← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄) လှပခြင်း

တဲက မှောင်မဲနေကာ ဟနေသည့်အကွဲကြောင်းများမှ အလင်းရောင် ဝင်လာတာကြောင့် အရာရာကို မှုန်မှုန်ဝါးဝါး ဖြစ်နေစေသည်။ အတွင်းက လူတွေသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာကို မှိန်ပျပျသာ မြင်နေရသည်။

ရှန်မိုက ပြောလိုက်သည်။ “မျက်လုံးမှိတ်ထား”

ပိုင်ယို့ဝေက မျက်လုံးမှိတ်ထားလိုက်ပြီး ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။ “ရှင် ကျွန်မမျက်လုံးမှိတ်ထားမှန်း ဘယ်လိုလုပ်သိမလဲ”

ရှန်မိုက သူမ၏ လှည့်စားမှုလေးများကြောင့် အံ့ဩခြင်းမရှိပေ။ သူက သူမကို ငုံ့ကြည့်ကာ အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။ “မင်း မအိပ်ချင်ဘူးလား”

“အိပ်မယ်” သူမက ကိုယ်ကိုလှုပ်ရှားပြီး သူ့နားကို ပိုကပ်လိုက်သည်။ “ရှင့် မျက်လုံးထဲမှာ ကျွန်မက ဘယ်လိုပုံလဲဆိုတာ မြင်ချင်ရုံပဲ...”

သူမသည် သူ့အသက်ရှုသံကို မသိစိတ်ကပင် ကျပ်တည်းစေသည်။

တိတ်ဆိတ်နေသော အမှောင်ထဲတွင် သူမ၏ အသက်ရှူသံက ပိုနီးလာသည်။ ပေါ့ပါး၊ ချိုမြိန်ပြီး အနည်းငယ် အေးစက်စက်နှင့် ပျားရည်ပူရှိန်းလို သင်းပျံ့သည့် ပန်းရနံ့လေး ပါသည်။ သူမ၏ ဆံပင်မှ ခေါင်းလျှော်ရည်နံ့ ဖြစ်ကောင်းဖြစ်နိုင်သည်။

သူတို့ အလွန်နီးကပ်နေသည်ကို သူမက မသိဘဲ သူ့ကို တည့်တည့်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “မျက်လုံးတွေကလည်း မှန်တွေလို့ သတ်မှတ်လို့ရတယ် မဟုတ်လား...”

ရှန်မိုက သူမကို ခဏမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် မေးလိုက်သည်။ “မင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီလား”

“သိပ်မှောင်နေလို့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။” သူမက ခေါင်းအနည်းငယ် ခါသည်။

ဆံပင်စတစ်ချောင်းက သူ့လက်မောင်းကို ထိလိုက်သည့်အခါ အနည်းငယ် ယားသလို ခံစားရတာကြောင့် မသိစိတ်ကပင် ရှောင်လိုက်မိသည်။

ပိုင်ယို့ဝေက လက်ဆန့်ထုတ်ကာ သူ့ဆီ ပြန်ရုတ်သိမ်းသွားသည့် လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ “ကျွန်မကိုလည်း ကြည့်ပေးပါဦး။”

သူမသည် မျက်လုံးများကို အလွန်အလေးအနက် ဖွင့်ကာ သူ့ကို မြင်နိုင်စေရန် မျက်နှာကို စောင်းပေးလိုက်သည်။

သူမတွင် လှပသော သမင်မျက်လုံးတစ်စုံ ရှိသဖြင့် လူများသည် သူမဟာ အသိဉာဏ်မဲ့ပြီး အားနည်းသည်ဟု မကြာခဏ ထင်ယောင်ထင်မှား ဖြစ်တတ်ကြသည်။

သို့သော် သူမသည် အနည်းငယ် ပြုံးလိုက်ပြီး မျက်လုံးထောင့်များ အနည်းငယ် ပင့်တက်သွားကာ အေးစက်သော ဆွဲဆောင်မှုတစ်ခုကို ဖော်ပြသည့်အခါ မာနကြီးသော ကြောင်လေးတစ်ကောင်နှင့် တူသည်။

“မြင်လား” သူမက သူ့ကို မေးသည်။ “လူလား၊ အရုပ်လား”

ရှန်မိုသည် ခဏမျှ တိတ်ဆိတ်နေပြီး ပြန်ဖြေသည်။ “ရှင်းရှင်းလင်းလင်း မမြင်ရဘူး။”

သူက သူ့လက်မောင်းကို ဖက်ထားသည့် သူမ၏ လက်ကို အေးဆေးတည်ငြိမ်စွာ ဆွဲဖယ်လိုက်ပြီး ပြောလိုက်သည်။ “အိပ်တော့”

ဒီတစ်ခါတော့ သူမကပ်မလာတော့ဘဲ ပျင်းရိစွာ သမ်းပြီး သူ့ကို တီးတိုးပြောလိုက်သည်။ “ရှန်မို၊ မနက်ဖြန် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ဖို့ မမေ့နဲ့နော်၊ မဖြစ်မနေ ကြည့်ရမယ်...”

သူမက ပြောနေရင်း လှည့်လိုက်ပြီး သူ့ကို ကျောပေးလိုက်သည်။ သူမ၏ အသက်ရှူသံက တဖြည်းဖြည်း နှေးကွေးရှည်လျားလာသည်။

အိပ်ပျော်သွားပြီထင်သည်...

ရှန်မို ဘာကြောင့်မှန်းမသိဘဲ သက်ပြင်းချလိုက်သည်။ သို့သော် အဘယ်ကြောင့်မှန်း သူမရှင်းပြနိုင်ပေ။

ညက ရှည်လျားနေပြီး သူတစ်ယောက်တည်း နိုးနေသည် တော့မဟုတ်ပေ။

ဘေးတဲမှ Candy Crush အသံ ထွက်ပေါ်လာသည်။ တန်ရှောင် ဂိမ်းကစားနေခြင်း ဖြစ်သည်။ level များ ကျော်ဖြတ်သွားသည့် အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး သူ ပျော်ရွှင်နေပုံရသည်။

နောက်ပိုင်းတွင် ပတ်ဝန်းကျင်မှ အသံများ တဖြည်းဖြည်း နည်းပါးလာပြီး နောက်ဆုံးတွင် ဂိမ်းသံပင် ပျောက်ကွယ်သွားသည်။

တိတ်ဆိတ်မှုထဲ နစ်မြုပ်နေသော ဝင်္ကပါတစ်ခုဖြစ်သည်။

ရှန်မိုက အချိန်ကျပြီဟု ခန့်မှန်းလိုက်ပြီး တိတ်တဆိတ်ထကာ တဲအပြင်သို့ ထွက်လာသည်။

သူက ဘောင်းဘီအိတ်ထဲမှ စီးကရက်ဗူးတစ်ဗူးကို ထုတ်ယူကာ တစ်လိပ် မီးညှိပြီး ဖြည်းဖြည်းချင်း လေမှုတ်ထုတ်လိုက်သည့်အခါ အဖြူရောင် မီးခိုးအလင်းလေးများက သူ့မျက်လုံးရှေ့တွင် လှုပ်ယိမ်းနေသည်။

သိမ်မွေ့သည့် ချိုမြိန်လှသော ပူရှိန်းနံ့လေးမရှိတော့သည့်အခါ သူ့စိတ်က ပိုမို ကြည်လင်လာပုံရသည်။

တစ်ခါတစ်ရံ သူသည် သူမဟာ အရာအားလုံးကို နားလည်သည်ဟု ခံစားရပြီး တစ်ခါတစ်ရံတွင် သူမသည် သူ့ကို အပျော်အပျက်လုပ်နေခြင်းသာ ဖြစ်သည်ဟု ခံစားရသည်။

ဘယ်အချိန်ကတည်းက လူတစ်ယောက်ကို ခေါ်ထုတ်ရမည့် အလုပ်က ဒီလောက် ခက်ခဲလာတာလဲ မသိတော့ပေ။ ထို့နောက် သူက သူမကို မခေါ်ထုတ်ခဲ့ရလျှင် သူ အခု ဘယ်မှာ ရှိနေမလဲဟု စဉ်းစားမိသည်။

ပျင်းစရာ ကောင်းနေမှာပဲ...

ရှန်မိုသည် တိတ်တဆိတ် ပြုံးလိုက်ပြီး ပေါ့ပါးသော အသက်ရှုသံကို ရှူထုတ်လိုက်ကာ သူ့ရှေ့မှ မီးခိုးများကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။

ညစောင့်အလုပ်က ပျင်းရိပြီး ငြီးငွေ့စရာကောင်းသည်။

သူသည် တဲရှေ့တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ဘယ်တဲကနေမှန်းမသိ ကောင်မလေးတစ်ယောက်၏တီးတိုးသံလေး ထွက်ပေါ်လာသည်။

“ဒီက မှန်တွေက အရမ်းကြောက်စရာကောင်းတာပဲ။ ဒါကို သိခဲ့ရင် မလာခဲ့သင့်ဘူး...”

နောက်ထပ် ကောင်မလေးတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ “နင်ပစ္စည်းတွေ မရမှာ စိုးရိမ်လို့ ဝင်လာဖို့ အတင်းအကျပ် တောင်းဆိုခဲ့တာ မဟုတ်ဘူးလား”

“ချမ်းဟွေး နင်ဘာလို့ အဲဒီလို ပြောတာလဲ...” ကောင်မလေးက မကျေမနပ်ဖြင့် “အားလုံးက ဝင်လာချင်ကြတာလေ။ ငါလည်း အပြင်မှာ တစ်ယောက်တည်း မကျန်ခဲ့ချင်လို့။ ဒါကြောင့် လိုက်လာတာ။”

“အခု ဒီကို ရောက်နေပြီဆိုတော့ သိပ်မတွေးတော့ဘဲ အိပ်တော့”

“ဒါပေမယ့် ငါ အိပ်လို့ မရဘူး၊ နင် ခဏလောက် စကားပြောပေးလို့ မရဘူးလား...”

“ဘာပြောရမှာလဲ”

“အင်း... နင် သတိထားမိလား၊ ခြေထောက်မသန်တဲ့တစ်‌ယောက်ကရေသွားချိုးတာလေ။ ပြန်လာတုန်းက သူ့ဆံပင်တောင် မခြောက်သေးဘူး။”

“ရေချိုးတာ ဘာမှားနေလဲ။ အိပ်တော့၊ သုံးနာရီထိုး‌တော့မယ်။”

“နင် မသိဘူးလား။ ခြေမသန်စွမ်းတဲ့သူ အများစုကခန္ဓာကိုယ်အောက်ပိုင်းမှာ ခံစားမှုမရှိဘူး။ ဆီးမထိန်းနိုင်ဘူး။ ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ အနံ့အသက်တွေ အမြဲရှိနေတတ်တာမို့ မကြာခဏ ရေချိုးဖို့ လိုတယ်...”

ရှန်မိုက စဉ်းစားလိုက်သည်။ မဟုတ်ပါဘူး၊ သူ့ အနံ့ကအတော်လေး ကောင်းပါတယ်။

…………..

အခန်း (၉၅)ဂိမ်းရဲ့ အတွင်းနက်နက်

“...ချမ်းဟွေး နင်ငါ့အသံ ကြားလား”

“အင်း”

“ဒါဆို နင် ငါ့ကို ဘာလို့ လျစ်လျူရှုနေတာလဲ”

“လျောင်ကျင်းကျင်း၊ ခဏလောက် တိတ်ပေးလို့ ရမလား။ ဝင်္ကပါထဲ ရောက်ကတည်းက နင် ညည်းညူနေတာပဲ။ အခု တခြားသူတွေရဲ့ ကောင်းကြောင်း မကောင်း‌ကြောင်းတွေ ပြောနေပြန်ပြီ။ နင်ကိုယ့်ကိုယ်ကိုယ် ငြီးငွေ့စရာကောင်းတယ်လို့ မထင်ဘူးလား”

“ချမ်းဟွေး၊ ငါ နင့်ကို တစ်ခုခု စော်ကားမိလို့လား။ နင်ဒီနေ့ ဘာလို့ ဒီလောက် တင်းမာနေတာလဲ...”

“ငါ တင်းမာနေတာလား” ချမ်းဟွေးက ဒေါသထွက်ပြီး ရယ်လိုက်သည်။ သူမက လျောင်ကျင်းကျင်းနှင့် တဲအတူတူ ကျတာက သူမ၏ ကံဆိုးမှုပဲဖြစ်သည်။

“မဟုတ်ဘူးလား” လျောင်ကျင်းကျင်းက ပြောသည်။ “ငါ နင့်ကို ရန်မစပါဘူး။ သူစိမ်းတစ်ယောက်ကို အဲဒီလို ပြောတာ ဘာဖြစ်လို့လဲ။ မသန်စွမ်းတဲ့သူတွေက ဆီးမထိန်းနိုင်ဘဲ အရမ်းညစ်ပတ်တယ်။ ငါ ဘာမှ မှားတာ မပြောခဲ့ဘူး...”

ချမ်းဟွေးသည် လှည့်လိုက်ပြီး သူမ၏ အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်ချင်တော့ပေ။

လျောင်ကျင်းကျင်းက နှစ်စက္ကန့်မျှ ရပ်တန့်သွားပြီး ရုတ်တရက် ပြောလိုက်သည်။ “အာ... ချမ်းဟွေး၊ နင်က အဲဒီခြေမသန်တဲ့သူကို အရမ်းကာကွယ်နေတာ၊ သူ့အစ်ကိုနဲ့ ချစ်နေတာလား”

ချမ်းဟွေး: “…”

“ချီးပဲ” ဟူသော စကားလုံးက သူမ၏ ထိုအချိန်က ခံစားချက်များကို ဖော်ပြရန် မလုံလောက်ပေ။

လျောင်ကျင်းကျင်း: “သူ့အစ်ကိုက တော်တော်ချောတယ်။ ငါတို့ အတန်းထဲက ကောင်လေးတွေနဲ့ မတူဘူး။ သူက အရမ်းယောက်ျားဆန်တယ်လို့ ခံစားရတယ် မဟုတ်လား...ဟေး။ ဘယ်သွားမှာလဲ”

ချမ်းဟွေးသည် သူမ၏ ပစ္စည်းများကို ကောက်ယူကာ တဲထဲမှ နောက်မလှည့်ဘဲ ထွက်သွားသည်။ “ဆရာမတုနဲ့ သွားအိပ်တော့မယ်!”

“ဘာကို ဆိုလိုတာလဲ...”

ကောင်မလေးသည် တဲထဲတွင် ညည်းညူနေပြီး ချမ်းဟွေးက အရမ်းကို စိတ်ပုတ်တာပဲဟု တွေးနေသည်။

ချမ်းဟွေးသည် နှစ်လှမ်းသာ လှမ်းလိုက်ရသေးပြီး ရှန်မိုကို မလှမ်းမကမ်းမှာ တွေ့လိုက်ရသည်။ သူမ၏ မျက်နှာ ရုတ်တရက် ပူနွေးသွားသည်။ လျောင်ကျင်းကျင်း ခုနက ပြောခဲ့တာတွေကို တခြားသူတွေ ကြားသွားနိုင်သည်ဟု တွေးမိသည့်အခါ သူမသည် အလွန်ရှက်ပြီး မမျက်နှာကိုအုပ်ကာ တုဒန်၏တဲထဲဝင်သွား တော့သည်။

ရှန်မိုသည် သူ့အကြည့်ကို ပေါ့ပေါ့တန်တန် ရုပ်သိမ်းလိုက်သည်။

သူ ကောင်မလေးတစ်ယောက်ကို စိတ်အနှောင့်အယှက်ခံဖို့ မလိုအပ်ပေ။ သို့သော် ခုနက ပြောခဲ့တာတွေကို ပြန်တွေးမိသည့်အခါ ရင်ထဲမှာ မကောင်းသည့် ခံစားချက်တစ်ခု ရှိနေပြီး တကယ်ကို မနှစ်မြို့ဖွယ် ဖြစ်သည်။

ကံကောင်းစွာနှင့်သူမ အိပ်ပျော်သွားပြီဖြစ်သည်။

သူ တဲဘက်ကို တစ်ချက်ကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် မျက်နှာကို ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ပိုင်ယို့ဝေက တဲထဲက ထွက်လာသောကြောင့် ဖြစ်သည်။

“ဘာလို့ ကျွန်မကို ကြည့်နေတာလဲ” ပိုင်ယို့ဝေသည် သူမ၏ လက်မောင်းများဖြင့် ကိုယ်ကို ထောက်ကာ တဲလိုက်ကာရှေ့တွင် တစ်ဝက်တစ်ပျက် လှဲလျောင်းနေသည်။ “လာပြီး ဖက်ပါဦး။”

ရှန်မိုသည် ရပ်တန့်သွားပြီး ထရပ်ကာ သူမကို ပွေ့ဖက်လိုက်သည်။ သူမ ထိုစကားများကို ကြားခဲ့သလားဟု မမေးဘဲ သူမကို ဘေးရှိ ဘီးတပ်ကုလားထိုင်သို့ ပုံမှန်အတိုင်း သယ်သွားသည်။

ပိုင်ယို့ဝေက အလျှော့မပေးဘဲ မေးသည်။ “ခုနက ဘာလို့ ကျွန်မကို ကြောင်ကြည့်နေတာလဲ”

ရှန်မို: “ဆံပင်တွေပွနေတော့ ဆာဒါကို (သရဲမ) ထွက်လာတယ် ထင်လို့။”

ပိုင်ယို့ဝေ: “…”

ရှန်မိုက သူမကို တစ်ချက်ကြည့်ပြီး “စိတ်မဆိုးပါနဲ့၊ ဆာဒါကိုက တော်တော်လှပါတယ်”

ပိုင်ယို့ဝေက ပို၍ စိတ်ဆိုးသွားပြီး သူ့ကိုမေးလိုက်သည်။ “ရှင် အရမ်း ပျော်နေတာလား”

“မင်း စိတ်အ‌ခြေအနေမကောင်းဘူးလား” ရှန်မိုက သူမကို ကြည့်လိုက်သည်။

ဪ၊ တခြားသူတွေက မဟုတ်မမှန် လုပ်ကြံပြောဆိုတာ ခံရပြီးမှ ဘယ်လိုလုပ် စိတ်ကောင်းနိုင်တော့မှာလဲ။

ပိုင်ယို့ဝေက အေးစက်စွာ ပြောလိုက်သည်။ “ဘယ်တော့မှ ဝင်္ကပါက ပြီးမလဲ မသိဘူး။ အရမ်း စိတ်ပျက်တယ်။”

ရှန်မိုက ရေသန့်ဗူးတစ်ဗူးကို သူမအား ကမ်းပေးပြီး ပြောလိုက်သည်။ “ငါတို့ ထွက်သွားကြရမှာပါ”

ရေက သံပရာရနံ့ပါသည့် အားဖြည့်အချိုရည်တစ်မျိုးဖြစ်သည်။ ရှေ့ဆက်ရမည့်လမ်းသည် မသေချာမရေရာဘဲ အန္တရာယ်များ ပြည့်နှက်နေသော်လည်း ဒီနေရာမှာ အစားအသောက်၊ အချိုရည် မရှားပါးတာကတော့ ကံကောင်းသည်။ ဒါကြောင့် ရက်အနည်းငယ် ထပ်နေရလို့လည်း အပူအပင်မရှိနိုင်ပေ။

ပိုင်ယို့ဝေက ရေသန့်ဗူးကို ကိုင်ထားပြီး မျက်လုံးများက မှောင်မိုက်နေသည်။ သူမ ဘာတွေတွေးနေမှန်း ဘယ်သူမှ မသိနိုင်ပေ။

ရှန်မိုက သူမကို ပြန်အိပ်ဖို့ ပြောရန် ပြင်နေစဉ် သူမက ရုတ်တရက် ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ “အစ်ကို၊ ဟိုဘက်ကို ကြည့်ပါဦး...”

ရှန်မို: “…”

သူ ပတ်ပတ်လည် ကြည့်လိုက်သော်လည်း ဘာမှ မရှိပေ။

“ဟိုဘက်... ရေပန်းကန်နား။ ရေထဲမှာ တစ်ခုခု... တွားသွားနေတယ်...” ပိုင်ယို့ဝေ၏ အသံသည် တုန်ယင်နေသည်။

အလွန်ကြောက်စရာကောင်းသည့် တစ်ခုခုကို မြင်လိုက်ရပြီး ကြောက်လန့်တကြား ငိုတော့မလိုပင်။

ရှန်မိုသည် ရေပန်းကန်ကို ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရပေ။

သူက မေးရန် ပါးစပ်ဖွင့်လိုက်သော်လည်း ပိုင်ယို့ဝေက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ရှူး... စကားမပြောနဲ့၊ ကျွန်မတို့ကို ရှာမတွေ့စေနဲ့...”

ရှန်မို: “…”

သူက သတိပေးသည့် အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။ ပြဿနာမရှာနဲ့။

သို့သော် ပိုင်ယို့ဝေသည် ထိုဇာတ်ရုပ်ထဲတွင် အလွန်နစ်မြုပ်နေသည်။

“အရုပ်လိုပဲ... တွားသွားနေတယ် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတယ်၊ ဘယ်ကိုသွားနေတာလဲမသိဘူး...ကျွန်မတို့ ဘာလုပ်သင့်လဲ။ အနီရောင်တဲဘက်ကို တွားသွားနေတာ။ လူတိုင်းကို ပြောပြသင့်လား။ ...မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ မပြောနဲ့။ ကျွန်မတို့ကို ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ။အိုး ဘုရားရေ၊ ပါးစပ်နဲ့ မျက်လုံးတွေကနေ ရေတွေ ပန်းထွက်နေတယ်။ ကြောက်စရာကောင်းလိုက်တာ...

ပိုနီးလာပြီ... အား၊ တွားသွားပြီးဝင်တော့မယ်...”

……………

အခန်း (၉၆) ပျော်ရွှင်မှု

ပိုင်ယို့ဝေသည် အချိုရည်ဗူးကို တင်းတင်းဖက်ထားသည်။ “အစ်ကို၊ ကျွန်မ ကြောက်တယ်...”

အချိုရည်ဗူးကို လက်ထဲမှာ အားကုန်ညှစ်လိုက်သည်။

ရေကြည်စီးကြောင်းတစ်ခုက ဝူးခနဲ ထွက်လာပြီး အနီရောင်တဲပေါ်သို့ ပန်းထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်မလေး၏ အော်သံက တစ်နေရာလုံး ပဲ့တင်ထပ်သွားသည်– “အားးးးးးးးးး။ မဝင်လာပါနဲ့။ မဝင်လာပါနဲ့။ အားးးးးးးးးး”

“ဘယ်သူ အော်တာလဲ၊ ဘယ်သူ အော်တာလဲ။ ဘာဖြစ်တာလဲ” တန်ရှောင် ထွက်လာသည်။

တုဒန်ဘက်က ကျောင်းသားအားလုံးလည်း နိုးထလာကြသည်။

ပိုင်ယို့ဝေက အချိုရည်ဗူးကို ရှန်မိုလက်ထဲ ပြန်ထည့်ပေးလိုက်သည်။

ရှန်မို: “…”

ပိုင်ယို့ဝေသည် သူမ၏ ခြေထောက်များကို အေးဆေးတည်ငြိမ်စွာ ပုတ်လိုက်သည်။ “သူက ကျွန်မကို ရိုက်ရင် ထွက်ပြေးလို့ မရဘူး။ ရှင်ကတော့ သူ့ထက် ပိုမြန်မြန် ပြေးနိုင်မှာ သေချာတယ်။”

ရှန်မိုသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် “မင်း သူ့ကို မနှောင့်ယှက်ဖို့လည်း ရွေးချယ်နိုင်တာပဲ”

ပိုင်ယို့ဝေက ပြုံးကာ “ညက ရှည်လျားလွန်းတယ်။ တစ်ခုခုတော့ လုပ်စရာ ရှာရမယ်လေ”

ရှန်မို စကားမဲ့သွားသည်။

တစ်ဖက်မှာတော့ ကြောက်လန့်တကြားဖြစ်နေသည့် ကောင်မလေးက ဆရာမနှင့်အတန်းဖော်များ၏ နှစ်သိမ့်ပေးမှုအောက်မှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ တုဒန်က အဖွဲ့ကို ဦးဆောင်ပြီး ရှန်မိုကို လာမေးသည်။ “မစ္စတာရှန်၊ ခုနက ဘာဖြစ်တာလဲ။ ကျွန်မ ကျောင်းသားတွေက ရှင်ရေပန်းကန်ထဲက အရုပ်တစ်ရုပ် တွားထွက်လာပြီး သူ့တဲထဲ ဝင်ဖို့ ကြိုးစားနေတာကို မြင်လိုက်တယ်လို့ ပြောတယ်”

ရှန်မိုက လက်ထဲမှာ အချိုရည်ဗူးကို ကိုင်ထားပြီး ပြောစရာစကားမဲ့နေသည်။

ခဏအကြာတွင် သူက ပြောလိုက်သည်။ “မဟုတ်ပါဘူး”

တုဒန် အံ့အားသင့်သွားသည်။

လျောင်ကျင်းကျင်းက မျက်ရည်များဖြင့် “ရှင် ရှင်းရှင်းလင်းလင်း မြင်လိုက်တာ။ ခုနက ရှင့်ညီမက ရှင့်ကို ပြောတယ်...”

သူမ၏ အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။ ပိုင်ယို့ဝေ၏ ပေါ့ပေါ့ဆဆ မျက်နှာအမူအရာနှင့် ရှန်မို၏ တစ်ဝက်တစ်ပျက် သာရှိနေသော ရေသန့်ဗူးကို မြင်သောအခါ သူမ ချက်ချင်းပင် ဒေါသတကြီး တုန်ယင်သွားသည်။

“...အော် ရှင်တမင်လုပ်တာပဲ။ ရှင်က လူတွေကို နှိပ်စက်ပြီး ကျွန်မကို ကြောက်အောင် တမင်တကာ လိမ်ပြောတာ”

“ဘယ်သူက နင့်ကို ကြောက်အောင် လုပ်တာလဲ” ပိုင်ယို့ဝေက စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့အစ်ကိုနဲ့ ငါက နောက်နေတာပဲ။ ညဉ့်နက်ကြီးရောက်နေပြီ။ နင် နိုးနေမှန်း ငါတို့ မသိဘူး။”

“ဒါဆို ဘာလို့ ကျွန်မတဲပေါ် ရေဖြန်းတာလဲ” လျောင်ကျင်းကျင်းက ဒေါသထွက်နေသည်။

“နင့်မှာ သက်သေရှိလား” ပိုင်ယို့ဝေက အေးစက်စွာ မေးလိုက်သည်။ “တဲပေါ်က ရေတွေက ငါတို့ ဖြန်းတာလို့ နင် ဘယ်လိုသိလဲ။ နင် လျှာနဲ့ လျက်ကြည့်ခဲ့လား”

ထိုစကားများက အလွန်စော်ကားရာရောက်သဖြင့် လျောင်ကျင်းကျင်းသည် ဒေါသကြောင့် သေလုနီးပါး ဖြစ်သွားပြီး သူမ၏ မျက်နှာ နီရဲသွားသည်။

ပိုင်ယို့ဝေက သူမ၏ မျက်လုံးများကို အနည်းငယ် ချလိုက်ပြီး ရှန်မိုကို ပြုံးလျက် ပြောလိုက်သည်။ “အစ်ကို၊ ကြည့်ပါဦး၊ သူ ဘောင်းဘီထဲမှာ ဆီးသွားလိုက်ပြီ။”

ရှန်မိုက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “တော်ပြီ။ မပြောနဲ့တော့”

“ဪ၊ ကျွန်မအဲဒီလို မပြောသင့်ဘူး။” ပိုင်ယို့ဝေက လေးလေးနက်နက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ်၊ ကျွန်မ ဒီနေ့ စကားလုံးတစ်လုံး သင်ယူခဲ့တယ်။ ဆီးမထိန်းနိုင်ဘူးတဲ့။ မှန်တယ်မလား”

လျောင်ကျင်းကျင်းသည် ထပ်မထိန်းနိုင်တော့ဘဲ မျက်ရည်များကျကာ လှည့်ပြီး တဲဆီသို့ ပြန်ပြေးသွားသည်။

ကျောင်းသားများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကျန်းထျန်းယန်က မနေနိုင်တော့ဘဲ ထရပ်ပြီး ရှန်မိုနှင့် ပိုင်ယို့ဝေကို ပြောလိုက်သည်။”သိပ်မလွန်ကြနဲ့”

ပိုင်ယို့ဝေ: “ဝိုး၊ ငါက မင်းတို့ လမ်းမှားနေတယ်လို့ မေတ္တာနဲ့ ပြောပြတာ၊ မင်းက ငါ့ကို စိတ်ဆိုးနေတုန်းပဲလား”

ကျန်းထျန်းယန်: “…”

သူ့ဘေးက ချမ်းဟွေးသည် မျက်လုံးများကို လှန်လိုက်သည်။

“ဝက်ဦးနှောက်” ချမ်းဟွေးသည် တုဒန်ကို ဆွဲကာ တဲဆီ ပြန်သွားသည်။

ကျန်းထျန်းယန်သည် နည်းနည်းတော့ ရှုပ်ထွေးသွားသည်။ သူက သူ့အခန်းဖော်အတွက် တရားမျှတမှုရဖို့ ကူညီပေးနေတာ မဟုတ်လား။ ဘာလို့ အပြောခံလိုက်ရတာလဲ။

ပိုင်ယို့ဝေက ရှန်မို၏ လက်ကို ထပ်ဆွဲလိုက်သည်။ “အစ်ကို၊ အခုခေတ် ကျောင်းသားတွေက သက်ကြီးရွယ်အိုတွေ၊ ကလေး‌တွေ မကျန်းမာတဲ့လူတွေနဲ့ မသန်စွမ်းသူတွေကို ဂရုစိုက်ဖို့ မသိကြတော့ဘူးလား။ နိုင်ငံရဲ့ အနာဂတ်က တကယ်ကို စိတ်ပူစရာပဲ”

ရှန်မိုက သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများက မေးခွန်းထုတ်နေသည်။ မင်းက ဒီလိုဆိုးရရုံနဲ့ ဒီလောက် ပျော်နေတာလား။

ပိုင်ယို့ဝေကလည်း သူ့ကို ကြည့်လိုက်သည်– ဟုတ်ကဲ့ နည်းနည်း‌တော့ ပျော်ပါတယ်။

“အစ်ကို၊ ကျွန်မ အိပ်ချင်ပြီ” သူမက သူ့လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

ရှန်မိုသည် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး သူမကို ဘာအမူအရာမှမပြဘဲ ပွေ့ချီကာတဲဆီ ပြန်သွားသည်။

ချမ်းဟွေးဆီမှ အကြောင်းစုံကြားသိလိုက်ရသည့် တုဒန်က ဒေါသတကြီးနှင့် အပြင်ဘက်ကို အော်လိုက်သည်။ “အားလုံး တဲထဲပြန်ပြီး နားကြတော့။ ကျန်းထျန်းယန်၊ မင်းလည်း ပြန်တော့။ ဘာပြဿနာမှ မရှာနဲ့”

ကျန်းထျန်းယန်: “ကျွန်တော် ဘာမှမလုပ်ပါဘူး...”

ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

တန်ရှောင်က လည်ပင်းဆန့်ပြီး ခဏလောက် ကြည့်လိုက်သော်လည်း ဘာမှမဖြစ်တာကို တွေ့သည့်အခါ ပျင်းရိစွာ သူ့တဲကို ပြန်သွားသည်။

ဘယ်သူမှ သတိမထားမိလိုက်သည်က သူတို့ပတ်ဝန်းကျင်က မှန်တွေထဲတွင် လူပုံရိပ်များ အများကြီး စုဝေးနေကြပြီး ခဏတာ ကြန့်ကြာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကြတာကိုပါပဲ။

…………

All Chapters