← Chapters

အခန်း (၁၉၇၈)

Vol. 138 Ch. 1978

အခန်း (၁၉၇၈)

Vol. 138 Ch. 1978

ကျန်းချန်၏ ပြင်းထန်သော လက်သီးချက်ကို မြင်လိုက်ရလျှင် အရှင်ရွှယ်ကျီက ချက်ချင်းဆိုသလို အလွန်တရာ ထိတ်လန့်သွားခဲ့သည်။

အစောပိုင်းတွင် ကျန်းချန်၏ နတ်ဘုရင်အဆင့် လက်နက်ကို ရင်ဆိုင်ရန် အရှင်ရွှယ်ကျီသည် စကြာဝဠာ မိုင်တစ်သောင်း အစီအရင် ကဲ့သို့ တားမြစ် အစီအရင်ကို အသုံးပြုခဲ့သဖြင့် အင်အား ကုန်ဆုံးနေခဲ့၏။

ယခုအခါတွင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ပြင်းထန်သည့် ပျက်စီးမှုကို မကြုံစဖူး ခံစားခဲ့ရပြီး သက်တမ်းပင် သိပ်မကျန်တော့ပေ။

ဤအချိန်တွင် သာမန် နယ်မြေနတ်ဘုရား တစ်ပါးကပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ရာ ကျန်းချန်၏ အားကောင်းသော လက်သီးချက်ကို မည်ကဲ့သို့ ပိတ်ဆို့နိုင်ပါမည်နည်း။

"မိတ်ဆွေ ပိုင်ဟဲ.. ကျေးဇူးပြုပြီး ကူညီပါဦး"

အရှင်ရွှယ်ကျီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယခုတစ်ကြိမ်တွင် အရှင်ရွှယ်ကျီသည် ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့ရာ သူ၏ သက်တမ်းသည် နှစ်ပေါင်း သုံးသန်း တိုးလာခဲ့သည်။

သို့သော် အဆုံးသတ်တွင် စကြာဝဠာ မိုင်တစ်သောင်း အစီအရင်ကို အသုံးပြုခဲ့သဖြင့် သူ၏ အဆင့်သည် ကောင်းကင်အရှင် အစောပိုင်းအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့ပြီး ဤဘဝတွင် ပြန်လည် နာလန်ထူရန် ခက်ခဲသွားခဲ့သည်။

သို့သော် သူ အဆင့်ထိုးဖောက်ခဲ့၍ တိုးလာသည့် သက်တမ်းကိုမူ သူက ဆုံးရှုံးသွားမည် မဟုတ်ပေ။

သူသာ အသက်ရှင်နေခဲ့လျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် အနည်းဆုံး နှစ်ပေါင်း သုံးသန်းကြာမျှ ကျန်းဝူ ကောင်းကင် နယ်မြေ၏ ထိပ်တန်းဂိုဏ်း အဖြစ် ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ယနေ့ ဤနေရာတွင် သူ ကျဆုံးသွားခဲ့လျှင်မူ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် မည်သည့်အခါမျှ ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ပေ။

ယင်းအတွက်ကြောင့် သေရေးရှင်ရေး အခိုက်အတန့်တွင် အရှင်ရွှယ်ကျီသည် သူ၏ မိတ်ဆွေကို အကူအညီ တောင်းလိုက်ခြင်း ဆိုလည်းမမှားပေ။

"ဝုန်း"

အရှင်ရွှယ်ကျီ၏ စကားသံ ဆုံးသည်နှင့် လေထုထဲတွင် ထူးဆန်းသော စွမ်းအင် လှုပ်ခတ်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပဲ အရှင်ရွှယ်ကျီ ဆီသို့ တိုက်ခိုက်လာသော ကျန်းချန်၏ လက်သီးအလင်းသည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ဟန့်တား ခံလိုက်ရပြီး ချက်ချင်းဆိုသလို လေထုထဲတွင် အေးခဲသွားခဲ့သည်။

ထိုမမြင်နိုင်သော စွမ်းအားသည် မျက်တောင်တစ်ခတ် အတွင်း ကျန်းချန်၏ လက်သီးချက်မှ ဖြစ်ပေါ်လာသော လက်သီးအလင်းကို ဖျက်ဆီးပစ်လိုက်သည်။

ကျန်းချန်၏ အမူအရာက လေးနက်သွားခဲ့ပြီး သူ၏ အကြည့်သည် အရှင်ရွှယ်ကျီ၏ အနောက်ဘက်ရှိ နေရာကို ကျရောက်သွားခဲ့၏။

ထို့နောက် သူက အေးစက်စက် ရေရွတ်လိုက်သည်။

"ဘာလို့ အမှောင်ထဲမှာ ခိုးကြောင်ခိုးဝှက် ပုန်းနေတာလဲ.. ထွက်လာခဲ့စမ်းပါ"

-------------------

ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် အရှင်ရွှယ်ကျီ၏ အနောက်ဘက်ရှိ လေထုထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ရောက်ရှိလာသူက ရိုးရှင်းသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဖိုးအို တစ်ယောက်ဖြစ်သည်။

ထိုအဖိုးအိုက ခန့်ညားသော ပုံပန်းသဏ္ဌာန် ရှိပြီး ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေ၏။

"ဒါက ကြိုးကြာမျိုးနွယ်စုက အရှင်ပိုင်ဟဲပဲ"

ကုဟွမ်တောင်ပေါ်မှ လူများစွာသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော အဖြူရောင် ဝတ်စုံဝတ် အဖိုးအိုကို မြင်လျှင် အနည်းငယ် မှင်တက်သွားခဲ့သည်။

ကြိုးကြာ မျိုးနွယ်စုသည် ကျန်းဝူ ကောင်းကင် နယ်မြေရှိ ထိပ်တန်း မျိုးနွယ်စုဖြစ်ပြီး ၎င်း၏ ခွန်အားသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းနှင့် အတူတူနီးပါး ရှိသည်။

ထို့အပြင် အရှင်ပိုင်ဟဲသည် ကြိုးကြာမျိုးနွယ်စု၏ ကောင်းကင်အရှင် ဘိုးဘေး ဖြစ်သည်။

အရှင်ရွှယ်ကျီက အရှင်ပိုင်ဟဲကို ဖိတ်ခေါ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

အရှင်ပိုင်ဟဲသည် လေထုကို နင်းလျှောက်၍ အရှင်ရွှယ်ကျီ ထံသို့ ရောက်ရှိလာပြီး ကျန်းချန်ကို အေးစက်စက် ကြည့်လိုက်သည်။

"မင်းရဲ့ စွမ်းအားက ထိတ်လန့်စရာပဲ.. ဒါပေမယ့် ငါ့ မိတ်ဆွေ အရှုံးပေးလိုက်တာကို ဘာလို့ သတ်ဖို့ ကြိုးစားနေရတာလဲ.. ဒါတော့ မဖြစ်သင့်ဘူး ထင်တယ် ကောင်လေး"

"ဟမ့်.. ဒီနေ့ တိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲပဲ.. ရှုံးနိမ့်သွားတဲ့သူက ငါသာဆိုရင် မင်းရဲ့မိတ်ဆွေက ငါ့ကို အလွှတ်ပေးမယ်လို့ မင်းထင်လား"

ကျန်းချန်က အရှင်ပိုင်ဟဲကို အေးစက်စက် စိုက်ကြည့်နေခဲ့ပြီး မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"အဖိုးကြီး.. မင်းရဲ့ ကောင်းကင်အရှင် အစောပိုင်းအဆင့် ခွန်အားကို အားကိုးပြီး ငါ့ကိစ္စတွေကို ဝင်ရောက် စွက်ဖက်ဖို့ အရည်အချင်း မရှိဘူး.. မင်း မသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ ထွက်သွားစမ်း"

"ဟမ့်.. ကောင်လေး.. မာန်တက်နေရင် ငါ မင်းကို မှတ်လောက်သားလောက် ဆုံးမပစ်မယ်"

ကျန်းချန်က သူ့ကို လုံးဝ အရေးမလုပ်မှန်း မြင်လိုက်ရလျှင် အရှင်ပိုင်ဟဲ၏ မျက်လုံးများတွင် ဒေါသအရိပ်မယောင်များ ထင်ဟပ်လာ၏။

သူက လှောင်ပြောင်သရော်သော အပြုံးဖြင့် ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။

"မင်းက နတ်ဘုရင် အဆင့် လက်နက်ကို အသုံးပြုပြီး ငါ့ရဲ့မိတ်ဆွေကို အနိုင်ယူခဲ့ပေမဲ့ မင်းရဲ့ ခွန်အားက ဆယ်ပုံ ခုနစ်ပုံလောက် ကုန်ဆုံးသွားပြီ ဆိုတာ ငါသိတယ်"

ဤအချိန်တွင် ကျန်းချန်သာ အထွတ်အထိပ် အခြေအနေတွင် ရှိနေပြီး နတ်ဘုရင်အဆင့် လက်နက်ကို ကိုင်ဆောင်ထားလျှင် အရှင်ပိုင်ဟဲသည် အရှင်ရွှယ်ကျီနှင့် ခင်မင်ရင်းနှီးမှု များစွာရှိသည့်တိုင် အကူအညီပေးရန် ရွေးချယ်မည် မဟုတ်ပေ။

အစောပိုင်းတွင် ကျန်းချန်သည် အရှင်ရွှယ်ကျီနှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ပြီး နတ်ဘုရင်အဆင့် လက်နက်ကိုပင်အသုံးပြုခဲ့ရာ ကျန်းချန်၏ ခွန်အားသည် အတော်လေး အားနည်းနေခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ နတ်ဘုရင်အဆင့် လက်နက်သည် နတ်ဘုရင်အဆင့်၏ ကြီးမြတ်သော စွမ်းအားဖြင့် ဖန်တီးထားသော ပစ္စည်း ဖြစ်သည်။

နတ်ဘုရင် အဆင့်လက်နက်က အစွမ်းထက်သော်လည်း အသုံးပြုသည့်အခါတွင် ခွန်အားများစွာ အသုံးပြုရ၍ လူအများစုသည် အသုံးပြုရန် မတတ်နိုင်ခဲ့ပေ။

ကျန်းချန်၏ သူတော်စင် ကောင်းကင်နတ်ဘုရား ခွန်အားဖြင့်ပင် နတ်ဘုရင် အဆင့် လက်နက်ကို တစ်ကြိမ် အသက်သွင်းရန် ခန္ဓာကိုယ်မှ ခွန်အားကို အနည်းဆုံး ဆယ်ပုံ ခုနစ်ပုံခန့် အသုံးပြုရ၏။

ဤအခြေအနေတွင် ကျန်းချန်သည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။

"ငါက အထွတ်အထိပ် အခြေအနေမှာ မရှိရင်တောင် မင်းကို သတ်ဖို့ကတော့ လုံလောက်တာထက် ပိုပါသေးတယ်"

ကျန်းချန်က မဟာနဂါးနန်းတော်ကို လက်ထဲတွင် ကိုင်ထားရင်း အေးစက်စက် ပြောလိုက်သည်။

"မင်း မယုံဘူးဆိုရင် စမ်းကြည့်လို့ရတယ်"

"ခွေးမသား.. သေစမ်း"

အရှင်ပိုင်ဟဲက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ချက်ချင်းပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မျက်စိကျိန်းလောက်စရာ အဖြူရောင် အလင်းသည် မီတာ ထောင်ချီ အရွယ်အစားရှိ ဧရာမ အဖြူရောင် ခြေသည်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ထံ ဦးတည်လာခဲ့သည်။

အရှင်ပိုင်ဟဲသည် ကျန်းချန်၏ လက်ထဲရှိ နတ်ဘုရင်အဆင့် လက်နက်ကို အနည်းငယ် ရှိန်နေခဲ့၏။

သို့သော်လည်း ကောင်းကင်အရှင်တစ်ပါး အနေဖြင့် ကျန်းချန်၏ စကားများကို မည်ကဲ့သို့ ကြောက်လန့်နိုင်ပါမည်နည်း။

အရှင်ပိုင်ဟဲ၏ ဧရာမ ခြေသည်းကို ကြည့်ရင်း ကျန်းချန် အနည်းငယ် လေးနက်သွားခဲ့၏။

သူက ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်မှာပင် တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခုသည် မီတာ ရာပေါင်းများစွာ အကွာကနေ နေရာလွတ်ကို ထိုးဖောက်လာခဲ့ကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် အရှင်ပိုင်ဟဲ၏ ဧရာမ အဖြူရောင် ခြေသည်းကို ကြေမွသွားစေခဲ့သည်။

ချက်ချင်းဆိုသလို တောက်ပသော ရွှေရောင် ပုံရိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုလူ၏ အားပါးတရ ရယ်မောသံသည် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

"ပိုင်ဟဲ.. မင်းက ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်အရှင် တစ်ပါး ဖြစ်ပြီး သူများတွေရဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲမှာ အခွင့်ကောင်းယူပြီး ဝင်ရောက် စွက်ဖက်နေတယ်.. နှစ်ပေါင်းများစွာ မတွေ့တာတောင် မင်းက အရင်လို အရှက်မရှိတုန်းပဲကိုး"

အရှင်ပိုင်ဟဲက ရုတ်တရက် ပေါ်လာသော ရွှေရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် လူကို မြင်လျှင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဖုန်းချီ.. မင်း ဒါဘာလုပ်တာလဲ"

အရှင်ဖုန်းချီသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ ထိပ်တန်းမျိုးနွယ်စု ဖြစ်သော ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ ဖြစ်သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ခွန်အားသည် ကြိုးကြာ မျိုးနွယ်စု၏ ခွန်အားနှင့် တူညီပြီး မျိုးနွယ်စု နှစ်ခုကြားမှ ဆက်ဆံရေးသည် အလွန်အမင်း ကောင်းမွန်ခြင်း မရှိခဲ့ပေ။

ဆိုရလျှင် အရှင်ပိုင်ဟဲနှင့် အရှင်ဖုန်းချီ တို့သည် ရန်ဘက်ဟောင်းများ ဖြစ်ကြသည်။

အရှင်ပိုင်ဟဲက အရှင်ဖုန်းချီကပါ ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အရှင်ဖုန်းချီကလည်း ပါဝင်လာပြီဟ.. အခြေအနေတွေ ပိုရှုပ်ထွေးလာပြီ"

ကုဟွမ်တောင်ပေါ်မှ ပရိသတ်များစွာသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင်ပင် အလွန်ရှားပါးသော တည်ရှိမှုဖြစ်သည်။

ထို့အပြင် ကောင်းကင်အရှင် ကျင့်ကြံသူ အားလုံးသည် ခေါင်းကို မြင်ရသော်လည်း အမြီးကို မမြင်ရသည့် နတ်နဂါးများကဲ့သို့ မြင်တွေ့ရရန် အလွန် ခက်ခဲသည်။

သို့သော် ဤတစ်ကြိမ် ကုဟွမ်တောင်တွင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ သုံးပါး နှင့် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ရှိနေခဲ့သည်။

ထိုသို့သော မြင်ကွင်းမျိုးသည် လုံးဝ မကြုံစဖူးသော မြင်ကွင်း ဆိုလည်းမမှားပေ။

အရှင်ဖုန်းချီသည် အရှင်ပိုင်ဟဲကို လုံးဝ အာရုံမစိုက်ခဲ့ပေ။

ထိုအစား သူက ကျန်းချန်ကို လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ညီနောင်ကျန်းချန်.. ဒီအဖိုးကြီးကို ငါ ကိုင်တွယ်လိုက်မယ်.. မင်း လုပ်စရာရှိတာ ဆက်လုပ်ပါ"

ကြိုးကြာမျိုးနွယ်စုနှင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းတို့သည် အမြဲတစေ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် ကြိုးကြာမျိုးနွယ်စုတို့သည် အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့ကြပြီး ကြိုးကြာမျိုးနွယ်စုသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အကူအညီဖြင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို အသာစီးရလေ့ရှိသည်။

ယခုအခါ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ချောက်ထဲသို့ ကျရောက်ရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်ရာ အရှင်ဖုန်းချီသည် ဤအခွင့်အရေးကို အဘယ်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

"ဖုန်းချီ.. မင်း.. မင်း လုပ်ရဲလား"

အရှင်ရွှယ်ကျီက ထိတ်လန့်သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဒီနေ့ ဝင်ပါရင် ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက မင်းရဲ့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနဲ့ သူသေကိုယ်သေ ရင်ဆိုင်မယ်"

"ရွှယ်ကျီ.. မင်း ဒီနေ့ အသက်ရှင်နိုင်မှ ဒီစကားကို ပြောတာကောင်းမယ်"

အရှင်ဖုန်းချီက အေးစက်စက် ပြုံးလိုက်ပြီး အရှင်ရွှယ်ကျီ၏ စကားများကို အလေးမထားခဲ့ပေ။

အရှင်ရွှယ်ကျီသည် ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့သော ကျင့်ကြံသူ ဖြစ်နေလျှင် အရှင်ဖုန်းချီ စိုးရိမ်မိမည် ဖြစ်သည်။

သို့သော် ယခုအခါ အရှင်ရွှယ်ကျီသည် ကျန်းချန်၏ ဖိအားပေးမှုကြောင့် ခွန်အား ကုန်ခန်းလုနီးပါး ဖြစ်နေခဲ့ချေပြီ။

ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အရှင် အစောပိုင်း အဆင့်ကို ပြန်ကျသွားရုံသာမက သက်တမ်း တစ်ဝက်ပင် မကျန်တော့ပေ။

သူက အရှင်ပိုင်ဟဲကို ထိန်းချုပ်ထားပြီး ကျန်းချန်နှင့် အရှင်ရွှယ်ကျီတို့ ကြားမှ တိုက်ပွဲတွင် ဝင်ရောက် စွက်ဖက်ခြင်းမှ တားဆီးထားသရွေ့ အရှင်ရွှယ်ကျီသည် မလွဲဧကန် သေဆုံးရပေလိမ့်မည်။

အရှင်ရွှယ်ကျီ မရှိသော ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် တိုက်ပွဲကြီး ဆင်နွှဲရန် အရည်အချင်း ပြည့်မီတော့မည် မဟုတ်ပေ။

အရှင်ဖုန်းချီက အရှင်ပိုင်ဟဲကို ထိန်းချုပ်ရန် ပြင်နေသည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် လုံးဝ တွန့်ဆုတ် မနေတော့ဘဲ ချက်ချင်းဆိုသလို အရှင်ရွှယ်ကျီ၏ ဦးခေါင်း အထက်တွင် ပေါ်လာခဲ့သည်။

သူ၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ အောက်ဘက်ရှိ အရှင်ရွှယ်ကျီကို တိုက်ခိုက်လိုက်သည်။

"မလုပ်ပါနဲ့"

အရှင်ရွှယ်ကျီက စိတ်ပျက်အားငယ်ကာ ကြောက်လန့်နေခဲ့၏။

သူက ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏ လက်ကျန် အင်အား အနည်းငယ်ကို အသုံးပြုကာ မီတာ ၁၀၀ အချင်းဝက်ရှိ ခုခံကာကွယ်ရေး အစီအရင်တစ်ခုကို စုစည်းခဲ့သည်။

ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် လေထုထဲကနေ အရာအားလုံးကို ဖိနှိပ်နိုင်သော စွမ်းအားဖြင့် ကျဆင်းလာခဲ့သည်။

အရှင်ရွှယ်ကျီ စုစည်းထားသော ခုခံကာကွယ်ရေး အစီအရင်သည် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်၏ နတ်အလင်း စွမ်းအားအောက်တွင် စက္ကူ ကဲ့သို့ ထိုးဖောက်ခံလိုက်ရ၏။

ယင်းနောက်တွင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် မည်သည့် အကာအကွယ်မှ မရှိတော့သည့် အရှင်ရွှယ်ကျီ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားခဲ့၏။

"ဝေါ့"

အရှင်ရွှယ်ကျီ၏ ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။

ပြိုလဲလုနီးပါး ဖြစ်နေသော သူ၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်၏ စွမ်းအားကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါမည်နည်း။

အရှင်ရွှယ်ကျီ၏ ခန္ဓာကိုယ်က လေထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

ထိုတစ်ခဏတွင် ကောင်းကင်နှင့် မြေကြီးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ကြပြီး ထိတ်လန့်မှုမှ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းဝူ ကောင်းကင် နယ်မြေတွင် နာမည်ကျော်ကြားသော ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ အရှင်ရွှယ်ကျီသည် ဤကဲ့သို့ပင် သေဆုံးသွားခဲ့ပါသလော။

ကုဟွမ်တောင်ပေါ်မှ လူတိုင်းသည် လေထုထဲ​​တွင် ရပ်နေသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို အလွန် လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ထိုလူငယ်က ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ပြီး ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်လာခဲ့ကာ ကျန်းဝူ ကောင်းကင် နယ်မြေ၏ ကောင်းကင်အရှင် ဆယ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်သော အရှင်ရွှယ်ကျီကို သတ်ပစ်လိုက်သည်။

ကျန်းချန်သည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ ဒဏ္ဍာရီ ဖြစ်လာရန် ကံကြမ္မာ ပါလာခဲ့ချေပြီ။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"ဒီနတ်ဘုရားက ဒီနေ့ကိစ္စတွေကို မှတ်ထားလိုက်မယ်"

အရှင်ပိုင်ဟဲက အလွန်တရာ ထိတ်လန့်သွားခဲ့သည်။

သူက အရှင်ဖုန်းချီနှင့် ကျန်းချန်တို့ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ကုဟွမ်တောင် အထက်ရှိ ကောင်းကင်ယံကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ယခု အရှင်ရွှယ်ကျီက ကျဆုံးသွားပြီ ဖြစ်ရာ သူ့အနေဖြင့် ဆက်လက် ရှိနေရန်မှာ အဓိပ္ပာယ် မရှိတော့ပေ။

သူက အရှင်ဖုန်းချီ တစ်ပါးတည်းကိုပင် ရင်ဆိုင်ရန် အလွန်ခက်ခဲနေခဲ့သည်။

နတ်ဘုရင် အဆင့် လက်နက်ကို ကိုင်ဆောင်ထားသော ကျန်းချန်သာ အရှင်ဖုန်းချီနှင့် လက်တွဲလိုက်လျှင် သူသည်ပင် ကျဆုံးမည့် အန္တရာယ် ရှိနေခဲ့သည် မဟုတ်ပါလား။

"မ.. မဖြစ်နိုင်ဘူး.. ဘိုးဘေးက ဘယ်လိုလုပ်ပြီး အလွယ်တကူ ကျဆုံးသွားနိုင်မှာလဲ.. ဒါ.. ဒါ အမှန်မဖြစ်နိုင်ဘူး"

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ လူများစွာ၏ မျက်လုံးများသည် မှုန်ရီသွားခဲ့ပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေကြ၏။

သူတို့၏ ဘိုးဘေး အရှင်ရွှယ်ကျီသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ သက်တော်ရှည် ကောင်းကင်အရှင်များ ထဲမှ တစ်ပါး ဖြစ်ပြီး ယခုအခါတွင် ကောင်းကင်အရှင် အလယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီးပြီ ဖြစ်ရာ မည်ကဲ့သို့ ကျဆုံးသွားနိုင်ပါမည်နည်း။

"ဘိုးဘေး တကယ်ပဲ ကျဆုံးသွားပြီလား"

အရှင်ယီယွင်က ရင်ထဲမှ နာကျင်မှုကြောင့် သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် တစ်ချိန်က ကျန်းဝူ ကောင်းကင် နယ်မြေတွင် ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သော်လည်း ရန်ဘက် အင်အားစု များစွာလည်း ရှိသည်။

ယနေ့ ဘိုးဘေး ကျဆုံးသွားပြီ ဖြစ်ရာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နောက်ပိုင်း နေ့ရက်များသည် ခက်ခဲလာဖွယ် ရှိသည်။

အခန်း(၁၉၇၈) ပြီး၏

All Chapters