အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အခန်း (၆၄) ဘယ်သူမှ မရှိဘူး
အချိန်အကြာကြီး ကြာပြီးနောက် ...
ရှန်မိုက အနည်းငယ် အားမလိုအားမရဖြစ်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။
သူက ကုတင်ဘေးသို့ လျှောက်သွားပြီး ပိုင်ယို့ဝေ၏ အဝတ်ပုံများ၊ စားပွဲပေါ်ရှိ ရေသန့်ဘူးများ၊ ကုတင်ထောင့်တွင် ထောက်ထားသော ခေါက်တုတ်ကောက်တို့ကို သိမ်းဆည်းပေးသည်... သူ ၎င်းတို့ကို တစ်ခုချင်းစီ သိမ်းဆည်းပြီးနောက် သူမကို တွန်းရန် လက်လှမ်းလိုက်သည်။
ပိုင်ယို့ဝေက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူမ၏ မျက်လုံးနက်နက်များတွင် မေးခွန်းများ ပြည့်နေဟန်ဖြင့် သူ့ကို မော့ကြည့်သည်။
ရှန်မို ဘာမှမပြောပေ။
သူမ၏ လက်ချောင်းများက ညင်သာစွာ အောက်သို့ လျှောဆင်းကာ သူ၏ ကျယ်ပြန့်နွေးထွေးသော လက်ဖဝါးထဲသို့ ရောက်သွားသည်။ သူမက သူ၏ လက်ချောင်းထိပ်များမှ အနည်းငယ် ကြမ်းတမ်းသောအသားမာများကို စိတ်မရှည်စွာ ကုတ်ခြစ်နေသည်။
“ဟေး၊ ကျွန်မကို စကားပြောပါဦး” သူမက အပြစ်ကင်းစင်စွာ ပြုံးသည်။ သူမ၏ အပြစ်ကင်းစင်မှုထဲတွင် ဆိုးသွမ်းသော လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။ “ရှင့်ကို နောက်ထပ် အခွင့်အရေး ပေးဖို့ လိုအပ်လား”
ရှန်မိုက သူ့လက်ကို ဆွဲထုတ်လိုက်သည်၊ သူမ၏ ရန်စမှု (ရူးသွပ်မှု) ကို လျစ်လျူရှုကာ ဘီးတပ်ကုလားထိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူမကို အပြင်သို့ တွန်းထုတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် နူးညံ့သိမ်မွေ့သော ပိုင်ယို့ဝေသည် ထပ်မံ၍ ဒေါသထွက်ခြင်း မရှိတော့ပေ။ သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံသာ ဖြစ်သည်။
ထို့နောက် ရှန်မိုက သူမကို ခရီးသည်ထိုင်ခုံသို့ ချီတင်လိုက်သည်။ သူမ အမှန်တကယ် ပင်ပန်းနေသောကြောင့် SUV ကား စတင်မောင်းနှင်ပြီး မကြာမီပင် အိပ်ပျော်သွားသည်။
တန်ရှောင်နှင့် ဆရာချန်းတို့သည် နောက်ခန်းတွင် အတူတူ ထိုင်ကြသည်။
ကားနောက်ဖုံးတွင် ခရီးဆောင်အိတ်များနှင့် အစားအစာများ ပြည့်နေပြီး ရေပုံးအပြည့်နှစ်ပုံးလည်း ရှိသည်။ အေးစက်သော မော်တော်ဆိုင်ကယ်ကိုမူ တန်ရှောင်က အခွန်ကောက်ခံရေးဂိတ်တွင် မတတ်သာဘဲ ထားခဲ့ရသည်။
ဤသို့ဖြင့် အဖွဲ့သားများ ထပ်မံ ထွက်ခွာခဲ့ကြသည်။
ရှန်ကျန်းမှ ယန်ကျိုးသို့ သွားရန် ယွမ်ယန်တံတားကို ဖြတ်သန်းရသည်။ ခရီးတစ်ခုလုံးသည် မိနစ် ၃၀ ခန့်သာ ကြာသော်လည်း ရှန်မို၏ ကားက တဖြည်းဖြည်း ပို၍ နှေးလာသည်။
ဘာကြောင့်လဲဆိုလျှင် သူတို့ လမ်းတစ်လျှောက်လုံး လူတစ်ယောက်မှ မတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
အလွန် တိတ်ဆိတ်လွန်းသည်...
သက်ရှိသတ္တဝါများ အားလုံး လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ပင်။
မြို့ကြီးများသည် ဤကဲ့သို့ မဖြစ်သင့်ပေ။
ယန်းကျီမြစ်သည် စီးဆင်းနေသည်။မြစ်ပေါ်တွင် သင်္ဘောတစ်စင်းမှ မတွေ့ရ၊ တံတားပေါ်တွင် လေတိုက်သံသာ ရှိသည်။
ကားက ဆက်လက် ရှေ့သို့ ရွေ့လျားနေသည်။ တစ်ခါတစ်ရံ လမ်းဘေးတွင် ကားအနည်းငယ်ကို တွေ့ရသော်လည်း အတွင်း၌ လူ သို့မဟုတ် အရုပ်များ မရှိပေ။
ကောင်းကင်တွင် နေရောင်ခြည်သည် တောက်ပစွာ ထွန်းလင်းနေပြီး ကမ္ဘာကြီးသည် ပူပြင်းခြောက်သွေ့နေသော်လည်း လူတိုင်း၏ နှလုံးသားသည် ရေခဲရေထဲတွင် စိမ်ထားသကဲ့သို့ အေးစက်သော လှိုင်းလုံးများ တက်လာသည်။
မြို့ထဲက လူတွေ ဘယ်ကိုရောက်သွားကြမှန်း ဘယ်သူမှ မသိကြပေ။
ရှန်မိုသည် ကားမောင်းစဉ် ပို၍ သတိထားလာသည်။ သူက လမ်းတစ်လျှောက် ပတ်ဝန်းကျင် အခြေအနေကို လေ့လာနေခဲ့သည်။ အတက်ကြွဆုံးဖြစ်သည့် တန်ရှောင်ပင် ပြတင်းပေါက်မှ အပြင်ကို စိုက်ကြည့်နေပြီး အသံပင် မပြုရဲပေ။
မူလ အစီအစဉ်အရ သူတို့ ဆရာချန်းကို ကျန်းယန်အလယ်လမ်းသို့ အရင် ပို့ပေးရမည် ဖြစ်သည်။
သို့သော်လည်း သူတို့ ခရီးစဉ်သည် ပန်းတိုင်ကိုရောက်ခါနီးတွင် ထူထပ်လှသောမြူများနှင့် ကြုံတွေ့ခဲ့ရသည်။
ဟုတ်သည်။ ဆောင်းဦးနှင့်ဆောင်းရာသီမှာ အများဆုံး တွေ့ရသည့်မြူလိုမျိုးဖြစ်သည်။
ကျယ်ပြန့်သော အဖြူရောင်နှင့် ထူထပ် မှုံမှိုင်းသော အလင်းရောင်သည် နေသာသောနေ့တွင် မမျှော်လင့်ဘဲ ပေါ်လာပြီး လမ်းများနှင့် အဆောက်အဦးများ အားလုံးကို ဖုံးလွှမ်းသွားကာ ရှေ့လမ်းကို မမြင်နိုင်တော့ပေ။
မြူက ထူးဆန်းလွန်းတာကြောင့် ရှန်မို အနားကိုမကပ်ခဲ့ပေ။ အဲဒီအစား သူက လမ်းကြောင်းပြောင်းပြီး အဖြူရောင်မြူ၏ အစွန်းဘက်မှ ဖြည်းဖြည်းချင်း မောင်းနှင်သွားသည်။
သူတို့ ယန်ကျိုးမြို့၏ နေရာအများစုကို ပတ်ခဲ့သော်လည်း လူတစ်ယောက်မှ မတွေ့ခဲ့ရပေ။ လမ်းများ၊ ဆိုင်များ၊ ရင်ပြင်များ၊ ပန်းခြံများ၊ ဆေးရုံများ... ဘယ်သူမှ မရှိပေ။
လူတွေ ဘယ်ရောက်သွားကြတာလဲ?
အားလုံး ပုန်းနေကြတာလား?
မြူထဲမှာ ပုန်းနေကြတာလား?
သူတို့လည်း ဝင်ချင်ကြတာလား?
မြူထဲမှာ အန္တရာယ်ရှိလား? ဒီမြူက ဘယ်လိုပေါ်လာတာလဲ?
အဖြေမရှိပေ။
ဆရာချန်းသည် သူ၏ အဖေနှင့် အမေကို တွေးမိပြီး သူက သူ့လက်များကို လေးနက်သော အမူအရာဖြင့် ဆုပ်နယ်နေသည်။
တန်ရှောင်သည် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားပြီးမေးသည်။ “ဘာလုပ်ကြမလဲ?”
ရှန်မိုသည် စတီယာရင်ကို ကိုင်ပြီးလှည့်ကာ လေးနက်သော အသံဖြင့်ပြောသည်။ “ပထမဆုံး စူပါမားကတ်ကို သွားရအောင်”
တန်ရှောင်က ပို၍ပင် ရှုပ်ထွေးသွားသည်။”တစ်ခုခု ရှာစားဖို့လား။ ဒါပေမယ့် ကားနောက်ဖုံးက ပြည့်နေပြီ...”
“ကျွန်မတို့ လူရှာဖို့ သွားတာ” ပိုင်ယို့ဝေသည် မျက်လုံးမှိတ်ကာ ခုံပေါ်တွင် တည်ငြိမ်စွာ မှီလိုက်သည်။ “ယန်ကျိုးက မြို့ထဲမှာ ဘေးကင်းတယ်လို့ သတင်းထွက်နေတဲ့ မြို့တွေထဲက တစ်ခုပဲ။ ဒေသခံတွေကို နေရာပေးရုံသာမကဘဲ ခိုလှုံဖို့ လာတဲ့ ပြင်ပလူတွေကိုလည်း နေရာပေးရမယ်။ ယုတ္တိရှိရှိ စဉ်းစားရင် လူပြည့်ကျပ်နေပြီး အစားအစာတွေ ရှားပါးလာလိမ့်မယ်။ စူပါမားကတ်တွေက လူတွေ အများဆုံး လာတတ်တဲ့ နေရာတွေပဲ။ အဲဒီကို သွားကြည့်ရအောင်။ သဲလွန်စတွေ ရှိကောင်းရှိနိုင်တယ်။”
“ဟုတ်တယ်၊ စူပါမားကတ်ကို သွားရအောင်...” ဆရာချန်းက သူ့မျက်လုံးများကို သုတ်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်သည်။ “ငါ စူပါမားကတ်ကြီးကြီးတစ်ခု သိတယ်၊ သိပ်မဝေးဘူး။”
…………..
အခန်း (၆၅) ဈေးဝယ်ခြင်း
စူပါမားကတ်သည် သိပ်မဝေးဘဲ ကြီးမားသော ဈေးဝယ်စင်တာ၏ မြေအောက်ထပ်တွင် တည်ရှိသည်။
ဒီအချိန်မှာ ဈေးဝယ်စင်တာတစ်ခုလုံးက ဗလာနတ္တိဖြစ်နေသည်။ မြေအောက်ထပ်ဆီကို ဆင်းသည့် လှေကားများက မှောင်မိုက်နေပြီး အတွင်းကနေ ဘာအသံမှ မကြားရပေ။
ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့သည် အောက်မဆင်းခင်ကတည်းက စိတ်ဓာတ်ကျနေပြီဖြစ်သည်။
အနည်းငယ်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ရှန်မိုနှင့် ဆရာချန်းတို့ ဆင်းသွားရန်၊ တန်ရှောင်က ပိုင်ယို့ဝေကို စောင့်ရှောက်ဖို့ အပြင်တွင် နေရန် ဆုံးဖြတ်ခဲ့သည်။
ပထမအချက်၊ ရှန်မိုသည် အလွန် ကျွမ်းကျင်ပြီး မည်သည့် အရေးပေါ် အခြေအနေကိုမဆို အချိန်မရွေး ကိုင်တွယ်ဖြေရှင်းနိုင်သည်။
ဒုတိယအချက်၊ ဆရာချန်းသည် နှစ်စဉ်နှစ်တိုင်း ဤနေရာသို့ လာရောက်နေထိုင်လေ့ရှိပြီး ပတ်ဝန်းကျင်ကို ရင်းနှီးသည်။
တန်ရှောင်နှင့် ပိုင်ယို့ဝေတို့သည် အပြင်တွင် စောင့်သာမနေတော့ဘဲ အနီးအနားရှိ ဈေးဝယ်စင်တာထဲသို့ ဝင်သွားကြသည်။
ဈေးဝယ်စင်တာ၏ ပထမထပ်တွင် အဝတ်အထည်ဆိုင်မျိုးစုံ၊ မုန့်ဆိုင်များ၊ အချိုပွဲဆိုင်များ၊ လက်ဝတ်ရတနာဆိုင်များ အစရှိသည်တို့ ပြည့်နှက်နေသည်။
လျှပ်စစ်မီးမရှိတာကြောင့် အတွင်းဘက်ကို ဝင်လေလေ အလင်းရောင် မှိန်လေလေဖြစ်သည်။ တန်ရှောင်သည် ဖလက်ရှ်မီးနှင့် လှည့်ပတ်ကြည့်သည့်အခါ ပုံရိပ်အချို့ကို မတော်တဆတွေ့လိုက်ရသည်ည်။ သူသည် ချက်ချင်း စိတ်လှုပ်ရှားပြီး အားရပါးရ ပြေးသွားလိုက်သည့်အခါ မှန်ပြတင်းပေါက်တွင် ပြသထားသည့် မော်ဒယ်အရုပ်တွေ ဖြစ်နေတာကို တွေ့လိုက်ရသည်။
သူသည် လူကနေ အရုပ်အဖြစ် ပြောင်းလဲသွားတာလားဟု တွေးပြီး မကျေမနပ်ဖြစ်ကာ မော်ဒယ်အရုပ်ကို ခေါင်းကနေ ခြေဖျားအထိ သေချာ ကြည့်လိုက်သေးသည်။
ကံမကောင်းစွာဖြင့် မဟုတ်ခဲ့ပေ။
ပိုင်ယို့ဝေသည် သူမ၏ ဘီးတပ်ကုလားထိုင်ကို လှိမ့်ကာ ဖြည်းဖြည်းချင်း ကြည့်နေသည်။
လှပသောအဝတ်အထည်များသည် မရှိမဖြစ်လိုအပ်သောအရာများမဟုတ်သည့်အတွက် ဤနေရာရှိ ကုန်ပစ္စည်းများသည် အခြေခံအားဖြင့် မပျက်စီးဘဲ ရှိနေသည်။ သူမသည် အိပ်ရာခင်းဆိုင်သို့ ရောက်လာပြီး ချည်သားများနှင့် ပိတ်ချောများကို အဓိကထား၍ အမျိုးမျိုးသော ချည်သားနှင့် ပိတ်ချောအိပ်ရာခင်းများ၊ စောင်များကို ပြသထားသည်။
သူမက လက်လှမ်းပြီး ထိကြည့်လိုက်သည်။ သူမ၏ အိမ်ရှိ အရာများလောက် ကောင်းမွန်ခြင်း မရှိသော်လည်း အတော်လေးတော့ ကောင်းနေသည်။
ပိုင်ယို့ဝေက တန်ရှောင်ကို လက်ပြသည်။
“ဟေး၊ ဘယ်ဟာက ပိုကောင်းလဲ?” သူမက လက်ထဲမှာ အိပ်ရာခင်းနှစ်ထည်ကို ဆွဲထားသည်။ “မြူခိုးပြာရောင်လား၊ ဒါမှမဟုတ် မီးခိုးရောင် အစင်းပါတဲ့ဟာလား”
“.........” တန်ရှောင်က သူမကို ဗလာကျင်းစွာ ကြည့်နေသည်။ သူ့မျက်လုံးများက မေးခွန်းမေးနေသကဲ့သို့ပင်- ငါတို့ ဒီကို ဈေးလာဝယ်တာလား?
ပိုင်ယို့ဝေသည် သူ့အကြည့်ကြောင့် စိတ်အနည်းငယ်တိုသွားပြီး လက်ထဲမှ အိပ်ရာခင်းများကို အေးစက်စွာဖြင့် ဆုပ်ကိုင်ကာပြောလိုက်သည်။ “ထားပါတော့၊ နှစ်ခုလုံး ယူမယ်”
တန်ရှောင်: “…”
သူမက ဆိုင်ထဲမှာ ပြသထားသည့် နမူနာကုတင်ကို ပုတ်ပြီးပြောလိုက်သည်။ “မွေ့ရာကို ကားပေါ် ရွှေ့လိုက်”
“ဒါပေမယ့် ကားနောက်ဖုံးက ပြည့်နေပြီ” တန်ရှောင်က သူ့အံ့အားသင့်မှုကို မထိန်းနိုင်ဘဲ ပြောသည်။ ပိုင်ယို့ဝေ ဘာကြောင့် ဒီအရာကို ရွှေ့ချင်မှန်း သူ နားမလည်နိုင်ပေ။
မွေ့ရာ၏လုပ်ငန်းဆောင်တာသည် အိပ်ဖို့ဆိုတာ မှန်သော်လည်း ဒီလိုအခြေအနေမျိုးမှာ မွေ့ရာက... အရေးကြီးတဲ့အရာလား?
ပိုင်ယို့ဝေ၏ လေသံတွင်တော့ သံသယဝင်စရာ နေရာမရှိပေ။ “ကားထဲမှာ နေရာမရှိပေမယ့် ခေါင်မိုးပေါ်မှာ နေရာရှိတယ်။”
တန်ရှောင်က ကြောင်သွားပြီး ခေါင်းကို ကုတ်ကာ ကိုယ်ကို ကိုင်းညွတ်ပြီး မွေ့ရာကို သယ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ခေါက်နိုင်သော အမျိုးအစားဖြစ်၍ သိပ်မခက်ခဲပေ။
“ဟိုမှာ ချည်သား ညဝတ်ဂါဝန်တွေ ရှိတယ်။ တစ်ထည်လောက် ယူပေးပါဦး” ပိုင်ယို့ဝေက သူ့ကို ဆက်လက် အမိန့်ပေးနေသည်။
မွေ့ရာကို ယူပြီးပြီဆိုမှတော့ အဝတ်အစား တစ်ထည်နှစ်ထည် ပိုယူတာကို ဂရုစိုက်စရာမရှိပေ။
တန်ရှောင်က ညဝတ်ဂါဝန်တစ်ထည် ယူလိုက်ပြီး ဘေးနားမှာ ယောကျ်ားလေးအိပ်ဝတ်စုံတစ်စုံ တွေ့တာကြောင့် သူ့အတွက် တစ်ထည် ယူလိုက်သည်။ ရှန်မိုနှင့် ချန်းဝေခိုင်ကို သတိရမိပြီး သူတို့အားလုံးက ညီအစ်ကိုကောင်းတွေ ဖြစ်တာကြောင့် ပျော်ရွှင်မှုတွေကို ခွဲဝေခံစားသည်ဟု တွေးလိုက်သည်။ နှစ်ထည် ထပ်ယူလိုက်သည်။
ရှန်မိုနှင့်ချန်းဝေခိုင်တို့ စူပါမားကတ်က ထွက်လာသည့်အခါကားခေါင်မိုးပေါ်တွင် အမှိုက်ပုံတစ်ခု တွေ့လိုက်ရသည်။
ပိုင်ယို့ဝေက မျက်နှာသေနဲ့ ပြောသည်။ “မွေ့ရာက ကျွန်မ လိုချင်တာ။ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ မျက်နှာသုတ်ပဝါတွေ၊ စောင်တွေ၊ ရေနွေးဘူးတွေ၊ နေရောင်ခြည်ကာဦးထုပ်တွေ၊ နေကာမျက်မှန်တွေ... ဒါတွေကတော့ တန်ရှောင် လိုချင်တာတွေ”
ရှန်မို: “…”
ဆရာချန်း: “…”
တန်ရှောင်က အလေးအနက်ရှင်းပြသည်။ “သူတို့အားလုံး အသုံးဝင်တဲ့ အရာတွေပါ”
သူပြောပြီးတာနှင့် ရှန်မိုက အိတ်တစ်လုံးကို ကိုင်ထားတာ သတိထားမိပြီး အလျင်အမြန်မေးလိုက်သည်။ “အစ်ကိုရော။ စူပါမားကတ်မှာ ဘာတွေတွေ့လဲ”
“ဘာမှ မဟုတ်ပါဘူး” ရှန်မိုက ဈေးဝယ်အိတ်ကို ကားထဲ ထည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည် “စူပါမားကတ်က လုံးဝနီးပါး ဗလာဖြစ်နေပြီ။ ဘက်ထရီနည်းနည်းတော့ တွေ့ခဲ့တယ်။”
“အို...” တန်ရှောင်က သူ့မျက်နှာကို တို့ထိလိုက်သည်။ ဘက်ထရီတွေက အမှန်တကယ် အရေးကြီးတဲ့ ပစ္စည်းတွေပဲ။
ပိုင်ယို့ဝေက ရှန်မိုကိုမေးသည်။ “အခု စူပါမားကတ်မှာ ဘာဖြစ်နေလဲ?”
“အတွင်းပိုင်း ၈၀% လောက် ဗလာဖြစ်နေပြီ” ရှန်မိုသည် ခဏမျှ တွေးပြီး “ဒါပေမယ့် ပရမ်းပတာ ဖြစ်မနေဘူး”
………….
အခန်း ၆၆ နောက်ကျနေပြီ
ဒီလောက်ကြီးမားသည့် စူပါမားကတ်ကြီးတွင် ကုန်ပစ္စည်း ၈၀% လောက် ပျောက်ဆုံးနေသော်လည်း ပရမ်းပတာဖြစ်သည့် လက္ခဏာ မရှိဘဲ စင်တွေကတော့ သပ်သပ်ရပ်ရပ် ရှိနေဆဲဖြစ်သည်။
ပိုင်ယို့ဝေ: “စိတ်မပူပါနဲ့၊ စနစ်တကျ ရွှေ့ပြောင်းတာ ဖြစ်နိုင်တယ်။”
ခဏရပ်ပြီး သူမက ဆက်ပြောသည်။ “ယန်ကျိုးမှာ အရုပ်တွေ မရှိဘူး။ ဒါပေမယ့် မြူတွေ ထူထပ်နေတယ်။ လူတွေ ရုတ်တရက် ရွှေ့ပြောင်းတာက မြူနဲ့ ဆက်စပ်နေနိုင်တယ်။”
အကြောင်းရင်းတစ်ခုတော့ ရှိရမယ်။ မဟုတ်ရင် လူအများကြီး အကြောင်းမဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။
ရှန်မိုက သူမ၏ အမြင်ကို သဘောတူပြီး စဉ်းစားဟန်ဖြင့်ပြောသည်။ “ထွက်သွားဖို့က သန့်ရှင်းလွန်းနေတယ်”
ခဏတာမျှ ဘယ်သူမှ စကားမပြောကြပေ။
လူတွေကို ရွှေ့ပြောင်းတာသည် လွယ်ကူသည့် အလုပ်မဟုတ် ပေ။အထူးသဖြင့် လျှပ်စစ်မီးပြတ်တောက်သည့်အခါ သို့မဟုတ် အင်တာနက်ပြတ်တောက်သည့်အခါမှာဖြစ်သည်။
အရိုးရှင်းဆုံး ဥပမာပေးရလျှင် လူတွေကို ဘယ်နေရာကို ရွှေ့ပြောင်းရမယ်ဆိုသည်ကို အသိပေးဖို့ အနည်းဆုံး ကြော်ငြာဘုတ်တစ်ခု လိုအပ်သည် မဟုတ်လား။ ကြီးမားသည့် ဆိုင်းဘုတ်ကြီးများ၊ အမြင်ဆွဲဆောင်မှုရှိသည့် အလံများ၊ နံရံတစ်ခုလုံးမှာ ကပ်ထားသည့် ကြော်ငြာများ... ဒီအရာတွေထဲက တစ်ခုမှ သူတို့ မတွေ့ခဲ့ပေ။
“နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိတယ်...” ပိုင်ယို့ဝေ၏ မျက်လုံးများသည် ရှန်မို၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ “လူဦးရေ နည်းလွန်းရင် သဲလွန်စမကျန်အောင် အမြန် ရွှေ့ပြောင်းနိုင်တယ်။”
လူဒါဇင်အနည်းငယ်ပဲ ကျန်သည်ဆိုလျှင် အော်ဟစ်ပြီး အမြန် ရွှေ့ပြောင်းလို့ ရသည်။
ရှန်မိုက အဝေးကို ကြည့်လိုက်သည်။ “ထပ်ကြည့်ရအောင်။”
ကားသည် မြောက်ပိုင်းလမ်းတစ်လျှောက် ဖြည်းဖြည်းချင်း ဦးတည်ချက်မရှိ မောင်းနှင်သွားသည်။
မြို့၏ အများစုမှာ မြူများ ဖုံးလွှမ်းနေသည်။ ဆရာချန်း အိမ်မပြန်နိုင်ရုံသာမက ပိုင်ယို့ဝေနှင့် ရှန်မိုတို့လည်း အိမ်မပြန်နိုင်ကြပေ။
ရှန်မိသားစုတွင် ယန်ကျိုး၌ ကိုယ်ပိုင် ဥယျာဉ်ခြံအိမ်တစ်လုံး ရှိပြီး ရှိုးရှီဟူရေကန် (slender west lake) ဘေးတွင်တည်ရှိသည်။ ယခုအခါ ထိုအိမ်ကိုလည်း မြူဖြူများ ဖုံးလွှမ်းနေပြီး လူများကို ချဉ်းကပ်ရန်ပင် ကြောက်ရွံ့စေသည်။
တိတ်ဆိတ်နေသော လမ်းမကြီးသည် အဆုံးအစ မရှိသကဲ့သို့ ဖြစ်နေသည်။
အန်ကန်လမ်းသို့ နီးကပ်လာသောအခါ လမ်းရှေ့တွင် လူနှစ်ဦး၏ အရိပ်အယောင်များ ပေါ်လာသည်။
ကားက ပိုနီးလာသောအခါ ကျောင်းဝတ်စုံဝတ်ထားသည့် အလယ်တန်းကျောင်းသားနှစ်ဦး ဖြစ်ကြောင်း တွေ့ရသည်။ တစ်ဦးက ပစ္စည်းအိတ်ကြီးတစ်လုံးကို ကိုင်ထားပြီး နောက်တစ်ဦးက ဆန်အိတ်တစ်လုံးကို ပခုံးတွင် ထမ်းထားသည်။
သူတို့သည် ယန်ကျိုးမြို့ထဲသို့ ရောက်ပြီးနောက် ပထမဆုံးအကြိမ် အသက်ရှင်နေသော လူကို တွေ့ရခြင်း ဖြစ်သည်။
ရှန်မိုက ကားကို အရှိန်လျှော့ပြီး ကောင်လေးနှစ်ဦးထံသို့ မောင်းနှင်သွားကာမေးသည်။ “မြို့ထဲက လူတွေ ဘယ်ကို ရောက်သွားကြတာလဲ။ မင်းတို့ သိလား”
ကောင်လေးနှစ်ဦးက ရပ်တန့်သွားပြီး သူတို့နှင့် ကားကို သတိထားစွာ ကြည့်လိုက်ကြသည်။
ရှန်မို၏ မျက်နှာတွင် တည်ကြည်သော အသွင်အပြင် ရှိပြီး သူ့မျက်ခုံးများက ဂရုမစိုက်ဟန် ဖြစ်နေသည်။ SUV ကားက မြင့်မားကျယ်ပြန့်ပြီး ဖုန်များ ဖုံးလွှမ်းနေကာ ပိုင်ရှင်ကဲ့သို့ပင် ရန်စရန် မလွယ်ကူသည့် ပုံစံကို ပေးသည်။
ကောင်လေးနှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြသော်လည်း ဘာမှ မပြောကြပေ။
ဆရာချန်းက နောက်ပြတင်းပေါက်မှ ခေါင်းထုတ်ကာ ဖော်ရွေစွာ မေးသည်။ “ငါတို့ယန်ကျိုးကို ခိုလှုံဖို့ လာတာပါ။ လမ်းမှာ နှစ်ရက် ကြာခဲ့တယ်။ နောက်ဆုံးတော့ နေရာတစ်ခု တွေ့ပေမဲ့ လူတွေ ဘယ်သူမှ မတွေ့ရဘူး။ ကလေးတို့၊ ဘာဖြစ်ခဲ့လဲ သိလား”
ဆရာတစ်ဦး၏ အငွေ့အသက်နှင့် ကျောင်းသားတစ်ဦး၏ အငွေ့အသက်တို့ သဘာဝအတိုင်း ကိုက်ညီ၍လား မသိ ကောင်လေး၏ အမူအရာက သိသိသာသာ ပြေလျော့သွားသည်။
အရပ်ပိုမြင့်သော ကောင်လေးက “ခင်ဗျားတို့ လမ်းမှားလာပြီ။ ရွှေ့ပြောင်းလာသူတွေ အားလုံး ယန်ကျိုးဆိပ်ကမ်းကို သွားကြပြီ။ နောက်သင်္ဘောရောက်မှပဲ ထွက်သွားလို့ရမယ်”
“သင်္ဘော”တန်ရှောင်၏ ခေါင်းပေါ်လာပြီး အံ့အားသင့်စွာ မေးသည်။ “ငါတို့ ဘယ်ကို သွားကြမှာလဲ။ သင်္ဘောစီးရမှာလား။ သင်္ဘောမူးရင် ဘယ်လိုလုပ်ရမလဲ”
ကောင်လေးနှစ်ဦး: “…”
တန်ရှောင်၏ ဆံပင်ဖြူများနှင့် တောက်ပနေသော နားကပ်များကို မြင်သောအခါ သူတို့အားလုံး နောက်ဆုတ်သွားကြသည်။ ထို့နောက် ရှန်မိုနှင့် အခြားသူများတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်ဟု သံသယဝင်နေသကဲ့သို့ သူတို့၏ မျက်လုံးများတွင် သံသယများ ပြန်ပြည့်နှက်လာသည်။
“တန်ရှောင်၊ ရှင်က ကလေးတွေကို ကြောက်အောင် လုပ်နေတာ” ပိုင်ယို့ဝေက ခရီးသည်ထိုင်ခုံတွင် အေးစက်သော လေသံဖြင့်ပြောသည်။
“ဟမ်” တန်ရှောင်က ပို၍ပင် အံ့အားသင့်သွားပြီး သူ့မျက်နှာကို လက်ညှိုးထိုးကာ “ကျွန်တော်က ကြောက်စရာ ကောင်းတာလား”
“ရှင်က ကြောက်စရာ မကောင်းပါဘူး။ ဒါပေမယ့် ကလေးတွေက ကြောက်တတ်တယ်” ပိုင်ယို့ဝေက ပေါ့ပေါ့ပါးပါး ပြောသည်။
ကောင်လေးနှစ်ဦးသည် မျက်နှာများ အနည်းငယ် နီရဲသွားသည်။
သူတို့ရဲရင့်ကြောင်း သက်သေပြရန် သူတို့ထဲမှ တစ်ဦးက လျင်မြန်စွာ ပြန်ဖြေသည်။ “ခင်ဗျားတို့ နောက်ကျသွားပြီ! ယန်ကျိုးမှာ မြူတွေ ထူထပ်နေပြီး မြူထဲမှာ ပိတ်မိနေတဲ့သူတွေ ဘယ်သူမှ မထွက်လာသေးဘူး။ ကျန်တဲ့သူတွေ အားလုံး သင်္ဘောနဲ့ ထွက်သွားကြပြီ။ အခု ရေပေါ်မှာပဲ ဘေးကင်းတယ်။ ခင်ဗျားတို့ ယန်ကျိုးဆိပ်ကမ်းကို အမြန်သွားသင့်တယ်။ နောက်ကျရင် သင်္ဘောပေါ် တက်လို့ ရမှာ မဟုတ်ဘူး”
……….