နှင်ထုတ်ခြင်း အမိန့်စာ၊ ကြယ်ပြာဂြိုဟ်ပေါ်ရှိ ထူးခြားသော ဖြစ်ရပ်များ ၂
Vol. 15 Ch. 221
ရှုကျိုး မှင်သက်သွားခဲ့သည်။
သူ့ဘေးနားရှိ ရှားဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူများလည်း အံ့ဩသွားကြသည်။
သူတို့သည် ရှန့်ဝမ်ချန်း၏ လှုပ်ရှားမှုများက ရှုကျိုးကြောင့်သာလျှင် မဟုတ်ဘူးဆိုသည်ကို ခန့်မှန်းမိထားခဲ့ပြီဖြစ်သည်။
အော်၊ အဲ့လိုဖြစ်နေခဲ့တာကိုး !!
ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး၊ အမြန်မေးမြန်းလိုက်သည် “ ဌာနမှူး၊ စုန့်ယွင်ဟဲ့က ကျောင်းရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လာရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုခု ရှိနေတယ်မလား? “
စုန့်ယွင်ဟဲ့သည် နတ်သိုင်းဌာန၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်၊ သူသည် ထိုမျှလောက် မဆင်မခြင် ပြုလုပ်လာလိမ့်မည် မဟုတ်ပေ။
၎င်းကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ တကယ်ပဲ အရေးကြီးကိစ္စတစ်ခု ရှိနေတယ်။ နောက်ကျရင် မင်းတို့အားလုံး ဌာနက အစည်းအဝေး ခန်းမထဲကို လာခဲ့ကြ၊ ငါရှင်းပြပေးမယ် “
“ ကျွန်တော်တို့လား? “
ရှားဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူအားလုံး အံ့ဩသွားကြသည်။
“ ဟုတ်တယ် “ ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ တစ်နာရီအတွင်းမှာပဲ မင်းတို့အားလုံး အစည်းအဝေးလာတက်ကြ “
“ နားလည်ပါပြီ “
ရှုကျိုးနှင့် တစ်ခြားလူများမှ ခေါင်းငြိမ့်ပြလာကြသည်။
ထို့နောက်တွင် ရှန့်ဝမ်ချန်းသည် ရှုကျိုးကို အကြိမ်အနည်းငယ်မျှ ချီးကျူးပြောဆိုနေခဲ့ကာ၊ ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ရှုကျိုးကား သူပြောသွားသည့် ကိစ္စကိုသာ တွေးတောစဥ်းစားနေစဲပင်ဖြစ်သည်၊ ဌာနမှူးကတောင် ဒီလောက်တောင် တန်ဖိုးထားနေတယ်ဆိုတော့ ဘယ်လိုကိစ္စမျိုးလဲဟ?
“ မင်းက ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့နေရာမှာ တကယ်တော်တာပဲ “
ထိုအချိန်၌ ရှားဟောက်ချန်းသည် မအောင့်ထားနိုင်တော့ဘဲ စကားစပြောလာခဲ့သည် “ မင်းက တော်တော်ကြီးကို သန်မာနေပြီပဲ၊ ငါတို့က အဲ့အကြောင်းကို မကြားဖူးခဲ့ဘူး “
ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ငါက တစ်ချိန်လုံး လေ့ကျင့်နေတာလေ၊ ငါတို့မတွေ့ရတာတောင် နည်းနည်းကြာနေပြီ “
ဘေးနားရှိ ရှားရှီယောက်မှာလည်း ခေါင်းငြိမ့်ပြကာ စကားဝင်ပြောလာခဲ့သည် “ ဟုတ်တယ်၊ ငါ့အစ်ကိုက နင့်ကိုအမှီလိုက်ဖို့ ဘယ်လောက်တောင် အရူးအမူးဖြစ်နေလဲဆိုတာကို နင်မသိဘူး၊ နင့်ကို ဒီလိုမြင်လိုက်ရ ……. “
“ အဟမ်း၊ အဟမ်း၊ အဟမ်းး !! “ ရှားဟောက်ချန်းမှ အလောတကြီး ချောင်းဟန့်လာခဲ့သည်။
သူသည် သူ၏ညီမဖြစ်သူကို စိုက်ကြည့်လိုက်သည်၊ နင်က ဘယ်သူ့ညီမလဲဟ? တကယ်လို့ နင်ဆက်ပြောနေမယ်ဆိုရင် နင်က သူ့ညီမလို့ ငါထင်မိသွားတော့မယ်နော် !!
ဘယ်လိုညီမမျိုးက သူ့အစ်ကိုကို ဒီလိုမျိုး ရောင်းစားဖူးလို့လဲ?
သူတို့ဘေးနားရှိ ကျန်းလန်ကမူ ဆက်လက်၍ တိတ်ဆိတ်နေစဲပင်ဖြစ်သည်။
ကျောင်းကျိုးက သူမ၏ အချိန်များနှင့် ယှဥ်လိုက်မည်ဆိုပါက ကျန်းမိသားစု၏ သမီးပျိုသည် ယခင်က ဂုဏ်ယူဝင့်ကြားခဲ့ဖူးသည့် ဒေါင်းတစ်ကောင်ကဲ့သို့ မောက်မာခြင်း(သို့) ချဥ်းကပ်ရခက်ခဲခြင်းတို့ ရှိမနေတော့ဘဲ အတော်လေး တိတ်ဆိတ်ငြိမ်သက်လာခဲ့သည်။
ယခုတွင်ကား သူမသည် လုံးဝကွဲပြားသည့် လူတစ်ဦးကဲ့သို့ ဖြစ်သွားပုံရပြီး၊ သူ၏မအကြည့်ထဲတွင် လွမ်းဆွေးမှုနှင့် ချုပ်တည်းထားရမှုများ ပါဝင်နေခဲ့သည်။
သူမသည် ရှုကျိုးကို ကြည့်ကာ ရုတ်တရက် မေးမြန်းလာခဲ့သည် “ ရှုကျိုး၊ နင်ဖွင့်ထားတဲ့ သွေးကြောမှတ်တွေက ငါတို့နဲ့ မတူဘူးလား? “
ရှုကျိုးမှ ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ အဲ့လို ပြောလို့ရတယ် “
ကျန်းလန်မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
ရှုကျိုးမှ အပြုံးဖြင့် ပြောလာခဲ့သည် “ တကယ်တော့ ကွာခြားချက်က အဲ့လောက်ကြီး မကြီးပါဘူး။ အရာအားလုံးက အစစ်အမှန် သိုင်းပညာဌာနရဲ့ ပါဖက်စနစ်အပေါ်မှာပဲ မူတည်တယ်။ ပါဖက်စနစ်ကို တည်ဆောက်ပြီးတာနဲ့ မင်းတို့ နားလည်လာကြပါလိမ့်မယ် “
သူသည် စကားအနည်းငယ်မျှ ပြောနေခဲ့ပြီး၊ ရုတ်တရက်ဆိုသလိုပင် သိပ်မဝေးသော နေရာတွင် ဖြတ်ထားသည့် ပုံရိပ်တစ်ခုကို သတိပြုမိသွားကာ၊ မျက်ခုံးများမြင့်တက်သွားခဲ့သည်။
“ မင်းတို့ကောင်တွေ ဌာနမှူးဆီကို အရင်သွားလိုက်ကြ၊ ငါက လုပ်စရာတစ်ခုခု ရှိနေသေးတယ်၊ နောက်ကျမှ လိုက်လာခဲ့မယ် “
“ အိုကေလေ “
ရှားဟောက်ချန်းနှင့် တစ်ခြားလူများက ခေါင်းငြိမ့်ပြလာကြသည်။
ရှုကျိုးသည် ကျန်းလန်နှင့် တစ်ခြားလူများကို နှုတ်ဆက်ကာ တစ်ခြားတစ်ဖက်သို့ အမြန်လမ်းလျှောက်သွားတော့သည်။
သူ၏နေရာ၌
ကျန်းလန်သည် ရှုကျိုး၏ နောက်ကျောကို ကြည့်နေရင်းဖြင့်၊ သူ၏ စကားလုံးများကြောင့် စိတ်ဓာတ်များတက်ကြွသွားပုံရပြီး၊ သူမ၏မျက်လုံးလေးများသည် လောင်ကျွမ်းနေသည့် မီးတောက်များကဲ့သို့ တောက်ပလာခဲ့သည်။
သူမဘေးနားရှိ ရှားဟောက်ချန်းသည် သူမကို ငေးကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ်သက်ပြင်းချနေခဲ့သည်။
တစ်ခြားလူများက မသိနိုင်သော်လည်း၊ သူကမူ ရှုကျိုး၏ ပါဖက်စနစ်က သာမန်လူများနှင့် ကွဲပြားသည်ဆိုသည်ကို ကောင်းစွာ သိနေခဲ့သည်။
တစ်ခြားလူများသည် ပါဖက်စနစ်တစ်ခုကို ဖွဲ့စည်းရန်အတွက် သွေးကြောမှတ် ၁၂၀လိုအပ်သည်၊ သို့သော် ရှုကျိုးကမူ အခု၃၀တည်းဖြင့် ပါဖက်စနစ်တစ်ခု တည်ဆောက်နိုင်လေသည်။
၎င်းအား သူတို့က မည်ကဲ့သို့ ယှဥ်နိုင်ကြမည်နည်း?
ရှားဟောက်ချန်းသည် တဖြည်းဖြည်း ဝေးကွာသွားသည့် ကျောပြင်တစ်ခုကို ကြည့်ကာ အသာအယာ သက်ပြင်းချနေတော့သည်။
အဲ့လူ …….. သူ့ကို အမှီလိုက်ဖို့ အချိန်ရမယ်ဆိုရင်တောင်မှ ငါတို့က အဝေးကို ငေးကြည့်နေရင်းဖြင့် ကျန်နေခဲ့ရမဲ့ပုံပဲ။
သူတို့နှင့် ရှုကျိုးသည် တူညီသော ကမ္ဘာတစ်ခုမှ လူများ မဟုတ်ကြသည့်ပုံပင်။
…
ရှုကျိုးသည် လီတျယ်ကို မြင်လိုက်ရသည့် အချိန်တွင် ထိုကောင်က မည်သည့်အရာများ ပြုလုပ်ခဲ့လဲဆိုသည်ကို ခန့်မှန်းမိနေခဲ့ပြီဖြစ်သည်။
အမှန်တိုင်း ပြောရမည်ဆိုပါက သူသည် ၎င်းကို ထင်ကြေးပေးမှန်းဆနေရန် မလိုအပ်ပေ၊ အဘယ့်ကြောင့်ဆိုသော် လီတျယ် လောင်းကြေးစဖွင့်နေသည့်အချိန်တွင် သူက ၎င်းကို သတိပြုမိသွားခဲ့သောကြောင့် ဖြစ်သည်။
ရှုကျိုးသည် ထိုကောင်က ဤတစ်ကြိမ်တွင် မျိုးမျိုးမြတ်မြတ် ရသွားသည်ဟု မှန်းဆမိနေခဲ့သည်။
မကြာခင်မှာပင် ရှုကျိုးသည် လီတျယ်ကို လိုက်မှီသွားခဲ့သည်။
“ လီတျယ် “
“ ရှုကျိုးလား? ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ !! “ လီတျယ်သည် သူ့အား တအံ့တဩဖြစ်နေသော အမူအရာဖြင့် ကြည့်လာခဲ့သည်။
ရှုကျိုးသည် ချုံပုတ်ကို ပတ်ရိုက်မနေဘဲ လိုရင်းကိုသာ တည့်တည့် ထုတ်ပြောလာခဲ့သည် “ မင်းဘယ်လောက်ရခဲ့လဲ? “
၎င်းကို ကြားလိုက်ရသောအခါတွင် လီတျယ်သည် သူက သိနေပြီးသားဆိုသည်ကို နားလည်သွားကာ မျက်နှာပျက်သွားခဲ့သည်။
“ ဘာကို ရရမှာလဲ? “ လီတျယ်မှ နှုတ်ခမ်းတလန်ပန်းတလန်ဖြင့် ပြောလာခဲ့သည် “ ငါအကုန်ရှုံးသွားတယ် “
ရှုကျိုးသည် ငါမင်းကို ယုံမယ်လို့ ထင်နေလားဆိုသည့် မျက်နှာပေးမျိုးဖြင့် သူ့ကို ကြည့်လိုက်သည်။
“ ငါက တကယ်ကြီးကို ဘာပိုက်ဆံမှ မရှာနိုင်ခဲ့ဘူးကွ “ လီတျယ်မှ အံကြိတ်၍ ပြောလာခဲ့သည်။
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး၊ ပြောလာခဲ့သည် “ ငါဘယ်နှပွဲနိုင်မယ်လို့ မင်းလောင်းလိုက်တာလဲ? “
“ အမ် ….. “
လီတျယ်သည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားပြီးမှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါးပွဲ “
“ … “
ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည်၊ ငါကတော့ မင်းကို ညီအစ်ကို တစ်ယောက်လို့ ထင်လိုက်ရတာကွာ။
လီတျယ်သည် သူ့ကိုယ်သူအတွက် မရှင်းပြလာခဲ့ပေ။
မင်းက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေမယ်လို့ ဘယ်သူက သိမှာလဲဟ?
ရှုကျိုးက သွေးကြောမှတ် ၉၂ခု ဖွင့်ထားသည်ဆိုသည်ကို သူကြိုသိထားမည်ဆိုလျှင်တောင်မှ၊ ရှုကျိုးက ဆယ်ယောက်စလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
ရှုကျိုးက သွေးကြောမှတ် မည်မျှဖွင့်ထားလဲဆိုသည်ကို မသိသည့် အခြေအနေမျိုးတွင်ဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
ရှုကျိုးသည် ထိုကိစ္စကို ထပ်မပြောဘဲ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ငါဆယ်ပွဲလုံး နိုင်လိမ့်မယ်လို့ လောင်းတဲ့လူ တစ်ယောက်လောက် မရှိဘူးလား? “
“ အင်း ရှိတယ်လေ “ လီတျယ်မှ ခေါင်းငြိမ့်ပြလိုက်သည်။
သူစကားထပ်ပြောမည့် အချိန်မှာပင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ချဥ်းကပ်လာသည်ကို သူမြင်တွေ့သွားခဲ့သည်။
လီရို့ရှီသည် အဖြူရောင် မျက်နှာကာနှင့် အနက်ရောင် ဂါဝန်တို့ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ချောမောလှပသော ရုပ်ရည်ကို ဖုံးကွယ်ထားကာ ဖြူသွယ်သည့် ညှပ်ရိုးလေးကိုသာ အနည်းငယ်မျှ လှစ်ဟပြသထားခဲ့သည်။
“ အကျိုးပြုအမှတ်တွေ ထည့်ပြီးသွားပြီလား? “ သူမသည် လီတျယ်ကို ကြည့်ကာ မေးမြန်းလာခဲ့သည်။
“ အဲ့လောက် မမြန်ဘူးလေ “ လီတျယ်မှ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ အဲ့တာတွေ ရောက်လာတာနဲ့ နင့်ဆီကို ငါလွှဲပေးမှာပါ “
ပြောနေရင်းဖြင့် သူသည် သူ့အရှေ့ရှိ ပုံရိပ်နှစ်ခုကို ဖျတ်ခနဲကြည့်ကာ အားကျစိတ်ဖြင့် ပြောလာခဲ့သည် “ အချိုးအစားအရတော့ ငါကမင်းကို အမှတ်၁၇၀၀ လွှဲပေးရမှာ ….. ငါ့ကို နည်းနည်းလောက် သက်ညှာပေးလို့ရမလား? “
“ မရဘူး “ လီရို့ရှီသည် အေးစက်စွာ ငြင်းပယ်လိုက်သည်။
“ ဒါဆိုရင်လည်း ကောင်းပြီလေ “
လီတျယ်သည် အလွန်အားကျနေသည့်ပုံပင်၊ အကျိုးပြုအမှတ် ၁၀၀၀ကျော်ကွာ။
သူသည် လေးပင်စွာ သက်ပြင်းချနေတော့သည်၊ ဤတစ်ကြိမ်၌ သူသည် ကြီးကြီးမားမား ဆုံးရှုံးခဲ့လေသည်။
“ ငါမင်းတို့ကို မနှောင့်ယှက်တော့ဘူး “ ဟုသူဆက်ပြောလာခဲ့သည်။
မကြာခင်မှာပင် လီတျယ်သည် အဝေးသို့ ထွက်ခွာသွားတော့သည်။
သူထွက်သွားသည့်နောက်တွင် ရှုကျိုးသည် လီရို့ရှီကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည် “ နင်က ငါဆယ်ပွဲလုံး အနိုင်ရမယ်လို့ လောင်းလိုက်တာလား? “
“ ဟုတ်တယ် “ လီရို့ရှီသည် သူမ၏ မျက်နှာကာကို ဖယ်ရှားလိုက်သည်၊ သူမ၏ မျက်လုံးများထဲတွင် ပျော်ရွှင်နေသည့် အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည် “ အဲ့ဒီအမှတ်တွေကို နင်ဘယ်လောက်လိုချင်လဲ? “
“ အဆင်ပြေပါတယ် “
“ နင့်ကို အကုန်ပေးရမလား? “ လီရို့ရှီသည် သူမ၏ဦးခေါင်းလေးကို အသာအယာ စောင်းလာခဲ့သည်။
ရှုကျိုးသည် ဦးခေါင်းကို ခါရမ်းကာ အပြုံးဖြင့် ပြောလိုက်သည် “ ရပါတယ်၊ အခုလက်ရှိ အချိန်မှာတော့ ငါ့ဆီမှာ အကျိုးပြုအမှတ်တွေ ပြတ်လပ်မနေပါဘူး။ နင်က အဲ့တာတွေကို သုံးလိုက်သင့်တယ် “
လီရို့ရှိ အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် သူမသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
သူမ၏ မျက်လုံးများထဲတွင်မူ စိတ်ပျက်လက်ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်၊ သူမသည် သူမက ရှုကျိုးကို အကူအညီပေးနိုင်ပြီဟု ထင်နေခဲ့ခြင်းဖြစ်သည်။