← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁) ဝင်္ကပါထဲမှာ ပဟေဠိရှိတယ်

ကျောင်းသားများကို ကယ်ဆယ်ခဲ့သူ စုစုပေါင်း ငါးဦးရှိသည်။ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ဖြစ်သည်။

သူတို့သည် တုဒန်နှင့် သူ၏အဖွဲ့ကို ကယ်ပြီးနောက် တုဒန်ကို ဟန်ကျိုးတွင် မြူခိုးရှိမရှိ မေးခဲ့သည်။ ထိုအချိန်က တုဒန်သည် ကျောင်းသားများနှင့်အတူ ဟန်ကျိုးမှ လွတ်မြောက်လာကာ ဂိမ်းနှင့် ကြုံခဲ့ရသဖြင့် ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။

ဒီလူတွေ ဘာလို့ သေချင်မှန်း သူမ နားမလည်ခဲ့သော်လည်း သူမကတော့ သူတို့ကို လမ်းပြပေးလိုက်သည်။ အဲဒီအချိန်မှာ ခပ်ဝဝအမျိုးသားတစ်ဦးက စကားတစ်ခွန်းပြောသည်ကို သတိရမိသည်။ “မြန်မြန်လုပ်၊ ဘယ်သူမှ အရင်မရောက်စေနဲ့”

နောက်ထပ် အမျိုးသမီးတစ်ဦးက ပေါ့ပေါ့ဆဆ ပြန်ဖြေသည်။ “ဘာလို့ အလျင်လိုနေတာလဲ။ ဝင်္ကပါထဲက လူတိုင်း သေလောက်ပြီ။ ဘယ်သူက ကျွန်မတို့နဲ့ ပြိုင်တော့မှာလဲ...”

စကားအနည်းငယ် ပြောပြီးနောက် သူတို့၏ ကားသည် မောင်းထွက်သွားနှင့်ပြီဖြစ်သည်။

တုဒန် စိတ်ထဲ မထားခဲ့ပေ။ သူမ၏ စိတ်ထဲတွင် ယန်ကျိုးသို့ ခိုလှုံရန် မည်သို့ အလျင်အမြန် သွားရမည်ကိုသာ တွေးနေသည်။ သို့သော် ယန်ကျိုးတွင်လည်း မြူခိုးများ ထူထပ်နေပြီး ကယ်ဆယ်ရေးလှေ ရောက်ရှိလာရန် နောက်ကျနေမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

နောက်ပိုင်းတွင် တုဒန်နှင့် သူမ၏ ကျောင်းသားများသည် တဖြည်းဖြည်း တည်ငြိမ်လာကြသည်။

သူတို့သည် နေရာတစ်ခု ရှာဖွေပြီး အခြေချကြသည်။ ထို့နောက် ကံကောင်းခြင်းမှတ်စု၏ အဓိပ္ပာယ်ကို ပြန်လည် ဆန်းစစ်ကြပြီး ထိုအဖွဲ့မှ နောက်ဆုံး စကားနှစ်ခွန်းနှင့် ပေါင်းစပ်ကာ နိဂုံးချုပ်လိုက်သည်။

ပထမ၊ မြူခိုးထဲတွင် ဝင်္ကပါတစ်ခု ရှိသည်။

ဒုတိယ၊ ဝင်္ကပါထဲတွင် ပဟေဠိများ ရှိသည်။

ပဟေဠိအပိုင်းအစများ၏ အရေအတွက်သည် အကန့်အသတ်ရှိရမည်။ မဟုတ်လျှင် ခပ်ဝဝနှင့်လူက “လုယူတယ်” ဟူသော စကားလုံးကို သုံးမည်မဟုတ်ပေ။ ကံကောင်းခြင်းအိတ်ထဲရှိ မှတ်စုတွင်လည်း “ပဟေဠိအပိုင်းအစများ အားလုံးကို စုဆောင်းခြင်းဖြင့် ဂိမ်းတစ်ခုလုံးကို ပြီးမြောက်နိုင်သည်” ဟု ဖော်ပြထားရာ ပဟေဠိအပိုင်းအစများသည် အလွန်တန်ဖိုးရှိကြောင်း ပြသရန် လုံလောက်သည်။

ဒါကလည်း တုဒန်တစ်ယောက် စဉ်းစားတွေဝေနေပြီး ရှန်မိုကို ရှင်းရှင်းလင်းလင်း မပြောပြရသည့် အကြောင်းရင်း ဖြစ်သည်။

သူမသည် သူမနှင့် သူမ၏ ကျောင်းသားများအတွက် အခွင့်အရေးများ ပိုမိုရရှိလိုခဲ့သည်။

ယခု ကျန်းထျန်းယန်က အရာရာကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပြီဖြစ်သည်။ သူက ပိုင်ယို့ဝေကို စိတ်ဝင်တစား ကြည့်လိုက်ပြီး “အခု ကျွန်တော့်ကို ပြောပြနိုင်ပြီလား။ ကျွန်တော်တို့ သွားတဲ့နည်းလမ်းမှာ ဘာမှားနေလဲ”

ပိုင်ယို့ဝေက ပြောလိုက်သည်။ “ပြဿနာမရှိဘူး”

ကျန်းထျန်းယန် မျက်လုံးများ ပြူးကျယ်သွားသည်– “ခင်ဗျား!...”

“စိတ်မပူပါနဲ့။ ဒါပေမယ့်ဆိုတာ ရှိသေးတယ်။” ပိုင်ယို့ဝေက ပြုံးလိုက်သည်။ “မင်းတို့ရဲ့ လှုပ်ရှားပုံက ကောင်းတယ်၊ ဒါပေမယ့် အမှားခံနိုင်ရည်က သုညနီးပါးပဲ။ တစ်နည်းအားဖြင့် ပြောရရင် လုပ်ငန်းစဉ်ရဲ့ အလယ်မှာ အမှားတစ်ခု တွေ့လိုက်တာနဲ့ မင်းတို့က အဲဒါကို လုံးဝ စွန့်လွှတ်ပြီး အစကနေ ပြန်စရမယ်။”

“ကျွန်တော်တို့ မှားလိမ့်မယ်လို့ ဒီလောက်တောင် သေချာနေတာလား” ကျန်းထျန်းယန်က နည်းနည်း မကျေမနပ်ဖြစ်နေသည်။

“ဘာလို့လဲဆိုတော့ မင်းက လူသားဖြစ်နေလို့ပဲ။” ပိုင်ယို့ဝေက အဲဒီလိုပဲ ဖြစ်ရမည်ဟူသည့် ပုံစံမျိုးနှင့် ကြည့်သည်။ “မင်းက လူသားဖြစ်နေသရွေ့တော့ အမှားလုပ်မှာပဲ။ မင်းရဲ့ အတန်းဖော်တွေက မင်းလိုပဲ ဉာဏ်ကောင်းပြီး သတိထားတတ်မယ်လို့ မင်း အာမခံနိုင်မှာ မဟုတ်သလို သူတို့က လမ်းကြောင်းမှားထဲမှာ လမ်းမပျောက်ဘူးလို့လည်း မင်း အာမခံနိုင်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်ပါ။ မင်းက တွန်းပြီးသွားတဲ့ နည်းလမ်းကို သုံးပြီး ဝင်္ကပါရဲ့ အဆုံးမရှိတဲ့ လမ်းတွေကို ပတ်ပြီးသွားတဲ့အခါ မင်း တွန်းခဲ့တဲ့ နောက်ဆုံးလမ်းကြောင်းက လမ်းပိတ်နေပြီး မှန်တဲ့ လမ်းကြောင်းကို မမြင်နိုင်ဘဲ လွဲချော်ခဲ့တယ်ဆိုတာ တွေ့ရတယ်ဆိုရင် ဘယ်လိုပြန်သွားပြီး စစ်ဆေးမလဲ။ အစကနေ ပြန်စရမှာလား”

ကျန်းထျန်းယန်၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာပြီးနောက် အရုပ်ဆိုးစွာ ပြာနှမ်းလာသည်။

ပိုင်ယို့ဝေက လက်ဖြန့်ကာ “မင်း မယုံရင်လည်း ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါသာ မင်းနေရာမှာဆိုရင် ငါတို့ လုပ်ခဲ့တဲ့ လမ်းစဉ်မှာ ပြဿနာ တစ်ခုခု ရှိမရှိ စစ်ဆေးကြည့်မိမှာပဲ”

ကျန်းထျန်းယန် နှုတ်ခမ်းကို ကိုက်ပြီး ခဏမျှ တိတ်ဆိတ်နေသည်။ ထို့နောက် ရုတ်တရက် လှည့်ကာ ဝင်္ကပါလမ်းကြောင်းဘက်သို့ လျှောက်သွားသည်။

“ထျန်းယန်” တုဒန်သည် အလျင်အမြန် လက်လှမ်းပြီး သူ့ကို ဆွဲဖမ်းလိုက်သည်။ “ပရမ်းပတာ မလုပ်နဲ့၊ အခု ညဉ့်နက်နေပြီ”

“ကိစ္စမရှိပါဘူး ဆရာမတု ကျွန်တော် ခဏလေးပဲ ကြည့်မှာပါ။ သိပ်နက်နက်ကို မသွားဘူး။” ကျန်းထျန်းယန်က အပြုံးအတုဖြင့် “ဒါ့အပြင် နေရာတိုင်းမှာ မီးတွေ လင်းနေတယ်။ ဒါကြောင့် အလင်းရောင်က အဆင်ပြေတယ်။”

သူက အလွန်ဇွဲရှိသူဖြစ်သည်။

တုဒန်သည် အခြားကျောင်းသားများကို ကြည့်ရှုရမည်ဖြစ်ပြီး သူနှင့်အတူ သွားနိုင်မည်မဟုတ်သဖြင့် ကျောင်းသားအုပ်စုကိုပြောလိုက်သည်။ “ယန်ရီ၊ မင်းနဲ့ ကျန်းထျန်းယန် သွားကြည့်ကြ”

အရပ်ရှည်သော ကောင်လေးတစ်ဦး ထရပ်ကာ ကျန်းထျန်းယန်နှင့်အတူ သွားကြသည်။

ကျန်ရှိနေသော ကျောင်းသားများ၏ မျက်နှာများတွင် မတူညီသော အမူအရာများ ရှိနေကြသည်။ သူတို့သည် သက်ဆိုင်ရာ တဲများရှေ့တွင် စုဝေးကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

“ငါတို့ သွားတဲ့နည်းလမ်း တကယ် အဆင်မပြေဘူးလား”

“မသိဘူး... ဟေး၊ မင်း အလံ မှန်အောင် စိုက်ခဲ့လား”

“မှန်မှာပါ မင်းကရော”

“ငါလည်း မသိဘူး...”

မကြာမီပင် ကျန်းထျန်းယန်နှင့် ယန်ရီ ပြန်ရောက်လာကြသည်။

ကောင်လေးနှစ်ဦးသည် ခေါင်းငုံ့ပြီး ပခုံးများ ပျော့ကျနေကာ နည်းနည်းလေး စိတ်ဓာတ်ကျနေပုံရသည်။

ချမ်းဟွေးက ရေသန့်ဗူး နှစ်ဗူးဖြင့် ရှေ့သို့ လာကာ သူတို့ကို ပေးရင်း မေးလိုက်သည်။ “ဘယ်လိုလဲ။ တစ်ခုခု တွေ့လား”

“...အင်း။” ယန်ရီသည် စူပုတ်ပုတ်ဖြင့် ရေတစ်ငုံ သောက်လိုက်ပြီး ဘေးနားရှိ ကျန်းထျန်းယန်ကို တစ်ချက်ကြည့်လိုက်သည်။ “အလံမှားနေတယ်။”

……………

အခန်း (၉၂) ရန်ပွဲ စတင်ခဲ့သည်

စကားလုံးများ ထွက်လာသည်နှင့် ကျောင်းသားများကြားတွင် အနည်းငယ်သော စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသည်။

“တကယ် မှားနေတာလား”

“ဒါဆို ဘာလုပ်ရမလဲ။ ...ဒီနေ့ အလကား အလုပ်လုပ်ခဲ့ရတာလား”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်သူက အလံမှား စိုက်ခဲ့တာလဲ”

“လင်ကျစ်ဟန် မင်းလား။ မင်း ခုနက မင်း မသေချာတဲ့ နေရာတစ်ခု ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား!”

“ဘာတွေ လာမိုက်ရိုင်းနေတာလဲ။ မင်းလည်း မသေချာဘူးလို့ မပြောခဲ့ဘူးလား”

ကျောင်းသားများ ရန်ဖြစ်ကြတော့သည်။

ကျန်းထျန်းယန်က မျက်နှာမသာမယာဖြင့် သူ့တဲဆီ လျှောက်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ တဲထဲဝင်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပေ။

တုဒန်လည်း စိတ်ရှုပ်ထွေးနေသော်လည်း ဆရာမအနေဖြင့် ကျောင်းသားများကို ထိန်းသိမ်းရန် ကြားဝင်ဆောင်ရွက်ရသည်။

“အားလုံး၊ ရန်ဖြစ်တာ ရပ်ကြတော့။ မှားတာတွေ့ရင် ပြင်လိုက်။ အချင်းချင်း အပြစ်တင်နေလို့ ပြဿနာ မဖြေရှင်းနိုင်ဘူး” တုဒန်က အနည်းငယ်တင်းမာသည့် လေသံဖြင့် ပြောလိုက်သည်။ “အခု အားလုံး သိမ်းဆည်းပြီး အနားယူဖို့ ပြင်ဆင်ကြ!”

ကျောင်းသားတစ်ဦးက လက်ထောင်ကာ မေးသည်။ “ဒါပေမယ့် ဆရာမ၊ ကျွန်တော်တို့ အခု လျှောက်နေတဲ့ နည်းလမ်းက မှားနေတာ၊ ဒီပြဿနာကို အရင် မဖြေရှင်းသင့်ဘူးလား”

“ဒီအကြောင်း ငြင်းခုံနေလို့ ဘာကောင်းတဲ့ အကြံဉာဏ်တွေ ထွက်လာမှာလဲ” တုဒန်က လေးနက်စွာ ပြောလိုက်သည်။ “ငါတို့ သွားခဲ့တဲ့ နည်းလမ်းက မှားတာ မဟုတ်ဘူး။ ဒါက ငါတို့ရဲ့ ပေါ့ဆမှုကြောင့် ဒီအခြေအနေကို ဖြစ်ပေါ်စေတာ။ မနက်ဖြန် ပိုပြီး သတိထားဖို့ပဲ လိုတယ်။ အခု အိပ်ရာဝင်ပြီး ဒီကိစ္စကြောင့် နောက်ထပ် ရန်ဖြစ်တာတွေ၊ ပဋိပက္ခတွေ မဖြစ်အောင် နေကြ”

သူတို့အားလုံး ဆယ့်ငါး၊ ဆယ့်ခြောက်နှစ် အရွယ်များ ဖြစ်ကြသည်။ သူတို့သည် လျင်မြန်စွာ ဆူညံလာပြီး လျင်မြန်စွာ ငြိမ်သက်သွားကြသည်။

ပိုင်ယို့ဝေသည် ဝေးရာမှ စိတ်လှုပ်ရှားစွာ ခဏမျှ ကြည့်နေသည်။ သူတို့ ငြင်းခုံခြင်း ရပ်သွားသည်ကို မြင်သောအခါ သူမသည် ပျင်းလာပြီး နှုတ်ခမ်းကို အနည်းငယ် စူလိုက်သည်။

ဆရာချန်းက စိတ်ပူပန်တတ်သူ ဖြစ်ပြီး ရှန်မိုကို မေးလိုက်သည်။ “သူတို့ကို ဂရုစိုက်ပေးရင် ဘယ်လိုလဲ”

ရှန်မို ခေါင်းခါလိုက်သည်။ “လူများလွန်းတယ်။”

လူဦးရေများရုံသာမက ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးများလည်း ဖြစ်ကြသည်။ ဤအသက်အရွယ် အုပ်စုသည် ကလေးမက လူကြီးမကျ အရွယ်များဖြစ်သည်။ သူတို့တွင် ကိုယ်ရည်ကိုယ်သွေးနှင့် တွန်းအားရှိသော်လည်း တစ်ချိန်တည်းမှာပင် ကလေးဆန်ပြီး ထိန်းချုပ်ရန် အလွန်ခက်ခဲသည်။

ဆရာချန်းက တုဒန်ကို စိတ်ပူနေသည်။ “ဆရာမတုက ကျောင်းသားအားလုံးကို ခေါ်မလာသင့်ဘူး။ တစ်ခုခု ဖြစ်သွားရင် ငါတို့ ဘယ်လိုလုပ် ထွက်ကြမလဲ။ ဟူး...”

“အင်း...” တန်ရှောင်က ဖြတ်ပြောလိုက်သည်။ “ဖားဂိမ်းကပစ္စည်းကို တစ်ဝက်ပဲ ရခဲ့လို့ ဝင်္ကပါထဲက ဆုပစ္စည်းတွေ လက်လွတ်ခံရမှာ စိုးရိမ်လို့ အကုန်လုံး ဝင်လာကြတာ ထင်တယ်။”

ပိုင်ယို့ဝေက သူ့ကို စူးစမ်းစွာ ကြည့်လိုက်သည် “ရှင် ဘယ်လို သိတာလဲ”

တန်ရှောင်: “ခုနက ရေချိုးခန်းသွားတုန်းက ကျောင်းသား‌တွေပြောနေတာ ကြားလိုက်ရတယ်။ ဆရာမတုက ကျောင်းသားတွေကို အဖွဲ့နှစ်ဖွဲ့ ခွဲတယ်။ ပထမအဖွဲ့က ရွှံ့တွေကို ရခဲ့ပေမယ့် ဒုတိယအဖွဲ့က မဝင်ရသေးခင်မှာ ဂိမ်းက ပျောက်ကွယ်သွားတယ်။ သူတို့ ပြောတာ... အလိုအလျောက် ပိတ်တဲ့စနစ်ကို ဖွင့်ထားတယ်တဲ့”

“အဟက်” ပိုင်ယို့ဝေ ရယ်လိုက်သည်။ ဝမ်းသာအားရသော အပြုံးဖြင့် “အဲဒါကြောင့် သူတို့ ဝင်လာတုန်းက မျက်နှာအမူအရာတွေက ဒီလောက်အထိ ရှုပ်ထွေး‌ နေတာကိုး။ စိတ်ပူစရာက ပစ္စည်းမရှိတာ မဟုတ်ဘဲ အဝေမတည့်တာပဲ။ ဟားဟား!”

“ဒီကျောင်းသားတွေက ကိုယ်ပိုင်အမြင်တွေ အရမ်းများတယ်။ တုဒန် သူတို့ကို ကြာကြာ ထိန်းချုပ်နိုင်မယ် မထင်ဘူး။” ရှန်မိုက ပြောလိုက်သည်။

တုဒန် ကိုယ်တိုင်က ခိုင်မာပြတ်သားသည့် စရိုက်ရှိသူမဟုတ်ပေ။

ကမ္ဘာပျက်ကပ် စတင်ချိန်တွင် ကျောင်းသားများသည် ကြောက်ရွံ့မှုနှင့် သဘာဝအတိုင်း ဆရာများထံမှ အကူအညီရယူရန် အလေ့အကျင့်ရှိကြမည်။ သို့သော် ဤကမ္ဘာသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာပြီး ဂိမ်း၏ စည်းကမ်းများနှင့် ကြုံတွေ့ရသည်တို့ကို လက်ခံလိုက်သောအခါ သူတို့သည် ဆရာများ၏ စကားကို ထပ်မံ နားထောင်တော့မည် မဟုတ်ပေ။

ဒါက မကောင်းသည့် ကိစ္စ မဟုတ်ပေ။ ကြီးထွားမှု၏ မလွှဲမရှောင်သာသည့် ဖြစ်စဉ်တစ်ခုလို့တောင် မှတ်ယူနိုင်သော်လည်း ဒီဖြစ်စဉ်မှာ အကောင်းအဆိုးတွေ ရှိမှာတော့သေချာသည်။

ရှန်မိုက တခြားသူတွေ၏ ကိစ္စတွေကို ဂရုမစိုက်ပေ။ တဲထိုးပြီးနောက် ပိုင်ယို့ဝေကို တဲထဲကို ထမ်းသွားလိုက်သည်။ ပြီးနောက် တစ်နေကုန် အားသွင်းထားသည့် ယုန်လေးကို ပြန်ယူပြီး သူမလက်ထဲ ထည့်ပေးလိုက်သည်။

“ကြည့်ဦး၊ အားပြည့်ပြီလား” သူက မေးသည်။

ပိုင်ယို့ဝေက ယုန်ကို ကိုင်ကြည့်ပြီး ခေါင်းခါလိုက်သည်။

ရှန်မို: “ဘယ်လောက် အားသွင်းခဲ့လဲ”

“မပြောတတ်ဘူး...” ပိုင်ယို့ဝေသည် ခဏမျှ ကိုင်ကြည့်ပြီး ပျင်းရိစွာ ပြန်ဖြေသည်။ “ဘယ်လိုပဲဖြစ်ဖြစ်၊ ပါဝါ သိပ်မရှိဘူး။”

ရှန်မိုက ပြန်ဖြေသည်။ “မနက်ဖြန် ဆက်ပြီး အားသွင်းမယ်”

ပိုင်ယို့ဝေက ပြောသည်။ “အင်း”

ခဏအကြာတွင် သူမသည် သူ့ကို ကြည့်လိုက်ပြီး အဘယ်ကြောင့်မှန်းမသိ စိတ်မချမ်းမသာ ဖြစ်နေပုံရသည်။ “ရှင် ဒီပစ္စည်းကို အရမ်း ဂရုစိုက်ပုံရတယ်၊ ဘာလို့လဲ။ ကျွန်မမှာ ပစ္စည်း ရှိနေပြီဆိုရင် ရှင်ကျွန်မကို စိတ်ပူစရာ မလိုဘူးလို့ ထင်တာလား”

…………..

အခန်း (၉၃) ရှင် ကျွန်မကို လျစ်လျူရှုလို့ မရဘူး

ထပ်လာပြန်ပြီ။

“……” ရှန်မိုက အားမရှိစွာ မျက်လုံးများကို မှိတ်လိုက်သည်။

ပြန်ဖွင့်လိုက်သည်...

“မင်း ဘယ်လိုထင်လဲ” သူက သူမကို အေးဆေးတည်ငြိမ်စွာ ကြည့်ပြီး ခံစားချက်မပါဘဲ မေးလိုက်သည်။ “အားအပြည့်သွင်းထားတဲ့ ယုန်တစ်ကောင်က မင်းကို ဒီလောက် အားကောင်းစေပြီး ဘယ်သူ့ရဲ့ ဂရုစိုက်မှုကိုမှ မလိုအပ်တော့ဘူးလို့ ထင်လား”

ပိုင်ယို့ဝေ၏ မျက်လုံးများက လှည့်ပတ်သွားပြီး ပြောလိုက်သည်။ “ပြောရခက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်းအရမ်း အစွမ်းထက်ပါတယ်။”

ရှန်မိုကထရပ်ပြီး “ကောင်းပြီ၊ မင်းကို ငါ ဂရုမစိုက်တော့ဘူး”

“မဟုတ်ဘူး” ပိုင်ယို့ဝေက ရုတ်တရက် သူ့လက်ကို အားကုန်ဆွဲကိုင်လိုက်သည်။ “ကျွန်မ ရှင့်ကို လျစ်လျူရှုလို့ရတယ်၊ ဒါပေမယ့် ရှင်ကျွန်မကို လျစ်လျူရှုလို့ မရဘူး”

ရှန်မို: “…”

ဘာတွေ ပြောနေတာလဲ။

လျှာ‌သွက်‌အောင်လေ့ကျင့်လား။ နည်းနည်းလောက် ပိုပြီး သွက်ကြည့်ပါလား။

“လွှတ်လိုက်” ရှန်မိုက ပြောလိုက်သည်။

ပိုင်ယို့ဝေ: “မရဘူး!”

ရှန်မိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “မင်း ငါ့ကို ဂရုစိုက်ပေးပါလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ အခု မင်းကို လွှတ်ခိုင်းနေပြီ။”

ပိုင်ယို့ဝေ: “…”

နှစ်စက္ကန့်အကြာတွင် သူမသည် သူ့ကို မကျေမနပ်ဖြင့် လွှတ်ပေးလိုက်ပြီး “ဘယ်ကို သွားမှာလဲ”

သူမ လက်လျှော့တာကို မြင်ရခဲတာမို့ ရှန်မိုသည် နည်းနည်း ထူးဆန်းသလို ခံစားရပြီး ပြောလိုက်သည်။ “တဲထဲပြန်အိပ်မလို့။ ငါ ညရဲ့ ဒုတိယတစ်ဝက်ကိုစောင့်မယ်။ ဒါကြောင့် အစောကြီး အိပ်ဖို့ စီစဉ်ထားတယ်”

ပိုင်ယို့ဝေ၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်လာပြီး မယုံကြည်နိုင်သော လေသံဖြင့် “ရှင် ကျွန်မနဲ့ တဲအတူ မအိပ်ဘူးလား”

ရှန်မိုသည် ဘာများ အံ့အားသင့်စရာ ရှိလို့လဲဆိုတာ နားမလည်ပေ။

အရင်က အခြေအနေတွေ ကန့်သတ်ထားလို့ အခန်းအတူနေခဲ့တာဖြစ်သည်။ အခု ဝင်္ကပါက ပစ္စည်းအစုံအလင်ရှိနေမှတော့ ဘာကြောင့် တဲတစ်လုံးထဲမှာ ပြွတ်သိပ်နေရမှာနည်း။

“တဲထဲမှာ တစ်ယောက်တည်း တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ညဘက် အိမ်သာသွားချင်ရင် ဘယ်လိုလုပ်မလဲ” ပိုင်ယို့ဝေက သူ့ကို ရန်လိုစွာ ကြည့်လိုက်သည်။ “ညဉ့်နက်သန်းခေါင်မှာ နာမည်ကို အော်ခေါပြီး ငါ အိမ်သာသွားချင်တယ်ဆိုတာ တစ်ကမ္ဘာလုံးကို သိစေချင်တာလား”

သူမ ဒီလိုပြောပြီးနောက် ရုတ်တရက် အားအင်ကုန်ခမ်းသွားပြီး စိတ်မချမ်းသာစွာ ခေါင်းငုံ့ကာ ပေါ့ပေါ့ဆဆပင်ပြောလိုက်သည်။ “ထားလိုက်ပါတော့၊ သွားတော့”

ရှန်မို ပြောစရာစကားမဲ့သွားသည်။

တဲထဲမှာ မှောင်မိုက်နေသည်။ သူမက ယုန်အရုပ်လေးကို ပွေ့ဖက်ထားပြီး မျက်နှာအမူအရာ မဲ့တဲ့တဲ့ဖြင့် မျက်လုံးများကို ချထားကာ တိတ်ဆိတ်နေသည်။ သူမသည် စိတ်ဓာတ်ကျနေပြီး ဝမ်းနည်းနေပုံရသည်။

ချက်ချင်းဆိုသလို စကားလုံးများစွာ ခေါင်းထဲဝင်လာသည်။

သူသည် နှုတ်ခမ်းများကို စေ့လိုက်ပြီး တဲလိုက်ကာကို မကာ အပြင်ထွက်လာသည်။

အပြင်မှာ အလွန်စည်ကားနေသည်။

ညဘက်ဖြစ်သော်လည်း လျှပ်စစ်မီးရှိသောကြောင့် အထီးကျန်ဆန်သည်ဟု မခံစားရပေ။ အချို့က တဲရှေ့တွင် ထိုင်ကာ စကားပြောနေကြသည်၊ အချို့က အတူတူ ရေသွားခပ်ကြသည်။ အချို့က တင်းမာသည့် အခြေအနေကို ဖြေလျှော့ရန် သီချင်းများ ဖွင့်ထားကြသည်။

ပတ်ပတ်လည်တွင် ဆူညံသံများစွာ ရှိနေသည်။

ရှန်မိုက ဘာတွေတွေးနေလဲ မသိပေ။ သူက သူ့တဲထဲမှ ကျောပိုးအိတ်နှင့် စောင်တစ်ထည်ကို ထုတ်လိုက်သည်။ လှည့်လိုက်သည့်အခါ တန်ရှောင်နှင့်ချန်းဝေခိုင်တို့ သူ့ကို ကြည့်နေတာ တွေ့လိုက်ရသည်။

ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက် သွားကိုက်လာသလို ခံစားလိုက်ရသည်။

သူသည် ခဏမျှ တိတ်ဆိတ်နေပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “သူက တစ်ယောက်တည်း ကြောက်တတ်လို့ပါ။”

သူ့ရှေ့က လူနှစ်ယောက်က နားလည်သွားသည့်ပုံစံမျိုး ပြလိုက်ကြသည်။

“သူနဲ့အတူ နေသင့်တယ်။” ဆရာချန်းက သနားစိတ်ဖြင့် “သူ ဘယ်လောက် အစွမ်းထက်တယ်ဆိုဆို ကောင်မလေးပဲလေ။ ဒီလိုနေရာမျိုးမှာ ဝေဝေ တစ်ယောက်တည်း အိပ်ဖို့ ခက်တယ်။”

ရှန်မိုသည် ခေါင်းညိတ်ပြီး ပစ္စည်းများကို သယ်ကာ လျှောက်သွားသည်။

ဆရာချန်းက သူ့နောက်ကျောကို ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ သူ့ဘေးနားရှိ တန်ရှောင်ကို မေးလိုက်သည်။ “ရှောင်တန်၊ မင်း ရှောင်ရှန်နဲ့ ရင်းနှီးလား”

“ဆရာနဲ့အတူတူ တွေ့တာပါဗျာ။” တန်ရှောင်က နားမလည်သည့် ပုံစံဖြင့်မေးသည်။ “ဘာလို့ မေးတာလဲ”

“ဪ၊ ဘာမှမဟုတ်ပါဘူး။” ဆရာချန်းက “နည်းနည်း ထူးဆန်းလို့ပါ။ သူတို့ထဲက တစ်ယောက်က ရှန်နာမည်ခံပြီး နောက်တစ်ယောက်က ပိုင်နာမည်ခံတယ်။ မောင်နှမဝမ်းကွဲတွေဆိုရင်လည်း ရှောင်ရှားတာမျိုး မမြင်ဖူးဘူး...”

“လွယ်လွယ်လေး” တန်ရှောင်က မစဉ်းစားဘဲ ပြန်ဖြေသည်။ “တစ်ယောက်က အဖေနာမည်ခံပြီး နောက်တစ်ယောက်က အမေနာမည်ခံတာပေါ့”

ဆရာချန်း ရုတ်တရက် သဘောပေါက်သွားသည်။ “ဪ၊ ငါ နားလည်ပြီ။ ငါက ရှေးရိုးဆန်တော့ အမေနာမည်ခံလို့ရတယ်ဆိုတာ မေ့သွားတာပဲ။ မင်းတို့ လူငယ်တွေက တကယ်ပဲ ဉာဏ်ထက်မြက်ကြတာပဲ”

တန်ရှောင်က သူ့သွားဖြူဖြူလေးတွေ ပေါ်အောင် ရယ်လိုက်ပြီး ပြောလိုက်သည်။ “ဒီလိုပါပဲဗျာ”

…………..

All Chapters