ဓားတစ်ချက်ဖြင့် မိစ္ဆာနဂါးကိုသတ်ဖြတ်
Vol. 19 Ch. 256
အခန်း (၂၅၆) ဓားတစ်ချက်ဖြင့် မိစ္ဆာနဂါးကိုသတ်ဖြတ်
လူရွယ်က ကျန်းလန်ကို အထင်ကြီးလေးစားဟန်ဖြင့် ကြည့်လိုက်ရင်း…
"မင်းက မရဏဂူထဲမှာ အမြဲတမ်း ကျင့်ကြံနေတာမဟုတ်လား… ကောင်းတယ် ကောင်းတယ်"
ကျန်းလန်က…
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ထို့နောက် ထိုအကြီးအကဲက သူ့ကို မေးခွန်းများစွာ မေးမြန်းလေသည်။
သို့ရာတွင် အားလုံးက ပုံမှန်မေးခွန်းများပင်ဖြစ်ပြီး သူတို့ စကားစမြည်ပြောနေသကဲ့သို့ပင် ဖြစ်သည်။ လူရွယ်၏ စကားများထဲတွင် သူ့ကို သဘောမကျမှုများ မတွေ့မြင်ရသလို စူးစမ်းမှုများလည်း မရှိပေ။
မည်သို့ပင်ဖြစ်စေ ကျန်းလန်ကတော့ အမြဲသတိထားနေပြီး တစ်ချက်ပင် မပေါ့ဆရဲပေ။
လူရွယ်က…
"မင်း ဒီမှာ ဆက်ပြီး ကျင့်ကြံချင်သေးလား"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"ဟုတ်ကဲ့… ဆက်ပြီး ကျင့်ကြံချင်သေးတယ်"
သို့သော် လူရွယ်က ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"ဆက်ကျင့်ကြံလို့ မရတော့ဘူးကွ ၊ အချိန်ပြည့်သွားပြီ ၊ ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်တာ (၃)နှစ်ကျော်သွားပြီလေ ၊ အချိန် အတော်လေးကြာသွားပြီလို့ ပြောလို့ရတယ်"
ကျန်းလန်လည်း မည်သည့်စကားမှ ပြန်မပြောတော့ဘဲ အကြီးအကဲကို ဦးညွှတ်အရိုအသေပြု နှုတ်ဆက်စကားဆိုပြီး နေရာမှ ထွက်ခွာသွားလေတော့သည်။
အချိန်လည်းကုန်တော့မည်ဟုဆိုလေရာ နေစရာအကြောင်းမရှိတော့ပေ။
သူ ခွန်လွန်ဝတ်ကျောင်းတော်ထဲ ဟိုဟိုဒီဒီ လျှောက်ကြည့်ရန် ထွက်လာခဲ့သည်။
လူရွယ်ကတော့ ကျန်းလန် ထွက်ခွာသွားသည်ကို စိတ်ဝင်တစားဖြင့် ငေးကြည့်ရင်း ရေရွတ်လိုက်၏။
"အိမ်း… နဝမတောင်ထွတ်ကတပည့်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"
ထို့နောက် လူရွယ် နေရာမှ ပျောက်ကွယ်သွားလေတော့၏။
***
ကျန်းလန် နောက်လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လက်ပျံသန်းလာခဲ့သည်။
ခွန်လွန်စိတ်ကျမ်းကျောက်စာတိုင်တည်ရှိရာ စြင်္ကံငယ်ထက်တွင် ထိုင်နေရင်း တစ်စုံတစ်ခု သတိထားမိသလိုရှိသော်လည်း ထိုနေရာတွင် မည်သူမှ (၃)လထက် ပိုမနေနိုင်ဆိုသည့်အချက်ကို မသိရှိခဲ့ပေ။
နောက်တစ်ကြိမ်ဆိုလျှင်တော့ သတိထားရပေမည်။
ထို့ပြင် စောစောကတွေ့ဆုံခဲ့ရသည့်အကြီးအကဲက ပေါ့သေးသေးမဟုတ်ပေ။ အခန့်မသင့်လျှင် ဧကရာဇ်ရှီးဟယ်ဆိုသူပင် ဖြစ်နေနိုင်သည်။
သို့သော် ကျန်းလန် မည်သည့်ကိစ္စကိုမှ အတည်မပြုနိုင်ပေ။ သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသောအချက်မှာ ထိုအကြီးအကဲထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအား ရောင်ဝါများက တောင်သခင်များထက် ပိုမိုထူးခြားနေသည့် အချက်ဖြစ်သည်။
ထိုခံစားချက်က ထူးဆန်းလေသည်။ သို့သော် ကျင့်ကြံသည့် ကျင့်စဉ်အလိုက် တန်ခိုးစွမ်းအားရောင်ဝါများ ပြောင်းလဲဖြစ်ပေါ်နေခြင်းလားတော့ မသိနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ထိုသူကို လျှော့တွက်၍ မဖြစ်ပေ။
သူ အရင်ဆုံး ခွန်လွန်ဝတ်ကျောင်းတော်မှ ထွက်ခွာရမည့်နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။
သူ ခွန်လွန်ဝတ်ကျောင်းတော်ထဲ ဓားစီးနှင်ပျံသန်းရင် လမ်းပျောက်သွားမည်လား ၊ သို့မဟုတ် ထွက်ပေါက်တစ်ခု ရှာတွေ့မည်လားဆိုသည်ကို သိချင်နေမိသည်။
ထိုစဉ်…
"ဘုန်း"
ရွှေရောင်အလင်းတန်းတစ်ခုက ကျန်းလန်ရှေ့တွင် မီးပန်းတစ်ခုအလား ပွင့်လန်းတောက်ပသွားသည်။
အလင်းရောင်က မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပေါက်ကွဲထွက်သွားပြီး တိမ်တိုက်များဆီ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားကြပြီး ကျန်းလန်ကတော့ ပျံသန်းခြင်းကို ရပ်တန့်လိုက်ရာ အဝေးမှ အခြေအနေလှမ်းကြည့်နေသည်။
ထိုဖြစ်ရပ်က တစ်စုံတစ်ယောက် ဉာဏ်အလင်းပွင့်သွားခြင်း၏ နောက်ဆက်တွဲ သဘာဝဖြစ်စဉ် တစ်ခု ဖြစ်သည်။
"ဟားဟားဟား… နောက်ဆုံးတော့ အဲဒါကို ကျုပ်နားလည်သွားပြီကွ…"
ကျေနပ်အားရစွာ ရယ်မောသံနှင့်အတူ စကားသံတစ်သံ ထွက်ပေါ်လာ၏။
ကောင်းကင်အမြင့်ထက်တွင် တသွင်သွင်စီးဆင်းနေသည့် ရေတံခွန်တစ်ခုကို ကျန်းလန် တွေ့မြင်လိုက်ရသည်။
တပည့်တစ်ယောက်က လက်နှစ်ဖက်ဖြင့် ရေတံခွန်ကို နှစ်ပိုင်းခွဲထားပြီး ကောင်းကင်ထက်သို့ မော့ကြည့်ကာ ရယ်မောနေ၏။
ထိုတပည့်သည်ကား ကျင်းထင်ပင် ဖြစ်သည်။
"ဂိုဏ်းတူအစ်ကိုကျင်းထင် ဉာဏ်အလင်းပွင့်သွားလို့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတာပဲ"
ကျန်းလန်တွေးလိုက်သည်။
ထို့နောက် ထိုနေရာမှ လမ်းလွှဲသွားရန်ဟန်ပြင်လိုက်စဉ် သူ့အရှေ့ဘက်နားရှိ ကောင်းကင်ထက်တွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဘန်း"
ကောင်ကင်အက်ကွဲကြောင်းအတွင်းမှ သွေးများဖုံးလွှမ်းနေသည့် လူတစ်ယောက် ပြုတ်ကျလာသည်။
"အနားမှာရှိနေတဲ့ ဂိုဏ်းတူညီလေးတွေ ၊ ညီမလေးတွေ ၊ ပြေးကြ…"
ထိုအသံက ဂိုဏ်းတူအစ်ကိုပေဖန်း၏ အသံဖြစ်၏။
ကောင်းကင်အက်ကွဲကြောင်းမှ ပြုတ်ကျလာသူမှာ ပေဖန်းဖြစ်ပြီး သူ့တစ်ကိုယ်လုံး သွေးများ စွန်းထင်းလျှက် ရှိသည်။
ကျန်းလန် : "…………"
ပါရမီရှင်တပည့်ရင်းများ စုဝေးနေသည့်နေရာတွင် သေချာပေါက် ပြဿနာတစ်ခုမဟုတ်တစ်ခု ရှိနေမည်မှာ အမှန်ပင်။
"ဂါး…"
နဂါးဟိန်းသံကြီးတစ်သံကို ထွက်ပေါ်လာသည်။
ကျန်းလန် မော့ကြည့်လိုက်သည့်အခါ ဦးချိုတစ်ခုသာ ပါရှိသည့် မိစ္ဆာနဂါးကြီးတစ်ကောင် ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
"လူသားအင်မော်တယ် ၊ အလယ်ဆင့် မိစ္ဆာနဂါးတစ်ကောင်ပဲ ၊ ပြီးတော့ ဒဏ်ရာတွေလည်းရထားတယ် ၊ ကြည့်ရတာ ဂိုဏ်းတူအစ်ကိုပေဖန်းရဲ့လက်ချက် ဖြစ်ရမယ်"
ကျန်းလန် တွေးလိုက်ပြီးနောက် ပေဖန်းကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။
ပေဖန်းဝတ်ထားသည့်အဝတ်အစားများက ဖရိုဖရဲဖြစ်နေပြီး လက်ထဲမှ ဓားမှာလည်း ကျိုးကျေနေသည်။ ဝမ်းဗိုက်တွင်လည်း ဒဏ်ရာများရထားပြီး အားအင်လည်းကုန်ခမ်းနေဟန် ရှိ၏။
ပေဖန်းက လူသားအင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လူသားအင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်ရန် အတော်လေး အလှမ်းဝေးသေးသည်။
"ဂိုဏ်းတူအစ်ကို ဒီနဂါးကြီးကိုရင်ဆိုင်ဖို့ လွယ်မှာမဟုတ်ဘူး"
ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း တွေးလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။
ဒီလောက် အုတ်အော်သောင်းနင်း အန္တရယ်များသည့်ကိစ္စမျိုးတွင် စောစောက သူနှင့်တွေ့ဆုံခဲ့သည့် အကြီးအကဲ လာရောက်ဖြေရှင်းသင့်လေသည်။
ထိုသူအနေဖြင့် ဤသို့သောကိစ္စမျိုးကို မျက်ကွယ်ပြုမထားသင့်ဘူး မဟုတ်လား။
ထိုသူက တန်ခိုးစွမ်းအားမြင့်မားလွန်းသူဖြစ်လေရာ ခွန်လွန်ဝတ်ကျောင်းတော်ထဲတွင် သူ စိတ်ရှိသည့်အတိုင်း သွားလာလှုပ်ရှားနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ပြဿနာဖြစ်သည်ကို သိသိချင်း ဤနေရာ ရောက်လာနိုင်လေသည်။
ထိုစဉ်…
"ဘုန်း"
ပေဖန်းက မိစ္ဆာနဂါးကြီးကို ထပ်မံရင်ဆိုင်တိုက်ခိုက်လိုက်သည်။
သူက မိစ္ဆာနဂါးကြီးကို ဝတ်ကျောင်းတော်ထဲတွင် သောင်းကြမ်းခွင့် မပေးနိုင်ပေ။
"ဝှစ်…"
ကျန်းလန်ရှေ့သို့ ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာပြီး ကျင်းထင် ရောက်ရှိလာသည်။
"ဂိုဏ်းတူညီလေး အရင်သွားနှင့်တော့ ၊ တခြားဂိုဏ်းတူအစ်ကိုအစ်မတွေနဲ့ သွားနေပါ ၊ ကျုပ်က ဂိုဏ်းတူအစ်ကိုပေဖန်းကို ကူညီလိုက်မယ်"
ပြောပြီးသည်နှင့် ကျင်းထင်က မိစ္ဆာနဂါးကြီးဆီသို့ ဝင်ရောက်သွားသည်။
ကျင်းထင်က မရှိမှုအာကာသ ၊ ကနဦးအဆင့်မျှသာ ရှိသေးရာ မိစ္ဆာနဂါးကြီးကို မည်သည့်နည်းနှင့်မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော် ဂိုဏ်းတူအစ်ကိုပေဖန်း ရှိနေသည့်အတွက် သူတို့ အတူတကွ ပူးပေါင်းတိုက်ခိုက်နိုင်သည်။
ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမျှော်နေသည့် အကြီးအကဲက ရောက်ရှိမလာခဲ့ပေ။
ပြီးတော့ ထိုမိစ္ဆာနဂါးကြီးကို အများအမြင်တွင်ထုတ်ဖော်ထားသည့် ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် သူ အနိုင်ယူတိုက်ခိုက်နိုင်မည်ဟု ယုံကြည်သည်။
ထို့ပြင် ဂိုဏ်းတူအစ်ကို (၂)ယောက် အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်နေကြချိန်တွင် သူ ထွက်ပြေးသွားခြင်းမှာ ဆီလျော်မှုမရှိဟု ထင်မှတ်မိသည်။
မိစ္ဆာနဂါးကြီးက လူသားအင်မော်တယ်တစ်ပါး ဖြစ်သော်လည်း ဒဏ်ရာများရရှိထားသောကြောင့် မရှိမှုအာကာသအဆင့် အောင်မြင်ထားရုံအဆင့်လောက်သာ စွမ်းအားကျန်ရှိတော့သည်။
ထို့ကြောင့် သူ့အနေဖြင့် ထိုနဂါးကြီးကို သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။
ထိုသို့တွေးမိသည်နှင့် ကျန်းလန်၏လက်ထဲတွင် ဆက်ခံသူတပည့်များသာ ကိုင်ဆောင်ရလေ့ရှိသည့် ဝိညာဉ်ဓားတစ်လက် ထွက်ပေါ်လာသည်။
နဝမတောင်ထွတ်သည်လည်း ခွန်လွန်တောင်၏ အစိတ်အပိုင်းဖြစ်လေရာ သူ့အနေဖြင့် ဂိုဏ်းတူအစ်ကိုများကို ကူညီတိုက်ခိုက်ပေးရမည့်တာဝန်ရှိသည်။
ထို့နောက် ကျန်းလန် လေထဲသို့ ခုန်ဝင်သွားပြီး ကောင်းကင်အမြင့်ထက်သို့ ပျံသန်းသွားသည်။
မိစ္ဆာနဂါးကြီးထံမှ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများက ရေလှိုင်းများပမာ မြင့်တက်လျှက်ရှိသည်။
"ဂိုဏ်းတူအစ်ကိုတို့ ၊ မိစ္ဆနဂါးကို ခဏလောက် ထိန်းထားပေးကြပါ ၊ ဒီကောင်ကြီးကို ကျုပ် သတ်ပစ်မယ်"
ကျန်းလန်၏ အသံက မြည်ဟည်းထွက်ပေါ်လာသည်နှင့် ပေဖန်းနှင့် ကျင်းထင်တို့ အံ့သြတုန်လှုပ်သွားကြသည်။
ကျန်းလန်က မူလဝိညာဉ်အဆင့်အောင်မြင်ထားသည့် တပည့်တစ်ယောက်မျှသာ ဖြစ်လေရာ နဂါးကြီးကို ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် အလွန်တရာ အန္တရယ်များသည်။
သို့သော် သူတို့က တုံ့ဆိုင်းမနေဘဲ ကျန်းလန်ပြောသည့်အတိုင်း မိစ္ဆာနဂါးကြီးကို တားဆီးထားလိုက်ကြသည်။
မိစ္ဆာနဂါးကြီး ထိန်းချုပ်ခံလိုက်ရသည်နှင့် ကျန်းလန်က လေထဲတွင် ဓားကို မြင့်မားစွာ ပင့်မြှောက်လိုက်သည်။ သူ၏ဓားမှ နဂါးသုတ်သင်ဓားဝိညာဉ်က ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ထိုခဏမှာပင် ပေဖန်းနှင့် ကျင်းထင်တို့၏ ထိန်းချုပ်ထားခြင်းကို ခံနေရသည့် မိစ္ဆာနဂါးကြီးက ခေါင်းကိုမော့ကာ ကျန်းလန်ရှိရာသို့ လှမ်းကြည့်လာ၏။
မိစ္ဆာနဂါးကြီး၏ မျက်ဝန်းများထဲတွင် အကြောက်တရားများ ရုတ်တရက် ထင်ဟပ်သွားပြီးနောက် ချက်ချင်းပင် ဒေါသချောင်းချောင်းထွက်သည့်အသွင် ကူးပြောင်းသွားသည်။
စောစောက ကြောက်ရွံ့မိသည်ကို ရှက်ရွံ့သည့်နှယ် ဒေါသများက ပြင်းထန်လျှက် ရှိ၏။
"ဂါး…"
နဂါးကြီးက ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံကြီးတစ်ချက် ပြုလုပ်လိုက်ပြီး သူ့ကို ထိန်းချုပ်ထားသည့် ပေဖန်းနှင့် ကျင်းထင်ကို အရေးမစိုက်တော့ဘဲ ကျန်းလန်ရှိရာသို့ တဟုန်ထိုး ဝင်ရောက်လာသည်။
ကျန်းလန်က မိစ္ဆာနဂါးကြီးကို စူးစိုက်ကြည့်လိုက်ပြီး ဓားဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံးက ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရေလှိုင်းများ မြင့်တက်လာသည့်အလား တဝေါဝေါအသံများ ထွက်ပေါ်လာသည်။
ကျန်းလန်က ပင်လယ် (၄)ခုအထက်တွင် ရပ်နေပြီး သူ့ရှေ့တွင်တော့ ပင်လယ် (၄)ခုကို မွှေနှောက်နေသည့် မိစ္ဆာနဂါးကြီး ရှိနေသည်။
သူတို့ (၂)ယောက်ကိုကြည့်ရသည်မှာ မီးနှင့်ရေပမာပင် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ထိုခဏမှာပင် ကျန်းလန်သည်လည်း နဂါးသုတ်သင်ဓားသိုင်းကို ပိုမိုနားလည်သွားလေသည်။
ကျန်းလန် ဓားကိုပင့်မြှောက်လိုက်သည်နှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာမည်။ ဓားကို ခုတ်ပိုင်းချလိုက်သည်နှင့် ပင်လယ် (၄)ခု တုန်လှုပ်သွားမည်။
ကျန်းလန်၏ ဓားချက်တစ်ချက်က မိစ္ဆာနဂါးကို အသက်ပျောက်သွားစေမည် ဖြစ်သည်။
"ဘုန်း"
ကျန်းလန်နှင့် မိစ္ဆာနဂါး ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည်။
"ဂါး…"
ဓားချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် မိစ္ဆာနဂါးကြီး၏ မျက်ဝန်းများတွင် အကြောက်တရားများနှင့် ပြည့်နက်သွားသည်။
သို့သော် သူ့ရင်ထဲတွင် မခံချင်စိတ်များဖြင့် ပြည့်နက်နေလေရာ လုံး၀ နောက်ပြန်ဆုတ်ခြင်း မရှိပေ။
"ဘန်း…"
ကျန်းလန် အဝေးသို့ လွင့်ထွက်သွား၏။
"ခရက်…"
သူ့လက်ထဲမှ ဓားမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားသည်။
တစ်ချိန်တည်းမှာပင် လေထဲတွင် တဟုန်ထိုးပျံသန်းလာသည့် မိစ္ဆာနဂါးကြီးမှာလည်း လှုပ်ရှားမှု မရှိတော့ဘဲ ရပ်တန့်သွားသည်။
မိစ္ဆာနဂါးကြီး၏ မျက်ခုံးနှစ်ခုကြားတွင် ဓားဒဏ်ရာကြီးတစ်ခု ရှိနေပြီး ထိုဓားဒဏ်ရာက သူ၏ခေါင်းမှအမြီးထိ ထက်ခြမ်းကွဲသွားစေသည်။
"ဘန်း"
ဓားချက်တစ်ချက်တည်းဖြင့် နဂါးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ထက်ခြမ်းခွဲခံလိုက်ရပြီ ဖြစ်သည်။
ပေဖန်းနှင့် ကျင်းထင်မှာ အံ့သြတုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကျန်းလန်က မိစ္ဆာနဂါးကြီးကို သို့နှယ်သတ်ဖြတ်ပစ်လိုက်သည်လား။
နဂါးသုတ်သင်ဓားသိုင်းအစွမ်းလား။
သို့ဆိုလျှင် နဂါးသုတ်သင်ဓားသိုင်းက ဒဏ္ဍာရီထဲကလိုပင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလေသည်လား။
သို့သော် သူတို့ ချက်ချင်း သတိပြန်ဝင်လာကြပြီး ကျန်းလန် ရှိရာသို့ အပြေးသွားလိုက်ကြသည်။ သူတို့ရောက်ရှိသွားချိန်တွင် ကျန်းလန်မှာ မြူခိုးများအတွင်းနစ်မြုပ်နေပြီး ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပေဖန်းက…
"ဂိုဏ်းတူညီလေး မင်းအဆင်ပြေရဲ့လား"
နဂါးမိစ္ဆာကြီးက သူ့ကို ခွန်လွန်ဝတ်ကျောင်းတော် အပြင်ဘက်သို့ ရောက်သည်အထိ ထိုးနှက်ပစ်လိုက်သည်ဟု ကျန်းလန် ခံစားနေရသည်။
သူက မတ်တတ်ရပ်ရန် ကြိုးစားလိုက်ရင်း လေသံဖျော့ဖျော့ဖြင့် စကားပြန်ပြောလိုက်သည်။
"စိတ်ပူပေးတာ ကျေးဇူးပါ ဂိုဏ်းတူအစ်ကို ပေဖန်း ၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး"
ခဏနေပြီးမှ ကျန်းလန်က ဆက်ပြောလိုက်သည်။
"ဂိုဏ်းတူအစ်ကိုတို့ ၊ အခု ဖြစ်ခဲ့တဲ့ကိစ္စကို မမြင်တွေ့ဘူးလို့ပဲ သဘောထားပေးပါဗျာ"
ပေဖန်းနှင့် ကျင်းထင်က ခေါင်းညိတ်သဘောတူလိုက်သည်နှင့် ကျန်းလန် မြူခိုးများကြားထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
ခွန်လွန်ဝတ်ကျောင်းတော်မှ ထွက်ခွင့်ရပြီဖြစ်သဖြင့် သူ အတော်လေး ပျော်ရွှင်သွားမိသည်။
သူ ဤနေရာက မည်သို့ထွက်ခွာသွားရမည်ကို စဉ်းစားနေဆဲမှာပင် မထင်မှတ်သည့် အခြေအနေဖြင့် ကြုံတွေ့ရပြီး အပြင်ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။
စိတ်မကောင်းစရာကတော့ မိစ္ဆာနဂါးကြီးနှင့် တိုက်ခိုက်ခဲ့ရခြင်းပင် ဖြစ်၏။ နောက်တစ်ကြိမ်ဆိုလျှင်တော့ ပွဲပြီးသည်အထိ အခြေအနေစောင့်ကြည့်ပြီးမှ ဝင်ပါမည်ဟု ဆုံးဖြတ်လိုက်သည်။
ကျန်းလန် ထွက်ခွာသွားသည်နှင့် ကျင်းထင်နှင့်ပေဖန်းလည်း ထိုနေရာမှ ထွက်ခွာသွားကြလေတော့သည်။ ဆက်နေလျှင် အန္တရယ်ရှိနိုင်သည် မဟုတ်ပါလား။
သူတို့ ထွက်ခွာသွားသည်နှင့် ဓားဖြင့် ထိုးခွင်းခံထားရသည့် မိစ္ဆာနဂါး ခန္ဓာကိုယ်ကြီး (၂)ခြမ်းသည် သေးငယ်သည့် အလင်းတန်း (၂)ခုအဖြစ် ပြောင်းလဲသွားပြီး အလင်းတန်း (၁)ခုတည်းအဖြစ် ပြန်လည်ပေါင်းစပ်သွာကြသည်။
ထို့နောက် အလင်းတန်းက ခွန်လွန်စိတ်ကျမ်းကျောက်စာတိုင်ရှိရာသို့ ဦးတည်ထွက်ခွာသွားလေသည်။
ထိုစဉ်မှာပင်…
ကျန်းလန်နှင့် တွေ့ဆုံခဲ့သည့် သက်လတ်ပိုင်းလူရွယ်က ခွန်လွန်စိတ်ကျမ်းကျောက်တိုင်တည်ရှိရာ စြင်္ကံငယ်ထက်တွင် ပေါ်လာ၏။
အလင်းတန်းက သေးငယ်သည့် မိစ္ဆာနဂါးလေးအသွင်ပြောင်းလဲသွားပြီး ထိုသူ၏ ပခုံးထက်တွင် နားခိုလိုက်သည်။
မိစ္ဆာနဂါးငယ်လေးက ဦးခေါင်းကို နဂါးလက်သည်းများရှိရာသို့ အသာငုံ့ကာ နာကျင်ဟန်ဖြင့် ခါယမ်းပြနေလေသည်။ သူ့ပုံစံက သူ နာကျင်နေပါသည်ဟု ပြောနေသယောင် ထင်မှတ်ရသည်။
လူရွယ်က မိစ္ဆာနဂါးငယ်လေးကိုကြည့်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း…
"ဘာမှမဖြစ်ဘူး ၊ ဘာမှမဖြစ်ဘူး… မင်း နည်းနည်းပါးပါး ဝင်စောင့်မိရုံလောက်လေးပါပဲ…ဟားဟား"
ထို့နောက် လူရွယ်က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ကျန်းလန် ပျောက်ကွယ်သွားရာနေရာသို့ လှမ်းကြည့်လိုက်သည်။
ပြီးမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"အံ့သြစရာပဲ အံ့သြစရာပဲ"
သူက ခဏမျှစဉ်းစားနေပြီးမှ ဆက်လက်ရေရွတ်ပြောဆိုလိုက်သည်။
"တော်သေးတာပေါ့ ၊ သူက ခံစားချက်တွေအားလုံး ပျောက်ဆုံးသွားစေတဲ့ မေ့ပျောက်ခြင်းမဟာတာအိုလမ်းစဉ်ကို လိုက်နေတာ မဟုတ်ဘူးပဲ ၊ ပြီးတော့ သူက စိတ်စွမ်းအားအရမ်းကောင်းပေမယ့် နတ်လူသားမျိုးနွယ်တွေရဲ့ ကောင်းကင်ဧကရာဇ်ကျမ်းစာနဲ့လည်း ပတ်သက်မနေဘူး ၊ ဒါဆိုရင် ပြီးတာပါပဲလေ ၊ ကျန်တာတွေကတော့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး"
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ထက်မှ မြူခိုးများကို ရှင်းလင်းပစ်လိုက်သည်။
"ကလေးတွေ အတော်လေး တိုက်ခိုက်လိုက်ရတယ် ၊ ဒီကိစ္စ ကျုပ်လက်ချက်ဆိုတာ ဒီကလေး (၃)ယောက် မရိပ်မိပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ… ဟားဟား… ၊ အိမ်း… (၃)ယောက်လုံး တော်ကြပါပေတယ် ၊ တော်ကြပါပေတယ်"