အခန်း (၁၉၇၆)
Vol. 138 Ch. 1976
"မဟုတ်ဘူး... အရှင်ရွှယ်ကျီ ရှုံးနိမ့်တာ မဟုတ်ဘူး.. သူ အောင်မြင်သွားပြီး... အဆင့် ထိုးဖောက်သွားခဲ့ပြီ"
မြေကြီးအရှင် အဆင့် ကျင့်ကြံသူ တစ်ဦးသည် တစ်စုံတစ်ရာကို ခံစားလိုက်မိပုံရပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။
သူ၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။
အခြား မြေကြီးအရှင် အဆင့် ကျင့်ကြံသူများသည်လည်း ကောင်းကင်ယံရှိ တွင်းနက်ကို စိုက်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့၏။
"အောင်မြင်သွားပြီ.. ဘိုးဘေး တကယ်ပဲ အောင်မြင်သွားပြီ"
အရှင်ယီယွင်သည်လည်း တွင်းနက် အတွင်းရှိ အခြေအနေကို ခံစားမိခဲ့သည်။
အဆုံးသတ်တွင် သူ၏ မျက်ဝန်းများ၌ ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
လူအများစုက အရှင်ရွှယ်ကျီ ရှုံးနိမ့်သွားပြီဟု ထင်နေချိန်တွင် စိမ်းပြာရောင် အလင်းဖြင့် တောက်ပနေသော ပုံရိပ်တစ်ခုသည် တွင်းနက်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။
ထိုသူမှာ တခြားသူ မဟုတ်ပေ။ အရှင်ရွှယ်ကျီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အလွန် ရှက်ရွံ့ဖွယ်ကောင်းနေပြီး ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံပေါ်တွင် မပျက်စီးသော နေရာမရှိပေ။
ခန္ဓာကိုယ်၏ နေရာတိုင်းတွင် ဒဏ်ရာ ရရှိထားခဲ့ပြီး သူ၏ ကောင်းကင်အရှင် အဆင့် နတ်ခန္ဓာကိုယ်ပင်လျှင် ကျန်းချန်ကြောင့် လုံးဝနီးပါး ပျက်စီးသွားခဲ့သည်။
သို့သော်လည်း အရှင်ရွှယ်ကျီသည် ထိုအရာများကို လုံးဝ ဂရုစိုက်မနေဘဲ အားပါးတရ ရယ်မောလိုက်၏။
"ဟားဟား... ငါနတ်ဘုရားက ကောင်းကင်အရှင် အစောပိုင်း အဆင့်မှာ နှစ်ပေါင်းထောင်ချီ ပိတ်မိနေခဲ့ပေမဲ့ နောက်ဆုံးတေတာ့ ကောင်းကင်အရှင် အလယ်အဆင့်ကို ခြေလှမ်းနိုင်ခဲ့ပြီ"
"ဝုန်း"
အရှင်ရွှယ်ကျီ၏ ရယ်မောသံက လောကကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ပေါက်ကွဲထွက်လာခဲ့ကာ အရှင်ရွှယ်ကျီ၏ နတ်ခန္ဓာကိုယ် ဆီသို့ ရူးသွပ်စွာ စုဝေးလာခဲ့သည်။
အဆုံးမဲ့ ကျယ်ပြောလှသော မုန်တိုင်း တစ်ခုသည် လေဟာနယ်တွင် တိုက်ရိုက် ဖြစ်ပေါ်လာခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့၏။
မရေမတွက်နိုင်သော လူများကို ပိုမို ထိတ်လန့်စေခဲ့သော အရာမှာ အရှင်ရွှယ်ကျီ၏ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့်နေရာတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် အသွေးအသား အသစ်များ ပြန်လည် ဖြစ်တည်လာခြင်းပင်။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အသက်ဓာတ်သည် စိမ်းပြာရောင်ဝတ်ရုံသဖွယ် အရှင်ရွှယ်ကျီကို ဖုံးအုပ်ထားခဲ့သည်။
အရှင်ရွှယ်ကျီက ခါးကုန်းကုန်း ပုံသဏ္ဌာန် မဟုတ်တော့သလို သူ၏ ခြောက်သွေ့ပြီး အိုမင်းနေသော မျက်နှာသည်လည်း နီမြန်းလာခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဆယ်စုနှစ်များစွာ ပိုမို ငယ်ရွယ်သွားခဲ့ပုံရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
ဤတစ်ခဏတွင် ကုဟွမ်တောင်ပေါ်ကနေ တိုက်ပွဲကို ကြည့်ရှုနေသူ အားလုံးသည် ချက်ချင်း နားလည်သွားခဲ့ကြသည်။
"အရှင်ရွှယ်ကျီ အဆင့် ထိုးဖောက်သွားခဲ့ပြီ"
---------------------
"မထင်မှတ်ဘဲ အရှင်ရွှယ်ကျီက အဆင့် ထိုးဖောက်သွားခဲ့ပြီ.. အခု ကျန်းချန် အန္တရာယ်ရှိနေပြီ ထင်တယ်"
လူများစွာသည် သူတို့၏ ဦးခေါင်းများကို ခါယမ်းကာ စိတ်နှလုံးထဲတွင် သက်ပြင်းချလိုက်ကြသည်။
ကျန်းချန်က သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ဖြင့် ကျန်းဝူ ကောင်းကင်နယ်မြေရှိ ဝါရင့် ကောင်းကင်အရှင်တစ်ပါး ဖြစ်သော အရှင်ရွှယ်ကျီကို အနိုင်ယူခဲ့သော်လည်း အရှင်ရွှယ်ကျီ၏ အဆင့်ထိုးဖောက်မှုနှင့် အတူ ရလဒ်က လုံးဝ ပြောင်းပြန် ဖြစ်သွားပေတော့မည်။
အရှင်ရွှယ်ကျီ၏ ကျင့်ကြံခြင်း အဆင့်သည် ယခင်က ကောင်းကင်အရှင် အစောပိုင်း အဆင့်တွင် ရှိသည်။
ယခု သူက တိုက်ပွဲအတွင်း အောင်မြင်စွာ အဆင့် ထိုးဖောက်ခဲ့ပြီး ကောင်းကင်အရှင် အလယ် အဆင့်သို့ ဝင်ရောက်ခဲ့ချေပြီ။
ယင်းက အဆင့်ငယ် တစ်ဆင့်သာ ဖြစ်သော်လည်း နယ်မြေနတ်ဘုရား အဆင့်တွင် အဆင့်ငယ် တစ်ဆင့်ကို ထိုးဖောက်ရန် အနည်းဆုံး နှစ်သိန်းပေါင်းများစွာ သို့မဟုတ် နှစ်သန်းပေါင်းများစွာ လိုအပ်၍ အဆင့်ထိုးဖောက်သည့်အခါ ခွန်အားသည်လည်း အဆမတန် တိုးလာမည် ဖြစ်သည်။
အရှင်ရွှယ်ကျီသည် ကောင်းကင်အရှင် အစောပိုင်း အဆင့်တွင် နှစ်ပေါင်း သန်းချီ ပိတ်မိနေခဲ့၏။
ယခု သူက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့သောကြောင့် သူ၏ ခွန်အားသည် ယခင်ကနှင့် မတူတော့ပေ။
ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးမှာပင် သူနှင့် ယှဥ်ပြိုင်နိုင်သောသူ သုံးဦးထက် ပို၍ ရှိမည် မဟုတ်ချေ။
ထိုသို့သော ပြိုင်ဘက်ကို ကျန်းချန်က ယှဥ်ပြိုင်နိုင်ပါမည်လော။
"ဒီအဖိုးကြီး.. တိုက်ပွဲအတွင်း အဆင့် ထိုးဖောက်သွားမယ်လို့ မမျှော်လင့်ခဲ့ဘူး"
သူ၏ရှေ့မှ အရှင်ရွှယ်ကျီကို ကြည့်ကာ ကျန်းချန်၏ အမူအရာသည် ချက်ချင်းဆိုသလို ပို၍ လေးနက်လာခဲ့သည်။
နယ်မြေနတ်ဘုရား အဆင့်၏ အဆင့်တိုင်းတွင် အဆင့်တက်သည့် အခါ၌ ခွန်အားသည် ပြင်းထန်စွာ ပြောင်းလဲသွားမည် ဖြစ်၏။
ပြောနေစရာ မလိုလောက်အောင်ပင် အရှင်ရွှယ်ကျီသည် ယခုအခါတွင် ကောင်းကင်အရှင် အစောပိုင်း အဆင့်မှ ကောင်းကင်အရှင် အလယ်အဆင့်သို့ ရောက်ရှိခဲ့သည်။
ကျန်းချန်က ကျန်းဝူ ကောင်းကင် နယ်မြေသို့ ပထမဆုံး ရောက်ခါစတွင် မြေကြီးအရှင် အဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့သည် အရှင်ကျင်းဟော် နှင့် အရှင်ရွှယ်ရှင်းတို့ ကဲ့သို့ မြေကြီးအရှင် အစောပိုင်း အဆင့်သာ ဖြစ်သည်။
သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ဖြစ်သော်လည်း ကောင်းကင်အရှင် အလယ်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်လျှင် အနိုင်ရရန် အခွင့်အလမ်း သိပ်မရှိနိုင်ပေ။
ကောင်းကင်အရှင် အလယ်အဆင့်နှင့် ကောင်းကင်အရှင် အစောပိုင်း အဆင့်တို့ ကြားရှိ ကွာခြားချက်သည် မြေကြီးအရှင် အလယ်အဆင့်နှင့် မြေကြီးအရှင် အစောပိုင်း အဆင့်တို့ ကြားရှိ ကွာခြားချက်ထက် များစွာ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်း၏။
"ကျန်းချန်.. မင်းက ငါနတ်ဘုရားကို ကောင်းကင်အရှင် အလယ်အဆင့် ရောက်ဖို့ ကူညီပေးခဲ့တဲ့ အတွက် ငါနတ်ဘုရား မင်းကို ကျေးဇူးတင်သင့်တယ်.. ဒါပေမဲ့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ နယ်မြေနတ်ဘုရား သုံးပါးကို မင်း သတ်ခဲ့မှတော့ ငါက မင်းကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးရမှာလဲ"
ထိုစကားကို ပြောပြီးနောက်တွင် အရှင်ရွှယ်ကျီ၏ စကားလုံးများက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဒါပေမဲ့... မင်း ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို ဝင်ရောက်ဖို့ ဆန္ဒရှိရင် ငါ ဒီအပြစ်ကို မေ့ပစ်လိုက်မယ်.. ဒါ့အပြင် မင်းကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲချုပ် အဖြစ် ခန့်အပ်ပြီး ငါနဲ့ အဆင့်အတန်းတူ ထားပေးမယ်"
အရှင်ရွှယ်ကျီ၏ စကားလုံးများကြောင့် ကုဟွမ်တောင် တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
အရှင်ရွှယ်ကျီသည် ကျန်းချန်ကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို ဝင်ရောက်ရန် ဖိတ်ခေါ်ရုံသာ မကဘဲ အကြီးအကဲချုပ် အဖြစ် ခန့်အပ်ကာ သူ့နှင့် အဆင့်အတန်းတူ ထားပေးမည်ဟု ကမ်းလှမ်းလိုက်ပါသလော။
အနည်းငယ် စဥ်းစားပြီးနောက်တွင် လူတိုင်းသည် အရှင်ရွှယ်ကျီ၏ ရည်ရွယ်ချက်များကို လျင်မြန်စွာ နားလည်သွားခဲ့ကြသည်။
ကျန်းချန်သည် ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်ပြီး ကျန်းဝူ ကောင်းကင် နယ်မြေ၏ နံပါတ်တစ်ပါရမီရှင်ဟုပင် ဆိုနိုင်၏။
ကျန်းချန်သာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို ဝင်ရောက်ခဲ့လျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးကို ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ အသန်မာဆုံးဂိုဏ်း ဖြစ်သော ကျန်းဝူနတ်ဂိုဏ်းကိုပင် ယှဥ်နိုင်လာပေမည်။
"ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲချုပ် နေရာလား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
"စိတ်မကောင်းပါဘူး.. မင်းရဲ့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို ငါ စိတ်မဝင်စားဘူး"
အရှင်ရွှယ်ကျီ၏ ကမ်းလှမ်းချက်က ကောင်းသော်လည်း သူက သဘောမတူခဲ့ပေ။
ဆိုရလျှင် သူက ကျန်းဝူ ကောင်းကင် နယ်မြေတွင် အချိန်အကြာကြီး နေလိုစိတ် မရှိခဲ့ရာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို မည်ကဲ့သို့ ဝင်ရောက်နိုင်ပါမည်နည်း။
"ကျန်းချန်.. မင်းက ငါ ကမ်းလှမ်းတာကို လက်မခံချင်ဘူးကိုး"
အရှင်ရွှယ်ကျီ၏ မျက်နှာက အနည်းငယ် အေးစက်သွားခဲ့သည်။
"မင်း ငါ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို သိတယ် မဟုတ်လား.. ကျန်းချန်.. မင်း လက်ခံလိုက်တာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်"
"အရှင်ရွှယ်ကျီ.. အဓိပ္ပါယ်မရှိတာတွေ ပြောမနေစမ်းနဲ့.. မင်းက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်သွားပြီ ဆိုတော့ ဘယ်လောက်ထိ အစွမ်းထက်လာလဲ ဆိုတာ ငါကြည့်ချင်တယ်"
ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်ပြီး ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအား ပုံရိပ်ကို ထုတ်ဖော်လိုက်သည်။
သူ၏ ကွဲပြားသော ကမ္ဘာ့စွမ်းအား ၉မျိုးက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အသက်ဓာတ်များကို ချက်ချင်းဆိုသလို ဆွဲငင်လိုက်ပြီး အဆုံးသတ်တွင် ဧရာမ နတ်နဂါးမြို့တော်ကို ရေးဆွဲထားသည့် စာလိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဂရား..”
တုန်လှုပ်ချောက်ချားဖွယ် နဂါးဟိန်းသံနှင့်အတူ ထိုစာလိပ်သည် အရှင်ရွှယ်ကျီထံ ဦးတည်လာခဲ့၏။
"ဝုန်း"
ထိုတစ်ခဏတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး လေထုက ဆက်တိုက်ဆိုသလို ပြိုကျသွားခဲ့သည်။
"ဟားဟား.. အသုံးမဝင်တော့ဘူး... ငါက ကောင်းကင်အရှင် အလယ်အဆင့်ကို ဝင်ရောက်သွားခဲ့ပြီ.. ဒီစွမ်းအားလောက်က ငါ့အတွက် ဖြုံလောက်စရာ မဟုတ်တော့ဘူး"
အရှင်ရွှယ်ကျီက လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
ယင်းနောက်တွင် သူက ဆန်းကြယ်သော လက်ဟန်များ ပြုလုပ်လိုက်ရာ ထူးဆန်းသော အစီအရင် တစ်ခုသည် လေထုထဲတွင် စုစည်းသွားခဲ့ပြီး စိမ်းပြာရောင် အလင်းလွှာတစ်ခု အဖြစ် ပြောင်းလဲသွားကာ ကျန်းချန်၏ စာလိပ်ကို အသာအယာပင် ပိတ်ဆို့လိုက်သည်။
"ကျန်းချန်.. မင်းက ရှားပါးတဲ့ ပါရမီရှင် ဆိုတာ ငါ ဝန်ခံပါတယ်.. မင်းသာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားရင် ငါမင်းကို ယှဥ်နိုင်မှာ မဟုတ်လောက်ဘူး.. ဒါပေမဲ့ အခုချိန်မှာတော့ မင်း ငါနဲ့ယှဥ်ဖို့ လိုပါသေးတယ်"
အရှင်ရွှယ်ကျီ၏ စကား ဆုံးသည်နှင့် လေထုထဲရှိ စိမ်းပြာရောင် အစီအရင်သည် ရုတ်တရက် ဧရာမ လက်ဝါး အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ရိုက်ချလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံက ကုဟွမ်တောင် အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဧရာမလက်ဝါး၏ ရိုက်ချက်ကြောင့် ပေတစ်ထောင် အကွာအဝေးထိ လွင့်စင်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့၏။
"ကျန်းချန် ရှုံးနိမ့်သွားပြီ ထင်တယ်.. အရှင်ရွှယ်ကျီက အဆင့်တက်သွားတော့ ကျန်းချန် ဘယ်လိုမှ ပြန်မတိုက်နိုင်တော့ဘူး"
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ကြသည်။
အရှင်ရွှယ်ကျီသာ နောက်ဆုံး အခိုက်အတန့်တွင် ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ရန် မအောင်မြင်ခဲ့လျှင် ကျန်းချန်သည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ဝါရင့် ကောင်းကင်အရှင်ကို အနိုင်ယူခဲ့ခြင်းကြောင့် ကျန်းဝူ ကောင်းကင် နယ်မြေတွင် ဒဏ္ဍာရီသဖွယ် ထာဝရ တည်တံ့နေမည်မှာ သေချာသည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက အားကောင်းသော်လည်း ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့သော အရှင်ရွှယ်ကျီနှင့် ဆက်လက် ယှဥ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။
ဤတိုက်ပွဲတွင် ကံကြမ္မာသည် ကျန်းချန်၏ ဘက်တွင် မရပ်တည်ခဲ့ပုံ ရ၏။
"ကောင်းကင်အရှင် အလယ်အဆင့်က ကောင်းကင်အရှင် အစောပိုင်း အဆင့်ထက် အဆပေါင်းများစွာ ပိုအားကောင်းတာပဲ"
ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်ကာ စိတ်နှလုံးထဲတွင် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတော်စင် ကောင်းကင် နတ်ဘုရားများက ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည် ဆိုသည်မှာ ကောလဟလ မဟုတ်ပေ။
သို့သော် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်အရှင် အစောပိုင်း အဆင့်နှင့် ယှဉ်ပြိုင်နိုင်ခြင်းသည်ပင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။
ကျန်းချန်က ကောင်းကင်အရှင် အစောပိုင်း အဆင့်ရှိ အရှင်ရွှယ်ကျီကို အနိုင်ယူခဲ့ပြီး သူ၏ သန်မာသော တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်ခဲ့သော်လည်း ယခု အရှင်ရွှယ်ကျီက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ အနည်းငယ်မျှပင် မယှဥ်နိုင်တော့ပေ။
"ကျန်းချန်.. မင်းက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်နဲ့ ငါနတ်ဘုရားကို ဒီလောက်ထိ တိုက်ခိုက်နိုင်တာ တကယ် လက်ဖျားခါလောက်စရာပဲ
အရှင်ရွှယ်ကျီက ကောင်းကင်နှင့် မြေကြီးကို ပိုင်စိုးသော နတ်မင်းတစ်ပါး ကဲ့သို့ ကျန်းချန်ကို အပေါ်စီးမှ ကြည့်နေခဲ့၏။
သူ၏ စကားသံက ကောင်းကင်နှင့် မြေကြီး တစ်ခွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"နောက်ဆုံးအနေနဲ့ မင်းကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းထဲ ဝင်ရောက်ဖို့ အခွင့်အရေး ထပ်ပေးမယ်"
"ဟားဟား အရှင်ရွှယ်ကျီ.. မင်းက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်လိုက်တာနဲ့ပဲ ငါက မင်းရဲ့ လက်ခုပ်ထဲကရေ ဖြစ်နေပြီလို့ တကယ်ပဲ ထင်နေတာလား"
"မင်းက ကောင်းကင်အရှင် အလယ်အဆင့် ဖြစ်နေတော့ရော ဘာဖြစ်လဲ.. ငါကျန်းချန်က မင်းကို အချိန်မရွေး သတ်နိုင်တယ်"
ကျန်းချန်က အရှင်ရွှယ်ကျီကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မောက်မာသော ရယ်မောသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ လက်တဝါးစာ အရွယ်အစားရှိ ရွှေနန်းတော် တစ်ခုသည် သူ၏ လက်ဖဝါးပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေနန်းတော် ထွက်ပေါ်လာသည်နှင့် လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်သော ရှေးဟောင်း အရှိန်အဝါတစ်ခုသည် အဆုံးမဲ့ လေဟာနယ်တွင် ပျံ့နှံ့သွားခဲ့၏။
ဤအခိုက်အတန့်တွင် အောက်ဘက်ရှိ ကြည့်ရှုသူများဖြစ်စေ၊ ကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ အရှင်ရွှယ်ကျီ ဖြစ်စေ၊ ရှေးဟောင်း အရှိန်အဝါ၏ ဖိအားအောက်တွင် အသက်ရှူမဝသလို ခံစားလိုက်ရသည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အရှိန်အဝါလဲ.. ဒါ... ဒါက ဘာများလဲ"
လူတိုင်း၏ အကြည့်က ကျန်းချန်၏ လက်ထဲရှိ ရွှေနန်းတော်ဆီသို့ ကျရောက်သွားခဲ့သည်။
သူတို့၏ မျက်ဝန်းများတွင် မကြုံစဖူး ထိတ်လန့် တုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ပစ္စည်းတစ်ခုက ထိုသို့ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်မှာ တကယ်ကို မယုံကြည်နိုင်စရာပင် ဖြစ်သည်။
ဤရွှေနန်းတော်သည် ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် လက်နက်များ ဖြစ်နိုင်ပါသလော။
အခန်း(၁၉၇၆) ပြီး၏