← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅) တောင်းဆိုမှုများစွာ

ရှန်မိုက ပြန်ဖြေသည်။ “ဝင်ပြီး စမ်းသပ်ကြည့်တာ။”

ထို့နောက် သူက တုဒန်ကို မေးလိုက်သည်။ “ဆရာမကရော။ ရွှံ့တွေ ရခဲ့လား”

တုဒန်က သူ၏ ပါးစပ်ထောင့်ကို ဆွဲတင်ကာ ပြုံးသည်။ “အင်း၊ ရခဲ့တယ်။”

သူမက ရခဲ့သည်ဟု ပြောသော်လည်း ပျော်ရွှင်မှု အများကြီး မပြသပေ။ သူမဘေးရှိ ကျောင်းသားများပင် ရှုပ်ထွေးသည့် မျက်နှာအမူအရာများ ရှိနေသည်။

သို့သော် နှစ်ဖက်အကြား ခင်မင်ရင်းနှီးမှုမှာ သိပ်နက်ရှိုင်းသည် မဟုတ်ပေ။ တစ်ဖက်လူက ဘာမှ မပြောသည့်အတွက် ရှန်မိုလည်း ထပ်မမေးတော့ပေ။

နှုတ်ဆက်ပြီးနောက် သူတို့သည် ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြသည်။

ရှန်မိုဘက်က လူများသည် ကျန်ရှိသည့် အကြွင်းအကျန်များနှင့် ဆီပေနေသည့် ပန်းကန်များကို ရှင်းလင်းနေကြသည်။

တုဒန်သည် ပြင်ဆင်မှု ကောင်းမွန်သည်။ သူတို့သည် ကြိုးအစည်းများနှင့် အရောင်အမျိုးမျိုးရှိသည့် အလံငယ်များကို ယူဆောင်လာကြသည်။ သူတို့က လမ်းကို စူးစမ်းရှာဖွေပြီး အဖြေကို တွေ့သောအခါ လမ်းဆုံတွင် အရောင်အမျိုးမျိုးရှိသည့် အလံများကို စိုက်ထူကြသည်။

အနီရောင်က လမ်းပိတ်နေသည်ကို ဖော်ပြသည်။ အစိမ်းရောင်က သွားလာနိုင်သည့် လမ်းကို ဖော်ပြသည်။ အဝါရောင်က မစူးစမ်းရသေးသည်ကို ဖော်ပြသည်။

အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ် အရွယ်ရှိ ကလေးငယ်များသည် လူကြီးများထက် စွမ်းအင် ပိုများသည်။ သူတို့သည် အလုပ်များလွန်းလှပြီး မကြာခင်တွင် အနီးအနားတွင် ရောင်စုံအလံများစွာကို စိုက်ထူပြီးစီးခဲ့ကြသည်။

ရှန်မိုဘက်မှာတော့ တိုးတက်မှု မရှိပေ။

ပိုင်ယို့ဝေက သူ့ကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။ “ရေချိုးချင်တယ်။”

ရှန်မို ဘာမှ မပြောပေ။သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများက အားလုံးကို ပြောပြနေသည်။ ဒီအချိန်ကိုပဲ ရွေးမှ ဖြစ်မှာလား။

ပိုင်ယို့ဝေ နားလည်သွားသည်။

“ရေချိုးမှ ဖြစ်မယ်၊ မဟုတ်ရင် ဘာဘီကျူးနံ့ နံနေလိမ့်မယ်။ အဲဒါက ကျွန်မကို စိတ်မသက်မသာ ဖြစ်စေတယ်။”

သူမ စိတ်မသက်မသာ ဖြစ်လို့မရပေ။

ဘာဖြစ်လို့လဲဆိုတော့ သူမ စိတ်မသက်မသာ ဖြစ်တိုင်း သူမပတ်ဝန်းကျင်က လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေလို့ပဲဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ လမ်းရှာရမှာပဲ။ လမ်းမှာ ရေချိုးဖို့ နေရာတွေ့ရင် ခဏလောက် ကျွန်မကို စောင့်ပေး။ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး” ပိုင်ယို့ဝေက မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။

ဘေးနားမှ ဖြတ်သွားသည့် ကျောင်းသူတစ်ဦးက ဒါကို ကြားပြီး အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

သူတို့ ဝင်္ကပါထဲရောက်တာနှင့်အသက်က ကြိုးတစ်ချောင်းပေါ် မူတည်နေသကဲ့သို့ဖြစ်နေသည်။ ဘာဘီကျူးစားဖို့ စိတ်ရှိတာအပြင် အခု ရေချိုးဖို့ နေရာပါ ရှာရဦးမှာလား။

ဒါက ခရီးထွက်လာတာလား။

ရှန်မိုသည် ရင့်ကျက်တည်ငြိမ်သည့် လူတစ်ယောက် ဖြစ်သည်။ သူသည် ပေါ့ပျက်ပျက်ကိစ္စများနှင့် ပတ်သက်ချင်စိတ် မရှိသဖြင့် သူမကို မစဉ်းစားဘဲ သဘောတူလိုက်သည်။

ဝင်္ကပါ၏ နံရံများကို ရှုပ်ထွေးစွာ ဆက်စပ်ထားသည်။ ဘတ်စ်ကားတစ်စီးသည် နှစ်ထပ်ကုတင်ပေါ် ဖိထားသည်။ ရေချိုးခန်းကို တစ်ဝက်ဖြတ်ကာ မီးဖိုချောင်နှင့် ချိတ်ဆက်ထားသည်။ အိမ်သာသည် ဘိလပ်မြေထဲတွင် ကျနေသည် စသည့် ထူးဆန်းသည့် အဖြစ်အပျက်များစွာ ရှိနေသည်။ သူမသည် သန့်ရှင်းရေးကို အလွန်နှစ်သက်သူ ဖြစ်သောကြောင့် ရေချိုးရန် သင့်လျော်သည့် နေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

သူတို့လေးဦးသည် ပစ္စည်းသိမ်းဆည်းပြီး လမ်းအသစ်ကို ရှာဖွေရန် ပြင်ဆင်ကြသည်။

တုဒန်၏ လူများကို အနှောင့်အယှက် မဖြစ်စေရန် သူတို့သည် ဆန့်ကျင်ဘက် လမ်းကြောင်းများကို ရွေးချယ်သွားကြသည်။

ပိုင်ယို့ဝေက ရှန်မိုကို သူ၏ ဖုန်းတွင် ထည့်သွင်းထားသည့် လမ်းလျှောက်ခြေလှမ်းရေတွက်စက်ကို ဖွင့်ခိုင်းသည်။

သွားလာသည့်နေရာတိုင်း မှတ်တမ်းများ ထားရှိသည်။

သူမ လမ်းခွဲတစ်ခုသို့ ရောက်တိုင်း ရပ်တန့်ပြီး ရေတွက်သည်။ ဥပမာအားဖြင့်၊ ရှေ့သို့ ၃ လှမ်းသွားလျှင် ဘယ်ဘက်တွင် လမ်းဆုံ ၁ ကို တွေ့မည်၊ ၉ လှမ်းသွားလျှင် ညာဘက်တွင် လမ်းဆုံ ၂ ကို တွေ့မည်... စသည်ဖြင့်။ ဂဏန်းများ ပို၍ အသေးစိတ်လေ၊ သူမသည် စက္ကူပေါ်တွင် ထိုဧရိယာ၏ မြေပုံကို ပို၍ တိကျစွာ ပြန်လည်တည်ဆောက်နိုင်လေ ဖြစ်သည်။

ပိုင်ယို့ဝေသည် ဆိုးရွားစွာ ပျက်စီးမနေသည့် ဆိုင်တစ်ခုခုကို တွေ့သောအခါ မှတ်ထားလိုက်သည်။ သို့မှသာ ပစ္စည်းများ စုဆောင်းသည့်အခါ ခေါင်းပြတ်နေသည့် ယင်ကောင်လို လျှောက်ရှာနေစရာ မလိုတော့ပေ။

တရားမျှတစွာ ပြောရလျှင် ပိုင်ယို့ဝေသည် ပြဿနာမရှာပါလျှင် သူမသည် တကယ်ကို အလွန်စိတ်ချရသည့် ပါတနာကောင်းတစ်ဦး ဖြစ်သည်။

သို့သော် သူမကတော့ ရှာပါသည်...

“ရေချိုးချင်တယ်။” ပိုင်ယို့ဝေက ဟိုတယ်တစ်ခု၏ ရှေ့တွင် ရပ်တန့်ပြီး မရွေ့တော့ပေ။

ရှန်မိုသည် ရှေ့ကို ကြည့်လိုက်ပြီး ပြောသည်။ “လမ်းဆုံနှစ်ခု ရှိသေးတယ်၊ ဒီလမ်းကြောင်းက ဆုံးတော့မယ်”

“မဟုတ်ဘူး၊ ရေမချိုးရရင် ဘယ်မှမသွားဘူး။” သူမက ဘီးတပ်ကုလားထိုင်ပေါ်တွင် ခေါင်းငုံ့ကာ ထိုင်ပြီး စိတ်မချမ်းမြေ့သည့် ပုံစံဖြင့် “အခု ရေချိုးချင်တယ်”

ရှန်မို: “…”

ဆရာချန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး “ဟိုမှာ လှေကားရှိတယ်။ ငါ သွားယူလိုက်မယ်”

တန်ရှောင်လည်း လှေကားရွှေ့ရန် ကူညီပေးသည်။

ဒီဟိုတယ်၏တစ်ဝက်သည် နံရံထဲကို ပြွတ်သိပ်ဝင်နေပြီး ဓာတ်လှေကားနှင့် လှေကားရှိသည့် အပိုင်းက ပျောက်နေကြောင်း ပြောဖို့ မေ့သွားသည်။ ဒါကြောင့် ဒုတိယထပ်က ဟိုတယ်အခန်းတွေဆီ သွားချင်လျှင် တက်ဖို့ နည်းလမ်းရှာရမည်ဖြစ်သည်..

ပိုင်ယို့ဝေကို ရေချိုးခွင့်ပေးရန်အတွက် အသက်ကြီးငယ်မရွေး အမျိုးသားသုံးဦးတို့သည် အလွန်ပင် ပင်ပန်းဆင်းရဲ ခံခဲ့ရသည်။

သူတို့သည် လှေကားယူလာရုံဖြင့် မလုံလောက်ဟု ခံစားရသဖြင့် အနီးအနားမှ သေတ္တာများ၊ စားပွဲများ၊ ဗီရိုများ၊ ဆိုဖာများ... တို့ကို သွားရှာကြသည်။ ဟိုတယ်ဧည့်ခန်း၏ မျက်နှာကျက်က အလွန်မြင့်မားသဖြင့် လှေကားကို ဒုတိယထပ်အထိ တင်နိုင်ရန် အလွှာများစွာ ပုံထားရသည်။

ရှန်မိုသည် ပိုင်ယို့ဝေကို ကျောပိုးကာ ဒုတိယထပ်သို့ တက်သွားသည်။ “တံခါးဝမှာ မင်းကို စောင့်နေမယ်။ သိပ်ကြာကြာ မချိုးနဲ့။ သုံးမိနစ်ခြားတစ်ခါ ငါ့ကိုခေါ်ပေး။ စကားပြောဖို့ ပျင်းရင် သီချင်းလေး တစ်ခုခုညီးပြီး မင်း အဆင်ပြေကြောင်း ငါ့ကို အသိပေး။ ခေါင်း မလျှော်နဲ့။ ဆံပင်အခြောက်ခံတာက အချိန်ဖြုန်းတာပဲ။ ရေချိုးပြီး ချက်ချင်း ထွက်လာတာ အကောင်းဆုံးပဲ။”

ပိုင်ယို့ဝေ: “တောင်းဆိုတာတွေက အများကြီးပဲ၊ ကျွန်မကို ကူချိုးပေးမလား”

ရှန်မို: “…”

……………

အခန်း (၈၆) ငိုကြွေးခြင်း

အိမ်မှ ထွက်ခွာပြီး လေးရက်မြောက်နေ့တွင် ပိုင်ယို့ဝေသည် နောက်ဆုံး၌ သူမ၏ ဆန္ဒအတိုင်း ရေနွေးနွေးဖြင့် ရေချိုးခွင့် ရရှိသွားသည်။

အကူအညီပေးမည့် အိမ်ဖော်မရှိသဖြင့် နည်းနည်းတော့ ခက်ခဲခဲ့သော်လည်း သူမက ခေါင်းဖျားမှ ခြေဖျားအထိ သေချာစွာ ဆေးကြောခဲ့သည်။

ရှန်မိုက တံခါးကို မိနစ်အနည်းငယ်ခြားတစ်ခါ ခေါက်နေသည်။

ပျမ်းမျှအားဖြင့် ရှန်မို နှစ်ကြိမ်ခေါက်တိုင်း ပိုင်ယို့ဝေက တစ်ကြိမ်ဖြေပေးသည်။

နောက်ပိုင်းတွင် ပိုင်ယို့ဝေ ရေချိုးပြီးခါနီးပြီ ဖြစ်သည်။ သူမ၏ ဖြူဖွေးသည့် အသားအရေ၊ နက်မှောင်ပြီး စိုစွတ်နေသည့် ဆံပင်များနှင့် တောက်ပနေသည့် ရေစက်များကို ကြည့်လိုက်ရင်း... သူမသည် “မကောင်းသည့် အတွေးများ” ဝင်လာပြီး ရှန်မိုကို နောက်ပြောင်ချင်စိတ် ပေါက်လာသဖြင့် တမင်တကာ တိတ်ဆိတ်နေလိုက်သည်။

“ပိုင်ယို့ဝေ” ရှန်မိုက တံခါးကို ထပ်ခေါက်သည်။ သူ၏ လေသံက စိတ်တိုနေသည်။ “ပိုင်ယို့ဝေ၊ အသံပေးဦး”

ပိုင်ယို့ဝေ: “...”

အဘယ်ကြောင့်မှန်းမသိ သူ၏ တင်းမာသော မျက်နှာတွင် အက်ကြောင်းတစ်ခု မြင်ချင်နေမိသည်။

သူ ဒေါသထွက်သွားရင်တောင် ပျော်စရာတော့ ဖြစ်လိမ့်မည်။

ဟုတ်ပါသည်။ သူမက သူ့မျက်နှာပေါ်မှာ တခြားတစ်ခုခု ပေါ်လာတာကို မျှော်လင့်ခဲ့သည်။ သို့သော် အဲဒါကဘာလဲဆိုတာကိုတော့ သူမက ရှင်းရှင်းလင်းလင်း မပြောတတ်သေးပေ။

“ပိုင်ယို့ဝေ၊ ရှိလား။ ငါ ဝင်လာတော့မယ်။” ရှန်မို၏ အသံက အနည်းငယ် အံကျိတ်ထားပုံရသည်။ “...မင်း ငါ့ကို နောက်ပြောင်မနေတာ အကောင်းဆုံးပဲ။”

ပိုင်ယို့ဝေသည် ရေချိုးခန်းထဲမှာ ပြုံးလိုက်ပြီး သူမ၏ ဆံပင်ရှည်များကို ခြောက်သွေ့သည့် မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်သည်။

တကယ်တော့ သူမ၏ ဆံပင်အရည်အသွေးက သိပ်မကောင်းပေ။ ကျန်းမာရေး မကောင်းသည့်အတွက် ဆံလုံးသည် သေးပြီး နူးညံ့သည်။ သို့သော် သူမက ပြုပြင်ထိန်းသိမ်းမှု ကောင်းသည့်အတွက် ဆံပင်က အလွန်ချောမွေ့ပြီး ပိတုန်းရောင်ကလည်း အလွန်လှပသည်။

သူမက ဆံပင်ကို ဂရုတစိုက် သုတ်သည်။ ဆံပင်အဖျားသို့ ရောက်သောအခါ သူမ၏ ခြေထောက်များကို တွေ့လိုက်ရသည်။

အချိန်အကြာကြီးထိုင်နေခဲ့ရသည့်အတွက် ပုံပျက်နေသည့် ခြေထောက်တစ်စုံ ဖြစ်ပြီး ဖြူဖျော့ဖျော့၊ ပိန်ပိန်ညှပ်ညှပ်နှင့် နည်းနည်းလေး ကျုံ့နေသည်။

ပိုင်ယို့ဝေ ရပ်တန့်သွားသည်။

ထူးဆန်းသည်။ အဘယ်ကြောင့် သူမက သူ့ကို ဒီလို ပုံစံမျိုးနဲ့ မြင်စေချင်တာလဲ။

သူမ ရင်ထဲမှာ ခုနက တိုးတက်လာသလို ခံစားရသည့် ခံစားချက်ကလေးသည် လေနှင့်အတူ လွင့်ပါသွားသလို ဖြစ်သွားပြီး ရုတ်တရက် အရသာမရှိခြင်းသာ ကျန်ရစ်ခဲ့သည်။

ရေချိုးခန်းတံခါးလက်ကိုင်က ကလစ်ခနဲ မြည်သံ ထွက်ပေါ်လာပြီး ရှန်မိုက တကယ်ပဲ ဝင်လာပြီး ကြည့်ဖို့ ရည်ရွယ်ထားပုံရသည်။

“အဆင်ပြေပါတယ်” သူမက လေသံအေးဆေးစွာဖြင့် “ရှင်ကျွန်မကို အလျင်စလို မလုပ်နဲ့။ စိတ်တိုတယ်။”

ကလစ်ခနဲ မြည်သံ ရပ်သွားသည်။

ခဏမျှ တိတ်ဆိတ်ပြီးနောက် အပြင်ဘက်မှ အမျိုးသားက စိတ်တိုသည့် လေသံဖြင့် စကားနှစ်လုံး ပြောလိုက်သည် “မြန်မြန်လုပ်။”

ပိုင်ယို့ဝေက အတူတူပဲ ပြောလိုက်သည်။ “ကျွန်မနှေးတယ်လို့ ထင်ရင် ဝင်လာပြီး ကူချိုးပေးမလား”

တံခါးအပြင်ဘက်မှ အသံမကြားရပေ။

ပိုင်ယို့ဝေသည် ဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုယ် သုတ်ပြီး အဝတ်အစား ဝတ်လိုက်သည်။

ရေချိုးခန်းထဲက ရေနွေးငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရေနွေးငွေ့ဖုံးနေသည့် မှန်ကလည်း ပြန်ရှင်းလင်းလာသည်။ သူမက မှန်ရှေ့မှာ ဆံပင်ပုံစံ ပြင်နေစဉ်၊ မှန်ထဲက အရုပ်ကလည်း ဖိုင်ဘာစများကို ပုံစံပြင်နေသည်။

သူမ၏ စိတ်နေစိတ်ထားက သာမန်လူတွေနှင့် မတူတာလားမသိပေ။ မှန်ထဲက အရုပ်ကို အကြာကြီး ကြည့်နေသည့်အခါ ကြောက်စရာမကောင်းတော့ဘူးဟု ခံစားရသည်။

သေချာကြည့်လျှင် အရုပ်က တကယ်ပဲ နူးညံ့သည်။ နဖူးပြည့်ပြည့်၊ ဆံပင်ပွပွ၊ မျက်တောင်တွေတောင် ရှင်းရှင်းလင်းလင်း မြင်ရသည်။

သူမက ခက်ခက်ခဲခဲ ထားခဲ့ရသည့် ဆံပင်ရှည်များကို ဖြီးနေသည်။ မှန်ထဲက လူသည် ခဏကြာ ဆံပင်ဖြီးနေပြီးနောက် ရပ်သွားသည်။ သူမက အလွန်ပဲ မကျေမနပ်ဖြစ်နေပုံရပြီး တကယ်တော့ ပခုံးများတွန့်ကာ ငိုနေတာဖြစ်သည်။

ပိုင်ယို့ဝေသည် အလွန် စူးစမ်းချင်နေသည်။ ရုပ်သေးရုပ်တစ်ရုပ်က ဘယ်လိုလုပ်ပြီး ငိုနိုင်တာလဲ။

သူမက မှန်ထဲက ကိုယ့်ကိုယ်ကိုယ် စိုက်ကြည့်လိုက်သည့်အခါ မျက်လုံးထဲက မျက်ရည်တွေ စို့လာပြီး ပါးပြင်ပေါ် စီးကျနေသည်ကို တွေ့ရသည်။ သူမက အလွန်ကို ဝမ်းနည်းကြီးစွာ ငိုနေတာဖြစ်ပြီး ကြောက်ရွံ့စွာ၊ အကူအညီမဲ့စွာပင် ငိုနေသည်။

ဘာကြောင့်မှန်းမသိ ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်မျိုး ဖြစ်သည်။

သို့သော် သူမသည် ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြောင်း သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဤသို့ ကြောက်တတ်သူတစ်ဦးလို ငိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ပိုင်ယို့ဝေက မှန်ကို၊ ထို “ရုပ်ပုံ” ကို ကြည့်ရင်း တဖြည်းဖြည်း စိတ်များဗလာကျင်းသွားသည်။

သူမ၏ အတွေးများက ထူးဆန်းသည့် လမ်းကြောင်းအတိုင်း ပြေးလွှားနေသည်။ သူမက စဉ်းစားနေသည်။ ဘာလို့ ငါ ငိုနေတာလဲ။ ငါ ဘာအတွက် ငိုနေတာလဲ။...

“အား”

ရုတ်တရက် အပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

ပိုင်ယို့ဝေ ရုတ်တရက် နိုးလာသည်။ သူမသည် မသိစိတ်ကပင် မှန်ရှေ့တွင် ရပ်နေမိသည်ကို တွေ့လိုက်ရပြီး မှန်ထဲက မျက်ရည်ကျနေသည့် အရုပ်က တကယ်ပဲ လက်တစ်ဝက်ကို မှန်ထဲကနေ ထုတ်လိုက်သည်။

ပိုင်ယို့ဝေသည် အေးစက်စက် လေကို ရှူသွင်းလိုက်သည်။

ထို့နောက် အလွန်ဒေါသထွက်သွားပြီး သူမလက်ထဲရှိ မျက်နှာသုတ်ပဝါကို ဆွဲယူကာ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်သည်။

“မင်း ဘာလို့ ငိုနေတာလဲ”

………….

အခန်း (၈၇) အိပ်မက်မှ နိုးထခြင်း

ပိုင်ယို့ဝေသည် မျက်နှာသုတ်ပဝါကို ပစ်ချလိုက်ပြီး ဘီးတပ်ကုလားထိုင်ဖြင့် ရေချိုးခန်းထဲမှ အလျင်အမြန် ထွက်သွားသည်။

ရှန်မိုက တံခါးအပြင်ဘက်မှာ မရှိတော့ပေ။

သူ တစ်ခါတည်း ခုန်ချသွားခဲ့သည်။ ထိုအချိန်တွင် သူသည် ပထမထပ်တွင် ရှိနေပြီး ဟိုတယ်ဧည့်ခန်းရှိ ငါးကန်ထဲမှ တန်ရှောင်ကို ခုနကမှ ဆယ်ယူပြီးခဲ့သည်။

ဟိုတယ်ဧည့်ခန်း၏ တစ်ဖက်တွင် ငါးကန်တစ်ကန်ရှိပြီး ၎င်းထဲတွင်ငါးအကောင်ရေ တစ်ဒါဇင်ကျော် ရှိသည်။ တန်ရှောင်က ပျင်းရိနေသဖြင့် ကန်ဘေးတွင် ငါးမျှားကာ ပျော်အောင် ကြိုးစားခဲ့သည်။ သူက ကန်ထဲ ကျသွားပြီး မထနိုင်တော့မည်ဟု ဘယ်သူထင်မည်နည်း။

ကန်က ခြေသလုံးလောက်ပဲ နက်သည်။

“ဒီနေရာမှာ ရေသူရဲတွေ ရှိတယ်” တန်ရှောင်သည် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီး ကြောက်လန့်တကြား အော်သည်။ “ရေသူရဲက ငါ့ကို ရေထဲဆွဲချနေတာ။ သွားကြစို့”

“ရေသူရဲ မဟုတ်ဘူး” ဘေးနားမှာ ရပ်နေသည့် ဆရာချန်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး မျက်နှာဖြူဖျော့စွာဖြင့် အော်လိုက်သည်။ “အရုပ်ပဲ။ အရုပ်က မင်းရဲ့ ပုံရိပ်ထဲက ထွက်လာတာ”

ရှန်မိုသည် ၎င်းကို ကြားသောအခါ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ ခေါင်းလှည့်ကာ အပေါ်ထပ်သို့ ကြည့်လိုက်သောအခါ ပိုင်ယို့ဝေ၏ နောက်မှ ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့ရသည်။

သေချာကြည့်လိုက်သောအခါ ၎င်းသည် အရုပ်တစ်ရုပ် ဖြစ်သည်။ ထိုအရာသည် တောင့်တင်းနေသည့် အလောင်းကောင်ကဲ့သို့ လက်များကို ဆန့်ထုတ်ကာ ပိုင်ယို့ဝေကို ချဉ်းကပ်လာသည်။

“ပိုင်ယို့ဝေ” ရှန်မို အော်လိုက်သည်။ “ခုန်ချလိုက်!”

ရှန်မို၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားချိန်ကတည်းက ပိုင်ယို့ဝေ တစ်ခုခု မှားနေသည်ကို ခံစားမိပြီးသား ဖြစ်သည်။ သို့သော်... ခွေးသူတောင်းစားဘဝ။ သူမ ဘယ်လိုခုန်ချရမှာလဲ။ သူမမှာ ခြေချစရာတောင် မရှိဘူး မဟုတ်လား။

ပိုင်ယို့ဝေသည် နောက်လှည့်မကြည့်ဘဲ လက်နှစ်ဖက်ဖြင့် ထောက်ကာ သူမ၏ ဒြပ်ဆွဲအား ဗဟိုချက်ကို ပြောင်းရွှေ့ရန် ကြိုးစားသည်။

သူမ၏ တစ်ကိုယ်လုံး ဘေးတိုက်လဲကျသွားပြီး ဒုတိယထပ်မှ တိုက်ရိုက် ပြုတ်ကျသွားသည်။

သူမ၏ နားဘေးတွင် တဒုန်းဒုန်း အသံ ထွက်ပေါ်လာသည်။ သူမ၏ ဘီးတပ်ကုလားထိုင်လည်း မှောက်လဲကာ အတူတူ ကျသွားသည်။

သူမ မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် အောက်သို့ ကျဆင်းသွားသည်။ လဲကျခြင်းကြောင့် အရင် နာကျင်ရမလား သို့မဟုတ် ဘီးတပ်ကုလားထိုင်ကြောင့် နာကျင်ရမလား စိတ်ပူနေမိသည်။

ကြီးမားသော လက်တစ်ဖက်က သူမ၏ ခါးကို ဖက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အဟုန်ကြောင့် ပြင်းထန်စွာ ကျဆင်းသွားသော်လည်း ထိုလက်ဖြင့် မြဲမြဲဆွဲတင်ခံလိုက်ရပြီး လေထဲတွင် တစ်ဝက်တစ်ပျက် လှုပ်ယမ်းသွားသည်။ သူမ ခေါင်းမူးသွားပြီး မျက်လုံးများ ဖွင့်လိုက်သောအခါ ရှန်မိုက သူမကို လက်တစ်ဖက်ဖြင့် ထိန်းထားပြီး လှေကား၏ ကန့်လန့်ဖြတ်တန်းကို အခြားလက်ဖြင့် ကိုင်ထားသည်ကို တွေ့ရသည်။

သူမက သူ့လက်မောင်းထဲမှာနေရင်း သူ့ကို ကြည့်လိုက်သည်။ ထိုရှုထောင့်မှ သူ့ဘေးတိုက်မျက်နှာသည် ချောမောပြတ်သားပြီး သူ့မျက်လုံးများက အေးစက်နေသည်။ ပါးစပ်ကလည်း တင်းတင်းစေ့ထားပြီး သူ၏တည်ကြည်မှုနှင့် ထိန်းချုပ်မှုနောက်ကွယ်တွင် ကြောက်ရွံ့စရာကောင်းသည့် သူရဲကောင်းဆန်သော ဟန်ပန်တစ်ခု ရှိသည်။

နောက်ခံမြင်ကွင်းသည် အနည်းငယ် မူးနောက်နေပြီးထိုမြင်ကွင်းကို မြင်ရသည်မှာ တကယ်ကို ရင်ခုန်စရာဖြစ်သည်။

ဒုန်း!

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ပိုင်ယို့ဝေသည် အိပ်မက်မှ နိုးထလာသလို ဖြစ်သွားသည်။

လှည့်ကြည့်လိုက်သောအခါ ဘီးတပ်ကုလားထိုင်သည် မြေပြင်ပေါ်သို့ ကျနေပြီး ဘေးတိုက် လဲကျနေသည်ကို တွေ့ရသည်။ ဘီးနှစ်ခုသည် တကျွီကျွီမြည်ကာ လည်နေပြီး ဝင်ရိုးသည် အေးစက်ဖြူဖွေးသည့် သတ္တုရောင်ကို ရောင်ပြန်ဟပ်နေသည်။

အပေါ်ထပ်က အရုပ်ကို ဘယ်မှာမှ မတွေ့တော့ပေ။

“အပြင်ထွက်ကြစို့။” ဆရာချန်းသည် ဘီးတပ်ကုလားထိုင်ကို ထိတ်လန့်တကြား ကောက်ယူလိုက်ပြီး သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မည်သည့်နေရာမှ လုံခြုံသည်ဟု သူ မခံစားရပေ။

ရှန်မိုက အေးဆေးတည်ငြိမ်စွာပင် “အပြင်ထွက်ရင် ပတ်ဝန်းကျင်ကို သတိထားကြ၊ မှန်ရှိတဲ့ အရာတွေ နားမကပ်ကြနဲ့”

မှန်ဟုဆိုရာတွင် မှန်များ၊ ဖန်များ၊ ရေပြင်များ၊ နှင့် ပုံရိပ်ကို ရောင်ပြန်ဟပ်နိုင်သော မည်သည့်အရာဝတ္ထုမဆို ပါဝင်သည်။

ခဏတာမျှ လူတိုင်းသည် သူတို့၏ ခြေဖဝါးအောက်ရှိ ကြွေပြားများပင် အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

သူတို့ ဟိုတယ်ထဲမှ အလျင်အမြန် ထွက်လာကြသည်။

ဝင်္ကပါ လမ်းကြောင်းထဲတွင် ရှန်မိုသည် ပိုင်ယို့ဝေကို ဘီးတပ်ကုလားထိုင်ပေါ် တင်လိုက်ပြီး သူမကို အပေါ်အောက် စစ်ဆေးသည်။ သူမ၏ ဆံပင်များသည် ရှုပ်ပွနေပြီး ပုံစံက မသေသပ်သော်လည်း ကံကောင်းစွာဖြင့် ဒီနေရာတွင် ဘာမှမဖြစ်ဘဲ ထိုင်နိုင်ခဲ့သည်။

“မှန်ထဲက အရုပ်တွေက ငါတို့အတွက် ဂိမ်းက ဖန်တီးထားတဲ့ အခက်အခဲဆိုရင်တော့ ထွက်ပေါက်က မှန်တွေ အများဆုံး စုစည်းနေတဲ့ နေရာမှာ ဖြစ်မှာလား” ရှန်မို စဉ်းစားလိုက်သည်။

ပိုင်ယို့ဝေ ခေါင်းကိုအနည်းငယ်ခါသည်။ “မှန်တွေ အများဆုံး စုစည်းနေတဲ့ နေရာက ဝင်္ကပါရဲ့ ဗဟိုမှာ။ ထွက်ပေါက်နဲ့ အစမှတ်က တိုက်ဆိုင်လို့မရဘူး။ ဒါက လှည့်စားတာပဲ။”

ခဏမျှ ရပ်တန့်ပြီး သူမ ဆက်ပြောသည်။ “ကျွန်မ ထင်တာက မှန်ထဲက အရုပ်က သဲလွန်စ ဒါမှမဟုတ် အရိပ်အမြွက်တစ်ခု ဖြစ်လိမ့်မယ်။”

သူမက ခေါင်းလှည့်ကာ တန်ရှောင်ကို မေးလိုက်သည်။ “ရှင် ငါးမျှားတုန်းက ရှင့်ရဲ့ ပုံရိပ်က မတူဘူးလို့ ခံစားရလား”

တန်ရှောင် ခဏမျှ ကြောင်သွားသည်။ “သတိမထားမိလိုက်ဘူး...”

“ဘာဖြစ်လို့လဲ။ မင်းရဲ့ အရုပ်မှာ ထူးထူးခြားခြား တစ်ခုခု ရှိလား” ရှန်မိုက ပိုင်ယို့ဝေကို မေးလိုက်သည်။

“ပြောရခက်တယ်။” ပိုင်ယို့ဝေ ခဏမျှ စဉ်းစားသည်။ “...ဘယ်လိုပဲဖြစ်ဖြစ်၊ အခွင့်အရေးရရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ သေချာ ကြည့်တာ အကောင်းဆုံးပဲ။ လုံခြုံရေးအရတော့ သေချာပေါက် တစ်ယောက်ယောက်နဲ့ အတူရှိနေသင့်တယ်။”

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

……………..

All Chapters