အခန်း (၁၉၇၉)
Vol. 138 Ch. 1979
"အကြီးအကဲ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်"
ကျန်းချန်က ထွက်ခွာသွားသော အရှင်ပိုင်ဟဲကို လျစ်လျူရှုပြီး အရှင်ဖုန်းချီကို ဂါရဝပြုကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အရှင်ဖုန်းချီက စိတ်ပါလက်ပါ ပြုံးလိုက်သည်။
"ညီနောင်ကျန်းချန်က ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးပါ.. မင်းရဲ့ ခွန်အားက အထွတ်အထိပ် အချိန်မှာဆိုရင် ငါက မင်းရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ပါဘူး.. အကြီးအကဲလို့ ခေါ်တာမျိုး မခံယူရဲပါဘူး.. ပေါ့ပေါ့ပါးပါးပဲ ပြောကြရအောင်.. ဒီတစ်ခါ ငါ မင်းကို ကူညီတာက ပိုင်ဟဲ စိတ်အနှောင့်အယှက် ဖြစ်တာကို မြင်ချင်တာ အပြင် တောင်းဆိုစရာ ကိစ္စတစ်ခုလည်း ရှိလို့ပါ"
"အကိုဖုန်း တောင်းဆိုစရာရှိတာ ပြောပါ.. ကျန်းချန် တတ်နိုင်သရွေ့ လုံးဝ ငြင်းဆန်မှာ မဟုတ်ဘူး.. စိတ်သာချပါ"
ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
ဤတစ်ကြိမ်တွင် အရှင်ဖုန်းချီက အရှင်ပိုင်ဟဲကို ထိန်းချုပ်ခဲ့ခြင်းသည် သူ့ကို အမှန်တကယ်ပင် များစွာ အထောက်အကူ ပြုခဲ့သည်။
သူက အရှင်ရွှယ်ကျီနှင့် တိုက်ပွဲတွင် ခွန်အား အလွန်အမင်း ကုန်ခန်းခဲ့၍ လက်ရှိ အခြေအနေတွင် အရှင်ပိုင်ဟဲ၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
အရှင်ဖုန်းချီသာ ဝင်ရောက် ကူညီပေးခြင်း မရှိလျှင် သူက ကုဟွမ်တောင်ကနေ ထွက်ပြေးရမည် ဖြစ်ပြီး အရှင်ရွှယ်ကျီကို သတ်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် အရှင်ဖုန်းချီသည် ရဲရင့်ပြီး ဟန်ဆောင်မှုမရှိ၍ ခင်မင်ထိုက်သော လူတစ်ဦးလည်း ဖြစ်သည်။
အရှင်ဖုန်းချီက သူတတ်နိုင်လောက်သည့် ကိစ္စကို ခိုင်းစေသ၍ ကျန်းချန်က ကူညီရန် စိတ်ပိုင်းဖြတ်ထားခဲ့၏။
"ဒီကိစ္စက ပြောရရင် ရှည်တယ်"
အရှင်ဖုန်းချီက အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်။
"ညီနောင်ကျန်းချန်.. ငါနဲ့အတူ ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုဆီကို ခရီးထွက်ဖို့ အချိန်ရှိမလား မသိဘူး.. လမ်းခရီးမှာ ငါ မင်းကို ပြောပြပါ့မယ်"
"ကောင်းပြီ.. လိုက်ခဲ့မယ်လေ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ယခု သူ၏ လက်ထဲတွင် အရှင်ရွှယ်ကျီ ကျဆုံးသွားပြီ ဖြစ်ရာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အင်အားသည် များစွာ ထိခိုက် နစ်နာသွားခဲ့ပြီး ရန်ဘက် အင်အားစု များစွာက ပစ်မှတ်ထားလာတော့မည် ဖြစ်သည်။
ထို့ကြောင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စု တို့ကို ခြိမ်းခြောက်ရန် အင်အားမရှိတော့ပေ။
ယခု အရာအားလုံး ဖြေရှင်းပြီးပြီ ဖြစ်ရာ ကျန်းချန်သည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် အချိန်အကြာကြီး နေထိုင်ရန် အစီအစဉ် မရှိတော့ပေ။
သူက ကျန်းဝူ ကောင်းကင် နယ်မြေမှ ထွက်ခွာပြီး ထာဝရ ဟင်းလင်ပြင် ဗဟိုရှိ နတ်ကုန်းမြေတိုက်သို့ သွားလိုခဲ့၏။
သူ့တွင် အဓိက ရွေးချယ်စရာ နှစ်ခု ရှိသည်။
တစ်ခုမှာ ကျန်းဝူ ကောင်းကင် နယ်မြေကို တောင်ဘက်မှ မြောက်ဘက်သို့ ဖြတ်ကျော်ပြီး အဆုံးမဲ့ ထာာဝရဟင်းလင်းပြင်သို့ ဝင်ရောက်ရန် ဖြစ်သည်။
အခြား ရွေးချယ်စရာတစ်ခုမှာ ကျန်းဝူ ကောင်းကင် နယ်မြေရှိ ထာဝရဘုရားကျောင်း၏ ဌာနခွဲ တစ်ခုကို ရှာဖွေပြီး တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် ကျန်းဝူ ကောင်းကင် နယ်မြေ၏ မြောက်ဘက်ရှိ ထာဝရဟင်းလင်ပြင်တွင် တည်ရှိသော ထာဝရဘုရားကျောင်းသို့ တိုက်ရိုက် သွားရောက်ရန် ဖြစ်သည်။
ပထမ ရွေးချယ်စရာနှင့် နှိုင်းယှဉ်လျှင် ဒုတိယ ရွေးချယ်စရာသည် သံသယဖြစ်စရာ မရှိ အချိန်နှင့် စွမ်းအင်ကို များစွာ သက်သာစေမည် ဖြစ်သည်။
ကျန်းချန်က ဒုတိယ ရွေးချယ်စရာကို ပို၍ နှစ်သက်သည်။
ခရမ်းရောင် ကျားမျိုးနွယ်စုက ပေးထားသော မြေပုံ အချက်အလက် အရ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် မဝေးသော နေရာတွင် ယွမ်ဝူ မြို့တော်ဟု ခေါ်သော မြို့တော်တစ်ခု ရှိသည်။
ဤမြို့တွင် ထာဝရဘုရားကျောင်း၏ ဌာနခွဲတစ်ခု ရှိသည်။
သူက ယွမ်ဝူမြို့တော်သို့ သွားလိုလျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို ဖြတ်သန်းသွားရမည် ဖြစ်ရာ အရှင်ဖုန်းချီနှင့် အတူ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသို့ အရင်ဆုံး လိုက်ပါသွားခြင်းသည် သင့်တော်သော ဆုံးဖြတ်ချက်ပင် မဟုတ်ပါလား။
"ကျင်းဟော်.. ငါ ဒီနေရာကနေ ထွက်သွားတော့မယ်.. မင်းရဲ့ ခရမ်းရောင် ကျားမျိုးနွယ်စုနဲ့ ငွေလဝံပုလွေ မျိုးနွယ်စုတို့က တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဟာမိတ်ဖွဲ့ပြီး သင့်သင့်မြတ်မြတ် နေကြပါ.. ရှောင်ယွဲ့က လုချင်းလင်းကို ကူညီဖို့ လိုက်သွားတာဆိုတော့ ငွေလဝံပုလွေ မျိုးနွယ်စုမှာ တစ်ခုခု အရေးကြုံလာရင် မင်း ကူညီပေးလိုက်ပါ"
အရှင်ကျင်းဟော်က စကားတစ်ခွန်းမျှ ပြန်မပြောရဲခဲ့ပေ။
ယနေ့ တိုက်ပွဲပြီးနောက် ကျန်းချန်သည် ကျန်းဝူကောင်းကင် နယ်မြေတွင် တစ်ဟုန်ထိုး ကျော်ကြားသွားပြီ ဖြစ်သည်။
ကျန်းဝူ ကောင်းကင် နယ်မြေတွင် ကောင်းကင်အရှင် ဦးစီးသော အင်အားစုများပင် ကျန်းချန်ကို ပြဿနာမရှာရဲတော့ပေ။
သို့ဖြစ်ရာ သူနှင့် ခရမ်းရောင် ကျားမျိုးနွယ်စုသည် ကျန်းချန်၏ အမိန့်ကို မည်ကဲ့သို့ လွန်ဆန်ဝံ့ပါမည်နည်း။
အရှင်ကျင်းဟော်ကို အမိန့်ပေးပြီးသောအခါ ကျန်းချန်သည် လူအများ၏ အကြည့်အောက်မှာပင် အရှင်ဖုန်းချီနှင့် အတူ ကုဟွမ်တောင်၏ အထက် ကောင်းကင်ယံကနေ ထွက်ခွာသွားခဲ့သည်။
------------
ပြာလဲ့လဲ့ ကောင်းကင် အထက်တွင် ကျန်းချန်နှင့် အရှင်ဖုန်းချီတို့သည် ဘေးချင်းယှဉ်၍ လျှောက်လှမ်းနေကြသည်။
ကျန်းချန်က သူ၏ နံဘေးရှိ အရှင်ဖုန်းချီကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။
"အကိုဖုန်း.. ကျွန်တော့်ကို အခု ပြောလို့ရပြီလား"
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ကျန်းဝူနယ်မြေရှိ ထိပ်တန်း မျိုးနွယ်စု အနည်းငယ်ထဲမှ တစ်ခု ဖြစ်ပြီး အရှင်ဖုန်းချီသည်လည်း ကျန်းဝူ ကောင်းကင် နယ်မြေရှိ ကောင်းကင်အရှင် ဆယ်ပါးထဲမှ တစ်ပါး ဖြစ်သည်။
ဤ ကျန်းဝူ ကောင်းကင် နယ်မြေတွင် အရှင်ဖုန်းချီနှင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို ခက်ခဲစေနိုင်သည့် ကိစ္စမှာ အလွန်တရာ နည်းပါးလိမ့်မည် ဖြစ်သည်။
ကျန်းချန်က အရှင်ဖုန်းချီက တောင်းဆိုမည့်ကိစ္စကို အမှန်တကယ် စိတ်ဝင်စားမိသည်။
"ညီနောင် ကျန်းချန်ရဲ့ ပါရမီက ကမ္ဘာပေါ်မှာ ရှားရှားပါးပါးပဲ.. ငါအရမ်း လေးစားမိပါတယ်"
အရှင်ဖုန်းချီက လေးနက်စွာ ပြောလိုက်သည်။
"တကယ်တော့ ကျန်းဝူကောင်းကင် နယ်မြေက ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဇာတိ မဟုတ်ဘူး.. တကယ်တော့ ငါတို့က ထာဝရ ဟင်းလင်းပြင်ရဲ့ ဗဟိုမှာရှိတဲ့ နတ်ကုန်းမြေတိုက်ကပါ"
ထိုစကားများကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။
သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ နာမည်ကို ပထမဆုံး ကြားကတည်းကပင် ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုက သာမန် မျိုးနွယ်စု မဟုတ်လောက်ဟု အမှန်တကယ် ခံစားမိခဲ့သည်။
ယခုမူ သူထင်သည့်အတိုင်း ဖြစ်နေခဲ့ချေပြီ။
ယေဘုယျအားဖြင့် ပြောရလျှင် နတ်ဘုရားနယ်မြေတွင် နာမည်၌ 'နတ်' ဟူသော စကားလုံးပါရှိသည့် အင်အားစုများသည် နတ်ဘုရင်အဆင့် အင်အားစုများ ဖြစ်ကြသည်။
ကျန်းဝူနယ်မြေ၏ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည်လည်း နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် အဆင့် အင်အားစု ဖြစ်ဖွယ် ရှိသည်။
"ညီနောင်ကျန်းချန်.. ဒီတစ်ခါ ငါ မင်းကို ရှာဖွေရတဲ့ အကြောင်းရင်းက ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ဆီ ပြန်သွားနိုင်ဖို့ အတွက် အကူအညီပေးစေချင်လို့ပဲ"
ကျန်းချန် အတွေးနက်နေစဥ် အရှင်ဖုန်းချီ၏ စကားသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။
"အကိုဖုန်းက ကျွန်တော့်ကို အတော် အထင်ကြီးလွန်းနေပါပြီ"
ကျန်းချန်က ခေါင်းခါယမ်းကာ မချိပြုံး ပြုံးလိုက်သည်။
"အကိုဖုန်း.. ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့က ခက်တယ်.. မလွယ်လောက်ဘူး ထင်တယ်"
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် တစ်ချိန်က နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင်အဆင့် အင်အားစုကြီး ဖြစ်ခဲ့ဖူးသောကြောင့် ၎င်းတို့၏ ခွန်အားသည် သံသယဖြစ်စရာ မရှိ အလွန်တရာ အစွမ်းထက်မည်မှာ သေချာ၏။
သို့သော် ထိုကဲ့သို့သော နတ်ဘုရင်အဆင့် အင်အားစုကြီးသည် နတ်ကုန်းမြေတိုက်မှ ထွက်ခွာပြီး ကျန်းဝူ ကောင်းကင် နယ်မြေသို့ ရောက်လာခဲ့ရသည်။
ကျန်းချန်က ဤကိစ္စနှင့် ပတ်သက်၍ အကြောင်းရင်း အတိအကျကို မသိခဲ့သော်လည်း ယင်းမှာ ရိုးရှင်းသော ကိစ္စမဟုတ်ကြောင်း သူ သိခဲ့သည်။
သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ဖြင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်သို့ ပြန်ပို့နိုင်သည့် စွမ်းရည်မျိုး သူ့တွင် မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။
"ညီနောင်ကျန်းချန် နားလည်မှု လွဲနေပြီ.. ငါက မင်းကို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု အတွက် ရတနာတစ်ခုကို ဖွင့်ပေးစေချင်တာပါ"
အရှင်ဖုန်းချီက ကျန်းချန်ကို လျင်မြန်စွာ ရှင်းပြလိုက်သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် အကြောင်းတချို့ကြောင့် နတ်ကုန်းမြေတိုက်မှ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး အမွေအနှစ် များစွာကို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေးများက နတ်ဘုရားနယ်မြေရှိ ဘိုးဘွားမြေ၌ စည်းတံဆိပ် ခတ်၍ သိမ်းဆည်းခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုတွင် နေရာလွတ် စွမ်းအားပါဝင်သော မျိုးနွယ်စု၏ အထွတ်အမြတ် ရတနာတစ်ပါး ရှိသည်။
၎င်းက ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ဟု အမည်ရပြီး နတ်ကုန်းမြေတိုက်ရှိ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်စွမ်း ရှိသည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ကျန်းဝူ ကောင်းကင်နယ်မြေသို့ ရောက်လာပြီးနောက်တွင် ဘိုးဘွားမြေရှိ စည်းတံဆိပ် ခတ်ထားသော အမွေအနှစ်ကို ရရှိရန် အမြဲတစေ လိုလားခဲ့သည်။
ဘိုးဘွားမြေသို့ တိုက်ရိုက် ဝင်ရောက်ဖို့အတွက် ကောင်းကင်သိမ်းဌက်ပျံသန်းယာဥ်၏ စမ်းသပ်မှုကို ခံယူပြီး ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်၏ စမ်းသပ်မှုကို အောင်မြင်ရန်မှာ အလွန်မြင့်မားသော ပါရမီကို လိုအပ်၏။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး မဟာကောင်းကင် နတ်ဘုရား အဆင့် ပါရမီရှင်ကိုသာ မွေးထုတ်နိုင်ခဲ့ကြသည်။
မဟာကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ကို ဖွင့်ရန် မလုံလောက်ပေ။
ထိုအကြောင်းကြောင့်ပင် အရှင်ဖုန်းချီသည် ကျန်းချန်ကို အကူအညီ တောင်းခံရခြင်း ဖြစ်သည်။
ကျန်းချန်သည် ဒဏ္ဍာရီလာ သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
နတ်ကုန်းမြေတိုက်တွင်ပင် ကျန်းချန်၏ ပါရမီသည် အထွတ်အထိပ် အဆင့်တွင်ရှိရာ သူတို့ ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု အတွက် ကောင်းကင်သိမ်းငှက် ပျံသန်းယာဉ်ကို သေချာပေါက် ဖွင့်နိုင်လိမ့်မည်ဟု ဖုန်းချီ ယူဆခဲ့၏။
အခန်း(၁၉၇၉) ပြီး၏