တစ်ကွက်တည်းဖြင့် အမှောက်သိပ်ခြင်း
Vol. 15 Ch. 211
ရှုကျိုးသည် သူ၏ဓားရှည်ကို သယ်ဆောင်ထားပြီး၊ နတ်သိုင်းဌာနထဲသို့ ဝင်လာကာ ပထမဦးဆုံးထွက်ပေါ်လာသည့် ရောင်ဝါတစ်ခုဆီသို့ တည့်တည့်ဦးတည်သွားတော့သည်။
လမ်းတစ်လျှောက်လုံးတွင် သူသည် နတ်သိုင်းဌာန၏ မြောက်များစွာသော ကျောင်းသားကျောင်းသူများကို မြင်တွေ့ခဲ့ရသည်။
ထိုလူများ၏ အမူအရာသည် အမျိုးမျိုးဖြစ်နေလျက်ရှိသည်၊ သိလိုစိတ်၊ အံ့ဩမှု၊ လှောင်ပြောင်မှုနှင့် တိုက်ခိုက်လိုစိတ် စသည်ဖြင့် ကွဲပြားနေခဲ့သည်။
နတ်သိုင်းဌာနမှ ကျောင်းသားကျောင်းသူများအတွက် ရှုကျိုးသည် လမ်းလျှောက်နေသည့် အကျိုးပြုအမှတ် ၁၀၀ပင်ဖြစ်သည်။
ပထမအဆင့်နယ်ပယ်မှ ကျောင်းသားကျောင်းသူ တော်တော်များများသည် သူ့ကို စိန်ခေါ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့သည်။
သို့သော် အဆုံးတွင် သူတို့သည် သူတို့၏ အတွေးများကို ထိန်းထားခဲ့ကြသည်။
လူတော်တော်များများသည် အကွာအဝေးတစ်ခုခြားကာ ရှုကျိုး၏ အနောက်မှ လိုက်လာကြသည်။
ရှုကျိုးသည် ထိုလူများကို လျစ်လျူရှုထားခဲ့သည်၊ အကယ်၍ သူတို့က သူ့အား စိန်ခေါ်လာကြမည်ဆိုလျှင်တောင်မှ သူသည် သူတို့ကို ကြောက်နေလိမ့်မည် မဟုတ်ပေ။
ပထမအဆင့် နယ်ပယ်အတွင်းမှလူသာဖြစ်နေသရွေ့ သူသည် မည်သူ့ကိုမဆို ရင်ဆိုင်နိုင်ပေသည်။
ပထမအဆင့်မှ အထက်မှ လူများအတွက်ကိုမူ ……..
ရှုကျိုးသည် ဌာနမှူးရှန့်ဝမ်ချန်းကို ယုံကြည်လေသည်။
…
နတ်သိုင်းဌာနအတွင်း၌ လေထုထဲတွင် ပုံရိပ်အများအပြား ပေါ်လာခဲ့သည်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ပညာရှင်တို့မှာလည်း အဆိုပါ သတင်းကို ကြားသွားပြီး၊ အနီးကပ်လာရောက်ကြည့်ရှုနေကြသည်။
ထိုလူများကြားထဲရှိ လူနှစ်ဦး၏ အမူအရာကမူ အတော်လေး မှုန်မှိုင်းမည်းမှောင်းနေလျက်ရှိသည်။
လျူတျန်မုသည် အဝေးတစ်နေရာကို ကြည့်ကာ တလေးတနက် ပြောလာခဲ့သည် “ ရှုကျိုးက တကယ်ကြီး လာရဲနေမယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ သူက ခြေထောက်နဲ့ လာပြီးတော့ ကျောနဲ့ ပြန်ထွက်သွားရမှာကို မကြောက်ဘူးလား? “
( ထမ်းစင်နဲ့ ပြန်သွားရမယ်ဆိုတာမျိုးပါ )
ဟွမ်ရိချန်းမှာလည်း အေးစက်စက် ရယ်မောလာခဲ့သည် “ ဆယ်ယောက် တစ်ယောက်၊ ဘယ်လောက်တောင် မောက်မာလိုက်လဲ !! သူက လင်းရွှယ်နဲ့ ဝမ်လေ့တို့လို ပါရမီရှင်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ငါကြည့်ဦးမယ် “
လွန်ခဲ့သော ဆယ်ရက်က ရှုကျိုးနှင့် ကျန်းချွမ်တို့က အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ဆိုသည်ကို သူတို့နှစ်ဦးစလုံး သိနေခဲ့ကြသည်။
သူတို့သည် ကျန်းချွမ်ကို မည်သည့်အရာမှ မပြုလုပ်ရဲကြပေ၊ ထို့ကြောင့် ရှုကျိုးသည် သူတို့ဘုံရန်သူ ဖြစ်လာခဲ့သည်။
သဘောတရားအရ ပြောရမည်ဆိုပါက ရှုကျိုးသည် သူတို့၏ ရန်သူဖြစ်နေခဲ့ပြီးပြီဖြစ်သည်။
ယခု၌ သူတို့ကြားတွင် ပုဂ္ဂိုလ်ရေး ရန်ငြှိုးများပါ ရှိလာခဲ့ပြီဖြစ်သည်။
…
ရှုကျိုးမှ နတ်သိုင်းဌာန၏ အတွင်းပိုင်းထဲသို့ ရောက်လာသည်နှင့်အမျှ မြင်တွေ့လာရသည့် ကျောင်းသူကျောင်းသား အရေအတွက်မှာလည်း ပိုပို၍ မြင့်တက်လာခဲ့သည်။
ပုံရိပ်တစ်ခုသည် လူအုပ်ထဲမှ တိုးဝှေ့ဖြတ်သန်းလာခဲ့သည်။
“ စိန်ခေါ်မှုက စတော့မယ်၊ အလောင်းအစားလေး လုပ်ချင်ကြလားဟေ့? ဒါကို ဝယ်လိုက်၊ မင်းတို့က ဆုံးရှုံးမှာ မဟုတ်သလို အလိမ်ခံရမှာလည်း မဟုတ်ဘူး “
လီတျယ်သည် လူအုပ်ထဲတွင် မမောမပန်း အော်ပြောနေခဲ့သည်။
မကြာခင်မှာပင် သူနှင့် အလောင်းအစားပြုလုပ်မည့် လူတစ်ဦး ထွက်ပေါ်လာခဲ့သည်။
“ ညီအစ်ကိုရေ၊ မင်းက ဘယ်သူ့ဘက်မှာနေမှာလဲ? “ လီတျယ်သည် ထိုလူ့ကိုကြည့်ကာ အပြုံးဖြင့် မေးမြန်းလိုက်သည် “ ရွေးချယ်စရာ ဆယ့်တစ်ခု ရှိတယ်၊ ရှုကျိုးရဲ့ နိုင်ပွဲက ၀ကနေ၁၀အထိ ရှိတယ် “
“ မသိသာဘူးလားဟ? သူက တစ်ပွဲမှ မနိုင်ဘူးလို့ ငါလောင်းမယ်ကွာ “
လီတျယ်သည် အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းပြီလေ “
ထိုလူထွက်သွားခဲ့သည့်နောက်တွင် လီတျယ်သည် အချက်အလက်များကို ဖျတ်ခနဲ ကြည့်လိုက်ပြီး၊ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
“ ဆက ၁:၅၀တဲ့ “
လီတျယ်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ရှုကျိုး၊ မင်းက နည်းနည်းလာက်တော့ နိုင်မှရမယ်နော်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမွဲသွားလိမ့်မယ် “
သူသည် ရှုကျိုးက ငါးပွဲအနိုင်ရမည်ဟု လောင်းထားခဲ့သည်။
အဆိုပါ ပါရမီရှင်ဆယ်ဦးကြားတွင် အတော်အတန် အားနည်းသည့် လူငါးဦးရှိသည်၊ ထို့ကြောင့် ရှုကျိုးအနိုင်ရရန် အခွင့်အလမ်းရှိနေသေးသည်။
တစ်ခြားသော ငါးဦးအတွက်ကား သူတို့အားလုံးသည် သွေးကြောမှတ် ၁၅၅ခုကျော် ဖွင့်ထားကြသည်၊ ထိုကြောင့် လီတျယ်သည် ရှုကျိုး၏ စွမ်းရည်များကို ယုံကြည်နေခဲ့သော်လည်း ရှုကျိုးက သူတို့ကို အနိုင်ရလိမ့်မည်ဟု မတွေးထားခဲ့ပေ။
“ ရှုကျိုးက ဆယ်ပွဲနိုင်လိမ့်မယ်လို့ ငါလောင်းတယ် “
ထိုအချိန်၌ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လီတျယ် ထိတ်လန့်သွားခဲ့ပြီး၊ နောက်လှည့်ကြည့်ကာ တအံ့တဩဖြင့် မေးမြန်းလိုက်သည် “ မစ္စ၊ ခင်ဗျားက သေချာရဲ့လား? ”
သူ၏ အရှေ့ဘက်တွင် အနက်ရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓားကို သယ်ဆောင်ထားသည့် အလွန်လှပသော မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေခဲ့ပြီး၊ သူမမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည် “ သေချာတယ် “
လီတျယ်သည် သူမကို အကြိမ်အနည်းငယ် ထပ်ကြည့်ကာ ရုတ်တရက် မှတ်မိသွားခဲ့သည် “ နင်က ရှုကျိုးရဲ့ ကောင်မလေးမလား? “
ကောင်မလေးမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ လောင်းကြေးပြုလုပ်ကာ လှည့်ထွက်သွားတော့သည်။
“ ဘုရားရေ !! “
လီတျယ်သည် သူမ၏နောက်ကျောကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ဒီကောင်မလေးက ငါ့ထပ်ပိုရဲတင်းတာပဲ၊ ရှုကျိုးက ဆယ်ပွဲနိုင်လိမ့်မယ်လို့ လောင်းတယ်ပေါ့? သူမက အရာအားလုံး ဆုံးရှုံးသွားရမှာကို မကြောက်ဘူးလား?
…
နတ်သိုင်းဌာန၏ စံအိမ်တစ်ခုအတွင်း၌
ကျောင်းယွင်ဖေးသည် အမိုးပေါ်တွင် မတ်တပ်ရပ်နေခဲ့ပြီး၊ တဖြည်းဖြည်း နီးကပ်လာသည့် ပုံရိပ်ကို စိုက်ကြည့်နေလျက်ရှိသည်။
“ ဒီလူက ……… တကယ်ကြီးကို ရောက်လာခဲ့တာပဲ “
ကျောင်းယွင်ဖေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ရင်ခုန်သံမြန်ဆန်သွားခဲ့သည် “ သူက ငါ့ကို စိန်ခေါ်မှာလား? “
သူသည် သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားသည့် ပါရမီရှင်ဆယ်ဦးထဲမှ လူတစ်ဦးဖြစ်သည်။
သို့သော် ကျောင်းယွင်ဖေးသည် ရှုကျိုးနှင့် ကျန်းချွမ်တို့၏ တိုက်ပွဲကို ကြည့်ထားခဲ့ဖူးသည်။
အကယ်၍ သူကသာ ရှုကျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက သူအနိုင်ရနိုင်သည့် အခွင့်အရေးမှာ အလွန်နည်းပါးနေခဲ့သည်။
“ စိတ်ပူနေဖို့ မလိုပါဘူး “
ကျောင်းယွင်ဖေးမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ရှုကျိုးက အပြည့်အဝ ပြန်မကောင်းသေးဘူး။ တကယ်လို့ သူက ငါ့ကို တကယ်ကြီး စိန်ခေါ်ရဲနေမယ်ဆိုရင်၊ ငါ့ရဲ့ ပွဲသိမ်းတိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလိုက်မယ်။ သူက ငါ့ပြိုင်ဘက် မဟုတ်ဘူး “
…
ရှုကျိုးသည် နတ်သိုင်းဌာန၏ စံအိမ်တစ်ခုအတွင်းသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
သူပထမဦးဆုံး အာရုံခံမိခဲ့သည့် အရှိန်အဝါသည် သူ၏အရှေ့တွင် ရှိနေသည်။
ပုံရိပ်တစ်ခုသည် စံအိမ်၏ ထိပ်ဆုံးအထပ်တွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေခဲ့ပြီး၊ သူဝတ်ဆင်ထားသည့် အနက်ရောင် ဝတ်စုံမှာလည်း လေထဲတွင် တဖျတ်ဖျတ် လွင့်မြောနေခဲ့ပြီး၊ မျက်လုံးများမှာလည်း အေးစက်သော ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေခဲ့သည်။
အဆိုပါ ပုံရိပ်မှာ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သော်လည်း၊ သူ၏ တည်ရှိမှုသည် ကြီးမားသော တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ ပတ်ဝန်းကျင်ရှိ လေထုကိုပင် အေးခဲလုနီးပါး ခံစားသွားရစေခဲ့သည်။
ရှုကျိုး ရောက်ရှိလာသည်နှင့်အမျှ ထိုပုံရိပ်၏ အရှိန်အဝါသည် တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။
“ ဝုန်းးး !! “
ထို့နောက်၌ ပို၍အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖုံးလွှမ်းလာခဲ့သည်။
အနက်ဝတ်လူငယ်မှ ဖြည်းညှင်းစွာ စကားပြောလာခဲ့သည်။
“ မင်းက ရှုကျိုးလား? “
စကားသံပြီးဆုံးသွားသည့်နောက်တွင် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းရှိ အလင်းတန်းများ တလက်လက် တောက်ပလာခဲ့သည်။
သွေးကြောမှတ် ၁၅၀ လင်းလက်တောက်ပလာခဲ့ပြီး၊ အားလုံး၏ မျက်လုံးများ စူးရှသွားခဲ့သည်။
ရှုကျိုးသည် စံအိမ်၏ အရှေ့ဘက်ခြံဝန်းဆီသို့ လမ်းလျှောက်လာခဲ့ကာ ရပ်တန့်သွားခဲ့သည်။
သူ၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေလျက်ပင်၊ သူသည် အနည်းငယ် ဦးညွတ်ကာ ကြည်လင်ပြတ်သားသည့် အသံမျိုးဖြင့် စကားပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက ရှုကျိုးပါ၊ စိန်ခေါ်ဖို့ ရောက်လာခဲ့တာ “
“ ဒီတိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲ မဟုတ်ဘူး၊ ငါ့ရဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်းကို သက်သေပြနိုင်ဖို့အတွက် အနိုင်အရှုံးပဲ ရှိမယ် “
ထိုစကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ ရုတ်တရုတ်သဲသဲ ဖြစ်သွားရတော့လေသည်။
ရှုကျိုးက ငါတို့နတ်သိုင်းဌာနက သွေးကြောမှတ် ၁၅၀ကျော်တဲ့ ပါရမီရှင်တွေကို သူ့ရဲ့ ခြေနင်းတုံးအဖြစ် သုံးမယ်လို့ ဆိုလိုနေတာလားဟ?
“ မောက်မာတယ် “
အနက်ဝတ်လူသည်သည် အေးစက်စွာ အော်ပြောလာခဲ့ပြီး၊ မြေပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့သည်။
“ ငါ့နာမည်က ထန်ဖင်းရှန် ” အနက်ဝတ်လူငယ်မှ အေးစက်စွာ အော်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ကျန်းချွမ်ကို ရှုံးသွားခဲ့တယ်၊ မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ယူချင်လို့ နတ်သိုင်းဌာနကို လာခဲ့တာလား? အဲ့တာက တော်တော်လေးကိုတုံးအလွန်းတယ် မဟုတ်ဘူးလား!! “