← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆) ကျေးဇူးတင်စကား

တုဒန်က ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် နောက်ဆုံးတော့ ဂိမ်းအကြောင်း ပြောပြလိုက်သည်။

ထိုနေ့က သူမ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ စာသင်နေစဥ် ရုတ်တရက် ခေါင်းလောင်းသံ မြည်လာသည်။ ထို့နောက် ကျောင်းအုပ်ကြီးက စင်္ကြံထဲကို ပြေးဝင်လာပြီး လူတိုင်းကို အောက်ထပ်ဆင်းဖို့ အော်ခေါ်နေသည်။ တစ်ခုခု ဖြစ်နေတာကြောင့် လူတိုင်း အရေးပေါ် ထွက်ခွာရမည်ဟု ပြောသည်။

သူမက ကျောင်းသားများကို ချက်ချင်း ကစားကွင်းကို ခေါ်သွားပြီး စုဝေးစေသည်။ နေကလည်း အရမ်းပူပြီး ကျောင်းသားတွေက ဘာဖြစ်နေမှန်းလည်းမသိတာကြောင့် ညည်းညူနေကြသည်။

သူမက ကျောင်းသားများကို နှစ်သိမ့်ရင်း အခြားဆရာမတွေကို ဘာဖြစ်နေလဲ မေးမြန်းရသည်။

မြို့လယ်တွင် လူစားသည့် မြူခိုးဖြူများ ပေါ်လာပြီး အလျင်အမြန် ပျံ့နှံ့နေသည်ဟုဆိုသည်။ ဌာနအသီးသီးက လူတွေကို ရွှေ့ပြောင်းဖို့ စီစဉ်နေကြသည်။

လူတိုင်းက ကျောင်းကနေ ကျောင်းသားများကို ပို့ဆောင်ပေးရန် ယာဉ်များစီစဉ်ပေးသည်ကို စောင့်နေကြသည်။ နောက်ဆုံးတော့ ဘတ်စ်ကားအနည်းငယ် ရောက်လာသည်။ သို့သော် ကားပေါ်မတက်ခင် တစ်ခုခု ဖြစ်သွားခဲ့သည်။..

သူမအပါအဝင် ဆရာနှင့်ကျောင်းသား ၃၆ ယောက်က ဧရာမစက်ဝိုင်းကြီးတစ်ခုပေါ် ရောက်နေကြသည်။

လည်ပတ်နေသည့်စက်ဝိုင်းပေါ်တွင်ထိုင်ခုံ ၃၆ လုံး ရှိသည်။ သူတို့ကို ထိုင်ခုံတွေပေါ်မှာ အသေချိတ်ထားပြီး ခါး၊ ခြေထောက်၊ ခြေဖဝါး စသည့်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခြေကျင်းများ ခတ်ထားသည်။ လည်ပင်းတွင်လည်း ထူးဆန်းသည့် သတ္တုကွင်းများ ရှိနေသည်။

ထိုအရာသည် “Lucky quiz” ဟုအမည်ရသည့် ဂိမ်းတစ်ခုဖြစ်သည်။ စည်းမျဉ်းများက အလွန်ရိုးရှင်းသည်။ စုစုပေါင်း မေးခွန်း ၃၆ ခုရှိသည်။။ အဖြေမှားလျှင် အဲ့ဒီနေရာမှာပဲ သေရမည်။။ အဖြေမှန်လျှင် နောက်တစ်ဆင့်ကို ရောက်မည်။ မေးခွန်းအားလုံးကို ဖြေကာ ဂိမ်းကို ပြီးဆုံးအောင် ကစားနိုင်မည်ဖြစ်သည်။

၃၆ ယောက်ထဲတွင် သူမ၏ကြိုးစားမှုကြောင့် ၁၇ ယောက် အသက်ရှင်ခဲ့သည်။

နောက်ပိုင်းတွင် ခိုလှုံမည့်နေရာကို သွားရာလမ်းတွင် သူတို့သည် မှိုကောက်သည့်ဂိမ်းထဲ မတော်တဆ ပါသွားပြီး ကျောင်းသားလေးယောက် ထပ်ဆုံးရှုံးခဲ့ရသည်...

တုဒန်က အရာအားလုံးကို အသေးစိတ် ရှင်းပြခဲ့သည်။

သူမ ပထမဆုံး ပြောစဥ်က အနည်းငယ် မပြောချင်ဖြစ်နေသော်လည်း အားလုံးပြောပြီးသည့်အခါ ရုတ်တရက် စိတ်ထဲတွင် ပိုပြီး ပေါ့ပါးသွားသလို ခံစားရသည်။

တုဒန်ကသက်ပြင်းချရင်း စိတ်သက်သာရာရသွားသည်။ သူမက “ဒီဂိမ်းကို နိုင်ဖို့ လှည့်ကွက်မရှိဘူး။ အသင်းဖော်တွေနဲ့ ကောင်းကောင်းပူးပေါင်းပြီး ကိုယ်နဲ့ကိုက်ညီတဲ့ မေးခွန်းအမျိုးအစားကို ရွေးချယ်ရင် အမှန်ကိုဖြေဆိုနိုင်ခြေက အရမ်းမြင့်လိမ့်မယ်။ ဒါပေမဲ့ အသင်းဖော်မရှိရင်... ကံကိုပဲ မှီခိုရလိမ့်မယ်။ ဂိမ်းခေါင်းစဉ်နာမည်အတိုင်းပဲ၊ Lucky quiz”

ဒီစကားပြောပြီးနောက် သူမက အခန်းထဲက လူများကို တစ်ချက်ကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ “ဒါတွေက ကျွန်မသိသမျှပါပဲ။ ရှင်တို့ကို တစ်စုံတစ်ရာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဆို... ရှင်တို့ အလုပ်လုပ်ကြပါ။ ကျွန်မ အနှောင့်အယှက် မပေးတော့ဘူး”

သူမက လှည့်ပြီး တံခါးကို ဖွင့်လိုက်သည်။

“ဆရာမတု” ပိုင်ယို့ဝေက သူမကို ဖြည်းဖြည်းချင်း ခေါ်လိုက်သည်။

တုဒန်က လှည့်ပြီး ပိုင်ယို့ဝေကို ကြည့်လိုက်သည်။

သူမက ဒီအဖွဲ့ထဲက “မသန်စွမ်း ကောင်မလေး” ဟာ ရိုးရိုးရှင်းရှင်းနှင့် ဂရုစိုက်ခံရပြီး ကာကွယ်ပေးခံရသည့် အနေအထားမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားပြီးဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သူမ၏ လွှမ်းမိုးနိုင်သည့် အနေအထားက တိတ်ဆိတ်နေသည့် အမျိုးသားထက်တောင် ပိုပြီး အားကောင်းနေနိုင်သည်။

“ဖားရဲ့ရွှေဘောလုံးက လိုအပ်တဲ့အမှတ်တွေကို ဘယ်လိုတွက်ရမှာလဲ။ ဆရာမနဲ့ ဆရာမကျောင်းသားတွေထဲက ဘယ်သူသိလဲ” ပိုင်ယို့ဝေက သူမကို မေးသည်။

တုဒန်က ပထမတော့ တုန်လှုပ်သွားသည်။ ထို့နောက် အနည်းငယ်ပြုံးပြီး ညင်သာစွာ ပြန်ဖြေသည်။ “တကယ်တော့ နည်းနည်းရှုပ်ထွေးတယ်၊ ကျွန်မတို့ ထပ်စဉ်းစားကြည့်ဦးမယ်...”

ပိုင်ယို့ဝေက သူမကို ဖြတ်ပြောလိုက်သည်။ “ဘယ်လိုတွက်ရမှန်း မသိဘူးဆိုရင် ခရုခွံအတွင်းပိုင်းကို ပိုပြီး ကြည့်ပါ။”

တုဒန်က ထပ်မံ တုန်လှုပ်သွားသည်။

ပိုင်ယို့ဝေကပြောသည်။ “ခရုတွေက အကြိမ်များများ ထိခံရလေလေ နစ်မြုပ်တဲ့အခါ ရွှံ့နဲ့ရေက ပိုဝင်လာလေလေ၊ ပိုညစ်ပတ်လာလေလေပဲ။ ဆရာမက ခရုခွံနံရံတွေထဲမှာ အညစ်ပတ်ဆုံး ခရုတွေကို ရွေးပြီး လှန်ကြည့်သင့်တယ်။ ဖြစ်နိုင်ခြေက... ၂၅ ရာခိုင်နှုန်းလောက်ပဲ။ နည်းနည်းလောက် လှန်ကြည့်လိုက်ရင် သေချာပေါက် မှန်သွားလိမ့်မယ်”

တုဒန်က ပိုင်ယို့ဝေကို ကြည့်ကာ သူမရင်ထဲတွင်ဘယ်လိုခံစားချက်မျိုး လှုပ်ရှားနေမှန်း မသိတော့ပေ။... အံ့အားသင့်မှု၊ နွေးထွေးမှု၊ ဖော်ပြလို့မရသည့် ရှက်ရွံ့မှုတို့ ပါဝင်နေသည်။

သူမ ပါးစပ်ဖွင့်လိုက်ရာ နောက်ဆုံးတော့ ခံစားချက်အားလုံးက စကားလုံးနှစ်လုံးအဖြစ် ထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ်”

ပိုင်ယို့ဝေ၏ တုံ့ပြန်မှုက ပိုပြီး အေးစက်စက်ဖြစ်သည်။ သူမက မေးစေ့ကို ထောက်ထားရင်း ပျင်းရိစွာပြောသည်။ “ရပါတယ်”

တုဒန် ထွက်သွားခဲ့သည်။

ခြေသံများ အပေါ်ထပ်ကို တက်သွားသည့်အခါ ရှန်မိုက ပိုင်ယို့ဝေကို ပြုံးစစနှင့်ကြည့်ရင်း “သူ့ကို ဂိမ်းပစ္စည်းတွေ ပြောခိုင်းပြီးမှ အဆင့်အောင်ဖို့ နည်းလမ်းသင်ပေးမယ်လို့ ထင်ထားတာ”

ဖားဂိမ်းက ယန်ကျိုးနှင့် သိပ်မဝေးပေ။ တုဒန်သာ သတ္တိရှိလျှင် သူ့ကျောင်းသားများကို ခေါ်သွားလို့ရသည်။ အန္တရာယ်ရှိလျှင်တောင် ပြင်ပဒဏ်ရာအားလုံးကို ကုသပေးနိုင်သည့် ရွှံ့ကို ရဖို့အတွက် စွန့်စားရကျိုးနပ်သည်။

ပိုင်ယို့ဝေက တုဒန်ကို အဆင့်အောင်ဖို့ နည်းလမ်းသင်ပေးခြင်းသည် တုဒန်ကို ရွှံ့များ လက်ထဲထည့်ပေးလိုက်တာနှင့် အတူတူပင်ဖြစ်သည်။

“မမေးတော့ဘူး” ပိုင်ယို့ဝေက သက်ပြင်းချသည်။ “.. ကျွတ် ကလေးတွေဆီက အရုပ်လုချင်တယ်လို့ လူတွေထင်သွားရင် ရှက်စရာကြီး”

……………

အခန်း ၇၇ ကိုယ်ရေးကိုယ်တာ ကိစ္စများ

တုဒန် အပေါ်ထပ်ပြန်ရောက်သည့်အခါ ကျောင်းသားများအားလုံး ကျန်းထျန်းယန်၏ခုတင်နားမှာ ဝိုင်းအုံနေကြသည်။

ကောင်လေးများသည် ကျန်းထျန်းယန်၏မူလဒဏ်ရာကို မထိဘဲ မနေနိုင်ကြပေ။ ထိုသို့အပြင်းအထန် ဒဏ်ရာမျိုးသည် အမာရွတ်တောင်မကျန်ဘဲ ဒီလောက်လွယ်လွယ်ပျောက်သွားသည်ကို မယုံနိုင်စရာပဲဟု ခံစားရသည်။

ကောင်မလေးက ရှက်နေတာကြောင့် သူ့ကို မထိရဲပေ။ သို့သော် စူးစူးစမ်းစမ်းနှင့်သူ့ရင်ဘတ်ကို မကြည့်ဘဲ မနေနိုင်ပေ။

ကျန်းထျန်းယန်သည်လည်း အကူအညီမဲ့သလိုဖြစ်ကာ ရယ်ဖွယ်လည်းကောင်းသည့်အပြင် လူတိုင်းကို ထပ်ခါထပ်ခါ ရှင်းပြနေရသည်။ “တကယ်ကို နာကျင်မှုမရှိတော့ဘူး။ ဒီအရာရဲ့ နောက်ကွယ်က အခြေခံသဘောတရားကို နားမလည်ဘူး။ ရွှံ့စေးတွေ ငါ့ကိုကပ်နေတဲ့အချိန်မှာ ဘာထူးခြားမှုမှ မခံစားရဘူး...”

သူစကားပြောနေစဉ် တုဒန်သည် အပြင်မှပြန်လာသည်ကိုမြင်ပြီး အလျင်အမြန် အော်ခေါ်လိုက်သည်။”ဆရာမတု”

လူအားလုံးက တုဒန်ကိုသတိထားမိပြီး သူ့အနားကိုဝိုင်းလာကြသည်။

“ဆရာမတု ပြန်လာပြီလား။”

“သူတို့နဲ့ အတော်ကြာကြာစကားပြောနေတာပဲ...”

“...ဆရာမတု၊ အဲဒီရွှံ့စေးက ဘယ်ဂိမ်းကနေလာတာလဲဆိုတာ ရှာနိုင်ပြီလား။ အကယ်၍ ဒီရွှံ့ကို မြူထဲထည့်နိုင်ရင် အနိုင်ရဖို့ အခွင့်အလမ်း ပိုများမှာပဲ၊ ဟုတ်တယ်မလား”

ကျောင်းသား ဆယ်ကျော်သက်များသည် တစ်ဦးနှင့်တစ်ဦု စကားပြောနေကြပြီး သေးငယ်သည့်အခန်းသည် ချက်ချင်းဆိုသလို ဆူညံသံများဖြင့် ပြည့်လာသည်။

တုဒန်က လူအားလုံးကို တိတ်ဆိတ်စွာနေရန် အချက်ပြလိုက်သည်။

“မေးပြီးပြီ။ နိုင်ဖို့နည်းကိုလည်း နားလည်ပြီ။ ဒါပေမယ့် အန္တရာယ်အဆင့်က မြင့်နေတုန်းပဲ။ သွားချင်တယ်ဆိုရင် စည်းမျဉ်းက အတူတူပဲ။ စေတနာ့ဝန်ထမ်းအလိုက် အသင်းနှစ်သင်းခွဲမယ်။ ပထမအသင်းက အရင်ဝင်မယ်၊ အကယ်၍ ပြဿနာမရှိဘူးဆိုရင် ဒုတိယအသင်းက ဝင်နိုင်တယ်။”

ပထမအသင်းသည် အလွန်အန္တရာယ်များသော်လည်း ပစ္စည်းများကို အရင်ရနိုင်သည်။

ဒုတိယအသင်းသည် ပိုမိုလုံခြုံဟန်ရှိသော်လည်း အဖွဲ့ဝင်များသည် ပုံမှန်အားဖြင့် ပိုမိုကြောက်ရွံ့တတ်ပြီး အရာရာကို ရှုပ်ထွေးစေတတ်သည်။

နှစ်ခုလုံးတွင် အကျိုးကျေးဇူးနှင့် အားနည်းချက်များရှိပြီး ကျောင်းသားများသည် သီးသန့်ဆွေးနွေးကြသည်။

ဒဏ်ရာမှ ပြန်ကောင်းလာသည့် ကျန်းထျန်းယန်သည် အိပ်ရာကိုကိုင်ပြီး ဖြည်းဖြည်းချင်းလာကာ “ဆရာမ မြူထဲဝင်မယ့်သူတွေရဲ့ စာရင်းက အတည်ပြုပြီးပြီလား”

တုဒန်သည် အနည်းငယ်အံ့အားသင့်သွားပြီး “မပြီးသေးဘူး။ မင်းမှာ အကြံကောင်းတစ်ခုခုရှိလား”

ကျန်းထျန်းယန်သည် ပြောရန် မဝံ့မရဲဖြစ်နေပြီး သတ္တိကိုစုစည်းကာ တုဒန်ကိုပြောလိုက်သည်။ “ဆရာမကျွန်တော် မြူထဲဝင်ချင်ပါတယ်”

သူစကားပြီးသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကျောင်းသားအားလုံးက ကျန်းထျန်းယန်ကို ကြည့်နေကြသည်။

မိန်းကလေးတစ်ဦးက ခပ်တိုးတိုး‌ပြောသည်။ “ထျန်းယန်၊ နင့်ဒဏ်ရာတွေ ခုမှပဲသက်သာလာတာ...”

“ငါ့ဒဏ်ရာတွေ အခုပျောက်သွားပြီ” ကျန်းထျန်းယန်က သူ၏အတန်းဖော်များ၏မျက်နှာကို ကြည့်ရင်း ပြုံးပြလိုက်သည်။ “ဒါကိုပြောရတာ နည်းနည်းမျက်နှာပျက်စရာဖြစ်မယ်ဆိုပေမယ့်... ငါက အတန်းထဲမှာ အမှတ်အများဆုံးဖြစ်တယ်။ အားကစားအမှတ်တွေပါပါတယ်၊ ပြီးတော့ ဂိမ်းအတွေ့အကြုံနှစ်ခုရှိတော့ ငါက အသင့်တော်ဆုံးလူဖြစ်မယ်။”

သူက တုဒန်ကို ထပ်မံကြည့်ပြီး “ဆရာမ ကျွန်တော့်ကို ခွင့်ပြုပါ။ တကယ်ကို ရုပ်ရှင်ဆန်တဲ့ဂိမ်းက ဘာလဲ၊ မြူဖြူတွေက ကျွန်တော်တို့ရဲ့မိသားစုဝင်တွေကို ဘာလုပ်သွားတာလဲဆိုတာ သိချင်တယ်။ အကယ်၍ ကျွန်တော်မလုပ်နိုင်ဘူးဆိုရင် တခြားကျောင်းသားတွေက ပိုပြီးမလုပ်နိုင်ဘူးလို့ ထင်တယ်”

တုဒန်သည် သူ့ရှေ့မှာရှိနေသည့် ကျောင်းသားများကိုကြည့်ပြီး စိတ်ထဲတွင် လေးလံမှုကိုခံစားရသည့်အပြင် များစွာမျှော်လင့်ချက်မဲ့နေသည်။

ဖြစ်နိုင်ပါက သူမသည် ကျောင်းသားတစ်ဦးတစ်ယောက်မျှ အန္တရာယ်မရှိစေလိုပါ။ သို့သော် ကမ္ဘာကြီးကပြောင်းလဲသွားပြီး သူမသည် သူတို့ကို ကာကွယ်နိုင်မည်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သူမသည် သူတို့၏ကာကွယ်မှုကိုပင် လိုအပ်နေသည်။

တုဒန်သည် ပြင်းထန်စွာ သက်ပြင်းချပြီး သူ၏တောင်းဆိုမှုကို တိုက်ရိုက်သဘောတူခြင်းမပြုဘဲ “ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ နည်းနည်းထပ်စဉ်းစားဖို့လိုတယ်”

ကျန်းထျန်းယန်က ထပ်ပြောလိုသော်လည်း တုဒန်က သူ့ပခုံးကိုပုတ်ပြီး အခန်းမှထွက်ခွာသွားသည်။

…

ညအချိန်၊ တုဒန်သည် အိပ်ရာထဲတွင် လှဲနေပြီး အိပ်မပျော်ဘဲ လူးလွန့်နေသည်။

အစတွင် သူမ၏အတွေးများသည် ကျောင်းသားတစ်ဦးချင်းစီအပေါ်တွင်သာ ရှိနေသော်လည်း နောက်ပိုင်းတွင် အောက်ထပ်ရှိ ထိုလူများအကြောင်းကို တွေးမိသွားသည်။

အကယ်၍... သူတို့သည် မြူထဲသို့ဝင်သွားခဲ့ပါက သူမကဲ့သို့ အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်လား။

“ဆရာမတု”

တုဒန်သည် သူမ၏အာရုံကို ပြန်စုစည်းမိပြီး ဘေးဘက်သို့ကြည့်လိုက်သည်။ သူမ၏အိပ်ရာဘေးမှ မိန်းကလေးသည် သူမ၏မှောင်မိုက်နေသော မျက်လုံးများဖြင့် သူ့ကိုကြည့်နေသည်။

အခန်းသည် လူခြောက်ယောက်နေသည့်အခန်းဖြစ်ပြီး တုဒန်သည် မိန်းကလေးကျောင်းသူများနှင့်အတူ တစ်ခန်းတည်းနေသည်။ သူမ၏အိပ်ရာဘေးမှ မိန်းကလေးသည် ချမ်းဟွေး ဖြစ်ပြီး အတန်း၏ ပညာရေးကော်မတီဝင်ဖြစ်သည်။

ကျန်းထျန်းယန်သည် စာမေးပွဲတွင်အမြဲတမ်း ပထမရသည်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သူ၏အမှားများကြောင့် ချမ်းဟွေးက အစားထိုးသွားတတ်သည်။

“ဘာလို့မအိပ်သေးတာလဲ” တုဒန်က သူမကိုမေးသည်။ အခြားမိန်းကလေးနှစ်ယောက်ကို မနိုးစေရန် အသံကိုတတ်နိုင်သမျှ နိမ့်အောင်ထားသည်။

ချမ်းဟွေးက တိုးတိုးလေးမေးသည်။ “ဆရာမတု၊ ဂိမ်းထဲဝင်မယ့်သူကို စဉ်းစားနေတုန်းလား။”

………….

အခန်း ၇၈ မင်းအသက်ဘယ်လောက်ရှိပြီလဲ

တုဒန်သည် ခဏတိတ်ဆိတ်နေပြီး ဖြေလိုက်သည်။ “အင်း”

“သဲလွန်စတွေရပြီဆိုပေမယ့်... မြူထဲမှာ ဘာအန္တရာယ်တွေရှိမယ်ဆိုတာ ဘယ်သူမှမသိဘူး” တုဒန်က ခပ်တိုးတိုးပြောသည်။ “မြူထဲဝင်ဖို့ ဆုံးဖြတ်တာက ကိုယ့်စိတ်ပါလို့ပဲဖြစ်သင့်တယ်။”

သူမသည် ဆရာမတစ်ဦးသာဖြစ်ပြီး ကျောင်းသားများကို အသက်အန္တရာယ်ခံရန် အမိန့်ပေးပိုင်ခွင့်မရှိပေ။ သို့သော် ဤသည်မှာ သူမအတွက် အခက်ခဲဆုံးသော အပိုင်းဖြစ်သည်။ ဝင်လိုသူများသည် စွမ်းရည်ရှိသော ကျောင်းသားများဖြစ်ချင်မှဖြစ်မည်။ စွမ်းရည်ရှိသော ကျောင်းသားများသည် ဝင်ချင်မှဖြစ်မည်။

ဤကဲ့သို့သော အရာသည် အရေအတွက်နှင့်မသက်ဆိုင်ပါ။ အကယ်၍ မြူထဲသို့ အရည်အချင်းမညီမျှသည့် လူတစ်စုကို ခေါ်ဆောင်သွားပါက အန္တရာယ်မှာ ပိုမိုများပြားလာမည်သာဖြစ်သည်။

တုဒန်သည် ဤအကြောင်းကို တွေးမိသောအခါ မျက်ခုံးများကို ပိုမိုကျစ်လစ်စွာ ကျုံ့လိုက်ပြီး ခပ်တိုးတိုးရေရွတ်နေသည်။ “အောက်ထပ်က အဲဒီလူတွေကို မြူထဲ ဝင်ခွင့်ပြုလိုက်မယ်ဆိုရင်...”

“သူတို့က အဘိုးအိုနဲ့ မသန်စွမ်းတဲ့သူတစ်ဦးကို ဂိမ်းထဲကဘေးကင်းအောင် ထုတ်ယူနိုင်ခဲ့တယ်ဆိုတာ သူတို့ရဲ့စွမ်းရည်က သမီးတို့ထက် အရမ်းသာလွန်နေကြောင်း ပြတာပဲ” ချမ်းဟွေးက ပြောသည်။ “ဒါပေမဲ့ ဆရာမ အခြားသူတွေကို သဲလွန်စတွေ မပြောပြဖို့ မပြောခဲ့ဘူးလား။”

တုဒန်သည် ခဏတာ အံ့အားသင့်သွားပြီး ချမ်းဟွေးသည် သူမ၏စကားအနည်းငယ်ကိုသာ ကြားရသော်လည်း အများစုကို မှန်းဆနိုင်မည်ကို နားလည်သွားသည်။

တုဒန်က သူမကို နူးညံ့စွာပြောသည်။ “ဘယ်သူ့ကိုမှ မသိစေချင်တာက အားလုံးအတူတူ ဂိမ်းထဲဝင်သွားရင် မိတ်ဖက်တွေက ရန်သူတွေဖြစ်သွားမှာကြောက်လို့ပါ။ သူတို့ကတစ်ယောက်ကိုတစ်ယောက် သတ်မယ်။ ပြီးရင် မင်းတို့ကို ခုတုံးလုပ်မယ်။ မင်းတို့အားလုံးက ဆယ်ကျော်သက်တွေ။ လူကြီးတွေနဲ့ တကယ်တမ်းယှဉ်ပြိုင်ရင် ဘယ်လိုနိုင်မှာလဲ။”

ချမ်းဟွေးက ထပ်မေးသည်။ “ဆရာမ၊ သူတို့ကို ယုံကြည်လို့မရဘူးလို့ ထင်လား။”

တုဒန်သည် စကားမပြောနိုင်တော့ပေ။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် မဝံ့မရဲပြောလိုက်သည်။ “စဉ်းစားကြည့်ဦးမယ်... စဉ်းစားကြည့်ဦးမယ်...”

…

ညသည် ရှည်လျားလှသည်။

အောက်ထပ်တွင် ရှန်မိုနှင့် အဖွဲ့သည် အခန်းနှစ်ခန်းကို သိမ်းပိုက်ထားသည်။ ရှန်မိုနှင့် ပိုင်ယို့ဝေသည် တစ်ခန်းတည်းနေပြီး တန်ရှောင်နှင့် ချန်းဝေခိုင်တို့သည် အခြားတစ်ခန်းတွင် နေကြသည်။

ရှန်မိုသည် ပိုင်ယို့ဝေ၏ အပေါ်ထပ်တွင် အိပ်သည်။

သူသည် အရပ်ရှည်ပြီး ပက်လက်အနေအထားဖြင့် လှဲနေပါက အိပ်ရာသည် တိုနေသကဲ့သို့ ဖြစ်နေပြီး လူ၏ခြေကျင်းဝတ်တစ်ဝက်ခန့် ပေါ်နေမည်ဖြစ်သည်။

ထို့ကြောင့် သူသည် အနည်းငယ်ကွေးကာ အိပ်ရမည်ဖြစ်ပြီး စိတ်ထဲတွင် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ စိတ်ညစ်စရာပဲ၊ ကြမ်းပြင်ပေါ်မှာ အိပ်ရတာက ပိုကောင်းတယ်။

တစ်စုံတစ်ဦးက အိပ်ရာကို နှစ်ချက်ခေါက်လိုက်သည်။ ည၏တိတ်ဆိတ်မှုတွင် ရှင်းလင်းသောအသံများထွက်ပေါ်လာသည်။

“ရှန်မို၊ အပေါ်မှာလား” ပိုင်ယို့ဝေက အောက်မှမေးသည်။

“အင်း” ရှန်မိုက ဖြေသည်။ “ဟုတ်တယ်။”

သူမ၏တောင်းဆိုမှုကို သဘောတူခဲ့သော်လည်း နောက်ထပ်ဘာမှထပ်မပြောတော့ပေ။

ရှန်မိုသည် ခဏစောင့်ပြီးမေးလိုက်သည်။ “ဘာဖြစ်တာလဲ။ အိမ်သာသွားချင်လို့လား”

အောက်ထပ်မှ အသံသည် မကျေမနပ်သံပြည့်နှက်နေသည်။ “ကျွန်မမျက်နှာမှာ ‘အိမ်သာ’ဆိုတဲ့စာလုံးရေးထားသလား။ နေ့တိုင်းကျွန်မကိုအိမ်သာသွားချင်လားလို့မေးနေတယ်”

ရှန်မိုသည် ရယ်မောလိုက်သည်။

သူမကိုယ်တိုင် ထုတ်ဖော်ပြောဆိုရန် ရှက်နေမည်ကို သူစိုးရိမ်နေခြင်းမဟုတ်လော...

ခဏအကြာတွင် ပိုင်ယို့ဝေသည် သူ့ကိုထပ်မံခေါက်လိုက်သည်- ဒေါင်း၊ ဒေါင်း၊ ဒေါင်း။

“ရှန်မို၊ ရှင်အိပ်တဲ့အခါ ဘာလို့အသံမထွက်တာလဲ” ပိုင်ယို့ဝေသည် မကျေနပ်သံဖြင့်ပြောသည်။ “အရမ်းတိတ်ဆိတ်နေတယ်။ လှည့်တဲ့အသံတောင်မကြားရဘူး။ အခန်းထဲမှာကျွန်မတစ်ယောက်တည်းရှိနေသလိုပဲ။ ကြောက်တယ်။”

ကြောက်နေကြောင်းပြောသော်လည်း အသံအနေအထားတွင်တော့ လုံးဝမဖော်ပြပေ။

ရှန်မိုသည် သူမက ဒုက္ခပေးတတ်ပြီး ဟန်ဆောင်တတ်ကာ ဒေါသထွက်လွယ်ကြောင်း သိထားသည်။

သူမနှင့်မငြင်းချင်တာကြောင့် အိပ်ရာထဲတွင် နာခံစွာလှည့်လိုက်သည်။

ချွတ်..ချွတ်...

......ကျွိ......

ပိုင်ယို့ဝေ- “ရှင်အရမ်းဆူတယ်။ ကျွန်မအိပ်လို့မရဘူး။”

“...” သူသည်တစ်ခဏနေပြီး သည်းခံကာမေးလိုက်သည်။ “ဒါဆို ငါဘာလုပ်သင့်လဲ”

“ရှင့်လက်ကိုချပြီး ရှင်အဲဒီမှာရှိတယ်ဆိုတာကျွန်မကိုသိစေချင်တယ်။”

ရှန်မို- “...”

သူဘာမှမပြောတော့တာကြောင့် သူမက အိပ်ရာကိုဆက်တီးနေသည်။ ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း။

ရှန်မိုမှာ ရွေးချယ်စရာမရှိတော့ဘဲ လက်တစ်ဖက်ချလိုက်သည်။

တစ်စက္ကန့်ဝက်အကြာတွင် သူမသည် သူ၏လက်ကို ကိုင်လိုက်သည်။ လက်သေး‌သေးလေးသည် လက်အကြီးကြီးကို ကိုင်ထားသည်။

ရှန်မိုသည် မျက်နှာကျက်ကိုကြည့်ရင်း လက်ဖဝါးထဲရှိ နူးညံ့မှုကိုခံစားကာ အေးဆေးစွာပြောသည်။ “ကလေးဆန်တယ်မဟုတ်လား။ အပေါ်ထပ်က အလယ်တန်းကျောင်းသားတွေကို ကလေးတွေလို့ မင်းကအထင်‌သေးတယ်။ သူတို့ထက် မင်းကအသက်မကြီးဘူးလို့ငါထင်တယ်။”

ခဏရပ်ပြီးမေးလိုက်သည်။ “မင်းအသက်ဘယ်လောက်ရှိပြီလဲ”

ပိုင်ယို့ဝေသည် အပေါ်ထပ်ကို ကြည့်ကာ အေးစက်စွာမေးသည်။ “ကျွန်မအသက်ဘယ်လောက်ရှိပြီလို့ ရှင်ထင်လဲ?”

ရှန်မိုသည် မတွန့်မဆုတ်ဘဲပြောသည်။ “သုံးနှစ်။”

ပိုင်ယို့ဝေ- “...”

…

ခဏအကြာတွင် သူမသည် နှာခေါင်းရှုံ့လိုက်သည်။

မကျေနပ်သံပြုနေသော်လည်း လက်ထဲကခွေးလက်ကလေးကိုတော့ မလွှတ်နိုင်ခဲ့ပေ။

…………..

All Chapters