မကြုံတွေ့ခဲ့ရဖူးသော၊ ပြိုင်ဘက်ကင်းသော
Vol. 15 Ch. 217
ထိုစကားပြီးဆုံးသွားသည့်နောက်တွင် လင်းရွှယ်၏ အရှိန်အဝါသည် တာကျိုးပေါက်၍ ထွက်လာသော ရေကဲ့သို့ ရုတ်တရက် ကြမ်းတမ်းလာခဲ့ကာ သူမ၏ အရှိန်အဝါသည် ကောင်းကင်ယံသို့ပင် ထိုးတက်သွားခဲ့သည်။
ရှူးး၊ ရှူးး၊ ရှူးး …….
သူမ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ အလင်းတန်းများ တောက်ပလာခဲ့သည်။
လင်းရွှယ်၏ အရှိန်အဝါသည် ကြမ်းတမ်းသော လှိုင်းလုံးကြီးများကဲ့သို့ တစ်ကြိမ်ထပ်တစ်ကြိမ် ပို၍မြင့်မားလာခဲ့သည်။
သွေးကြောမှတ် ၁၅၉ခုလုံး တောက်ပလာခဲ့သည့် အချိန်၌ တုန်လှုပ်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှင့်လာခဲ့ပြီး၊ စစ်နတ်ဘုရားမကဲ့သို့ မတ်တပ်ရပ်နေသည့် သူမ၏ဘေးနားတွင် လေပြင်းများ တိုက်ခတ်လာခဲ့သည်။
လင်းရွှယ်က အသန်မာဆုံးလူတစ်ဦးဖြစ်သည်ဆိုသည်ကို ဝန်ခံရမည် ဖြစ်သည်။
အဆိုပါ အရှိန်အဝါတစ်ခုတည်းဖြင့်ပင် သူမသည် ချန်းခယ်အာနှင့် ကျန်းလေ့တို့ထပ် များစွာ သာလွန်နေခဲ့ပြီဖြစ်သည်။
အနီးအနားရှိ ကျောင်းသူကျောင်းသား တော်တော်များများ၊ ဒုတိယနှစ်များကပင် အမူအရာများ ပြောင်းလဲသွားကြပြီး၊ နောက်သို့ အမြန်ဆုတ်သွားကြသည်။
မုန်တိုင်း၏ဗဟိုချက်တွင် ရှိနေသည့် ရှုကျိုးကမူ အားအကောင်းဆုံး ဖိနှိပ်မှုကို ခံစားနေခဲ့ရသည်။
သို့သော် ထိုအချိန်တွင် သူသည် မုန်တိုင်းကြားထဲတွင် ရှိနေသည့် အထီးကျန်လှေ မဟုတ်ခဲ့ပေ၊ ထို့အစား သူသည် မြင့်မားသော မီးပြတိုက်တစ်ခုကဲ့သို့ အခိုင်အမာ မတ်တပ်ရပ်နေလျက်ရှိသည်။
“ ရွှမ် !! “
ရှုကျိုးသည် နောက်ကျောဘက်ရှိ သူ့ဓားကို ဆွဲထုတ်လိုက်သည်။
နောက်ဆုံး ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည့် အချိန်တွင် သူသည် လေးစားမှုကို အပြည့်အဝ ထုတ်ဖော်ပြသလာခဲ့သည်။
ဝုန်းးး !!
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ အရှိန်အဝါမှာလည်း ရုတ်တရက် မြင့်တက်လာခဲ့သည်။
သွေးကြောမှတ် ၃၀၊ ၆၀၊ ….. စသည်ဖြင့် ၉၂ခုအထိ မြင့်တက်လာခဲ့သည်။
သွေးကြောမှတ်များ၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများသည် ချီ-သွေး စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ရှုကျိုး၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ဆူပွက်လာခဲ့သည်။
သူ၏ အရှိန်အဝါမှာလည်း ကောင်းကင်ယံသို့ မြင့်တက်သွားကာ လင်းရွှယ်နှင့် ပြိုင်ဆိုင်နေခဲ့သည်။
အံ့ဩတကြီးဖြစ်သွားသည့် အသံများ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုးမှာက သွေးကြောမှတ် ၉၂ခုပဲ ရှိတာလား?
ဤအချိန်မတိုင်ခင်အထိ လူတော်တော်များများသည် ရှုကျိုးက သွေးကြောမှတ် ၁၂၀၏ ပါဖက်စနစ်ကို တည်ဆောက်ထားပြီးလောက်သည်ဟု ထင်နေခဲ့ကြခြင်းဖြစ်သည်။
သွေးကြောမှတ် ၉၂ခုတည်းနဲ့ နတ်သိုင်းဌာနက ပါရမီရှင်ကိုးယောက်ကို အမှောက်သိပ်ခဲ့တာလား?
ထိုအချိန်၌ စီနီယာနှင့် ဂျူနီယာ ကျောင်းသားကျောင်းသူ တော်တော်များများသည် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားကြသည်။
ရှုကျိုးကို သိနေကြသည့် လူများကမူ ပို၍ပင် အံ့အားသင့်သွားကြသည်။
“ ရှုကျိုးဆီမှာ သွေးကြောမှတ် ၉၂ခု ရှိနေတာလား? “ ကျန်းချွမ် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက သူ့ဆီမှာ သွေးကြောမှတ် အခု၇၀ကျော်ပဲ ရှိနေခဲ့တာ မဟုတ်ဘူးလား?
သူက တစ်လအတွင်းမှာပဲ သွေးကြောမှတ် အခု၂၀ ဖွင့်ခဲ့တာလား?
သူက ဘယ်လို ကျင့်ကြံနေတာလဲဟ?
အစစ်အမှန် သိုင်းပညာဌာနမှ လူတစ်ချို့ကပင် အံ့ဩမှင်သက်သွားကြသည်။
ရှုကျိုးက ကျောင်းသို့ရောက်လာသည်မှာ သုံးလကျော်ကျော်မျှသာ ရှိနေသေးပြီး၊ သွေးကြောမှတ် ၉၂ခုအထိ ဖွင့်ထားနိုင်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော အမြန်နှုန်းမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလှပေသည်။
…
တိုက်ပွဲမြေပြင်၏ အလည်ဗဟို၌ သူတို့၏ အရှိန်အဝါနှစ်ခုလုံး ပေါက်ကွဲထွက်နေခဲ့သည်။
ရှုကျိုးသည် သူ့အရှေ့ရှိ လင်းရွှယ်ကို ကြည့်ကာ အေးအေးလူလူ စကားပြောလိုက်သည် “ ကြွပါ “
စကားပြောခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူသည် လေထုထဲသို့ မြင့်တက်သွားခဲ့ကာ သူ၏ဓားကို လွှဲရမ်းလာခဲ့သည်။ ဓားအလင်းတန်း တောက်ပလာခဲ့သည် !!
လင်းရွှယ်သည် အေးစက်စက် အမူအရာဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်ချလိုက်ပြီး၊ လေထဲသို့ တက်လာခဲ့ကာ ဓားဖြင့် ပြန်တိုက်လာခဲ့သည်။
“ ခွမ်းးး !! “
ဓားနှင့် ဆေဘာတို့ တိုက်မိသွားခဲ့ပြီး၊ ကျယ်လောင်သည် အသံတစ်သံကို ပေါ်ထွက်လာစေခဲ့ပြီး၊ အောက်ဘက်ရှိ မြေပြင်ကို ပွင့်ထွက်သွားစေခဲ့သည်။
လူသားတို့၏ အကန့်အသတ်ဖြင့် နီးကပ်နေပြီဖြစ်သည့် သွေးကြောမှတ် ၁၅၉ခုသည် ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ရှုကျိုး၏ လက်တစ်ဖက်သည် ထိတွေ့မှုကြောင့် ထုံကျင်သွားခဲ့သည်၊ သို့သော် သူသည် နာကျင်မှုကို လျစ်လျူရှုထားပြီး၊ ဓားကို ဆက်၍ လွှဲရမ်းနေခဲ့သည်။
မြေပြင်ပေါ်သို့ ပြန်မရောက်ခင် အချိန်၌ များပြားလှသော ဓားအရိပ်များသည် လင်းရွှယ်ကို ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။
လင်းရွှယ်မှာလည်း များစွာမသက်သာလှပေ၊ ရှုကျိုး၏ သွေးကြောမှတ် ၉၂ခုက သယ်ဆောင်ထားသည့် စွမ်းအားသည် သူမ၏ သွေးကြောမှတ် ၁၅၉ခုထပ် များစွာနိမ့်ကျမနေခဲ့ပေ။
ထိုအချိန်၌ သူမသည် မရေမတွက်နိုင်လောက်သည်အထိ များပြားသောဓားအရိပ်များကို မော့ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူမ၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ဓားအရိပ်များဆီသို့ ပြေးတက်သွားတော့သည်။
သူမ၏ အမြန်နှုန်းသည် အတော်လေး မြန်ဆန်နေခဲ့သည်၊ လူသားတို့၏ အကန့်အသတ်နှင့် နီးကပ်နေသောကြောင့် ဖြစ်ပုံရပြီး၊ သူမ၏ အမြန်နှုန်းသည် ရှုကျိုးကိုပင် အမှီလိုက်နေနိုင်ခဲ့သည်။
ထိုအချိန်တွင် သူမသည် သူမ၏ဓားရှည်ကို လွှဲရမ်းလိုက်ပြီး၊ ဓားအရိပ်များကို ပိတ်ဆို့တားဆီးနေခဲ့သည်။
“ခလမ်း၊ ခလမ်း၊ ခလမ်း “
သတ္တုထိတွေ့မှု အသံများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။
သူတို့၏ ပုံရိပ်များသည် တစ္ဆေများကဲ့သို့ တိုက်ပွဲကွင်းပြင်ထဲတွင် ဟိုဟိုဒီဒီ ပေါ်ထွက်လာနေခဲ့ပြီး၊ ထိတွေ့မှုတစ်ခုချင်းစီတိုင်းသည် အံ့ဩဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအားနှင့် ဓားအလင်းတန်းတို့ကို ထုတ်လွှတ်နေခဲ့သည်။
ဓားနှင့်ဆေဘာတို့၏ တိုက်ပွဲသည် မီးရှူးမီးပန်းများ ဖောက်ခွဲခြင်းအခမ်းအနားကဲ့သို့ အလွန်ရင်သပ် ရှုမောဖွယ်ကောင်းနေခဲ့သည်။
သူတို့တိုက်ပွဲ၏ အဆုံးသတ်တွင် အနီးနားရှိ မြေပြင်တစ်ခုလုံး စုတ်ပြတ်သပ်နေခဲ့ပြီဖြစ်သည်။
မကြာခင်မှာပင် လင်းရွှယ်သည် အောက်စည်းသို့ ရောက်ရှိလာခဲ့သည်။
သူမ၏ အမြန်နှုန်းက မြန်ဆန်နေခဲ့သော်လည်း၊ ရှုကျိုးမှာ သူမ၏လှုပ်ရှားမှုများကို ခန့်မှန်းနိုင်သည့် စွမ်းရည်ရှိနေခဲ့သည်၊ ထို့ကြောင့် ရှုကျိုးမှာ အမြဲလိုလို တိုက်ခိုက်နေခဲ့ပြီး၊ လင်းရွှယ်ကမူ ခုခံကာကွယ်ခြင်းကိုသာ ပြုလုပ်နေခဲ့ရသည်။
လူတိုင်းမှင်သက်သွားကြသည်၊ လင်းရွှယ်က ရှုကျိုး ဖိနှိပ်တာကို ခံနေရတယ် !!
နတ်သိုင်းဌာနမှ အထူးချွန်ဆုံးသော ပါရမီရှင်တစ်ဦးသည် အောက်စည်းသို့ ရောက်ရှိနေခဲ့ပြီး၊ ရှုကျိုး၏ ကစားကွက်ထဲသို့ ကျရောက်နေခဲ့သည်။
ထိုအချိန်၌ အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် မိုးကြိုးတစ်ခုကဲ့သို့ ဖြစ်နေသည့် ခရမ်းရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
“ လင်းရွှယ်က ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးတော့မယ် “
လူတော်တော်များများ တုန်လှုပ်သွားကြသည်။
“ လင်းရွှယ်ရဲ့ ပွဲသိမ်းတိုက်ကွက်က ကောင်းကင်ကိုးခု မိုးကြိုးဓားပဲ။ အဲ့တာကို လေ့ကျင့်ရတဲ့ အခက်အခဲက တစ်ခြား တိုက်ခိုက်ရေး နည်းစနစ်တွေထပ် နည်းနည်းလေးနိမ့်ကျနေပင်မဲ့ လူနည်းစုကပဲ အဲ့တာကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ကြတယ် “
“ အကြောင်းအရင်းကတော့ မိုးကြိုးတွေကို ဆက်တိုက်ဆွဲဆောင်ရတဲ့ ဓားပညာကြောင့်ပဲ၊ အဲ့ဒီဖြစ်စဥ်က တော်တော်လေးကို နာကျင်ရတယ် “
“ သမိုင်းကြောင်းအရတော့ သာမန်လူတွေထပ် နာကျင်မှုကို ပိုတောင့်ခံနိုင်တဲ့ လူတွေကပဲ အဲ့သိုင်းကို တတ်ကြတယ် “
“ လင်းရွှယ်ရဲ့ အမေက ပြည့်တန်ဆာလို့ ကောလဟာလတွေ ထွက်ခဲ့တယ်၊ သူမကို မွေးခဲ့ပြီးတဲ့နောက်မှာ လင်းမိသားစု ရိုက်သတ်တာကို ခံလိုက်ရတယ်။ လင်းရွှယ်က အဲ့လိုပတ်ဝန်းကျင်မျိုးမှာ နိမ့်ကျစွာ မွေးဖွားလာခဲ့တာကြောင့် ဒီဓားနည်းစနစ်ကို ကျွမ်းကျင်သွားတာပဲ “
“ ကောင်းကင်ကိုးခု မိုးကြိုးဓားက သူမရဲ့ ပွဲသိမ်းတိုက်ကွက်နဲ့ သူမရဲ့ နောက်ဆုံးဝှက်ဖဲဆိုလည်း ဟုတ်တယ် “
“ သူမက အဲ့အကွက်ကို သုံးခဲ့ပြီးတော့ Sအဆင့် စွမ်းရည်ရှိသည့် အစောပိုင်း ဒုတိယအဆင့် ပညာရှင်တစ်ယောက်ရဲ့ လက်ကို ဖြတ်ခဲ့ဖူးတယ် “
“ ရှုကျိုးတော့ သွားပြီပဲ “
…
တိုက်ပွဲကွင်းပြင်အတွင်း၌
ခရမ်းရောင် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။
ကောင်းကင်ဘုံ၏ အမျက်ဒေါသကို သယ်ဆောင်ထားသည့် မိုးကြိုးသကဲ့သို့ ဖြစ်နေသော ၎င်းသည် ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့ပြီး၊ ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် လှုပ်ခါသွားစေခဲ့သည်။
လင်းရွှယ်မှ အေးစက်စက် အမူအရာဖြင့် ဓားကို လွှဲရမ်းလာခဲ့ရာ၊ ဓား၏ မိုးကြိုးအလင်းတန်းသည် အမျက်ဒေါသတချောင်းချောင်း ထွက်နေသည့် မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ရှုကျိုးထံသို့ ဦးတည်လာခဲ့သည်။
ရှုကျိုး၏ အမူအရာ တင်းကြပ်သွားခဲ့သည်၊ ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်သည် ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ အမြန်နှုန်းသည် အတော်မြန်ဆန်လွန်းနေခဲ့ပြီး ရှင်းရှင်းလင်းလင်း မမြင်တွေ့ရလောက်သည်အထိ ဖြစ်နေခဲ့သည်၊ သို့သော် မိုးကြိုးနဂါးသည် သူ့အား ဖမ်းမိသွားစဲဖြစ်ပြီး၊ ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ ရှုကျိုး နှစ်ပိုင်းပြတ်သွားတော့သည်။