အိပ်စက်နေသော မင်းသမီးလေး (၁)
Vol. 4 Ch. 191
“ ကျေးဇူးပြုပြီး ကျုပ်သမီးလေးကို ကယ်ပါဦး၊ ညအရှင်။ ဘာပဲပေးဆပ်ရ ပေးဆပ်ရ အကုန်ဖြည့်ဆည်းပေးပါမယ်။”
ကျွန်မဘဝမှာ မြင်ရမယ်လို့ ထင်မထားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ကျွန်မရှေ့မှာ ဖြစ်လာခဲ့တယ်။ အထန်တန်းလွှာလိုမျိုး ဝတ်ဆင်ထားတဲ့ ထိပ်ပြောင်ပြောင်လူကြီးက ကျွန်မတို့ရှေ့မှာ ဒူးထောက်နေတယ်။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ ကျွန်မတို့လူအုပ်ထဲက နက်ဆန်ကို ဒူးထောက်နေတာပါ။
သူ့ရဲ့နောက်မှာတော့ ပန်းပွင့်တွေစီခြယ်ထားတဲ့ မွေ့ရာပေါ် လဲလျောင်းနေတဲ့ မိန်းမလှလေးတစ်ယောက် ရှိလို့နေတယ်။ တောက်ပတဲ့ ရွှေဝါရောင်ဆံပင်၊ ကြွေရုပ်လေးလို ဝိုင်းစက်တဲ့မျက်နှာထား၊ ဖူးပွင့်တော့မယ့်ပန်းဟန် နှုတ်ခမ်းတို့ဟာ မိန်းမချင်းတောင် ပြန်ငေးရလောက်ပါဘိ။
ဒါပေမဲ့ ဒီမိန်းကလေးဟာ အိပ်ပျော်နေခဲ့တာ အချိန်အတော် ကြာနေခဲ့ပါပြီ။ ပြီးတော့ ဒီထူးခြားဆန်းကြယ်တဲ့အမှုဆီ ကျွန်မတို့ကို ခေါ်ဆောင်လာပေးတဲ့သူကလည်း ထင်မထားတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။
...
ရထားပေါ်ကဆင်းပြီးနောက် မကြာခင်မှာပဲ ကျွန်မတို့တွေ စထရာဘော့ဂ်မြို့ရဲ့ဆိုဖီတယ်ဂရမ်းလဲရီဟိုတယ်ရှေ့ကို ရောက်လာခဲ့ကြတယ်။ နက်ဆန်ရဲ့အကျင့်အတိုင်းပဲ ကြိုတင်ဘိုကင်လုပ်မထားဘဲ တစ်မြို့လုံးကိုပတ်ရှာပြီးမှ တည်းမယ့်ဟိုတယ်ကို ဆုံးဖြတ်ခဲ့တာ။
ဆိုဖီတယ်ဆိုတာက ပြောစရာမလိုအောင် ကမ္ဘာကျော်တဲ့ ကြယ်ငါးပွင့် ပြင်သစ်ဟိုတယ်လုပ်ငန်းကြီးတစ်ခုလေ။ နိုင်ငံတိုင်းလိုလိုမှာ ကြယ်ငါးပွင့်ဟိုတယ်တွေ ဖွင့်လှစ်ထားတယ်။ ကျွန်မတို့ရှေ့က ဟိုတယ်က သိပ်မကြီးဘဲ လေးထောင့်ဆန်ဆန်တည်ဆောက်ထားတာ ဖြစ်ပေမဲ့လို့ နီယိုရီနေးဆန့်စတိုင် အမိုးခုံးတံခါးဝတွေနဲ့ မြေညီထပ်မှာဖွင့်ထားတဲ့ ကဖေးဆိုင်က ကော်ဖီနံသင်းသင်းကိုရနေတယ်။
“ဘွန်ဂျူး... အခန်းဘိုကင်တင်ပြီးပြီလား၊ ဒါမှမဟုတ် အခုမှအခန်းရွေးမှာလား မွန်စီယာ။”
ဟိုတယ်ဧည့်ခန်းထဲကိုဝင်လိုက်တာနဲ့ ကျွန်မတို့တွေကို ဧည့်ကြိုဌာနက တန်းနှုတ်ဆက်ပါတယ်။ သူတို့တွေက အဖြူရောင်လက်အိတ်၊ ကော့ပြန့်နေအောင် မီးပူတိုက်ထားတဲ့ ရှပ်အဖြူနဲ့ဝစ်ကုတ်ကို ဝတ်ဆင်ထားလို့။
“နှစ်ယောက်ခန်းတစ်ခန်းနဲ့ တစ်ယောက်ခန်းတစ်ခန်းပေးပါ။”
နက်ဆန်က ကျွန်မတို့မိန်းကလေးနှစ်ယောက်ကို တစ်ခန်းတည်းအတူနေစေချင်ပြီး သူကိုယ်တိုင်က သီးခြားအခန်းတစ်ခန်းမှာနေဖို့ ဆုံးဖြတ်ထားပုံပဲ။ ဒါပေမဲ့ မိုနီကာက ရုတ်တရက်လက်ခုပ်လက်ဝါးတီးလိုက်ပြီး နက်ဆန့်လက်မောင်းကို ဆွဲပွေ့လိုက်ရင်း ကျွန်မကို လျှာထုတ်ပြတယ်။
“ကျိန်စာသံလိုက်မ၊ ငါနဲ့ငါ့ဒါလင်နဲ့တစ်ခန်းတည်း နေရမှာ။ နင်ကတခြားအခန်းမှာနေ။”
ကျွန်မလည်း ရင်ထဲကနေ တလိပ်လိပ်ထွက်လာတဲ့ ဒေါသတွေကို မထိန်းနိုင်တာနဲ့ နက်ဆန်ရဲ့အားနေတဲ့ နောက်လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲထားလိုက်မိပြီး
“မဟုတ်ဘူး၊ နင်က အပြင်မှာအိပ်ရမှာ စကူးဘတ်မရဲ့။ ငါနဲ့နက်ဆန်နဲ့က အရင်ကတည်းက တစ်ခန်းတည်းနေနေကျ။”
တစ်ယောက်နဲ့တစ်ယောက်အကြည့်ပြိုင်ရင်း နက်ဆန်ကို နှစ်ဖက်လွန်ဆွဲကာ ဟိုတယ် ဧည့်ခန်းမထဲ စစ်ဖြစ်လုနီးပါး ဖြစ်လာချိန်မှာတော့ ကျွန်မတို့ကို လူတွေအားလုံးက ဝိုင်းကြည့်နေကြပြီ။ ဧည့်ကြို ကောင်တာက အစ်ကိုကြီးက ငါးသေမျက်လုံးကြီးတွေနဲ့ ကျွန်မတို့ကိုကြည့်လိုက်ရင်း အကြံပေးလိုက်လေရဲ့။
“ဟိုလေ... ကျွန်တော်တို့မှာ အိပ်ခန်းနှစ်ခန်းပါတဲ့ Suite အခန်းတွေလည်းရှိတာမလို့ အဲဒါယူလိုက်ပါလား။”
....
အခန်းယူပြီးတဲ့နောက်တော့ ကျွန်မနဲ့မိုနီကာက ကုတင် တစ်ခုတည်းမှာထိုင်နေကြပြီ။ ဒါပေမဲ့ရိုးရိုးမဟုတ်ဘဲ ကျွန်မတို့နှစ်ယောက်လက်ကိုတွဲပြီး လက်ထိပ်ခတ်ထားတာ။ လက်ထိပ် ဘယ်ကရလာလဲမေးရင်တော့ ကျွန်မတို့ရှေ့မှာ တုန်ယင်ပြီးရပ်နေတဲ့ ပင်စင်ယူခါနီး မျက်နှာပက်တီးပတ် စစ်ရဲသားကြီးကို မေးငေါ့ပြရမှာပဲ။
အခန်းထဲဝင်ပြီးတော့လည်း နက်ဆန်နဲ့တစ်အိပ်ရာတည်း အိပ်မယ်ဆိုပြီးတော့ ကောက်ကျစ်တဲ့စကူးဘတ်မက မာယာများနေခဲ့တာမလို့ ပါစီဗယ်ကိုကျွန်မဆင့်ခေါ်ပြီး ဒီလိုလုပ်ခိုင်းရတာ။
“ပါစီဗယ်....”
“ဟုတ်၊ မဒမ်မူဆဲဆယ်ဗီ။” ကျွန်မက စကားစတာနဲ့ အခန်းအလယ်မှာရပ်နေတဲ့ ပါစီဗယ်က သတိဆွဲအလေးပြု လိုက်ပါလေရော။ ဒီကောင်က အခုနောက်ပိုင်း လူရွှင်တော်လိုဖြစ်နေပေမဲ့ တစ်ခါတစ်ခါတော့ အသုံးဝင်သား။
“ဒီနေ့ည ငါနဲ့ဒီဟာမနဲ့က တစ်အိပ်ရာတည်းအတူအိပ်မှာ။ နက်ဆန်က ဟိုဘက်ကုတင်မှာအိပ်နေပြီ။ နင့်တာဝန်က ငါအိပ်နေတုန်း ဒီဟာမလက်ထိပ်ချွတ်ပြီး ဟိုဘက်ကူး မသွားအောင်လို့ စောင့်ကြပ်ဖို့ပဲ။”
“အမိန့်အတိုင်းပါ၊ ထိုင်ကင်းရော လှည့်ကင်းရော ချထားပါ့မယ်။”
ပါစီဗယ်က လေးလေးနက်နက်နဲ့ ကျွန်မပြောတဲ့အတိုင်း လုပ်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက် ဝမ်းသာမိပါတယ်။ ချောတဲ့ကောင်လေးချင်းတူတာတောင် သူတို့နှစ်ယောက်က တော်တော်ကွာခြားသားရယ်။ နက်ဆန်က သူချစ်တဲ့သူတွေနဲ့ မုန်းတဲ့သူတွေကို တစ်တန်းတည်းထားပြီး အေးစက်စက် ဆက်ဆံပေမဲ့ ပါစီဗယ်ကတော့ သူချစ်တဲ့သူတွေအတွက်ဆို ခွေးလေးတစ်ကောင်လိုပဲ။
တွေးရင်းတွေးရင်းနဲ့ ကျွန်မမျက်လုံးထဲမှာ ပါစီဗယ်က ဂရိစစ်ဗိုလ်ဝတ်စုံဝတ်ထားတဲ့ အက်ဇေးရှင်းခွေးလေးလို့ မြင်လာမိရော။
ကလင်... ကလင်... ကလင်...
ရုတ်တရက် ကျွန်မတို့အခန်းထဲက ဟိုတယ်ရဲ့ကြိုးဖုန်း မြည်လာတာမလို့ ကျွန်မဖုန်းကို ပြေးကိုင်ဖို့လုပ်တယ်။ မိုနီကာကိုလည်း ကျွန်မလက်နဲ့ တွဲလက်ထိပ်ခတ်ထားတာဖြစ်တဲ့အတွက် သူလည်းတွဲလောင်းကြီးပါလာပြီး ချောလဲသွားလေရဲ့။
“အရူးမ၊ နင့်အားကြီးနဲ့....”
ကျွန်မကတော့ သူ့ကိုလစ်လျူရှုထားပြီး ဖုန်းခွက်ကိုနားနား ကပ်နားထောင်တော့ ဧည့်ကြိုမိန်းကလေးတစ်ယောက်ရဲ့ အသံကိုစကြားရပါတယ်။
“ဟယ်လို၊ အခန်းနံပါတ်ဘယ်လောက်ကပါလား။ ဧည့်သည်တော်တို့နဲ့တွေ့ချင်တဲ့ အမျိုးကောင်းသမီးတစ်ယောက်က သီးသန့်ဧည့်ခန်းထဲမှာ စောင့်နေပါတယ်ရှင့်။ ကျေးဇူးပြုပြီးဆင်းလာပေးပါ။”
ဘယ်သူလဲဆိုတာ ကျွန်မ မသိဘူး။ နက်ဆန်ကိုကြည့်တော့ အိပ်ရာပေါ်မှာအိပ်နေတာ သိုးလို့။ မနက်ဆယ့်တစ်နာရီမလို့ သူ့အိပ်ချိန်လေ။ ဒါကြောင့်နှိုးရမှာအားနာတာနဲ့ ကျွန်မပဲ သွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။
“ဆယ်... ဆယ်ဗီ၊ လက်ထိပ်ကို ဖြုတ်ထားပြီးမှ သွားတွေ့ပါလား။ ဒီအတိုင်းကြီးထွက်သွားရင် သူများတွေတစ်မျိုးထင်လိမ့်မယ်နော်။”
ပါစီဗယ်က ကျွန်မတို့ကိုလှမ်းသတိပေးတယ်။ ကျွန်မက ကျွန်မနဲ့အတူတွဲလက်ထိပ်ခတ်ခံထားရတဲ့ မိုနီကာနဲ့ သူ့မျက်နှာပေါ်က ပြည်တီတီအပြုံးကိုကြည့်ရင်းနဲ့ ခေါင်းခါလိုက်ပါတယ်။
“ဒီဟာမကို ကျောခိုင်းထားသွားရမယ့်အလုပ်မျိုး မလုပ်နိုင်ဘူး။”
ပြောပြောဆိုဆိုနဲ့ ကျွန်မလည်း မိုနီကာ့လက်ကိုဆွဲပြီး အခန်းအပြင်ထွက်ခဲ့တယ်။ စင်္ကြန်လမ်းပေါ်ကို ရောက်ရောက်ချင်းမှာပဲ ဟိုတယ်အိမ်တော်ထိန်း တစ်ယောက်က ဟိုတယ်တွန်းလှည်းအလေးကြီးကို တွန်းပြီးတော့ စင်္ကြန်ပေါ်မှာသွားနေတာ တွေ့ရတယ်။ အခန်းတွေကိုလိုက် သန့်ရှင်းရေးလုပ်ပေးနေတာနေမှာ။
မိုနီကာက အဲဒီလူကိုတွေ့တာနဲ့ ရုတ်တရက်ကျွန်မလက်ကို သူ့ရင်ထဲရောက်တဲ့အထိ ဆွဲပွေ့လိုက်ပြီး...
“အာရာ့... ဆွီတီလေး... နင်က အရမ်းဆိုးတာပဲ။ တို့ကို အနားကနေ တစ်ဖဝါးမှမခွာအောင်လို့ လက်ထိပ်ပါ ခတ်ထားရတယ်လို့။”
မိုနီကာက ခပ်ကျယ်ကျယ်ပြောလိုက်တာမလို့ ဝန်ထမ်း ဦးလေးကြီးက ကျွန်မတို့ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေပြီ။ သေချာပေါက် ကျွန်မတို့ကိုထူးဆန်းတဲ့ ဝါသနာတွေရှိတဲ့ လိင်တူစုံတွဲလို့ ထင်သွားမှာပါ။
“ဟဲ့၊ စကူးဘတ်မ တိတ်တိတ်နေစမ်း။” ကျွန်မက သူ့ခါးကို လိမ်ဆွဲပြီး ပြောလိုက်တော့ ပိုတောင်ရောင့်တက်လာသေး။ သူက ကျွန်မပခုံးပေါ်ခေါင်းမှီပြီး ခပ်တိုးတိုးပြောတယ်။
“နင်တောင် ငါ့ကို ပြဿနာရှာသေးတာပဲ။ ငါလည်းနင့်ကို ရတဲ့နည်းနဲ့ ပြန်ကွိုင်ရှာပြမယ်။” အဲဒီနောက်တော့ တစ်လမ်းလုံး မကြားဝံ့မနာသာတွေကို အသံကျယ်ကြီးနဲ့ လျှောက်ပြောတော့တာပဲ။
“ဆွီတီလေးက တို့ကိုတစ်ညလုံး ပေးမအိပ်ဘူး။”
“ဆွီတီလေးနဲ့ဒီညလေး ကိုလံဘတ်လုပ်တိုင်း ကစားကြမယ်နော်။”
“ဆွီတီလေးရေ... ဒီည ခြောက်ကိုးကစားကြမလား။’
အောက်ထပ်က ဧည့်ကြိုခန်းမကိုရောက်တော့ ကျွန်မ မျက်နှာတစ်ခုလုံး နီရဲနေပြီ။ တတ်လည်းတတ်နိုင်တဲ့ စကူးဘတ်မ။ ဒီလိုမာယာမျိုးနဲ့ဆိုရင် ယောက်ျားတွေရော မိန်းကလေးတွေပါ သူ့ရှေ့မှာဒူးထောက်နေရမှာပဲ။
“ဒီဘက်ကို ကြွပါရှင့်....” ဧည့်ကြိုဝန်ထမ်းတစ်ယောက်က ကျွန်မတို့ကို သီးသန့်ဧည့်ခန်းဆီ ခေါ်သွားပေးပါတယ်။ ဧည့်ကြိုခန်းမကြီးနဲ့ တစ်တွဲတည်းဆိုပေမဲ့ ကနုတ်တွေပါတဲ့ သစ်သားနံရံတစ်ခုကာထားပြီး သီးသန့်တံခါးရှိပါတယ်။ ဧည့်ကြိုရှင်းပြသလောက်ဆိုရင် ဒီဧည့်ခန်းက သမ္မတတို့ ဝန်ကြီးချုပ်တို့ ဒီနေရာကိုလာမှ သီးသန့်သုံးရတဲ့အခန်းတဲ့။
အခန်းနားကိုရောက်တော့ တံခါးဝရှေ့ တစ်ဖက်တစ်ချက်စီမှာ အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်ဆင်ထားတဲ့ လူတစ်ယောက်စီ စောင့်နေတာမြင်ရတယ်။ သူတို့လက်မှာဝတ်ထားတဲ့ လက်အိတ်တွေပေါ်မှာတော့ ရင်းနှီးနေတဲ့ EUOCအဖွဲ့ရဲ့လိုဂိုကို မြင်နိုင်ပါတယ်။ သူတို့ဆီက စွမ်းအားကြီးတဲ့အရှိန်အဝါတွေ ဖြာထွက်လို့ပေါ့။
တံခါးကိုဖြတ်ပြီး ဝင်သွားချိန်မှာတော့ နောက်ထပ်ရင်းနှီးနေတဲ့ မျက်နှာကိုထပ်မြင်ရပြန်တယ်။
အညိုရောင်ဆံပင်မှာအနက်ရောင်ရောယှက်နေတဲ့ ဆံပင်တိုပိုင်ရှင်၊ ရင့်ကျက်ပြီး ဖွံထွားလွန်းတဲ့ခန္ဓာကိုယ်ရှိတဲ့ အယ်မာပါ။ မတွေ့လိုက်ရတဲ့ အချိန်ခဏလေးမှာ သူ့ရင်ဘတ်က တစ်ဆိုက်ဒ်လောက်ပိုကြီးလာပြီးတော့ ပိုလှလာတယ်လို့ခံစားရတယ်။ ဝမ်းဗိုက်ကလည်း မသိမသာယောင်ယောင်လေး ဖောင်းအစ်နေသလိုပဲ။ ဒါပေမဲ့ အရင်ကလိုပဲ ညို့ဓာတ်ပြင်းပြင်းပုံစံဖြစ်နေဆဲ။
အခုသူက ခရမ်းရောင်ဆိုဖာခုံပေါ်မှာထိုင်နေပြီးတော့ ဘလက်ကော်ဖီခွက်ထဲ သကြားခဲတချို့ထည့်ကာ ဇွန်းနဲ့ မွှေနေပါတယ်။ သူဝတ်ထားတဲ့နက်ပြာရောင်ဘလေဇာနဲ့ သိပ်ကိုလိုက်ဖက်တဲ့ မြင်ကွင်းပေါ့။ သူ့ဘေးမှာတော့ ဂျုံရောင်အသားအရေနဲ့ကောင်မလေးက မျက်နှာကျက်က မီးဆိုင်းကို ကြောင်တောင်ငေးကြည့်လို့။ ပတ်ဝန်းကျင်ကို လုံးဝသတိမထားမိတဲ့အတိုင်းပဲ။
ဒင်... ဒင်... ဒင်....
“ငါက ညအရှင်နဲ့တွေ့ဖို့ခေါ်လိုက်တာ။ ထင်မထားဘဲ နင်ရောက်လာမယ်လို့ ထင်မထားခဲ့မိဘူး။” အယ်မာက ဇွန်းကိုခါကာ ခွက်ထဲနေရာတကျ ပြန်ထားလိုက်ပြီး ကျွန်မကို မော့ကြည့်ပါတယ်။ ကျွန်မနဲ့မိုနီကာလည်း ပြိုင်တူဆိုသလို မျက်နှာချင်းဆိုင်က ဆိုဖာမှာဝင်ထိုင်လိုက်တာပေါ့။
“စီတီ... ငါနင့်ကိုသိပ်ပြောမပြချင်ပေမဲ့ အပြင်မှာစောင့်တဲ့ လူနှစ်ယောက်က မာစတာအဆင့်တွေပဲ။ EUOCရဲ့တပ်မှူး တစ်ယောက်မှာ ဒီလိုသက်တော်စောင့်မျိုး ရှိနေစရာမရှိဘူး။”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အမှောင်ကျောင်းမှာဆိုရင် မာစတာတွေက ဆီနိတ်တာလုပ်လို့ရတဲ့သူတွေ။ ပြီးတော့ နာတာရှာနဲ့အယ်မာတို့နှစ်ယောက်လုံးက တပ်မှူးတွေဆိုပေမဲ့ မာစတာမဟုတ်သေးတဲ့ အဆင့်မြင့်မှော်ဆရာတွေပါ။ အခုကိစ္စက အယ်မာနဲ့တိုက်ရိုက်မဆိုင်ဘဲ အယ်မာ့အထက်က လူတွေပါဝင်နေလောက်တယ်။
“ကျွန်မက အမှောင်ကျောင်းတော်ရဲ့စိန့်ပီတာစဘတ် ဆီနိတ်တာဖြစ်တဲ့အတွက်ကြောင့် အမှောင်ကျောင်းကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုပေးနိုင်တယ်။ ရှင်လာရတဲ့ကိစ္စကို ကျွန်မကိုပြောပြလို့ရတယ်။”
ကျွန်မစိတ်ငြိမ်ငြိမ်ထားပြီး ပြောလိုက်တော့ အယ်မာက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။ ပြီးနောက်
“ဒီကိစ္စက EUOCကိုယ်တိုင်က အပ်နှံချင်တဲ့အမှုတစ်ခုပါ။ တိတိကျကျပြောရရင်တော့ EUOCရဲ့ အရေးကြီးတဲ့ လူတစ်ယောက်ဆီကလို့ ပြောရမလား။”
အယ်မာရဲ့ထူးခြားတဲ့စကားပြောဟန်ကြောင့် ကျွန်မ စိတ်ဝင်စားလာပါတယ်။ ကျွန်မသိသလောက် EUOC တပ်မှူးတွေရဲ့အထက်မှာ ကောင်မရှင်နာနဲ့ဘုတ်အဖွဲ့ ရှိနေမှန်းသိတယ်။ သူတို့ကိုယ်တိုင်က ထင်သလောက် အားမနည်းတာမလို့ ဘယ်လိုအရာမျိုးက ကျွန်မတို့ဆီမှာ အလုပ်အပ်နှံရအောင် ဖြစ်လာရတာပါလိမ့်။
“စထရာဘာ့ဂ်မြို့က သာသနာစောင့်ရောမအင်ပါယာခေတ်မှာ လွတ်လပ်တဲ့ အင်ပါရီယာမြို့တော်ဖြစ်ခဲ့ဖူးတယ်။ သာသနာပိုင်နဲ့သူကောင်းမျိုးတွေရဲ့အုပ်ချုပ်မှုကိုမခံဘဲ ဧကရာဇ်အမိန့်ကိုပဲနာခံတဲ့ မြို့တော်ကောင်စီနဲ့အုပ်ချုပ်ခဲ့တဲ့ ဒေသပေါ့။”
အယ်မာက ရုတ်တရက်ဆိုသလို မြို့ရဲ့သမိုင်းကြောင်းတွေကို စပြောလာတယ်။ ပုံမှန်အားဖြင့်ဘာမှမဆိုင်ဘူးဆိုပေမဲ့ အခုလိုကိစ္စမျိုးမှာတော့ အရေးကြီးတာတစ်ခုခုပါမယ်လို့ ထင်မိတဲ့အတွက် နားစိုက်ထောင်ကြည့်မိပါတယ်။
“ဒီထရစ်မိသားစုက သာသနာစောင့်ရောမအင်ပါယာ ခေတ်ကနေစလို့ ယနေ့အချိန်ထိ မြို့တော်ကောင်စီမှာ ပါဝင်နေခဲ့တယ်။ EUOCဖွဲ့စည်းတုန်းကလည်း ငွေကြေးအရ ထောက်ပံပေးခဲ့သူဖြစ်တယ်။
လက်ရှိမိသားစုခေါင်းဆောင် လူကြီးမင်း ဖရက်ဒရစ် ဒီထရစ်က EUOCရဲ့ပြင်သစ်ကိုယ်စားလှယ်ဖြစ်သလို အဓိကငွေကြေးထောက်ပံသူတွေထဲက တစ်ဦးဖြစ်တယ်။”
ကြည့်ရတာ အယ်မာက ကျွန်မတို့ကိုအလုပ်အပ်တဲ့ လူအကြောင်းကိုရှင်းပြနေတဲ့ပုံပဲ။ အယ်မာက စကားကိုခဏ ရပ်ထားလိုက်ပြီး ဘလက်ကော်ဖီကိုတစ်ငုံ သောက်တယ်။ ပြီးမှ ခွက်ကိုပြန်ချထားလိုက်ပြီး...
“ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သဘာဝလွန်ကိစ္စတစ်ခု ဖြစ်ခဲ့ပြီးတော့ လူကြီးမင်း ဖရက်ဒရစ်ရဲ့သမီး မာစီးဒီးက လုံးဝနိုးမလာတော့ဘူး။ EUOCက ပညာရှင်တွေအများကြီး ကြိုးစားကြည့်ခဲ့ပေမဲ့ ဘာမှထူးခြားမလာခဲ့ဘူးလေ။ ဒါကြောင့် ရှင်တို့ဒီကိုရောက်နေတုန်း အကူအညီတောင်းဖို့ သူဆုံးဖြတ်လိုက်တာပဲ။”