← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂) မှန်

မြူခိုးသည် ယန်ကျိုး၏ မြို့လယ်ခေါင် မြို့ပြဧရိယာ တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားသည်။

ဤဧရိယာတွင် ခေတ်မီစီးပွားရေးရုံးအဆောက်အအုံများသာမက ထိန်းသိမ်းထားသည့် ရှေးဟောင်းအဆောက်အအုံများ၊ ဘဏ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ အားကစားကွင်းများ၊ ဒါမင်းဘုရားကျောင်း၊ အပန်းဖြေဥယျာဉ်များနှင့် ရှို့ရှီးဟူရေကန်တို့ ပါဝင်သည်။

လူဦးရေကို ရေတွက်မည်ဆိုလျှင် မည်မျှရှိသင့်သနည်း။

သို့သော် ဝင်္ကပါသည် တိတ်ဆိတ်နေသည်။ လူသံတစ်စုံတစ်ရာ မကြားရသလို မည်သူ့ကိုမျှ မတွေ့ရပေ။

ဝင်္ကပါထဲတွင် မသိနိုင်သော အန္တရာယ်တစ်ခုခု ရှိနေရမည်ကို လူတိုင်း သိကြသည်။

“ဝင်ခဲ့” ရှန်မိုသည် ပိုင်ယို့ဝေကို လမ်းကြောင်းထဲသို့ တွန်းပို့လိုက်သည်။

ဆရာချန်းလည်း နောက်က လိုက်လာသည်။

တန်ရှောင်က နောက်ဆုံးမှ ရယ်မောပြောဆိုရင်း လိုက်လာသည်။

ချောမွေ့သော ခရီးတစ်ခု ဖြစ်သည်။

ရှန်မိုသည် ဘေးနှစ်ဖက်ရှိ လမ်းခွဲများကို လျစ်လျူရှုကာ အမြဲတမ်း ပင်မလမ်းအတိုင်း လျှောက်သွားသည်။

ဤသို့ဖြင့် ဆယ်မိနစ်ကျော် လျှောက်ပြီးနောက် နောက်ဆုံးတွင် တစ်ခုခု မှားနေသည်ဟု စတင်ခံစားရသည်။ ဘေးနှစ်ဖက်ရှိ နံရံများပေါ်တွင် မှန်များ ပို၍ ပို၍ များလာပုံရသည်။

မှန်များ၏ ရောင်ပြန်ဟပ်ခြင်းနှင့် အလင်းယို့င်ခြင်းတို့ကြောင့် လမ်းခွဲများသည် အမြင်အားဖြင့် ပို၍ ရှုပ်ထွေးလာသည်။

“မှန်ဝင်္ကပါလား” တန်ရှောင်က ဘေးနှစ်ဖက်ကို ကြည့်လိုက်သည်။ “သိပ္ပံနဲ့နည်းပညာပြတိုက်မှာ တစ်ခါ ကစားဖူးတယ်။ အဲဒီမှာ မှန်တွေ အပြည့်ပဲ၊ ဒီထက်တောင် များတယ်။ လျှောက်သွားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ အကြိမ်ကြိမ် မြင်ရတော့ သိပ်မကြာဘူး ခေါင်းမူးလာတယ်။”

ပိုင်ယို့ဝေ အံ့သြသွားသည်။ “ရှင်လည်း သိပ္ပံနဲ့နည်းပညာပြတိုက်ကို သွားဖူးတာလား”

တန်ရှောင်က ရိုးရိုးသားသား ခေါင်းညိတ်သည်။ “အင်း၊ ပိုက်ဆံပြတ်တုန်းက ကလေးတွေကို လက်ကမ်းကြော်ငြာရယ်၊ ပူဖောင်းတွေရယ် သွားပေးခဲ့တာ။”

ပိုင်ယို့ဝေက တိတ်ဆိတ်စွာ နှုတ်ခမ်းမဲ့လိုက်သည်။

သူတို့၏ ရှေ့တွင် မည်သည့်အဆောက်အအုံမှန်းမသိ တစ်ခုသည် ဘေးတိုက်လဲကျနေသည်။ မှန်နှင့်လုပ်ထားသည့် နံရံသည် သူတို့၏ လျှောက်လှမ်းနေသည့် ပုံရိပ်များသာမက အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများကိုပါ ရောင်ပြန်ဟပ်နေသည်။

ပို၍ ရှေ့သို့ သွားသောအခါ အများသုံးအိမ်သာ ဘေစင် နှစ်တန်းကို တွေ့ရသည်။ ဘေစင်တစ်ခုစီ၏ အပေါ်တွင် မှန်တစ်ခုစီ ရှိပြီး အနည်းဆုံး မီတာတစ်ရာခန့် ရှည်လျားစွာ ချိတ်ဆက်ထားသည်။

အဆုံးသို့ မရောက်သေးသော်လည်း အခြေအနေအရ ရှေ့တွင် မှန်များ ပြည့်နေဖွယ်ရှိသည်။

ရှန်မို ရပ်လိုက်သည်။

ကျန်သူများလည်း ရပ်တန့်သွားကာ ရှုပ်ထွေးသည့် ပုံစံဖြင့် ကြည့်နေကြသည်။

“မှန်ထဲမှာ ကြည့်လိုက်။” ရှန်မိုက ပြောလိုက်သည်။

လူတိုင်းသည် ရှုပ်ထွေးနေကြပြီး ဘေးနှစ်ဖက်ရှိ မှန်များကို လှည့်ကြည့်ကြသည်။

“ဘာလို့ မှန်ကြည့်ခိုင်းတာလဲ” တန်ရှောင်က မှန်ထဲက သူ့ကိုယ်သူ ကြည့်လိုက်သည်။

တီရှပ်နှင့်ဂျင်းဘောင်းဘီအဟောင်း၊ မီးခိုးရောင် ဆံပင်တိုတို၊ ထို့နောက်... သူတစ်ခုခု မှားနေသည်ဟု ခံစားရပြီး မှန်ဘက်ကို ရှုပ်ထွေးစွာ နှစ်လှမ်းသုံးလှမ်း လှမ်းသွားသည်။ ရုတ်တရက် သူ လန့်သွားပြီး နောက်သို့ ဆုတ်လိုက်သည်။

“ဟာကွာ” တန်ရှောင် လန့်သွားသလို ဖြစ်သွားသည်။ “မှန်ကို ကြည့်လိုက်”

မှန်ထဲတွင် သူတို့သည် သူတို့ကိုယ်တိုင်ပင် ဖြစ်နေသေးသော်လည်း သူတို့ကိုယ်တိုင် မဟုတ်တော့ပေ။

မှန်ထဲတွင် သူတို့သည် လူပုံစံအရုပ်များအဖြစ် ပြောင်းလဲသွားကြသည်။

ပိုင်ယို့ဝေသည် မသိစိတ်ကပင် သူမ၏ မျက်နှာကို ထိလိုက်သည်။ မှန်ထဲက သူမကလည်း သူမ၏ မျက်နှာကို ထိလိုက်သည်။ သူမက ဆံပင်ကို ထိလိုက်သည်။ မှန်ထဲက သူမကလည်း ဆံပင်ကို ထိလိုက်သည်။

ပိုင်ယို့ဝေသည် မှန်ကို ကြည့်နေခြင်းကို ရပ်လိုက်ပြီး သူမ၏ လက်များကို ငုံ့ကြည့်ကာ ပြန်ညှစ်လိုက်သည်။

နီရဲလာပြီး နည်းနည်းနာသည်။

သူမသည် ရှင်းရှင်းလင်းလင်း သက်ရှိလူသားတစ်ဦး ဖြစ်နေသေးသော်လည်း မှန်ထဲတွင် ပေါ်လာသည်မှာ အရုပ်တစ်ရုပ် ဖြစ်သည်။

၎င်းသည် သူမကို ပျို့အန်ချင်စိတ် ဖြစ်စေသည်။

“ဆက်သွားရအောင်။” ရှန်မိုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီမှန်တွေက ထူးဆန်းတယ်၊ အားလုံး တတ်နိုင်သမျှ ဝေးဝေးနေကြပါ။”

မှန်၏ ပုံမှန်မဟုတ်ခြင်းသည် ဝင်္ကပါထဲသို့ ဝင်ရောက်ပြီးနောက် သူတို့ ကြုံတွေ့ရသည့် ပထမဆုံး အသေးစား ထိခိုက်မှု ဖြစ်သော်လည်း ကြီးမားသည့် ပြဿနာမရှိဘဲ ဖြတ်ကျော်ခဲ့ကြသည်။

သူတို့သည် နောက်ထပ် မိနစ်နှစ်ဆယ်ခန့် လျှောက်သွားပြီးနောက် ပွင့်လင်းသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။

၎င်းသည် လေးထောင့်ကျကျ ပြန့်ပြန့်ပြူးပြူး ရှိပြီး အလယ်တွင် စက်ဝိုင်းပုံ ရေပန်းကန်တစ်ခု ရှိရာ ထင်ရှားသည့် လမ်းညွှန်ဆိုင်းဘုတ်တစ်ခုနှင့်တူ၏။

“ဒါက ပြည်သူ့အပန်းဖြေရင်ပြင်ပဲ။” ဆရာချန်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း လေးနက်စွာ ပြောလိုက်သည်။ “ဒီနေရာပဲ၊ သေချာတယ်... ဒါပေမယ့် သစ်ပင်တွေနဲ့ ပန်းတွေ မရှိတော့ဘူး၊ ရင်ပြင်က တူးမြောင်းဘေးမှာ ရှိတာ၊ ဒီမှာ မြစ်လည်း မရှိဘူး...”

ဒီနေရာမှာ မှန်နံရံများစွာသာ ရှိပြီး မှန်များကြားတွင် လမ်းခွဲများက အရပ်လေးမျက်နှာသို့ ဦးတည်နေသည်။

ပိုင်ယို့ဝေသည် သူမ၏ ဘီးတပ်ကုလားထိုင်ကို ရေပန်းဆီသို့ ရွေ့လျားသွားပြီး ရေပေါ်တွင် သူမ၏ ရောင်ပြန်ပုံကို တွေ့လိုက်သည်။ ပုံသဏ္ဌာန်မှာ ယုန်ရုပ်ကို ကိုင်ထားသည့် မိန်းကလေးအရုပ်တစ်ရုပ် ဖြစ်သည်။

သူမက ရေကို ထိရန် လက်လှမ်းလိုက်သော်လည်း ရှန်မိုက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး သတိပေးသည့် အကြည့်ဖြင့် ကြည့်နေသည်။

ပိုင်ယို့ဝေသည် စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်သည်။

ရှန်မိုက တန်ရှောင်နှင့် ချန်းဝေခိုင်တို့ကို ကြည့်လိုက်သည်။ “ဒီမှာ စစ်ဆေးသူတွေ၊ စည်းကမ်းတွေ မရှိပေမယ့်အဆင့်တက်ဖို့ အခြေအနေက ဝင်္ကပါရဲ့ ထွက်ပေါက်ကို ရှာတွေ့ဖို့ ဖြစ်ပုံရတယ်။ ခင်‌ဗျားတို့မှာ အကြံဉာဏ်ရှိရင် ပြောပြပေးပါ။”

………….

အခန်း (၈၃) စဉ်းစားခြင်း

ရှန်မိုသည် လူတိုင်း၏ ထင်မြင်ချက်များကို တတ်နိုင်သမျှ မေးမြန်းသည်။

လူတိုင်းကို ပါဝင်စေခြင်းဖြင့် စည်းလုံးညီညွတ်မှုကို တိုးတက်စေပြီး လူတိုင်း၏ အခြေအနေကို အချိန်မရွေး သိရှိနိုင်သည်ဟု သူသိသည်။ ၎င်းသည် သူ၏ ယခင်အဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့သည့် နည်းလမ်းနှင့် ဆင်တူသည်။

ဆရာချန်းက “ဝင်္ကပါတွေက အများအားဖြင့် ရိုးရှင်းတဲ့ ဝင်္ကပါနဲ့ ရှုပ်ထွေးတဲ့ ဝင်္ကပါဆိုပြီး နှစ်မျိုး ခွဲခြားထားတယ်။ လမ်းလျှောက်နည်းတွေကလည်း နှစ်မျိုး ခွဲခြားလို့ရတယ်။ တစ်မျိုးက အပြင်ကနေ အတွင်းကို လျှောက်တာ။ နောက်တစ်မျိုးက အတွင်းကနေ အပြင်ကို လျှောက်တာ။ ငါတို့က အခု ဝင်္ကပါရဲ့ အလယ်ဗဟိုမှာ ရှိနေပုံရတယ်။ ဒါက ဝင်္ကပါရဲ့ စမှတ်ဆိုရင်တော့ အဆုံးမှတ်က ဝင်္ကပါရဲ့ အစွန်အဖျားမှာ ရှိရမယ်”

တန်ရှောင်လည်း ရှားရှားပါးပါးပင် အလေးအနက် ပြောလိုက်သည်။ “ဝင်္ကပါတွေထဲမှာ သွားလာတဲ့ အတွေ့အကြုံ ကျွန်တော့်မှာ ရှိတယ်။ သုံးဆင့်ပဲ ကျွမ်းကျင်ရင် ဘယ်လောက် ရှုပ်ထွေးတဲ့ ဝင်္ကပါကနေမဆို ထွက်နိုင်တယ်။

ပထမ၊ ဝင်္ကပါထဲကို ရောက်ပြီးရင် ဘယ်လမ်းကိုမဆို ရွေးပြီး ရှေ့ကို ဆက်သွားပါ။

ဒုတိယ၊ လမ်းပိတ်တဲ့နေရာကို တွေ့ရင် ချက်ချင်း ပြန်လှည့်ပြီး လမ်းဆုံကို မှတ်ထားပါ။

တတိယ၊ လမ်းခွဲကို ရောက်လာရင် မသွားရသေးတဲ့ လမ်းတစ်ခုကို ရွေးပါ။ အကယ်၍ လမ်းအားလုံးကို သွားပြီးသွားပြီဆိုရင် မူလလမ်းကြောင်းကို ပြန်သွားပြီး မူလလမ်းခွဲကို မှတ်ထားပါ။

အဆင့် ၂ နဲ့ ၃ ကို ထွက်ပေါက်တွေ့တဲ့အထိ ထပ်ခါတလဲလဲ လုပ်ပါ။”

သူ ပြောပြီးသောအခါ သူ၏ နှာခေါင်းကို ထိလိုက်ပြီး တီးတိုးပြောသည်။ “ဂိမ်းဖိုရမ်မှာ ဝင်္ကပါ နည်းဗျူဟာတွေ ရှာဖတ်ခဲ့တာ။ အဲဒါတွေနဲ့ပဲ Final Fantasy က Crystal Tower၊ Tales of Hope က Poker Maze နဲ့ Trails in the Sky က Tower of Four Wheels တွေကို ကျော်နိုင်ခဲ့တာ...”

ဂိမ်းမကစားဖူးသည့် ရှန်မိုက “အဲဒါ ဘာတွေလဲ”

ပိုင်ယို့ဝေက တခစ်ခစ် ရယ်လိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တစ်ရာက RPG ဂိမ်းတွေပေါ့။”

တန်ရှောင်သည် ပိုင်ယို့ဝေကို သဘောကျသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“...” ရှန်မို စကားမဲ့သွားသည်။ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းကာ ပိုင်ယို့ဝေကို ငုံ့ကြည့်လိုက်သည်။ “ဒီနေရာနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ”

“ကျွန်မရဲ့ အကြံကတော့...”

ပိုင်ယို့ဝေသည် လက်ဖြင့် မေးစေ့ကို ထောက်ကာ စဉ်းစားနေသည်။

“ကျွန်မက...” သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “...အရင်ဆုံး ဘာဘီကျူး စားချင်တယ်။”

ရှန်မို: “မင်း တကယ်ပြောတာလား”

ပိုင်ယို့ဝေက မျက်နှာတည်ဖြင့် “ဒီရက်ပိုင်း ခေါက်ဆွဲခြောက်နဲ့ ဆန်ပြုတ်ပဲ စားနေရတာ။ တခြားဟာ စားချင်တာ မှားလို့လား”

တန်ရှောင်က အလျင်အမြန်ပင် “ဒီလမ်းမှာ ကိုရီးယား ဘာဘီကျူးဆိုင်တစ်ဆိုင် ရှိတယ်။ ဆိုင်ရဲ့ ရေခဲသေတ္တာထဲမှာ အသားတွေ အများကြီး ရှိရမယ်”

ဆရာချန်းက “ဝင်္ကပါက ဒီလောက်ကြီးနေပြီး ခဏလေးနဲ့ ထွက်လို့မရနိုင်တော့ရင် ငါတို့ ပစ္စည်းတွေ အရင်စုဆောင်းသင့်တာပေါ့။ အစားအသောက်၊ အဝတ်အထည်၊ နေထိုင်မှုနဲ့ သွားလာရေးအတွက် အများကြီး လိုအပ်တယ်...”

ရှန်မို: “...”

ဘာကြောင့်မှန်းမသိ၊ အဆင့်နိမ့်ကျသွားသည်ဟု ခံစားရသည်။

စွန့်စားရှာဖွေရေး ခေါင်းဆောင်နေရာမှ ခရီးသွားအဖွဲ့၏ လမ်းညွှန်ဖြစ်သွားသည်။

နှစ်နာရီကြာသော်။

ထိပ်တန်းအရည်အသွေးရှိ စကျင်ကျောက်ရောင် အမဲသားနှင့် ဝက်သားသုံးထပ်သားတို့သည် ကင်သည့်ဒယ်အိုးပေါ်တွင် တစီစီမြည်အောင် ကင်နေကြပြီး ဘေးတွင် ဝက်သားသုံးထပ်သား၊ နူးညံ့သည့် နွားလျှာ၊ ရေဘဝဲခြေထောက်၊ ကြက်တောင်ပံ၊ ဘေကွန်၊ အရွတ်များ၊ ကြက်သွန်နီ၊ အာလူး၊ အီနိုကီမှို စသည်တို့ ရှိနေသည်။

ရှန်မိုသည် အလုပ်များနေသည့် ပတ်ဝန်းကျင်တွင် ထိုင်နေသော်လည်း ဒီနေရာနှင့် မလိုက်ဖက်သလို ခံစားနေရသည်။

“ဘာတွေ စိတ်ကူးယဉ်နေတာလဲ” ပိုင်ယို့ဝေက ကြက်အရိုးနုကို တစ်ကိုက်ကိုက်ပြီး ကြွပ်ကြွပ်မြည်အောင် ပျော်ရွှင်စွာ ဝါးစားလိုက်သည်။

ရှန်မိုက သတိဝီရိယရှိစွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင်ပြောလိုက်သည်။ “ငါ ဗိုက်မဆာဘူး။ မင်းတို့ စားကြ”

ပိုင်ယို့ဝေ: “ရှင်မစားချင်လည်း ကိစ္စမရှိဘူး၊ ဒါပေမယ့် မီးတော့ ကင်ပေးရမယ်။”

ရှန်မို: “…”

သူမက အမဲသား ပန်းကန်တစ်ချပ်ကို သူ့လက်ထဲ ထိုးထည့်လိုက်သည်။ “ရော့၊ ဒါ ကင်ပေး။”

ရှန်မိုသည်ခဏမျှ တိတ်ဆိတ်နေပြီး စိတ်ထဲမှ သက်ပြင်းချလိုက်ကာ မီးညှပ်ကို ကောက်ယူပြီး ဘာဘီကျူးအဖွဲ့နှင့် ပူးပေါင်းလိုက်တော့သည်။

အကင်ဒယ်အိုးမှ ဆီများ တစီစီမြည်နေပြီး ဘာဘီကျူးသည် ပူပူနွေးနွေးနှင့် မွှေးကြိုင်နေသည်။

တန်ရှောင်သည် စားသောက်ရင်းနဖူးတွင် ချွေးများ စို့လာသည်အထိပင် ဖြစ်သည်။ ထို့နောက် လက်ထဲရှိ ရေခဲရေအေးအေးကို ယူကာ အငမ်းမရ သောက်ချလိုက်သည်။ ဒီလို ပျော်ရွှင်မှုကို သူမခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

သူက ဝက်သားသုံးထပ်သားကို တစ်ကိုက်ကိုက်ပြီး ဝါးရင်း ဝါးရင်း မပီမသပြောလိုက်သည်။ “ကျွန်တော်တို့ ဒီလိုစားနေတာ နည်းနည်း မသင့်တော်ဘူး မဟုတ်လား”

ရှန်မိုက ကင်ထားသည့် အသားများကို ပိုင်ယို့ဝေ၏ ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်– မင်းလည်း ဒါမသင့်တော်ဘူးဆိုတာ သိတာပဲ။

“ပိုစား” ပိုင်ယို့ဝေက ပြောလိုက်သည်။ “ဗိုက်ပြည့်ရင် အလုပ်ပိုလုပ်နိုင်တယ်”

ရှန်မိုက မျက်လုံးများကို မော့ကြည့်လိုက်သည်။

ပိုင်ယို့ဝေက ဖြည်းဖြည်းချင်း စားနေပြီး ပြောလိုက်သည်။ “တကယ်တော့ ကျွန်မမှာ အကြံတစ်ခု ရှိတယ်...”

…………..

အခန်း (၈၄) အဖွဲ့နှစ်ဖွဲ့

လူတိုင်း သူမကို ကြည့်နေကြသည်။

အခြေအနေက တင်းမာလေးနက်နေသင့်သော်လည်း လူတိုင်းက အသားနှင့် အရက်ကို ကိုင်ထားသည့်အတွက် ညစာစားပြီးနောက် အတင်းအဖျင်း နားထောင်နေရသလို ထူးဆန်းသည့် လွဲမှားသော အမြင်တစ်ခု ဖြစ်ပေါ်နေသည်။

ရှန်မိုက ပိုင်ယို့ဝေကို မေးလိုက်သည်။ “ထွက်ဖို့ နည်းလမ်းတစ်ခုခု တွေးမိပြီလား”

“ဒီလိုတော့ မဟုတ်ဘူး။” ပိုင်ယို့ဝေက ပြောလိုက်သည်။ “သာမန်ဝင်္ကပါဆိုရင် တန်ရှောင် ခုနက ပြောတဲ့ နည်းလမ်းလောက်ဆို လုံလောက်ပြီ။ ဒါပေမယ့်... ဒီဝင်္ကပါအတွက်တော့ ထွက်ပေါက်ရှာတာက ဒုတိယလို့ ကျွန်မ ထင်တယ်။ ကျွန်မတို့ အရင်ရှာသင့်တာက လူတွေပဲ။”

“လူတွေလား” တန်ရှောင်က အမဲလျှာတစ်ဖတ်ကို တစ်ကိုက်တည်း စားချလိုက်သည်။ “ဘယ်သူလဲ”

ဆရာချန်းက ဝက်သားကြော်ဖြင့် အီနိုကီမှိုများကို ဂရုတစိုက် လိပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဝေဝေက ပျောက်ဆုံးသွားတဲ့ လူတွေကို ပြောတာ ဖြစ်ရမယ်။”

“ဟုတ်တယ်” ပိုင်ယို့ဝေ ခေါင်းညိတ်လိုက်သည်။ “အန္တရာယ် ဘယ်မှာရှိလဲဆိုတာ သိမှ မျှော်လင့်ချက် ဘယ်မှာရှိလဲဆိုတာ သိမှာပေါ့။ ကျွန်မတို့ အခုသိတဲ့ တစ်ခုတည်းသော သဲလွန်စက ဒီက မှန်တွေမှာ တစ်ခုခု မှားနေတာပဲ။ အဲဒါအပြင် ဝင်္ကပါထဲမှာ တခြား အန္တရာယ်တွေ ရှိသေးလား။ လုပ်ရိုးလုပ်စဥ်တွေ ရှိလား။ တားမြစ်ချက်တွေ ရှိလား။ ဒီမေးခွန်းတွေရဲ့ အမှန်တရားကို ပျောက်ဆုံးနေတဲ့ လူတွေကို ရှာတွေ့ပြီးမှပဲ သိနိုင်မှာလို့ ကျွန်မ ထင်တယ်။”

ရှန်မိုက စဉ်းစားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အန္တရာယ်ပဲဖြစ်ဖြစ်၊ အသက်ရှင်ဖို့ အခွင့်အရေးပဲဖြစ်ဖြစ်၊ ဝင်္ကပါထဲကို တကယ် နက်နက်ရှိုင်းရှိုင်း ဝင်ကြည့်မှပဲ သေချာ သိနိုင်မယ်။ ဒီအကျယ်အဝန်းအရဆိုရင် ဝင်္ကပါကို တစ်ပတ်ပတ်ဖို့ အနည်းဆုံး နှစ်ရက်ကြာလိမ့်မယ်။ ဝင်္ကပါရဲ့ ဖွဲ့စည်းပုံက ပိုရှုပ်ထွေးတယ်ဆိုရင် သုံးရက်လောက် ကြာနိုင်တယ်။”

ဒါက ရေရှည်တိုက်ပွဲ ဖြစ်သည်။

ယခင်က ဂိမ်းများလို မိနစ်အနည်းငယ်အတွင်း တစ်ပွဲပြီးဆုံးခြင်းမျိုးနှင့်မတူဘဲ ဝင်္ကပါထဲတွင် နောက်ဆုံးအထိ ဇွဲမလျှော့သူသာ အနိုင်ရသူ ဖြစ်သည်။

သူတို့ စကားပြောနေရင်း ရှာဖွေရေး အစီအစဉ်တစ်ခု ရေးဆွဲလိုက်သည်။

ဝင်္ကပါ၏ ဗဟိုရှိ ရေပန်းကို စတင်မှတ်အဖြစ် ယူကာ ဝင်္ကပါကို “အဝီစိတွင်း” ပုံသဏ္ဌာန် စူးစမ်းရှာဖွေရေး ဧရိယာများအဖြစ် ပိုင်းခြားလိုက်သည်။ နေ့စဉ် ဧရိယာ နှစ်ခုမှ သုံးခုအထိ စူးစမ်းရှာဖွေမည်။ ဤနည်းဖြင့် သုံးရက်အကြာတွင် ဝင်္ကပါတစ်ခုလုံး၏ ဖွဲ့စည်းပုံကို သိရှိနိုင်မည် ဖြစ်သည်။

ဝင်္ကပါကို ပိုမိုမြန်ဆန်စွာ စူးစမ်းရှာဖွေနိုင်ရန်အတွက် လက်ကိုင်ဖုန်းများ၊ ကြိုးများ၊ သုတ်ဆေးများ၊ မှုတ်ဆေးသေနတ်များ၊ မှတ်သားရန် ကော်များ၊ သာမန်စက္ကူများနှင့် ဘောပင်များကို ရှာဖွေရမည့် ပစ္စည်းစာရင်းတွင် ထည့်သွင်းထားသည်။

ပိုင်ယို့ဝေက ပြောသည်။ “ရွက်ဖျက်တဲ နည်းနည်းထပ်ရှာကြရအောင်။ ညဘက် မှန်ရှေ့မှာ မအိပ်ချင်ဘူး။”

သူတို့ အနားယူနေသည့် နေရာသည် ဝင်္ကပါ၏ ဗဟိုချက်တွင် ရှိနေသည် ။ ပတ်ပတ်လည်တွင် မှန်များ ရှိနေပြီး မော့ကြည့်လိုက်လျှင် မှန်ထဲတွင် အရုပ်များအဖြစ် ပြောင်းလဲသွားသည့် သူတို့ကိုယ်သူတို့ကို တွေ့ရမည်။ ဤခံစားချက်မှာ အလွန်မနှစ်မြို့ဖွယ် ဖြစ်သည်။

ရှန်မို ခေါင်းညိတ်လိုက်သည်။

သူလည်း တဲထဲတွင် အိပ်ခြင်းက ပို၍ လုံခြုံသည်ဟု ခံစားရသည်။

နောက်ဆုံး မှန်ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ဆက်လက်ဖော်ပြထားလျှင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ အာမခံနိုင်သည် မဟုတ်ပေ။

“စားပြီးရင် နေရာတစ်ခုကို ရှာပြီး ပစ္စည်းတွေ ရှာကြမယ်။” ရှန်မိုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေ့က ပထမဆုံးနေ့ပဲ။ သိပ်စိတ်မပူပါနဲ့။ အားလုံး အားအင်ချွေတာဖို့ မမေ့ကြနဲ့၊ ညဘက် အလှည့်ကျ ကင်းစောင့်ကြမယ်။”

လူတိုင်း ပြန်ဖြေကြပြီး ဘာဘီကျူးစားပွဲသည် ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ကျန်သည့် အကြွင်းအကျန်များကို ရှင်းလင်းရန် ပြင်ဆင်နေစဉ် မလှမ်းမကမ်းမှ ခြေသံများကို ကြားလိုက်ရပြီး မှိန်ဖျော့ဖျော့ အသံများဖြင့် ပို၍ ပို၍ နီးကပ်လာသည်။

“ဘာဘီကျူးအနံ့ ရသလိုပဲ...”

“ယန်ရီ၊ မင်း အသားစားသရဲဖြစ်နေတာလား ဟားဟားဟား!”

“...ဟေး၊ တကယ်ပဲ ဘာဘီကျူးအနံ့ ရသလိုပဲ။ ငါလည်း ရတယ်...”

“ငါလည်း ရတယ်!”

“ဆရာမတု ရှေ့မှာ လူရှိတယ်”

တုဒန်သည် ကျောင်းသားအုပ်စုတစ်စုကို ခေါ်ဆောင်ကာ စင်္ကြံထဲမှ ထွက်လာသည်။ ထိုအခါ ရှန်မို၊ ပိုင်ယို့ဝေ၊ တန်ရှောင်၊ ချန်းဝေခိုင်နှင့် သူတို့ဘေးမှ မီးဖိုများနှင့် ဘာဘီကျူးများကို တွေ့လိုက်ရသည်။

ရွံ့များပေနေသည့် လူအားလုံး အံ့အားသင့်သွားကြသည်။

ရှန်မို၏ လူများလည်း အံ့အားသင့်သွားကြသည်။

“...ဘုရားရေ။” မိန်းကလေးတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။ “သူတို့က ဝင်္ကပါထဲမှာ ဘာဘီကျူး စားနေကြတာ!”

ထိုအချိန်တွင် အလွန်တိတ်ဆိတ်နေသည့်အတွက် သူမ၏ အသံက လေထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေကာ ထို ထူးဆန်သည့် အခြေအနေကို ပို၍ပင် ထူးဆန်းစေခဲ့သည်။

တန်ရှောင်က တုံ့ပြန်လိုက်ပြီး “စားပြီးပြီလား။ ကျွန်တော်တို့နဲ့ လာစားကြမလား”

တုဒန်: “...”

ကျောင်းသားများ: “...”

ဆရာချန်းက အလွန်အားတက်သရောပင် “ကျွန်တော် မီးသွေးထပ်ယူပေးမယ်”

“မဟုတ်ဘူး၊ မလိုဘူး ဆရာချန်း။” တုဒန်က စိတ်မသက်မသာဖြင့် ပြောလိုက်သည်။ “ကျွန်မတို့ စားပြီးပြီ...”

သူမက ရှန်မိုနှင့် ပိုင်ယို့ဝေထံသို့ မျက်လုံးများကို ခက်ခက်ခဲခဲ ရွှေ့လိုက်သည်။ “ဘာလို့... ရှင်တို့လည်း ဝင်လာတာလဲ”

…………..

All Chapters