အခန်း (၁၉၇၇)
Vol. 138 Ch. 1977
"နတ်ဘုရင်အဆင့်လက်နက်.. ဒီကောင်လေးက နတ်ဘုရင် အဆင့် လက်နက်ကို ပိုင်ဆိုင်ထားတာလား... တကယ်ကို မယုံနိုင်စရာပဲ"
အရှင်ရွှယ်ကျီ၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏ အမူအရာက ချက်ချင်းဆိုသလို အလွန်တရာလေးနက်လာခဲ့၏။
နှစ်ပေါင်း ၃၃ သန်းကြာ အသက်ရှင်ခဲ့သော ကောင်းကင်အရှင် ကျင့်ကြံသူ တစ်ဦး အနေဖြင့် အရှင်ရွှယ်ကျီ၏ အတွေ့အကြုံသည် မည်မျှ ထူးခြားမည်မှာ တွေးနေစရာပင် မလိုပေ။
သူက ကျန်းချန်၏ လက်ထဲရှိ ရွှေနန်းတော်သည် ဒဏ္ဍာရီလာ နတ်ဘုရင် အဆင့် ပစ္စည်းတစ်ခု ဖြစ်ကြောင်း တစ်ချက် ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။
နတ်ဘုရင် အဆင့်သည် ကောင်းကင်နိယာမ စွမ်းအားကို ထိန်းချုပ်နိုင်ပြီး နယ်မြေနတ်ဘုရား အဆင့်၏ အထက်တွင် ရပ်တည်နေသော အဆင့် ဖြစ်သည်။
နတ်ဘုရင်အဆင့် နည်းစနစ်များ သို့မဟုတ် နတ်ဘုရင်အဆင့် ရတနာများ ဖြစ်စေကာမူ နတ်ဘုရင် နှင့် ဆက်စပ်နေသည့် အရာအားလုံးသည် အလွန် အရေးပါသော တည်ရှိမှု ဖြစ်သည်။
နတ်ဘုရင်အဆင့် နည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် နတ်ဘုရင်အဆင့် လက်နက်သည် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။
နတ်ဘုရင် အဆင့် နည်းစနစ်က အစွမ်းထက်သော်လည်း နတ်ဘုရင်အဆင့် မဟုတ်သည့် ကျင့်ကြံသူများသည် ထိုနည်းစနစ်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ကျန်းချန်၏ နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သော ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် ကျန်းချန်၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ ၎င်း၏ စွမ်းအားသည်လည်း တိုးတက်လာခဲ့သည်။
ယခု သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သို့ ထိုးဖောက်ခဲ့သည့်တိုင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ စွမ်းအားကို အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။
သို့သော် နတ်ဘုရင်အဆင့် လက်နက်ကမူ ကွာခြားသည်။
နတ်ဘုရင် အဆင့် လက်နက်သည် နတ်ဘုရင် အဆင့်၏ ကြီးမြတ်သော စွမ်းအားဖြင့် ဖန်တီးထားပြီး ကောင်းကင်နိယာမ စွမ်းအားများ ပါဝင်သောပစ္စည်း ဖြစ်သည်။
ဆိုရလျှင် နတ်ဘုရင် အဆင့် လက်နက်ကို ထိန်းချုပ်နိုင်သည်နှင့် နတ်ဘုရင် အဆင့်၏ စွမ်းအား အနည်းငယ်ကို ထိန်းချုပ်နိုင်ခြင်းနှင့် ညီမျှ၏။
ကျန်းချန်သည် မူလကပင် ထူးခြားသော ခွန်အား ရှိသည့် သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
သူသာ နတ်ဘုရင် အဆင့် လက်နက်ကို လှုံ့ဆော်၍ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်လျှင် သူ၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသွားလိမ်မည် ဖြစ်၏။
လူတိုင်း၏ ထိတ်လန့် တုန်လှုပ်နေသော အကြည့်အောက်မှာပင် ကျန်းချန်သည် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရွှေနန်းတော်ကနေ နတ်အလင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ လေထုထဲတွင် ကြီးမားသော ရွှေနန်းတော်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"မဟာနဂါးနန်းတော်"
အရှင်ရွှယ်ကျီက ကောင်းကင်အရှင် အလယ်အဆင့်သို့ ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် သူ၏ အကြီးမားဆုံးသော ဝှက်ဖဲကို အဆုံးသတ်တွင် ထုတ်ဖော်ခဲ့သည်။
"ရွှယ်ကျီ.. မင်းက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့လည်း ငါ မင်းကို သတ်ပစ်နိုင်တယ်"
"မဟာနဂါးနန်းတော်.. ဖိနှိပ်စမ်း"
ကျန်းချန်၏ ပါးစပ်မှ အေးစက်စက် ကြုံးဝါးသံ နှင့်အတူ မဟာနဂါးနန်းတော်က အရှင်ရွှယ်ကျီဆီ ဦးတည်လာခဲ့သည်။
"ဝုန်း"
စကားလုံးများဖြင့်ပင် ဖော်ပြရန် ခက်ခဲသော စွမ်းအားသည် မဟာနဂါးနန်းတော်ဆီကနေ ထွက်ပေါ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးက ဗြောင်းဆန်သွားခဲ့သည်။
လေထုအထက်မှ ဖိနှိပ်လာသော ထိတ်လန့်ဖွယ် စွမ်းအားကို ခံစားမိလျှင် အရှင်ရွှယ်ကျီ၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။
သူက အန္တရာယ် အငွေ့အသက်ကို ချက်ချင်းဆိုသလို ခံစားမိလိုက်သည်။
သူက လုံးဝ မတုံ့ဆိုင်းဝံ့ဘဲ ကောင်းကင်အရှင် အဆင့်၏ နတ်စွမ်းအားကို အစွမ်းကုန် လှုံ့ဆော်ကာ သူ၏ လက်ကို ရင်ဘတ်နားတွင် ကပ်၍ ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်သည်။
"ကျန်းချန်.. မင်းက ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်တဲ့အပြင် ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် လက်နက်ကိုပါ ထိန်းချုပ်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"ဒီနေ့တော့ ဒီနတ်ဘုရားက စကြဝဠာ မိုင်တစ်သောင်း အစီအရင်ကို အသုံးပြုပြီး နတ်ဘုရင် စွမ်းအားကို ရင်ဆိုင်မယ်"
"စကြဝဠာ မိုင်တစ်သောင်း အစီအရင်.. စုစည်းစမ်း"
အရှင်ရွှယ်ကျီ၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် ကုဟွမ်တောင်ကို ဗဟိုပြုထားသော မိုင်ပေါင်း ထောင်ချီ မြေထုသည် ငလျင်လှုပ်သကဲ့သို့ အကြီးအကျယ် တုန်ခါသွားခဲ့သည်။
"ဘာ.. ဘာတွေဖြစ်နေတာလဲဟ.."
"မြေငလျှင် လှုပ်နေပြီ"
ကုဟွမ်တောင်ပေါ်မှ ကြည့်ရှုသူ များစွာသည် ထိတ်လန့်သွားကြသည်။
ကောင်းကင်ယံမှ တိုက်ပွဲစွမ်းအားက မြေပြင်ဆီသို့ပါ သက်ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ကုဟွမ်တောင်သာ အမှန်တကယ် ပျက်စီးသွားလျှင် သူတို့အားလုံးသည် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
"စိတ်မပူပါနဲ့.. အရှင်ရွှယ်ကျီက ကျန်းချန်ရဲ့ နတ်ဘုရင် အဆင့် လက်နက်ကို တုံ့ပြန်ဖို့ အတွက် မြေကြောတွေရဲ့ စွမ်းအားကို အသုံးပြုနေတာပါ"
အမြင်စူးရှသော ကျင့်ကြံသူ အချို့က လေးနက်စွာ ပြောလိုက်ကြသည်။
ထိုအချိန်တွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ နယ်မြေနတ်ဘုရား တစ်ပါးသည် အရှင်ယီယွင်ကို ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်.. ဘိုးဘေးက စကြဝဠာမိုင်တစ်သောင်း အစီအရင်ကို အသုံးပြုလိုက်ပြီ"
"အင်း.. ဘိုးဘေးက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့ပေမဲ့ ကျန်းချန်က ဘိုးဘေးကို ဒီအခြေအနေအထိ တွန်းအားပေးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"
အရှင်ယီယွင်က မချိပြုံး ပြုံးကာ ရေရွတ်လိုက်သည်။
စကြဝဠာ မိုင်တစ်သောင်း အစီအရင်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အမြင့်ဆုံးသော တားမြစ် လျှို့ဝှက်နည်းစနစ် ဖြစ်၏။
ထိုအစီအရင်ကို မိုင်ပေါင်း ထောင်ချီသော တောင်များနှင့် မြစ်များ၏ မြေကြောများမှ စွမ်းအားကို အသုံးပြုပြီးမှ စုစည်းနိုင်၏။
သို့ရာတွင် စကြဝဠာမိုင်တစ်သောင်း အစီအရင်က အစွမ်းထက်သော်လည်း ၎င်းကို အသုံးပြုပြီးသည်နှင့် ကြီးမားသော အဖိုးအခကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။
အရှင်ရွှယ်ကျီက ကောင်းကင်အရှင် အလယ်အဆင့်ကို ယခုမှ ထိုးဖောက်ခဲ့ခြင်းဖြစ်၍ သူ၏ နယ်ပယ်အဆင့်က မတည်ငြိမ်သေးပေ။
ယခု စကြဝဠာမိုင်တစ်သောင်း အစီအရင်ကို အသုံးပြုလိုက်ရာ ကောင်းကင်အရှင် အစောပိုင်း အဆင့်သို့ ပြန်လည် ကျဆင်းသွားနိုင်ဖွယ် ရှိ၏။
ကျန်းချန်က ဤမျှ အထိ အစွမ်းထက်မှန်း သိခဲ့လျှင် အရှင်ယီယွင်သည် ကျန်းချန်ကို ရန်သူအဖြစ် သေချာပေါက် ရွေးချယ်မည် မဟုတ်ပေ။
သို့သော် ယခုမူကား အချိန်နှောင်းလွန်းနေခဲ့ချေပြီ။
ယခုအခါတွင် ဘိုးဘေး အရှင်ရွှယ်ကျီသည် စကြာဝဠာ မိုင်တစ်သောင်း အစီအရင်ဖြင့် ကျန်းချန်၏ နတ်ဘုရင်အဆင့် လက်နက်ကို ပိတ်ဆို့နိုင်ပါစေဟုသာ အရှင်ယီယွင် ဆုတောင်းနိုင်တော့၏။
လူတိုင်း ထိတ်လန့် တုန်လှုပ်နေချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကုဟွမ်တောင်၏ အရပ်မျက်နှာ အားလုံးတွင် ကြီးမားသော မြေကြောကြီးများ တစ်ခုပြီး တစ်ခု လေထဲသို့ ထွက်ပေါ်လာခဲ့ပြီး နဂါး ရှစ်ကောင်အဖြစ် ပြောင်းလဲကာ အရှင်ရွှယ်ကျီ ဆီသို့ စုစည်းသွားခဲ့သည်။
မြေကြောများ၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဧရာမ နဂါးရှစ်ကောင်သည် ကျင့်ကြံသူ အားလုံးကို တုန်လှုပ်စေခဲ့၏။
"ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အစီအရင်က တကယ်ကို ကြောက်စရာပဲ.. ဒီလောက်အစွမ်းထက်တဲ့ အစီအရင်မျိုး ငါအရင်က မမြင်ဖူးဘူး"
"စကြဝဠာ မိုင်တစ်သောင်း အစီအရင်က အစွမ်းထက်ပေမဲ့ ကျန်းချန်ရဲ့ လက်နက်က ဒဏ္ဍာရီလာ နတ်ဘုရင် အဆင့် လက်နက် ဆိုတော့ အရှင်ရွှယ်ကျီ မခုခံနိုင်လောက်ဘူးထင်တယ်"
".............."
လေထုထဲရှိ ထိတ်လန့်ဖွယ်ရာ ကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုကို ကြည့်ရင်း လူတိုင်းက သူတို့၏ အမြင်များကို ဆွေးနွေး ပြောဆိုခဲ့ကြသည်။
နတ်ဘုရင် အဆင့်လက်နက်သည် နတ်ဘုရင် အဆင့်၏ ကြီးမြတ်သော စွမ်းအားဖြင့် ဖန်တီးထားသော လက်နက်ဖြစ်ပြီး နတ်ဘုရင် စွမ်းအား အနည်းငယ် ပါရှိသည်။
အရှင်ရွှယ်ကျီက လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ် ဖြစ်သည့် စကြဝဠာ မိုင်တစ်သောင်း အစီအရင်ကို ထုတ်ဖော်ခဲ့သည့်တိုင် အရှင်ရွှယ်ကျီကို မည်သူမျှ အကောင်းမြင်ခြင်း မရှိခဲ့ပေ။
လူတိုင်းက ဆွေးနွေး ပြောဆိုနေကြချိန်တွင် လေထုထဲရှိ အရှင်ရွှယ်ကျီ၏ အမူအရာက ပို၍ လေးနက်လာခဲ့သည်။
သူက လက်ဟန်များကို ဆက်တိုက် ပြုလုပ်ကာ မိုင်ပေါင်း ထောင်ချီသော တောင်များနှင့် မြစ်များ၏ မြေကြော စွမ်းအားများကို နှိုးဆွရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သို့သော် တောင်များနှင့် မြစ်များမှ မြေကြောများ၏ စွမ်းအားသည် မှန်းဆ၍ မရလောက်အောင် အစွမ်းထက်သည် ဖြစ်ရာ အရှင်ရွှယ်ကျီ၏ အားကောင်းသော ခန္ဓာကိုယ်ပင် ကြီးကျယ်ခမ်းနားသော မြေကြော စွမ်းအားများအောက်၌ အဆက်မပြတ် တုန်ခါနေပြီး အရိုးကျိုးသံများပင် ထွက်ပေါ်လာခဲ့သည်။
သို့သော် အရှင်ရွှယ်ကျီသည် လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူက မဟာနဂါးနန်းတော်ကို စိုက်ကြည့်နေခဲ့ပြီး မြေကြောများမှ စွမ်းအားများကို အဆက်မပြတ် စုစည်းနေခဲ့သည်။
"ကျန်းချန်.. ဒီနတ်ဘုရားက ဒီနေ့ စကြဝဠာ မိုင်တစ်သောင်း အစီအရင်ကို အသုံးပြုပြီး မင်းကို ကျောင်းမှန်းကန်မှန်း သိသွားစေရမယ်"
အရှင်ရွှယ်ကျီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ စကားတစ်ခွန်း ပြောလိုက်တိုင်းတွင် သူ၏ အရှိန်အဝါက ကျဆင်းသွားပြီး ပါးစပ်ကနေလည်း သွေးများ ထွက်လာခဲ့သည်။
အဆုံးသတ်တွင် အရှင်ရွှယ်ကျီ၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ပါးစပ်မှ သွေးများက ရင်ဘတ် တစ်ခုလုံးကို ရွှဲစိုသွားစေခဲ့၏။
သို့သော်လည်း သူက ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို အစွမ်းကုန် အသုံးပြုကာ လေထုထဲရှိ မဟာနဂါး နန်းတော်ကို ရင်ဆိုင်လိုက်သည်။
"ဂရား"
မြေကြောများ၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော နဂါးရှစ်ကောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး မဟာနဂါး နန်းတော်ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
ထိုခဏတွင် ကောင်းကင်နှင့် မြေကြီးက မှေးမှိန်သွားခဲ့ပြီး နေနှင့် လသည်ပင် အလင်းမရှိတော့ဘဲ အရာအားလုံး မှောင်မိုက်သွားခဲ့သည်။
ကုဟွမ်တောင်ပေါ်မှ လူတိုင်း၏ အကြည့်သည် နက်မှောင်နေသော လေထုဆီသို့ ရောက်ရှိနေခဲ့၏။
ဤတုန်လှုပ်ဖွယ်ရာ တိုက်ပွဲက မကြာမီ အဆုံးသတ်တော့မည်ကို သူတို့ အားလုံး သိနေကြသည်။
မရေမတွက်နိုင်သော အကြည့်များ၏ စိုက်ကြည့်မှုအောက်တွင် ကောင်းကင်ယံရှိ မှောင်မိုက်မှုသည် ခဏမျှသာ ဆက်လက် တည်ရှိခဲ့ပြီး အဆုံးသတ်တွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်သူနိုင်သွားတာလဲ"
လူတိုင်းက စိတ်ဝင်တစား ကြည့်လိုက်ရာ ဝင့်ကြွားစွာ ရပ်နေသော ပိန်ပါးပါး လူငယ် တစ်ဦးကို မြင်လိုက်ရသည်။
ထိုလူငယ်က အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မှိန်ဖျော့ဖျော့ အလင်းများ ထုတ်လွှတ်နေသော ရွှေနန်းတော် တစ်ခုကို ကိုင်ဆောင်ထားကာ ကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်ရှုနေသည့် စစ်နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေ၏။
"ကျန်းချန်လား"
ကောင်းကင်နှင့် မြေကြီးကြားတွင် ဝင့်ကြွားစွာ ရပ်နေသော ဤပုံရိပ်ကို မြင်လျှင် ကျန်းချန်က တိုက်ပွဲတွင် အနိုင်ရရှိသွားခဲ့ကြောင်း လူတိုင်း သိလိုက်ကြသည်။
အရှင်ရွှယ်ကျီသည် တိုက်ပွဲအတွင်း ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီး ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အစွမ်းထက်ဆုံး တားမြစ် အစီအရင်ကို အသုံးပြုခဲ့သည့်တိုင် နတ်ဘုရင်အဆင့် လက်နက်ကို ကိုင်ဆောင်ထားသော ကျန်းချန်ကို ရှုံးနိမ့်ခဲ့ရသည်။
"ရှုံးနိမ့်သွားပြီ... ဘိုးဘေး ရှုံးနိမ့်သွားပြီ.."
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အရှင်ယီယွင် နှင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ လူများ၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး သူများလင်ကို ကြာခိုစဥ် အဖမ်းခံရသော မယားငယ် နှင့်ပင် ဆင်တူနေခဲ့၏။
ဤတိုက်ပွဲသည် အတက်အကျများသော ဂန္တဝင်တိုက်ပွဲဟု ညွှန်းဆို၍ရသည်။
အစပိုင်းတွင် ကျန်းချန်သည် ဘိုးဘေး အရှင်ရွှယ်ကျီကို အနိုင်ယူခဲ့ပြီး အရှင်ယီယွင် တို့ကို စိတ်ပျက်အားငယ်စေခဲ့သည်။
ထို့နောက်တွင် အရှင်ရွှယ်ကျီက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်သွားခဲ့ရာ အရှင်ယီယွင်တို့သည် စိတ်လှုပ်ရှားကာ ပျော်ရွှင်သွားကြသည်။
အရှင်ရွှယ်ကျီက ကျန်းချန်ကို အနိုင်ယူပြီး ကျန်းဝူ ကောင်းကင် နယ်မြေတွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အနေအထားကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်နိုင်တော့မည်ဟု သူတို့ တွေးထင်နေချိန်တွင် ကျန်းချန်သည် နတ်ဘုရင် အဆင့် လက်နက်ကို ထုတ်သုံးခဲ့သည်။
အရှင်ရွှယ်ကျီက စကြဝဠာ မိုင်တစ်သောင်း အစီအရင်ကို အသုံးပြုခဲ့သည့်တိုင် နောက်ဆုံးတွင် နတ်ဘုရင် အဆင့် လက်နက်၏ စွမ်းအားကို ပိတ်ဆို့ရန် မအောင်မြင်ခဲ့ပေ။
လူတိုင်းက သူတို့ရှေ့မှ အခြေအနေကြောင့် ထိတ်လန့် တုန်လှုပ်နေချိန်တွင် လေထုထဲရှိ နေရာလွတ် အက်ကွဲကြောင်းကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်သည် တခြားသူ မဟုတ်ဘဲ အရှင်ရွှယ်ကျီ ဖြစ်သည်။
သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခန္ဓာကိုယ်တွင် မပျက်စီးဘဲ ကျန်ရစ်သော နေရာမရှိပေ။
ဆိုရလျှင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြိုကွဲလုနီးပါး ဖြစ်နေခဲ့၏။
အရှင်ရွှယ်ကျီက ကျန်းချန်၏ မဟာနဂါးနန်းတော်ကို ပိတ်ဆို့ရန် စကြဝဠာ မိုင်တစ်သောင်း အစီအရင်ကို အသုံးပြုခဲ့သော်လည်း အသက်စွမ်းအား အကြီးအကျယ် ထိခိုက်သွားခဲ့သည်။
"အဟွတ်ဟွတ်.. နတ်ဘုရင် အဆင့် လက်နက်က ဒဏ္ဍာရီလာ လက်နက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အမှန်တကယ်ပဲ ထိုက်တန်ပါတယ်.. ကျန်းချန်.. ငါ့ရဲ့ အရှုံးကို ဝန်ခံပါတယ်"
အရှင်ရွှယ်ကျီက ချောင်းဆိုးရင်း ပါးစပ်မှ သွေးတစ်လုတ်ကို အန်ထုတ်ကာ ပြောလိုက်သည်။
ဤတိုက်ပွဲတွင် သူ မျှော်မှန်းထားသည့်အတိုင်း ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်သည် နတ်ဘုရင်အဆင့် လက်နက်ကို ထိန်းချုပ်နိုင်သူ ဖြစ်နေခဲ့၏။
ထို့ကြောင့် သူက ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့သည့်တိုင် နောက်ဆုံးတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။
"အရှင်ရွှယ်ကျီ...ဒီနေ့ တိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲဆိုတာ မင်းမေ့သွားပြီလား.. အခု မင်း ရှုံးနိမ့်သွားပြီ ဆိုတော့ သေဖို့သာ ပြင်ထားလိုက်တော့"
ကျန်းချန်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။
တောက်ပသော ကိုးရောင်ခြယ် အလင်းရောင်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆက်မပြတ် တောက်ပနေခဲ့သည်။
အရှင်ရွှယ်ကျီက အရှုံးပေးခဲ့သော်လည်း သူက သနားခြင်း အလျဥ်းမရှိဘဲ လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
အခန်း(၁၉၇၇) ပြီး၏