အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း ၇၃ စကားပြောခြင်းဂိမ်း
အခန်းထဲကလူများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
နောက်ဆုံးတော့ ရှန်မိုက လက်လှမ်းပြီး အဆောင်တံခါးကို ဖွင့်လိုက်သည်။
တုဒန်က တံခါးအပြင်ဘက်မှာ စိတ်ကိုပြင်ဆင်ထားသော်လည်း တံခါးဖွင့်လိုက်သည့်အခါမှာတော့ တုန်လှုပ်သွားခဲ့သည်။
တကယ်ပါပဲ...
ပိုင်ယို့ဝေအိပ်နေသည့် နှစ်ထပ်ခုတင်ကို မြင်သည့်အခါ သူမအံ့ဩသွားသည်။
သို့သော် မသန်မစွမ်းကောင်မလေးတစ်ယောက်အတွက် ဒီလောက်ထိ ဒုက္ခခံပြီး ကူညီပေးတာက သူမ၏ဆုံးဖြတ်ချက်မှန်ကန်ကြောင်းနှင့် ဒီအဖွဲ့ထဲကလူများဟာ ယုံကြည်စိတ်ချရကြောင်း ထပ်မံသက်သေပြလိုက်တာပဲဖြစ်သည်။
တုဒန်က မြန်မြန်ဆန်ဆန်ပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အခန်းထဲကို တည်တည်ငြိမ်ငြိမ်ပဲ ဝင်လာခဲ့သည်။
“ဘာကိစ္စများရှိလို့လဲ” ရှန်မိုက တည်ငြိမ်စွာ မေးသည်။
တကယ်တော့ သူက ဒီလူရောက်လာရသည့် ရည်ရွယ်ချက်၏ ၇၀% လောက်ကို ခန့်မှန်းပြီးသားဖြစ်သော်လည်း ပုံမှန်အတိုင်း မေးမြန်းကြည့်ရဦးမည်။
တုဒန်က သူတို့ကိုကြည့်ပြီး နောက်ဆုံးတော့ နံရံကိုမှီထောင်ထားသည့် ဆန်အိတ်ဆီကို အကြည့်ရောက်သွားသည်။ သူမက တောင်းပန်သည့်မျက်နှာနှင့် “ခုနက... ဆရာချန်းက ကျန်းထျန်းယန်ကို သုံးစရာတစ်ခု ပေးလိုက်တယ်။ ဂိမ်းထဲကပစ္စည်းတစ်ခု ဖြစ်ရမယ်။ တကယ်တော့ ဒီလိုတန်ဖိုးရှိတဲ့ပစ္စည်းကို သုံးစေရတာကို စိတ်မကောင်းဘူး။ အရမ်းကျေးဇူးတင်သင့်တာ၊ ဒါပေမဲ့ အခုချိန်မှာ စားစရာအပြင် ကျေးဇူးတင်ဖို့ ဘာပေးရမှန်းမသိဘူး။ တကယ်ကို စိတ်မကောင်းပါဘူး”
သူမကပြောရင်းနှင့် လူတိုင်းကို ရိုးရိုးသားသား ဦးညွှတ်အရိုအသေပြုသည်။
တန်ရှောင်က ဒီလောက်ကြီးမားသည့်လက်ဆောင်ကို တစ်ခါမှမရဖူးတာကြောင့် အံ့အားသင့်သွားသည်။
ချန်းဝေခိုင်က သူမကို အမြန်သွားကူညီရင်း “ခင်ဗျားက တကယ်ကို အတည်ကြီးလုပ်နေတာပဲ။ ကလေးက ဒီလောက်ဒဏ်ရာအပြင်းအထန်ရနေတာကို ကျွန်တော်တို့ ဘယ်လိုလုပ် မကူညီဘဲ ကြည့်နေနိုင်မှာလဲ။ သူ အဆင်ပြေရဲ့လား”
“ဟုတ်ကဲ့ သူ အခုလုံးဝပျောက်ကင်းသွားပြီ” တုဒန်က ပြုံးပြီးပြောသည်။ “သူ ကိုယ်တိုင်ဆင်းလာပြီး ကျေးဇူးတင်ချင်တာ ဒါပေမဲ့ သူက အခုရက်ပိုင်း အိပ်ရာထဲလဲနေပြီး ကောင်းကောင်းမစားရသေးဘူး။ အခု ဒဏ်ရာပျောက်သွားပေမယ့် အားနည်းနေတုန်းပဲလေ။ ဒါကြောင့် အဆောင်မှာပဲ အနားယူခိုင်းထားတာ”
“ကောင်းကောင်းအနားယူသင့်တာပေါ့။ သူ့ကို စိတ်အေးချမ်းအောင် အနားယူခိုင်းလိုက်ပါ။ ကျန်းမာရေးက အရေးအကြီးဆုံးပဲ” ဆရာချန်းက ပြောသည်။
တုဒန်က ပြုံးပြီး ခေါင်းညိတ်ပြကာ ရှန်မိုကိုကြည့်ရင်း “ကျွန်မကျောင်းသားတွေနဲ့ ကျွန်မမှာ ရှင်တို့ကို ကူညီပေးဖို့ ပစ္စည်းတွေ မရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဂိမ်းအကြောင်းကို အတူတူ ဆွေးနွေးလို့ရတယ်၊ နောင်မှာ အထောက်အကူဖြစ်နိုင်ပါတယ်”
အဓိကအချက်ကို ရောက်လာပြီဖြစ်သည်။
ရှန်မိုက ပိုင်ယို့ဝေကို တစ်ချက်ကြည့်လိုက်သည်။
သူမက ခုတင်ပေါ်မှာ ပျင်းရိစွာ မှီနေပြီး ခေါင်းကိုငုံ့ထားကာ စကားတစ်ခွန်းမှမပြောဘဲ ဒီအဖွဲ့ထဲက မဟုတ်သလိုမျိုး နေနေသည်။ သို့သော် ရှန်မိုက သူမဟာ ဆရာမ၏လှုပ်ရှားမှုအသေးစိတ်တိုင်းကို အာရုံစိုက်နေသည်ဟု သေချာသိသည်။
“ဆရာမကျောင်းသားတွေ ဒဏ်ရာအပြင်းအထန်ရတာ ဂိမ်းက အရမ်းအန္တရာယ်များလို့လား” ရှန်မိုက မေးသည်။
“ဘယ်ဂိမ်းက အန္တရာယ်မများလို့လဲ” တုဒန်က ခါးသီးစွာပြုံးရင်း “ဒါပေမဲ့ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက... ဂိမ်းကြောင့်မဟုတ်ဘဲ တခြားကစားသမားတစ်ယောက်ကြောင့် ဖြစ်တာ...”
“မဖြစ်နိုင်တာ” တန်ရှောင်က ဖြတ်ပြောသည်။ “သူ့ဒဏ်ရာက တိရစ္ဆာန်ကိုက်ထားတဲ့ပုံစံပဲ”
“တိရစ္ဆာန်တွေ ကိုက်တာတော့ အမှန်ပဲ...” တုဒန်၏မျက်နှာမှာ ထိုအကြောင်းပြောသောအခါ ရုပ်ပျက်သွားသည်။ “အဲ့ဒီကစားသမားမှာ ကြမ်းတမ်းတဲ့သားရဲတွေကို ဆင့်ခေါ်နိုင်တဲ့ ပစ္စည်းတစ်ခုရှိတယ်။ သူက ကျွန်မကျောင်းသားအများကြီးကို ကိုက်သတ်ပစ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မ၊ ကျန်းထျန်းယန်နဲ့ အဲ့ဒီကစားသမားပဲ ဂိမ်းကို ပြီးဆုံးအောင် ကစားနိုင်ခဲ့တယ်”
ရှန်မို- “အပေါ်ထပ်က ကျောင်းသားတွေ ဂိမ်းထဲမဝင်ခဲ့ဘူးလား”
တုဒန်က ခေါင်းခါသည်။ “မဝင်ခဲ့ဘူး၊ ဂိမ်းထဲဝင်နိုင်တဲ့ လူအရေအတွက် အများဆုံးက သုံးယောက်ပဲ။ အများဆုံးအရေအတွက် ရောက်တာနဲ့ ဂိမ်းဧရိယာကို အလိုအလျောက်ပိတ်လိုက်တယ်။ ဘယ်သူမှ ထပ်ဝင်လို့မရတော့ဘူး”
ရှန်မိုက ထပ်မေးသည်။ “ဂိမ်းရဲ့ ခေါင်းစဉ်က ဘာလဲ”
“သူတို့က မှိုကောက်တဲ့ ကလေးတွေ” တုဒန်က အရာအားလုံးကို သိသည့်အလား တည်တည်ငြိမ်ငြိမ်ပြောပြသည်။ “ဂိမ်းထဲဝင်ပြီးတာနဲ့ ကစားသမားတွေကို အခန်းတစ်ခန်းထဲမှာ ပိတ်လှောင်ထားမယ်။ အခန်းတံခါးက မနက်အလင်းရောင်ရောက်မှပဲ ပွင့်မယ်။ ဒါက နှစ်နာရီတစ်ခါ ဖြစ်တယ်။ မနက်အလင်းရောင်ရောက်တာနဲ့ ကစားသမားတွေက မှိုကောက်ဖို့ အပြင်ထွက်ပြီး အခန်းထဲက ဝါးခြင်းကို မှိုတွေနဲ့ အပြည့်ဖြည့်ရမယ်။ ဒါမှ ဂိမ်းပြီးဆုံးမယ်”
မှိုကောက်တာလား?
အခန်းထဲကလူများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
အနည်းဆုံးတော့ ဒီဂိမ်းသည် သူတို့၏ ဖားနှင့် ဖားလောင်းစစ်ပွဲထက် ပိုနွေးထွေးသည့်ပုံတော့ရသည်။
…………
အခန်း ၇၄ ဂိမ်းတည်ရှိမှု၏ အနှစ်သာရ
“ဒီဂိမ်းထဲမှာ မပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော အချက်က ရာသီဥတုပဲ”
တုဒန်က လေးလေးနက်နက် ပြောသည်။
“ရာသီဥတုကို သေချာဂရုစိုက်ရမယ်။ မှိုတွေ ပေါ်လာတဲ့အချိန်က ရာသီဥတုအပေါ် မူတည်ပြီး ကွဲပြားတယ်။ ကစားသမားတွေက အပြင်ထွက်ဖို့ အချိန်ကာလကို ကြိုတင်ရွေးချယ်ရတယ်။ ဥပမာ၊ မနက်အလင်းရောင်က မိနစ် ၃၀ ကြာမယ်ဆိုရင် မှိုကောက်ဖို့ မိနစ် ၁၀ ပဲရမယ်ဆိုရင် ပထမဆုံး မိနစ် ၁၀၊ အလယ် မိနစ် ၁၀ ဒါမှမဟုတ် နောက်ဆုံး မိနစ် ၁၀ ထဲက ရွေးချယ်ရတယ်။
အချိန် မှားရွေးချယ်လိုက်တာနဲ့ မှိုတွေက ပေါက်မှာမဟုတ်ဘူး။ ဒါမှမဟုတ်လည်း ညှိုးခြောက်သွားလိမ့်မယ်။ ဒါဆိုရင် မှိုကောက်လို့ မရတော့ဘဲ အဲ့ဒီအချီက ရှုံးတာပဲ။”
သူမက တတ်နိုင်သမျှ ပြည့်စုံအောင် ရှင်းပြပြီး ရှန်မိုတို့အဖွဲ့ကို ပြောသည်။ “မှိုကောက်တာ မအောင်မြင်ရင် အပြစ်ပေးခံရတဲ့အနေနဲ့ ခန္ဓာကိုယ်က မြေကြီးထဲကို နည်းနည်းမြုပ်သွားလိမ့်မယ်။ အများဆုံး သုံးကြိမ်ပဲ ကျရှုံးခွင့်ရှိတယ်။ စတုတ္ထအကြိမ် ကျရှုံးရင်... ခန္ဓာကိုယ်က မြေကြီးထဲမှာ မြုပ်ပြီး ဆွဲထုတ်လို့မရတော့ဘူး၊ ပြီးရင်... မှိုအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
အရင်ပြောတာတွေက ပုံမှန်ဖြစ်သော်လည်း နောက်ဆုံးစကားကတော့ ကြောက်စရာကောင်းသည်။
တန်ရှောင်သည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားသည်။ သူက ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး မယုံနိုင်စွာ ပြောသည်။ “မှိုအဖြစ် ပြောင်းလဲသွားတာလား။ လူခေါင်းမှိုလား”
တုဒန်၏ မျက်နှာအမူအရာက အနည်းငယ် စိတ်လွတ်သလိုဖြစ်နေသည်။ ထိုအချိန်က မြင်ကွင်းကို ပြန်လည်အမှတ်ရနေသကဲ့သို့ ဖြစ်နေသည်။ “...ကျုံ့သွားမယ်... မြေကြီးက အစိုဓာတ်ကို စုပ်ယူသလိုပဲ လူက ပိုသေးပြီးသေးလာမယ်၊ ပြီးရင် မှိုမျှင်တွေ ပေါက်လာမယ်”
“နောက်ဆုံးတော့ ဘယ်လို အဆင့်အောင်သွားတာလဲ” ရှန်မိုက သူမ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
တုဒန်က ရုတ်တရက် သတိပြန်ဝင်လာပြီး “...ရာသီဥတုနဲ့ ပတ်သက်နေတာပဲ။ ကျွန်မတို့ အချိန်ကို ဘယ်လို ခွဲဝေသုံးစွဲရမယ်ဆိုတာကို ဂရုစိုက်ရမယ်။ မှိုရှာဖို့ အပြင်ထွက်တဲ့ မိနစ် ၁၀ ကို အကုန်သုံးလို့မရဘူး။ နောက်အချီ ရာသီဥတုကို ခန့်မှန်းဖို့ အချိန်ချန်ထားရမယ်။ ကောင်းကင်အရောင်၊ တိမ်တွေ၊ အပူချိန်၊ မြေပြင်ပေါ်က ပုရွက်ဆိတ်တွေအထိ အသေးစိတ်တိုင်းမှာ ရာသီဥတုပြောင်းလဲမှုရဲ့ သဲလွန်စတွေ ပါနိုင်တယ်”
ရှန်မိုက ခေါင်းညိတ်သည်။ “နားလည်ပြီ”
ဒီလိုဆိုလျှင် ဒီလိုမျိုး ဂိမ်းခေါင်းစဉ်တွေနှင့် ကြုံလာလျှင် သူတို့ ဘာရှာရမည်ဆိုတာ သိသွားလိမ့်မည်ဖြစ်သည်။
“ရှင်တို့ရော” တုဒန်က ပုံမှန်အတိုင်း မေးသည်။ “ရှင်တို့ရဲ့ ပစ္စည်းတွေက အရမ်းလက်တွေ့ကျတယ်။ ဒီတော့ ဂိမ်းရဲ့ အန္တရာယ်အဆင့်က အရမ်းမြင့်ရမှာပဲ မဟုတ်လား”
“ဟုတ်တယ်၊ အရမ်းမြင့်တာပေါ့!!!” ဒီမေးခွန်းကို ကြားသည့်အခါ တန်ရှောင်က ရူးသွပ်စွာဖြင့် မညည်းတွားဘဲ မနေနိုင်တော့ပေ။ “ကျွန်တော်တို့ ဒီလိုမျိုး ဖားပြုပ်ကြီးနဲ့ ကြုံခဲ့ရတာ။ ငါးထပ်၊ ခြောက်ထပ် အဆောက်အအုံလောက် မြင့်တာ၊ ယုံနိုင်လား။ ကျွန်တော်တို့ကို ပိုးမွှားလို စားပစ်တာ၊ သူ့လျှာက တဂျွတ်ဂျွတ်နဲ့...”
တန်ရှောင်က ဘာမှ နှစ်ခါမစဉ်းစားဘဲ ဂိမ်းထဲမှာ ဖြစ်ခဲ့သမျှ အရာအားလုံးကို ပဲသွန်ချသကဲ့သို့ ဖွင့်ထုတ်ပစ်လိုက်သည်။
ဆရာချန်းက တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရသည်။ သို့သော် တုဒန်က ကျောင်းသားအများကြီး ခေါ်လာတာကို စဉ်းစားလိုက်သည့်အခါ သူတို့လည်း “ဖားရဲ့ ရွှေဘောလုံး” နှင့်ကြုံလာလျှင် သဲလွန်စများများသိထားတာက အသက်ရှင်ဖို့ အခွင့်အရေး ပိုများစေလိမ့်မည်။
ထို့နောက်...
ဆရာချန်းက ရှန်မိုနဲ့ ပိုင်ယို့ဝေကို သတိထားပြီး ကြည့်လိုက်သည်။
သူတို့နှစ်ယောက်စလုံးက ဘာမှ မတားဆီးကြပေ။
တုဒန်က ဂရုတစိုက် နားထောင်သည်။
ရှန်မိုနှင့်သူ့အဖွဲ့က လိုအပ်သည့်အမှတ်တွေ တွက်ချက်ပြီး ဂိမ်းကို ပြီးမြောက်အောင် ကစားခဲ့သည့်ဆိုတာ သိလိုက်ရသည့်အခါ သူမ မျက်နှာတွင် နောင်တအချို့ ပေါ်လာသည်ကို မထိန်းနိုင်တော့ပေ။
သူမ နည်းလမ်းကို သိသော်လည်း လိုအပ်သည့်တွက်ချက်မှုက... သူမနှင့်သူမကျောင်းသားတွေထဲက ဘယ်သူမှ တွက်ချက်နိုင်လိမ့်မည်ဟု မထင်ပေ။
တုဒန်က သူ့ကိုယ်သူ အားတင်းပြီး ပြုံးကာပြောသည်။ “ဒါကို သိရတာ ပိုယုံကြည်မှုရှိလာတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်စလုံး နောက်ထပ် ဂိမ်းတွေနဲ့ မကြုံတွေ့ရဖို့ မျှော်လင့်ပါတယ်”
ဒါက အမှန်တရားပဲ။
ဆရာချန်းက သက်ပြင်းချရင်း “အခု အင်တာနက်မရှိတာ ဝမ်းနည်းစရာပဲ။ လူတိုင်း သူတို့ကြုံတွေ့ခဲ့ရတဲ့ ဂိမ်းတွေအကြောင်း ပြောပြနိုင်ရင် လူသားတွေရဲ့ အသက်ရှင်နှုန်းက သေချာပေါက် အများကြီး တိုးတက်လာလိမ့်မယ်”
“ဒါက မဖြစ်နိုင်ဘူး” တောက်လျှောက် တိတ်ဆိတ်နေခဲ့သည့် ပိုင်ယို့ဝေက ဒီအချိန်မှာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အားလုံးက သူမကို ကြည့်လိုက်ကြသည်။
တုဒန်ကလည်း စူးစမ်းသော အကြည့်ဖြင့် သူမကို ကြည့်သည်။
ဆရာချန်းက ရှုပ်ထွေးစွာ မေးသည်။ “သတင်းအချက်အလက်တွေ ဝေမျှတာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီတာ ကောင်းတာပဲ မဟုတ်ဘူးလား”
ပိုင်ယို့ဝေက သူမလက်နှင့်မေးစေ့ကို ထောက်ထားပြီး လက်တစ်ဖက်ကို ကုတင်ဘေးက စားပွဲပေါ်တင်ထားကာ ဖြည်းဖြည်းချင်း ပြောသည်။ “ကောင်းတယ်လို့တော့ ထင်ရတာပေါ့။ ဒါပေမဲ့ ဆရာချန်း ဆရာအရမ်းအရေးကြီးတဲ့ အချက်တစ်ခုကို မေ့နေပြီ။ ဂိမ်းတွေရဲ့ တည်ရှိမှုရဲ့ အနှစ်သာရက ဘာလဲ”
…………….
အခန်း ၇၅ ရက်စက်ကြမ်းကြုတ်သူတစ်ဦး
...ဂိမ်းတွေတည်ရှိမှုရဲ့ အနှစ်သာရလား?
ချန်းဝေခိုင် အံ့အားသင့်သွားသည်။
“ဒါက ပြိုင်ဆိုင်မှုပါ ဆရာချန်း” ပိုင်ယို့ဝေက ညင်သာစွာ သက်ပြင်းချသည်။ သူမ ချန်းဝေခိုင်နှင့် တုဒန်ကို ကြည့်ပုံက မသိနားမလည်သည့် ကလေးနှစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်သည်။
“လူအုပ်စုတစ်စုကို ဖယ်ရှားပြီး နောက်အုပ်စုတစ်စုကို အဆင့်တက်စေတာက ပြိုင်ဆိုင်မှု မဟုတ်ရင် ဘာလဲ” ပိုင်ယို့ဝေက ဖြည်းဖြည်းချင်းပြောသည်။ “ဆုပစ္စည်းတွေက ယှဉ်ပြိုင်နိုင်စွမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။ လူတိုင်းမှာ ဖားရွှံ့ ရှိမယ်ဆိုရင် ဆရာချန်း၊ ဆရာ့မှာ နောက်ပိုင်း ဂိမ်းထဲမှာ ကြီးမားတဲ့အားသာချက်ကို ဆုံးရှုံးသွားလိမ့်မယ်”
တုဒန်က ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး အသံကို နှိမ့်လိုက်သည်။ “ဟုတ်တယ်... မှန်တယ်။ လူတိုင်း စာမေးပွဲ အတူဖြေသလိုပဲ။ သူတို့ထဲက တချို့က မေးခွန်းတစ်ခုရဲ့ အဖြေကို သိတယ်ဆိုရင် ဒါက သူတို့ရဲ့ အမှတ်ရဖို့ အားသာချက် ဖြစ်သွားတယ်။ ဒါပေမဲ့ လူတိုင်းသိသွားရင် အားသာချက်က ပျောက်ကွယ်သွားပြီ”
လူတွေက ဒီအချက်ကို သဘောပေါက်တာနှင့်သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ ဘယ်တော့မှ ဝေမျှတော့မှာ မဟုတ်ပေ။
ဘာလို့လဲဆိုလျှင် နောက်ထပ်ဂိမ်းစသည့်အခါ သတင်းအချက်အလက် ဝေမျှသည့်သူက သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်လို့ပါပဲ။ အားသာချက်ကို ထိန်းသိမ်းဖို့အတွက် သင်က ဂိမ်းရဲ့ လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ထားရမယ်။
ဒါက အရမ်းရိုးရှင်းတဲ့ အမှန်တရားဖြစ်ပြီး ဒီနေရာမှာ ရှိနေတဲ့သူတွေ မတွေးမိတာတော့ မဟုတ်ပေ။ ကမ္ဘာကြီး၏ပုံမှန်မဟုတ်မှုတွေက အခုမှ စတင်နေတာဖြစ်ပြီး လူတိုင်းက “ချစ်ကြည်ရေးနှင့် အပြန်အလှန်ကူညီမှု” ဆိုသည့် ငြိမ်းချမ်းသည့်ကာလမှာ ရှိနေဆဲဖြစ်သည်။
ဟုတ်ပါသည်။ ကမ္ဘာပျက်ခေတ်မှာတောင် လူတွေဟာ ဆက်ပြီး မိတ်ဆွေတွေဖြစ်ရင်း အပြန်အလှန်ကူညီနိုင်ပါသေးသည်။
ကမ္ဘာပျက်ခေတ်တွင် ချစ်ကြည်ရေးနှင့်အပြန်အလှန်ကူညီမှုဆိုသည်မှာ ပိုပြီးရှားပါး၊ တန်ဖိုးရှိသည်။
ပိုင်ယို့ဝေက ရင်ခွင်ထဲက ယုန်ကို ပွတ်သပ်ရင်း ညင်သာစွာ သက်ပြင်းချသည်။ “ဟေး... အဲ့ဒီသားရဲတွေကို ဆင့်ခေါ်နိုင်တဲ့ ပစ္စည်းကို ဘယ်ဂိမ်းကနေ ရတာလဲ မသိဘူး။ အရမ်းလိုချင်တယ်”
တုဒန်က ပိုင်ယို့ဝေကို ပိုပြီး သတိထားသည့်အကြည့်နှင့်ကြည့်လိုက်သည်။
ဆယ်ကျော်သက်အရွယ်လောက်ပဲ ရှိသည့်ကောင်မလေးတစ်ယောက်က ဒီလိုစကားမျိုး ပြောရဲတာ... ပိုအရေးကြီးသည်က သူမ၏လေသံက အရမ်းကို ယုံကြည်မှုရှိပုံရသည်။
“ကျွန်မလည်း သေချာမသိဘူး။ သူတစ်ခါတုန်းက ကြောင်တစ်ကောင်ကို ဆင့်ခေါ်တယ်၊ နောက်တစ်ခါ ကျားတစ်ကောင်ကို ဆင့်ခေါပြီး ကျွန်မတို့ဆီက မှိုတွေကို လုသွားတယ်” တုဒန်က ပြောသည်။
ပိုင်ယို့ဝေက အနည်းငယ် ပျင်းရိနေပြီး သူမမေးစေ့ကို လက်နဲ့ထောက်ရင်း ပြောသည်။ “ဆရာမတု၊ ဆရာမရဲ့ တခြားဂိမ်းအကြောင်း ပြောပြပါဦး”
တုဒန်က အနည်းငယ် တုန်လှုပ်သွားသည်။
“ဘာဖြစ်လို့လဲ” ပိုင်ယို့ဝေက သူမကို ကြည့်သည်။ “ဆရာမ ဂိမ်းထဲတစ်ခါပဲ ဝင်ဖူးတယ်လို့ မပြောနဲ့နော်။ ခုနက ဆရာမပြောတယ် ‘အန္တရာယ်မရှိတဲ့ ဂိမ်းဆိုတာ မရှိဘူး’ တဲ့။ ဒီလေသံက ဂိမ်းထဲတစ်ခါပဲ ဝင်ဖူးတဲ့သူပြောတဲ့ လေသံမဟုတ်ဘူး”
တုဒန်၏ မျက်လုံးများက အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ပြူးကျယ်သွားသည်။
သူမ ဒီလိုစကားမျိုး ပြောမိခဲ့တာလား။ သူမကိုယ်တိုင်တောင် မမှတ်မိတော့ပေ။
ပိုင်ယို့ဝေ : “ဆရာမကိုယ်တိုင် ပြောခဲ့တာပါ။ ဆရာချန်းက ဆရာမကျောင်းသားတွေကို ပစ္စည်းနဲ့ ကယ်တင်ပေးလို့ ကျေးဇူးတင်တယ်။ ဆရာမတို့မှာ ကျွန်မတို့ကို ကူညီပေးနိုင်တဲ့ ပစ္စည်းတွေ မရှိတဲ့အတွက် ဆရာမက ကျွန်မတို့နဲ့ ဂိမ်းတွေအကြောင်း ပြောပြပြီး ကျေးဇူးဆပ်မယ်တဲ့။ ခုနက ဆရာမ ဂိမ်းတစ်ခုကို ဝေမျှခဲ့တယ်။ ကျွန်မတို့လည်း ဂိမ်းတစ်ခု ဝေမျှခဲ့တယ်။ ဒါကြောင့် သရေပဲပေါ့။ ဆရာမသာ ကျေးဇူးတင်ကြောင်း ထပ်ပြီး ဖော်ပြချင်သေးတယ်ဆိုရင် နောက်ထပ်ဂိမ်းတစ်ခုအကြောင်း ပြောပြရမှာပေါ့။ ဒါကမှ ပြန်ဆပ်တယ်ဆိုတဲ့ စကားနဲ့ ကိုက်ညီတယ် မဟုတ်ဘူးလား”
တုဒန်- “…”
ရက်စက်သည့်လူတစ်ယောက်နှင့် တွေ့မိပုံရသည်။
ဒီတစ်ခါတော့ တုဒန်သည် ကျေးဇူးတင်ကြောင်းအပါအဝင် ကိုယ်တိုင်ဆင်းလာပြီး သူမ၏ရိုးသားမှုကို ပြသဖို့နှင့် ရှန်မိုတို့အဖွဲ့နှင့် ခင်မင်ရင်းနှီးပြီး သဟဇာတဖြစ်သည့် ဆက်ဆံရေး တည်ဆောက်ဖို့အတွက် သူမကြုံတွေ့ခဲ့ရသည့် ဂိမ်းကို ထုတ်ဖော်ပြောခဲ့တာဖြစ်သည်။
သို့သော် ပိုင်ယို့ဝေက ဖြတ်တောက်လိုက်တာကြောင့် သူမက တစ်ခုခုကို တမင်တကာ ဖုံးကွယ်ထားသလို ဖြစ်သွားသည်။ ဒီခရီးစဉ်က မျှော်မှန်းထားသည့် ရလဒ်တွေ မရရှိရုံသာမက သံသယတွေပါ ချန်ထားခဲ့လိမ့်မည်ဖြစ်သည်။
အဖြူစင်ဆုံးနှင့် ရိုးသားသည့်ဆရာချန်းတောင် ဒီကိစ္စကြောင့် သူမ၏ ရိုးသားမှုကို သံသယဝင်သွားလိမ့်မည်ဖြစ်သည်။
သူမက သူမရှေ့က လူများကို စော်ကားမိတာကို ဂရုမစိုက်တာမှမဟုတ်လျှင်တော့... သူမ တကယ်ကို ပြောရတော့မည်။
တုဒန် ခဏတာ တိတ်ဆိတ်သွားပြီး စိတ်ထဲမှာ စဉ်းစားနေသည်။
တန်ရှောင်နဲ့ ဆရာချန်းတို့က သူမကို စူးစမ်းစွာ ကြည့်နေကြသည်။
“ဆရာမတု...” ဆရာချန်းက အံ့အားသင့်စွာ မေးသည်။ “ဆရာမနဲ့ ဆရာမကျောင်းသားတွေ ဂိမ်းတွေ အများကြီး ကြုံခဲ့ရတာလား”
“အံ့ဩစရာပဲ” တန်ရှောင်လည်း အာမေဋိတ်ပြုသည်။ “ကျွန်တော် ပထမဆုံးအကြိမ် ကြုံရတုန်းက အသက်ပါ သေလုနီးပါးပဲ။ ဆရာမ ဒီလောက် ယဉ်ကျေးသိမ်မွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
တုဒန်က နောက်ဆုံးတော့ ခါးခါးသီးသီး ပြုံးလိုက်ပြီး ပြန်ဖြေသည်။ “ရှင်တို့ဆီက ဖုံးကွယ်ထားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ ဒီဂိမ်းက... ကျွန်မ ပြောပြရင်တောင် ရှင်တို့ကို အကူအညီ ဖြစ်မှာမဟုတ်လို့ပါ”
………………….