အခန်း (၁၉၇၂)
Vol. 138 Ch. 1972
ယခု ကပ်ဘေးတွင် ကောင်းကင်အရှင်၏ စွမ်းအား ပါဝင်ပတ်သက်နေ၍ ပုံမှန် သူတော်စင်ကောင်းကင် နတ်ဘုရားကပ်ဘေးထက် များစွာ ပြင်းထန်မှုရှိသည်။
ထို့ကြောင့် ဤကပ်ဘေးကနေ ရှင်သန်ရန် ကျန်းချန် အနေဖြင့် မလွယ်လောက်ဟု အရှင်ကျင်းဟော် ထင်ခဲ့သည်။
လေထုထဲတွင် လျင်မြန်စွာ စုစည်းနေသော မိုးကြိုးစွမ်းအားကို စိုက်ကြည့်ကာ သူ၏ ခန္ဓာကိုယ်တွင် ချွေးစေးများပင် ထွက်လာခဲ့သည်။
နတ်ဘုရားနယ်မြေတွင် ထိုသို့ အဆင့်တက်၍ ဆုံးပါးသွားသူ မရှားပေ။
ကောင်းကင်ကပ်ဘေး (ဝါ) မိုးကြိုးကပ်ဘေးသည် ကျင့်ကြံသူများ အဆင့်တက်ရာတွင် ကြုံတွေ့လေ့ရှိသော ကပ်ဘေးဖြစ်သည်။
ကျန်းချန် ရင်ဆိုင်ရမည့် ကောင်းကင်ကပ်ဘေးသည် သာမန်လူများ ရင်ဆိုင်ရသည့် ကောင်းကင်ကပ်ဘေးထက် များစွာ ပိုမို အားကောင်းနေခဲ့၏။
ဆိုရလျှင် ယခု ကျန်းချန် ရင်ဆိုင်နေရသော ကောင်းကင်ကပ်ဘေးသည် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ရာတွင် ရင်ဆိုင်ရသော ကပ်ဘေးထက် အဆင့်နှစ်ဆင့် ပိုမို မြင့်မားနေခဲ့သည်။
ထိုအချက်ကို ကြည့်လျှင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်၏ ကောင်းကင်ကပ်ဘေးက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်ကို တွေးကြည့်နိုင်ပေသည်။
ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်၏ ကပ်ဘေးတွင် ကောင်းကင်အရှင်၏ စွမ်းအား ပါဝင်ပတ်သက်နေ၍ ကပ်ဘေးဒဏ်က ပုံမှန်ထက် နှစ်ဆပို၍ အားကောင်းနေဖွယ် ရှိသည်။
ကျန်းချန်၏ ခွန်အားဖြင့်ပင် ထို ကောင်းကင်ကပ်ဘေး၏ အောက်၌ အသက်ဆုံးရှုံးရမည့် အခြေအနေ ရှိနေခဲ့သည်။
အရှင်ကျင်းဟော်၏ အတွေ့အကြုံဖြင့်ပင် ဤမျှလောက် ပြင်းထန်သော ကောင်းကင်ကပ်ဘေးအောက်၌ ရှင်သန်နိုင်သူကို မကြားဖူးပေ။
“ဒီကောင်လေးက တကယ်ကို ကြောက်စရာကောင်းတာပဲ”
လေထုထဲမှ အခြေအနေကို တွေဝေသော မျက်နှာဖြင့် ငေးကြည့်နေသည့် အရှင်ရှောင်ယွဲ့သည် အလွန်အမင်း တုန်လှုပ်နေခဲ့သည်။
ကံကောင်းစွာဖြင့် ရွှယ်ရှင်းသည် ကောင်းကင်အရှင် ဖန်တီးထားသော အစီအရင်ကို အသုံးပြု၍ ကျန်းချန်ကို သူတော်စင်ကောင်းကင်နတ်ဘုရား အဆင့်သို့ မဖြစ်မနေ ထိုးဖောက်ရန် ဖိအားပေးနိုင်ခဲ့သည်။
သူက ကျန်းချန်ကို ကောင်းကင်ကပ်ဘေးအောက်တွင် ကျဆုံးသွားစေရန် တိတ်တဆိတ် ဆုတောင်းနေခဲ့၏။
သို့မဟုတ်လျှင် သူတို့သည် ယနေ့တွင် ဤကုဟွမ်တောင်၌ ထာဝရ မြှုပ်နှံခြင်း ခံရလိမ့်မည် မဟုတ်ပါလား။
“ဂျိန်း..ဂျိန်း..”
လူတိုင်း၏ အကြည့်အောက်မှာပင် လေထုထဲရှိ မိုးကြိုးစွမ်းအားများသည် ကျန်းချန်၏ ဦးခေါင်းပေါ်တွင် တစ်ခဏမျှ လွှမ်းမိုးနေခဲ့သည်။
သို့သော်လည်း မိုးကြိုးကပ်ဘေးသည် သူတို့ မျှော်လင့်ထားသလို ကျန်းချန်ထံ ကျရောက်မလာခဲ့ဘဲ အလျင်အမြန်ပင် ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံရှိ လှိုင်းထန်နေသော မိုးကြိုးများနှင့် ကောင်းကင်နှင့်နေမင်းကိုပင် လွှမ်းခြုံထားသော မိုးကြိုးမုန်တိုင်းများသည် အရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
“မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားတာလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ ငေးကြည့်နေခဲ့ကြသည်။
အားလုံးက သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့၏။
ကပ်ဘေးအောက်တွင် ကျန်းချန်၏ ဖြတ်ကျော်နိုင်ခြေမှာ သုည နီးပါးဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော်လည်း အလွန်တရာ ပြင်းထန်မည်ဟု ထင်ရသော မိုးကြိုးကပ်ဘေးသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် တစ်ခဏမျှသာ ရှိနေခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
“ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်တယ် ဆိုတော့ မင်း.. မင်းက ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလား”
မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် ရွှယ်ရှင်းသည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို တွေးမိသွားခဲ့သည်။
သူ၏ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သော အသံသည် ကုဟွမ်တောင် အထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ရွှယ်ရှင်း၏ အော်ဟစ်သံကို ကြားလျှင် အရှင်ကျင်းဟော်နှင့် အခြားသူများသည်လည်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ကျန်းချန်က တိုက်ပွဲအတွင်း နဝမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းကာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သို့ အဆင့်တက်ရန် မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ သူတို့ မအံ့သြတော့ပေ။
အကြောင်းအရင်းမှာ ကျန်းချန်သည် ကောင်းကင်ဥပဒေသများကို လျစ်လျူရှုနိုင်သည့် အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေသောကြောင့်ပင်။
“ဟားဟား မင်းအခုမှ သိတာလား.. စိတ်မကောင်းပါဘူး.. အခါနှောင်းသွားခဲ့ပြီ"
ကျန်းချန်က အေးစက်စက်ပြုံးလိုက်ပြီး လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ နက်မှောင်သော အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ချက်ချင်း ဆိုသလို စုစည်းသွားခဲ့သည်။
“ကျန်းချန်.. မင်း မင်း ငါ့ ငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ နံပါတ်(၁)ပါရမီရှင်ဖြစ်ပြီး ဂိုဏ်းရဲ့ အမွေဆက်ခံသူလည်း ဖြစ်တယ်.. မင်းသာ ငါ့ကိုသတ်မယ်ဆိုရင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး မင်းက အသက်ကို ချမ်းသာပေးမယ်ဆိုရင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက မင်းကို ထပ်မနှောင့်ယှက်တော့ဘူးလို့ ငါအာမခံတယ်”
ယခု သူ၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး သူ၏ ဝိညာဥ်က ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီ ဖြစ်သည်။
ဝိညာဥ်ကို မျိုချိတော့မည့်အလား အရှိန်အဝါများ ထွက်ပေါ်နေသော ကျန်းချန်၏ လက်ဖဝါးမှ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို မြင်လျှင် ရွှယ်ရှင်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသို့ ပြန်နိုင်သရွေ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ကာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။
ဤလုပ်ငန်းစဥ်သည် အနည်းဆုံး နှစ်တစ်ရာ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နိုင်မည် ဖြစ်သော်လည်း အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန် မျှော်လင့်ချက် ရှိနေပါသေးသည်။
သို့သော်လည်း ယခု သူ၏ ဝိညာဥ်ကို ကျန်းချန်က ဖျက်ဆီးပစ်လိုက်လျှင်မူ ဤလောကကနေ ထာဝရ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။
“တကယ်လား.. မင်းကိုသတ်လိုက်ရင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ငါ့ကို ဘယ်လိုအရေးယူမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်သည်။
“ဟူး..”
အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် လေထဲတွင် မြင့်တက်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် လေထုထဲ၌ ဧရာမအနက်ရောင် စည်းတံဆိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အနက်ရောင် ဥက္ကာခဲကဲ့သို့ ရွှယ်ရှင်းကို ဖိချလိုက်သည်။
ဤသည်မှာ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမစည်းတံဆိပ် ဖြစ်သည့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ် ဖြစ်သည်။
ကျန်းချန်၏ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ခွန်အားဖြင့်ဆိုလျှင် ရွှယ်ရှင်း၏ ဝိညာဥ်မပြောနှင့်၊ ရွှယ်ရှင်း အထွတ်အထိပ် အခြေအနေသို့ ရောက်နေလျှင်ပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ပြောနေစရာ မလိုလောက်အောင်ပင် ရွှယ်ရှင်း၏ ဝိညာဥ်သည် ယခင် တိုက်ပွဲတွင် ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့ပြီး အလွန်တရာ အားနည်းနေခဲ့၏။
ထို့ကြောင့် ဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် ရွှယ်ရှင်းသည် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် စည်းတံဆိပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ရွှယ်ရှင်းကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် အောက်ဘက်ရှိ အရှင်ရှောင်ယွဲ့နှင့် အခြားသူများ ဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက ကောင်းကင်ယံကနေ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။
“သခင်.. သခင်.. ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ.. ကျွန်တော်က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကြောင့် တစ်ခဏ တွေဝေသွားပြီး ကုဟွမ်တောင်ကို ရောက်လာမိတာပါ.. သခင်.. ကျွန်တော်တို့ကို အသက်ချမ်းသာပေးဖို့ ဆန္ဒရှိသရွေ့ ကျွန်တော်တို့ ငွေလဝံပုလွေ မျိုးနွယ်စုက သခင့်ဆီမှာ အညံ့ခံပြီး ခစားပါမယ်”
ကောင်းကင်ယံကနေ သူတို့ဆီသို့ တန်းတန်းမတ်မတ် ဆင်းသက်လာသည့် ကျန်းချန်ကို မြင်လျှင် အရှင် ရှောင်ယွဲ့၏ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။
သူက ထိတ်လန့်တကြားဖြင့် ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်သည်။
ဤအချိန်တွင် အရှင်ရှောင်ယွဲ့သည် သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။
သူသာ ယနေ့တွင် နာခံမှုရှိစွာဖြင့် ဒူးထောက်ကာ မတောင်းပန်ခဲ့လျှင် သူတို့ ငွေလဝံပုလွေ မျိုးနွယ်စုသည် ကျန်းဝူကောင်းကင် နယ်မြေတွင် ဒဏ္ဍာရီ ပုံပြင်သဖွယ် ဖြစ်သွားမည်ကို စိုးရိမ်ရသည် မဟုတ်ပါလော။
ထို့အပြင် ကျန်းချန်၏ ပါရမီသည် နတ်ဘုရားနယ်မြေတွင် အလွန်တရာ ရှားပါးပြီး ယခုအခါတွင် သူတော်စင် ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။
ဆိုရလျှင် သာမန် ကောင်းကင်အရှင်ပင်လျှင် ကျန်းချန်ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ငွေလဝံပုလွေမျိုးနွယ်စုနှင့် အတူ ကျန်းချန်ထံ အညံ့ခံခြင်းသည် လက်မခံနိုင်စရာ ကိစ္စ မဟုတ်ပေ။
ကျန်းချန်က အရှင်ရှောင်ယွဲ့ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
”ရှောင်ယွဲ့.. ငွေလဝံပုလွေ မျိုးနွယ်စုထဲက လူတွေကို ပြန်လွှတ်လိုက်ပါ.. မင်းကတော့ ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ နေရစ်ခဲ့”
ယခုအခါတွင် သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၍ ငွေလဝံပုလွေ မျိုးနွယ်စုလောက်ကို စိုးရိမ်စရာ မလိုအပ်တော့ပေ။
အရှင်ရှောင်ယွဲ့က သူ့ထံသို့ အညံ့ခံလိုနေသည် ဖြစ်ရာ သူက ရှောင်ယွဲ့ကို သူ့အတွက် တစ်စုံတစ်ရာ ခိုင်းစေရုံသာ ဖြစ်သည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် သခင်”
အရှင်ရှောင်ယွဲ့က ဝမ်းသာသွားခဲ့သည်။
ကျန်းချန်က သူ့ကို အလုပ်တစ်ခု စေခိုင်းလိုခြင်းသည် သူ၏ အညံ့ခံမှုကို လက်ခံပြီး သူတို့ ငွေလဝံပုလွေ မျိုးနွယ်စုကို လွှတ်ပေးလိုက်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
အကယ်၍ သူသာ ကျန်းချန် ခိုင်းစေသော ကိစ္စကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်လျှင် သူတို့ ငွေလဝံပုလွေ မျိုးနွယ်စုသည် ကျန်းချန် ကဲ့သို့ အစွမ်းထက် နောက်ခံတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် ခရမ်းရောင် ကျားမျိုးနွယ်စု မပြောနှင့်၊ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း ကဲ့သို့ အင်အားကြီးဂိုဏ်း ပင်လျှင် သူတို့ ငွေလဝံပုလွေ မျိုးနွယ်စုကို ထိပါးချင်လျှင် နှစ်ခါပြန်၍ စဥ်းစားရပေလိမ့်မည်။
ထိုသို့ တွေးမိသည်နှင့် အရှင်ရှောင်ယွဲ့သည် ငွေလ ဝံပုလွေမျိုးနွယ်စုမှ လူများကို ငွေလဝံပုလွေ မျိုးနွယ်စု ဆီသို့ ပြန်သွားရန် အလျင်အမြန် အမိန့်ပေးခဲ့ပြီး သူကမူ ကျန်းချန်၏ အနောက်တွင်မူ အစေခံတစ်ဦး ကဲ့သို့ ရိုသေလေးစားစွာ ရပ်နေခဲ့သည်။
အရှင်ရှောင်ယွဲ့ အညံ့ခံလိုက်သည်ကို မြင်လျှင် အရှင်ကျင်းဟော်သည် အနည်းငယ်မျှ မထီမဲ့မြင် အပြုအမူမျိုး မပြသခဲ့သည့်အပြင် မနာလိုသော အမူအရာများပင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်သည် ထူးခြားသာ ပါရမီရှင်ဖြစ်ပြီး ကောင်းကင်အရှင်နှင့်ပင် ယှဥ်ပြိုင်နိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးလည်း ဖြစ်သည်။
နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် ကျန်းချန်သည် ဒဏ္ဍာရီလာ ကြယ်သုံးပွင့် အရှင် ဖြစ်လာပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် ကောင်းကင်အရှင်များပင် ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည်ဟု သူထင်ခဲ့၏။
ထို့ကြောင့် အရှင်ရှောင်ယွဲ့ က ငွေလဝံပုလွေ မျိုးနွယ်စုကို ဦးဆောင်ကာ ကျန်းချန်ထံ ခိုလှုံရန် ဆုံးဖြတ်ခြင်းသည် အလွန်ပင် ဥာဏ်ရှိသော ဆုံးဖြတ်ချက် ဖြစ်သည်။
အရှင်ကျင်းဟော်က အရှင်ရှောင်ယွဲ့ ကဲ့သို့ ကျန်းချန်ထံ အညံ့ခံရန် မကြိုးစားခဲ့သော်လည်း ကျန်းချန်နှင့် ဆက်ဆံရေးကောင်းများကို ဆက်လက် ထိန်းသိမ်းထားပြီး ကျန်းချန်ကို ရန်သူအဖြစ် လုံးဝ မရွေးချယ်မိရန် ဆုံးဖြတ်ထားခဲ့သည်။
“ချင်းလင်း.. မကြာခင် ငါ ခရမ်းရောင် ကျားမျိုးနွယ်စုကနေ ထွက်သွားတော့မယ်”
တိုက်ပွဲပြီးဆုံးပြီးနောက်တွင် ကျန်းချန်သည် ကုဟွမ်တောင်တွင် ဆက်လက် နေထိုင်ခြင်း မရှိတော့ဘဲ အရှင်ရှောင်ယွဲ့ကို ခရမ်းရောင် ကျားမျိုးနွယ်စုသို့ ပြန်ခေါ်လာခဲ့ကာ လုချင်းလင်းနှင့် သွားတွေ့ခဲ့သည်။
“ဒီနေ့လာခဲ့တာက မင်းတို့ အပြာရောင် ကျားမျိုးနွယ်စုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာခဲ့တာပဲ.. မင်းအနေနဲ့ အပြာရောင် ကျားမျိုးနွယ်စုကို ဦးဆောင်ပြီး ဒီနေရာမှာ ဆက်လက်နေချင်လား.. ဒါမှမဟုတ် မင်းတို့ နေခဲ့တဲ့ နယ်မြေကိုပဲ ပြန်သွားချင်လား.. အကယ်၍ မင်းတို့ အပြာရောင်ကျားမျိုးနွယ်စု ဒီနေရာမှာ ဆက်ပြီး နေထိုင်ချင်တယ် ဆိုရင်လည်း ခြေကုပ်ယူနိုင်ဖို့ အတွက် ငါအာမခံတယ်.. ဒါမှမဟုတ် မင်းတို့နေခဲ့တဲ့ နေရာကို ပြန်သွားချင်တယ် ဆိုရင်လည်း ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ကျန်းချန်က အပိုစကားကို မပြောတော့ဘဲ တည့်တိုးပင် မေးလိုက်သည်။
လုချင်းလင်းက ခဏမျှ တိတ်ဆိတ်နေပြီးမှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်၏။
“သခင်လေးကျန်းချန်.. ကျွန်မတို့ အရင်နေခဲ့တဲ့ နယ်မြေကိုပဲ ပြန်သွားချင်ပါတယ်”
ကျန်းဝူ ကောင်းကင် နယ်မြေထဲတွင် အထွတ်အထိပ် နယ်မြေစာရင်း၌ ပါဝင်သည့် ဤနန်လင်းနယ်မြေသည် ကောင်းမွန်သော်လည်း သူတို့ အပြာရောင် ကျားမျိုးနွယ်စု အတွက် ခိုလှုံရာ နေရာမဟုတ်ပေ။
ကျန်းချန် ထွက်ခွာသွားသည်နှင့် သူတို့ အပြာရောင် ကျားမျိုးနွယ်စု၏ ခွန်အားဖြင့် ဆိုလျှင် ဤနေရာတွင် ရှင်သန်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်၏။
ပြောနေစရာ မလိုလောက်အောင်ပင် သူတို့ အပြာရောင် ကျားမျိုးနွယ်စုသည် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုနှင့် စစ်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
သူတို့က ဤနေရာသို့ ရောက်လာသော်လည်း အပြာရောင် ကျားမျိုးနွယ်စု၏ အဖွဲ့ဝင် တချို့နှင့် အင်အားစု တချို့သည် မူလနယ်မြေတွင် ကျန်ရှိနေသေးပြီး အမှန်တကယ်ပင် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် သူမက အပြာရောင် ကျားမျိုးနွယ်စု တည်ရှိခဲ့သော နယ်မြေ ဆီသို့ ပြန်သွားပြီး အပြာရောင် ကျားမျိုးနွယ်စုကို ပြန်လည် တည်ထောင်ချင်ခဲ့သည်။
“ကောင်းပြီ.. ငါ့ဘေးနားက တစ်ယောက်က ငွေလဝံပုလွေ မျိုးနွယ်စုက ခေါင်းဆောင်ရှောင်ယွဲ့ပဲ.. မင်းတို့ အပြာရောင် ကျားမျိုးနွယ်စု ပြန်လည် တည်ထောင်ဖို့အတွက် သူက အကူအညီပေးလိမ့်မယ်”
ကျန်းချန်က စကားများစွာ မပြောတော့ဘဲ ရှောင်ယွဲ့ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရှောင်ယွဲ့.. ငါ့ကိုယ်စား အပြာရောင် ကျားမျိုးနွယ်စုကို ကူညီပေးလိုက်ပါ”
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်ယွဲ့က လျင်မြန်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
[ဒီလူက ငွေလဝံပုလွေမျိုးနွယ်စုရဲ့ ခေါင်းဆောင် အရှင်ရှောင်ယွဲ့လား]
“သခင် မစိုးရိမ်ပါနဲ့.. သခင့်ရဲ့ အစေအပါးဖြစ်တဲ့ ကျွန်တော်မျိုးက ဒီမိန်းကလေးကို အပြာရောင် ကျားမျိုးနွယ်စု ပြန်လည်တည်ဆောက်ရာမှာ သေချာပေါက် အကူအညီပေးပါမယ်”
ကျန်းချန်၏ စကားကို ကြားလျှင် လုချင်းလင်း၏ လှပသော မျက်ဝန်းလေးတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
သူမက နန်လင်းနယ်မြေတွင် အချိန်အတော်ကြာ နေထိုင်နေခဲ့၍ ငွေလဝံပုလွေ မျိုးနွယ်စုနှင့် ပတ်သက်၍ ကောင်းစွာ ကြားဖူးခဲ့သည်။
ယခု ကျန်းချန်သည် ခရီးတစ်ခေါက် ထွက်ရုံမျှဖြင့် ငွေလ ဝံပုလွေ မျိုးနွယ်စု၏ ခေါင်းဆောင်ရှောင်ယွဲ့ကို အညံ့ခံစေခဲ့သည်။
ငွေလဝံပုလွေ မျိုးနွယ်စုသည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ခွန်အားချင်း မကွာခြားသော အစွမ်းထက် မျိုးနွယ်စုတစ်ခု ဖြစ်သည်။
ယခု အရှင်ရှောင်ယွဲ့က သူမကို ကူညီပေးတော့မည် ဖြစ်ရာ လုချင်းလင်း၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုသည် အပြာရောင် ကျားမျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့သော်လည်း ၎င်းတို့ မျိုးနွယ်စုတွင် မြေကြီးအရှင် အဆင့် ကျင့်ကြံသူ မရှိခဲ့ပေ။
အခန်း(၁၉၇၂)ပြီး၏။