အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အခန်း (၆၇) ကောင်လေးနှစ်ယောက်
ကောင်လေးက စကားပြောပြီးနောက် သူ့ဆန်အိတ်ကို ပြန်ကောက်ပြီး အဖော်နှင့်အတူ ရှေ့သို့ဆက်သွားကာ ရှန်မိုနှင့် အဖွဲ့ကို ဂရုမစိုက်တော့ပေ။
“လမ်းပေါ်မှာ လူတစ်ယောက်မှ မရှိတာ မဆန်းပါဘူး၊ သူတို့အားလုံး ယန်ကျိုးဆိပ်ကမ်းကို သွားကြတာကိုး” တန်ရှောင်က ပုံမှန်အတိုင်း ပြောလိုက်သည်။ “ဒါဆို သွားကြည့်ရအောင်”
ဆရာချန်းက “ယန်ကျိုးဆိပ်ကမ်းကို သွားမယ်ဆိုရင် လှည့်ပြန်ရလိမ့်မယ်”
ပိုင်ယို့ဝေသည် သူမ၏ မျက်လုံးများကို မှိတ်ကာ ထိုင်ခုံတွင် တည်ငြိမ်စွာ မှီလိုက်ပြီး ချက်ချင်း ငြင်းဆိုသည်။ “ကျွန်မမသွားဘူး။ စဉ်းစားကြည့်ရုံနဲ့တင် သင်္ဘောပေါ်က ပတ်ဝန်းကျင်က အရမ်းဆိုးရွားလိမ့်မယ်ဆိုတာ သိနိုင်တယ်။ လူတွေက တိရစ္ဆာန်တွေကို ပို့သလိုမျိုး ပြုံကျပ်နေလိမ့်မယ်။ ခေါင်းမူးပြီး အန်ချင်လာပြီ။ Royal Caribbean မရှိရင် မြစ်ထဲ ခုန်ဆင်းလိုက်တာ ပိုကောင်းတယ်”
(Royal Caribbean - ကမ္ဘာ့အကြီးဆုံး ဇိမ်ခံအပျော်စီးသင်္ဘော ရေကြောင်းလိုင်းတွေထဲကတစ်ခု)
တန်ရှောင် ရှုပ်ထွေးသွားသည်။ “Royal Caribbean ဘာလဲ အဲ့ဒါ။... ပင်လယ်ဓားပြသင်္ဘောလား?”
“အပျော်စီးသင်္ဘောပါ” ရှန်မိုက ပိုင်ယို့ဝေကို ကြည့်ပြီး “ပြီးတော့ အခမ်းနားဆုံး တစ်ခုပေါ့”
တန်ရှောင် ရုတ်တရက် နားလည်သွားသည်- “အို...”
ဆရာချန်းက တုံ့ဆိုင်းစွာ ပြောသည်။ “ဒါပေမယ့်၊ ကျောင်းသားနှစ်ယောက်က အခု ရေပေါ်မှာပဲ ဘေးကင်းတယ်လို့ ပြောခဲ့တာ...”
“သူတို့အရင်ကလည်း အရုပ်တွေမရှိတဲ့နေရာတွေက ဘေးကင်းတယ်လို့ ပြောခဲ့တာပဲ။ အခုကျတော့ ဒီထူးဆန်းတဲ့ မြူတွေနဲ့အန္တရာယ်ရှိနေတာပဲ” ပိုင်ယို့ဝေက ဂရုမစိုက်ပေ။ “သတင်းတွေက ပြောင်းလဲနေတုန်းပဲ။ ဘယ်သူက သေချာပြောနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မ မသွားဘူး၊ ရှင်တို့ သွားချင်ရင် သွားကြ”
တန်ရှောင်က ဆရာချန်းကို ကြည့်လိုက်သည်။ ထို့နောက် ပိုင်ယို့ဝေကို ကြည့်ကာ တုံ့ဆိုင်းစွာ မေးသည်- “တကယ် မသွားဘူးလား”
ပိုင်ယို့ဝေက တိုးတိုးလေး နှာခေါင်းရှုံ့သည်။ “ရှင်တို့ကို ကျွန်မ တားနေတာ မဟုတ်ဘူး။ ကျွန်မလို မသန်စွမ်းတစ်ယောက်ကို သနားရုံပဲသနားပြီး ရှေ့ဆက်သွားကြ။ ကျွန်မကို ဒုက္ခမပေးနဲ့တော့။”
ရှန်မိုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် သူမ၏ ခေါင်းပေါ်သို့ ညင်သာစွာ လက်တင်လိုက်သည်။ “...နိုးလာတာတောင် စိတ်မကြည်သေးဘူးလား”
“ကျွန်မကို မထိနဲ့!” ပိုင်ယို့ဝေသည် သူ့လက်ကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်သည်။
တန်ရှောင်: “…”
ဆရာချန်း: “…”
ဖြစ်နိုင်သည်ထင်သည်။
ရှန်မိုသည် ခေါင်းကို အားမလိုအားမရ ခါယမ်းကာ စတီယာရင်ကို ဆုပ်ကိုင်ပြီး လမ်းပေါ်သို့ ပြန်ရောက်လာသည်။
ဦးတည်ရာကို ပြောင်းရမည့်အစား သူသည် ခုနကလျှောက်သွားသော ကောင်လေးနှစ်ယောက်ကို မှီအောင်လိုက်လိုက်သည်။
ထိုကျောင်းသားက နောက်မှ ဆူညံသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ကားပြန်လာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်ခုံးများ တွန့်ချိုးနေပြီး သူ့အမူအရာတွင် အနည်းငယ် စိုးရိမ်စိတ် ပေါ်လွင်နေသည်။
“ဘာထပ်လိုချင်သေးလို့လဲ”
ရှန်မိုက ဘရိတ်နင်းလိုက်ပြီး “လူတိုင်းက သင်္ဘောစီးပြီး ထွက်ပြေးကြတာဆိုရင် မင်းတို့ ယန်ကျိုးဆိပ်ကမ်းကို ဘာလို့မသွားတာလဲ?”
ကျောင်းသားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အရပ်မြင့်သော ကောင်လေးက အရင်ဆုံး ပြောသည်။ “ကျွန်တော်တို့ လူတွေရှိသေးတယ်။ လူစုမိမှ အတူတူ သွားမှာ”
“အဲဒီလိုလား?” ရှန်မို၏ လေသံက အလျင်စလို မဟုတ်သလို နှေးကွေးခြင်းလည်း မရှိ။ စိတ်ခံစားချက်ဆိုတာကိုလည်း မကြားနိုင်ပေ။ ရေနွေးကြိုထားသော ဖန်ခွက်တစ်လုံးကဲ့သို့ ရှင်းလင်းနေသည်။ “ဒါဆို ဘယ်တော့ ထွက်ဖို့ စီစဉ်ထားတာလဲ”
ကျန်ကောင်လေးက အနည်းငယ် စိတ်တိုသွားပြီး “ကျွန်တော်တို့ ဘယ်တော့ ထွက်ထွက် ခင်ဗျားနဲ့ ဘာဆိုင်လဲ!”
“ဘာမှ မဆိုင်ပါဘူး” ရှန်မို ညင်သာစွာ ပြုံးလိုက်သည်။ “မင်းတို့ ဘယ်မှာ နေတယ်ဆိုတာ သိရအောင် မင်းတို့ကို နောက်ကနေ လိုက်ကြည့်ချင်ရုံပဲ”
ထိုကောင်လေးက ထိုစကားကို ကြားသောအခါ မျက်နှာတည်သွားသည်။ သူက သူ့အဖော်ကို ဆွဲကာ ရှန်မိုနှင့် အဖွဲ့ကို လျစ်လျူရှုပြီး အလျင်အမြန် ခြေလှမ်းကျဲကျဲနှင့်သွားသည်။
ဘယ်လောက် မြန်မြန်သွားပါစေ ကားထက် ဘယ်လိုလုပ် မြန်နိုင်ပါ့မလဲ။
ထို့အပြင် သူတို့ထဲက တစ်ယောက်က အိတ်တစ်လုံးကို ကိုင်ထားပြီး နောက်တစ်ယောက်က ဆန်အိတ်ကို ထမ်းထားသဖြင့် မကြာခင်မှာပင် မောပြီး ချွေးထွက်လာကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ?” ကောင်လေးက သူ့နောက်ကနေ ကပ်လိုက်လာသည့် SUV ကားကို စိုးရိမ်တကြီး မျက်လုံးတွေနှင့် ကြည့်ရင်း “သူတို့ကို ရှောင်ဖို့ လမ်းပတ်သွားသင့်လား”
“မလုပ်နဲ့” အရပ်ရှည်သည့် ကောင်လေးက ခေါင်းခါရင်း မောဟိုက်နေသည့် အသံနှင့် ပြောသည်။ “လမ်းပတ်သွားရင် အချိန်ကုန်လွန်းတယ်။ ဆရာတုက ဆေးတွေ ပြန်ပို့ပေးဖို့ ငါတို့ကို စောင့်နေတုန်းပဲ။ သူတို့ကို စိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ငါတို့ လက်ထဲမှာ ပစ္စည်းတွေ ရှိနေတာပဲ။ သူတို့ကို မကြောက်ဘူး”
“ကောင်းပြီ၊ မြန်မြန်သွားရအောင်”
သူတို့နှစ်ယောက်သည် အချင်းချင်း အားပေးရင်း ရှေ့ကို ဆက်လျှောက်သွားကြတယ်။
“ဒီကလေးနှစ်ယောက် ဘာဖြစ်နေတာလဲ။ သူခိုးတွေကို စောင့်သလို ငါတို့ကို စောင့်နေကြတာ” တန်ရှောင်က ရှေ့ကို ကြည့်ဖို့ လည်ပင်းဆန့်ရင်း နားမလည်နိုင်စွာ ပြောသည်။ “မေးခွန်းလေးနည်းနည်းမေးလိုက်တာနဲ့ ဒေါသထွက်တယ်။ သူတို့ရဲ့ စိတ်က ငါ့ထက်တောင် ဆိုးသေးတယ်။”
“အရေးပေါ်အခြေအနေမျိုးမှာ နည်းနည်း စိတ်လှုပ်ရှားမိတာ ပုံမှန်ပါပဲ” ဆရာချန်း က ကားထဲတွင် ထိုင်ရင်း တိုးတိုးလေး သက်ပြင်းချသည်။ “ဘယ်လို ဖြစ်သွားတာလဲမသိဘူး။ ဟင်း..”
“ဒါဆို အခု ဘာလုပ်ကြမလဲ။ သူတို့ကို တစ်ချိန်လုံး လိုက်နေမှာလား?” တန်ရှောင်က မေးသည်။
ကားမောင်းနေသော ရှန်မိုက တည်ငြိမ်စွာပင် “သူတို့က ငါတို့ထက် ယန်ကျိုးကို စောရောက်တာဆိုတော့ ဒီက အခြေအနေကို ပိုသိတယ်။ သူတို့ မထွက်သွားသေးတဲ့ တခြားအကြောင်းရင်းတွေ ရှိကိုရှိရမယ်... ပြီးတော့ သူတို့ တည်းခိုရာနေရာက တခြားနေရာတွေထက် ပိုလုံခြုံနိုင်တယ်”
………….
အခန်း ၆၈ ကောလိပ်
အသက်ရှင်ကျန်ရစ်သူများအတွက် ခိုလှုံရာရှာဖွေခြင်းသည် အရေးတကြီး လိုအပ်နေသော်လည်း ရှန်မိုသည် ယန်ကျိုးမြို့တွင် အမှန်တကယ် ဘာဖြစ်ခဲ့သည်ကိုလည်း ရှာဖွေလိုသည်။
သူသည် ထိုကောင်လေးနှစ်ဦးနောက်မှ ကားမောင်းလာခဲ့ရာ နောက်ဆုံးတွင် ကျောင်းတစ်ကျောင်းသို့ ရောက်ရှိလာသည်။
ကျောင်းဆိုင်းဘုတ်မှ အချို့သော အပိုင်းအစများ ပြုတ်ကျနေပြီး ပထမတစ်ချက်ကြည့်လိုက်သည်နှင့် ဖတ်မရသည့် စာလုံးကြီးအနည်းငယ်ကို တွေ့ရသည်။ ယန်ကုကုကု ကောလိပ်။
ရှန်မိုကားမောင်းဝင်သွားသည်။
ကားက ဖြည်းဖြည်းချင်း မောင်းနေပြီး ကောင်လေးတွေက အလျင်အမြန် ပြေးနေကြသည်။ သူတို့ အဆောင်ဘက်သို့ ပြေးသွားရာ အဆောင်မှ ကျောင်းသားအချို့နှင့် အမျိုးသမီးဆရာတစ်ဦး ထွက်လာပြီး နှုတ်ဆက်ကြသည်။ ထိုဆရာမသည် အသက်သုံးဆယ်ကျော် လေးဆယ် ဝန်းကျင်၊ အရပ်ရှည်၊ ပိန်သွယ်ပြီး သပ်ရပ်သူဖြစ်သည်။
ကောင်လေးနှစ်ဦးသည် ဆရာမထံ အပြေးအလွှားသွားကာ တစ်ခုခုပြောပြီး ရှန်မိုကို လက်ညှိုးထိုးပြသည်။
ရှန်မို: “…”
တန်ရှောင်က “ဟေး! ဒီကလေးတွေက တိုင်နေတာလား”
အမျိုးသမီးဆရာမသည် သူတို့ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ အတော်လေး ကြောက်ရွံ့နေပုံရပြီး ကျောင်းသားအုပ်စုကို အဆောင်ထဲသို့ ခေါ်သွားသည်။
ရှန်မိုသည်ကားကို အဆောင်ဘေးသို့ မောင်းသွားကာ ရပ်လိုက်သည်။ “ဒီမှာ ခဏနားကြ။ စကားပြောပြီး ပစ္စည်းတွေ ရွှေ့ကြ။ ငါ နောက်မှ ဓာတ်ဆီရှာဖို့ သွားမယ်”
တန်ရှောင်ကပြန်ဖြေကာ ကားပေါ်မှ အမြန်ခုန်ဆင်းပြီးမေးလိုက်သည်။ “ပစ္စည်းတွေ ဘယ်ကို ရွှေ့ရမလဲ”
“ပထမထပ်၊ အဆောင်နှစ်ခု ရွေးလိုက်” ရှန်မိုက ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြပြီးနောက် ဘီးတပ်ကုလားထိုင်ကို ကားပေါ်မှ ချလိုက်သည်။
ဆရာချန်းသည် အသက်ကြီးပြီဖြစ်ရာ ပစ္စည်းသေးသေးလေးများ သယ်ရာတွင်လည်း ကူညီပေးသည်။
သူတို့ ဝင်လိုက်ထွက်လိုက် ပြုလုပ်နေစဉ် တတိယနှင့် စတုတ္ထထပ်မှ စင်္ကြံလက်ရန်းများပေါ်တွင် ကျောင်းသား တစ်ဒါဇင်ကျော် စုပြုံနေကြပြီး အားလုံးက လည်များ ဆန့်တန်းကာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်နှင့် သတိထားမှုတို့ ရှိနေပြီး လမ်းသွားလမ်းလာများကြောင့် လန့်ဖြန့်နေသည့် တောကြောင်အုပ်စုတစ်စုနှင့်တူသည်။ သူတို့၏ ကိုယ်ခန္ဓာများမှာ မလိုအပ်ဘဲ တင်းမာနေသည်။
ရှန်မိုက ပိုင်ယို့ဝေကို ဘီးတပ်ကုလားထိုင်ပေါ်သို့ ချီတင်လိုက်သောအခါ အပေါ်ထပ်မှ ပင့်သက်ရှိုက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ တစ်စုံတစ်ဦးက အံ့သြစရာတစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ပင်။
ပိုင်ယို့ဝေသည် စိတ်မကြည်မသာ ဖြစ်နေပြီးသားဖြစ်ရာ ထိုဆူညံသံကို ကြားလိုက်သောအခါ ပို၍ပင် ဒေါသထွက်လာသည်။ သူမက ခေါင်းမော့ကာ သူတို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။
“ဘာကြည့်နေတာလဲ! မသန်စွမ်းတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူးလား။ ထပ်ကြည့်ရင် နင်တို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်”
ကြောက်တတ်သော ကျောင်းသားအချို့သည် တစ်ဦးပြီးတစ်ဦး နောက်ဆုတ်သွားကြသည်။
ပိုင်ယို့ဝေက တန်ရှောင်ကို လက်ညှိုးထိုးပြကာ “မနေ့က ရှင်သတ်တာ မလုံလောက်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ အပေါ်တက်ပြီး သူတို့ကို သတ်ပစ်လိုက်”
ကျောင်းသားများ၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားပြီး လန့်ဖြန့်သွားသော ငှက်များကဲ့သို့ လွင့်စဉ်သွားကြသည်။ ထို့နောက် တံခါးပိတ်သံများစွာ ကြားရပြီး သူတို့အားလုံး အဆောင်ထဲသို့ ပုန်းအောင်းသွားကြသည်။ တံခါးကို လော့ခ်ချလိုက်ကြသည်။
တန်ရှောင်: “???”
ရှန်မို: “…”
ဆရာချန်းသည် စိုးရိမ်တကြီးဖြစ်ကာ အလျင်အမြန် အပေါ်ထပ်သို့ အော်လိုက်သည်။ “ဟေး၊ မကြောက်ပါနဲ့၊ ငါတို့ မင်းတို့ကို စနေတာပါ။ ငါတို့ လူဆိုးတွေ မဟုတ်ပါဘူး...”
ပိုင်ယို့ဝေက ကြောက်စရာကောင်းစွာ ပြုံးသည်။ “ဟုတ်တယ်။ ကျွန်မ စတာပါ။ ဆရာချန်းက သူတို့ကို ချော့ပြီး အပြင်ထုတ်ရမယ်။ ပြီးတော့ တန်ရှောင်ကို သူတို့အားလုံးကို သတ်ခိုင်းရမယ်!”
ဆရာချန်း: “…”
“ကောင်းပြီ၊ ပြဿနာရှာမနေနဲ့တော့” ရှန်မို၏ လေသံက ပြေပြစ်နေသော်လည်း အကူအညီမဲ့မှု အရိပ်အယောင်လည်း ပါနေသည်။
သူက ပိုင်ယို့ဝေကို ကျောင်းသားအဆောင်ထဲသို့ တွန်းပို့ပြီး ဖျောင့်ဖြလိုသော လေသံဖြင့် “မင်း ကောင်းကောင်းမအိပ်ရသေးဘူး မဟုတ်လား။ မွေ့ရာကို ငါ ချပေးမယ်၊ မင်း ခဏနားလိုက်”
ပိုင်ယို့ဝေက အေးစက်စွာ နှာခေါင်းရှုံ့သည်။ “ထားလိုက်ပါတော့၊ ဒီနှစ်ထပ်ကုတင်က ကျွန်မမွေ့ရာနဲ့ လုံးဝ မကိုက်ဘူး။”
ရှန်မိုက အဆောင်ပတ်လည်ကို ကြည့်ကာ “ဒီကုတင်နှစ်ခုကို ပူးလိုက်လို့ရတယ်”
ပိုင်ယို့ဝေက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ စိတ်အခြေအနေသည် သိပ်မဆိုးတော့ပုံရသည်။ သူမ မေးစေ့ကို မြှောက်ကာ ဂုဏ်ယူစွာဖြင့် “ကောင်းပြီ၊ ကျွန်မအတွက် လုပ်ပေးပါဦး”
ရှန်မိုအဆောင်မှ ထွက်လာသောအခါ ဆရာချန်းသည် အပြင်တွင် စိုးရိမ်တကြီး ပြေးလွှားနေသည်။ သူ ရှန်မိုကို မြင်သောအခါ အလျင်အမြန် ရှေ့သို့ တိုးလာပြီး “ရှောင်ရှန်၊ ဒီမှာ ကြည့်ဦး...”
ရှန်မိုက ဆရာချန်းဘာပြောချင်လဲဆိုတာ သိတာကြောင့် “ကျွန်တော် နောက်မှ အပေါ်တက်ပြီး သူတို့ကို ရှင်းပြပါ့မယ်၊ စိတ်မပူပါနဲ့”
ခဏရပ်ပြီး သူက ဆက်ပြောသည်။ “သူ အခုလေးတင် ပြောတာတွေကို စိတ်ထဲ မထားပါနဲ့”
“မဟုတ်ဘူး၊ မဟုတ်ဘူး” ဆရာချန်းက သူ့လက်များကို အလျင်အမြန် ဝှေ့ယမ်းပြီး “ဝေဝေ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ငါ သိတယ်၊ သူက လူကောင်းလေးပါ...”
ရှန်မို: “…”
မဟုတ်ပေ။ သူ့မှာ မကောင်းသည့် ရည်ရွယ်ချက် နည်းနည်းတော့ ရှိသည်။
ထိုအချိန်တွင် လှေကားတစ်ဖက်စွန်းမှ ခြေသံများ ကြားလိုက်ရသည်။ နှစ်ယောက်သား ကြည့်လိုက်သည့်အခါ အမျိုးသမီးဆရာမ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမက လက်ထဲမှာ အိုးတစ်လုံးကို ကိုင်ပြီး ရှန်မိုနှင့် ဆရာချန်းနား လျှောက်လာကာ အားနာဟန်နှင့်ပြုံးပြသည်- “စိတ်မကောင်းပါဘူးရှင်၊ ကျွန်မ ကျောင်းသားက အရမ်း စိတ်မရှည်ဖြစ်ပြီး ရှင်တို့ကို အထင်လွဲသွားတာပါ”
ထို့နောက် သူက အိုးကို ပေးလိုက်ပြီး “ဒါ အခုမှ ချက်ထားတဲ့ ဟင်းရွက်ဆန်ပြုတ်ပါ။ အဆင်ပြေရင် သုံးဆောင်ပါ”
……………
အခန်း (၆၉) ဆရာမနှင့် ကျောင်းသားများ
ရှန်မိုသည် သူ့မျက်ခုံးများကို အနည်းငယ် မြှင့်လိုက်သည်။
စိတ်ဝင်စားစရာပဲ။ သူ အပေါ်ထပ်ကို တောင်းပန်ဖို့ မတက်ခင်၊ တစ်ဖက်လူက အရင် ဆင်းလာပြီး တောင်းပန်နေတာပဲ။
အမျိုးသမီးဆရာမက လှပပြီး သူမ၏ မျက်လုံးထောင့်စွန်းများတွင် သေးငယ်သော အရေးအကြောင်းများ ရှိနေကာ ယဉ်ကျေးစွာ ပြုံးလိုက်သောအခါ အနည်းငယ် ကွေးညွတ်သွားသည်။
ရှန်မိုနှင့် ဆရာချန်းတို့က မယူလိုသည့် အရိပ်အယောင်ကို မြင်သောအခါ သူမသည် အိုးကို ညင်သာစွာ ဘေးသို့ချကာ ဖော်ရွေစွာ ပြောသည်။ “ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ အားလုံး သန့်ရှင်းအောင် ဆေးကြောထားပါတယ်။ ရှင်တို့ အရသာနဲ့ ကိုက်ညီတယ်လို့ ထင်ရင် နောက်မှ ထပ်ပို့ပေးပါ့မယ်။ ကျောင်းသားတွေ အများကြီးဆိုတော့ အများကြီး လုပ်ရတယ်...”
သူမ၏ နူးညံ့သိမ်မွေ့သော ရှင်းလင်းချက်က လူများကို ဖော်ရွေသည်ဟု ခံစားရစေရုံသာမက ဆန်ပြုတ်သည် အလွန် “သန့်ရှင်း” ပြီး မည်သည့်အရာမှ လိမ်လည်ထားခြင်း မရှိကြောင်း သွယ်ဝိုက်၍ ဆိုလိုနေသည်။ ထိုအရာသည် အလွန်ပင် စဉ်းစားဆင်ခြင်တတ်သော အပြုအမူဖြစ်သည်။
ရှန်မိုက တစ်ဖက်လူသည် အလွန်သတိကြီးသောသူဟု ခံစားရသည်။
သို့သော် သတိထားရန် လိုအပ်ပါသည်။ နောက်ဆုံးတွင် သူသည် အလယ်တန်းကျောင်းသားအုပ်စုတစ်စုကို ဦးဆောင်နေခြင်းဖြစ်သည်။ ယခု မမျှော်လင့်ဘဲ သူစိမ်းများကို တွေ့ဆုံရပြီဖြစ်သည်။ ထို့ကြောင့် ရန်သူများ မဖြစ်အောင် တတ်နိုင်သမျှ ရှောင်ရှားခြင်းက ပိုကောင်းပါသည်။
“ကျေးဇူးတင်ပါတယ်” ရှန်မိုက အိုးကိုယူပြီး ပဋိပက္ခမဖြစ်စေရန် စကားအနည်းငယ် ပြောလိုက်သည်။ “ကျွန်တော်တို့ ယန်ကျိုးကို အခုမှ ရောက်တာပါ။ ခဏတာ နေဖို့ နေရာတစ်ခုပဲ ရှာချင်တာပါ။ အကြာကြီး နေမှာ မဟုတ်ပါဘူး”
ဆရာချန်းကလည်း ရှင်းပြသည်။ “ကျွန်တော်တို့ ယန်ကျိုးကို လူရှာဖို့ လာတာပါ။ ဒါပေမယ့် မြို့ထဲမှာ မြူတွေ ထူထပ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော့် မိသားစုက ကျန်းယန်လမ်းမှာ နေတာ။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ တကယ် လူဆိုးတွေ မဟုတ်ပါဘူး”
အမျိုးသမီးဆရာမ၏ မျက်လုံးများက ရှန်မိုနှင့် ဆရာချန်း တို့ပေါ်သို့ ရွေ့လျားသွားပြီးနောက် မလှမ်းမကမ်းတွင် ပစ္စည်းများ ရွှေ့ပြောင်းရင်း မောဟိုက်နေသော တန်ရှောင်ကို တစ်ချက်ကြည့်လိုက်သည်။ မည်သည့်မေးခွန်းမျှ ထပ်မံမမေးတော့ပေ။
သူမက ယဉ်ကျေးစွာ ပြုံးပြကာ “ကျွန်မတို့က ဒီမှာ ခဏပဲ နားနေတာပါ။ ရှင်တို့ အလုပ်ကို ဆက်လုပ်ကြပါ။ ကျွန်မက ကျောင်းသားတွေ ဂရုစိုက်ရဦးမယ်။ အပေါ်ထပ်ကို အရင် တက်ပါဦးမယ်”
ဆရာမ အပေါ်ထပ်သို့တက်သွားစဉ် အပေါ်ထပ်မှ ကျောင်းသားအချို့က ချောင်းမြောင်းကြည့်ရှုနေကြသည်။ ဆရာမသည် အောက်ထပ်၌ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့နေမည်လောဟု စိုးရိမ်နေကြဟန်ရှိသည်။
သူတို့၏ဆရာမ ဘေးမသိရန်မခဘဲ ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရမှသာလျှင် အားလုံး သက်ပြင်းချနိုင်ကြတော့သည်။
အောက်ထပ်တွင်ရှိသော ချန်းဝေခိုင်သည် ဤမြင်ကွင်းကိုတွေ့လျှင် အကြိမ်ကြိမ် သက်ပြင်းရှိုက်မိလေသည်။ သူက တိုင်းပြည်နှင့်လူထုအတွက် စိုးရိမ်သောကရောက်သည့် လေသံဖြင့် ရှန်မိုအား ဆိုသည်။ “ရှောင်ရှန်၊ အခုလောကကြီးက သိပ်ရှုပ်ထွေးနေပြီ။ ငါတို့အားလုံးက တစ်ပြည်သားချင်းတွေပဲ။ နောင်မှာတွေ့ကြရင် တတ်နိုင်သလောက် အချင်းချင်း ကူညီရိုင်းပင်းသင့်တယ်။”
ရှန်မိုက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်သင့်တာပါ။”
သူသည် လေသက်သက်ပြောနေခြင်းမဟုတ်။ ဘေးဒုက္ခများကြုံတွေ့ပြီးနောက် လူတစ်စုက အချင်းချင်း တိုက်ခိုက်နေကြခြင်းမှာ အမှန်ပင်မိုက်မဲလှသည်ဟု သူအလေးအနက် ခံစားနေမိသည်။
ဆရာချန်းသည် ထိုဝမ်းနည်းဖွယ်မြင်ကွင်းကြောင့်ဖြစ်မည်ထင်သည်။ နောက်ထပ်အကြိမ်အနည်းငယ် သက်ပြင်းကိုထပ်မံရှိုက်ပြန်သည်။ သူသင်ကြားခဲ့သော ကျောင်းသားများ အသက်ရှင်လျက်ရှိသလား သို့မဟုတ် သေဆုံးသွားကြပြီလားဟု မသိနိုင်သောကြောင့် စိတ်မကောင်းဖြစ်နေမိသည်။
“ဆရာတို့ဝင်ပြီးနားလို့ရပါပြီ။” ရှန်မိုက ပထမထပ်ရှိ အဆောင်ကို လက်ညှိုးညွှန်ပြလိုက်သည်။
ဆရာချန်းက လက်ဝှေ့ယမ်းပြသည်။ သူသည် စိတ်မတည်မငြိမ်ဖြစ်နေပြီး အနားယူနိုင်ခြင်းမရှိသဖြင့် တန်ရှောင်၏ ခရီးဆောင်အိတ်များထုပ်ပိုးသည်ကို သွားရောက်ကူညီလေသည်။
တန်ရှောင်မှာမူ သူ၏ခရီးဆောင်အိတ်များကို အောက်သို့ချပြီးနောက် ဖြစ်ကတတ်ဆန်း ပစ်တင်ထားခဲ့သည်။ အဖိုးက သူ့ထက်ပို၍ ဂရုတစိုက်ရှိကာ သေသပ်စွာစီစဉ်ပေးသည်။ အနည်းဆုံးတော့ အနံ့ထွက်နေသော ဖိနပ်များနှင့် အစားအသောက်များကို အတူတကွ မထားရှိစေခဲ့ပေ။
ရှန်မိုသည် ခဏမျှကြည့်နေပြီးနောက် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ မြေအိုးကိုကောက်ကိုင်ကာ ပိုင်ယို့ဝေ၏ အဆောင်ခန်းဆီသို့ ထွက်ခွာသွားသည်။
ဟင်းသီးဟင်းရွက်ဆန်ပြုတ်မှာ စေးကပ်၍ ဖြူဖွေးမွှေးကြိုင်အောင် ချက်ထားပြီး အငွေ့တထောင်းထောင်းထလျက်ရှိသည်။ ရှန်မို အခန်းတွင်းသို့ဝင်လာသည်နှင့် ပိုင်ယို့ဝေသည် ထိုရနံ့ကိုရလိုက်သည်။
သူမ၏ ကြည်လင်တောက်ပသောမျက်လုံးများ ရုတ်တရက် အရောင်လက်လာပြီးနောက် ဆိုသည်။ “ဗိုက်ဆာတယ်။”
ရှန်မို - “...”
သူသည် သူမအား နှစ်ရက်တိတိ “ကျွေးမွေး” ခဲ့ပြီးဖြစ်ရာ ယခုမှပင် သူမထံမှ ဗိုက်ဆာသည်ဟု ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
ကြည့်ရသည်မှာ ခေါက်ဆွဲခြောက်များနှင့် ဘီစကွတ်များသည် အမှန်ပင် လူတို့အတွက် မတင်းတိမ်စေတာဖြစ်မည်။
“အပေါ်ထပ်က ဆရာမ ပို့လိုက်တာ။” ရှန်မိုက မြေအိုးကို စားပွဲပေါ်သို့ တင်လိုက်သည်။ ဇွန်းဘယ်မှာရှာရမည်ဟု စဉ်းစားနေစဉ်မှာပင် အိုး၏ကြိုးတွင်ချိတ်ဆွဲထားသော သစ်သားဇွန်းငယ်တစ်ခုကို သတိပြုမိလိုက်သည်။
ထိုဆရာမသည် အမှန်တကယ် စေ့စပ်သေချာသူတစ်ဦးဖြစ်ပေသည်။
မြေအိုးမှာ သေးငယ်ပြီး ဆေးပြုတ်သော တရုတ်ဆေးအိုးငယ်နှင့် အနည်းငယ်ဆင်သည်။ အတွင်းမှဆန်ပြုတ်မှာ လူနှစ်ယောက်စာခန့် ရှိနိုင်သည်။
ပိုင်ယို့ဝေက တစ်ရှူးအစိုထုတ်ကိုယူကာ တစ်ရှူးတစ်ရွက်ထုတ်ပြီး ဇွန်းကိုသုတ်၍ အိုးထဲမှဆန်ပြုတ်ကို စားလိုက်သည်။
သူမသည် တစ်ဇွန်းပြီးတစ်ဇွန်း စကားတစ်ခွန်းမျှမဆိုဘဲ အလွန်အလေးအနက်ထားကာ စားနေသည်။
“မင်း အဆိပ်ခတ်ခံရမှာ မကြောက်ဘူးလား။” ရှန်မိုက ပြုံး၍မေးလိုက်သည်။
“အိုး၊ သူက လုပ်ရဲလို့လား။” ပိုင်ယို့ဝေ၏ နှုတ်ခမ်းတို့သည် အချောင်ရလိုက်သောကြောင်တစ်ကောင်ပမာ တွန့်ကွေးသွား၏။ “မိန်းမတစ်ယောက်၊ ကလေးတစ်သိုက်ကိုခေါင်းဆောင်ပြီး ဒီလိုနေရာမျိုးမှာနေရတာ နေ့တိုင်းဘယ်လောက်စိတ်လှုပ်ရှားနေရမလဲ။ တစ်ခုခုမှားသွားရင် ပုန်းဖို့တောင်အချိန်ရမှာမဟုတ်ဘူး၊ အဲဒီတော့ ဒုက္ခရှာဖို့ ဘယ်လိုများ လုပ်ရဲမှာလဲ။”
ရှန်မို ပြုံးလိုက်သည်။
ပိုင်ယို့ဝေ၏ပြောစကားမှာ သူတွေးထင်ထားသည်နှင့် ထပ်တူကျနေသည်။
“အင်း... ဒီဆန်ပြုတ်က တကယ်ကောင်းတာပဲ။” ပိုင်ယို့ဝေ၏ ပါးပြင်တို့မှာ ဖောင်းအိလာပြီး မေးလိုက်သည်။
“ဟေး၊ သူ့ကျောင်းသားတစ်ယောက်ယောက် နေမကောင်းဘူးလား။”
ရှန်မို အနည်းငယ်ကြောင်သွားပြီး၊ “ဘာလို့လဲ”
………….