← Chapters

အခန်း (၁၉၈၀)

Vol. 138 Ch. 1980

အခန်း (၁၉၈၀)

Vol. 138 Ch. 1980

"အကိုဖုန်းက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ရတနာဖြစ်တဲ့ ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ရဲ့ စစ်ဆေးမှုကို ကျွန်တော် အစမ်းသပ်ခံဖို့ ပြောနေတာလား"

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကျွန်တော် အကူအညီပေးနိုင်ပေမဲ့ ကျွန်တော်က အကိုဖုန်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဝင် မဟုတ်တော့ ဒီလိုမျိုးလုပ်တာ သင့်တော်ပါ့မလား"

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု၏ အထွတ်အမြတ် ရတနာ ဖြစ်သည့် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်သည် နတ်ဘုရင်အဆင့် ရတနာတစ်ပါး ဖြစ်နိုင်ဖွယ် ရှိသည်။

ကျန်းချန်က သူ၏ ပါရမီနှင့် ခွန်အားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူများအတွက်သာ ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်သည်။

သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဝင် မဟုတ်သည့်အတွက် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်၏ အသိအမှတ်ပြုခြင်း မခံရမည်ကို စိုးရိမ်နေမိ၏။

"ညီနောင်ကျန်းချန်.. စိတ်မပူပါနဲ့.. ဒီကိစ္စက လုံးဝ ပြဿနာမရှိပါဘူး"

အရှင်ဖုန်းချီက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက ကောင်းကင်သိမ်းငှက်ပျံသန်းယာဉ် အသိအမှတ်ပြုတဲ့ ပါရမီရှင် တစ်ဦးကို မွေးထုတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ငါက ကောင်းကင်သိမ်းငှက်ပျံသန်းယာဉ်နဲ့ ဆွေးနွေး ပြောဆိုထားပြီးပါပြီ"

"ဒီစစ်ဆေးမှုကို အပြင် လူတွေလည်း လုပ်ဆောင်နိုင်ပါတယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ ကျွန်တော် အကိုဖုန်းကို အလေးအနက် ကူညီပေးပါ့မယ်"

အရှင်ဖုန်းချီက စိတ်ပါလက်ပါပြုံး၍ ပြောလိုက်သည်။

"ညီနောင် ကျန်းချန်ရဲ့ စကားကြောင့် ငါ အတော် စိတ်သက်သာရာ ရသွားပါပြီ"

-------------------

ဤနှစ်များတစ်လျှောက်လုံးတွင် အရှင်ဖုန်းချီသည် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်၏ စမ်းသပ်မှုကို လက်ခံနိုင်မည့် ထူးချွန်သော ပါရမီရှင် တစ်ဦးကို ရှာဖွေနေခဲ့သည်။

ကျန်းဝူ ကောင်းကင် နယ်မြေအတွင်း ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ခွန်အားက မနိမ့်ကျလှ၍ မဟာ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ပါရမီရှင်များလည်း မျိုးနွယ်စုအတွင်း ရှိသည်။

သို့သော်လည်း ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုမှ မဟာကောင်းကင် နတ်ဘုရားများ ပင်လျှင် ကောင်းကင်သိမ်းငှက်ပျံသန်းယာဉ်၏ အသိအမှတ်ပြုခြင်းကို မခံရသည့်အတွက် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေခဲ့သည်။

ထို့ကြောင့် သူ ရှာဖွေနေသော ပါရမီရှင်သည် အနည်းဆုံး ကန့်သတ်ချက် နှစ်ကြိမ်ကို ချိုးဖျက်ခဲ့သော အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့် ပါရမီရှင် ဖြစ်၏။

ထိုကဲ့သို့သော ပါရမီရှင် ပုဂ္ဂိုလ်မျိုးသည် ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် နတ်ဘုရင် အဆင့် အင်အားစု ဖြစ်သည့် ကျန်းဝူနတ်ဂိုဏ်းမှ လွဲ၍ အခြားမည်သည့် အင်အားစုတွင်မှ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

ယင်းကြောင့် အရှင်ဖုန်းချီသည် ကျန်းဝူကောင်းကင် နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင် အဆင့် အင်အားစု ဖြစ်သည့် ကျန်းဝူနတ်ဂိုဏ်းကို အနည်းငယ် မနာလိုပင် ဖြစ်မိခဲ့သည်။

ကျန်းဝူနတ်ဂိုဏ်းမှ ပါရမီရှင်က သတ်မှတ်ချက်နှင့် ပြည့်စုံသော်လည်း အရှင်ဖုန်းချီသည် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ကို ကျန်းဝူနတ်ဂိုဏ်း၏ မျက်စိအောက်တွင် ထုတ်ဖော်ပြသလိုခြင်း မရှိ၍ သဘာဝကျစွာပင် ကျန်းဝူနတ်ဂိုဏ်းမှ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား၏ အကူအညီကို ရယူမည် မဟုတ်ပေ။

ဤအကြောင်းကြောင့်ပင် အရှင်ဖုန်းချီသည် သတ်မှတ်ချက် နှင့် ပြည့်စုံသော ပါရမီရှင်ကို မတွေ့ရှိခဲ့ချေ။

ကျန်းချန် ထွက်ပေါ်လာပြီးနောက်တွင် အရှင်ဖုန်းချီသည် ကျန်းချန်က သူရှာဖွေနေသောသူ ဖြစ်သည်ဟု ချက်ချင်းနီးပါး ခံစားမိခဲ့သည်။

သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သည့် ကျန်းချန်၏ အကူအညီဖြင့် ဆိုလျှင် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူများကို ၎င်းတို့၏ ဘိုးဘွားမြေသို့ ပြန်လည် ရောက်ရှိစေပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အမွေအနှစ်များကို ရရှိစေနိုင်မည်မှာ သေချာသည်။

ဤအမွေအနှစ်များကို ရရှိသရွေ့ ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုသည် တစ်ဟုန်ထိုး တိုးတက်မှုကို မလွဲဧကန် ရရှိနိုင်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်သို့ ပြန်လည် ရောက်ရှိရန် မျှော်လင့်ချက် အခွင့်အလမ်းများစွာ ရှိလာနိုင်ပေသည်။

----------------

"အကိုဖုန်း.. ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို ပို့ဆောင်ပေးနိုင်တယ် ဆိုတော့ အဲဒီနေရာကနေ နတ်ကုန်းမြေတိုက်ကို တိုက်ရိုက် တည်​နေရာ ရွှေ့ပြောင်းလို့ရော ရနိုင်မလား"

ကျန်းချန်က ရုတ်တရက် အဓိကကျသည့် မေးခွန်းတစ်ခုကို သတိရသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ဤအတိုင်းသာဆိုလျှင် သူက ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ကို အသုံးပြု၍ နတ်ကုန်းမြေသို့ တိုက်ရိုက် သွားနိုင်ပြီး စွမ်းအင်နှင့် အချိန်များစွာကို သက်သာစေနိုင်သည် မဟုတ်ပါလား။

"သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဒီလိုနည်းနဲ့ နတ်ကုန်းမြေတိုက်ကို မသွားဖို့ ငါ အလေးအနက် အကြံပေးချင်တယ်"

အရှင်ဖုန်းချီက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"နတ်ဘုရားနယ်မြေမှာ ရှိတဲ့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ နယ်မြေကို အခြားအင်အားစုတွေက သိမ်းပိုက်ထားဖို့များတယ်.. ဒါကြောင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကနေ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းမယ် ဆိုရင် ပြဿနာ တက်မှာ စိုးရိမ်ရတယ်.. ကောင်းကင်သိမ်းငှက်ပျံသန်းယာဉ်ကနေတစ်ဆင့် နတ်ကုန်းမြေတိုက်ဆီ တိုက်ရိုက် ဝင်ရောက်တာက အရမ်းကို အန္တရာယ်များမယ် ထင်တယ်"

ကျန်းချန်က စိတ်ထဲ၌ တုန်လှုပ် ချောက်ချားသွားမိသည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင်အဆင့် အင်အားစုအဖြစ် တည်ရှိခဲ့သည့် ကြီးကျယ်ခမ်းနားသော မျိုးနွယ်စု တစ်ခု ဖြစ်သည်။

ထို့ကြောင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို သိမ်းပိုက်နိုင်သူများသည် အလွန်တရာ အစွမ်းထက်မည်မှာ တွေးနေစရာပင် မလိုအပ်ချေ။

သူသာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကနေ တိုက်ရိုက် သွားခဲ့လျှင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။

-------------------

စကားတပြောပြောဖြင့် ကျန်းချန်တို့က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဆီ ဦးတည် ပျံသန်းလာခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နန်လင်း နယ်မြေ၏ အရှေ့မြောက်ဘက်ရှိ ကျင်းရွှယ် နယ်မြေတွင် တည်ရှိသည်။

ကျင်းရွှယ် နယ်မြေသည် နန်လင်းနယ်မြေနှင့် ကပ်လျက် တည်ရှိသော်လည်း ကုဟွမ်တောင်ကနေ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသို့ အကွာအဝေးသည် အလွန် ဝေးကွာနေဆဲ ဖြစ်သည်။

သူတို့နှစ်ဦးထဲတွင် တစ်ဦးမှာ အင်အားကြီးသော ကောင်းကင်အရှင် ဖြစ်ပြီး ကျန်တစ်ဦးမှာ ကောင်းကင်အရှင် နှင့် ယှဉ်ပြိုင်နိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သည့် အတွက် သူတို့၏ အရှိန်အဟုန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့၏။

သုံးရက်ပင် မကြာလိုက်ဘဲ သူတို့နှစ်ဦးသည် နယ်မြေတစ်ခုကို ဖြတ်ကျော်ကာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ဆီသို့ ရောက်ရှိလာခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ ထိပ်တန်း အင်အားစု အနေဖြင့် ကျယ်ဝန်းသော နယ်မြေတစ်ခု ဖြစ်သည့် ကျင်းရွှယ်နယ်မြေကို သိမ်းပိုက်ထားသည်။

၎င်းတို့က ကျင်းရွှယ် နယ်မြေ၏ ဗဟိုတွင် ခမ်းနားသောရွှေရောင်နန်းတော်ကြီးကို တည်ဆောက်၍ နေထိုင်ကြ၏။

"ညီနောင် ကျန်းချန်.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို ရောက်ပြီ.. မင်းအတွက် ဧည့်ခံပွဲတစ်ခု ခမ်းခမ်းနားနား ပြင်ဆင်ခိုင်းလိုက်မယ်"

အရှင်ဖုန်းချီက ပြုံး၍ ပြောလိုက်သည်။

"ဒီလောက် အလုပ်ရှုပ်မခံပါနဲ့ အကိုဖုန်း"

ကျန်းချန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"လုပ်စရာရှိတာကို အရင် လုပ်ကြတာပေါ့"

ယခုအခါတွင် ကျန်းချန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ကို အခွင့်ကောင်းယူ၍ နတ်ကုန်းမြေတိုက်ရှိ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို သွားရောက်ကြည့်ရှုလိုစိတ် အလွန်တရာ ပြင်းပြနေခဲ့သည်။

သူက အရှင်ဖုန်းချီ အတွက် ထိုကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပြီး သူ၏ မူလ အစီအစဉ် အတိုင်း ယွမ်ဝူမြို့သို့ သွားကာ ကျန်းဝူ ကောင်းကင် နယ်မြေ မြောက်ဘက်ရှိ ထာဝရဘုရားကျောင်းသို့ ဝင်ရောက်လိုခဲ့၏။

"ကောင်းပြီ.. ဒါဆို မျိုးနွယ်စုက အကြီးအကဲတွေကို ဆင့်ခေါ်ပြီး ဒီကိစ္စကို အသေးစိတ် ဆွေးနွေးကြမယ်"

အရှင်ဖုန်းချီက အချိန်မဖြုန်းဘဲ ကျန်းချန်ကို ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု၏ အစည်းအဝေး ခန်းမသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့သည်။

-----------------

ကျန်းချန်သည် အရှင်ဖုန်းချီနှင့်အတူ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသို့ ဝင်ရောက်သွားသည့် အချိန်မှာပင် ကျန်းဝူ ကောင်းကင် နယ်မြေ၏ မြောက်ဘက်တွင် ပုံရိပ်နှစ်ခုသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ နယ်နိမိတ် အတားအဆီးများကို ရုတ်တရက် ထိုးဖောက်ကာ အဆုံးမဲ့ထာဝရဟင်းလင်းပြင်ကနေ ပျံသန်း ဝင်ရောက်လာခဲ့သည်။

"ဟူး... နောက်ဆုံးတော့ ကျွန်တော်တို့တွေ ကျန်းဝူ ကောင်းကင် နယ်မြေထဲ ရောက်လာခဲ့ပြီ"

ဘယ်ဘက်ရှိ ပိန်ပါးပါး လူငယ်တစ်ဦးက မကျေမချမ်း ရေရွတ်လိုက်သည်။

"ထာဝရဘုရားကျောင်းကနေ ဒီကို တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလို့ ရရဲ့သားနဲ့.. အစ်ကို ကျွန်တော့် စကား နားမထောင်လို့ ဒီလောက် အချိန်တွေ ကုန်ခဲ့ရတာပဲ"

"တစ်ခါတစ်လေမှ လာရတာ ဆိုတော့ လေကောင်းလေသန့်ခံပြီး အပန်းဖြေရမှာပေါ့.. ထာဝရဟင်းလင်းပြင်ထဲ လမ်းလျှောက်ရတာက ဂိုဏ်းထဲမှာ နေပြီး ကျင့်ကြံရတာထက် ပိုပျော်စရာကောင်းတယ်လို့ မထင်ဘူးလား ညီလေး"

ပိန်းပါးပါးလူငယ်နှင့် အတူ ပါလာသည့် ဆံဖြူ လူငယ်က အေးဆေးစွာ ပြောလိုက်သည်။

"ဒါ့အပြင် နန်းတော်သခင် ငါတို့ကို ပေးထားတဲ့ တံဆိပ်ပြားက ပစ်မှတ်ရဲ့ ခန့်မှန်းခြေ ဦးတည်ရာကိုပဲ ခံစားသိရှိနိုင်တယ်.. ငါတို့က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို သုံးမယ်ဆိုရင် ပစ်မှတ်ကို မတော်တဆ လွဲချော်သွားနိုင်တယ်"

"နန်းတော်သခင်က ဘာတွေ အရေးကြီးနေလဲ မသိဘူး.. နတ်ကုန်းမြေတိုက် ပြင်ပက လူငယ်လေးကို လိုက်လံ သတ်ဖြတ်ဖို့ ကျွန်တော်တို့ကို တာဝန်ပေးနေသေးတယ်"

ပိန်ပါးပါး လူငယ်က မကျေမချမ်း တီးတိုး ရေရွတ်လိုက်ပြီး ချက်ချင်းပင် ဆံဖြူလူငယ်ကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကို.. နန်းတော်သခင် ပေးထားတဲ့ တံဆိပ်ပြားကို သုံးပြီး အဲဒီကောင်လေးရဲ့ တည်နေရာကို ခံစားကြည့်ပါဦး"

ဆံပဖြူလူငယ်က သူ၏ လက်ဖဝါးကို လှုပ်ရှား၍ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။

သူက တံဆိပ်ပြားကို လှုံ့ဆော်ပြီး ပစ်မှတ် တည်နေရာကို ရှာဖွေရန် ပြင်ဆင်နေချိန်တွင် သူ၏ လက်ဖဝါးထဲမှ တံဆိပ်ပြားသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး အနက်ရောင် အလင်းများ တောက်ပလာခဲ့သည်။

မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ဆံဖြူလူငယ်၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။

"အစ်ကို.. တံဆိပ်ပြားက တုံ့ပြန်မှု ရှိနေပြီ"

ပိန်ပါးပါး လူငယ်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"ဒါဆို... ငါတို့ ရှာနေတဲ့သူက ဒီကျန်းဝူ ကောင်းကင် နယ်မြေထဲ ရောက်နေတာပေါ့"

အခန်း(၁၉၈၀) ပြီး၏။

All Chapters