← Chapters

အခန်း (၁၉၇၅)

Vol. 138 Ch. 1975

အခန်း (၁၉၇၅)

Vol. 138 Ch. 1975

ကျန်းချန်၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်မှာ အပြာရောင် ဝတ်ရုံဝတ် ဆံဖြူ အဖိုးအိုတစ်ဦး ဖြစ်သည်။

အဖိုးအိုက အရေးအကြောင်းများ တွန့်လိမ်နေသော မျက်နှာရှိပြီး ခန္ဓာကိုယ် တစ်ခုလုံး ပိန်လှီကာ သေဆုံးတော့မည့် အဖိုးအိုတစ်ဦး ကဲ့သို့ ဖြစ်နေ၏။

ဤအဖိုးကြီး၏ အသက်စွမ်းအင်က အားနည်းသော လက္ခဏာများ စတင်ပြသနေပြီး ယင်းမှာ သက်တမ်းကုန်ရန် နီးကပ်လာနေသော အဆုံးသတ် လက္ခဏာ ဖြစ်မှန်း ကျန်းချန် ရှင်းလင်းစွာ ခံစားမိခဲ့သည်။

ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည်နှင့်အမျှ သက်တမ်းက ပိုမို ရှည်လျားလာမည် ဖြစ်သော်လည်း နောက်ဆုံးတွင် အဆုံးသတ် အခြေအနေသို့ ရောက်ရှိလာမည်သာ ဖြစ်သည်။

အရှင်ရွှယ်ကျီသည် အဆင့်မြင့် နယ်မြေနတ်ဘုရား အစောပိုင်းအဆင့်တွင် နှစ်ပေါင်း ၃၃ သန်း အသက်ရှင်နေခဲ့ပြီးပြီ ဖြစ်ရာ ကျင့်ကြံမှုတွင် အဆင့် ထိုးဖောက်မှု မလုပ်ဆောင်နိုင်သ၍ သူ၏ သေဆုံးမှုက အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စ ဆိုလည်း မမှားပေ။

"အရှင်ရွှယ်ကျီ.. မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မဟန်ဘူး ထင်တယ်.. မင်း ငါ့ကို စိန်မခေါ်သင့်ဘူး.. မင်းရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင် ဒီနေ့ တိုက်ပွဲမှာ မင်း နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မင်းရဲ့ သက်တမ်းကို စောစောစီးစီး ကုန်ဆုံးစေလိမ့်မယ်"

ကျန်းချန်က လေထုထဲတွင် ထွက်ပေါ်လာသော အရှင်ရွှယ်ကျီကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ကျန်းချန်က သူ၏ မြင်နိုင်စွမ်းဖြင့် အရှင်ရွှယ်ကျီ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ချက်ချင်း မြင်နိုင်ခဲ့သည်။

ဤအဖိုးကြီးသာ တိုက်ခိုက်မှု မပြုလုပ်လျှင် ခဏမျှ ဆက်လက် အသက်ရှင်နိုင်မည် ဖြစ်သည်။

သို့သော် သူ့နှင့် တိုက်ခိုက်လျှင်မူ အနိုင်ရသည့်တိုင် သေဆုံးရမည်မှာ သေချာ၏။

ထိုသို့မဟုတ်ဘဲ အဖိုးအိုက တိုက်ပွဲတွင် အဆင့် ထိုးဖောက်ရန် အခွင့်အရေးကို အမှန်တကယ် ရှာတွေ့နိုင်ခဲ့လျှင်မူ ပြာပုံထဲမှ ပြန်လည် မွေးဖွားကာ သက်တမ်း ပိုမို တိုးလာနိုင်ပေသည်။

"ကျန်းချန်.. မင်းက ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲ နှစ်ပါး အပြင် ငါတို့ ဆန်းကြယ်ကိုးပါးအစီအရင်ဂိုဏ်းရဲ့ အမွေခံကိုပါ သတ်ခဲ့တယ်.. ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ဘိုးဘေးတစ်ဦး အနေနဲ့ ငါက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ"

အရှင်ရွှယ်ကျီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းအနေနဲ့ အကြီးက အငယ်ကို အနိုင်ကျင့်တယ်လို့ ခံစားရရင် မင်းရဲ့နောက်ကွယ်က ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ကို ငါနဲ့ တိုက်ခိုက်ဖို့ ထွက်လာခိုင်းလိုက်ပါ"

"အရှင်ရွှယ်ကျီ.. မင်း ငါ့ကို စမ်းသပ်ဖို့ မလိုပါဘူး.. ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က ကျန်းဝူ ကောင်းကင် နယ်မြေမှာ မရှိတော့ဘူး"

"မင်းလို ကောင်းကင်အရှင် အစောပိုင်းအဆင့်ကို ရင်ဆိုင်ဖို့က ငါ့တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်.. ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ဘာလို့ လိုအပ်မှာလဲ"

"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့.. မင်း တိုက်ခိုက်ချင်တယ် ဆိုရင် တိုက်ခိုက်လို့ရပြီ.. ဒီနေ့ တိုက်ပွဲမှာ မင်းနဲ့ ငါက သေခြင်းရှင်ခြင်း တိုက်ပွဲကို မဖြစ်မနေ ဆင်နွှဲရမှာပဲ.. မင်း အဆင်သင့်ဖြစ်ပြီလား"

ကျန်းချန်က အရှင်ရွှယ်ကျီကို စူးစိုက်ကြည့်လိုက်သည်။

လောကကြီး တစ်ခုလုံးကို လွှမ်းခြုံထားသော အစွမ်းထက်အရှိန်အဝါသည် သူ့ထံမှ ချက်ချင်း ပျံ့နှံ့သွားခဲ့၏။

"ဟားဟား.. မင်းက အတော်လေး ယုံကြည်မှု လွန်ကဲနေတဲ့ပုံပဲ.. ဘယ်သူက ဘယ်သူ့ကို သတ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

အရှင်ရွှယ်ကျီက ရယ်မောလိုက်သည်။

သူ၏ အဝတ်အစားက လေထဲတွင် တဖျပ်ဖျပ် လွှင့်နေ၏။

ယင်းနောက်တွင် ကောင်းကင်အရှင် တစ်ပါး၏ အစွမ်းထက်သော ခွန်အားသည် သူ၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

သူက စတင် တိုက်ခိုက်သည်နှင့် သူ၏ ခွန်အားများကို အစွမ်းကုန် ထုတ်ဖော်ခဲ့သည်။

သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ မိုင်ထောင်ချီ ရှိသော လေဟာနယ်ကို ဖုံးအုပ်ထားသည့် စိမ်းပြာရောင် အစီအရင်တစ်ခုသည် လေထဲတွင် ပေါ်လာခဲ့၏။

ထိုစိမ်းပြာရောင် အစီအရင်သည် ကောင်းကင်နှင့် နေမင်းကို ဖုံးအုပ်ထားပြီး အလွန်အမင်း အစွမ်းထက်သော စိမ်းပြာရောင်နဂါး တစ်ကောင်သည် အစီအရင်ထဲမှ လျင်မြန်စွာ ထွက်လာခဲ့သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နယ်မြေ နတ်ဘုရားတိုင်းသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုကာ အစွမ်းထက် အစီအရင်များကို စုစည်းနိုင်ကြသည်။

အရှင်ရွှယ်ကျီသည် ကောင်းကင်အရှင် တစ်ပါး ဖြစ်ပြီး ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း တစ်ခုလုံးတွင် အစီအရင်ပညာရပ်၌ အားအကောင်းဆုံး ဖြစ်သည်။

သူ စုစည်းထားသော အစီအရင်သည် ကောင်းကင်အရှင် တစ်ပါး၏ တိုက်ခိုက်မှုနီးတူ အစွမ်းထက်သည်။

ကောင်းကင်အရှင် အဆင့်၏ အစွမ်းထက်သော ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ အစီအရင် စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သာမန် ကောင်းကင်အရှင် တစ်ပါးပင်လျှင် အလွယ်တကူ ဖျက်ဆီးခံရနိုင်၏။

အစီအရင်မှ ထွက်ပေါ်လာသော စိမ်းပြာရောင် နဂါးကို မြင်လျှင် ကျန်းချန်၏ အမူအရာက လေးနက်သွားခဲ့သည်။

သူက လေဟာနယ်တွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ပေသုံးထောင် အကွာအဝေးကို ကျော်ဖြတ်ကာ ကိုးရောင်ခြယ်အလင်းဖြင့် လင်းလက်နေသော လက်သီးချက်ဖြင့် အပြာရောင်နဂါးကို ထိုးနှက်လိုက်သည်။

"ဝုန်း"

ကောင်းကင်ယံကိုပင် တုန်လှုပ်စေသော ကျန်းချန်၏ လက်သီးချက်သည် စိမ်းပြာရောင်နဂါးကို တိုက်ရိုက် ထိမှန်သွားခဲ့ပြီး နဂါး၏ ဦးခေါင်းကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။

"မကောင်းတော့ဘူး"

အရှင်ရွှယ်ကျီက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

တိုက်ပွဲမတိုင်မီ သုံးရက်အလိုတွင် သူက ယီယွင်ကို ကျန်းချန်ထံ စာတစ်စောင် ပေးပို့ခိုင်းခဲ့ပြီး ကျန်းချန်၏ ခွန်အားကို စမ်းသပ်ခဲ့သည်။

ထို့ကြောင့် အရှင်ရွှယ်ကျီသည် ကျန်းချန်ကို သိပ်မစိုးရိမ်ခဲ့ပေ။

သို့သော် ယခုအချိန်တွင်မူ အရှင်ရွှယ်ကျီသည် ကျန်းချန်ကို အနည်းငယ် လျှော့တွက်မိခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည်။

ထိုကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် သွေးစွမ်းအားက ထူးခြားပြီး ကျင့်ကြံခြင်း နည်းစနစ်သည်လည်း အနည်းဆုံး နတ်ဘုရင်အဆင့်တွင် ရှိနေပုံရကာ အတူတကွ ပေါင်းစပ်ထားသော စွမ်းအားကိုးခုသည် အလွန်တရာပင် အစွမ်းထက်နေခဲ့သည်။

သူ၏ ခွန်အား အလုံးအရင်းဖြင့် စုစည်းထားသော အစီအရင်သည်ပင် ကျန်းချန်၏ လက်သီးချက်ကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

"စုစည်းစမ်း"

ကျန်းချန်၏ လက်သီးအောက်တွင် စိမ်းပြာရောင်နဂါး ပျက်စီးသွားသည်ကို မြင်လိုက်ရလျှင် အရှင်ရွှယ်ကျီက လက်ဟန်များ ထပ်မံ ပြုလုပ်လိုက်ရာ ယင်ယန်ကားချပ် တစ်ခုသည် တစ်ဖန် စုစည်းသွားခဲ့သည်။

သို့ရာတွင် ထိုယင်ယန်ကားချပ်သည်လည်း ကျန်းချန်၏ ကိုးရောင်ခြယ် လက်သီးချက်ဖြင့် ကြေမွသွားခဲ့၏။

"သူတော်စင် ကောင်းကင် နတ်ဘုရားက ကောင်းကင်အရှင်နဲ့ ယှဥ်တိုက်နိုင်တယ်လို့ ဒဏ္ဍာရီထဲမှာ ကြားဖူးပေမဲ့ ဒီနေ့ ကြည့်ရတာတော့ ဒီဒဏ္ဍာရီက အမှန် ဖြစ်ပုံပဲ.. မင်းရဲ့ ခွန်အားနဲ့ ဆိုရင် ငါ့ကို အစွမ်းကုန် တိုက်ခိုက်စေဖို့ အရည်အချင်း အပြည့်ရှိတယ်"

"ဒီနေ့ မင်းကို အသုံးချပြီး ကောင်းကင်အရှင် အဆင့်ရဲ့ အလယ်အဆင့်ကို ထိုးဖောက်မယ်"

ကျန်းချန်၏ အစွမ်းထက် ခွန်အားကို ရင်ဆိုင်ရင်း အရှင်ရွှယ်ကျီ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

သူက တိုက်ပွဲဝင်လိုစိတ်များက တဖွားဖွား ဖြစ်ပေါ်လာခဲ့၏။

ယနေ့ တိုက်ပွဲတွင် အရှင်ရွှယ်ကျီသည် ကျန်းချန်၏ လက်ကို အသုံးပြုပြီး အဆင့်ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

ထိုသို့ တိုက်ပွဲအတွင်း အဆင့်ထိုးဖောက်ချင်လျှင် သူ၏ ကိုယ်ပိုင် ခွန်အားထက် ပိုမို အားကောင်းသော ပြိုင်ဘက်တစ်ဦး လိုအပ်ပြီး သူ့ကိုယ်သူ အဆုံးစွန်အထိ တွန်းအားပေးကာ ပိုမို ကြီးမားသော အလားအလာကို လှုံ့ဆော်ရန် လိုအပ်၏။

အရှင်ရွှယ်ကျီက သူ၏ လက်ဖဝါးနှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ၏ ရင်ဘတ်နားကပ်၍ လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

"ဆန်းကြယ်ကိုးပါး နဂါးထိန်းချုပ်မှော်အစီအရင်.. စုစည်းစမ်း"

"ဝုန်း.. ဝုန်း.. ဝုန်း"

အရှင်ရွှယ်ကျီ၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် စိမ်းပြာရောင် စွမ်းအင် ရာပေါင်းများစွာသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို စိမ်းပြာရောင် စွမ်းအင်များသည် အနည်းဆုံး ပေတစ်ရာ ရှည်လျားသည့် ဧရာမ သံကြိုးများ အဖြစ် ပြောင်းလဲကာ ကျန်းချန်ဆီ ဦးတည်လာခဲ့သည်။

ဆန်းကြယ်ကိုးပါး နဂါးထိန်းချုပ် မှော်အစီအရင်သည် အရှင်ရွှယ်ကျီ တီထွင်ထားသည့် အဆင့်မြင့် မှော်အစီအရင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက အရှင်ရွှယ်ကျီသည် ထိုအစီအရင်ကို အသုံးပြု၍ နဂါး သွေးသား ပါဝင်သည့် ကောင်းကင်အရှင် တစ်ပါးကို အနိုင်ယူခဲ့၏။

ယင်းတိုက်ပွဲအပြီးတွင် အရှင်ရွှယ်ကျီ၏ ဆန်းကြယ်ကိုးပါး နဂါးထိန်းချုပ် မှော်အစီအရင်သည် အတော်လေး နာမည်ကြီးခဲ့သည်။

"မင်းရဲ့ အဆင့်ထိုးဖောက်မှု အတွက် ငါ့ကို ခြေနင်းကျောက်တုံး အဖြစ် အသုံးပြုချင်တာလား.. စိတ်မကောင်းပါဘူး.. မင်း အဲလို ဒီအခွင့်အရေး ရမှာ မဟုတ်ဘူး"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

ထို့နောက် အဆုံးမဲ့ ကြယ်တာရာ ကောင်းကင် အထက်တွင် အလွန်တရာ တောက်ပသော ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့၏။

နောက်ထပ် တစ်ခဏတွင် ခုနစ်စဥ်ကြယ်မှ ကြယ်ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် ဓားမိုးများ ကဲ့သို့ ကျဆင်းလာခဲ့သည်။

ထိုဓားစွမ်းအင် တစ်ခုစီသည် လေထုကို ဆုတ်ဖြဲပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို သယ်ဆောင်လာခဲ့ပြီး ကျန်းချန်ထံသို့ ဦးတည်လာသော စိမ်းပြာရောင် သံကြိုးများပေါ်သို့ ကျရောက်ကာ စိမ်းပြာရောင် သံကြိုးများကို အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်လိုက်သည်။

ဆန်းကြယ်ကိုးပါး နဂါးထိန်းချုပ် မှော်အစီအရင် အလွယ်တကူ ပျက်စီးသွားသည်ကို မြင်လိုက်ရလျှင် အရှင်ရွှယ်ကျီ၏ အမူအရာသည် လေးနက်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ထပ်မံ ပြုလုပ်လိုက်၏။

ရုတ်တရက် ရှေးခေတ်ကာလမှ ရောက်ရှိလာပုံရသော စိမ်းပြာရောင် ဓားရှည် တစ်ချောင်းသည် လေဟာနယ်မှ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်း အထက်ရှိ လေဟာနယ်ကို ကြီးမားသော အက်ကွဲကြောင်းအဖြစ် ချက်ချင်း ထိုးခွဲပစ်လိုက်သည်။

ကျန်းချန်က နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်ကာ စိမ်းပြာရောင် ဓားရှည်ကို ရင်ဆိုင်လိုက်သည်။

ထိုတစ်ခဏတွင် ကုဟွမ်တောင်၏ ကျယ်ပြောလှသော လေထု အထက်တွင် တောက်ပသော အလင်းတန်းနှစ်ခုသည် အဆက်မပြတ် ထိတွေ့နေခဲ့ကြ၏။

"ဝုန်း.. ဝုန်း.. ဝုန်း"

နှစ်ဦးစလုံးက သူတို့၏ အစွမ်းထက် နည်းစနစ်များကို အသုံးပြုခဲ့ကြပြီး ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်နေကြသည်။

တိုက်ပွဲက ကောင်းကင်နှင့် မြေကြီးကိုပင် မှေးမှိန်သွားစေခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားစေခဲ့၏။

ကုဟွမ်တောင်မှ မရေမတွက်နိုင်သော ကြည့်ရှုသူများသည် လေထုထဲတွင် တိုက်ခိုက်နေသော တိုက်ပွဲကို ကြည့်ကာ အသက်ရှူဖို့ပင် မေ့လျော့လုနီးပါး ဖြစ်နေကြသည်။

"ဒါက ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ"

နှစ်ဦးကြား တိုက်ပွဲက ကုဟွမ်တောင်၏ အထက် ကောင်းကင်ယံရှိ မိုင်ထောင်ပေါင်းများစွာကို ကမောက်ကမ ဖြစ်စေခဲ့သည်။

သန်မာသော မြေကြီးအရှင် တစ်ဦး ဖြစ်လျှင်ပင် တိုက်ပွဲစက်ကွင်း အတွင်း ခြေချမိပါက မသေသည့်တိုင် ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်ဖွယ် ရှိ၏။

"အရှင်ရွှယ်ကျီက ကျန်းဝူ ကောင်းကင် နယ်မြေရဲ့ သက်တော်ရှည် ကောင်းကင်အရှင် ဖြစ်ထိုက်ပါပေတယ်.. သူ့ရဲ့ ခွန်အားက တကယ်ကို နက်ရှိုင်းတာပဲ"

မြေကြီးအရှင် တစ်ပါးက လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။

"အရှင်ရွှယ်ကျီက သန်မာပေမဲ့ သူတော်စင် ကောင်းကင်နတ်ဘုရားက ပိုသန်မာတယ်.. ဒီအတိုင်း ဆက်တိုက်နေရင် အရှင်ရွှယ်ကျီက တိုက်ပွဲမှာ သေချာပေါက် ရှုံးနိမ့်လိမ့်မယ်"

နောက်ထပ် မြေကြီးအရှင် အဆင့် ကျင့်ကြံသူ တစ်ဦးက လေးနက်သော အမူအရာဖြင့် သုံးသပ်လိုက်သည်။

စင်စစ် ကျန်းချန်နှင့် အရှင်ရွှယ်ကျီ တို့၏ တိုက်ပွဲအ​ခြေအနေကို သုံးသပ်ရန်မှာ မလွယ်ပေ။

အပေါ်ယံကြည့်လျှင် နှစ်ဦးစလုံး အတူတူနီးပါး ဖြစ်နေသော်လည်း တကယ်တမ်းတွင် အရှင်ရွှယ်ကျီသည် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

အရှင်ရွှယ်ကျီ အနေဖြင့် သူ၏ အလားအလာကို လှုံ့ဆော်ကာ တစ်ချက်တည်းဖြင့် အဆင့် ထိုးဖောက်မှု မလုပ်ဆောင်နိုင်လျှင် ကျဆုံးခြင်းသည် အချိန်မရွေး ဖြစ်လာနိုင်ပေသည်။

"ဘိုးဘေး.. အောင်မြင်မှဖြစ်မယ်"

လေထုထဲရှိ အခြေအနေကို ခံစားမိလျှင် အရှင်ယီယွင်၏ အမူအရာသည် ပိုမို တည်ကြည်လာခဲ့သည်။

ယခုအခါ ဘိုးဘေး အရှင်ရွှယ်ကျီသည် ရှုံးနိမ့်ရန် သေချာသလောက် ရှိနေခဲ့၍ အောင်မြင်စွာ ထိုးဖောက်နိုင်ရန် သူ၏ နှလုံးသားထဲတွင် ဆုတောင်းရုံသာ ရှိတော့သည်။

မဟုတ်လျှင် ကျန်းဝူ ကောင်းကင် နယ်မြေရှိ ဆန်းကြယ်ကိုးပါးအစီအရင်ဂိုဏ်း၏ အနေအထားသည် ထိုအချိန်မှစ၍ ကျဆင်းသွားမည်မှာ သေချာသည်။

"ဝုန်း"

လူတိုင်းက သူတို့ ရှေ့မှ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ပွဲကြောင့် ထိတ်လန့်နေကြစဉ် ကောင်းကင်ယံတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် အပြာရောင် ပုံရိပ်တစ်ခုသည် ဥက္ကာခဲ တစ်လုံးလို လွင့်စင်သွားခဲ့ပြီး လေထု နံရံကို ဝင်ဆောင့်မိကာ အနက်ရောင် တွင်းနက်ကြီး ဖြစ်ပေါ်စေခဲ့ပြီး တွင်းနက်ထဲတွင် နစ်မြုပ်သွားခဲ့သည်။

ထိုအပြာရောင်ပုံရိပ်မှာ တခြားသူမဟုတ်ပေ။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေးအရှင် ရွှယ်ကျီ ဖြစ်သည်။

တစ်ဖက်မှ ကျန်းချန်ကမူ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေဆဲပင်။

ထိုတစ်ခဏတွင် ကုဟွမ်တောင် တစ်ခုလုံးသည် ချက်ချင်းပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

ကြည့်ရှုသူအားလုံးသည် ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။

ကုဟွမ်တောင်ပေါ်မှ တစ်စုံတစ်ဦးသည် နောက်ဆုံးတွင် မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

"အရှင်ရွှယ်ကျီ.. ရှုံးနိမ့်သွားပြီလား"

အခန်း(၁၉၇၅) ပြီး၏

All Chapters