အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အခန်း (၈၈) ဝင်္ကပါ ဗဟိုသို့ ပြန်လည်ရောက်ရှိခြင်း
နောက်ပိုင်းအချိန်တွင် သူတို့သည် ကျန်ရှိသည့် လမ်းအပိုင်းကို လျှောက်သွားကြပြီး လမ်းခွဲသို့ ကွေ့ဝင်ကာ ခြေလှမ်းများကို ရေတွက်ရင်း ပစ္စည်းများ ရှာဖွေကြသည်။
ချန်းဝေခိုင်သည် ဆိုင်တစ်ဆိုင်မှ သစ်နက်တောင်ဝှေးတစ်ချောင်းကို တွေ့လိုက်ရသည်။
သူက တောင်ဝှေးသုံးရန် လိုအပ်သေးသည့် အသက် မဟုတ်သော်လည်း တန်ရှောင် တိုက်ခိုက်ခံရပြီးနောက် သူသည် ကြောက်ရွံ့နေသေးသဖြင့် လက်ထဲတွင် လက်နက်အဖြစ် သုံးရန် တစ်ခုခုကို ကိုင်ထားသည်။
တန်ရှောင်သည် အရာရာကို အလွယ်တကူ မေ့လျော့တတ်သူ ဖြစ်သည်။ လမ်းဘေးတွင် ရေပိုက်ခေါင်းတစ်ခုကို မြင်သောအခါ သူသည် စိတ်ပူပန်မှုမရှိဘဲ ရေအေးဖြင့် ချက်ချင်း ရေချိုးလိုက်သည်။
သူကတော့ ရေချိုးရန် ပိုင်ယို့ဝေလောက်မပင်ပန်းခဲ့ပေ။ ရေပိုက်ခေါင်းအောက်မှာ ရပ်ပြီး သူ့တီရှပ်ကို ပွတ်သပ်ရင်း တစ်ချိန်တည်းမှာပင် အဝတ်များကို လျှော်ခဲ့သည်။
“ဒီမှာ ကြည့်” ဆရာချန်းက နံရံပေါ်ရှိ ပိုစတာတစ်ခုကို သူ၏ တောင်ဝှေးဖြင့် ထောက်ပြသည်။ “ခုနတုန်းက ဒီလို ပိုစတာတွေနဲ့ လက်ကမ်းကြော်ငြာတွေ အများကြီး တွေ့ခဲ့တယ်...”
တောင်ဝှေးက ပိုစတာ၏ ထောင့်တစ်နေရာကို မြှောက်လိုက်သည့်အခါ ချောမွေ့သည့် မှန်မျက်နှာပြင် ပေါ်လာသည်။ ဆရာချန်း၏ လက်များ တုန်ယင်သွားပြီး အလျင်အမြန် ပြန်ချလိုက်သည်။
ရှန်မိုက “အရင်က လူတစ်ယောက်ယောက်က ထားခဲ့တာ ဖြစ်ရမယ်”
လူတိုင်း ရှေ့လမ်းကို ကြည့်လိုက်ကြသည်။ နံရံများပေါ်တွင် ပိုစတာများ ရှုပ်ပွနေအောင် ကပ်ထားသည်ကို တွေ့ရသည်။ မှန်အချို့ကို မဖုံးအုပ်ထားဘဲ ဆေးများ ပက်ထားသည်ကို တွေ့ရပြီး အတော်လေး စိတ်မကောင်းဖွယ် ဖြစ်သည်။
ယခင်က ဝင်္ကပါထဲတွင် ပိတ်မိနေခဲ့သူများသည်လည်း မှန်များကို ကြောက်ရွံ့ကြသည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့ မည်မျှ အန္တရာယ်ရှိသည်ကို ဖော်ပြနေသည်။
သူတို့သည် မှန်များကို ပို၍ သတိထားလာကြသည်။
ဆက်လက်သွားကြသည်။
တဖြည်းဖြည်းနှင့် လူတို့၏ သဲလွန်စအချို့ကို သူတို့ တွေ့လာကြသည်။ ဥပမာအားဖြင့် စွန့်ပစ်ထားသည့် နေ့လယ်စာဘူးများ၊ ကျန်ရှိနေသည့် အချိုရည်များနှင့် လူများ ခေတ္တအနားယူခဲ့သည့် ကုတင်များ စသည်တို့ ဖြစ်သည်။ သို့သော် လူသားများ၏ လှုပ်ရှားမှု သဲလွန်စတော့ မတွေ့ရပေ။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်စပြုလာပြီး ဆည်းဆာ ကျရောက်လာသည်။
သူတို့သည် ဝင်္ကပါ၏ စမှတ်သို့ ပြန်ရန် ဆုံးဖြတ်ကြသည်။
လမ်းတစ်လျှောက် ခြေလှမ်းများကို ရေတွက်ထားသောကြောင့် နောက်ပြန်လှည့်ရန်သာ လိုအပ်သည်။
ပြန်လမ်း တစ်ဝက်ရောက်သောအခါ လေထဲတွင် လျှပ်စစ်၏ တစီစီမြည်သံကို ကြားလိုက်ရပြီးနောက် ဝင်္ကပါတစ်ခုလုံး လင်းထိန်လာသည်!
——မီးများ လင်းလာသည်။
မှောင်မိုက်နေသည့် အိမ်များက ပြတင်းပေါက်များကို လင်းထိန်စေပြီး မြင့်မားသည့် နီယွန်မီးများက တဖျပ်ဖျပ် လင်းနေသည်။ ဝင်္ကပါသည် မီးရောင်များဖြင့် ဖုံးလွှမ်းနေပြီး ယခင်က စည်ကားသည့် လမ်းများအတိုင်း ဖြစ်နေသည်။ လူများကို ဘာမှ မပြောင်းလဲသေးဘူးဟု ထင်ယောင်ထင်မှား ဖြစ်စေသည်။
ပိုင်ယို့ဝေသည် ညရှုခင်းက ဒီလောက် လှပနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။
လျှပ်စစ်မီးပြတ်တောက်သည်မှာ သုံးလေးရက်သာ ရှိသေးသော်လည်း ရာစုနှစ်တစ်ရာ ကုန်လွန်သွားပြီဟု သူမ ခံစားရသည်။ ယခု မီးများ လင်းလာသည်ကို မြင်ရသောအခါ အံ့အားသင့်သွားခြင်းမှာ အလွန်ပင် ထူးဆန်းသည့်အရာ ဖြစ်သည်။
သို့သော် လှပသည့် အရာများသည် အမြဲတမ်း အန္တရာယ်များကို ဖုံးကွယ်ထားတတ်သည်။ ခမ်းနားသည့် မီးများက မှန်ပေါ်တွင် ရောင်ပြန်ဟပ်သောအခါ ၎င်းတို့သည် ဆက်တိုက် ရောင်ပြန်ဟပ်ပြီး အလင်းယိုင်ခြင်း၊ အလင်းယိုင်ပြီး ရောင်ပြန်ဟပ်ခြင်းများ ဖြစ်ပေါ်နေကာ လူများ၏ ဦးတည်ရာ အာရုံခံစားမှုကို ရှုပ်ထွေးစေရန် လုံလောက်သည်။
“သွားကြစို့။” ရှန်မိုက ဘီးတပ်ကုလားထိုင်ကို ရှေ့သို့ တွန်းလိုက်သည်။ “ဆရာချန်းက အလယ်ကနေ လျှောက်မယ်၊ တန်ရှောင်က နောက်ကနေ ကြည့်ပေးမယ်။”
သူတို့နှစ်ဦးစလုံး ပြန်ဖြေကြသည်။
သူတို့ ဝင်္ကပါ၏ ဗဟိုသို့ ပြန်ရောက်သောအခါ တုဒန်နှင့် သူမ၏ လူများ ညစာ စားနေကြသည်။
ရှန်မိုနှင့် သူ၏ သူငယ်ချင်းများ ကိုရီးယား ဘာဘီကျူးဆိုင်မှ ယူလာခဲ့သည့် အစားအသောက်များ ရှိနေသေးသည်။ ဆရာချန်းက ညစာပြင်ဆင်ရန် လုပ်ဆောင်ပေးသည်။ နေ့လယ်က ဘာဘီကျူး စားပြီးနောက် ညဘက်တွင် ပေါ့ပေါ့ပါးပါး တစ်ခုခု စားသင့်သည်။ ပိုင်ယို့ဝေက အစားအသောက် ရွေးတတ်ပြီး ခေါက်ဆွဲ မစားချင်သဖြင့် အေးခဲထားသည့် ဖက်ထုပ်အထုပ်အနည်းငယ်ကို ယူပြီး ရေညှိကြက်ဥခေါက်ဟင်းရည် တစ်အိုးကြီး ချက်လိုက်သည်။
ဆရာချန်း၏ ဆန်ပြုတ်ချက်နည်းမှာ ပုံမှန်သာ ဖြစ်သော်လည်း ဟင်းချိုမှာ တကယ်ကောင်းသည်။ ကြက်ဥများက ညီညီညာညာ ပျံ့နှံ့နေပြီး တောက်ပသည့် အဝါရောင် ရှိကာ ချောမွေ့လှသည်။ ပုဇွန်ခွံခြောက်အမှုန့် အနည်းငယ်နှင့် နံနံပင်စိမ်းများကို ဖြူးလိုက်သောအခါ ရိုးရှင်းသည့် ဟင်းပွဲသည် မွှေးကြိုင်နေပြီး အိမ်တွင်းနွေးထွေးမှုကို ခံစားရစေသည်။
ဘေးနားက ဆရာမနှင့် ကျောင်းသားများသည့်တော့ ရိုးရိုးပဲ စားကြတာဖြစ်သည်။ခေါက်ဆွဲခြောက်နှင့် ဝက်အူချောင်းဖြစ်သည်။ အခု သူတို့ ဖက်ထုပ်နှင့် ဟင်းရည်စားနေတာကို မြင်သည့်အခါ မျက်လုံးထဲတွင် မနာလိုသည့် အကြည့်များ တွေ့နေရသည်။
ထိုအချိန်တွင် တုဒန်နှင့် ကျန်းထျန်းယန်တို့ ထရပ်ပြီး လျှောက်သွားတာကို မြင်သည့်အခါ ကျောင်းသားများက အော်ဟစ်နေကြသည်။ “ထျန်းယန်! ဖက်ထုပ်တွေ နည်းနည်း ယူခဲ့!”
ကျန်းထျန်းယန်က ရယ်ပြီး ဆူလိုက်သည်။ “စားချင်ရင် ကိုယ့်ဘာသာကိုယ် မချက်နိုင်ဘူးလား”
သူ ဖက်ထုပ်တောင်းဖို့ ဟိုဘက် သွားတာမဟုတ်ပေ။
ကျန်းထျန်းယန်သည် သူ့ဘေးက ဆရာမတု၏ တည်ကြည်သည့် မျက်နှာကို တစ်ချက်ကြည့်ပြီး သူ့ရင်ထဲတွင် လေးလံနေခြင်းကို ခံစားရသည်။
ဝင်္ကပါထဲကို အဖွဲ့နှစ်ဖွဲ့ တစ်ချိန်တည်း ဝင်လာကြသည်။။ သူတို့က မိတ်ဆွေလည်း ဖြစ်နိုင်သလို၊ ရန်သူလည်း ဖြစ်နိုင်သည်။ ဒီတစ်ခါ ဆရာမတုနှင့်အတူ သူတို့ကို စည်းရုံးပြီး ပူးပေါင်းဆောင်ရွက်မှု ရနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။
…………..
အခန်း (၈၉) လမ်းကြောင်းကွဲများ
မဟာမိတ်တစ်ဦး ပိုနေခြင်းက ရန်သူတစ်ဦး ပိုနေခြင်းထက် အမြဲတမ်း ပိုကောင်းသည်။
တုဒန်သည် ကျန်းထျန်းယန်ကို ရှန်မိုထံ ခေါ်လာပြီး ဆရာချန်းကို ဦးစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။ အရပ်ရှည်ပြီး နူးညံ့သည့် ကောင်လေးက ချန်းဝေခိုင်ကို ရဲရဲဝံ့ဝံ့ ဦးညွှတ်အရိုအသေပြုသည်။
ချန်းဝေခိုင်က လက်ထဲတွင် အိုးတစ်လုံး ကိုင်ထားသဖြင့် ရှောင်လွှဲမရပေ။ သူက အိုးကို ချလိုက်ပြီး ပြုံးလျက် မေးလိုက်သည်. “အကုန် အဆင်ပြေပြီလား”
“အကုန် ပျောက်သွားပြီ” ကျန်းထျန်းယန်က ပြုံးလျက် ပြောလိုက်သည်။ “အရင်က ဒဏ်ရာကနာလို့ မစားနိုင်ခဲ့ဘူး။ နှစ်ရက်သုံးရက်လောက် ဗိုက်ဆာပြီး အိပ်ရာက မထနိုင်ခဲ့ဘူး။ အခုတော့ ကောင်းကောင်း စားနိုင်သောက်နိုင်ပြီ၊ အဆင်ပြေသွားပြီ”
“မင်း အဆင်ပြေလို့ ဝမ်းသာပါတယ်။” ချန်းဝေခိုင်က နူးညံ့စွာ ပြုံးလိုက်သည်။ “နောက်ဆို သတိထားပါ၊ မလုပ်ခင် နှစ်ခါစဉ်းစားပါ။ ယောက်ျားကောင်းတစ်ယောက်က အစမှာ သတိထားရင် နောက်ပိုင်းမှာ စိတ်ပူစရာ မလိုတော့ဘူး။”
ကျန်းထျန်းယန်က ဟုတ်ကဲ့ဟု အကြိမ်ကြိမ် ပြောလိုက်သည်။
ကျေးဇူးတင်စကား ပြောပြီးနောက် အရေးကြီးသည့် ကိစ္စများ လုပ်ရန် အချိန်ကျပြီ ဖြစ်သည်။
တုဒန်က သူမ၏ စကားများကို စနစ်တကျ စီစဉ်ပြီး ဂရုတစိုက် ပြောလိုက်သည်။ “ပြီးခဲ့တဲ့ ဂိမ်းမှာ ကျွန်မတို့ မတော်တဆ ဝင်္ကပါအကြောင်း သတင်းအချက်အလက် ရခဲ့လို့ လာစမ်းကြည့်တာ။ ရှင့်တို့ကို တွေ့မယ်လို့ မမျှော်လင့်ထားဘူး... အခု ပြန်တွေ့ကြပြီဆိုတော့ နောက်ရက်တွေမှာ ပူးပေါင်းပြီး ထွက်ပေါက်ကို အတူတူရှာကြမလား”
“ပူးပေါင်းဆောင်ရွက်မယ်လား”
ပိုင်ယို့ဝေ၏ နူးညံ့သောအသံက ထိုအချိန်တွင် ထင်ရှားစွာ ထွက်ပေါ်လာသည်။
သူမသည် တုဒန်ကို ကြောင်ကဲ့သို့သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ဘေးတွင်ရှိသော ကျန်းထျန်းယန်ကို ကြည့်ကာ “ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”
ရှန်မိုက သူမ၏ ခေါင်းကို ပွတ်သပ်ရန် လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ “တော်တော့”
“ကျွန်မ စိတ်ဆိုးလို့ ပြောတာ မဟုတ်ဘူး၊ ကျွန်မတို့ တကယ် ပူးပေါင်းဆောင်ရွက်လို့ မရဘူး။” ပိုင်ယို့ဝေက အပြစ်ကင်းစင်သော မျက်နှာဖြင့် “သူတို့ ယူလာတဲ့ ကြိုးတွေနဲ့ အလံတွေကို မမြင်ဘူးလား။ အလံ ၁၀၀ လောက်ပဲ ရှိပုံရတယ်၊ အရောင်သုံးရောင် ခွဲထားတော့ အရောင်တစ်ရောင်စီမှာ အလံ ၃၀ လောက်ပဲ ရှိတယ်။ ဝင်္ကပါတစ်ခုလုံးကို ပြည့်အောင် လုပ်ဖို့က လုံးဝ မလုံလောက်ဘူး။ သူတို့က တွန်းပြီး လျှောက်တဲ့ နည်းလမ်းကို သုံးနေတာ ဖြစ်ရမယ်၊ ကျွန်မတို့နဲ့ မတူဘူး။”
ကျန်းထျန်းယန်က မျက်ခုံးအနည်းငယ် ပင့်သွားပြီး ပိုင်ယို့ဝေကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဆရာတုဆီက သူမက ထက်မြက်တယ်လို့ ကြားဖူးသော်လည်း သူတို့လက်ထဲက ကြိုးတွေနှင့်အလံတွေကို ကြည့်ရုံနှင့် နောက်ထပ် ဘာလုပ်မယ်ဆိုတာ ပြောနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အလံသေးလေးများ၏ အရေအတွက်က ကန့်သတ်ထားသည်။ ဝင်္ကပါမှာ လမ်းခွဲ ၁၀,၀၀၀ ရှိလျှင် သူတို့က အလံ ၁၀,၀၀၀ ကို ပြင်ဆင်နိုင်မှာ မဟုတ်ပေ။ ဒါကြောင့် သူတို့က နေရာတစ်ခုကို အစမှတ်အဖြစ် ရွေးကာ စနစ်တကျ ရှေ့ဆက်သွားသည်။ သူတို့ တွန်းပြီး ရှေ့ဆက်သွားခဲ့သည့် နေရာတွေကို နောက်မှာ ထားခဲ့ပြီး “စွန့်ပစ် ဧရိယာ” ဖြစ်သွားသည်။ အလံလေးတွေသည် သူတို့ရှေ့ရှိ “ဧရိယာအသစ်” ထဲမှာ အမြဲရှိနေပြီး ဒီသံသရာထဲမှာ ထပ်ခါတလဲလဲ အသုံးပြုတာဖြစ်သည်။
ဝင်္ကပါကို နာရီမျက်နှာပြင်အဖြစ် ဖော်ပြမည်ဆိုလျှင် သူတို့သည် စက္ကန့်လက်တံ ဖြစ်ပြီး နောက်ဆုံးတွင် စက်ဝိုင်းတစ်ပတ် ပြည့်အောင် လှည့်ပတ်သွားမည်ဖြစ်သည်။
ရှန်မိုသည် တုဒန်နှင့် ကျန်းထျန်းယန်တို့၏ အံ့အားသင့်မှုကို သိပ်ဂရုမစိုက်ဘဲ ပိုင်ယို့ဝေကို အေးအေးဆေးဆေးပင် မေးလိုက်သည်။ “ အော်၊ ဒါဆို ငါတို့ရဲ့ နည်းလမ်းက ဘာလဲ”
ပိုင်ယို့ဝေသည် ခဏမျှ စဉ်းစားပြီး ခေါင်းစောင်းကာ ရှန်မိုကို ကြည့်လိုက်သည်။ “ချည်လုံးပုံစံလား။ နေကြာပန်းပုံစံလား။ ...ဘယ်ဟာက ပိုကောင်းတယ်လို့ ထင်လဲ”
ကျန်းထျန်းယန် နားလည်သွားသည်။ “အစ်မတို့က မျက်နှာပြင်ပေါ်ကအမှတ် နည်းလမ်းကို သုံးနေတာလား။ နေရာတစ်ခုကနေစပြီး ဝင်္ကပါကို အပိုင်းတွေ ခွဲခြားပြီး တစ်ခုချင်းစီ လေ့လာတာ၊ အဲဒီလိုလား”
ပိုင်ယို့ဝေက သူ့ကို လျစ်လျူရှုပြီး ရှန်မိုကို ဆွဲကာ မေးလိုက်သည်။ “ဘယ်ဟာက ပိုကောင်းလဲ”
ကျန်းထျန်းယန်: “...”
ရှန်မိုက ပိုင်ယို့ဝေ၏ လက်ကို ဆွဲဖယ်လိုက်ပြီး တုဒန်ကို ပြောလိုက်သည်။ “နှစ်ဖက်လုံးရဲ့ သွားလာပုံ နည်းလမ်းတွေက တကယ်ပဲ မတူဘူး။ ဒါ့အပြင် ဆရာမတို့က ပြင်ဆင်မှု အရမ်းကောင်းတာကြောင့် ကျွန်တော်တို့ရဲ့ သွားလာပုံနည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပူးပေါင်းဖို့ မလိုအပ်ဘူးထင်တယ်။ ပူးပေါင်းဆောင်ရွက်လို့ မရတော့ရင် သီးခြားစီ လုပ်ဆောင်တာက ပိုကောင်းတယ်။”
တုဒန်သည် စိတ်ပျက်အားငယ်နေပုံရသော်လည်း သူမ နားလည်နိုင်သဖြင့် ခေါင်းညိတ်ကာ “ကောင်းပြီ၊ ဒါပဲ လုပ်နိုင်တော့မှာပေါ့”
ခိုင်မာသော မဟာမိတ်ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့သည့်အတွက် နည်းနည်းတော့ ဝမ်းနည်းမိသော်လည်း သူမ၏ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ရန်သူ မဖြစ်အောင် ရှောင်ရှားရန် ဖြစ်သောကြောင့် ဤရလဒ်သည် လက်ခံနိုင်ဖွယ်ရာ ဖြစ်သည်။
သူမ နှုတ်ဆက်ရန် ပြင်ဆင်နေစဉ် ကျန်းထျန်းယန်က မနေနိုင်တော့ဘဲ “မစ္စတာရှန်။ မစ္စတာတို့ သွားတဲ့နည်းလမ်းက အချိန်ကုန်လွန်းတယ်၊ ဘာလို့ ကျွန်တော်တို့နဲ့ မပူးပေါင်းတာလဲ”
“ထျန်းယန်” တုဒန်သည် မျက်မှောင်ကြုတ်ကာ သူ့ကို ခေါ်လိုက်သည်။
ကျန်းထျန်းယန်က ယုံကြည်မှုရှိစွာဖြင့် “ကျွန်တော်တို့အားလုံး ပူးပေါင်းလုပ်ဆောင်ရင် ထွက်ပေါက်ကို ပိုမြန်မြန် ရှာတွေ့နိုင်မယ် မဟုတ်လား။ ဆရာမတု၊ ဆရာမလည်း သူတို့ကို စည်းရုံးသင့်တယ်”
“ဟား... ရယ်စရာပဲ။” ပိုင်ယို့ဝေသည် ရှန်မို၏ လက်ကို ထပ်ကိုင်လိုက်ပြီး “ဒီလူတွေကို လျစ်လျူရှုလိုက်ပါ။ သူတို့ရဲ့ သွားလာပုံနည်းလမ်းမှာ ကြီးမားတဲ့ ချို့ယွင်းချက်တစ်ခု ရှိတယ်။ သူတို့ဘာသာ ပရမ်းပတာလုပ်ကြပါစေ”
…………..
အခန်း (၉၀) အကြံဉာဏ်များနှင့် ပစ္စည်းများ
ချို့ယွင်းချက်ဆိုသည်မှာ ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် ချို့ယွင်းချက်များ သို့မဟုတ် ဟာကွက်များကို ရည်ညွှန်းသည်။
ကျန်းထျန်းယန်သည် ပိုင်ယို့ဝေ၏ စကားကို ကြားသောအခါ ချက်ချင်း အံ့အားသင့်သွားပြီး အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။
“ကျွန်တော်တို့ လှုပ်ရှားမှုမှာ ချို့ယွင်းချက် ရှိတယ်လား။ ဘယ်လိုဟာလဲ”
ဒါက သူနှင့် အတန်းဖော်အချို့ တိုင်ပင်ပြီး ရခဲ့သည့် နည်းလမ်းဖြစ်သည်။ သူတို့မှာ လူအင်အားများသည့်အတွက် တွန်းတဲ့နည်းလမ်းကို သုံးလျှင် လူအင်အားကို အများဆုံး အသုံးပြုပြီး အထိရောက်ဆုံး လမ်းကြောင်းကို အမြန်ဆုံး ရှာဖွေနိုင်မည်။ သို့သော် ပိုင်ယို့ဝေက သူတို့နည်းလမ်းမှာ ချို့ယွင်းချက် ရှိတယ်တဲ့လား။
ပိုင်ယို့ဝေက သူ့ကို ဂရုမစိုက်ဟန် တစ်ချက်ကြည့်လိုက်ပြီး အေးစက်သော သဘောထားဖြင့် “တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ ငါက မင်းကို ဘာလို့ ပြောရမှာလဲ”
“……” ကျန်းထျန်းယန် စကားမပြောနိုင်တော့ပေ။
“မင်း ဝင်္ကပါထဲ ဝင်လာတဲ့ အကြောင်းအရင်းကို ပြောပြနိုင်မှ ငါ ပြန်စဉ်းစားနိုင်မယ်။” ပိုင်ယို့ဝေက သူမ၏ ပါးစပ်ထောင့်ကို ပရိယာယ်အပြုံးဖြင့် ပင့်လိုက်သည်။ “သတင်းအချက်အလက် လဲလှယ်ကြမလား။”
“ဪ၊ ဟုတ်သားပဲ။” တန်ရှောင်က တုံ့ပြန်လိုက်ပြီး တုဒန်ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ “ခင်ဗျားက ဆရာမတစ်ယောက်။ ကျွန်တော်တို့လို အရည်အချင်းရော အတွေ့အကြုံရော မရှိဘူး။ ဘာမှ မသိဘဲ ကျောင်းသားတွေကို ခေါပြီး အပျော်ဘာလာလုပ်တာလဲ”
ရိုးသားခြင်းက ဓားတစ်ချောင်း ဖြစ်သည်။
တုဒန်သည် ရုတ်တရက် ရှက်ပြီး အဆင်မပြေ ဖြစ်သွားသည်။
ပိုင်ယို့ဝေက ဘာမှ ဖုံးကွယ်မထားဘဲ ရယ်လိုက်သည်။
တုဒန်က သတိကြီးသူ ဖြစ်ပြီး အပျော်လာဖို့ ဝင်လာတာ မဟုတ်တာ သေချာသည်။ သို့သော် တန်ရှောင်ကဲ့သို့ သူ့အတွေးနှင့်သူ ရှိသည့်လူမျိုးနှင့် ဆုံတွေ့တာကို သူ မခံရပ်နိုင်ပေ။ သူမ တကယ်ပဲ စကားမပြောနိုင်တော့ပေ။ ဘာပြောရမှန်းလည်း မသိတော့ပေ။
ရှန်မိုက ပိုင်ယို့ဝေ၏ လက်ဖဝါးကို လျှို့ဝှက်စွာ ဖျစ်ညှစ်လိုက်ပြီး သူမကို လျှော့ရယ်ရန် အချက်ပြသည်။
သူမ နားမလည်တာလား သို့မဟုတ် သူ့ရည်ရွယ်ချက်ကို တမင်တကာ မှားယွင်းစွာ အဓိပ္ပာယ်ကောက်တာလား မသိပေ။ သူမက ပြုံးပြီး သူ့ရဲ့ လက်ဖဝါးကို ဖျစ်ညှစ်လိုက် ကုတ်ခြစ်လိုက်နှင့် ကစားသလိုမျိုးလုပ်နေသည်။
ရှန်မို: “…”
သူက ထို့သို့ ကလေးဆန်သည့် အပြုအမူမျိုး လုပ်ချင်စိတ် မရှိပေ။
ရှန်မိုက သူ၏ လက်ကို ပြန်ယူလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ဆရာမတု မပြောချင်တဲ့ အကြောင်းရင်းက ဝင်္ကပါဂိမ်းရဲ့ နောက်ဆုံးဆုလာဘ်နဲ့ ပတ်သက်နေတာ မဟုတ်လား။ သီးခြားဂိမ်းရဲ့ ဆုက အတော်ကိုဆွဲဆောင်မှု ရှိရမယ်။ ဒါက လူ့သဘာဝပဲ။ ကျွန်တော်တို့ နားလည်နိုင်ပါတယ်။”
သူက မျက်လုံးများကို ချလိုက်ပြီး ခံစားချက်မပါဘဲ ဆက်ပြောသည်။ “ကျွန်တော်တို့ ဝင်္ကပါထဲ ဝင်လာပြီဆိုတော့ အခုကစပြီး ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပဲ မှီခိုတော့မယ်။”
တုဒန်၏ သဘောထားက အမြဲတမ်း ရိုးသားမှု မရှိခဲ့ပေ။ အခု သူတို့ဆီက ပူးပေါင်းဆောင်ရွက်မှု လာယူနေတာတောင် အတုအယောင် စူးစမ်းမှုသာပဲ ဖြစ်ပြီး ရိုးသားမှု လုံးဝ မပြခဲ့ပေ။
ဒါကြောင့် အားလုံးက ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်သည်။။ တခြားသူတွေကို တမင်တကာမထိခိုက်စေသလို၊ တမင်တကာလည်း မကူညီနိုင်ပေ။ ဒါက ရှန်မို ပေးနိုင်သည့် အကောင်းဆုံး အာမခံချက်ဖြစ်သည်။
တုဒန်၏ မျက်နှာက ပို၍ ပို၍ ရှက်ရွံ့လာသည်။ “မစ္စတာရှန်။ ကျွန်မ ဆိုလိုတာ အဲဒါ မဟုတ်ပါဘူး...”
“ကျေးဇူးပြုပြီး နားလည်မှုလွဲတာမျိုး မဖြစ်စေချင်ဘူး။ ဆရာမတုက မပြောချင်တာ မဟုတ်ဘူး။” ကျန်းထျန်းယန်က တုဒန်ကို ဖြတ်ပြောပြီး ကိုယ်တိုင် ရှင်းပြသည်။ “ဒါက ကျွန်တော့် ပစ္စည်းတွေနဲ့ ပတ်သက်နေလို့ပါ။ ဆရာမတုက ကျွန်တော် စိတ်ဆိုးမှာ စိုးရိမ်လို့ ရှင်းရှင်းလင်းလင်း မပြောတာ။ တကယ်တော့ ဒါက ဒီဟာပဲ...”
သူသည် သူ၏ ရင်ဘတ်မှ မှတ်စုတစ်ခုကို ထုတ်ယူကာ ရှန်မိုကို အေးဆေးတည်ငြိမ်စွာ ပေးလိုက်သည်။
မှတ်စုပေါ်တွင် စာကြောင်းနှစ်ကြောင်းသာ ရှိသည်။
ကျန်းထျန်းယန်က ပြောလိုက်သည်။ “ကျွန်တော် lucky quiz ဂိမ်းမှာ အမြင့်ဆုံးရမှတ် ရခဲ့တယ်။ ဆုက ကံကောင်းခြင်းအိတ်တစ်လုံးပဲ။ ကံကောင်းခြင်းအိတ်နဲ့ဆိုရင် ကျွန်တော် စစ်ဆေးသူကို ဘယ်မေးခွန်းမဆို မေးလို့ရတယ်၊ စစ်ဆေးသူက ဖြေကိုဖြေရမယ်။”
သူသည် ခဏမျှ ရပ်တန့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့နေပုံရသည်။ ထို့နောက် ဆက်ပြောသည်။ “ကျွန်တော် ပစ္စည်းတွေကို နေရာမှာတင် သုံးခဲ့တယ်။ ကျွန်တော် မေးခဲ့တဲ့ မေးခွန်းကတော့... အဟမ်း၊ အရုပ်ဂိမ်းကို ဘယ်လို ပျောက်ကွယ်သွားအောင် လုပ်ပြီး လူတိုင်းရဲ့ ဘဝကို ဘယ်လိုတည်ငြိမ်မှု ပြန်ရအောင် လုပ်မလဲဆိုတာပဲ။”
ဝိုး၊ မင်းက တော်တော် စိတ်သဘောထားကြီးတာပဲ။
ပိုင်ယို့ဝေက ခေါင်းဆန့်ကာ ကြည့်လိုက်ပြီး သူ့ကို မေးသည်။ “ဒီတစ်ချက်တည်းနဲ့ မြူခိုးထဲမှာ ဝင်္ကပါရှိတယ်ဆိုတာ ပြောလို့မရဘူးလေ။”
သူတို့ ဒီလောက်များသည့် ကြိုးတွေနှင့် အလံတွေ ယူလာတာက ပြင်ဆင်မှု ကောင်းတာ ရှင်းလင်းနေသည်။ စစ်ဆေးသူက သူတို့ဆီ တခြားသတင်းအချက်အလက်တွေ ထုတ်မပြောပြဘူးဆိုရင်ပေါ့။
ဒီတစ်ခါ ကျန်းထျန်းယန်သည် ချက်ချင်း မဖြေဘဲ တုဒန်ကို အရင်တစ်ချက်ကြည့်လိုက်သည်။
တုဒန်က မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်သည့်အခါကျန်းထျန်းယန်က ဆက်ပြောသည်။ “ကျွန်တော်ထင်တယ် ဆရာမတုက ခင်ဗျားတို့ကို ပြောပြီးလောက်ပြီ၊ ကျွန်တော့်ဒဏ်ရာတွေက ကစားသမားတစ်ယောက်ကြောင့် ဖြစ်တာ။ တကယ်တော့ ကျွန်တော်တို့ ဂိမ်းကနေ ထွက်လာပြီးနောက်မှာ တစ်ဘက်လူက ကျွန်တော်တို့ကို တိုက်ခိုက်ချင်ခဲ့တယ်။ ကံကောင်းစွာပဲ လူတွေ ဖြတ်သွားရင်း ကျွန်တော်တို့ကို ကယ်ခဲ့တာ။ အဲဒီလူတွေဆီကနေ ဝင်္ကပါအကြောင်း သတင်းအချက်အလက်တွေလည်း ရခဲ့တယ်။”
ပိုင်ယို့ဝေက စူးစမ်းစွာ မေးလိုက်သည်။ “သူက ဘယ်လိုလူမျိုးလဲ”
………………