← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁) တစ်သက်လုံး သူခိုး

မျောက်သည် တန်ရှောင်နှင့် ချန်းဝေခိုင်တို့၏ ရွှံ့ရုပ်ကို ခိုးယူ၍ ထွက်ပြေးသွားသည်။

ထို့အပြင် သူက တန်ရှောင်၏ မော်တော်ဆိုင်ကယ်မှ ဓာတ်ဆီများကိုလည်း ခိုးယူသွားသည်။ တန်ရှောင်က နိုးလာပြီး သူ့နောက် လိုက်လာမည်ကို ကြောက်ရွံ့နေသည်ထင်သည်။

“ဒီခွေးကောင်! သူ ဝါယာကြိုးနဲ့ တံခါးကို ဖျက်ဆီးဖွင့်တုန်းကတည်းက သူက လူကောင်း မဟုတ်ဘူးဆိုတာ ငါ သိတယ်” တန်ရှောင်က ဒေါသတကြီး ကျိန်ဆဲသည်။ “ခွေးက အမြဲတမ်း ချီးစားမှာပဲ။ တစ်ခါ ခိုးဖူးရင် တစ်သက်လုံး သူခိုးပဲ!”

တစ်ယောက်တည်း ကျိန်ဆဲခြင်းက သူ့အတွင်းစိတ်၏ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသကို ဖော်ပြရန် မလုံလောက်ပေ။ သူက ငိုကြွေးကာ လက်နှစ်ဖက်ဖြင့် ဆံပင်များကို ဆွဲဆုပ်ပစ်သည်။ “ဒီရွှံ့အတွက် ငါ့အသက်နဲ့ လဲခဲ့ရတာ။ တစ်ခါမှ မသုံးရသေးဘူး”

စဉ်းစားလေလေ ပို၍ ဝမ်းနည်းလေလေ ဖြစ်သည်။

တန်ရှောင်၏ ရူးသွပ်မှုနှင့် နှိုင်းယှဉ်လျှင် ဆရာချန်းသည် အတော်လေး တည်ငြိမ်ပြီး တန်ရှောင်အား စိတ်ရင်းမှန်ဖြင့် အကြံပေးသည်။ “အဆိုးထဲကအကောင်းပေါ့ကွယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာက အလိုဆန္ဒမရှိခြင်းဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကပ်ဆိုးကတော့ မကျေနပ်ခြင်းပဲဆိုတဲ့ ရှေးစကားလည်း ရှိတယ်။ အလိုဆန္ဒမရှိရင် တောင့်တစရာလည်း မရှိဘူး...”

ဆရာချန်းသည် သက်ပြင်းချကာ ရှန်မိုနှင့်ပိုင်ယို့ဝေတို့ကို စိုးရိမ်တကြီး မေးသည်။ “မင်းတို့ရဲ့ ရွှံ့တွေ အဆင်ပြေရဲ့လား?”

“ဟုတ်ကဲ့၊ ရှိပါသေးတယ်” ရှန်မိုက ပြန်ဖြေသည်။

တန်ရှောင်က ဒါကို ကြားသည့်အခါ ပိုလို့တောင် ဒေါသထွက်လာသည်။ “အဲ့ဒီကောင်က ငါတို့ကို အထင်သေးတာလား။ ငါတို့နှစ်ယောက်ကိုပဲ အနိုင်ကျင့်တာလား။ သောက်ကျိုးနဲ”

ပိုင်ယို့ဝေက သူ့ဆူညံသံကြောင့် ခေါင်းကိုက်လာပြီး စိတ်မရှည်စွာပြောသည်။ “ကျွန်မသာ သူဆိုရင် ရှင်တို့နှစ်ယောက်ကိုပဲ ရွေးမှာပေါ့။ တစ်ယောက်က ဝက်လိုအိပ်ပြီး ကိုယ်ခံပညာမရှိဘူး။ နောက်တစ်ယောက်က အဖိုးကြီး အလွယ်တကူ တွန်းလှဲလို့ရတယ်။ ရှင်တို့ဆီက မခိုးရင် ဘယ်သူဆီက ခိုးမှာလဲ?”

တန်ရှောင် စိတ်မကောင်း ဖြစ်သွားသည်။

ရှန်မိုက အစွမ်းထက်သည်ဆိုတာ သူ ဝန်ခံသည်။ မျောက်က ရှန်မို၏ ပစ္စည်းကို မထိရဲတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် ပိုင်ယို့ဝေကရော? သူက နူးညံ့သိမ်မွေ့သည့် မိန်းကလေးတစ်ယောက်လောက်တောင် အဖြစ်မရှိဘူးလား။

ပိုင်ယို့ဝေသည် ညင်သာစွာ သမ်းဝေပြီး ဖြည်းဖြည်းချင်း ပြောသည်။ “ကျွန်မရဲ့ ရွှံ့တွေ ဘာကြောင့် ရှိနေသေးလဲကတော့ နားလည်ဖို့ လွယ်ပါတယ်။ သူက ကျွန်မက စိတ်ဆတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ အရင်ကတည်းကသိပြီးသားပါ။ ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ဘဲ ညဘက် ဘယ်အချိန်မဆို နိုးလာနိုင်တယ်။ ဒါဆို သူ့အတွက် ခိုးဖို့ အန္တရာယ်များတယ်။ ပြီးတော့ ရှန်မိုက ကျွန်မဘေးခန်းမှာ အိပ်တာ။ ဒီမှာ ဘာပဲ လှုပ်ရှားမှုရှိရှိ ရှန်မို သိလိမ့်မယ်။ ဒါကြောင့် သူက ကျွန်မကို အလွယ်တကူ တိုက်ခိုက်မှာ မဟုတ်တာ သေချာတယ်။”

ဒီလို ပြောပြီး သူမက အေးစက်စွာ လှောင်ပြောင်ရင်းဆက်ပြောသည်။ “ဒါ့အပြင်... မနေ့က သူ ရှန်မိုနဲ့ ကျွန်မကို သူ့ဘက် ပါစေချင်ခဲ့တာ မမေ့နဲ့။ နောင်မှာ အဆင်မပြေတာတွေ မဖြစ်အောင် သူက အခြေအနေ တစ်ခု ချန်ထားခဲ့တာ။ ဒီလောက်တော့ သူက လည်တယ်”

“နောင်မှာ ထပ်တွေ့ရင်လား” တန်ရှောင်က ဒေါသထွက်လွန်း၍ သူ့ဒေါသကို ပေါက်ကွဲစရာနေရာ နေရာမရှိပေ။ သူသည် အံကိုကျိတ်ပြီး “ထပ်တွေ့ရင် သူသိစေရမယ်! ငါ့အစ်ကိုရှောင်ကို ဒေါသထွက်အောင် လုပ်ရင် ဘာဖြစ်မလဲဆိုတာ!”

ပိုင်ယို့ဝေက သူ့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ဂရုမစိုက်ပေ။ သူမက ပျင်းရိစွာ သမ်းဝေပြန်ပြီးနောက် သူမ၏ အိတ်ထဲမှ ရွှံ့ကို ထုတ်ကာ တန်ရှောင်ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

တန်ရှောင်သည် တစ်ခဏမျှ ကြောင်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က ဦးနှောက်ထက် ပိုမြန်စွာ တုံ့ပြန်ပြီး ဖမ်းယူရန် လက်လှမ်းလိုက်သည်။

“ဒီမှာ၊ ရှင့်ကို ပေးတာ။ တစ်ခုပဲ ရှိတယ်။ ရှင်နဲ့ ဆရာချန်း ခွဲသုံးကြ။” ပိုင်ယို့ဝေက ပေါ့ပေါ့ပါးပါး ပြောသည်။

တန်ရှောင်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

တန်ရှောင်သာမက ချန်းဝေခိုင်နှင့် ရှန်မိုတို့ပါ အံ့သြသွားကြပြီး ပိုင်ယို့ဝေကို အလွန်အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“ဘာလို့ ကြည့်နေတာလဲ” ပိုင်ယို့ဝေသည် သူမ၏ နှုတ်ခမ်းထောင့်စွန်းများကို မြှောက်ကာ ပေါ့ပေါ့ပါးပါး ပြုံးသည်။ “ကျွန်မ ဒီဟာကို တကယ် ကြိုက်တယ်လို့ ထင်နေတာလား။ ဟားဟား၊ ဒါက ကျွန်မခြေထောက်တွေကို ကုလို့မရဘူး၊ သိမ်းထားပြီး ဘာအကျိုးရှိမှာလဲ။”

ခဏမျှ တိတ်ဆိတ်ပြီးနောက် ဆရာချန်းက သူမကို အကြံပေးသည်။ “စိတ်မထင်ရာ မလုပ်ပါနဲ့... ဒီရွှံ့က မလှပေမယ့် အသုံးဝင်ပါသေးတယ်။ ပြင်ပဒဏ်ရာ ၉ ကြိမ်ကို ခုခံနိုင်တယ်။ ဒီခေတ်ကြီးမှာ ကမ္ဘာကြီးက ပိုပိုပြီး အန္တရာယ်များလာပြီ။ မင်းလက်ထဲမှာ ရွှံ့တစ်တုံးရှိရင် ဘယ်အချိန်မဆို အသက်ကယ်နိုင်တယ်။ သေချာ စဉ်းစားသင့်တယ်”

ပိုင်ယို့ဝေက သူ့ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။

ဒီအဘိုးကြီး၏ အားနည်းခြင်းနှင့် ဆူပူကြိမ်းမောင်းတတ်ခြင်းကို အထင်သေးသော်လည်း သူ၏ ရောင့်ရဲတတ်ခြင်းကိုတော့ ချီးကျူးရမည်ဖြစ်သည်။

တန်ရှောင်က လောဘကြီးသော်လည်း ပိုင်ယို့ဝေ၏ရွှံ့ကို ယူသည်က သူ့သိုင်းပညာ ဒဿနနဲ့ မကိုက်ညီတာကြောင့် သူက နေရခက်စွာ ရယ်မောပြီး “ ကျွန်တော်ဘယ်လိုလုပ်ယူနိုင်မလဲ... ဒီလိုဂိမ်းမျိုး ထပ်ကြုံရင် ဘယ်လိုလုပ်မလဲ...”

…………..

အခန်း (၆၂) အကြောင်းပြချက် မရှိဘူး

“ထပ်တွေ့ရင် ကျွန်မကို မစိုးရိမ်နဲ့။ သူ ကျွန်မကို ကယ်လိမ့်မယ်။”

ပိုင်ယို့ဝေက သူမဘေးရှိ ရှန်မိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မရဲ့ ခန္ဓာကိုယ် အခြေအနေအရဆိုရင်တော့ သူကကယ်ကိုကယ်လိမ့်မယ်။ ဒါမှမဟုတ် သူ မကယ်နိုင်ဘူးဆိုရင်တော့ သူလည်းသေသွားလို့ဖြစ်မယ်။ ဒါကြောင့် ဒီရွှံ့က ကျွန်မအတွက် ဘာမှ အသုံးမဝင်ဘူး။ တကယ်လို့ ကျွန်မ ဒဏ်ရာရခဲ့ရင်တောင် ရှင်တို့ ရွှံ့ကိုထုတ်ပြီး ကျွန်မကို ကယ်မှာ မဟုတ်လား။”

ဒါကတော့ မှန်တာပေါ့။

တန်ရှောင်က ချက်ချင်းဆိုသလို “ကျွန်တော်က လူသေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဒီနေ့ ကျေးဇူးကို မှတ်ထားမယ်။ အခုကစပြီး ကျွန်တော်တို့ မောင်နှမကောင်းတွေဖြစ်ပြီး အတူတူ နေကြမယ်။ ကျွန်တော် သစ္စာဖောက်ရင် ဘုရားသခင်က မိုးကြိုးပစ်ပြီး သတ်ပါစေ”

ပိုင်ယို့ဝေသည် ဂရုမစိုက်စွာ မျက်လွှာချလိုက်သည်။

သူမသည် လူကို နောက်ကျောဓားနှင့်ထိုးသည့်ကိစ္စကို စိတ်မဝင်စားပါ။ သူမ လိုချင်သည်မှာ အခုစကားဝိုင်းကို ပိုမိုတိတ်ဆိတ်ပြီး ဆူညံမှုမရှိစေရန်သာ ဖြစ်သည်။

ရှန်မိုသည် သူမ၏ ဘေးတွင် ရပ်လျက် တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းကာ တန်ရှောင်နှင့် ဆရာချန်းကို ပြောလိုက်သည်။”မင်းတို့ ရွှံ့တွေကို သိမ်းထား၊ ငါ့ရွှံ့ကို သူ့ကို ပေးလိုက်မယ်”

ဆရာချန်းကတော့ စိတ်မကောင်းဘဲ အားနာစွာနှင့် “ဒါ ဘယ်လိုလုပ် သင့်လျော်မလဲ... ငါတို့ ပေါ့ဆလို့ ရွှံ့တွေ ပျောက်သွားတာပါ။ အခုတော့ မင်းရဲ့ ရွှံ့ကို သုံးရတော့မယ်...”

ပိုင်ယို့ဝေ မျက်မှောင်ကြုတ်လိုက်သည်။ သူမ အလွန် စိတ်တိုနေသည်။ “မလိုချင်ဘူးဆိုရင်တော့ ယန်ကျိုးရောက်မှ ပြန်ပေးလိုက်”

တန်ရှောင်က ဆရာချန်းကို ဘေးသို့ဆွဲခေါ်ကာ ဆရာကြီးလေသံဖြင့် အကြံပေးသည်။”ကျွန်တော်တို့အားလုံး ဒီကမ္ဘာပေါ်က မောင်နှမတွေပဲ။ လမ်းတစ်လမ်းတည်းမှာ အတူရှိနေကြတာ ကံကြမ္မာပဲ။ ညီမဝေဝေက ဒီလောက် သစ္စာရှိတာ။ ကျွန်တော်တို့က ကျေးဇူးကန်းလို့ မရဘူး။ ဆက်ပြီး ငြင်းဆန်နေရင် ခံစားချက်တွေ ထိခိုက်လိမ့်မယ်!”

ပိုင်ယို့ဝေသည် တိတ်ဆိတ်စွာ မျက်လုံးလှန်ကာ သူမကိုယ်သူမ တွေးလိုက်သည်။ ဘယ်သူက သူ့ရဲ့ညီမဝေဝေလဲ?

သို့သော် သူ့ကို ပြန်ပြောရန် အလွန်ပင် ပျင်းရိနေသည်။

ဆရာချန်းသည် အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်သည်။ “ကောင်းပြီ... ကောင်းပြီ...”

ပိုင်ယို့ဝေသည် ထိုနှစ်ဦး စကားပြောနေသည်ကို ပျင်းရိစွာ ကြည့်နေသည်။ ခဏမျှ တွေးလိုက်ပြီး သူမ ပေးလိုက်သော ရွှံ့များ “မတော်တဆ” ထပ်မံ ပျောက်ဆုံးသွားခြင်း မဖြစ်စေရန် တန်ရှောင်အား အကြံပေးလိုက်သည်။

“ရွှံ့ကိုဆရာချန်းလက်ထဲမှာ သိမ်းထားဖို့ အကြံပေးချင်တယ်။ ပထမအချက်က သူက ရှင့်ထက် ပိုဂရုစိုက်ပြီး မေ့ကျန်ခဲ့နိုင်ခြေ နည်းတယ်။ ဒုတိယအချက်က သူက ရှင့်ထက် အားနည်းတယ်။ ရှင်တို့နှစ်ယောက်စလုံး ဒဏ်ရာရခဲ့ရင်တောင် ရှင်က လူလာကယ်ဖို့အထိ ခံနိုင်ရည်ရှိသေးတယ်။ ဒါပေမယ့် ဆရာချန်ကတော့ မကြာခင် သေလောက်မှာပဲ။”

“ဒါ မှန်တယ်!” တန်ရှောင် ချက်ချင်း ခေါင်းညိတ်သည်။

ရှန်မိုက သူ့ထက် ပိုကောင်းပြီး ပိုင်ယိုဝေက သူ့ထက် ပိုတော်သည်ဟု သူ ခံစားရသည်။ ဒါကြောင့် ဒီနှစ်ယောက်၏ စကားကို နားထောင်တာ မှန်သည်ဟု သူ ထင်သည်။ သူသည် ရွှံ့ကို ချန်းဝေခိုင်ကို တုံ့ဆိုင်းမှု မရှိဘဲ ပေးလိုက်ပြီး တစ်ဦးတည်း ပိုင်ဆိုင်ဖို့ စိတ်ကူး အနည်းငယ်မျှ မရှိခဲ့ပေ။

ချန်းဝေခိုင်သည် ရွှံ့ကို သူ့လက်ထဲတွင် ကိုင်ထားရင်း စိတ်ခံစားမှုမျိုးစုံ ရောထွေးနေသည်။

သူသည် သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း ကောင်းစွာ သိသည်။ သူက အသက်ကြီးပြီ။ ခြေထောက်လက်ထောက် အားနည်းသည်။ဦးနှောက်ကလည်း လူငယ်များလောက် မသွက်လက်တော့ပေ။ သို့သော် သူ့ရှေ့ရှိ မည်သူမျှ သူ့ကို ဤအတွက် အထင်မသေးခဲ့ပေ။ ထို့ပြင် ထိုကဲ့သို့ အရေးကြီးသော ပစ္စည်းများကိုပင် သူ့အား ထိန်းသိမ်းရန် အပ်နှံခဲ့သည်။

ဆရာချန်းသည် အနက်ရောင်ရွှံ့လေးကို ကိုင်ကာ သူ့အင်္ကျီအိတ်ကပ်ရှေ့တွင် ဂရုတစိုက် ထည့်လိုက်သည်။ ထို့နောက် အိတ်ကပ်အဖုံးကို အောက်ချကာ ကြယ်သီးတပ်လိုက်သည်။

“ငါ ကောင်းကောင်း ထိန်းသိမ်းထားပါ့မယ်” ဆရာချန်းက အသံမမြှင့်ဘဲ တည်ငြိမ်စွာ ပြောသော်လည်း သူ၏ မျက်နှာက ပုံမှန်မဟုတ်ဘဲ တည်ကြည်နေသည်။

ပိုင်ယို့ဝေသည် ဒီလူတွေ၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျခရီးစဉ်များအကြောင်း မေးမြန်းရန် စိတ်မဝင်စားပေ။

သူမ သိသည်ကတော့ သူမ အိပ်ချင်နေသည်ကို မနက်ငါးနာရီမှာ တစ်ယောက်ယောက်က လာနှိုးခဲ့ပြီး ရွှံ့တစ်တုံးကြောင့် အကြီးအကျယ် ရန်ဖြစ်ခဲ့တာသာဖြစ်သည်။ သောက်ကျိုးနဲ၊ တစ်နေကုန် စိတ်မကြည်ဖြစ်သွားပြီ!

ပိုင်ယို့ဝေက မျက်နှာပျက်ပျက်နှင့် အိမ်ထဲပြန်ဝင်ပြီး ခရီးဆောင်အိတ်များ ထုပ်ပိုးသည်။

ရှန်မိုသည် ဘီးတပ်ကုလားထိုင်နောက်မှ လိုက်ဝင်သွားသည်။

“ဘာလဲ?” ပိုင်ယို့ဝေသည် လှည့်ကြည့်ပြီး သူ့ကို စိမ်းကားလှသော လေသံဖြင့် မေးလိုက်သည်။

ရှန်မိုက သူမကို စိတ်ဝင်တစား ကြည့်ကာ “ဘာလို့ သူတို့ကို ရွှံ့တွေ ပေးလိုက်တာလဲ”

“အကြောင်းပြချက် မရှိဘူး” ပိုင်ယို့ဝေက ဂရုမစိုက်စွာ ပြန်ဖြေသည်။ သူမ မနေ့က ချွတ်ထားသော အဝတ်များကို တစ်ထည်ချင်းစီ စုဆောင်းကာ အိတ်ထဲသို့ ထိုးထည့်ပြီး ယူသွားရန် ပြင်ဆင်သည်။

နှစ်စက္ကန့်မျှ တိတ်ဆိတ်ပြီးနောက် သူမသည် မသိမသာတုံ့ပြန်ကာ ရှန်မိုကို လှည့်ကြည့်သည်။

………….

အခန်း ၆၃ သဝန်တိုတာလား

“ဘာလဲ၊ ကျွန်မက သဘောကောင်းတယ်လို့ ထင်တာလား?”

ပိုင်ယို့ဝေက သူမ၏ မေးစေ့ကို အနည်းငယ် ပင့်ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းများကို ဂုဏ်ယူစွာ ကော့ညွှတ်လိုက်သည်။

“စိတ်မကောင်းပါဘူး၊ ကျွန်မ ဒီလောက် မအားဘူး။ ကျွန်မက ရှင့်ပတ်ဝန်းကျင်မှာ ဝန်ထုပ်ဝန်ပိုးနှစ်ခုကြောင့် ပြဿနာပေါ်လာတဲ့အခါ ရှင်ဒွိဟဖြစ်နေတာမျိုးမလိုချင်လို့ပါ။ အခု ရှင်စိတ်ပူစရာမလိုတော့ဘူး။ ဆရာချန်းမှာ သူ့ကို ဂရုစိုက်ဖို့ တန်ရှောင် ရှိတယ်။ ပြီးတော့ သူ့ကိုယ်ပေါ်မှာ ရွှံ့လည်း ရှိတယ်။ ရှင်က ကျွန်မကို ယန်ကျိုးအထိ လိုက်ပို့ဖို့ပဲ အာရုံစိုက်လိုက်!”

ထို့နောက် သူမက ရှန်မိုကို အပေါ်အောက် ပြန်ကြည့်ကာ လှောင်ပြောင်သလို မေးသည်။ “ဒါမှမဟုတ် ရှင်က ရှင့်ကိုယ်ရှင်ရွှံ့တစ်တုံးထက် တန်ဖိုးနည်းတယ်လို့ ထင်နေတာလား”

ရှန်မိုက သူမ၏ ဂုဏ်ယူဝံ့ကြွားသော အမူအရာကို ကြည့်ကာ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။ ခဏမျှ တိတ်ဆိတ်ပြီးနောက် သူမကို အလေးအနက် မေးသည်။

“မနေ့ညကနဲ့ ဒီမနက် ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် မင်းက ဒီစကားလုံးတွေနဲ့ ငါ့ကို တမင်တကာ ထိခိုက်အောင် လုပ်နေတာလား”

သူက မနေ့ညက သူမ၏ ‌မာနကို နာကျင်စေခဲ့သည်။

သူက ဒီမနက် သူမကို အိပ်ရာမှ နှိုးခဲ့သည်။

ပိုင်ယို့ဝေ၏ မျက်နှာသည် ချက်ချင်း သုံးဒီဂရီခန့် ပိုအေးစက်ပြီး မှောင်မိုက်သွားသည်။

ရှန်မိုကပြောသည်။ “နောင်ကျရင် ဘာမဆို မလုပ်ခင် လုပ်သင့်မလုပ်သင့် စဉ်းစားပါ”

သူ၏ လေသံက တည်ငြိမ်သော်လည်း စိတ်ရင်းမှန်ဖြင့် ပြောဆိုခြင်းဖြစ်သည်။ သူမ ထပ်၍ စိတ်ထင်ရာ မလုပ်စေလိုသောကြောင့် ဖြစ်သည်။

“ရှင်က ကျွန်မမဟုတ်ဘူး၊ ဒါ လုပ်သင့်လား မလုပ်သင့်လား ရှင် ဘယ်လိုသိမှာလဲ?” ပိုင်ယို့ဝေက သူမ၏ စကပ်အတွန့်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း အေးစက်စွာ ပြုံးကာ တိုးတိုးလေး ပြောလိုက်သည်။ “...ဒါပေမယ့် အမှန်ပဲ။ ရှင်တို့အမြင်မှာ ကျွန်မက ဒီလိုပဲလေ။ အကောင်းဆုံး ရှင်သန်နေထိုင်နည်းက ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဖို့ပဲ။ ဘာပဲဖြစ်ဖြစ်... ကျွန်မက ဒီလို ဖြစ်နေပြီးသား။ တခြားအရာတွေကို တောင်းဆိုဖို့ ဘယ်လိုအရည်အချင်းမှ ကျွန်မမှာ မရှိဘူး။ မှန်တယ် မဟုတ်လား?”

ရှန်မို မျက်မှောင်ကြုတ်သည်။ “ငါဆိုလိုတာ အဲဒီလိုမဟုတ်ဘူး။”

“အဲဒါ ရှင်ဆိုလိုတဲ့ဟာပဲ” သူမက မထီမဲ့မြင်ပြုဟန်ဖြင့် နှုတ်ခမ်းထောင့်စွန်းများကို မြှင့်လိုက်သည်။ “ရှင်တို့အားလုံး အတူတူပဲ။ စကားသုံးလေးခွန်းလောက်ကို ထပ်ခါတလဲလဲ ပြောပြီး ကျွန်မကို ဒေါသမထွက်ဖို့၊ စိတ်လိုက်မာန်ပါမလုပ်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ကို မဖျက်ဆီးဖို့ ပြောနေကြတယ်... ဒါပေမယ့် ရှင်တို့ မသိတာက ကျွန်မအတွက် မာန၊သိက္ခာက ကျွန်မအသက်ထက် ပိုအရေးကြီးတယ်။ ကျွန်မခန္ဓာကိုယ် ပျက်စီးသွားရင်တောင် လှောင်ပြောင်ခံရတာ၊ ဆဲဆိုခံရတာ၊ စော်ကားခံရတာမျိုး မခံနိုင်ဘူး!”

ရှင်တို့လူတွေ...

ရှန်မို၏ နှလုံးသားသည် တစ်စုံတစ်ရာဖြင့် ညင်သာစွာ ခေါက်ခံလိုက်ရသကဲ့သို့ ခံစားရသည်။

သူ့အဖေက အန်တီဝမ်ကို ဖိတ်ပြီး အိမ်ထောင်ပြန်ပြုလိုကြောင်းနှင့် ပိုင်ယို့ဝေကို သူ့နှင့်အတူ လာရောက်နေထိုင်စေလိုကြောင်း သိမ်မွေ့စွာ ပြောခဲ့သော မိသားစုညစာစားပွဲကို သူ သတိရသည်။ သူ့အဖေသည် အမြဲတစေ ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းသော သမီးတစ်ယောက်ကို လိုချင်ခဲ့သည်။

သို့သော် အန်တီဝမ်က ပိုင်ယို့ဝေတွင် ထူးခြားသောခန္ဓာကိုယ်အခြေအနေရှိကြောင်း၊ အတော်လေး ဇွတ်တရွတ်နိုင်ကြောင်းနှင့် လူအများကြီးနှင့်အတူ နေထိုင်ခြင်းကို မကြိုက်ကြောင်း ရှင်းပြကာ ချက်ချင်း ငြင်းဆန်ခဲ့သည်။

မစ္စတာရှန်က ကလေးကို တစ်ယောက်တည်း နေစေခြင်းက သူ့ကို ပို၍ အထီးကျန်စေလိမ့်မည်ဟု ယူဆကာ သဘောမတူပေ။

သို့သော်လည်း သူသည် အပြင်လူဖြစ်ပြီး အန်တီဝမ်နှင့် ချစ်ကြိုက်နေဆဲဖြစ်ရာ အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်းသည် မသင့်တော်သဖြင့် နောက်ဆုံးတွင် ထိုကိစ္စ မပြေလည်ခဲ့ပေ။

ကမ္ဘာပျက်တော့မည့် ယခုအချိန်အထိပင်ဖြစ်သည်....

ရှန်မို တိတ်ဆိတ်နေသည်။

ပိုင်ယို့ဝေက သူ့ကို ကြည့်ပြီး အေးစက်စွာ ပြောသည်။ “မနေ့ညက ဖြစ်ခဲ့တာတွေကို ကျွန်မနောင်တရတယ်။ ဒီလောကမှာ ယောင်္ကျားတွေ အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မကြီးနဲ့၊ ကျွန်မမှာ ရှင်ပဲ ရှိတယ်လို့ မထင်နဲ့...”

ထိုအချိန်မှာ တန်ရှောင်သည် ပစ္စည်းတွေ အများကြီးကို လက်ထဲပိုက်ကာ တံခါးဝမှ ဖြတ်သွားတာနှင့် ကြုံလိုက်ရသည်။

ရှန်မိုသည် ပိုင်ယိုဝေ၏မျက်လုံးများ လင်းလက်သွားတာကို မြင်သည့်အခါ သူ့ရင်ထဲ တစ်ချက် လှိုက်ဖိုသွားသည်။

“တန်‌ရှောင်”

“တန်ရှောင်”

နှစ်ယောက်လုံး တစ်ပြိုင်နက်တည်းနီးပါး အော်လိုက်ကြသည်။

တန်ရှောင်သည် ကြောင်သွားပြီး “မောင်နှမနှစ်ယောက်” ကို တွေဝေစွာ စိုက်ကြည့်လိုက်သည်။ “...ဘာလုပ်နေကြတာလဲ?”

ရှန်မိုသည် နှစ်လှမ်းရှေ့တိုးကာ ပိုင်ယို့ဝေကို သူ့နောက်တွင် ကာထားပြီး တည်ငြိမ်စွာ ပြောသည်။ “ကားထဲမှာ ရေပုံးနှစ်ပုံး ထပ်ထည့်ထားပါ။လမ်းမှာ ရေသုံးဖို့ အဆင်ပြေအောင်”

“အို... ဟုတ်ကဲ့၊ ကျွန်တော်တို့ အနားယူတဲ့ အဆောင်မှာ ရေသန့်ဗူး တစ်ပုံး ရှိတယ်”

တန်ရှောင်က သိပ်မစဉ်းစားတော့ဘဲ ပုံးယူရန် လှည့်ထွက်သွားသည်။

ရှန်မိုသည် သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လိုက်ရာ ပိုင်ယို့ဝေသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးနက်နက်များက စူးစမ်းသော အကြည့်များဖြင့် သူ့ကို ကြည့်နေပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ရှိနေသည်။

“သူ့ကို ရွေးချင်တယ်လို့ ထင်နေတာလား” သူမ၏ အပြုံးသည် စိတ်ဝင်စားစရာကောင်းသည်။ “ရှင်က ဒီလောက် အလျင်စလို ခုန်ထွက်လာတာ... သဝန်တာလား? ဒါမှမဟုတ် မနေ့ညက ကျွန်မကို ငြင်းပယ်ခဲ့တာကို နောင်တရနေတာလား?”

ရှန်မို: “…”

…………..

All Chapters