အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
အခန်း (၁၀၃) ပြောင်းပြန်ဖြစ်ခြင်း
ဘုန်း!
ကောင်လေး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်မယှက် ဖြစ်နေသည်။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး လူတိုင်း ဆွံ့အလျက် ရှိကြသည်။
နောက်ထပ် “ကလင်” ခနဲ အသံတစ်ခုဖြင့် ချမ်းဟွေး၏ လက်ထဲရှိ ခေါက်ဆွဲပန်းကန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူမသည် မြေပြင်ပေါ်ရှိ သူမ၏ အတန်းဖော်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ ခြေဖဝါးမှ အေးစက်မှုတစ်ခု တက်လာပြီး သူမကို ချမ်းတုန်သွားစေသည်။
“လင်ကျစ်ဟန်”
သူမ အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
ထပ်အော်လိုက်သည်။
“လင်ကျစ်ဟန်...”
လင်ကျစ်ဟန်သည် မြေပြင်ပေါ်တွင် မျက်လုံးဖွင့်လျက် လဲလျောင်းနေသော်လည်း သူ၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေကာ မျက်နှာအမူအရာပင် မလှုပ်မယှက် ဖြစ်နေသည်။
ချမ်းဟွေး၏ မျက်လုံးများ နီရဲနေသည်။ “လင်ကျစ်ဟန်၊ ငါ့ကို မခြောက်ပါနဲ့... တစ်ခုခု ပြောပါဦး...”
အခြားကျောင်းသားများသည် တဖြည်းဖြည်း စုရုံးလာကြသည်။
တုဒန်သည် ဒီကိစ္စကို သတိထားမိသည့်အတွက် သူမ၏ ပန်းကန်နှင့် တူများကို ချကာ ပြေးလာသည်။ သူမ၏ ကျောင်းသား မြေပြင်ပေါ် လဲလျောင်းနေသည်ကို မြင်သည့်အခါ သူမ အံ့အားသင့်သွားပြီး မသိစိတ်ကပင် သူ့ကို ထူရန် လက်လှမ်းလိုက်သည်။
သို့သော် သူမသည် ကိုယ်၏ တစ်ဝက်ကို မြှောက်လိုက်ရုံသာ ရှိသေးသည်။ လက်သည် မီးလောင်သကဲ့သို့ ရုတ်တရက် ရုပ်သွားသည်။
လင်ကျစ်ဟန်၏ ကိုယ်အပေါ်ပိုင်းသည် နောက်တစ်ကြိမ် လဲကျသွားသည်။ သူ့ခေါင်းဖြင့် မြေပြင်ကို ရိုက်မိသည်။ မျက်စိဖြင့် မြင်နိုင်သည့် ပမာဏဖြင့် အနည်းငယ် ခုန်တက်သွားပြီး ထပ်မံ လဲကျသွားသည်။ မြေပြင်ပေါ် ပြုတ်ကျသည့်အသံသည် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသော ကော်ကဲ့သို့ အရာတစ်ခု၏ အသံဖြစ်သည်။
အခုဆိုရင် တခြားသူတွေလည်း တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်သွားကြသည်...
မည်သူမျှ စကားမပြောရဲပေ။
ဘာတွေဖြစ်နေသည်ကို မသဲမကွဲ သိနေသော်လည်း သူတို့သည် ကြည့်နေရုံသာ တတ်နိုင်ပြီး ဘာမှ လုပ်မပေးနိုင်ခဲ့ကြပေ။
တိတ်ဆိတ်ပြီး စိတ်ပျက်အားငယ်သည့် ပတ်ဝန်းကျင်သည် ရှန်မို ပြန်လာသည်အထိ ဆက်လက်တည်ရှိနေသည်။
သူသည် လူတိုင်း မြေပြင်ပေါ်ရှိ ကျောင်းသားတစ်ဦးကို ဝိုင်းရံနေသည်ကို တွေ့လိုက်ရသည်။
ကောင်လေး၏ အခြေအနေက အနည်းငယ်ထူးဆန်းသည်။ သူ ကြောင်တောင်တောင် ဖြစ်နေပြီး အသက်ရှုသံသည် ခပ်ဖျော့ဖျော့ ရှိနေသည်။ သို့သော် သူ အသက်ရှင်နေသည်ဟု လုံးဝ မထင်ရပေ။ ထို့အပြင် သူ၏ မျက်နှာ... သူ၏ အသားအရေသည် တဖြည်းဖြည်း ပလပ်စတစ်ကဲ့သို့ ခံစားမှု ဖြစ်လာသည်။
ရှန်မိုသည် လူတိုင်းကို ကြည့်လိုက်ပြီး “ဘာဖြစ်နေတာလဲ”
မည်သူမျှ သူ့ကို ပြန်မဖြေပေ။
ချမ်းဟွေးသည် အသံကြောင့် နိုးလာသည်။ သူမ သတိဝင်လာပြီး တဲထဲရှိ ပိုင်ယို့ဝေကို တည့်တည့်ကြည့်သည်။
ရုတ်တရက် အားကုန် ခုန်အုပ်လိုက်သည်။
ရှန်မိုသည် သူမကို တားရန် လက်လှမ်းလိုက်သည်။
ချမ်းဟွေးသည် ပခုံးမှဆွဲယူခံလိုက်ရပြီး ပြုတ်ကျသွားသည်။ သူမသည် သူမ၏ မျက်လုံးနီနီများဖြင့် ပိုင်ယို့ဝေကို အော်ဟစ်လိုက်သည်။ “ဘာလို့ ဒီလိုဖြစ်နေတာလဲ။ ဘာလို့လဲ”
ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်သည်။ “ငါ မသိဘူး”
ချမ်းဟွေးသည် ဤအဖြေကို လက်မခံဘဲ ငိုရင်းပြောသည်။ “ရှင် သိတယ်။ ရှင် သိကိုသိရမယ် မဟုတ်ရင် ရှင် သူ့ကို ခေါ်ခိုင်းမှာ မဟုတ်ဘူး”
“သူ့ကျောင်းဝတ်စုံက ပြောင်းပြန် ဖြစ်နေတာကို ငါ တွေ့လိုက်ရတယ်” ပိုင်ယို့ဝေ ပြန်ဖြေသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
ထို့နောက် သူတို့၏ အာရုံစိုက်မှုအားလုံး မြေပြင်ပေါ် လဲကျနေသည့် ကျောင်းသားပေါ်သို့ ရောက်သွားသည်။
——ကျောင်းဝတ်စုံသည် အားကစားဝတ်စုံပုံစံဖြစ်ပြီး ညာဘက်ရင်ဘတ်တွင် ကျောင်းတံဆိပ် ထိုးထားသည်။ သို့သော် လင်ကျစ်ဟန်၏ အဝတ်အစားပေါ်ရှိ ကျောင်းတံဆိပ်သည် ဘယ်ဘက်တွင် ရှိသည်။
ပထမတစ်ချက်ကြည့်လိုက်သည့်အခါ အဝတ်အထည်စက်ရုံက မှားယွင်းသည်ဟု ထင်ရသည်။ သို့သော် ပို၍ သေချာကြည့်လိုက်လျှင် ကျောင်းတံဆိပ်ပေါ်ရှိ အတိုကောက်စာလုံးများသည်လည်း ပြောင်းပြန် ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
ပြောင်းပြန်...
အရာရာသည် ပြောင်းပြန် ဖြစ်နေသည်။
ဘယ်ဘက်ခွဲထားသည့် ဆံပင်သည် ညာဘက်ခွဲထားသည့် ဆံပင် ဖြစ်လာသည်။ ဘယ်ဘက်လက်မှ နာရီသည် ညာဘက်လက်သို့ ရောက်သွားသည်။ အားကစားဖိနပ်ပေါ်ရှိ လိုဂိုသည်လည်း ပြောင်းပြန် ဖြစ်နေသည်။ လင်ကျစ်ဟန်သည် လုံးဝ ပြောင်းပြန် ဖြစ်နေသည်။
စိတ်ခံစားမှုများသည် ကူးစက်တတ်သည်။
ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုသည် လူအုပ်ကြားတွင် ပျံ့နှံ့သွားသည်။
သူတို့သည် ဂိမ်းများတွင် သူတို့၏ အတန်းဖော်များ သေဆုံးသည်ကိုလည်း မျက်မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ယခု...ယခုလို သူတို့၏ မျက်လုံးရှေ့တွင် အရုပ် ဖြစ်သွားခြင်း၏ ထိတ်လန့်မှုသည် ကျောင်းသားတိုင်းကို တစ်ကိုယ်လုံး အေးစက်သွားစေသည်။
တုဒန်လည်း ဤရုတ်တရက် ပြောင်းလဲမှုကြောင့် အံ့အားသင့်နေသည်။
ရှန်မိုက တုဒန်ကို ဘေးကနေ သတိပေးသည့်အခါ သူမ သတိဝင်လာသည်။ သူမသည် မဝံ့မရဲဖြင့် ကောင်လေးနှစ်ယောက်ကို ခေါ်ပြီး လင်ကျစ်ဟန်ကို တဲဆီ ပြန်သယ်သွားသည်။
လင်ကျစ်ဟန်၏ ကိုယ်ခန္ဓာသည် အလွန်ပေါ့ပါးသွားပြီး ကောင်လေးနှစ်ယောက်က သူ့ကို အားထုတ်စရာ မလိုဘဲ မြှောက်တင်လိုက်ကြသည်။
သူ၏ ခန္ဓာကိုယ်သည် တစ်ဝက်တစ်ပျက် တောင့်တင်းနေပြီး ကိုယ်အပူချိန်လည်း တဖြည်းဖြည်း ပျောက်ကွယ်နေသည်။ သူ၏ အသက်မဲ့သည့် မျက်လုံးများသည် ကောင်းကင်ကို ကြည့်နေပြီး “ဘာလို့ ဒီလိုဖြစ်ရတာလဲ” ဟု မေးနေသည့်အလား ဖြစ်သည်။
နေ့ညမပြတ် အတူရှိခဲ့သည့် သူတို့၏ အတန်းဖော်သည် သူတို့၏ မျက်လုံးရှေ့တွင် တဖြည်းဖြည်း အရုပ် ဖြစ်သွားသည်ကို မြင်ရသည်မှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်တူသည်။ ကျောင်းသားများသည် မျက်ရည်များ သုတ်နေကြသည်။
ပိုင်ယို့ဝေသည် သူတို့ကို ကြည့်ပြီး မေးသည်။ “ဒီကောင်လေးက ပုံမှန်အားဖြင့် ဘယ်သူနဲ့ အရင်းနှီးဆုံးလဲ။ သူက မနေ့ညက ဒီလိုပဲလား၊ ဒါမှမဟုတ် ဒီမနက်မှ ဒီလို ဖြစ်သွားတာလား”
…………..
အခန်း (၁၀၄) ဒုတိယ ထွက်ပေါက်
ကျောင်းသားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့၏ မျက်လုံးများသည် အရပ်ရှည်သည့် ကောင်လေးတစ်ဦးပေါ်သို့ ရောက်သွားသည်။
“ယန်ရီနဲ့ လင်ကျစ်ဟန်က အရင်းနှီးဆုံးပဲ။ သူတို့ တဲအတူတူ နေကြတာ”
တုဒန်က ထိုကောင်လေးကို မေးသည်။ “ယန်ရီ၊ မနေ့က လင်ကျစ်ဟန်မှာ ထူးဆန်းတာ ဘာမှ မရှိဘူးလား။နင်တို့ ဘယ်သွားကြတာလဲ”
“မရှိဘူး...” ထိုကောင်လေးသည် မျက်လုံးများနီရဲစွာဖြင့် အသံနက်ကြီးဖြင့် ပြောသည်။ “သူ မနေ့ညက ပြန်လာတုန်းက ကောင်းကောင်းမွန်မွန်ပဲ။ ကျွန်တော်တို့ ခဏ စကားပြောပြီး အိပ်ပျော်သွားကြတယ်... မနက်ကျတော့ ကျွန်တော် အရင်နိုးပြီး သူ့ကို ထဖို့ ခေါ်တယ်။ ဒါပေမယ့် သူက ကြောင်တောင်တောင် ဖြစ်နေတာ။ အဲဒါနဲ့ သူ အိပ်ရေးမဝလို့ ထင်ပြီး ကျွန်တော် အရင် သွားရေချိုးလိုက်တာ”
သူသည် ခေါင်းငုံ့လိုက်သည်။သူ၏ အတန်းဖော် ဖြစ်ပျက်ခဲ့သည်ကို ရင်မဆိုင်နိုင်သည့်အလား သူ့၏ အသံသည် တဖြည်းဖြည်း နာကျင်လာသည်။ “... နောက်ပိုင်းတော့ ဒီလို ဖြစ်သွားတာပဲ”
“အကြောင်းမဲ့ ဒီလို ဖြစ်သွားမှာ မဟုတ်ဘူး။ သေချာ စဉ်းစားပါဦး” ပိုင်ယို့ဝေက မေးသည်။ “မင်း အိပ်ပျော်သွားပြီးမှ သူ အပြင်ထွက်သွားတာ ဖြစ်နိုင်လား”
ယန်ရီသည် သူ့ခေါင်းကို ကိုင်ထားပြီး စကားမပြောနိုင်တော့ပေ။
ဤအချိန်တွင် လူအုပ်ထဲက ကျန်းထျန်းယန် ရုတ်တရက် “အာ” ဟု အာမေဋိတ် ပြုလိုက်သည်။
လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။
ကျန်းထျန်းယန်က ပြောသည်။ “လင်ကျစ်ဟန် ညဘက် အိမ်သာသွားခဲ့ပုံရတယ်။ ကျွန်တော် မနေ့ညက နောက်ကျမှ အိပ်တာ။ ဘေးတဲက တစ်ယောက်ယောက် ထွက်သွားတာကို ကြားလိုက်တယ်။ ဒါပေမယ့် ဘယ်သူလဲဆိုတာ သေချာ မသိဘူး။ အခု ကြည့်ရတာ... ယန်ရီ အိပ်ပျော်သွားပြီဆိုရင် လင်ကျစ်ဟန် ဖြစ်ရမယ်”
ရှန်မိုသည် အဓိက အချက်ကို ဖမ်းဆုပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “အိမ်သာမှာ မှန်ရှိလား”
“ရှိတယ် ဒါပေမယ့် ကျွန်တော်တို့ ကာထားတယ်” ကျန်းထျန်းယန်သည် ထရပ်ပြီး ပြောလိုက်သည်။ “ကျွန်တော် ခေါ်သွားပေးမယ်”
ကျောင်းသားများ အိမ်သာသွားသည့် နေရာသည် “L” ပုံသဏ္ဌာန် ကော်ဖီဆိုင်တစ်ခု ဖြစ်ပြီး ဝင်္ကပါ၏ အလယ်ဗဟိုမှ ထောင့်တစ်နေရာတွင် တည်ရှိသည်။
ကော်ဖီဆိုင်ရှိ အဆောက်အအုံများသည် အခြေခံအားဖြင့် မပျက်စီးသေးဘဲ အတွင်းတွင် သီးခြား အိမ်သာတစ်ခု ရှိသည်။
ပတ်ဝန်းကျင်ရှိ ရောင်ပြန်ဟပ်သည့် ပစ္စည်းများအားလုံးနီးပါးကို စက္ကူ သို့မဟုတ် အဝတ်ဖြင့် ဖုံးအုပ်ထားသည်။ ရေချိုးခန်းရှိ မှန်ကိုလည်း ကော်ဖီဆိုင် လက်ကမ်းစာစောင်တစ်ခုဖြင့် ဖုံးအုပ်ထားပြီး ဟနေတာမျိုးမရှိအောင် တင်းတင်းကျပ်ကျပ် တိပ်ဖြင့် ကပ်ထားသည်။
ရှန်မိုသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူသည် မျက်နှာကျက်ကို ကြည့်လိုက်သည်။
မျက်နှာကျက်သည် မှန်ဖြစ်သည်။
မှောင်မိုက်သည့် မှန်သည် “သူတို့” ၏ အရိပ်များကို ထင်ဟပ်နေသည်။ ဤအချိန်တွင် ၎င်းသည် သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ရှန်မို၏ အကြည့်ကို လိုက်ကြည့်သူတိုင်း အသက်ရှူမှားသွားကြသည်။
ပြောစရာ မလိုဘဲ လူတိုင်း တညီတညွတ်တည်း နောက်သို့ ဆုတ်သွားကြသည်။ ကော်ဖီဆိုင်တံခါးသို့ ရောက်သည်အထိ... ထို့နောက် ဘာမှမပြောဘဲ ဝင်္ကပါအလယ်ဗဟိုသို့ ပြန်သွားကြသည်။
ပြန်ရောက်သည့်အခါ လင်ကျစ်ဟန်သည် အရုပ် အပြည့်အစုံ ဖြစ်သွားပြီဖြစ်သည်။
တုဒန်သည် တဲလိုက်ကာကို ဇစ်ပိတ်ကာ လင်ကျစ်ဟန်၏ အရုပ်ကို အတွင်းတွင် ပိတ်ထားလိုက်သည်။ သူ့ကို မမြင်ရမှသာ သူမ၏ ရင်ထဲရှိ လေးလံမှုများ ပျောက်ကွယ်သွားမည်ဟု ထင်သည့်အလား ဖြစ်သည်။
ဝင်္ကပါကို ရှေ့ဆက်တိုးသည့် အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့သည်။
ကျောင်းသားတိုင်း စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်တုန်လှုပ်နေကြသည့်အတွက် တာဝန်ခံဆရာမ တုဒန်လည်း အလွန်ရှုပ်ထွေးနေပြီး ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ ထို့ကြောင့် နေရာတွင်ပင် အနားယူနေရုံသာ တတ်နိုင်ခဲ့သည်။
အနားယူနေစဉ်တွင် သူတို့သည် စက္ကူနှင့် တိပ်များကိုလည်း ပို၍ ရှာဖွေကြပြီး မြင်နိုင်သည့် မှန်များအားလုံးကို စက္ကူဖြင့် ဖုံးအုပ်ထားခဲ့ကြသည်။
ရှန်မိုနှင့် ပိုင်ယို့ဝေတို့ကမူ ပုံမှန်အတိုင်း ဝင်္ကပါကို စူးစမ်းခဲ့ကြသည်။
ပိုင်ယို့ဝေသည် လမ်းတွင် အရုပ်များကို စဉ်းစားနေပြီး အနည်းငယ် စိတ်မပါ့တပါ ဖြစ်နေသည်။ ထို့ကြောင့် ရေတွက်သည့် အလုပ်ကို ဆရာချန်းကို လွှဲထားခဲ့သည်။ မနေ့က လမ်းကြောင်းအတိုင်း ပိုမို နက်ရှိုင်းစွာ စူးစမ်းရာတွင် လမ်းကြောင်းတစ်ခုတွင် အရုပ်များကို တွေ့ခဲ့ကြသည်။
ထိုအရုပ်များသည် ကွန်ကရစ်နံရံထဲတွင် ဆယ်ဂဏန်းခန့် မြုပ်ဝင်နေကြပြီး ခေါင်းနှင့် ပခုံးများသာ ပေါ်နေသည်။
သို့သော် ရှေ့သို့ ကြည့်လျှင် အရေအတွက် တိုးလာနေသည်။
လမ်းကြောင်း ဆုံးသွားပြီး ကွေ့သွားသည်။ ထို့နောက် “တံခါး” သို့ ဦးတည်သည့် နောက်ထပ် လမ်းကြောင်းတစ်ခု ရှေ့တွင် ပေါ်လာသည်။
ယခင်တစ်ခုကဲ့သို့ပင် နှစ်ဖက်စလုံးတွင် အရုပ်များ ကျပ်ကျပ်ညပ်ညပ် ပြည့်နေသည်။
လူလေးဦးသည် လမ်းဆုံအလယ်တွင် ကြာမြင့်စွာ ရပ်တန့်နေကြသည်။ မည်သူမျှ တစ်လှမ်းမျှ ရှေ့သို့ မတိုးရဲပေ။
ဆရာချန်းသည် သူ့၏ လူများကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ “ငါတို့ ပြန်သွားပြီး သူတို့ကို အကြောင်းကြားသင့်လား”
ရှန်မိုသည် ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ဆက်သွားကြစို့”
သူသည် ပိုင်ယို့ဝေကို ငုံ့ကြည့်ပြီး ထပ်မေးသည်။ “မင်း ဘယ်လို ထင်လဲ”
ပိုင်ယို့ဝေသည် မဖွင့်ရသေးသည့် တံခါးကို ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။ “ထူးခြားတဲ့ ထွက်ပေါက်မရှိတဲ့အတွက် ဆက်သွားကြစို့”
……………..
အခန်း (၁၀၅) လူနှစ်ဦး ပျောက်နေသည်
သူတို့သည် အမှတ်အသားတစ်ခု ပြုလုပ်ခဲ့ပြီးနောက် လမ်းကြောင်းတစ်ခုကို ပြောင်းကာ ဝင်္ကပါ၏ အတွင်းပိုင်းသို့ ထပ်မံ ထွက်ခွာခဲ့ကြသည်။
ညနေပိုင်းအထိ ဆက်လက် စူးစမ်းပြီးနောက် လမ်းကြောင်းအတိုင်း ပြန်လာကြသည်။
ဝင်္ကပါအလယ်ဗဟိုသို့ ပြန်ရောက်သည့်အခါ လူတိုင်း ပင်ပန်းနွမ်းနယ်နေကြသည်။ ဆရာချန်းက ခေါက်ဆွဲ မချက်တော့ဘဲ လင်ကျစ်ဟန်၏ ကိစ္စကြောင့် မည်သူမျှလည်း အစာစားချင်စိတ် မရှိကြပေ။ ညစာကို အသင့်စားခေါက်ဆွဲအချို့သာ စားခဲ့ကြသည်။
အိပ်ရာဝင် အနားယူရန် အချိန်ရောက်သည့်အခါ မမျှော်လင့်သည့်အရာတစ်ခု ဖြစ်ခဲ့သည်။ တုဒန်၏ အဖွဲ့မှ ကျောင်းသားနှစ်ဦး ပျောက်ဆုံးနေသည်။
နေ့ဘက်တွင် လူတိုင်း လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိသည်။ တုဒန်သည် ကျောင်းသားများကို သိပ်မကန့်သတ်ပေ။ သူတို့ ဘယ်ကို သွားသွား တစ်ယောက်တည်း မသွားရန်သာ သတိပေးသည်။ အစားအသောက်ရှာသည်ဖြစ်စေ၊ အိမ်သာသွားသည်ဖြစ်စေ အနည်းဆုံး နှစ်ဦးအုပ်စုဖွဲ့၍ သွားသင့်သည်။
ညနေပိုင်းတွင် လူအရေအတွက်ကို ရေတွက်သည့်အခါ လူနှစ်ဦး ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
တုဒန်သည် ဒွိဟ ဖြစ်နေသည်။
အခုဆို ညဉ့်နက်နေပြီ။ ပျောက်ဆုံးနေသည့် ကျောင်းသား ပြန်မလာသေးပေ။ ရှာသင့်လား မရှာသင့်လားမသိတော့ပေ။
ရှာဖို့ သွားရင်း တစ်ခုခု ထပ်ဖြစ်ရင် ဘယ်လိုလုပ်ရမလဲ။
ဒါပေမယ့် မရှာရင် ကျောင်းသားတွေ အန္တရာယ်နဲ့ ကြုံတွေ့နေရင် ဘယ်လိုလုပ်မလဲ။
ဤအချိန်တွင် ကောင်မလေးတစ်ဦးက ထရပ်ပြီးပြောလိုက်သည်။ “ကျွန်မ... သွားရှာပေးရမလား”
စကားပြောသူမှာ လျောင်ကျင်းကျင်း ဖြစ်သည်။
တုဒန်၏ မျက်နှာသည် ရုတ်တရက် မှောင်မိုက်သွားသည်။ “ထိုင်နေ။ ကောင်မလေးတွေက ညဘက် အန္တရာယ်များတာကို ဟိုဟိုဒီဒီ လျှောက်မသွားသင့်ဘူး”
“မဟုတ်ဘူး...” လျောင်ကျင်းကျင်းက အတင်းအကျပ် ပြုံးကာ သူ့ဘေးက ကောင်လေးတစ်ဦးကို ဆွဲပြီး ပြောလိုက်သည်။ “ယန်ရီ၊ ငါနဲ့အတူ လိုက်ရှာပေးပါ။ ဘာမှ ဖြစ်မှာမဟုတ်ဘူး”
ယန်ရီလား?
တုဒန်သည် အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယန်ရီက ခေါင်းငုံ့ပြီး ဘာရှင်းပြချက်မှ မပေးဘဲ “အင်း” ဟု မသဲမကွဲ ပြောလိုက်သည်။
လျောင်ကျင်းကျင်းက သူ့လက်ကို ဆွဲကာ တုဒန်ကို ထပ်မံ ပြောသည်။ “သူတို့က တစ်နေရာရာမှာ ပိတ်မိနေပြီး လမ်းပျောက်နေတာ ဖြစ်နိုင်တယ်... အားလုံးက ပတ်ဝန်းကျင်ကို ရင်းနှီးပေမယ့် နေရာတော်တော်များများမှာ မှတ်တမ်းမရှိဘူးလေ။ ယန်ရီနဲ့ ကျွန်မ အနီးအနားမှာ ရှာကြည့်မယ်၊ ခဏနေ ပြန်လာခဲ့မယ်...”
သူမသည် ပြောရင်း ယန်ရီကို ဝင်္ကပါလမ်းကြောင်းဘက်သို့ ဆွဲခေါ်သွားသည်။
“ရပ်စမ်း” တုဒန်၏ မျက်နှာသည် မှောင်မိုက်သွားပြီး လျောင်ကျင်းကျင်း၏ မျက်နှာကို စိုက်ကြည့်ကာ မေးသည်။ “နင် တံခါးဆီ သွားချင်တာလား”
လျောင်ကျင်းကျင်း၏ မျက်နှာ ခဏမျှ တောင့်တင်းသွားသည်။ သူမက နှုတ်ခမ်းထောင့်ကို ဆွဲတင်ပြီး အသံတိုးတိုးဖြင့် “အနီးအနားမှာ မတွေ့ရင်... သွားကြည့်ရမှာပေါ့။ သူတို့လည်း တံခါးဆီ သွားတာ ဖြစ်နိုင်တာပဲ”
“လျောင်ကျင်းကျင်း!” တုဒန် ထရပ်သည်။
သူမ၏ အသံတွင် သည်းမခံနိုင်သည့် ဒေါသများ ပါဝင်နေပြီး အတန်းဖော်များအားလုံး သူမကို ကြည့်နေကြသည်။
“သဘောတူညီချက်မရသေးခင် ဘယ်သူမှ အဲဒီကို သွားခွင့်မရှိဘူးလို့ ငါ ပြောထားတယ်” တုဒန်သည် လျောင်ကျင်းကျင်းကို ပြင်းထန်စွာ မေးခွန်းထုတ်သည်။ “နင် ဒီအခွင့်အရေးကိုယူပြီး အဲဒီကနေ ထွက်သွားချင်တာ မဟုတ်လား။ ငါ ပြောခဲ့တာတွေ နင် မေ့နေပြီလား”
လျောင်ကျင်းကျင်း၏ မျက်နှာသည် နီရဲသွားပြီးမှ ဖြူဖျော့သွားသည်။
တုဒန်က ယန်ရီကို ထပ်မေးသည်။”ယန်ရီ နင်လည်း သွားချင်တာလား။ နင် သွားချင်တာလား ဒါမှမဟုတ် သူက နင့်ကို အတင်းအကျပ် ခေါ်တာလား”
တုဒန်သည် သူမ၏ ကျောင်းသားများကို ကောင်းစွာ သိသည်။ ယန်ရီသည် အတန်းထဲတွင် အရပ်အရှည်ဆုံးနှင့် အသန်ဆုံး ဖြစ်သော်လည်း အလွယ်တကူ လွှမ်းမိုးခံရသူလည်း ဖြစ်သည်။ လင်ကျစ်ဟန်၏ မတော်တဆမှုနောက်ပိုင်းတွင် သူ ပို၍ပင် ရှုပ်ထွေးသွားသည်။ ထို့ကြောင့် လျောင်ကျင်းကျင်း၏ လှုံ့ဆော်မှု ခံရသည်မှာ အံ့ဩစရာ မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း သူမ မေးခွန်းထုတ်ပြီးနောက် ယန်ရီသည် သူ့လက်မောင်းကို ဆွဲထုတ်ပြီး လျောင်ကျင်းကျင်းကို မသက်မသာ ပြောလိုက်သည်။ “နင် တစ်ယောက်တည်း သွား... ငါ၊ ငါ မသွားတော့ဘူး...”
“နင် ခုနက ငါ့ကို ကတိပေးခဲ့တယ်လေ” လျောင်ကျင်းကျင်းသည် ရှက်ရွံ့ဒေါသထွက်နေသည်။
“လျောင်ကျင်းကျင်း၊ နင့်တဲကို ပြန်တော့” တုဒန်က သူမကို ပြင်းပြင်းထန်ထန် ဆူပူသည်။ “ပြဿနာ မရှာနဲ့တော့။ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်။ နင် ဘာတွေ စဉ်းစားနေတာလဲ”
“ဆရာမတုကရော ဘာတွေစဉ်းစားနေတာလဲ” လျောင်ကျင်းကျင်းသည် စိုးရိမ်တကြီး အော်လိုက်သည်။ “ဆရာမ၊ ဆရာမ ဘာတွေ စဉ်းစားနေတာလဲ။ ထွက်ပေါက်ကို တွေ့နေပြီပဲကို ဘာမှ မလုပ်ဘဲ နေနေတယ်။ ဒီနေရာမှာ ဆက်နေတာ ဘာလုပ်ဖို့လဲ သေဖို့ စောင့်နေတာလား။ ဟမ်”
သူမသည် ဒေါသထွက်နေသည်။ ယန်ရီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ထားလိုက်တော့! ငါ တစ်ယောက်တည်း သွားမယ်”
ထိုသို့ ပြောပြီးနောက် သူမသည် လှည့်ပြီး လမ်းကြောင်းဘက်သို့ ထွက်သွားသည်။
“လျောင်ကျင်းကျင်း ပြန်လာခဲ့” တုဒန်သည် ဒေါသထွက်ပြီး သူမနောက်သို့ လိုက်ရန် ထရပ်သည်။
နှစ်ဦးသား ရေပန်းတွင် တွန်းထိုးဆွဲငင်နေကြသည်။
လျောင်ကျင်းကျင်းသည် တုဒန်က ဆွဲနေတာကြောင့် စိတ်တိုလာသည်။ သူမ ဒေါသထွက်ပြီး အားကုန်တွန်းလိုက်သည်။
“ကျွန်မကို မနှောင့်ယှက်နဲ့”
“ဆရာမတု” ကျောင်းသားများသည် အာမေဋိတ် ပြုလိုက်ကြသည်။
တုဒန်၏ ကိုယ်ခန္ဓာသည် နောက်သို့ ယိမ်းသွားသည်။ သူမ၏ မျက်ဝန်းသူငယ်အိမ်များသည် ထိတ်လန့်တကြား ကျုံ့သွားသည်။ နောက်တစ်ခဏတွင် သူမသည် ရေပန်းကန်ထဲသို့ ပြုတ်ကျသွားသည်။
……………..