တစ်ကွက်တည်းဖြင့် အမှောက်သိပ်ခြင်း ၃
Vol. 15 Ch. 213
ထိုအချိန်၌ သူသည် သူ့အနောက်ရှိ ထန်ဖင်းရှန်ကို လှည့်ကြည့်ကာ စကားပြောလိုက်သည် “ အလျှော့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် “
ထန်ဖင်းရှန်သည် ခါးခါးသီးသီးဖြစ်နေသော အပြုံးတစ်ခုကို ထုတ်ဖော်လာခဲ့သည်။
ရှုံးသွားပြီ !!
သူ၏ ယုံကြည်ချက်၊ သူ၏ယုံကြည်မှုတို့သည် လုံးဝပြိုပျက်သွားခဲ့သည်။
သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားပြီး၊ ရွယ်တူများကို လွှမ်းမိုးထားနိုင်သည့် သူသည် ရှုကျိုး၏ အရှေ့တွင် ဟာသတစ်ခုကဲ့သို့ ဖြစ်နေပုံရသည်။ တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ထန်ဖင်းရှန်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ကွဲအက်အက်ဖြစ်နေသော အသံမျိုးဖြင့် စကားပြောလာခဲ့သည် “ ဂရုစိုက်၊ ရှေ့မှာရှိတဲ့ လူတွေက ကိုင်တွယ်ဖို့ မလွယ်ဘူး “
“ သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် “
ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ အရှေ့ဘက်သို့သာ ဆက်၍ လျှောက်လှမ်းသွားတော့သည်။
ဆူညံနေသည့် နတ်သိုင်းဌာနတစ်ခုလုံးသည် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
သူက နောက်တစ်ယောက်ကို စိန်ခေါ်တော့မှာလား?
ထိုအချိန်တွင် လူတော်တော်များများသည် ရှုကျိုး၏ ယခင်က တိုက်ခိုက်မှုက သူ၏စွမ်းအားကို များများစားစား မကုန်ဆုံးသွားစေခဲ့ဘူးဆိုသည်ကို သဘောပေါက်သွားကြသည်။
မရေမတွက်နိုင်လောက်သည်အထိ များပြားလှသော အကြည့်များသည် ရှုကျိုးအပေါ်သို့ စုပြုံကျရောက်လာခဲ့သည်။
ယခင်က လူတော်တော်များများသည် ဤတိုက်ပွဲကို အာရုံသိပ်မစိုက်ခဲ့ကြပေ။
သို့သော် ယခု၌ လူအများစုသည် သိလိုစိတ်များနှင့်အတူ စိုးရိမ်ပူပန်မှုများပါ ဖြစ်ပေါ်လာကြသည်၊ ရှုကျိုးက ဒီစိန်ခေါ်ပွဲမှာ တကယ်ကြီး နိုင်သွားမှာလား?
…
မကြာခင်မှာပင် ရှုကျိုးသည် ဒုတိယလူတစ်ဦး၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ ကျောင်းယွင်ဖေးလား? “ ရှုကျိုးသည် သူ့ကိုမှတ်မိသွားခဲ့သည်။
ကျောင်းယွင်ဖေးသည် မည်သည့်စကားမှ မပြောလာခဲ့ဘဲ၊ ရိုးရိုးရှင်းရှင်းဖြင့်သာ မတ်တပ်ရပ်နေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ရှုကျိုး ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူ၏စိတ်များ လေးလံသွားခဲ့သည်။
ဝုန်းး၊ ဝုန်းးး၊ ဝုန်းးး …..
ကျောင်းယွင်ဖေး၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ်များ ပွင့်ဟလာခဲ့သည်။
၁၅၃ခုမြောက် သွေးကြောမှတ် ပွင့်လာသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားခဲ့သည်၊ သူက မည်သည့် အရှိန်အဝါကိုမှ မထုတ်လွှင့်ထားခဲ့သော်လည်း သူ့ကိုယ်တွင်းရှိ စွမ်းအားသည် လူတစ်ဦး၏ စွမ်းအားကိုပင် တုန်ရင်သွားစေနိုင်သည်။
အဆိုပါ စွမ်းအားမြင့်တက်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် အားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် အလွန်တည်ငြိမ်နေလျက်ရှိပြီး၊ အေးအေးလူလူ စကားပြောလာခဲ့သည် “ ငါ့ဓားကို ယူနိုင်ရင် ဒီတိုက်ပွဲက မင်းရဲ့ အနိုင်လို့ သတ်မှတ်ပေးမယ် “
ကျောင်းယွင်ဖေး မျက်မှောင်ကြုတ်သွားတော့သည်၊ သူသည် ရှုကျိုး၏ စွမ်းအားကို အလွန်ကြောက်လန့်နေခဲ့သည်။
သို့သော် ထိုကဲ့သို့ စကားလုံးများကို ကြည့်ရခြင်းဖြင့် တစ်ဖက်လူသည် သူ့အား အတော်လေး အထင်အမြင်သေးနေသည့်ပုံပင်။
ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ မြေပြင်ကို ခြေဆောင့်လိုက်ရာ သူ၏ ပုံရိပ်သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ရွှမ် !!!
ဓားရှည်ကို ဆွဲထုတ်လိုက်ပြီဖြစ်သည်။
ဓားအလင်းတန်းသည် လေထုကို ထိုးဖောက်ကာ ချီ-သွေးစွမ်းအင်များ ပေါက်ထွက်လာခဲ့သည်။
နှင်းဖြူကဲ့သို့သော အလင်းတန်းသည် မြင့်တက်လာသည့် နေလုံးကြီးကဲ့သို့ အရာအားလုံးကို ဖုံးလွှမ်းလာခဲ့ကာ အစွမ်းထက် အားတစ်ခုကို သယ်ဆောင်၍ ပြိုင်ဘက်၏ အဓိကနေရာဆီသို့ တည့်တည့်တိုးဝင်လာခဲ့သည်။
“ သတ် !!! “
ကျောင်းယွင်ဖေးသည် ကြုံးဝါးသံတစ်ခုကိုသာ ကြားလိုက်ရသည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ ချိတုံချတုံဖြင့် သူ၏ဓားကို မြှောက်ကာ ပိတ်ဆို့တားဆီးလိုက်သည်။
နှင်းဖြူကဲ့သို့ တလက်လက်တောက်ပနေသည့် ဓားအလင်းတန်း ကျရောက်လာခဲ့ပြီဖြစ်သည် !!
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကျောင်းယွင်ဖေးလက်အတွင်းရှိ လက်နက် ကျိုးကြေသွားခဲ့ကာ ဓားအလင်းတန်းသည် သူ၏ရင်ဘတ်ပေါ်တွင် ပေါက်ကွဲထွက်သွားသောကြောင့် သူသည် နောက်သို့ လွင့်ထွက်သွားတော့သည်။
“ ဖူးးးး “
ကျောင်းယွင်ဖေးသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကာ ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး၊ သူ၏ရင်ဘက်တွင်လည်း သွေးများ စွန်းထင်းသွားခဲ့သည်။
သူသည် မယုံကြည်နိုင် ဖြစ်နေသော မျက်ဝန်းတစ်စုံဖြင့် ရှုကျိုးကို စိုက်ကြည့်နေတော့သည်။
တိုက်ကွက်တစ်ခုဖြင့် အပြင်းအထန် ဒဏ်ရာရရှိသွားခြင်း !!
ထိုအချိန်တွင် သူသည် ရှုကျိုး၏ အစွမ်းက သူတွေးထင်ထားသည်ထပ် များစွာကျော်လွန်နေသည်ကို နားလည်သွားခဲ့သည်။
အကယ်၍ သူက သွေးကြောမှတ်များ ယခုထပ်ပို၍ ဖွင့်ထားမည်ဆိုလျှင်တောင်မှ သူသည် ရှုကျိုးကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
…
“ အစ်ကို၊ မင်းက ဘာဖြစ်နေတာလဲ? “
လျူယောင်တုန်သည် အလွန်ထိတ်လန့်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည့် ကျန်းချွမ်ကို မြင်လိုက်ရသောအခါတွင် ရုတ်တရက် အော်ပြောကာ အမြန်ထူမပေးလိုက်သည်။
“ ငါအဆင်ပြေပါတယ် “
ကျန်းချွမ်၏ မျက်နှာသည် အနည်းငယ် မသာမယာဖြစ်နေခဲ့သည် “ ညတုန်းက ကောင်းကောင်းမအိပ်ခဲ့ရလို့ မူးနောက်နောက် ဖြစ်နေတာပါကွာ “
စကားပြောနေရင်းဖြင့် သူသည် အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ရှိရာ အရှေ့ဘက်သို့ ထပ်မံ၍ ငေးကြည့်နေတော့သည်။
သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ သူငယ်ချင်းဖြစ်သည့် ကျောင်းယွင်ဖေးသည် သွေးကြောမှတ် ၁၅၃ခု ဖွင့်ထားပြီး အလွန်အစွမ်းထက်သော လူတစ်ဦးဖြစ်သည်။
သို့သော် သူသည် ရှုကျိုး၏ တစ်ခုတည်းသော တိုက်ကွက်အောက်မှာပင် ရှုံးနိမ့်သွားခဲ့သည်။
ဆယ်ရက်ပဲ ရှိသေးတာလေ၊ ရှုကျိုးက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာလာရတာလဲဟ?
ပြီးခဲ့တဲ့ ဆယ်ရက်တုန်းကဆိုရင် သူကငါ့ကို ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတာလေ၊ သူ့ရဲ့ တိုက်ခိုက်ရေး ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းလာရတာလဲဟ? သူသည် ၎င်းကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် လျူယောင်တုန်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ အစ်ကို၊ သူကမင်းဆီကို ရောက်လာတော့မှာနော်၊ မင်းက သူနဲ့ တိုက်မှာလား? “
ကျန်းချွမ်သည် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့ပြီး၊ ထို့နောက်တွင် အံကြိတ်၍ ပြောလာခဲ့သည် “ တိုက်မယ် “
…
နတ်သိုင်းဌာနအတွင်း၌ အားလုံး၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့ရသည်။
တိုက်ကွက်တစ်ခုတည်းနဲ့ ထပ်နိုင်သွားပြန်ပြီပေါ့?
ရှုကျိုးက အဲ့လောက်တောင် သန်မာတာလားဟ?
သူက သွေးကြောမှတ် ဘယ်လောက်တောင် ဖွင့်ထားတာလဲ? သူက ကျောင်းကို ရောက်လာတာ လပိုင်းလေးပဲရှိသေးတယ်၊ သွေးကြောမှတ် ၁၂၀တော့ မရှိလောက်ဘူးလေ၊ ဟုတ်တယ်မလား?
ဤအချိန်၌ နတ်သိုင်းဌာနမှ လူအများစု တုန်လှုပ်သွားပြီး၊ လူတော်တော်များများသည် ဇဝေဇဝါဖြစ်သွားကြသည်။
ရှုကျိုးသည် တစ်ခြားလူများကို လျစ်လျူရှုထားပြီး၊ နောက်ထပ်ပစ်မှတ်တစ်ခုဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။
တတိယမြောက်လူမှာ သွေးကြောမှတ် ၁၅၄ခု ဖွင့်ထားသည့် မိန်းကလေးတစ်ဦးဖြစ်သည်။
သို့သော် ရှုကျိုးသည် မည်သည့်သနားညှာတာမှုမှ မပြသဘဲ၊ ပန်းကလေးကို ချေမွလိုက်ပြီး၊ တိုက်ကွက်တစ်ခုဖြင့်သာ ထပ်မံ၍ အနိုင်ယူသွားခဲ့သည်။
စတုတ္ထမြောက်လူမှာလည်း သွေးကြောမှတ် ၁၅၄ခု ဖွင့်ထားသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည်လည်း တိုက်ကွက်တစ်ခုတည်းဖြင့် အနိုင်ယူခံလိုက်ရသည်။
ပဥ္စမမြောက်လူမှာ သွေးကြောမှတ် ၁၅၅ခု ဖွင့်ထားသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည်လည်း တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ဆဌမမြောက်လူကမူ သွေးကြောမှတ် ၁၅၅ခုဖွင့်ထားသည့် ကျန်းချွမ်ဖြစ်သည်။
ရှုကျိုးသည် ကျန်းချွမ်၏ အရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး၊ မည်သည့်စကားမှ မပြောသကဲ့သို့ ဓားကိုလည်း ဆွဲမထုတ်ဘဲ၊ သူ့ကိုကြည့်ရုံသာ ကြည့်နေခဲ့သည်။
ကျန်းချွမ်သည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ရုတ်တရက် ပြုံးလာခဲ့သည်၊ ၎င်းမှာ ကူရာကယ်ရာမဲ့နေသည့် အပြုံးမျိုးဖြစ်သည်။
လှံရှည်တစ်ချောင်း ပေါ်ထွက်လာခဲ့သည်။
“ ငါမင်းကို မကြောက်ဘူး၊ တိုက်ခိုက်ကြတာပေါ့ “