← Chapters

အခန်း (၁၉၇၃)

Vol. 138 Ch. 1973

အခန်း (၁၉၇၃)

Vol. 138 Ch. 1973

အရှင်ရှောင်ယွဲ့ကဲ့သို့ မြေကြီးအရှင် တစ်ပါးက သူမ တို့ကို ကူညီမည်ဆိုလျှင် သူမသည် ကောင်းကင်ဝိညာဥ် ကျားသစ် မျိုးနွယ်စုကို အနိုင်ယူကာ အပြာရောင် ကျားမျိုးနွယ်စုကို ပြန်လည် တည်ဆောက်ရန် နီးစပ်သွားပြီ မဟုတ်ပါလော။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အစည်းအဝေးခန်းမထဲတွင် သန်မာသော အရှိန်အဝါများကို ထုတ်လွှတ်နေသော လူ ခုနစ်ဦးသည် အစည်းအဝေး လုပ်နေခဲ့ကြသည်။

ခန်းမအတွင်းရှိ လေထုသည် အလွန်တရာပင် တည်ကြည်လေးနက်နေခဲ့၏။

ထိုခုနစ်ဦးသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နယ်မြေနတ်ဘုရား ခုနစ်ပါး ဖြစ်သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူဘကောင်းကင် နယ်မြေ၏ ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားဂိုဏ်း ဖြစ်၍ အလွန် သန်မာသော ခွန်အားကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေသော ကောင်းကင်အရှင်နှင့် မကြာသေးမီကမှ ကြယ်တစ်ပွင့် အရှင်အဖြစ် ထိုးဖောက်နိုင်ခဲ့သော ရွှယ်ရှင်း တို့လည်း ရှိနေသေးသည်။

နယ်မြေနတ်ဘုရား ကိုးပါးတွင် သုံးပါးမှာ အလယ်အလတ်နယ်မြေနတ်ဘုရား ဖြစ်သည့် မြေကြီးအရှင်များ ဖြစ်ကြသည်။

သို့သော်လည်း မကြာသေးသော အချိန်ကစပြီး ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် နယ်မြေနတ်ဘုရား နှစ်ပါးကို ဆက်တိုက်ဆိုသလို ဆုံးရှုံးခဲ့ရ၏။

ထိုမျှသာမက ထိုကိစ္စကို ဖြေရှင်းရန် သွားရောက်ခဲ့သော ရွှယ်ရှင်း၏ ဝိညာဥ် ကဗ္ဗျည်းတိုင်သည် မကြာ‌သေးမီက ကြေမွသွားခဲ့သည်။

ထိုကဲ့သို့သော ဆုံးရှုံးမှုသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အင်အားကို များစွာ ထိခိုက်စေခဲ့၏။

ကျန်းဝူ ကောင်းကင်နယ်မြေတွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပြီး ယခုကဲ့သို့ ဆုံးရှုံးမှုမျိုးကို မကြုံတွေ့ခဲ့ဖူးပေ။

“အားလုံးပဲ.. ငါဒီနေ့ အစည်းအဝေး ခေါ်ရတာက ငါတို့ဂိုဏ်းမှာ အရေးပေါ်ကိစ္စ တစ်ခု ပေါ်ပေါက်လာလို့ပဲ.. သိပ်မကြာသေးခင်ကပဲ ငါတို့ဂိုဏ်းရဲ့ နံပါတ်(၁) ပါရမီရှင်ဖြစ်တဲ့ ကြယ်တစ်ပွင့်အရှင် ရွှယ်ရှင်း ကျဆုံးသွားခဲ့ပြီ”

အဓိက ထိုင်ခုံတွင် ထိုင်နေသော တာအိုဝတ်ရုံဝတ် အဘိုးအိုတစ်ဦးက အဆုံးသတ်တွင် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ထိုအဘိုးအိုက အသက် မည်မျှရှိမည်ကို မသိရသော်လည်း မျက်နှာထက်တွင် အရေးအကြောင်းများ ထူထဲနေခဲ့၏။

အဘိုးအို၏ မျက်ဝန်း သူငယ်အိမ်များက ကလေးတစ်ဦး ကဲ့သို့ ဖြူစင်နေသော်လည်း အသေအချာ အကဲခတ်ကြည့်လျှင် ပင်လယ်ကဲ့သို့ နက်ရှိုင်းမှုကို ခံစားရမည် ဖြစ်သည်။

ထိုအဘိုးအိုက တခြားသူ မဟုတ်ပေ။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် အရှင်ယီယွင် ဖြစ်သည်။

အရှင်ယီယွင်၏ စကားကိုကြားလျှင် ကျန် ခြောက်ဦးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ရွှယ်ရှင်းသည် ကျဆုံးသွားခဲ့ပြီလော။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သိထားရမည့် အချက်မှာ ရွှယ်ရှင်းသည် မဟာကောင်းကင်နတ်ဘုရား အဆင့်ကနေ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်တစ်ပွင့်အရှင် ဖြစ်သည်။

ထို့ကြောင့် ရွှယ်ရှင်း၏ ခွန်အားသည် ဂိုဏ်းချုပ် ဖြစ်သည့် ယီယွင်နှင့် သိပ်မကွာပေ။

ထိုမျှသာမက ရွှယ်ရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေး ပေးအပ်ထားသော ကောင်းကင်အရှင်၏ စွမ်းအား ပါဝင်နေသည့် အစီအရင်လည်း ရှိနေသေး၏။

ထို့ကြောင့် ကောင်းကင်အရှင် တစ်ပါး ကိုယ်တိုင် မလှုပ်ရှားသရွေ့ ရွှယ်ရှင်းကို မည်သူကမှ သတ်ဖြတ်နိုင်မည် မဟုတ်ချေ။

“ဂိုဏ်းချုပ်.. ရွှယ်ရှင်းရဲ့ခွန်အားနဲ့ ဆိုရင် သာမန်လူတွေက သူ့ကို သတ်နိုင်မှာမဟုတ်ဘူး.. ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ကိုယ်တိုင် လှုပ်ရှားခဲ့တာများလား”

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သာလျှင် ရွှယ်ရှင်းကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပါလော။

“မဟုတ်ဘူး.. ငါရထားတဲ့ သတင်းအရဆိုရင် ကုဟွမ်တောင်မှာ ရှေးဟောင်းဧကရာဇ်ကောင်းကင် အရှင် ပေါ်မလာခဲ့ဘူး”

အရှင်ယီယွင်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ရွှယ်ရှင်းကို သတ်ခဲ့တဲ့သူက ကျန်းချန်ဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ.. သူက ကောင်းကင်ဥပဒေတွေကို လျစ်လျူရှုနိုင်ပြီး တိုက်ပွဲအတွင်းမှာ သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့တယ်.. ဘိုးဘေးဖန်တီးထားတဲ့ အစီအရင်ကိုတောင် လက်သီးချက် တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်”

အရှင်ယီယွင်၏ စကားကိုကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် အသက်ရှူရပ်မတက် အံ့အားသင့်သွားခဲ့ကြသည်။

“ကောင်းကင်ဥပဒေသကို လျစ်လျူရှုပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့တယ်လား”

ယင်းအပြင် ထိုလူငယ်သည် လက်သီးချက် တစ်ချက်တည်းဖြင့်ပင် ကောင်းကင်အရှင်၏ စွမ်းအား ပါဝင်နေသော အစီအရင်ကို ချိုးဖျက်ခဲ့သည်။

ကျန်းဝူ ကောင်းကင်နယ်မြေတွင် ထိုကဲ့သို့ ပြိုင်ဘက်ကင်းနတ်ဆိုးမျိုး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

သိထားရမည့် အချက်မှာ ကျန်းဝူ ကောင်းကင် နယ်မြေရှိ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် ကျန်းဝူနတ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ပင်လျှင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသေးသည်။

သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ဆိုသည်မှာ ကျန်းဝူကောင်းကင်နယ်မြေ မပြောနှင့်၊ နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် အလွန်တရာ ရှားပါးသော ဒဏ္ဍာရီလာ တည်ရှိမှု ဖြစ်သည်။

“ဂိုဏ်းချုပ်.. သူတော်စင် ကောင်းကင်နတ်ဘုရားက ကောင်းကင်အရှင်နဲ့တောင် ယှဥ်နိုင်စွမ်းရှိတယ်.. ဒီကိစ္စက ကျွန်တော်တို့ ကိုင်တွယ်နိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး.. ဘိုးဘေးကိုပဲ ရှေ့ထွက်ခိုင်းရအောင်”

ထိုအချိန်မှာပင် အရှင်ယီယွင်၏ ဘယ်ဘက်ရှိ အဖြူရောင်ဝတ်ရုံဝတ် မြေကြီးအရှင်တစ်ပါးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် ဂိုဏ်းချုပ်.. ဘိုးဘေးကို တံခါးပိတ် ကျင့်ကြံရာကနေ အမြန်ထွက်လာခိုင်းမှ ဖြစ်တော့မယ်”

အခြားလူများသည်လည်း လျင်မြန်စွာပင် ထောက်ခံခဲ့ကြသည်။

သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက အစွမ်းထက်သော်လည်း သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးကို ကိုင်တွယ်ရန်မှာ မလွယ်ကူပေ။

ထို့အပြင် ထိုသူတော်စင် ကောင်းကင်နတ်ဘုရား၏ နောက်ကွယ်တွင် ပေါ်ထွက် မလာသေးသည့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ရှိနေသေး၏။

သို့ဖြစ်ရာ ထိုကိစ္စကို ဘိုးဘေးသာလျှင် ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးမိခဲ့ကြသည်။

“ဟူး..”

လူတိုင်း ပြောဆို ဆွေးနွေးနေသော အချိန်မှာပင် ထူးဆန်းသော နေရာလွတ်လှိုင်း တစ်ခုသည် ခန်းမအတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသည့် ရိုးရှင်းသော စာလိပ် တစ်လိပ်သည် ခန်းမ၏ အလယ်ဗဟိုရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အဘိုးအို တစ်ဦး၏ စကားသံသည် ခန်းမထဲတွင် လေးနက်စွာ ပဲ့တင်ထပ်လာခဲ့၏။

“ယီယွင်.. ဒီကိစ္စကို ငါသိပြီးပြီ.. ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားခွင့်ပေးလို့ မဖြစ်ဘူး.. ဒီစိန်ခေါ်စာကို သူတော်စင် ကောင်းကင် နတ်ဘုရားလက်ထဲ ချက်ချင်းပို့ပေးပါ.. ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့အတွက် ငါကိုယ်တိုင် သူနဲ့ ရင်ဆိုင်မယ်”

---------------------

ကျန်းချန်သည် ရွှယ်ရှင်းကို သတ်ဖြတ်လိုက်သည်က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို တုန်လှုပ်စေခဲ့ပြီး ကောင်းကင်အရှင် ဘိုးဘေးပင်လျှင် သူ့ထံ စိန်ခေါ်စာ ပို့လွှတ်လိုက်သည်ကို သဘာဝကျစွာပင် မသိခဲ့ပေ။

သူက လုချင်းလင်းကို အကူအညီပေးရန် အတွက် အရှင်ရှောင်ယွဲ့ကို တာဝန်ပေးအပ်ပြီးနောက်တွင် လုချင်းလင်း အတွက် ဓားအစီအရင် တစ်ခုကို ပြုလုပ်ရန် အချိန်အနည်းငယ် သုံးစွဲခဲ့သည်။

သူက ထိုဓားအစီအရင်တွင် သူ၏ ဓားစွမ်းအင် တစ်ခုကို သိမ်းဆည်းထားခဲ့၏။

ထိုဓားအစီအရင်ကို အသက်သွင်းလိုက်သည်နှင့် မြေကြီးအရှင်ကိုပင် အလွယ်တကူ ပြင်းထန်စွာ ဒဏ်ရာရရှိစေမည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ အရှင်ရှောင်ယွဲ့သည် လုချင်းလင်းကို အကူအညီပေးပြီးနောက်တွင် ကျန်းဝူနယ်မြေသို့ ပြန်လာရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အရှင်ရှောင်ယွဲ့ မရှိသောအခါတွင် ဤဓားအစီအရင်သည် သေရေးရှင်ရေး အချိန်၌ အပြာရောင်ကျားမျိုးနွယ်စုကို တစ်ကြိမ် ကယ်တင်နိုင်မည် ဖြစ်၏။

“မိတ်ဆွေလေးကျန်းချန်.. မင်းထွက်သွားတော့မလို့လား”

အရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စုကနေ မထွက်ခွာမီ အရှင်ကျင်းဟော်ကို နှုတ်ဆက်ရန် အတွက် ရောက်ရှိလာခဲ့သည်။

ကျန်းချန် ထွက်ခွာတော့မည်ဟု ကြားလျှင် အရှင်ကျင်းဟော်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ကုဟွမ်တောင် တိုက်ပွဲ မတိုင်မီက ဆိုလျှင် အရှင်ကျင်းဟော်သည် ကျန်းချန်၏ ထွက်ခွာခြင်းကို သဘာဝကျစွာပင် သဘောတူမည် ဖြစ်ပြီး ကျန်းချန်ကို ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ကြာရှည် အချိန်ဆွဲထားရန် မဝံ့ရဲခဲ့ပေ။

သို့‌သော်လည်း ယခုအခါတွင် ကျန်းချန်က သူတော်စင်ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုး‌ဖောက်ခဲ့ပြီးပြီ ဖြစ်ရာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းပင်လျှင် ကျန်းချန်ကို အလွယ်တကူ ကိုင်တွယ်ရန် ခက်ခဲသွားချေပြီ။

အရှင်ကျင်းဟော်က ကျန်းချန်နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်လိုသော်လည်း ကျန်းချန်က ဤမျှ မြန်မြန် ထွက်ခွာသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အရေးကြီးဆုံးအချက်မှာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းချန်၏ လက်ထဲတွင် ကြီးမားသော ဆုံးရှုံးမှုများကို ခံခဲ့ရ၍ ကျန်းချန်ကို သေချာပေါက် အလွှတ်ပေးမည် မဟုတ်ခြင်းပင်။

ကျန်းချန်သာ ဤအတိုင်း ထွက်ခွာသွားလျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် သူတို့၏ ဒေါသကို ခရမ်းရောင် ကျားမျိုးနွယ်စု ထံတွင် ပုံချနိုင်ဖွယ် ရှိသည် မဟုတ်ပါလား။

“ဘာလို့လဲ.. မင်းက ငါ့ကို ထွက်သွားခွင့် မပြုနိုင်လို့လား.. မင်းအဲဒီအချိန်က တောင်းဆိုခဲ့တဲ့ အခြေအနေတွေကို ငါလိုအပ်တာထက် ပိုပြီး ဖြည့်ဆည်းပေးခဲ့တယ်.. အခု ငါထွက်သွားမှာက ငါတို့ရဲ့ သဘောတူညီချက်ကို ချိုးဖောက်တာ မဟုတ်ဘူး”

“မိတ်ဆွေလေးကျန်းချန်.. ဘယ်အချိန်မဆို ထွက်သွားလို့ ရပါတယ်.. ကျွန်တော်က ဘယ်လိုလုပ်ပြီး တားဆီးရဲမှာလဲဗျာ”

အရှင်ကျင်းဟော်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ဒါပေမဲ့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်မှာ မဟုတ်လောက်ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူ ကောင်းကင် နယ်မြေရှိ ထိပ်တန်း နယ်မြေနတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

ယခုအခါတွင် ဂိုဏ်း၏ အစွမ်းထက် ကျင့်ကြံသူ များစွာသည် သူ၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ ၎င်းတို့အနေဖြင့် ဒေါသကို မျိုသိပ်ထားရန်မှာ သဘာဝကျစွာပင် မဖြစ်နိုင်ပေ။

သူ ဤနေရာမှ ထွက်ခွာသွားသည်နှင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ၎င်းတို့၏ ဒေါသကို ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စု အပေါ်တွင် ပုံချရန်မှာ အလွန်တရာ ဖြစ်နိုင်ခြေ ရှိ၏။

ကျန်းချန်က ခရမ်းရောင် ကျားမျိုးနွယ်စု အပေါ်တွင် ချစ်ခင်မှုသိပ်မရှိသော်လည်း ငွေလဝံပုလွေ မျိုးနွယ်စုသည် သူ့ထံ အညံ့ခံခဲ့ပြီး အရှင်ရှောင်ယွဲ့သည် သူ့အတွက် အလုပ်များ လုပ်ပေးနေခဲ့သည်။

ထို့ကြောင့် သဘာဝကျစွာပင် ကျန်းချန်သည် ‌ငွေလဝံပုလွေမျိုးနွယ်စု ကျဆုံးသွားမည်ကို ထိုင်ကြည့်နေမည် မဟုတ်ပေ။

သို့သော်လည်း သူက ကျန်းဝူ ကောင်းကင် နယ်မြေတွင် ထာဝရနေနိုင်မည် မဟုတ်ရာ ဤကိစ္စကို ဖြေရှင်းရန်အတွက် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို လုံးဝ အနိုင်ယူရန် တစ်နည်းသာလျှင် ရှိတော့သည်။

သို့မှသာလျှင် ၎င်းတို့သည် သူ၏ နာမည်ကို ကြားရုံဖြင့် အနှောင့်အယှက် ပေးရဲတော့မည် မဟုတ်ပေ။

“ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ခေါင်းဆောင် ယီယွင်က သူတော်စင် ကောင်းကင် နတ်ဘုရား ကျန်းချန်ကို ဂါဝရပြုဖို့ ရောက်ရှိလာပါတယ်.. ကျေးဇူးပြုပြီး လက်ခံပေးပါ”

ထိုအချိန်မှာပင် ကျန်းချန်၏ နားထဲသို့ အသံတစ်သံက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ယင်းအသံက ကျယ်လောင်ခြင်း မရှိသော်လည်း ခရမ်းရောင်ကျားမျိုးနွယ်စု တစ်ခုလုံး၏ အထက် ကောင်းကင်ယံကို မိုးခြိမ်းသံ ကဲ့သို့ တုန်လှုပ်စေခဲ့၏။

ထိုစကားသံကို ကြားလျှင် အရှင်ကျင်းဟော်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်.. ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အရှင်ယီယွင် ကိုယ်တိုင် ရောက်လာခဲ့ပြီ”

“ဟန်ကျတာပေါ့.. ငါသူ့ကို သွားရှာတော့မဲ့ အချိန်မှာ သူက င့ါဆီ ရောက်လာတာ ဆိုတော့ ငါ့အတွက် အချိန်အများကြီး သက်သာစေတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ခရမ်းရောင် ကျားမျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

သူက မိုင်ထောင်ချီ အကွာအဝေးကို လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် အဘိုးအိုတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

အဘိုးအို၏ လက်ထဲတွင် မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းများ ထွက်ပေါ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော စာလိပ်တစ်လိပ်ကိုလည်း ကိုင်ဆောင်ထား၏။

ထိုလျှို့ဝှက်ဆန်းကြယ်သော စာလိပ်ထံမှ အရှိန်အဝါသည် ကျန်းချန်နှင့် အလွန်တရာ ရင်းနှီးသော အရှိန်အဝါ ဖြစ်နေခဲ့သည်။

ရှင်းလင်းစွာ ဆိုရလျှင် ထိုအရှိန်အဝါသည် အရှင်ရွှယ်ရှင်း အသက်သွင်းခဲ့သော အစီအရင်စာလိပ်ထံမှ အရှိန်အဝါနှင့် အလွန်တရာပင် ဆင်တူနေခဲ့သည်။

“အရှင်ယီယွင်.. မင်းတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ငါ့ကို အတော်လေး တန်ဖိုးထားသားပဲ.. ဒါပေမဲ့ မင်းအရည်အချင်းလောက်နဲ့ ငါ့ကို ကိုင်တွယ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အရှင်ယီယွင်ကို အေးစက်စက် ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် မထီမဲ့မြင် အပြုံးတစ်ခု ရှိနေခဲ့၏။

“အရှင်က ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့တဲ့ သူတော်စင် ကောင်းကင်နတ်ဘုရားတစ်ပါးပါ.. အရှင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပြိုင်ဘက်ကင်းပါတယ်.. ကျွန်တော် ယီယွင်က အရှင့်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”

အရှင်ယီယွင်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီတစ်ခေါက် ရောက်လာတာက ဘိုးဘေး ကိုယ်စား စိန်ခေါ်စာကို လာပို့တာပါ.. သုံးရက်ကြာပြီးရင် ဘိုးဘေးက ကုဟွမ်တောင်မှာ အရှင့်ကို ‌စောင့်ဆိုင်းနေပါမယ်.. အရှင်နဲ့ ကျွန်တော်တို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ကြားက ပြဿနာတွေကို တိုက်ခိုက်ပြီးပဲ ဖြေရှင်းကြတာပေါ့”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

“ပြန်သွားပြီး မင်းရဲ့ဘိုးဘေးကို ပြောလိုက်ပါ.. သုံးရက်အတွင်း ချိန်းဆိုထားတဲ့အတိုင်း ကုဟွမ်တောင်ကို ငါ ဆက်ဆက် လာခဲ့မယ်”

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေးသည် ကောင်းကင်အရှင် တစ်ပါး ဖြစ်သည်။

သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေးကို စိန်ခေါ်ကာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို လုံးဝအနိုင်ယူရန် မူလက တွေးထားခဲ့သည်။

ယခုအခါတွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ကောင်းကင်အရှင်အဆင့် ဘိုးဘေးသည် စိန်ခေါ်စာကို ပို့ပေးလိုက်သည် ဖြစ်ရာ သူ၏ ဆန္ဒအတိုင်း ကွက်တိ ဖြစ်နေခဲ့၏။

“ဒါဆို အရှင် ကျေးဇူးပြုပြီး စိန်ခေါ်စာကို လက်ခံပေးပါ”

စကားသံဆုံးသည်နှင့် အရှင်ယီယွင်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ စာလိပ်သည် ကျန်းချန်ဆီသို့ ဦးတည်၍ ဝင်ရောက်လာခဲ့သည်။

“ဟူး..”

စာလိပ်က အရှင်ယီယွင်၏ လက်ဖဝါးထဲမှ ထွက်ခွာသွားပြီးနောက် မျက်တောင်တစ်ခတ် အတွင်း လေထုထဲ၌ နှိုင်းယှဥ်၍ မရလောက်အောင် တောက်ပသော အပြာရောင်အလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအလင်းများက လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး ဧရာမအပြာရောင်စာလုံးများ အဖြစ်သို့ လျင်မြန်စွာ စုစည်းသွားခဲ့သည်။

“စိန်ခေါ်ပွဲ”

ထိုစိန်ခေါ်ပွဲ ဟူသော စာလုံးသည် ရိုးရှင်းသည်ဟု ထင်ရပြီး မည်သည့် စွမ်းအင်လှိုင်း ရိုက်ခတ်မှုမှ မရှိသော်လည်း ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်နေခဲ့၏။

ထိုဖိအားက သာမန် မြေကြီးအရှင် ပင်လျှင် ကြေမွသွားစေနိုင်လောက်သည့် အရှိန်အဝါမျိုး ရှိနေခဲ့သည်။

“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့ စွမ်းအားလဲ”

ယင်းမှာ မည်ကဲ့သို့ စိန်ခေါ်စာမျိုး ဖြစ်ပါသနည်း။

ကျန်းချန်၏ အနောက်ဘက်ရှိ အရှင်ကျင်းဟော်သည် လျင်မြန်စွာ ပျံသန်းလာသော “စိန်ခေါ်ပွဲ”ဟူသည့် စာလုံးကို ကြည့်ကာ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

ဆိုရလျှင် ထိုစိန်ခေါ်စာသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေး ဖန်တီးထားသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး ရွှယ်ရှင်း အသက်သွင်းခဲ့သည့် အစီအရင်ထက်ပင် ပိုအားကောင်းနေခဲ့သည်။

ကျန်းချန်သာ ခွန်အား မလုံလောက်လျှင် ထိုစိန်ခေါ်စာ၏ အောက်တွင် ချက်ချင်းပင် ကျရှုံးနိုင်ခြေ ရှိ၏။

အခန်း(၁၉၇၃)ပြီး၏။

All Chapters