← Chapters

အခန်း (၁၉၇၄)

Vol. 138 Ch. 1974

အခန်း (၁၉၇၄)

Vol. 138 Ch. 1974

"ဟားဟား... မင်းတို့ ဘိုးဘေးရဲ့ စိန်ခေါ်စာက စိတ်ဝင်စားစရာ ကောင်းသားပဲ.. ငါ လက်ခံလိုက်ပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ဝုန်း"

အလွန်တောက်ပသော ကိုးရောင်ခြယ် ဧရာမ လက်ကြီးသည် လေထုကို ချက်ချင်း ထိုးဖောက်သွားခဲ့ပြီး လေထဲတွင် တည်တံ့နေသော စာလုံးကို ဖမ်းဆုပ်ထားလိုက်သည်။

မကြာခင်မှာပဲ ကျန်းချန်က သူ၏ လက်ဖဝါးကို ညှစ်ချလိုက်ရာ လေထုထဲမှ စာလုံးသည် မျက်တောင်တစ်ခတ် အတွင်း အပိုင်းပိုင်း ကြေမွကာ ပျောက်ကွယ်သွားခဲ့သည်။

"ဒီကောင်လေးက တကယ်ကို သန်မာတာပဲ"

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အရှင်ယီယွင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

အရှင်ယီယွင်က သူ၏ စိတ်နှလုံးထဲတွင် အလွန်ရှင်းလင်းစွာ သိရှိနေသည်မှာ ဘိုးဘေးက စိန်ခေါ်စာကို ပေးပို့ရန် သူ့ကို ခိုင်းစေခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်သည် ကျန်းချန်၏ ခွန်အားကို စမ်းသပ်ရန်အတွက် ဖြစ်သည်။

ပြောနေစရာ မလိုလောက်အောင်ပင် စိန်ခေါ်စာတွင် ပါဝင်သော စွမ်းအားသည် ဘိုးဘေး၏ တိုက်ခိုက်မှု နီးပါး ဖြစ်၏။

သို့သော် ဤအဆင့်၏ တိုက်ခိုက်မှုကို ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ချေမှုန်းပစ်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက်တွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူတို့ ဘိုးဘေးထက် မနိမ့်ကျမှန်း အရှင်ယီယွင် သိလိုက်သည်။

"အရှင်က ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့တဲ့ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်ထိုက်ပါတယ်.. သုံးရက်ကြာပြီးရင် ဆန်းကြယ်ကိုးပါးအစီအရင်ဂိုဏ်းက ကုဟွမ်တောင်မှာ အရှင့်ကို စောင့်ဆိုင်းနေပါ့မယ်"

အရှင်ယီယွင်က ထိုစကားကို ပြောပြီးနောက်တွင် ကောင်းကင်ယံသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

--------------------

"မိတ်ဆွေလေး ကျန်းချန်.. ကျန်းဝူ ကောင်းကင် နယ်မြေမှာ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ ဆယ်ပါး ရှိပြီး ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ကောင်းကင်အရှင် ဘိုးဘေးဖြစ်တဲ့ အရှင်ရွှယ်ကျီက ကောင်းကင်အရှင် ဆယ်ပါး ထဲမှာ ဆဋ္ဌမနေရာမှာ ရှိတယ်"

"အရှင်ရွှယ်ကျီရဲ့ သက်တမ်းက နှစ်ပေါင်း ၃၃ သန်း ကျော်လွန်ခဲ့ပြီ.. ကောင်းကင်အရှင် အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈ သန်းကတည်းက ရောက်ရှိခဲ့တဲ့ အတွက် သူက ကျန်းဝူ ကောင်းကင် နယ်မြေရဲ့ ကောင်းကင်အရှင်တွေ ထဲမှာ အသက်အကြီးဆုံး ကောင်းကင်အရှင်တွေထဲက တစ်ယောက်ပဲ"

အရှင်ကျင်းဟော်က အရှင်ယီယွင် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်လိုက်ပြီးနောက် ကျန်းချန်ကို အသေးစိတ် ရှင်းပြလိုက်သည်။

"နှစ်ပေါင်း ၃၃ သန်းလား"

ကျန်းချန်က ခဏမျှ မှင်တက်နေပြီးမှ ပြုံး၍ ပြောလိုက်သည်။

"ဒီအဖိုးကြီးက အသက်ရှည်လှချည်လား.. သိပ်မကြာခင် သူ့ရဲ့ သက်တမ်း အဆုံးသတ်တော့မယ်လို့ ငါထင်တယ်"

နတ်ဘုရားနယ်မြေတွင် နယ်မြေနတ်ဘုရားများ၏ သက်တမ်းသည် အနည်းဆုံး ဆယ်သန်း ဖြစ်သည်။

နယ်မြေနတ်ဘုရား အဆင့်တွင် ခွန်အား တိုးလာသည် နှင့်အမျှ သက်တမ်းသည်လည်း ဆက်လက် တိုးလာမည် ဖြစ်၏။

ယေဘုယျအားဖြင့် အဆင့်နိမ့် နယ်မြေနတ်ဘုရားများ၏ သက်တမ်းသည် ၁၀ သန်းမှ သန်း ၂၀ သန်းကြား၊ အလယ်နယ်မြေနတ်ဘုရားများ၏ သက်တမ်းသည် သန်း ၂၀ မှ သန်း ၃၀ကြား ဖြစ်ပြီး အဆင့်မြင့် နယ်မြေနတ်ဘုရားများ၏ သက်တမ်းသည် နှစ်ပေါင်း သန်း ၃၀ မှ ၄၀ အထိ ဖြစ်သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေးဖြစ်သည့် အရှင်ရွှယ်ကျီသည် နှစ်ပေါင်း ၃၃ သန်း အသက်ရှင်နေခဲ့ပြီးပြီ ဖြစ်ရာ သူ၏ သက်တမ်းက ကုန်ဆုံးဖို့ နီးကပ်လာခဲ့ချေပြီ။

"ဟုတ်တယ်.. အရှင်ရွှယ်ကျီက ကျန်းဝူ ကောင်းကင် နယ်မြေရဲ့ အသက်အရှည်ဆုံး ကောင်းကင်အရှင်တွေထဲက တစ်ဦးလို့ ပြောကြပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ကောင်းကင်အရှင် အဆင့်ရဲ့ အစောပိုင်း အဆင့်မှာပဲ ရှိသေးတဲ့အတွက် သက်တမ်း သိပ်မကျန်တော့ဘူး"

"အရှင်ရွှယ်ကျီက ဒီနှစ်တွေမှာ အဆင့် ထိုးဖောက်ဖို့ တံခါးပိတ် ကျင့်ကြံနေခဲ့တယ်လို့ ကြားတယ်"

အရှင်ကျင်းဟော်က လေးနက်စွာ ပြောလိုက်သည်။

"ဒီတစ်ခါ အရှင်ရွှယ်ကျီ မိတ်ဆွေလေးဆီ စိန်ခေါ်စာ ပို့လိုက်တာက အငြင်းပွားမှုတွေကို အဆုံးသတ်ဖို့အပြင် နောက်ထပ် ရည်ရွယ်ချက် တစ်ခု ရှိသေးတယ်လို့ ကျွန်တော် ထင်တယ်.. အဲဒါက တိုက်ပွဲကို အသုံးပြုပြီး အဆင့် ထိုးဖောက်ဖို့ ဖြစ်လိမ့်မယ်"

ကျန်းချန်၏မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"သူ့ရဲ့ အဆင့် ထိုးဖောက်မှု အတွက် ငါ့ကို လှေကားထစ် အဖြစ် အသုံးချချင်တယ် ဆိုရင် သူ့မှာ အဲဒီလို စွမ်းရည် ရှိမရှိ ကြည့်ရသေးတာပေါ့"

အရှင်ရွှယ်ကျီက နှစ်ပေါင်း သန်း ၃၀ ကျော် အသက်ရှင်ခဲ့သော ရှေးဟောင်း မွန်းစတားကြီး တစ်ဦး ဖြစ်သော်လည်း ကောင်းကင်အရှင် အဆင့်၏ အစောပိုင်း အဆင့်တွင်သာ ရှိနေသေးသည်။

ယခု သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့ပြီးပြီ ဖြစ်ရာ အရှင်ရွှယ်ကျီကို မည်သို့မျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ကျန်းချန်က အရှင်ကျင်းဟော်နှင့် အရှင်ရွှယ်ကျီ အကြောင်းကို ပြောဆိုပြီးနောက်တွင် သူ၏နေအိမ်သို့ ပြန်လာခဲ့ပြီး နောက် သုံးရက် အကြာတွင် ကျင်းပမည့် အရှင်ရွှယ်ကျီနှင့် အဆုံးအဖြတ် တိုက်ပွဲကို အေးဆေးစွာ စောင့်ဆိုင်းနေခဲ့သည်။

-----------------------

သို့သော် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ရှိနေသော ကျန်းချန် မသိခဲ့သည်မှာ အရှင်ယီယွင်က စိန်ခေါ်စာကို ပေးပို့ပြီး မကြာမီမှာပင် ထိုသတင်းသည် တောမီးကဲ့သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းမိုးသွားခဲ့သည်။

"ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ဘိုးဘေး အရှင် ရွှယ်ကျီက ကုဟွမ်တောင်မှာ ကျန်းချန်နဲ့ တိုက်ခိုက်ဖို့ ချိန်းဆိုလိုက်ပြီ"

ဤသတင်းကို ရရှိခဲ့သော လူတိုင်းနီးပါးသည် ထိုသတင်းကြောင့် အကြီးအကျယ် မှင်တက်သွားခဲ့ကြသည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေး အရှင်ရွှယ်ကျီသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ ကောင်းကင်အရှင် ဆယ်ပါးထဲမှ တစ်ပါး ဖြစ်ပြီး နှစ်သန်းပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့သော ရှေးဟောင်း မွန်းစတားကြီး ဖြစ်သည်။

ကျန်းဝူ ကောင်းကင်နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူ တစ်ဦးသည် အခြားသူ တစ်ဦး နှင့် အမှန်တကယ် တိုက်ခိုက်ချင်နေပါသလော။

ထိုထက်ပို၍ အံ့သြဖို့ကောင်းသည်မှာ အရှင်ရွှယ်ကျီ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သူသည် နာမည်မရှိသူ တစ်ဦး ဖြစ်နေခြင်းပင်။

ထို ကျန်းချန် ဟု အမည်ရသူသည် နှစ်သန်းပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေသော အရှင်ရွှယ်ကျီကို ကိုယ်တိုင် ထွက်လာ၍ စိန်ခေါ်စေသည်အထိ မည်သည့်အရာများ လုပ်ဆောင်ခဲ့ပါသနည်း။

"မင်းတို့တွေ မသိသေးဘူး ထင်တယ်.. အဲဒီ ကျန်းချန်က မကြာသေးမီကမှ ကျန်းဝူ ကောင်းကင် နယ်မြေမှာ ပေါ်ထွက်လာတဲ့ ပါရမီရှင် တစ်ယောက်ပဲ.. သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိနေပြီလို့ ပြောကြတယ်"

"ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ နယ်မြေနတ်ဘုရား သုံးပါးက ကျန်းချန်ရဲ့ လက်ထဲမှာ ကျဆုံးခဲ့ပြီး အဲဒီထဲမှာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ရွှယ်ရှင်းလည်း ပါဝင်ခဲ့တယ်"

"ဒီလိုအခြေအနေမှာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ဘိုးဘေး အရှင်ရွှယ်ကျီ ကိုယ်တိုင် ရှေ့ထွက်ဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"

အတွင်း သတင်းများကို သိရှိသူ အချို့သည် ကျန်းချန် အကြောင်းကို မိတ်ဆက် ပေးလိုက်ကြသည်။

လူတိုင်းက ကျန်းချန်နှင့် ပတ်သက်၍ သိရှိပြီးနောက်တွင် အံ့ဩလွန်းလို့ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့၏။

သူတော်စင် ကောင်းကင်နတ်ဘုရားက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နယ်မြေနတ်ဘုရားအဆင့် အကြီးအကဲ သုံးပါးကို သတ်ဖြတ်ခြင်းသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေး အရှင်ရွှယ်ကျီကို စိန်ခေါ်စာ ပို့သည်အထိ ဖြစ်စေခဲ့သည်။

ဤသည်မှာ မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသော တည်ရှိမှုမျိုး ဖြစ်ပါသနည်း။

"မထင်မှတ်ဘဲ ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရားက ကျန်းဝူ ကောင်းကင် နယ်မြေမှာ ပေါ်ထွက်လာခဲ့ပြီပဲ.. သူတော်စင် ကောင်းကင် နတ်ဘုရားနဲ့ ကောင်းကင်အရှင် တိုက်ခိုက်တာကို မြင်ရဖို့က တစ်သက်တာလုံး မဖြစ်နိုင်သလောက်ပဲ.. ငါတို့ လုံးဝ လွဲချော်လို့ မဖြစ်ဘူး"

"ဟုတ်တယ်. ကျန်းဝူ ကောင်းကင်နယ်မြေမှာ ကောင်းကင်အရှင်တွေရဲ့ သေခြင်းရှင်ခြင်း အဆုံးအဖြတ် တိုက်ပွဲကို မမြင်ရတာ အချိန်ကြာပြီ.. ဒီတစ်ခါတော့ ကုဟွမ်တောင်ကို သွားပြီး မဖြစ်မနေ ကြည့်ရမယ်"

"............"

ဤသတင်းကို ရရှိပြီးနောက် နန်လင်း နယ်မြေရှိ ကျင့်ကြံသူ အများအပြားသည် တိုက်ပွဲကို ကြည့်ရှုလိုသောကြောင့် ကုဟွမ်တောင်သို့ အလျင်အမြန် သွားခဲ့ကြသည်။

နောက်ဆုံးတွင် ကျန်းချန်နှင့် အရှင်ရွှယ်ကျီ တို့၏ တိုက်ပွဲသတင်းသည် နန်လင်းနယ်မြေမှ ပတ်ဝန်းကျင် နယ်မြေများ အထိ ပျံ့နှံ့သွားခဲ့ပြီး လူများစွာသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြု၍ နယ်မြေကို ဖြတ်ကျော်ကာ ကျန်းချန်နှင့် အရှင်ရွှယ်ကျီ တို့၏ အဆုံးအဖြတ် တိုက်ပွဲကို ကြည့်ရှုရန် ရောက်လာခဲ့ကြသည်။

လူတိုင်း တိုက်ပွဲကို ပိုမို လွယ်ကူစွာ ကြည့်ရှုနိုင်ရန်အတွက် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းပိုင် နယ်မြေအတွင်းရှိ ကျိုးရွှယ်မြို့ကနေ ကုဟွမ်တောင်သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်ကိုပင် စီစဉ်ပေးခဲ့သည်။

ကုဟွမ်တောင်သို့ အလျင်အမြန် သွားရန် အချိန်မရှိသူများစွာသည် ကျိုရွှယ်မြို့သို့ တည်နေရာ ရွှေ့ပြောင်းပြီးနောက် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ စီစဥ်ပေးထားသော အစီအရင်မှတဆင့် ကုဟွမ်တောင်သို့ တိုက်ရိုက် ရောက်လာကာ တိုက်ပွဲ စတင်မည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

လူတိုင်းက ကုဟွမ်တောင်သို့ ခပ်သုတ်သုတ် သွားနေကြစဉ် အချိန်သည်လည်း တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

------------------

သတိမထားမိဘဲ နှစ်ရက်သည် လျှပ်တစ်ပြက် ကုန်လွန်သွားခဲ့သည်။

တတိယနေ့၏ နံနက်စောစောတွင် ကျန်းချန်သည် သူ၏ အခန်းထဲမှ အေးအေးဆေးဆေးပင် ထွက်လာခဲ့သည်။

သူက ခရမ်းရောင် ကျားမျိုးနွယ်စု၏ အခြေအနေကို အနည်းငယ် အာရုံခံလိုက်သောအခါ အရှင်ကျင်းဟော်နှင့် ခရမ်းရောင် ကျားမျိုးနွယ်စု၏ အဆင့်မြင့် အဖွဲ့ဝင်အချို့သည် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် မရှိတော့သည်ကို သတိပြုမိလိုက်၏။

၎င်းတို့က ကုဟွမ်တောင်သို့ အရင် ထွက်ခွာသွားခဲ့ကြပုံ ရသည်။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံသို့ လျှပ်တစ်ပြက် ခုန်တက်ကာ ကုဟွမ်တောင် ဆီသို့ ဦးတည်သွားခဲ့သည်။

သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ ခွန်အားသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်ကထက် ဆယ်ဆကျော် ပိုမို မြန်ဆန်နေပြီ ဖြစ်သည်။

ယခင်က ခရမ်းရောင် ကျားမျိုးနွယ်စုကနေ ကုဟွမ်တောင်သို့ သွားရန် ကျန်းချန်အတွက် ဆယ်ရက်ကျော် ကြာမြင့်သော်လည်း ယခုမူ တစ်ရက် အတွင်းမှာပင် ကျန်းချန်သည် ကုဟွမ်တောင်၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့၏။

အောက်ဘက်ရှိ ကုဟွမ်တောင်ကို ကြည့်လိုက်သောအခါ လူအများအပြားဖြင့် စည်စည်ကားကား ဖြစ်နေသည်ကို မြင်လိုက်ရလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

ကုဟွမ်တောင်တွင် ကျန်းချန်နှင့် ရင်းနှီးသော အရှင်ကျင်းဟော်နှင့် အခြားသူများ အပြင် ကျင့်ကြံသူ အများအပြား စုဝေးနေကြသည်။

ဤကျင့်ကြံသူများ ထဲတွင် မြေကြီးအရှင် အဆင့် ကျင့်ကြံသူ များစွာ ပါဝင်ပြီး ကျန်းချန်သည် မြေကြီးအရှင် အဆင့်ထက် များစွာ ကျော်လွန်သော ကြောက်မက်ဖွယ် အရှိန်အဝါ နှစ်ခုကို မရေမရာ ခံစားမိခဲ့သည်။

"ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ပိုပြီး ရှိနေပါလား"

ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။

အရှင်ရွှယ်ကျီနှင့် တိုက်ပွဲသည် ကျန်းဝူ ကောင်းကင် နယ်မြေမှ ကျင့်ကြံသူ များစွာကို ဆွဲဆောင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"ကျန်းချန် ရောက်လာပြီ.. သမိုင်းတွင်မဲ့ တိုက်ပွဲက နောက်ဆုံးတော့ စတော့မှာပဲ"

ကျန်းချန် ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ ပုံပန်းသဏ္ဍာန်ကို မမြင်ဖူးသူ အချို့၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"သူက ကျန်းချန်လား.. အရှိန်အဝါက တကယ်ကို အားကောင်းတာပဲ"

"ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိခဲ့တဲ့ ကျင့်ကြံသူက သူလား.. "

လူများစွာက ကုဟွမ်တောင် အထက်ရှိ ကျန်းချန်ကို ကြည့်ကာ သူတို့၏ မျက်ဝန်းထဲတွင် အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ကုဟွမ်တောင်သို့ အရှင်ရွှယ်ကျီကို တိုက်ခိုက်ရန် လာရာတွင် သူ၏ အရှိန်အဝါကို လုံးဝ မဖုံးကွယ်ခဲ့ပေ။

သူက အနှိုင်းမဲ့ နတ်ဓားတစ်လက်လို ရပ်နေခဲ့သည်။

သူ၏ မျက်ဝန်းများက နတ်အလင်းဖြင့် တောက်ပနေပြီး ဆံပင်ရှည်များက ပုလဲနက်ကဲ့သို့ တောက်ပနေ၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

"ဒီကောင်လေးက တကယ်ကို သန်မာလွန်းတယ်.. ဘိုးဘေးက သူ့ကို တကယ်ပဲ အနိုင်ယူနိုင်ပါ့မလား"

အရှင်ယီယွင်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ လူများနှင့်အတူ ကုဟွမ်တောင်၏ အထက်ကို ကြည့်နေခဲ့သည်။

သူ၏ အမူအရာက ပိုမို လေးနက်လာခဲ့၏။

သူက ဘိုးဘေး အရှင်ရွှယ်ကျီ အပေါ် ယုံကြည်မှု လျော့နည်းသည့် ခံစားချက်မျိုး ယခင်က မကြုံဖူးပေ။

သို့သော် ကိစ္စက ဤအခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ အရှင်ယီယွင်က အလွန်အကျွံ မစဉ်းစားတော့ပေ။

ထို့အပြင် ဘိုးဘေး အရှင်ရွှယ်ကျီက ကျန်းချန်ကို စိန်ခေါ်ရသည့် စစ်မှန်သော ရည်ရွယ်ချက်ကို သူ အလွန်ရှင်းလင်းစွာ သိရှိထားခဲ့သည်။

သက်တမ်း နှစ်ပေါင်း ၃၃ သန်း ရှိသော အရှင်ရွှယ်ကျီသည် မကြာမီ သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။

အရှင်ရွှယ်ကျီ ကျဆုံးသွားသည်နှင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းတွင် ကောင်းကင်အရှင် မရှိတော့၍ ကျန်းဝူ ကောင်းကင် နယ်မြေတွင် အရှိန်အဝါ များစွာ လျော့ကျသွားမည် ဖြစ်သည်။

အရှင်ရွှယ်ကျီက ကျန်းချန်နှင့် တိုက်ခိုက်ရန် ချိန်းဆိုခဲ့သည်မှာ ပိုမို မြင့်မားသော နယ်ပယ် အဆင့်ကို ထိုးဖောက်ရန် အခွင့်အရေး တစ်ခုကို ရှာဖွေဖို့ အတွက် သေခြင်းရှင်ခြင်း တိုက်ပွဲကို အသုံးပြုလိုခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဤတိုက်ပွဲတွင် အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ အရှင်ရွှယ်ကျီသည် အဆင့်ထိုးဖောက်ရန် မအောင်မြင်သရွေ့ သက်တမ်း ကန့်သတ်ချက်က စောစီးစွာ ရောက်ရှိလာဖွယ် ရှိသည်။

အကယ်၍ အရှင်ရွှယ်ကျီသာ ကျန်းချန်ကို အနိုင်ယူပြီး ချောမွေ့စွာ အဆင့် ထိုးဖောက်နိုင်ခဲ့လျှင် ကျန်းဝူ ကောင်းကင် နယ်မြေရှိ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အနေအထားသည် ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းသွားမည်မှာ သေချာသည်။

အရှင်ရွှယ်ကျီ ရှုံးနိမ့်ခဲ့လျှင် သို့မဟုတ် ထိုးဖောက်ရန် မအောင်မြင်ခဲ့လျှင် ကျန်းဝူ ကောင်းကင် နယ်မြေ၏ ထိပ်တန်းဂိုဏ်းကြီး စာရင်းတွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် နေရာရနိုင်တော့မည် မဟုတ်ပေ။

ကျန်းချန်က ကုဟွမ်တောင်မှ လူများကို ဂရုမစိုက်ခဲ့ဘဲ လေထုတစ်နေရာကို ကြည့်လိုက်သည်။

ထိုနေရာတွင် နက်ရှိုင်းသော အရှိန်အဝါတစ်ခု မရေမရာ ပျံ့နှံ့နေ၏။

"အရှင်ရွှယ်ကျီ.. မင်း ရောက်နေပြီဆိုတာ ငါသိတယ်.. မင်း ထွက်မလာသေးဘူးလား"

ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ အသံက ကုဟွမ်တောင်၏ အထက်တွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် လေထုထဲတွင် နေရာလွတ်လှိုင်းများ ရုတ်တရက် ပေါ်လာခဲ့ပြီး ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

"ဟားဟား.. ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ အဆုံးစွန်သော အဆင့်လို့ မပြောရဘူး.. မင်းက တကယ်ကို ထူးခြားတာပဲ.. ကျန်းချန်.. ငါမင်းကို စောင့်နေတာ အချိန်အတော်ကြာခဲ့ပြီ"

အခန်း(၁၉၇၄) ပြီး၏

All Chapters