← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀) ညရောက်ပြီ

အထက်တန်းကျောင်းသားများသည် ပညာရေးကို အဓိကထားကြသော်လည်း အများစုသည် အချစ်က ဘာလဲဆိုသည်ကို သိရှိပြီး ဖြစ်ကြသည်။

အထက်တန်းကျောင်းသားများကို မပြောနှင့်ဦး အလယ်တန်းကျောင်းသား အများအပြားပင် ဤအရာကို ကောင်းစွာ သဘောပေါက်ကြပြီး ရည်စားစာတစ်စောင် သို့မဟုတ် ပန်းတစ်ပွင့် ပေးသည်မှာ ပြဿနာ တစ်စုံတစ်ရာ မဟုတ်ပေ။

သို့သော် ဤကဲ့သို့သော အရာမျိုးကို လူအများရှေ့တွင် အော်ဟစ်လိုက်လျှင် တကယ်ကို ရှက်စရာကောင်းမည် ဖြစ်သည်။

ချမ်းဟွေးဒေါသထွက်နေသည်ကို မြင်သည့်အခါ ကျောင်းသားများသည် ချက်ချင်းပင် ထိုနှစ်ဦးကို ခွဲထုတ်လိုက်ကြပြီး သူတို့ ရန်ဖြစ်မည်ကို စိုးရိမ်နေကြသည်။

ဆရာမသည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသည်။

သူမသည် ရှန်မိုနှင့် အခြားသူများ ပြန်ရောက်လာသည်ကို မြင်သည့်အခါ ဤ “လူကြီး” အုပ်စုကို ချက်ချင်းပင် ရင်းနှီးသည်ဟု ခံစားလိုက်ရသည်။ သူမသည် ရှေ့သို့ တိုးလာပြီး “မစ္စတာရှန်ကျွန်မတို့ ထွက်ပေါက်ကို တွေ့ပြီ!”

“ဟုတ်ကဲ့ ခုနက ကြားလိုက်ပါတယ်” ရှန်မော့သည် ကျောင်းသားများကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။ “ထွက်ပေါက်က ဘယ်မှာလဲ”

“ကျွန်မ ခေါ်သွားပါမယ်” ဆရာမသည် ရှေ့တွင် လျှောက်ရင်း ပြောလိုက်သည်။ “ထွက်ပေါက်က တံခါးလို ပုံပေါ်တယ်။ ဒါပေမယ့် တံခါးအတွင်းမှာ ဘာမှ မမြင်ရဘူး။ အဖြူရောင်ချည်းပဲ။ ဘေးကင်းလား မကင်းလားလည်း မပြောနိုင်ဘူး။ တံခါးပတ်ပတ်လည်မှာလည်း အရုပ်တွေ အများကြီးပဲ။ ကျွန်မက သူတို့ကို စွန့်စားခိုင်းရဲတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကလေးတွေက စိတ်မရှည်တော့ ဒါနဲ့ပတ်သက်ပြီး လမ်းတစ်လျှောက်လုံး ရန်ဖြစ်လာကြတာ”

တုဒန်၏နောက်က ကျောင်းသားများသည် ဆရာမ၏ စကားများကို ရှက်ရွံ့သည့် မျက်နှာများဖြင့် နားထောင်နေကြသည်။

ကျန်းထျန်းယန်သည် ချမ်းဟွေးတစ်ယောက် အဖွဲ့နောက်မှ ဒေါသတကြီး ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။ ခဏစဉ်းစားပြီးနောက် သူမအနီးသို့ ချဉ်းကပ်ကာ မေးလိုက်သည်။ “နင် တကယ် အဲဒီလူကို ကြိုက်တာလား။ သူက အသက်တော်တော်ကြီးပုံပဲ”

ချမ်းဟွေးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “ငါက နင့် ဦးလေးကို ကြိုက်တာ”

ကျန်းထျန်းယန်: “…”

ချမ်းဟွေးသည် မျက်နှာအေးစက်စွာဖြင့် လျှောက်သွားသည်။

ကျန်းထျန်းယန်က သူမကို နောက်ကနေ စိုက်ကြည့်နေသည်။ “ဟေး နင် ဘာလို့ ဆဲတာလဲ”

ဝင်္ကပါ၏ လမ်းသည် ကွေ့ပတ်သွားရပြီး အဆုံးသတ်ဆိုတာ မရှိသကဲ့သို့ပင်။

လူတစ်စုသည် မှတ်သားထားသည့် လမ်းအတိုင်း အချိန်အတော်ကြာ လျှောက်သွားကြသည်။ လုံးဝမှောင်မိုက်သွားပြီး မီးများ လင်းလာသည့်အခါမှ နောက်ဆုံးတွင် ထွက်ပေါက်ဟု မှတ်သားထားသည့် လမ်းကြောင်းသို့ ရောက်လာကြသည်။

၎င်းသည် ဖြောင့်တန်းသည့် လမ်းဖြစ်ပြီး လမ်း၏ အဆုံးတွင် အဖြူရောင် အလင်းများထုတ်လွှတ်နေသည့် မြင့်မားသည့် တံခါးတစ်ခု ရှိသည်။

ထိုလမ်းကြောင်း၏ နှစ်ဖက်စလုံးတွင် တုဒန် ပြောခဲ့သည့်အတိုင်း အရုပ်များ နေရာအနှံ့ ရှိနေသည်။

ရာချီ၊ ထောင်ချီပင်... ၎င်းသည် အရုပ်ဆိုင်တစ်ဆိုင်ရှိ အရုပ်များ ပြသထားသည့် ဗီဒိုတစ်ခုနှင့် တူသည်။ နံရံနှစ်ဖက်စလုံးတွင် ကျပ်ညပ် ပြည့်သိပ်နေပြီး အလင်းရောင်ထဲတွင် ဖြူဖျော့သည့် မျက်နှာများကို ဖော်ပြနေသည်။

သူတို့သည် ၎င်းတို့ကြားတွင် လျှောက်သွားသည့်အခါ အရုပ်များက သူတို့ကို စိုက်ကြည့်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်မိကြရသည်။

ဤခံစားချက်သည် အလွန်ဆိုးသည်။ ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ကာ ဘာမှ မပြောပေ။

“ဒီမှာပဲ” တုဒန်က သူမ၏ အမြင်ကို ရှန်မော့အား တင်ပြရန် အစွမ်းကုန် ကြိုးစားသည်။ “ကျွန်မ အပြင်မှာ ဘာအရုပ်မှ မတွေ့ဘူး။ ဒါပေမယ့် ဒီမှာတော့ အများကြီးပဲ။ ကျွန်မ ဘယ်လို စိတ်မပူဘဲ နေနိုင်မှာလဲ။ ပြီးတော့ အခုထိ ကျွန်မတို့ ဝင်္ကပါတစ်ခုလုံးရဲ့ လေးပုံတစ်ပုံပဲ စူးစမ်းရသေးတယ်။ ကျန်သုံးပုံကတော့ မသိရသေးတဲ့ နေရာတွေ။ တခြားထွက်ပေါက်တွေ ရှိဦးမလား ဘယ်သူမှ သေချာ မပြောနိုင်ဘူး မဟုတ်လား။ ဒါဆို ကျွန်မတို့ ဆုံးဖြတ်ချက်မချခင် နေရာတွေ ပိုပြီး စူးစမ်းရှာဖွေသင့်တယ်မလား”

သူမသည် သူမ၏ ကျောင်းသားများကို ကြည့်ပြီး ထပ်မံ အလေးပေးပြောလိုက်သည်။ “နင်တို့ ဘယ်သူမှ ထွက်သွားတာကို ငါ တားတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီထွက်ပေါက်က တကယ် မြန်မြန် ပေါ်လာတာ။ အရမ်း ထူးဆန်းတာ။ဒီအရုပ်တွေကို ကြည့်ဦး။ နင်တို့ ထူးဆန်းတယ်လို့ မထင်ဘူးလား”

ဘယ်သူမှ စကားမပြောပေ။

ထွက်ပေါက်သည် သူတို့ရှေ့တွင် ရှိနေသော်လည်း ဆရာမ၏ ညွှန်ကြားချက်များကို နားထောင်ရဦးမည် ဖြစ်သည်။

လျောင်ကျင်းကျင်းက တီးတိုးပြောလိုက်သည်။”ဒီဝင်္ကပါက ဒီလိုစိတ်ဓာတ်မျိုးကို အခွင့်ကောင်းယူပြီး လူတွေကို ဝင်ဖို့ ကြောက်အောင် ထွက်ပေါက်မှာ အရုပ်တွေ ထားထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”

လူတိုင်း ပို၍ တိတ်ဆိတ်သွားကြသည်။

ကျန်းထျန်းယန်သည် သူ့၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ပြောလိုက်သည်။ “အင်း၊ ဒီလို ဖြစ်နိုင်ခြေတော့ ရှိတယ်...”

ချမ်းဟွေး: “အဟက်”

ကျန်းထျန်းယန်သည် သူမ၏ လှောင်ပြောင်သံကြောင့် အလွန်မသက်မသာ ဖြစ်သွားသည်။ သူသည် သစ္စာဖောက်တစ်ဦး ဖြစ်သွားသလိုပင်။

ကျောင်းသားများသည် မသိစိတ်ကပင် အဖွဲ့နှစ်ဖွဲ့ ဖြစ်လာကြသည်။အချို့က ထွက်သွားချင်ကြပြီး အချို့ကတော့ နေချင်ကြသည်။

ရှန်မော့သည် ဤကျောင်းသားများကြားက ပဋိပက္ခကို သိပ်အာရုံမစိုက်ပေ။ သူသည် လမ်းကြောင်း၏ နှစ်ဖက်စလုံးရှိ အရုပ်များကို ကြည့်လိုက်ပြီး တံခါးသို့ လျှောက်သွားကာ ကြည့်လိုက်သည်။

တံခါးအတွင်းပိုင်းတွင် ကျယ်ပြောသည့် အဖြူရောင် မြူခိုးများ ရှိပြီး တံခါးအပြင်ဘက်တွင် တစ်ဖက်စီ၌ မှန်တစ်ချပ်စီ ရှိသည်။ မှန်များသည် မြင့်မားပြီး ကြီးမားကာ နံရံတစ်ခုလုံး၏ တစ်ဝက်ကို နေရာယူထားပြီး ကျန်ဧရိယာသည် အရုပ်များဖြင့် ပြည့်နေသည်။

အလွန် ထူးဆန်းသည်။

ရှန်မော့သည် မှန်ရှေ့တွင် ရပ်နေသော်လည်း မှန်ထဲတွင် သူ့ကိုယ်သူ မတွေ့ရပေ။

“ရှန်မော့”

သူ လှည့်ကြည့်လိုက်သည်။

ပိုင်ယို့ဝေသည် သူ့ကို ဖြူဖျော့သည့် မျက်နှာဖြင့် ကြည့်လိုက်သည်။ “ကျွန်မ နည်းနည်း နေလို့မကောင်းဘူး။ ပြန်ကြရအောင်။”

………….

အခန်း (၁၀၁) အရိပ်အမြွက်

ညသည် အလွန်နက်လာသည်။

ဖြူဖျော့သည့် မီးရောင်များ၊ တိတ်ဆိတ်နေသည့် အရုပ်များနှင့် ဘယ်ကိုမှ မရောက်သည့် တံခါးတစ်ချပ်သာ ရှိသည်။

ဤကဲ့သို့သော နေရာတွင် ကြာမြင့်စွာ နေထိုင်ရသည်ကို မည်သူမျှ သက်သောင့်သက်သာ ခံစားရမည် မဟုတ်ပေ။

ရှန်မိုသည် အနားကိုလာပြီး ပိုင်ယို့ဝေကို မေးသည်။ “ဘာဖြစ်လို့လဲ”

ပိုင်ယို့ဝေသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာအတင်းအကျပ် ပြောသည့် လေသံဖြင့်ပြောသည်။ “ကျွန်မ နေလို့မကောင်းဘူး၊ ကျွန်မကို ပြန်တွန်းပေးပါ”

“ဒါဆို ပြန်ကြစို့” ဆရာချန်းက သူမ၏ ကျန်းမာရေးကို စိုးရိမ်သည့်အတွက်ပြောလိုက်သည်။ ‌“ဝေဝေက ငါတို့နဲ့ တစ်နေကုန် ရှိနေတာ။ တဲကို ပြန်ပြီး နားသင့်ပြီ။ တစ်ခုခု လွတ်သွားမှာကို စိုးရိမ်ရင် ရှောင်တန်ကို မှတ်ခိုင်းတာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ခိုင်းတာ လုပ်လို့ရတယ်”

တန်ရှောင်သည် ဤစကားကို ကြားသည့်အခါ သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်သည်။

သူသည် တံခါး၏ နှစ်ဖက်စလုံးရှိ မှန်များကို ဓာတ်ပုံရိုက်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်သည်။ “ဝိုး၊ ဘယ်လိုမှော်ဆန်တဲ့ မှန်လဲဗျာ။ ကျွန်တော့်ပုံကို အလင်းမပြန်ဘူး ကျွန်တော့်ပုံကို အလင်းမပြန်ဘူး”

ပိုင်ယို့ဝေ၏ မျက်နှာသည် ရုတ်တရက် ပျက်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အဲဒီကနေ ဝေးဝေးနေ!”

တန်ရှောင်သည် အံ့အားသင့်သွားပြီး သူမကို လှည့်ကြည့်သည်။

အခြားကျောင်းသားများလည်း ပိုင်ယို့ဝေကို မတူညီသည့် အမူအရာများဖြင့် ကြည့်ကြသည်။

ပိုင်ယို့ဝေ၏ ပုံမှန်မဟုတ်ခြင်းကြောင့် ထူးဆန်းသည့် ခံစားချက်သည် ပို၍ ထင်ရှားလာသည်။

တန်ရှောင်သည် နှစ်စက္ကန့်မျှ အံ့အားသင့်နေပြီးနောက် သူ၏ ပြောင်စပ်စပ်မျက်နှာကို ဖျောက်ကာ အမြန်ကြည့်ပြီး ပြန်လာသည်။ ထို့‌‌နောက်ရှန်မို၏နောက်တွင် ပုန်းနေသည်မှာ ပိုင်ယို့ဝေကို ဒေါသထွက်မှာ ကြောက်သည့်ပုံစံ ဖြစ်နေသည်။

အခြားကျောင်းသားများလည်း သူတို့၏ မိုဘိုင်းလ်ဖုန်းများဖြင့် ဓာတ်ပုံအနည်းငယ်ကို အမြန်ရိုက်ပြီးနောက် အတူတူ ပြန်လျှောက်လာကြသည်။

မည်သူမျှ ထပ်နေလိုခြင်း မရှိပေ။

အပြန်လမ်းတွင် ပိုင်ယို့ဝေသည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။

ရှန်မိုက သူမကို မေးသည်။ “မှန်ကြောင့်လား”

သူမသည် ပထမတော့ ခေါင်းခါလိုက်သည်။ ထို့နောက် ခဏအကြာတွင် ဘာကြောင့်မှန်းမသိ ခေါင်းညိတ်လိုက်သည်။

ရှန်မိုက တီးတိုးပြောသည်။ “မင်းက လူရှာတာက ထွက်ပေါက်ရှာတာထက် ပိုအရေးကြီးတယ်လို့ အရင်က ပြောခဲ့တယ်နော်။ အဲဒီအရုပ်တွေက ငါတို့ ရှာနေတဲ့လူတွေ ဖြစ်နိုင်တယ်။ သူတို့က အဲဒီတံခါးထဲကို ဝင်သွားပြီး အရုပ်တွေ ဖြစ်သွားကြတာ။ အဲဒီလိုမှမဟုတ်ရင် တံခါးနားမှာ အရုပ်တွေ အများကြီး ဘာလို့ စုနေလဲဆိုတာ ငါလည်း မရှင်းပြနိုင်ဘူး။”

ပိုင်ယို့ဝေသည် ခေါင်းငုံ့ကာ ဘာမှမပြောဘဲ တွေးနေသည်။

ရှန်မို၏ အသံသည် ပို၍ပင် နိမ့်ကျသွားသည်။ သူ့ဘာသာသူ တီးတိုးပြောနေသည့်အလားဖြစ်သည်။ “တံခါးက ထွက်ပေါက် မဟုတ်ရင် ထွက်ပေါက်က ဘယ်မှာလဲ”

“နောက်ထပ် တစ်ခုရှိသေးတယ်...” ပိုင်ယို့ဝေက သူ့ကို သတိပေးသည်။ “မှန်ထဲမှာ ကျွန်မတို့ ဘယ်ကို ရောက်သွားတာလဲ”

စည်းမျဉ်းမရှိသည့် ဂိမ်းတစ်ခုတွင် အသေးစိတ်တိုင်းသည် အကြောင်းပြချက်မဲ့သည် မရှိပေ။ မှန်ထဲက အရုပ်သည် တစ်ခါတစ်ရံ ပေါ်လာသည်၊ တစ်ခါတစ်ရံ ပျောက်ကွယ်သွားသည်။ ၎င်းတွင် အကြောင်းပြချက်တစ်ခု ရှိကိုရှိမည် ဖြစ်သည်။ လူများကို ကြောက်အောင် လုပ်ရန်သက်သက် မဟုတ်နိုင်ပေ။

ပိုင်ယို့ဝေက ထိုအရာများသည် အရိပ်အမြွက် တစ်မျိုး ဖြစ်သည်ဟု ခံစားရပြီး ဤအရိပ်အမြွက်များကို ဖြေရှင်းမှသာ ဂိမ်းကို တကယ် ပြီးဆုံးနိုင်မည် ဖြစ်သည်။

ဒါပေမယ့် တိတိကျကျ အရိပ်အမြွက်က ပြောချင်တာကဘာလဲ။

သူမ ထပ်မံ စဉ်းစားရမည်...

ထပ်စဉ်းစားရမည်...

ထိုညတွင် လူတိုင်း ဟိုဘက်ဒီဘက်လူးလွန့်နေကြသည်။

နောက်တစ်နေ့ နံနက်တွင် ပိုင်ယို့ဝေသည် စောစောနိုးလာသည်။ သူမသည် မျက်လုံးဖွင့်ပြီး တဲထဲတွင် မလှုပ်မယှက် နေနေသည်။ တဲအပြင်ဘက်တွင် အသံများ၊ ခြေသံများ၊ ပန်းကန်ခွက်ယောက်များ တစ်ခုနှင့်တစ်ခု တိုက်မိသည့် အသံများကို ကြားရသည်။

ဆူညံသံသည် ဦးနှောက်ကို တဖြည်းဖြည်း နိုးထစေသည်။

သူမ ထကာ တဲကို ဖွင့်လိုက်သည့်အခါ ဆရာချန်းသည် အပြင်ဘက်တွင် ခရမ်းချဉ်သီးခေါက်ဆွဲ ချက်ပြုတ်နေသည်ကို တွေ့ရသည်။

ခေါက်ဆွဲတစ်ပန်းကန်စီတွင် ကြက်ဥနှစ်လုံးစီ ထည့်ထားသည်။ နီရဲသည့် ခေါက်ဆွဲဟင်းရည်သည် ဖြူဖွေးနူးညံ့သည့် ကြက်ဥများကို ပေါ်လွင်စေသည်။ တူနှင့် ထိုးလိုက်သည့်အခါ ရွှေရောင်ကြက်ဥအနှစ်ရည်များ စီးထွက်လာပြီး ဟင်းရည်ထဲသို့ ရောနှောကာ ခေါက်ဆွဲထဲတွင် ရောနှောသွားသည်။ ၎င်းသည် အရသာခံ အာရုံများကို နှိုးဆွပေးနိုင်သည်။

ဆရာချန်းသည် ဝင်္ကပါထဲတွင် အစားအသောက်များ မစားကြသည့်အတွက် စိတ်မကောင်းတာကြောင့် အများကြီး ချက်ပြုတ်ထားသည်။ သူတို့ မကုန်နိုင်သည့်အတွက် တုဒန်၏ ကျောင်းသားများဆီ ပို့ပေးခဲ့သည်။

အပြန်အလှန်အားဖြင့် ကျောင်းသားများကလည်း ဆရာချန်းအား အစားအသောက် အများအပြား ပို့ပေးခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် “ဆရာချန်း” ဟု ခေါ်ဝေါ်ကြသည်။ အလွန်ပင် ရင်းနှီးသည့် ပုံစံဖြင့် ဖြစ်သည်။

ချမ်းဟွေးသည် ပိုင်ယို့ဝေက တဲလိုက်ကာ ဘေးတွင် တစ်ယောက်တည်း ထိုင်နေသည်ကို မြင်လိုက်သည့်အခါ ခဏစဉ်းစားပြီး ခေါက်ဆွဲတစ်ပန်းကန် ယူလာကာ‌မေးသည်။ “စားပါဦးလား”

ပိုင်ယို့ဝေသည် သူမကို မကြည့်ဘဲ ပျင်းရိစွာပြောလိုက်သည်။ “ကျွန်မ သွားမတိုက်ရသေးဘူး”

ချမ်းဟွေးသည် သူမ၏ အကြည့်နောက်သို့ လိုက်ကာ အဝေးသို့ ကြည့်လိုက်သည်။ သူမသည် ရှန်မိုကို စောင့်နေသည်ဟု သိသည့်အတွက် “ရှင့်အစ်ကို ရေသွားယူတာ။ ခဏနေ ပြန်ရောက်လာမှာ”

ပိုင်ယို့ဝေ ညင်သာစွာ အသံပြုလိုက်သည်။

သူမ ပြန်ဖြေရန် စိတ်မဝင်စားသည်ကို မြင်သည့်အခါ ချမ်းဟွေးသည် လှည့်ပြီး ထွက်သွားရန် ပြင်ဆင်သည်။ နှစ်လှမ်းခန့် လှမ်းပြီးနောက် သူမသည် မျက်မှောင်ကြုတ်မိပြန်သည်။ သူမသည် နှုတ်ခမ်းကို ကိုက်ပြီး ပိုင်ယို့ဝေကို ပြောလိုက်သည်။ “မနေ့က ဖြစ်ခဲ့တာကို အထင်မလွဲပါနဲ့”

……………

အခန်း (၁၀၂) မင်း သူ့ကို ကြိုက်တာလား

ပိုင်ယို့ဝေ၏ အကြည့်သည် ချမ်းဟွေး၏ မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း ရွေ့သွားသည်။

“မနေ့ကလား” သူမသည် ရှုပ်ထွေးစွာ မေးသည်။ “မနေ့က ဘာဖြစ်ခဲ့တာလဲ”

ချမ်းဟွေးသည် မျက်နှာနီမြန်းသွားပြီး တိုက်ရိုက်ပြောလိုက်သည်။ “မနေ့က လျောင်ကျင်းကျင်းက ကျွန်မက ရှင့်အစ်ကိုကို ကြိုက်တယ်လို့ ပြောတယ်လေ။ အဲ့တာ မယုံပါနဲ့။ သူက လျှောက်ပြောနေတာ”

ပိုင်ယို့ဝေသည် ချမ်းဟွေးကို အေးဆေးတည်ငြိမ်စွာ ကြည့်နေသည်။

ချမ်းဟွေးသည် သူမကို စိုက်ကြည့်နေသည့်အတွက် အနည်းငယ် ရှက်ရွံ့နေသည်။ သူမ စကားစပြောမလို့ ပြင်နေစဉ် ပိုင်ယို့ဝေက “ဪ” ဟု ခပ်တိုးတိုး ပြောလိုက်သည်ကို ကြားလိုက်ရသည်။ ထို့နောက် သူမသည်အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူမကို ထပ်မကြည့်တော့ပေ။

ချမ်းဟွေး သက်ပြင်းချလိုက်သည်။

ထို့နောက် သူမသည် အနည်းငယ် စိတ်ရှုပ်ထွေးလာသလို ခံစားရသည်။ ဤဖြစ်ရပ်ကြောင့် သူမသည် တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်ခဲ့‌သော်လည်း ပိုင်ယို့ဝေကတော့ ဒီလို ပေါ့ပေါ့ဆဆ တုံ့ပြန်ခဲ့သည်။

ထားပါတော့။ ဘာမှ နားလည်မှုလွဲတာမျိုး မဖြစ်ရင် ရပါပြီ။

သူမသည် ခြေထောက်ကို မြှောက်ပြီး ထွက်သွားရန် ပြင်သည်။ ထိုအချိန်တွင် ပိုင်ယို့ဝေက ဖြည်းဖြည်းချင်း မေးလိုက်သည်ကို ကြားလိုက်ရသည်။ “ဘာလို့ သူ့ကို မကြိုက်တာလဲ။ သူက မကောင်းလို့လား”

ချမ်းဟွေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။”သူက ကျွန်မထက် အသက်အများကြီး ကြီးတာ”

သူမသည် အသက် ဆယ့်ငါးနှစ်သာ ရှိသေးပြီး ရှန်မိုကတော့ အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်လောက် ရှိပုံရသည်။

“ဪ၊ မင်းက လူငယ်တွေကို ကြိုက်တာ...” ပိုင်ယို့ဝေက မေးသည်။ “တန်ရှောင်လိုမျိုးလား။ တန်ရှောင်က အသက် ၂၀ ပဲ ပြည့်သေးပုံရတယ်”

“ဘာလို့ ကျွန်မက သူတို့ကို ကြိုက်ရမှာလဲ” ချမ်းဟွေးသည် ပိုင်ယို့ဝေက သူမကို စနောက်နေသည်ဟု ခံစားရပြီး အနည်းငယ် ဒေါသထွက်မိသည်။ “ဒီအချိန်မှာ ဘာစိတ်ခံစားချက် ပြဿနာမှ ကျွန်မ စဉ်းစားမှာ မဟုတ်ဘူး။ ကျွန်မက စာကြိုးစားပြီး အနာဂတ်မှာ...”

သူမ၏ အသံသည် ရပ်တန့်သွားပြီး အမူအရာမှာ အနည်းငယ် တောင့်တင်းသွားသည်။

...ကြိုးစားပြီး စာကျက်ကာ အနာဂတ်မှာ ကောင်းသည့် တက္ကသိုလ်တစ်ခုကို သွားတက်မည်...

ဒါပေမယ့် အခုကျတော့ ကျောင်းတောင် မရှိတော့ပေ။ သူမရဲ့ အိပ်မက်က ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။

ထားလိုက်ပါတော့။

သူမသည် ပိုင်ယို့ဝေနှင့် ဒီအကြောင်းကို မပြောချင်တော့သည့်အတွက် စိတ်ပျက်စွာ လျှောက်သွားသည်။ မမျှော်လင့်ဘဲ ပိုင်ယို့ဝေက သူမကို ထပ်ခေါ်လိုက်သည်။ “ဟေး၊ ငါ့ကို ကူညီပါဦး။”

ချမ်းဟွေးသည် လှည့်ကြည့်ပြီး သူမကို သံသယဖြင့် ကြည့်သည်။

ပိုင်ယို့ဝေသည် သူမ၏ မေးစေ့ကို မြှောက်ကာ တခြားဘက်ကို ပြလိုက်သည်။ “အဲဒီကျောင်းသားကို သိလား။ သူ့ကို ခေါ်ပေးပါဦး”

ချမ်းဟွေး ရှုပ်ထွေးသွားသည်။ “ဘာလို့ သူ့ကို ခေါ်ရမှာလဲ”

ပိုင်ယို့ဝေ: “ခေါက်ဆွဲစားဖို့။”

ချမ်းဟွေး: “…”

သူမသည် ပိုင်ယို့ဝေကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ထိုဘက်သို့ အော်လိုက်သည်။ “လင်ကျစ်ဟန်။ ဒီကို လာ”

သိပ်မဝေးလှပေမယ့် ဘာကြောင့်မှန်းမသိ ကောင်လေးသည် ကြောင်တောင်တောင် ငေးမောနေသည်။ သူသည် ကျောင်းသားအုပ်စုတစ်စုကြားတွင် သူ့ကျောင်းဝတ်စုံနှင့် ထိုင်နေသည်။ နိုးမလာသေးသည့်အလား ဘာမှ တုံ့ပြန်ခြင်း မရှိပေ။

ချမ်းဟွေးသည် မျက်မှောင်ကြုတ်ကာ နှစ်ကြိမ် အော်ခေါ်သည် “လင်ကျစ်ဟန် ... လင်ကျစ်ဟန် ဒီကိုလာ”

သူ့ဘေးနားက ကျောင်းသားများက ကြားလိုက်ကြပြီး သူ့ကို တွန်းလိုက်သည်။ “ဟေး၊ လင်ကျစ်ဟန်၊ ချမ်းဟွေး မင်းကို ခေါ်နေတယ်”

ထိုအခါမှ လင်ကျစ်ဟန် တုံ့ပြန်သည်။

နည်းနည်းလေးပဲဖြစ်သည်။

သူသည် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး လူအုပ်ထဲတွင် ချမ်းဟွေးကို ရှာသည်။ ချမ်းဟွေးက သူ့ကို ပြန်ပြီး အားရပါးရ လက်ပြလိုက်သည့်အခါမှ လင်ကျစ်ဟန်သည် နောက်ဆုံးတွင် သူမကို မြင်သွားသည်။

သူသည် တစ်လှမ်းချင်း လျှောက်လာသည်...

“လင်ကျစ်ဟန်က ဒီနေ့ ထူးဆန်းနေတယ်” ချမ်းဟွေးသည် နည်းနည်း စိုးရိမ်မိသည်။ “သူ ဖျားနေတာလားမသိဘူး ဒီမှာ ဆရာဝန် မရှိဘူး။ သူ ဖျားလို့ မဖြစ်ဘူး”

ပိုင်ယို့ဝေသည် တဖြည်းဖြည်း ချဉ်းကပ်လာသည့် ကျောင်းသားကို ကြည့်ပြီး အေးဆေးတည်ငြိမ်စွာ မေးသည်။ “နင် သူ့ကို ကြိုက်တာလား”

ချမ်းဟွေးသည် တကယ် ဒေါသထွက်သွားပြီး မျက်မှောင်ကြုတ်ကာ “ရှင် ဒီလိုပဲ စကားကိုပြောမှာလား”

“နင် မကြိုက်တာ ကောင်းတယ်” ပိုင်ယို့ဝေ၏ အမူအရာသည် မည်သို့မျှ မပြောင်းလဲပေ။ “သူ သိပ်အားမရှိဘူးလို့ထင်တယ်။ နင့်ခေါက်ဆွဲပန်းကန် သူ့ကို ပေးလိုက်ပါ။”

ပိုင်ယို့ဝေ၏ စကားများက ချမ်းဟွေးကို မသက်မသာ ခံစားရစေသည်။ သို့သော် လင်ကျစ်ဟန်က နည်းနည်း ထူးဆန်းနေသည်မှာ အမှန်ပင်။ သူမသည် ခေါက်ဆွဲပန်းကန်ကို သူ့ကို ကမ်းပေးပြီး “နင် ဘာလို့ ဒီလောက် အားမရှိတာလဲ။ ဆရာချန်းက ဒီခေါက်ဆွဲတွေ ချက်ထားတာ။ စားလိုက်ဦး။ အပူမလောင်အောင်လို့ ပန်းကန်အောက်ခြေကနေ ကိုင်...”

သူမ စကားမဆုံးခင်မှာပဲ ပိုင်ယို့ဝေက သူမအဝတ်အစားကို ဆွဲလိုက်တာကို ခံစားလိုက်ရသည်။

မမျှော်လင့်ဘဲ သူ့လက်ထဲက ခေါက်ဆွဲပန်းကန်သည် ချက်ချင်း မှောက်ကျသွားပြီး ဟင်းရည်နှင့် ခေါက်ဆွဲများ လင်ကျစ်ဟန်ပေါ် အကုန် စင်ကုန်သည်။

“ရှင် ဘာလုပ်တာလဲ” ချမ်းဟွေးသည် လင်ကျစ်ဟန်၏ အပြာရောင်နှင့် အဖြူရောင် ကျောင်းဝတ်စုံတွင် ခရမ်းချဉ်သီးဟင်းရည် အစက်အပြောက်ကြီးများ ပေကျံနေသည်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူမသည် အရမ်း စိတ်ပူသွားသည့်အတွက် ဆံပင်ပင် ထောင်တော့မလိုဖြစ်သွားသည်။ သူမသည် သူ့ကို သုတ်ပေးရန် လက်မြှောက်လိုက်သော်လည်း လင်ကျစ်ဟန်က ဘာမှ တုံ့ပြန်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

ခေါက်ဆွဲဟင်းရည်က အရမ်းပူသည်။ သူ မခံစားရဘူးလား။

ချမ်းဟွေး တုန်လှုပ်သွားသည်။

သူမသည် မသိစိတ်ကပင် ပိုင်ယို့ဝေကို ကြည့်လိုက်သော်လည်း ပိုင်ယို့ဝေသည် သူမဘေးမှ တုတ်ကောက်ကို ကောက်ယူကာ လက်ဖြင့်မြှောက်၍ ရှေ့သို့ ထိုးချလိုက်သည်ကို တွေ့လိုက်ရသည်။

သိပ် အားစိုက်ထုတ်စရာ မလိုဘဲ လင်ကျစ်ဟန် လဲကျသွားသည်။

…………..

All Chapters