← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း ၇၀ - မြူခိုးထဲသို့

“ကျွေးရမယ့်ပါးစပ်တွေ ဒီလောက်များတာ၊ ဆန်ပြုတ်ချက်ဖို့ဆိုတာ အရမ်းအလုပ်မရှုပ်လွန်းဘူးလား။”

ပိုင်ယို့ဝေက စားရင်းသောက်ရင်း ဆိုသည် -

“ဆန်ပြုတ်ချက်ရတာ အချိန်အများကြီးကုန်တယ်၊ ဗိုက်လည်းမပြည့်ဘူး။ သတိမထားရင် ပြဲစိစိဖြစ်သွားတတ်တယ်။ လူမမာရဲ့ အစာအိမ်က အားနည်းနေလို့မဟုတ်ရင် ဘာလို့ ဆန်ပြုတ်ချက်ဖို့ ဒုက္ခခံနေမှာလဲ။... မြို့က ဒုက္ခရောက်တာ ရက်နည်းနည်းပဲရှိသေးတော့ အစားအသောက်တွေ ပေါများသင့်တယ်။ တခြားရွေးချယ်စရာတွေ ဒီလောက်များနေတာ ဘာလို့ ဆန်ပြုတ်ချက်ရမှာလဲ။ ကြည့်ပါဦး၊ ဆန်ပြုတ်ထဲမှာ ပုစွန်ခြောက်နဲ့ မှိုတွေပါတယ်လေ—“

ပိုင်ယို့ဝေက ဆန်ပြုတ်တစ်ဇွန်းခပ်ယူပြီး ရှန်မို၏ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ပြီးလျှင် ပါးစပ်ထဲသို့ပြန်ထည့်လိုက်ကာ မပီမသ ဆိုလိုက်သည်။ “အပြန်အလှန် သဘောတရားအရ သူများဆီက အလကား အခွင့်အရေးယူလို့မဖြစ်ဘူး။ အပေါ်ထပ်ကို အစားအသောက်နည်းနည်း သွားပို့ပေးပါလား။”

ရှန်မိုက ပြုံး၍ဆိုသည်။ “အစားအသောက်ပို့ရုံပဲလား။ ငါ့ကို အပေါ်တက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းစေချင်တာ မဟုတ်ဘူးလား။”

ပိုင်ယို့ဝေ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိသလို ဆန်ပြုတ်စားနေသည်ကိုလည်း လုံးဝမရပ်တန့်လိုက်ပေ။ “ရှင်ကရော မလုပ်ချင်လို့လား။”

ရှန်မိုက မသိမသာပြုံးလိုက်ပြီး ဝန်ခံလိုက်သည်။ “ငါလည်း လုပ်ချင်ပါတယ်”

သူ၏ပင်ကိုယ်စရိုက်မှာ ပိုင်ယို့ဝေနှင့် အလွန်ကွာခြားသော်လည်း သူတို့၏အတွေးအခေါ်တို့မှာ အမြဲတိုက်ဆိုင်လေ့ရှိသည်။

ရှန်မိုက တစ်ချက်စဉ်းစားပြီးနောက် ဆိုသည်။ “ဆရာချန်းကို လွှတ်လိုက်ရအောင်။ သူကဆရာဆိုတော့ သူနဲ့ စကားပြောရတာလွယ်တယ်။”

“တန်ရှောင်ကို ခေါ်သွား။” ပိုင်ယို့ဝေက ဆိုသည်။ “အဖိုးကို အနိုင်ကျင့်မခံပါနဲ့။”

ရှန်မို - “ဘာလဲ။ တစ်ယောက်ယောက်ကို ကာကွယ်ပေးနေတာလား။”

ပိုင်ယို့ဝေ ကြောင်ငေးသွားပြီး မည်သည်ကိုစဉ်းစားနေမှန်းမသိပေ။ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီးနောက် သူမက အေးဆေးစွာ ဆိုလိုက်သည်။ “သူက လူကောင်းတစ်ယောက်ပါ။”

ရှန်မိုက သူမကို စူးစိုက်ကြည့်လိုက်ပြီးနောက် ထရပ်ကာ အပြင်သို့ထွက်သွားသည်။ တံခါးဝတွင်ရပ်လျက် ခေါ်လိုက်သည်။ “ဆရာချန်း ဒီကိုခဏလာပါဦး...”

…

ပိုင်ယို့ဝေနှင့် ရှန်မိုတို့သည် အဆောင်ခန်းထဲ၌ အပေါ်ထပ်မှဆရာမနှင့်ကျောင်းသားများအကြောင်း သုံးသပ်နေကြသော်လည်း၊ အပေါ်ထပ်မှလူများကလည်း သူတို့ကို လေ့လာစူးစမ်းနေကြမှန်း သူတို့မသိကြပေ။

“အရပ်ရှည်ရှည်လူတစ်ယောက်၊ ခပ်ဆိုးဆိုးလူငယ်တစ်ယောက်၊ အဖိုးကြီးတစ်ယောက်နဲ့ မသန်မစွမ်းတစ်ယောက်...”

ကျောင်းသားများက အတူတကွထိုင်နေကြပြီး တစ်ယောက်မျက်နှာတစ်ယောက် အပြန်အလှန်ကြည့်နေကြ၏။

ဤသို့သောပေါင်းစပ်မှုမှာ မည်သို့ပင်ကြည့်စေကာမူ အလွန်ထူးဆန်းလျက်ရှိသည်။

“သိပ်စိတ်မပူကြနဲ့။” ဆရာမက သူတို့ကြားတွင်ထိုင်ကာ နူးညံ့စွာပြောကြားသည်။ “သူတို့က အသက်ကြီးသူကို လက်ခံစောင့်ရှောက်နိုင်တယ်၊ မသန်မစွမ်းသူကိုလည်း ဂရုစိုက်နိုင်တယ်ဆိုတော့ သူတို့က မကောင်းတဲ့စိတ်ထားရှိတဲ့လူတွေ လုံးဝမဟုတ်ဘူး။ ငါတို့က သူတို့ကိစ္စတွေထဲ ဝင်မပါဘဲ ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်နေသင့်တယ်။”

ဆံပင်နှစ်ခွစည်းနှင့် မိန်းကလေးတစ်ဦးက တိုးတိုးလေးရေရွတ်လိုက်သည်။ “ဒါပေမဲ့ အဲဒီဒုက္ခိတက သိပ်ကြမ်းတမ်းတာပဲ...”

သူမ စကားမဆုံးမီမှာပင် ဆရာမက သူမအား ခပ်တင်းတင်း ကြည့်လိုက်သည်။

မိန်းကလေးသည် သူမစကားမှားသွားမှန်းသိ၍ အနည်းငယ် မကျေမနပ်ဖြစ်သွား၏။ သူမက အသံကိုနှိမ့်၍ဆိုသည်။”သမီးပြောတာမဟုတ်ဘူး။ သူကိုယ်တိုင်ပြောတာ။”

“သူက သူ့ကိုယ်သူ ဒုက္ခိတလို့ ပြောလို့ရပေမယ့် ငါတို့က ပြောလို့မရဘူး။” ဆရာမက သူမ၏ရှေ့မှကျောင်းသားများကို ကြည့်ပြီး ထပ်မံသတိပေးသည်။ “အပြင်သွားတဲ့အခါ စကားကို လက်လွတ်စပယ်မပြောကြနဲ့။ ဒါက တခြားသူတွေအတွက်ရော ကိုယ့်အတွက်ရော မကောင်းဘူး။ နားလည်ကြလား။”

“နားလည်ပါပြီ ဆရာမတု။”

ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြကာ ဆံပင်နှစ်ခွနှင့် မိန်းကလေးမှာမူ မသက်မသာဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

နောက်ကျောင်းသားတစ်ယောက်က မေးမြန်းသည်။ “ဆရာမတု ကျွန်တော်တို့ ဘယ်တော့ မြူခိုးထဲဝင်ကြမှာလဲ။”

ဆရာမတုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းလှည့်ကာ ဘေးဘက်သို့ ကြည့်လိုက်သည်။

ထိုနေရာတွင် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေသော ကျောင်းသားလေးတစ်ဦးသည် အဆောင်ကုတင်ပေါ်၌ လဲလျောင်းလျက်ရှိပြီး သူ၏ရင်ဘတ်တွင် ပတ်တီးအဖြူထူထူစည်းနှောင်ထားကာ မျက်တွင်းများကတစ်ဝက်ခန့်ကျလျက် လူတိုင်း၏ဆွေးနွေးမှုကို တိတ်ဆိတ်စွာနားစွင့်နေသည်။

တုဒန်သည် စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် အကြည့်ကိုလွှဲလိုက်သည်။ “...ကျန်းထျန်းယန်ရဲ့ ဒဏ်ရာသက်သာလာတဲ့အထိ စောင့်ကြမယ်။ပြီးမှ ငါတို့ဝင်မယ်။ သွားတဲ့အခါ ငါတို့အားလုံးဝင်လို့မဖြစ်ဘူး။ တစ်ဝက်က နောက်မှာကျန်နေခဲ့ရမယ်။ အစားအသောက်တစ်ဝက်ကုန်သွားလို့မှ ငါတို့မြူခိုးထဲက ပြန်မထွက်လာသေးဘူးဆိုရင် ကျန်ခဲ့တဲ့လူတွေက အစားအသောက်တွေယူပြီး ယန်းကျီမြစ်အတိုင်း တောင်ဘက်ကိုသွား... ပြီးတော့ ခိုလှုံစရာနေရာရှာကြပေါ့။”

“ဆရာမတု”

“ဆရာမတု မသွားပါနဲ့.....”

မိန်းကလေးတချို့က မျက်လုံးတွေဝိုင်းပြီး ဆရာမ၏အင်္ကျီကို မလွှတ်တမ်းဆွဲထားကြသည်။ ကောင်လေးတွေမှာလည်း မျက်လုံးများ ရဲနေကြသည်။

တုဒန်သည် ထိုငယ်ရွယ်သောမျက်နှာများကို ကြည့်ရင်း ခံစားချက်များ ရှုပ်ထွေးနေသည်။ သူတို့လက်များကို ဆုပ်ကိုင်ရင်း စကားလုံးတစ်လုံးချင်းစီ ပြောလိုက်သည်။ “ငါတို့ မြူတွေထဲကို ဝင်ကိုဝင်ရမယ်။ ဒါက လူတိုင်း အသက်တွေရင်းပြီး ရခဲ့တဲ့ သဲလွန်စပဲ။ မင်းတို့ကို မေးမယ်၊ ဂိမ်းရဲ့ ပထမဆုံး စည်းမျဉ်းက ဘာလဲ”

ကျောင်းသားများ ရှိုက်ကြီးတငင်ဖြင့် “ဂိမ်းကစားဖို့ငြင်းဆန်ရင် အရုပ်ဖြစ်သွားမယ်”

“မှန်တယ်… ငြင်းဆန်တာနဲ့ ထွက်ပြေးတာက သူ့ရဲ့ မကောင်းတဲ့ ခံစားချက်တွေကို ပိုတိုးစေမှာပဲရှိမယ်။ ဘာအကူအညီမှ မဖြစ်ဘူး။” တုဒန်က သူတို့ကို ကြည့်ပြီးပြောလိုက်သည်။ “ငါတို့ မြူတွေထဲကို ဝင်ကိုဝင်ရမယ်”

……………..

အခန်း (၇၁) ပူဒီနာ

ပိုင်ယို့ဝေသည် ဟင်းသီးဟင်းရွက်ဆန်ပြုတ်ကို သက်သောင့်သက်သာ စားခဲ့သည်။

ဆန်ပြုတ်က ခပ်ပြစ်ပြစ်ချက်ထားတာကြောင့် စားပြီးသည့်အခါ ပါးစပ်က နည်းနည်းစေးကပ်နေသလို ခံစားရသည်။ သူမသည် ပူဒီနာရွက်နှစ်ရွက်ကို ဘူးထဲထည့်၍ ရေနွေးစိမ်ကာ ပူဒီနာရေအနည်းငယ် သောက်လိုက်သည်။ ထိုအရာသည် လန်းဆန်းစေပြီး အေးမြစေသောကြောင့် ပိုမိုသက်သောင့်သက်သာ ခံစားရစေသည်။

ရှန်မိုသည်တော့ အပြင်တွင် SUV ကားအခြေအနေကို စစ်ဆေးနေသည်။ ကားကိုပြင်ရင်း ချွေးများတသွင်သွင် ကျနေသည်။ သူ အခန်းထဲဝင်လာသည့်အခါ ပိုင်ယို့ဝေ ကို ထူထဲနူးညံ့သော မွေ့ရာပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမသည် မျက်လုံးများကို မှေးစင်းကာ ရေနွေးသောက်နေသည်။ သူက မနေနိုင်ဘဲ ရယ်လိုက်ပြီးပြောလိုက်သည်။ “မင်း တော်တော် သက်သောင့်သက်သာ ရှိပုံရတယ်နော်”

“ပျော်ရွှင်မှုဆိုတာ နှိုင်းယှဉ်မှုကနေ ဖြစ်လာတာပဲ” ပိုင်ယို့ဝေ က ဘူးကိုကိုင်ကာ ပြုံးလျက်ပြောသည်။ “ရှင်တို့ ပြေးလွှားနေရတာ၊ နေပူခံရတာ၊ ပင်ပန်းနေတာတွေကို ကြည့်နေရပြီး ကျွန်မကတော့ အိမ်ထဲမှာပဲ နေပြီး စားသောက်နေရတာဆိုတော့ ဒီခံစားချက်က သက်သောင့်သက်သာ ရှိတာပေါ့”

ရှန်မို: “…”

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှန်မို ကပြောလိုက်သည်။ “သက်သောင့်သက်သာ ရှိနေရင်ပြီးတာပဲ”

သူမ သက်သောင့်သက်သာရှိနေလျှင် သူ့ကို ဒုက္ခပေးမှာမဟုတ်ပေ။ အခုတော့ သူမကို နေ့တိုင်း ဝဝလင်လင်စားသောက်ခွင့်ပေးကာ ကောင်းကောင်း ဂရုစိုက်ပေးပြီး တစ်နေ့ကျလျှင် သူမကို သူမအမေဆီ ဘာမှမဖြစ်ဘဲ ပြန်အပ်နိုင်အောင် စောင့်မည်…

…

အဲ့ဒီနောက်… သူမ ဘာဖြစ်သွားမလဲ။

ဒီမေးခွန်းက ရှန်မို ကို ခဏတာတွေဝေသွားစေသည်။

ပိုင်ယို့ဝေ ၏စရိုက်နှင့် ဒီလိုကမ္ဘာမျိုးမှာ ဘယ်လိုနေထိုင်သွားမလဲဆိုတာ သူတကယ်ပဲ စိတ်ကူးမယဉ်နိုင်ဘူး ဖြစ်နေသည်။

“ဟေ့” ပိုင်ယို့ဝေ က ဖန်ဘူးကြီးကို ကိုင်ရင်း သူ့ကို လက်ချောင်းလေးဖြင့် လှမ်းခေါ်လိုက်သည်။

ရှန်မို လျှောက်သွားလိုက်သည်။

သူမက သူ့ကို ဖန်ဘူးလှမ်းပေးလိုက်သည်။ “ရှင်ရေမဆာဘူးလား။ ဒီမှာ ရေသောက်”

ရေက ကြည်လင်နေပြီး၊ စိမ်းစိုသော အရွက်နှစ်ရွက် သုံးရွက်က ရေထဲမှာ အေးမြသော အသွင်ကို ဆောင်နေသည်။

“ဘယ်ကရတာလဲ” ရှန်မိုက ဖန်ဘူးကို လက်တစ်ဖက်တည်းနှင့် လှမ်းယူလိုက်သည်။

ပိုင်ယို့ဝေက ပြတင်းပေါက်ကို ညွှန်ပြပြီး “အဆောင်နောက်က ပန်းခုံထဲမှာ အများကြီးပေါက်နေတာ”

“အချိန်ရရင် ထပ်ခူးထားလိုက်ဦး။ ပူဒီနာရွက်က ရောင်ရမ်းတာကို လျော့ကျစေပြီး နာကျင်တာကို သက်သာစေတယ်” သူက ပေါ့ပေါ့ပါးပါးပြောရင်း ခေါင်းကိုနောက်လှန်ကာ ရေသောက်လိုက်သည်။

ပိုင်ယို့ဝေက သူ၏လည်စေ့ လှုပ်ရှားနေသည်ကို စိုက်ကြည့်နေသည်။

ခဏအကြာမှာ သူမက သူ့လက်တစ်ဖက်ကို ပေါ်တင်လှမ်းယူပြီး ညင်သာစွာ ညှစ်လိုက်သည်။

ရှန်မိုက တိတ်ဆိတ်စွာ ရေသောက်နေသည်။ ဘာမှမပြော၊ မလှုပ်ရှားသော်လည်း သူမကို အနည်းငယ် တင်းမာသည့်အကြည့်နှင့် ကြည့်နေသည်။

ဒီသတိပေးမှုက ပိုင်ယို့ဝေ အတွက် ဘာမှအကျိုးမရှိပေ။

သူမက မမြင်ဟန်ဆောင်ပြီး ဆက်ညှစ်နေသည်။ လက်ဖဝါးပေါ်တွင် ကြမ်းတမ်းသည့်အသားမာအလွှာတစ်ခုကို ခံစားမိသည့်အခါ နူးညံ့သည့်လက်ချောင်းလေးတွေနှင့် စိတ်ဝင်တစား တို့ထိနေသည်။

“အရင်တုန်းက ထိတုန်းကလည်း စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ခဲ့တာ… ခွေးခြေဖဝါးလိုပဲ”

ရှန်မို: “…”

ဒါ ဘယ်လို ထူးဆန်းတဲ့ ဖော်ပြချက်မျိုးလဲ။

ပိုင်ယို့ဝေ က သူ့လက်ကို ကိုင်ပြီး သူမမျက်နှာနှင့် ကပ်လိုက်သည်။ ကြမ်းတမ်းသည့် အသားမာက သူမအသားအရေနှင့် ပွတ်တိုက်မိသည့်အခါ အနည်းငယ်ကြမ်းတမ်းသလို ခံစားရပြီး အံ့သြစရာကောင်းသည့် အတွေ့အကြုံတစ်ခု ဖြစ်သည်။

သူမက သူ့ကို ခံစားနိုင်သလို သူကလည်း သူမကို ခံစားနိုင်သည်။ တိတ်ဆိတ်စွာ၊ နူးညံ့စွာ၊ ညင်သာစွာ…

အတွင်းပိုင်းမှာတော့ တိတ်ဆိတ်နေသည်။

ရှန်မို က သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ရေ၏ချိုမြိန်မှုနှင့် ပူဒီနာ၏ အေးမြမှုက သူ့အဆုတ်ထဲမှာ ကျန်ရစ်နေပြီး လေထုက နည်းနည်း ထူးဆန်းနေသလို ဖြစ်နေသည်။

သူ ဒီလေထုကို ဖြတ်တောက်ချင်သော်လည်း သူမက လွှတ်ပေးတတ်တာမျိုးမရှိတာကို သတိရမိသည့်အခါ သူမကို လွှတ်ထားလိုက်သည်။

ရုတ်တရက် အပေါ်ထပ်ကနေ အံ့သြသံတစ်ခု ထွက်ပေါ်လာသည်–

“ဝိုး!——”

နှစ်ယောက်သား တစ်ပြိုင်နက် သတိပြန်ဝင်လာသည်။

ရှန်မိုသည်ခဏရပ်လိုက်ပြီး သူ့လက်ကို တည်တည်ငြိမ်ငြိမ် ပြန်ရုပ်လိုက်သည်။ “ငါ အပေါ်တက်ကြည့်လိုက်ဦးမယ်”

ပိုင်ယို့ဝေသည်မျက်မှောင်ကြုတ်ကာ မျက်နှာကျက်ကို စိုက်ကြည့်လိုက်ပြီးနောက် ပျင်းရိစွာ ကျောလှည့်ကာ ပြတင်းပေါက်အပြင်ဘက်က ပူဒီနာရွက်များကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့ကို လျစ်လျူရှုထားသည်။

ရှန်မိုက သူမကို ခဏကြာအောင် ကြည့်ပြီး ဖန်ဘူးကို ချကာ ထွက်သွားသည်။

ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်။

ပိုင်ယို့ဝေက သူ့ကို ကျောပေးထားပြီး သူမ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေပြီးမှ စားပွဲပေါ်ရှိ ဖန်ဘူးကိုရောက်သွားသည်။

သူမက ဖန်ဘူးကို ကောက်ယူပြီး ထိုလူက လက်တစ်ဖက်တည်းနှင့် ကိုင်နိုင်တာကို တွေးမိသည့်အခါ သူမလက်နှင့် ယှဉ်ကြည့်ပြီး သူ သောက်ခဲ့သည့်နေရာနားကို ပိုကပ်ကာ ညင်သာစွာ ရှူလိုက်သည်။

အနံ့မရှိပေ။

သူမက သူမ၏ ပိန်သွယ်ဖြူဖွေးသော လက်ချောင်းများကို ဆန့်ထုတ်ကာ ဖန်ပုလင်းထဲမှ ပူဒီနာရွက်တစ်ရွက်ကို ယူပြီး ပါးစပ်ထဲထည့် ဝါးလိုက်သည်။

သူမရှိတော့ ပျင်းသလိုလို ခံစားရတယ်…

……………

အခန်း (၇၂) စကား‌ပြောခြင်း

ရှန်မိုသည် ခဏအကြာတွင် ပြန်ရောက်လာသည်။

သူ့နောက်တွင် ဆရာချန်းနှင့် တန်ရှောင်တို့ ပါလာသည်။

ထိုစဉ် ပိုင်ယို့ဝေက အပေါ်ထပ်တွင် ဘာတွေဖြစ်နေသည်ကို မေးရန်ပြင်နေချိန်တွင် လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။ ဒုန်းဒုန်းဒုန်း၊ ဒုန်းဒုန်းဒုန်း...

ကျောင်းသားနှစ်ဦးက သူ့နောက်မှလိုက်ကာ ဆန်တစ်အိတ်နှင့် ခေါက်ဆွဲတစ်အိတ်ကို အဆောင်ထဲသို့ သယ်လာပြီးပြောသည်။ "ဆရာချန်း၊ အစ်ကိုရှောင်၊ ကျေးဇူးတင်ပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ လက်ဆောင်လေးတွေပါ၊ လက်ခံပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။"

သူတို့က အမြန်ပြောပြီး လှည့်ထွက်ကာ အပေါ်ထပ်သို့ ပြေးတက်သွားကြပြီး မည်သူ့ကိုမျှ ငြင်းပယ်ခွင့်ပင် မပေးတော့ပေ။

ပိုင်ယို့ဝေက စိုက်ကြည့်ပြီးမေးသည်။ "ဘာတွေဖြစ်နေတာလဲ"

ခုနကမှ တန်ရှောင်ကို အရမ်းရွံနေခဲ့တာ၊ အခုကျတော့ "အစ်ကိုရှောင်" "အစ်ကိုရှောင်" လို့ ခေါ်နေကြတာလား။

သူမက ဗီလိန်ဇာတ်ကောင် ဆက်လုပ်လို့ ဘယ်လိုလုပ်ရပါ့မလဲ။

"သူတို့ ကျောင်းသားတစ်ယောက် ဒဏ်ရာရထားလို့ ဆရာချန်းက ရွှံ့စေးနဲ့ ကုပေးလိုက်တာ" ရှန်မိုက ခေတ္တရပ်ပြီးနောက် "သူက ဂိမ်းထဲမှာ ဒဏ်ရာရခဲ့တာ"

ပိုင်ယို့ဝေက မေးသည်။ "ပြင်းထန်လား"

တန်ရှောင်က လက်ဖြင့် ဟန်ပန်ပြပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ "ခန္ဓာကိုယ်မှာ သွေးထွက်နေတဲ့ ဒဏ်ရာကြီးက အဲ့လောက်တောင် ကြီးနေတာ။ ဘယ်လို တိရစ္ဆာန်ကိုက်တာလဲ မသိဘူး။ အသက်ရှင်နေသေးတာတောင် အံ့ဩစရာပဲ။"

"အို..." ပိုင်ယို့ဝေက ခေါင်းစောင်းကာ ခဏစဉ်းစားပြီး "သူတို့ ဂိမ်းထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်တယ်ဆိုတော့ ဂိမ်းပြီးပြီလို့ ဆိုလိုတာပေါ့... သူတို့မှာ ပစ္စည်းတွေ ရှိလား။ ဘယ်လို ပစ္စည်းမျိုးလဲ။"

တန်ရှောင်မှာ မှင်သက်သွားသည်။ သူ ဒါကို မမျှော်လင့်ခဲ့ပေ။

သူ့မျက်နှာအမူအရာကို မြင်သည့်အခါ ပိုင်ယို့ဝေက မျက်လုံးလှန်ချင်မိအောင် ဖြစ်သွားပြီး "ရှင်တို့က တော်လိုက်တာ၊ သူတို့ ဘယ်လိုပစ္စည်းတွေ ရှိလဲဆိုတာ မသိရသေးခင် ရှင်တို့ပစ္စည်းတွေကို အရင်ဖော်ထုတ်လိုက်ပြီ"

ဆရာချန်းက အားနာဟန်ဖြင့် "အရေးပေါ်အခြေအနေမို့လို့ပါ..."

ပိုင်ယို့ဝေက ပေးထားသည့် ရွှံ့စေးကို သူမအား မပြောဘဲ သုံးမိခြင်းနှင့် မည်သည့်အချက်အလက်မှ မရရှိသေးခြင်းတို့ကြောင့် ဆရာချန်းသည် အနည်းငယ် အားနာနေသည်။

"ထားလိုက်တော့" ပိုင်ယို့ဝေက ပျင်းရိစွာ ပြောသည်။ "ရှင်တို့ဆီကနေ အချက်အလက်ရဖို့ မျှော်လင့်မိတာ ကျွန်မအမှားပဲ။ ကျွန်မက အရမ်းရိုးအပြီး ချစ်စရာကောင်းနေတာ"

တန်ရှောင်: “...”

ဆရာချန်း: “...”

စကားများ ဆွံ့အပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

ရှန်မိုကတော့ ကျင့်သားရနေပြီဖြစ်သည်။ သူတို့နှစ်ဦးကို ကြည့်ပြီး သူတို့အတွက် ပြောလိုက်သည်။ "ဘာမှမသိရတာ မဟုတ်ပါဘူး။ ငါအပေါ်ထပ်ကို တက်သွားတုန်းက ဆရာချန်းနဲ့ တုဆိုတဲ့ ဆရာမက စကားကောင်းနေကြတာ "

ပိုင်ယို့ဝေ: "အဲ့ဒီမိန်းမ နာမည်က တု လား။"

ဆရာချန်းက လျင်မြန်စွာ ပြန်ဖြေသည်။ "သူတို့က တုမျိုးနွယ်၊ နာမည်က တုဒန်။ ဟန်ကျိုးအလယ်တန်းကျောင်းက ဆရာမပါ။ အဲ့ဒီကလေးတွေက သူ့အတန်းက ကျောင်းသားတွေ၊ အထက်တန်းပထမနှစ်။ သူတို့လည်း ယန်ကျိုးကို ခိုလှုံဖို့ လာကြတာ။ ဒါပေမဲ့ ယန်ကျိုးမှာ မြူတွေအရမ်းထူတော့ အားလုံး ထွက်ပြေးကြတယ်။ ဆရာမတုက ဒဏ်ရာရထားတဲ့ ကျောင်းသားကို သယ်လာတာမို့လို့ သင်္ဘောပေါ်တက်ဖို့ အဆင်မပြေဘူး။ ဒါကြောင့် ဒီမှာ ရက်နည်းနည်းနေပြီး ဒဏ်ရာသက်သာအောင် ဆေးရှာနေတာ"

သူက တစ်ခါတည်း ပြောပြီး ပိုင်ယို့ဝေကို ကြည့်လိုက်သည်။

ပိုင်ယို့ဝေ: "အို..."

ဆရာချန်းနှင့် တန်ရှောင်တို့ နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြသည်။

ပိုင်ယို့ဝေ: "နောက်နေတာလား"

ဆရာချန်း: “???”

ရိုးအသည့် အဖိုးက မှင်သက်သွားပြီး ခဏတာမျှ ဘာမှမတုံ့ပြန်နိုင်ပေ။

"ကျောင်းသားတစ်ယောက် ဒဏ်ရာရပြီး သင်္ဘောပေါ်မတက်နိုင်လို့ ကျန်တဲ့ကျောင်းသားအားလုံးကို ထွက်သွားဖို့လက်လျှော့ပြီး သူ့နဲ့အတူ နေဖို့ ပြောတာက ဆရာတစ်ယောက် လုပ်မယ့် ကိစ္စလား" ပိုင်ယို့ဝေက သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်သည်။ "ကျောင်းသားတစ်ဒါဇင်ကျော်က ဒီမှာ စောင့်နေတာ။ တခြားရည်ရွယ်ချက် မရှိဘူးလို့ ပြောရင် ကျွန်မ မယုံဘူး"

အခန်းထဲရှိ မည်သူမျှ စကားမပြောကြပေ။

သူတို့ ပြောဖို့ ရှက်နေပုံရသည်။

ပိုင်ယို့ဝေက သူတို့ကို မထီမဲ့မြင်ကြည့်ပြီး ပျင်းရိစွာ ပြောလိုက်သည်။ "ထားလိုက်ပါ၊ သူတို့ ကျွန်မကို မနှောင့်ယှက်သရွေ့ သူတို့ ဘာလုပ်လုပ် လုပ်ကြပါစေ"

ဆရာချန်းက နောက်ဆုံးတွင် တုံ့ပြန်ပြီး "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဆရာမတုက အရမ်းတာဝန်ယူတတ်တဲ့လူလို့ထင်တယ်။ သူက ကျောင်းသားတွေကိုလည်း မထိခိုက်စေဘူး ငါတို့ကိုလည်း ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး"

"အဖိုးချန်း၊ လူ့စိတ်ဆိုတာက ဝမ်းထဲမှာ ဖုံးကွယ်ထားတာ" တန်ရှောင်က ဆရာချန်း၏ ပခုံးကို လေးနက်သော အမူအရာဖြင့် ပုတ်ကာ "ကျွန်တော်တို့ အပြင်လောကမှာ ရှိနေရင် အရေးအကြီးဆုံးက စကားတစ်လုံးပဲ။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏တဲ့"

ဒီတစ်ကြိမ်မှာတော့ ပိုင်ယို့ဝေက မျက်လုံးလှန်ဖို့တောင် ပျင်းနေပြီဖြစ်သည်။

စကားလုံးက ဘယ်နှလုံး ရှိတာလဲ။ ကျေးဇူးပြုပြီး ပြန်ရေပေးပါဦး။

ရှန်မိုက ရုတ်တရက် ပြောလိုက်သည်။"တစ်ယောက်ယောက် လာနေပြီ"

အားလုံး မှင်သက်သွားကြပြီးနောက် တိတ်ဆိတ်သွားသည်။

ခြေသံများ နီးလာတာကို ကြားရပြီးနောက် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဆရာမတုက တံခါးအပြင်ဘက်မှ တိုးတိုးလေး မေးသည်။ "မစ္စတာရှန်၊ ကျွန်မ ဝင်လာပြီး ခဏ စကားပြောလို့ ရမလား "

…………..

All Chapters