကြိုးဖြင့် အဆောင်တံခါးများကို ကလော်ဖွင့်သည်။ အတွင်း၌ တစ်ယောက်အိပ်ကုတင်များနှင့် စားပွဲများ ရှိသည်။ မွေ့ရာများ သန့်ရှင်းမှုရှိမရှိကို မသိသော်လည်း တစ်ညတာအတွက်တော့ အဆင်ပြေလောက်ပါသည်။

ညကိုးနာရီခန့်တွင် ညစာ စားကြသည်။ ခေါက်ဆွဲခြောက်များသာ ဖြစ်ပြီး အစားအစာစက်ရုံမှ ယူဆောင်လာသော ဘဲကင်နှင့် ငန်းကင်များ ပါဝင်သည်။ ထမင်းနှင့် ဟင်းသီးဟင်းရွက်တို့မပါဘဲ လူတိုင်းသည် တိတ်ဆိတ်စွာ စားသောက်ကြသည်။

ပိုင်ယို့ဝေသည် နေ့လယ်စာကို အများကြီး မစားခဲ့သလို ညစာကိုလည်း မစားခဲ့ပေ။ သူမသည် အစာစားချင်စိတ် မရှိဟု ပြောပြီး သူမ၏ ဘီးတပ်ကုလားထိုင်ဖြင့် အဆောင်ခန်းသို့ သွားကာ အနားယူလိုက်သည်။

သူမသည် ငယ်စဉ်ကတည်းက အစားအသောက်ကို ဂရုတစိုက် စားသောက်ခဲ့ပြီး သူမ၏ သူနာပြုဆရာမက သူမ၏ အကြိုက်နှင့်အညီ တစ်နေ့သုံးနပ်ကို ပြင်ဆင်ပေးခဲ့သည်။ ထို့ကြောင့် ဤအရာများကို မစားနိုင်ခြင်းသည် ပုံမှန်ပင် ဖြစ်ပြီး ရှန်မိုလည်း စိတ်ထဲ မထားခဲ့ပေ။

ညစာစားပြီးနောက် ဆရာချန်းသည် ရေနွေးအိုးတစ်အိုး ထပ်အပူပေးကာ ဆေးကြောထားသော ဖန်ဘူးများကို နှစ်ကြိမ် သုံးကြိမ် ပူအောင် ဆေးပြီးနောက် ခွက်တစ်ခွက်ကို ရေနွေးဖြင့် ဖြည့်ကာ အအေးခံရန် ရေအေးထဲတွင် စိမ်ထားသည်။

ရေအပူချိန် သိပ်မပူတော့သည့်အခါ ဆရာချန်းသည် ဖန်ဘူးကို ရှန်မိုအား ပေးကာ “မင်းညီမလေး နည်းနည်း နေမကောင်းဘူး ထင်တယ်။ ရေနွေး ပိုသောက်ခိုင်းလိုက်ပါ”

ရှန်မို ကြောင်သွားသည်။

သူ တုံ့ပြန်မှု မရှိသည်ကို တွေ့သောအခါ ဆရာချန်းက ကရုဏာဖြင့် သတိပေးသည်။ “သူ နေ့လယ်တုန်းက နည်းနည်းလေးပဲ စားတယ်။ အခုထိ ရေတစ်စက်တောင် မသောက်ရသေးဘူး။ ဒီလိုဆို အဆင်မပြေဘူး။ ဖျားလိမ့်မယ်။”

တန်ရှောင်သည် သူ့ခေါင်းကို မော့ကာ ပါးစပ်ထဲ ရေလောင်းထည့်နေသည်။ ထိုစကားကို ကြားသောအခါ သူ ခဏရပ်လိုက်ပြီး ရေဗူးကို ချကာမေးသည်။ “ဘာလို့ သူ ရေမသောက်တာလဲ။ရေမငတ်ဘူးလား”

မေးပြီးနောက် သူက ပုံမှန်အတိုင်း ပြန်ဖြေသည် “ဪ၊ သိပြီ။ သူက ထိုင်နေတာဆိုတော့ သူ့စိတ်က သူ့ဘာသာ အေးနေတာ။ အေးတော့ ချွေးမထွက်ဘူး။ချွေးမထွက်တော့ ရေမငတ်ဘူး!... ဟင်း...”

ဘာတွေ ပြောနေတာလဲ။

ဆရာချန်းက တန်ရှောင်ကို ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။

ရှန်မို၏ မျက်နှာမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။

သူသည် ဖန်ဘူးကို ကောက်ယူကာ အပြင်သို့ ထွက်ရန် လှည့်လိုက်သည်။ ပိုင်ယို့ဝေ၏ အခန်းသည် ဘေးကဒုတိယအခန်းဖြစ်သည်။ သူ တံခါးလက်ကိုင်ကို ကိုင်ကာ လှည့်လိုက်သော်လည်း တံခါးက ပိတ်ထားသည်။

“ပိုင်ယို့ဝေ” ရှန်မိုက လက်မြှောက်ကာ တံခါးကို ခေါက်လိုက်သည်။ သူ့လေသံတွင် မသိမသာ ဒေါသ အရိပ်အယောင်တစ်ခု ပါနေသည်။

တံခါးဆီမှ လှုပ်ရှားမှု မရှိပေ။

ရှန်မိုသည် သည်းခံပြီးအံကျိတ်ကာ “ပိုင်ယို့ဝေ၊ တံခါးဖွင့်စမ်း”

တန်ရှောင်၊ ချန်းဝေခိုင်နှင့် မျောက်တို့ အားလုံး တစ်ခုခု မူမမှန်သည်ကို သတိပြုမိကြပြီး ဘာဖြစ်နေသည်ကို ကြည့်ရန် ထွက်လာကြသည်။ “ဘာဖြစ်နေတာလဲ”

ရှန်မိုသည် တံခါးဝတွင် ရပ်နေသည်။ သူ့မျက်နှာသည် ရွာတော့မည့်မိုးအလား မှောင်မိုက်နေသည်။

သူနားမလည်နိုင်ပေ။ ပိုင်ယို့ဝေသည် ဗိုက်မဆာ၊ ရေမငတ်သည်လား။ သူမသည် ဂိမ်းထဲမှာ သူ့နှင့် ရန်ဖြစ်ခဲ့ပြီး သူ့ကို မှီခိုလို့မရနိုင်ဘူးဟု ခံစားရသည်။ ထို့ကြောင့် သူမသည် အစားမစား၊ ရေမသောက်ဘဲနေကာ အိမ်သာသွားချင်သည့်အခါ သူ့မျက်နှာကို ကြည့်စရာမလိုအောင်လုပ်ခဲ့တာဖြစ်သည်။

သူမ ဘယ်လောက်တောင် ခေါင်းမာလိုက်လဲ။

အလောင်းအစားလုပ်ဖို့ ကိုယ့်ခန္ဓာကိုယ်ကိုတောင် လျစ်လျူရှုတာလား။

ရှန်မိုသည် ဒေါသကြောင့် ဦးရေပြားများ ကျဉ်တက်လာသည်။ ဒီဒေါသသည် ဘယ်ကလာမှန်း သူ မပြောတတ်ပေ။ သူမ၏ဒေါသကြီးသည့် စိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူ၏ ပေါ့ဆမှုကြောင့်လည်း ဖြစ်နိုင်သည်။

သူမ၏အပြုအမူကို ဘယ်လောက်ပဲ မကြိုက်စေဦးတော့ သူသည် စကားလေးနည်းနည်းကြောင့် မသန်စွမ်းသည့် မိန်းကလေးတစ်ယောက်ကို လျစ်လျူရှုမှာ မဟုတ်ပေ။ သို့သော် သူ၏ လျစ်လျူရှုမှုကြောင့် သူမက တစ်နေကုန် ဗိုက်ဆာပြီး ရေငတ်နေခဲ့ရသည်။

စက္ကန့်သုံးဆယ်ခန့် စောင့်ပြီးသည်အထိ ပိုင်ယို့ဝေက တံခါးကို ဖွင့်မပေးသေးပေ။

ရှန်မိုသည် တံခါးခေါက်ခြင်းကို ရပ်လိုက်သည်။ သူက မျက်နှာပျက်စွာဖြင့် လှည့်ပြီး အသက်ပြင်းပြင်း ရှူကာ ခြေထောက်ကို မြှောက်ပြီး ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

ဒုန်း

တံခါးပွင့်သွားသည်။

ပိုင်ယို့ဝေသည် ကုတင်ပေါ်တွင် ဘေးတစောင်း လှဲနေပြီး သူ့ကို ကျောပေးထားသည်။ အခန်းထဲတွင် ဤမျှဆူညံနေသော်လည်း သူမက နောက်ကိုလှည့်ပင် မကြည့်ပေ။

ရှန်မိုလည်း ဘာမှမပြောပေ။ သူက အခန်းကို အမြန် စစ်ဆေးကြည့်ပြီး သူမ၏ ခေါက်တုတ်ကောက်များနှင့် အိတ်များကို ယူကာ ဘီးတပ်ကုလားထိုင်၏ ဘေးနှစ်ဖက်တွင် ချိတ်ဆွဲပြီးနောက် ကိုယ်ကိုကိုင်းညွတ်ကာ ကုတင်ပေါ်ရှိ မိန်းကလေးကို မယူလိုက်သည်။

ပိုင်ယို့ဝေသည် အမွှေးများ ထောင်ထနေသော ကြောင်တစ်ကောင်လိုပင်။ သူမသည် လှည့်လာပြီး ရှန်မို၏ မျက်နှာကို ကုတ်ခြစ်တော့သည်။

“ကျွန်မကို လွှတ်ပေး” သူမ အော်ဟစ်လိုက်သည်။

…………..

အခန်း (၅၇) သင်ခန်းစာပေးမယ်

ရှန်မိုက သူမကို လျစ်လျူရှုပြီး ဘီးတပ်ကုလားထိုင်ထဲသို့ အတင်းအကြပ် ထိုင်ခိုင်းလိုက်သည်။

ပိုင်ယို့ဝေက အရူးတစ်ယောက်လို ရုန်းကန်နေသည်။ သူမက ရှန်မိုကို ကုတ်ခြစ်၊ ရိုက်နှက်နေသည်။ ရိုက်နှက်တာကို အားမရ‌သေးဘဲ သူ့လက်မောင်းကို ဖက်ပြီး ကိုက်လိုက်သည်။

သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော သွားများသည် အသားထဲ နစ်ဝင်သွားပြီး သံချေးနံ့ သွေးနံ့များ ခံစားရကာ မျက်လုံးများ နီရဲလာသည်။

ပြေးလာကြသော လူတိုင်း ဤမြင်ကွင်းကို မြင်သောအခါ ကြောင်သွားကြပြီး မောင်နှမနှစ်ဦး ဘာလုပ်နေကြမှန်း နားမလည်နိုင် ဖြစ်နေကြသည်။

“ရှောင်၊ ရှောင်ရှန်...” ဆရာချန်းက ထစ်အစွာ ပြောသည်။ “မင်းတို့နှစ်ယောက်၊ ပြောစရာရှိရင် ပြောပြီး ညှိနှိုင်းကြပါ...”

ရှန်မိုက အသက်ပြင်းပြင်း ရှူပြီး တင်းနေသော လက်မောင်းကို သူမ၏ သွားများမှ ဆွဲထုတ်လိုက်ရာ သွေးနီရောင် အရာနှစ်တန်း ကျန်ခဲ့သည်။ သူတို့ကို မျက်နှာသေဖြင့် ပြောာလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး”

ထို့နောက် သူက ဘီးတပ်ကုလားထိုင်ကို တွန်းကာ တဖြည်းဖြည်း လျှောက်ထွက်သွားသည်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ဘာမှ မဖြစ်ဘူး ဟုတ်လား...ဒါက ဘာမှမဖြစ်ဘူးလို့ ခေါ်တာလား။

မိုးရွာပြီးနောက် လေထုက စိုစွတ်နေပြီး ဘီးတပ်ကုလားထိုင်က ရွှံ့အိုင်တွေထဲ ဝင်သွားကာ ရေတွေ စင်နေသည်။ ရှန်မိုက ပိုင်ယို့ဝေကို လမ်းတစ်ဖက်ခြမ်းရှိ အများသုံးအိမ်သာသို့ တွန်းပို့လိုက်သည်။

အများသုံးအိမ်သာသည် ဝန်ထမ်းများ အသုံးပြုရန်အတွက် ဖြစ်ပြီး မသန်စွမ်းသူများအတွက် လမ်းလျှောက်ရန် အဆင်ပြေအောင် ပြုလုပ်ထားခြင်း မရှိပေ။ ရှန်မိုက ဘီးတပ်ကုလားထိုင်၏ ရှေ့သို့ ပတ်သွားပြီး သူမကို ပွေ့ချီလိုက်သည်။

သူမက သူ့ကို မထိခိုင်းချင်ပေ။ သူ့ကို တွန်းသည်။ ရိုက်သည်။ ဆွဲလိမ်သည်။ အစွမ်းကုန် အားထုတ်ကာ ရုန်းကန်သည်။

သူတို့နှစ်ဦးသည် အများသုံးအိမ်သာရှေ့တွင် တိတ်ဆိတ်စွာ တွန်းထိုးရုန်းကန်ကြပြီး နောက်ဆုံးတွင် ပိုင်ယို့ဝေ ရှုံးနိမ့်သွားသည်။ သူမကို ရှန်မိုက လက်နှစ်ဖက်အောက်တွင် တုတ်ကောက်တစ်စုံ ထိုးထည့်ပေးကာ အိမ်သာထဲသို့ ချီသွားခဲ့သည်။

“ရပ်နေ” ရှန်မို၏ လေသံက အေးစက်ပြီး ပြင်းထန်သည်။

ပိုင်ယို့ဝေသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ တုတ်ကောက်များဖြင့် အိမ်သာထဲတွင် ရပ်နေသည်။ သူမပတ်ဝန်းကျင်မှ အနံ့ဆိုးများကြောင့် သူမသည် မူးဝေလာပြီး အရှက်ရသည်ဟု ခံစားရသည်။

ရှန်မိုက အိမ်သာခန်း၏ တံခါးကို ဖွင့်လိုက်သည်။ ဓာတ်မီးကို ဘေစင်ပေါ် တင်လိုက်သည်။ ထို့နောက်တစ်ခါသုံး အိမ်သာထိုင်ခုံဖုံးကို တင်လိုက်ပြီး တစ်ရှူးအစိုနှင့် အိမ်သာသုံးစက္ကူကို ထုတ်လိုက်သည်။ ထို့နောက် သူမကို ဆွဲရန် လက်လှမ်းလိုက်သည်။

သူမက ခေါင်းမာစွာ ထိုနေရာတွင် ရပ်နေသည်။

သူ တစ်ကြိမ်ဆွဲသော်လည်း မအောင်မြင်ခဲ့ပေ။ ဒုတိယအကြိမ်တွင် အားပိုထည့်သုံးလိုက်ရာ သူမ လဲကျမလိုဖြစ်သွားသည်။ သူက သူမကို အခန်းထဲသို့ ချီသွားသည်။ သူ၏ အရပ်ရှည်သော ခန္ဓာကိုယ်က သူမ၏ ခေါင်းပေါ်တွင် အရိပ်ကျနေပြီး ထပ်မံ အမိန့်ပေးလိုက်သည်။ “အိမ်သာသွား”

ပိုင်ယို့ဝေသည် နှုတ်ခမ်းကို ကိုက်၊ မျက်လုံးမှိတ်ကာ ခေါင်းမာစွာ အိမ်သာဘေးတွင် ရပ်လျက် သူ့ကို ပြန်တိုက်ခိုက်နေသည်။

ရှန်မိုသည် နောက်ဆုံးတွင် အမှန်တကယ် ဒေါသထွက်လာပြီး သူမ၏ ခါးကို ဆုပ်ကိုင်လိုက်သည်။

ပိုင်ယို့ဝေသည် သူ၏ ရင်ခွင်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေသည်။

သူသည် ပို၍ပင် စိတ်တိုလာပြီး စိတ်လိုက်မာန်ပါ လုပ်မိမလိုပင်ဖြစ်နေသည်။ သူက မူလက သူမကို ခြောက်လှန့်ရုံသာ ရည်ရွယ်ခဲ့သော်လည်း သူ၏ ဒေါသကြောင့် “သင်ခန်းစာပေး” ရန် စိတ်ကူး ပေါ်လာသည်။

သူ ဒေါသထွက်နေစဉ် သူ၏လက်က နူးညံ့သောအရာတစ်ခုကို ထိလိုက်ရာ သူ ခဏရပ်သွားသည်။

...ဒိုင်ဘာ။

ဒီပစ္စည်းက သူ့လောကနှင့် ဝေးလွန်းနေသည်။ လူကြီးတစ်ယောက် ထိုအရာဝတ်ဆင်ရတာသည် မပြောပြတတ်အောင် ရှက်စရာကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

သူမက အခန်းထဲမှာ အခုလေးတင် ဒါကို လဲထားတာဖြစ်သည်။

ရှန်မိုက သူမကို လွှတ်ပေးလိုက်သည်။

သူ့ရင်ဘတ်တွင် စိုစွတ်သော အစက်အပြောက်များ ရှိနေပြီး ၎င်းတို့သည် သူမ၏ မျက်ရည်များ ဖြစ်သည်။ သူမသည် မျက်လုံးမှိတ်ကာ ငိုနေသည်။ သူမ၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နေသော်လည်း အသံတစ်သံမျှပင် မထွက်ဘဲ ငြင်းဆန်နေသည်။

ရှန်မိုသည် သူမ ဘာကြောင့် ဤမျှ ခေါင်းမာနေသည်ကို တကယ်ပင် နားမလည်နိုင်ပေ။

“ငါ မင်းကို အချိန်ငါးမိနစ် ပေးမယ်” သူက အရင်ဆုံး အလျှော့ပေးလိုက်ပြီး အနည်းငယ် နောက်ဆုတ်ကာ အခန်းတံခါးကို ပိတ်လိုက်သည်။

သူ အလျှော့ပေးခဲ့သော်လည်း ပိုင်ယို့ဝေက သူနှင့်မပူးပေါင်းမည် စိုးရိမ်သဖြင့် လူဆိုးဆက်လုပ်နေရပြီး တံခါးမှတစ်ဆင့် ပြင်းထန်စွာ ခြိမ်းခြောက်သည်။ “မဟုတ်ရင် မင်းရဲ့ ကျန်တဲ့ ဒိုင်ဘာတွေ အားလုံးကို ငါ ပစ်လိုက်မယ်။”

အိမ်သာခန်းထဲမှ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

ရှန်မို စိတ်မကောင်း ဖြစ်သွားသည်။

သူသည် အိမ်သာထဲတွင် ရှေ့နောက် အနည်းငယ်လျှောက်ပြီးနောက် စိတ်မရှည်စွာ ထွက်လာကာ အပြင်ရှိ သစ်ပင်တစ်ပင်ကို မှီ၍ ဆေးလိပ်သောက်သည်။

စီးကရက်တစ်လိပ် သောက်ပြီးနောက် ပိုင်ယို့ဝေ ထွက်မလာသေးပေ။

သူက သူမကို မတိုက်တွန်းဘဲ ဒုတိယစီးကရက်ကို ဆက်လက် မီးညှိလိုက်သည်...

၁၅ မိနစ်ကြာပြီးနောက် အိမ်သာမှ ရေဆွဲသံထွက်ပေါ်လာပြီး အခန်း၏ တံခါးပွင့်လာသည်။

ပိုင်ယို့ဝေက ခေါင်းငုံ့လျက် ထွက်လာသည်။

အိမ်သာသွားရုံသက်သက်သာ ဖြစ်သော်လည်း သူမက စစ်မြေပြင်မှ ရှုံးနိမ့်သော စစ်သားတစ်ဦးကဲ့သို့ အသက်မရှိ၊ ဆန္ဒမရှိ ဖြစ်နေသည်။

ရှန်မိုက သူမကို ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်စေရန် ကူညီပေးပြီး တုတ်ကောက်၊ ဓာတ်မီးနှင့် တစ်ရှူးများကို သိမ်းကာ သူမကို လက်ဆေးရန် တွန်းပို့လိုက်သည်။

အဆောင်ခန်းသို့ ပြန်ရောက်သောအခါ ဆရာချန်းက သူမအတွက် ရေနွေးနွေးဖြင့် ထည့်ပေးထားသော ဖန်ခွက်ကြီးတစ်လုံးနှင့် ဘီစကစ်တစ်ထုပ်ကို သူမအား ပေးလိုက်သည်။

ဒီတစ်ကြိမ်တော့ သူမ မငြင်းတော့ပေ။

ဗိုက်ဆာလျှင် ဘီစကစ်စားပြီး ရေငတ်လျှင် ရေသောက်သည်။

နောက်ပိုင်းတွင် သူမက ကွတ်ကီးတစ်ခုကို ကိုက်လိုက်ပြီး တိုးတိုးလေး ပြောသည်။ “ရေချိုးချင်တယ်”

ရှန်မိုသည် ချက်ချင်း ဒေါသထွက်သလို ရယ်လည်း ရယ်ချင်လာပြီး သူမ အပိုလုပ်နေသလားဟု မေးချင်မိသည်။ ဤခေတ်မမီသော နေရာတွင် ရေနွေးဘွိုင်လာပင် မရှိ‌ပေ။ သူမ ရေချိုးရန် ရေနွေးကို သူ ဘယ်ကရနိုင်ပါမည်နည်။

ပိုင်ယို့ဝေသည် ဘီစကစ်ကို မျိုချလိုက်ပြီး အလွန်နူးညံ့သော အသံဖြင့် ပြောသည်။ “...ရေမချိုးရတာ နှစ်ရက်ရှိပြီ။ နေလို့ မကောင်းဘူး။”

…………..

All Chapters