← Chapters

မကြုံတွေ့ခဲ့ရဖူးသော၊ ပြိုင်ဘက်ကင်းသော ၂

Vol. 15 Ch. 218

မကြုံတွေ့ခဲ့ရဖူးသော၊ ပြိုင်ဘက်ကင်းသော ၂

Vol. 15 Ch. 218

“ ဟမ်? “

လင်းရွှယ်၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး၊ သူမသည် သူမ၏ဓားကို သူမ၏ အရှေ့တွင် ရေပြင်ညီအနေအထားအတိုင်း ထားလိုက်ပြီး၊ နောက်သို့ အမြန်ဆုတ်လိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဆေဘာအရှိန်အဝါတစ်ခုသည် သူမ၏မြင်ကွင်းထဲတွင် လျင်မြန်စွာ ပြန့်ကားလာခဲ့သည်။

ကမ္ဘာဦး အလင်းတန်းကဲ့သို့ဖြစ်နေသည့် ဖျော့တော့သော အဖြူရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဆုတ်ဖြဲလာခဲ့သည်၊ ထို့နောက်တွင် လင်းရွှယ်အပေါ်သို့ တလက်လက် တောက်ပနေသည့် နဂါးငွေ့တန်းတစ်ခု၏ ရပ်တန့်၍ မရနိုင်သော စွမ်းအားတို့ဖြင့် ကျရောက်လာခဲ့သည်။

လင်းရွှယ်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်နေလျက်ရှိသည်။

သူမသည် ရှုကျိုးက သူမ၏ အထူးတိုက်ကွက်အား မည်ကဲ့သို့ ရှောင်တိမ်းသွားလဲဆိုသည်ကို အဖြေမရှာနိုင်ဖြစ်နေခဲ့သည်။

သို့သော် သူမထံ၌ ထိုကိစ္စများကို တွေးတောနေရန် အချိန်မရှိပေ။

“ ဝုန်းးးး “

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ကြောက်မက်ဖွယ် ချီ-သွေးစွမ်းအင်များ ပြန့်ကျဲသွားခဲ့သည်၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏တတိယအဆင့် အထွတ်အထိပ် !!

အဆိုပါ ဆေဘာခုတ်ချက်သည် လင်းရွှယ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်၊ သူမသည် ၎င်းကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။

ခရက်ဟူသော အသံနှင့်အတူ အရိုးများ ကျိုးပဲ့ပျက်စီးသွားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လင်းရွှယ်၏ ပုံရိပ်သည် အနောက်ဘက်သို့ လွင့်ထွက်သွားပြီး၊ သစ်ပင်ကြီးတစ်ပင်နှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။

သူမမှ ခေါင်းကို မော့၍ကြည့်လိုက်ရာ သူမ၏အရှေ့တွင် အေးဆေးတည်ငြိမ်နေသည့် အမူအရာဖြင့် ပြန်ပေါ်လာသော ရှုကျိုးကို မြင်တွေ့သွားခဲ့သည်။

“ ဖူးးး “

လင်းရွှယ်သည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရပြီး ခေါင်းမာမာဖြင့် မတ်တပ်ထရပ်လာပြန်သည်။

“ ဝှစ် “

သူမ၏ ပုံရိပ် လှုပ်ရှားလာခဲ့ပြီး၊ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထပ်မံ၍ အစပျိုးလာခဲ့ပြန်သည်၊ ဓားအလင်းတန်းသည် မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းလဲသွားပြီး၊ ရှုကျိုးဆီသို့ ထပ်မံ၍ တိုးဝင်လာတော့သည်။

ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည်၊ သူမက ဒဏ်ရာအပြင်းအထန်ရထားပြီးသားလေ၊ ဘယ်လိုလုပ် ပြန်ထလာနိုင်ရတာလဲဟ?

“ ဆွစ်ရှ် “

ရှုကျိုးသည် မည်သို့မျှ မလှုပ်ရှားဘဲ ထိုနေရာတွင်သာ ရပ်နေခဲ့ပြီး၊ ဆေဘာကို ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်ရာ၊ ကောင်းကင်ကို ဆုတ်ဖြဲသည့် အဖြူရောင်အလင်းတန်းတစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။

နောက်ထပ် တိုက်ကွက်တစ်ခု !!

ရှုကျိုးသည် မည်သည့် ကန့်သတ်ချက်၊ အခက်အခဲမှ မရှိသကဲ့သို့ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို ထပ်မံ၍ အသုံးပြုလာပြန်သည်။

ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သည့် အဆိုပါ ဆေဘာခုတ်ချက်သည် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ တတိယအဆင့် အထွတ်အထိပ် စွမ်းအားကို သယ်ဆောင်ထားခဲ့သည်။

ဝုန်းးး !!

ဆေဘာအလင်းတန်းသည် မိုးကြိုးနဂါးနှင့် ထပ်မံ၍ တိုက်မိသွားခဲ့ပြီး၊ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေခဲ့သည်။

“ ဒင် “ မိုးကြိုးနဂါး ပျောက်ကွယ်သွားခဲ့သည်။

မိန်းကလေးတစ်ဦး၏ ပုံရိပ်သည် အနောက်သို့ ထပ်မံ၍ လွင့်ထွက်သွားခဲ့ပြီး၊ နံရံနှင့် တိုက်မိသွားခဲ့ရာ၊ နံရံသည် အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး၊ သူမ၏ခန္ဓာကိုယ်အတွင်းပိုင်းမှ အရိုးကျိုးသွားသည့် အသံများလည်း ပေါ်ထွက်လာခဲ့သည်။

ရှုကျိုး၏ ဆေဘာသိုင်းသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်ပြီး၊ ယခုလက်ရှိ သူ၏ချီ-သွေးစွမ်းအားနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက ပထမအဆင့် နယ်ပယ်တွင် ပြိုင်ဘက်ကင်းသွားမည် ဖြစ်သည်။

လင်းရွှယ်သည် ကောင်းကင်ကိုးခု မိုးကြိုးဓားကို ကျွမ်းကျင်တတ်မြောက်ထားသော်လည်း ရှုကျိုးနှင့် မယှဥ်နိုင်ခဲ့ပေ။

အရေးအပါဆုံးအရာမှာ ရှုကျိုး၏ ခြေလှမ်းသိုင်းဖြစ်သည်။ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းမှာလည်း ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး၊ ခြေတစ်ဖက်ကမူ တတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူ၏ကြိုတင်ခန့်မှန်းနိုင်စွမ်းကို ထပ်မံ၍ ပေါင်းထည့်လိုက်မည်ဆိုပါက သူသည် ဒုတိယအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်သာလျှင် လင်းရွှယ်၏ ပွဲသိမ်းတိုက်ကွက်က သူ့အား ထိခိုက်ဒဏ်ရာရရှိသွားအောင် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအဆင့်နယ်ပယ်မှ တစ်ခြားသောလူတစ်ဦးဦးကသာ အဆိုပါ တိုက်ကွက်ကို ရင်ဆိုင်ရမည်ဆိုပါက ဒဏ်ရာ အပြင်းအထန် ရရှိသွားလိမ့်မည် ဖြစ်သည်။

သို့သော် ရှုကျိုးအတွက်မူ ၎င်းမှာ ကလေးကစားစရာ အဆင့်မျှသာ ဖြစ်နေခဲ့သည်။

ထိုအချိန်၌ ရှုကျိုးသည် မြေပြင်ပေါ်ရှိ ကောင်မလေးကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ရှုနေလျက်ရှိသည်။

လင်းရွှယ်သည် နှစ်ကြိမ်တိတိ ဒဏ်ရာအပြင်းအထန် ဆက်တိုက်ရရှိသွားခဲ့ပြီး၊ သူမ၏ အဖြူရောင် ဂါဝန်မှာလည်း သွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်ကာ သူမ၏ ခြေထောက်လေးများပေါ်ရှိ ပိုးသားဖြူကဲ့သို့သော စတော့ကင်များမှာလည်း ပေါက်ပြုဲစုတ်ပြတ်နေပြီဖြစ်သည်။ ထို့အပြင် သူမ၏အသက်ရှူသံမှာလည်း အားနည်းနေခဲ့ကာ မတိုက်ခိုက်နိုင်တော့သည့် အခြေအနေသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။

သို့သော် လင်းရွှယ်သည် သူမ၏ ဓားရှည်ကို ဆုပ်ကိုင်၍ မြေပြင်ပေါ်မှ တစ်ဖန်ပြန်၍ ထလာခဲ့သောကြောင့် ရှုကျိုး အံ့ဩသွားခဲ့ရသည်။

“ သတ်!! “

သူမသည် လေသံတိုးတိုးလေးဖြင့် ကြုံးဝါးလာခဲ့ပြီး၊ ရှုကျိုးကို ထိုးလာခဲ့သည်။

ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့ကာ ခန္ဓာကိုယ်ကို အသာအယာ ယိမ်းလိုက်ပြီး၊ သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်၍ ချုပ်နှောင်ထားလိုက်သည်။

“ နင်ရှုံးနေပြီ “

ရှုကျိုးမှ အေးအေးလူလူ ပြောလိုက်သည် “ ဆက်တိုက်ဖို့ မလိုတော့ဘူး “

“ နင်က ငါ့ကို အထင်သေးတယ်ပေါ့ !! “ လင်းရွှယ်မှ အေးစက်စွာ ပြောလာခဲ့ပြီး၊ သူမ၏ လက်ဝါးလေးဖြင့် ရှုကျိုး၏ ရင်ဘတ်ကို ရိုက်ချလာခဲ့သည်။

ရှုကျိုးသည် သူမ၏လက်ကို အသာအယာ ဖမ်းဆုပ်လိုက်ပြီး၊ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ငါဆက်တိုက်လိုက်လို့ သူမကို ဒုက္ခိတဖြစ်သွားအောင် လုပ်မိသွားရင် ……….

ဒီမိန်းမက ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား?

ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ လင်းရွှယ်၏ လက်နှစ်ဖက်စလုံးကို ဖမ်းချုပ်၍ ၎င်းတို့အား သူမ၏ နောက်ကျောဘက်သို့ ပို့၍ အေးစက်စွာ ပြောလိုက်သည် “ ရှုံးတာက ရှုံးတာပဲ၊ နတ်သိုင်းဌာနရဲ့ ပထမအဆင့်နယ်ပယ်က အသန်မာဆုံး ပါရမီရှင်က အရှံးကို လွယ်လွယ်ကူကူ ဝန်မခံနိုင်ဘူးလား? “

( လက်ပြန်ကြိုးတုပ်သလို ချုပ်ထားထာမျိုးပါ )

“ ငါ့ကိုလွှတ် “

လင်းရွှယ်ကား ချုပ်နှောင်မှုမှ လွတ်ရန် ရုန်းကန်လှုပ်ရှားတော့သည်။

…

လူတိုင်းမှင်သက်သွားကြသည်။

နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်မှ အစွမ်းဆုံး ပါရမီရှင်က ရှုကျိုး၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရသည်မှာ အလွန်ရှက်ဖွယ်ကောင်းလှသည်။

ထိုအချိန်၌ နတ်သိုင်းဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားရတော့လေသည်။

အားလုံးသည် သူတို့အရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ တအံ့တဩဖြစ်သွားကြသည်။

ကျန်းချွမ်၊ ဝမ်လေ့ …. သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားသည့် ပါရမီရှင်တိုင်း ကြက်သေသေသွားကြသည်။

လင်းရွှယ်မှာ နတ်သိုင်းဌာနရှိ သက်တူရွယ်တူအားလုံးကို ဖိနှိပ်ထားပြီး၊ အထူးချွန်ဆုံး ပါရမီရှင်များကို အလှဖြင့်ဖြစ်စေ၊ စွမ်းအားဖြင့်ဖြစ်စေ၊ သူမ၏တည်ရှိမှုအောက်တွင် မှိန်ဖျော့သွားစေခဲ့သည့် စစ်နတ်ဘုရားမတစ်ပါးဖြစ်သည်။

သူမသည် အလွန်တသီးတစ်သန့်ဆန်လွန်းလှပြီး၊ မည်သူ့ကိုမှ အရေးမစိုက်ဘဲ အမြဲတမ်းလိုလို အေးစက်စက်သာဖြစ်နေခဲ့သည်။

သို့သော် ယခု၌ သူမသည် လက်ပြန်ကြိုးအတုပ်ခံထားရသော အနေအထားမျိုးဖြင့် ရှုကျိုး၏ ဖမ်းချုပ်ခြင်းကို ခံထားရပြီး၊ နာကျင်စွာ ရုန်းကန်လှုပ်ရှားနေခဲ့ရသည်။

ထိုမြင်ကွင်းသည် လူတော်တော်များများကို ခါးခါးသီးသီးဖြစ်သွားစေကာ အရှက်ရသွားစေခဲ့သည်။

နတ်သိုင်းဌာနမှ တစ်ချို့သော နည်းပြဆရာ၊ ဆရာမများကပင် စိတ်မသက်မသာ ဖြစ်သွားကြသည်။

သူတို့၏ အထူးချွန်ဆုံးသော ပါရမီရှင်က ထိုကဲ့သို့ အဖမ်းခံလိုက်ရခြင်းမှာ အလွန်ရှက်ဖွယ်ကောင်းလျသည်။

အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက နတ်သိုင်းဌာန၏ ဂုဏ်သတင်းသည် လုံးဝချေမွခံလိုက်ရမည် ဖြစ်သည်။

သက်ပြင်းချသံ တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်း၏အနောက်တွင် ကျယ်လောင်သော အသံတစ်သံ လိုက်ပါလာခဲ့သည်။

“ လင်းရွှယ်၊ အရှုံးကိုဝန်ခံလိုက် “

…

ရှုကျိုး၏ အရှေ့တွင် အပြင်းအထန်ရုန်းကန်နေသည့် လင်းရွှယ်သည် ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။

“ ငါ့ကို လွှတ်ပေး “ ဟုလင်းရွှယ်မှ ပြောလာခဲ့သည်။

ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့ကာ ထိုအတိုင်းသာ ဆက်နေနေခဲ့သည်။

“ ငါရှုံးသွားတာကို ဝန်ခံတယ်၊ ငါ့ကို လွှတ် ”

ရှုကျိုးသည် သူမကို လွှတ်ပေးလိုက်သည်၊ သို့သော် သူသည် ထိုကောင်မလေး၏ လှုပ်ရှားမှုများကြောင့် ဇဝေဇဝါဖြစ်နေစဲပင် ဖြစ်သည်။

လင်းရွှယ်၏ အမူအရာသည် တည်ငြိမ်နေစဲဖြစ်ပြီး၊ သူမ၏ဓားရှည်ကို သိမ်းလိုက်သည်၊ ထို့နောက်တွင် သူမ၏ အေးစက်စက်ဖြစ်နေသော အသံသည် နတ်သိုင်းဌာနတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ ကျွန်မက အဆုံးထိ တိုက်ခိုက်ခဲ့တယ်၊ ရှင်ကပဲ အရှုံးကို ဝန်ခံခိုင်းခဲ့တာနော် “

သူမသည် သူမ၏စံအိမ်ထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတော့သည်။ အရိုးပေါင်းများစွာ ကျိုးပဲ့ပျက်စီးထားခဲ့သော်လည်း၊ သူမ၏ တည်ငြိမ်မှုနှင့် အမူအရာအရ သူမသည် တိုက်ပွဲတစ်ပွဲကို အောင်နိုင်ထားသည့် စစ်သည်တော်တစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။

မျက်မှောင်ကြုတ်ထားသည့် ရှုကျိုး၏ မျက်လုံးများ ပြေလျော့သွားခဲ့သည်။

ခုနတုန်းက ငါဘာမှမလုပ်ပဲနဲ့ ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူး။

အစပိုင်းတွင် သူသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ရသော်လည်း၊ ယခု၌ အနည်းငယ် နားလည်လာခဲ့ပြီဖြစ်သည်။

“ တမင်သက်သက် လုပ်လိုက်တာလား? “ ရှုကျိုးသည် လင်းရွှယ်၏နောက်ကျောကို ငေးကြည့်မိသွားခဲ့သည်။

…

ထိုအချိန်၌ နတ်သိုင်းဌာနရှိ လူအားလုံး သဘောပေါက်သွားကြပြီဖြစ်သည်။

လင်းရွှယ်ရှုံးသွားပြီ !!

နတ်သိုင်းဌာန၏ ပါရမီရှင်ဆယ်ဦးစလုံး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည် !!

All Chapters