နတ်ဘုရားကျောင်းတော် ၏ စမ်းသပ်မှု သုံးခု
Vol. 7 Ch. 87
နတ်ဘုရားကျောင်းတော်မှာ အလယ်ပိုင်းဒေသ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဧရိယာအလွန် ကျယ်ဝန်းသည်။
ရှည်လျားသော အမွေအနှစ်ကို ဆက်ခံလာသော တက္ကသိုလ်တစ်ခုဖြစ်သည့်အလျောက် သူ၏ တပည့်များမှာ တာအိုရွှမ်ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး အသီးအပွင့်များ ကမ္ဘာအနှံ့ ဝေဆာနေသည်ဟု ဆိုနိုင်၏။
ဤသို့သော ဆက်ဆံရေးမျိုးရှိနေသဖြင့် သာမန်အဖွဲ့အစည်းများမှာ နတ်ဘုရားကျောင်းတော်ကို ရန်စရန် လုံးဝမဝံ့ချေ။
အလယ်ပိုင်းဒေသ၏ အထွတ်အထိပ် အဖွဲ့အစည်းကြီးအချို့ပင်လျှင် နတ်ဘုရားကျောင်းတော်ကို အလွန် လေးစားကြသည်။
ယခုအခါ နတ်ဘုရားကျောင်းတော် ထဲတွင် အလွန် စည်ကားနေ၏။
ပါရမီရှင်တိုက်ပွဲကြီးမှာ နတ်ဘုရားတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ပြီး ဤသည်မှာ အလွန် ကြီးကျယ်ခမ်းနားသော ကိစ္စတစ်ခု ဖြစ်သည်။
နတ်ဘုရားကျောင်းတောင်၏ တံခါးဝတွင် လူငယ်အချို့မှာ ပြုံးရယ်ကာ စကားစမြည်ပြောနေကြသည်။
ထိုလူငယ်များမှာ နတ်ဘုရားကျောင်းတောင်၏ တပည့်များဖြစ်ကြပြီး နတ်ဘုရားကျောင်းတော်သို့ ပါရမီရှင်တိုက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက်သော ကောင်းကင်ပါရမီရှင်များကို ဧည့်ခံရန် တာဝန်ကျသူများ ဖြစ်ကြသည်။
“ပါရမီရှင်တိုက်ပွဲကြီး စပြီဆိုတော့ မကြာခင်မှာ တောက်ရွှမ်ကမ္ဘာက အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေအားလုံး ရောက်လာကြတော့မှာပေါ့…’’
“ဟုတ်တယ်... ငါတို့ နတ်ဘုရားတက္ကသိုလ်က ပါရမီရှင်တိုက်ပွဲကြီး ကျင်းပတဲ့နေရာဖြစ်တော့ မကြာခင်မှာ စည်ကားလာတော့မှာပဲ…’’
“ပါရမီရှင်တိုက်ပွဲကြီး စပြီ... ဒီတစ်ခေါက်တော့ ငါတို့ နတ်ဘုရားတက္ကသိုလ်က ထိပ်ဆုံးနေရာကို ရယူနိုင်မယ့် အခွင့်အရေး ရှိလောက်တယ်မလား…’’
ဤစကားကို ပြောပြီးနောက် လူအချို့၏ အကြည့်များမှာ ရှေ့မှ အရိပ်တစ်ခုဆီသို့ ရောက်သွားကြသည်။
၎င်းမှာ လှပတင့်တယ်သော အရိပ်တစ်ခုဖြစ်ပြီး ၊ အနက်အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ထိုအနှီသူ၏ မျက်ဝန်းတစ်စုံမှာ တစ်လုံးကအနက် တစ်လုံးကအဖြူဖြစ်ပြီး သူ၏ ကိုယ်ခန္ဓာပတ်လည်တွင် ရုန်းသင်္ကေတများ ရောယှက်နေကာ တာအိုသံစဉ်များ လည်ပတ်နေသဖြင့် အလွန်ပင် ထူးဆန်းလှပေသည်။
လူငယ်၏အမည်မှာ ကျောက်ဟယ် ဖြစ်ပြီး နတ်ဘုရားကျောင်းတော် ဤမျိုးဆက်သစ်တွင် အထူးချွန်ဆုံး တပည့်ဖြစ်ကာ ကောင်းကင်ပါရမီရှင်စာရင်း၏ တတိယနေရာတွင် ရပ်တည်နေသည်။
သူသည် ယင်ယန်မြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ မည်မျှနက်ရှိုင်းသည်ကို မခန့်မှန်းနိုင်ချေ။
မကြာသေးမီကမူ အသိဉာဏ်အလင်းပွင့်သွားပြီး ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ယခုအခါ၌ အလွန် စိတ်ဓာတ်တက်ကြွနေသည်။
“အမတရှေးဟောင်းကမ္ဘာ ပွင့်လန်းပြီ... ပါရမီရှင်တိုက်ပွဲကြီး ကျင်းပပြီ... ဒီတစ်ခေါက်မှာတော့ ငါဟာ ငါတို့ နတ်ဘုရားကျောင်းတော် အတွက် ဂုဏ်ဆောင်ရမယ်…’’
ကျောက်ဟယ်၏ မျက်နှာမှာ ခိုင်မာနေပြီး သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်ကို ချလိုက်ဟန်ရှိသည်။
နတ်ဘုရားကျောင်းတော် မှာ အတော်ကြာသည့် ကာလတစ်ခုအထိ အလွန်တရာ အံ့မခန်းသော ကောင်းကင်ပါရမီရှင်တစ်ဦးမျှ မပေါ်ထွက်ခဲ့ချေ။
ယခုအခါ ကျောက်ဟယ်မှာမူ ဤနှစ်များအတွင်း နတ်ဘုရားကျောင်းတော်တွင် မွေးဖွားလာခဲ့သော အထူးချွန်ဆုံး ကောင်းကင်ပါရမီရှင် ဖြစ်သည်။
ထို့အပြင် သူသည် အလွန်တရာ ကြိုးစားပြီး ကျောင်းတော်အတွက် ပထမနေရာကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။
“ဝေးကွာတဲ့ အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာပိုင်ရှင်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ကြားတယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာဧကရာဇ် ပုံရိပ်ယောင်တွေ အများကြီးကို ကျင့်ကြံနိုင်ခဲ့ပြီး အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်တွေကို ချေမှုန်းနိုင်ခဲ့တယ်တဲ့... ပြီးတော့ သူကိုယ်တိုင်ကလည်း အရမ်းချောမောပြီး နတ်သားတစ်ပါးလိုပဲတဲ့... တကယ်ဟုတ်မဟုတ်တော့ မသိဘူး…’’
ရုပ်ရည်ချောမောပြီး သန့်စင်လှပသော အမျိုးသမီးတစ်ဦးက စပ်စုသော လေသံဖြင့် ဆိုလိုက်သည်။
“ညီမလေး... ငါ့အမြင်မှာတော့ ဒါက အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကျင့်ကြံသူတွေ နတ်ဘုရားတစ်ပါးကို ဖန်တီးချင်လို့ လျှောက်ဖြန့်တဲ့ သတင်းတွေပဲ ဖြစ်မှာပါ... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာဆိုတာ ခေတ်ပေါင်းများစွာအတွင်းမှာ တစ်ယောက်ပေါ်ထွက်လာဖို့တောင် ခက်ခဲတဲ့ အထွတ်အထိပ် ခန္ဓာကိုယ်မျိုးလေ... ပြီးတော့ မဟာဧကရာဇ် ပုံရိပ်ယောင်ဆိုတာကလည်း အနည်းဆုံးတော့ မဟာဧကရာဇ် ဖြစ်လာမယ်ဆိုတာကို ဖော်ပြတာ... တစ်ယောက်တည်းက အများကြီး ကျင့်ကြံနိုင်တယ်ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ…’’
“နောက်ဆုံးအနေနဲ့ ရုပ်ချောတာက ဘာအသုံးမှမဝင်ဘူး... ညီမလေး... သူ့ရဲ့ လှည့်စားမှုကို မခံရစေနဲ့... အစ်ကိုကြီးကိုပဲ ကြည့်ပါလား…’’
...
မကြာမီပင် နတ်ဘုရားကျောင်းတော်၏ တံခါးဝတွင် ကောင်းကင်ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ဤကောင်းကင်ပါရမီရှင်များမှာ တောက်ရွှမ်(တာအိုရွှမ်)ကမ္ဘာ၏ နေရာအသီးသီးမှ လာရောက်ကြပြီး အားလုံးမှာ တစ်နေရာတွင် လွှမ်းမိုးနိုင်သူများဖြစ်ကာ အလွန်တရာ အားကောင်းကြသည်။
ဤကောင်းကင်ပါရမီရှင်များမှာ အလွန်စောစီးစွာ ရောက်ရှိလာကြပြီး သူတို့၏ နောက်မှ အကြီးအကဲများက ပါရမီရှင်တိုက်ပွဲကြီး၏ ပထမအဆင့် စမ်းသပ်မှုကို ကြိုတင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှာကြားလိုက်သောကြောင့် ဖြစ်သည်။
ပါရမီရှင်တိုက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်သူ အရေအတွက်မှာ တစ်သန်းအထိ ရှိပြီး ဤသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။
ဤမျှ များပြားသော ကျင့်ကြံသူများမှာ တိုက်ရိုက် ယှဉ်ပြိုင်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။
ထို့ကြောင့် ဦးစွာ ပဏာမအဆင့်ဖြင့် ရွေးချယ်ရန် လိုအပ်ပြီး ကောင်းကင်ပါရမီရှင်အများစုကို စစ်ထုတ်ပစ်ရမည် ဖြစ်သည်။
ပါရမီရှင်တိုက်ပွဲကြီး၏ ပထမအဆင့် စမ်းသပ်မှုမှာ နတ်ဘုရားကျော်းတော်၏ စမ်းသပ်မှု သုံးခုပင် ဖြစ်သည်။
စမ်းသပ်မှု သုံးခုကို ကောင်းကင်တက်လှေကား၊ ရှေးဟောင်းခေါင်းလောင်းထိုးခြင်းနှင့် နဂါးတံခါးခုန်ကူးခြင်းဟု အသီးသီး ခေါ်တွင်သည်။
နတ်ဘုရားကျောင်းတော်၏ စမ်းသပ်မှု သုံးခုမှာ မူလက တည်ထောင်သူဘိုးဘေးကြီးက တပည့်များ ရွေးချယ်ရန်အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ကျောင်းတော်မှ ဤစမ်းသပ်မှု သုံးခုမှာ အလွန် ခက်ခဲလွန်းသည်ကို တွေ့ရှိခဲ့သည်။ ထိုစံနှုန်းများအတိုင်း တပည့်များ ရွေးချယ်မည်ဆိုပါက လူတစ်ယောက်မျှ ရရှိမည် မဟုတ်ချေ။
ထို့ကြောင့် ကျောင်းတော်မှာ ၎င်းကို တပည့်သစ်များ ခေါ်ယူရန်အတွက် အသုံးပြုခြင်းကို စွန့်လွှတ်လိုက်ပြီး တာအိုရွှမ်ကမ္ဘာ ပါရမီရှင်တိုက်ပွဲကြီး၏ ပထမအဆင့်အဖြစ် သတ်မှတ်လိုက်သည်။
“ငါ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမအဆင့်ကို ဝင်ပြိုင်ချင်တယ်…’’
ယုံကြည်မှုအပြည့်နှင့် အသံတစ်ခု ထွက်ပေါ်လာသည်။
ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး စိတ်ဓာတ်တက်ကြွနေသော လူငယ်တစ်ဦးမှာ ဖြည်းညင်းစွာ မြေပေါ်သို့ ဆင်းသက်လာပြီး နတ်ဘုရားတက္ကသိုလ်မှ ဧည့်ခံသူအချို့ကို ကြည့်ကာ ကျယ်လောင်စွာ ဆိုလိုက်သည်။
“စမ်းသပ်မှု သုံးခုက တက္ကသိုလ်ထဲမှာပဲ ရှိတယ်... ကိုယ့်ဘာသာကိုယ် သွားလို့ရတယ်... ငါတို့ နတ်ဘုရားတက္ကသိုလ်ရဲ့ စမ်းသပ်မှု သုံးခုက ကောင်းကင်တက်လှေကား၊ ရှေးဟောင်းခေါင်းလောင်းထိုးခြင်းနဲ့ နဂါးတံခါးခုန်ကူးခြင်းပဲ... လှေကားက ကိုးဆယ့်ကိုးထစ်ရှိတယ်... ငါးဆယ်ထစ် တက်နိုင်ရင် အောင်မြင်တယ်... ခေါင်းလောင်းထိုးတာကတော့ လေးချက်ထိုးနိုင်ရမယ်... နဂါးတံခါးခုန်ကူးခြင်းကတော့ ပြောစရာမလိုဘူး... ဖြတ်ကျော်သွားနိုင်ရင် အောင်မြင်တာပဲ…’’
နတ်ဘုရားကျောင်းတော်မှ တပည့်တစ်ဦးက တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။ ဤလူငယ်မှာ အလွန် ယုံကြည်မှုရှိသော်လည်း ဘာအသုံးမှမဝင်ချေ။
ရှည်လျားသော ကာလတစ်လျှောက်တွင် နတ်ဘုရားကျောင်းတော် ၏ စမ်းသပ်မှု သုံးခုကို လွယ်ကူစွာ ဖြတ်ကျော်နိုင်မည်ဟု ထင်မှတ်ခဲ့သော ကျင့်ကြံသူများစွာမှာ ထိုထဲတွင် သေဆုံးသွားခဲ့ကြသည်။
“ကောင်းပြီ... မင်းတို့ နတ်ဘုရားတက္ကသိုလ်ရဲ့ စမ်းသပ်မှု သုံးခုကို ငါ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ကြည့်လိုက်…’’
လူငယ်မှာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်ကာ သက်တံရောင်ခြည်တစ်ခုအဖြစ်သို့ ပြောင်းလဲ၍ စမ်းသပ်မှု သုံးခု ရှိရာနေရာသို့ ပျံသန်းသွား၏။
ထိုအချိန်၌ ကျင့်ကြံသူများစွာမှာလည်း လူငယ်နှင့်အတူ လိုက်ပါသွားကြပြီး နတ်ဘုရားတက္ကသိုလ်၏ စမ်းသပ်မှု သုံးခုမှာ မည်မျှ ခက်ခဲသည်၊ ဒဏ္ဍာရီထဲကအတိုင်း ကြောက်မက်ဖွယ်ကောင်းခြင်း ရှိမရှိကို ကြိုတင် ကြည့်ရှုလိုကြသည်။
နတ်ဘုရားတက္ကသိုလ်ထဲမှ ဆိတ်ငြိမ်သော နေရာတစ်ခု။
ဤနေရာမှာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း နောက်တစ်ခဏတွင် အရိပ်များစွာ ပေါ်ထွက်လာသည်။
၎င်းတို့မှာ ဤတစ်ကြိမ် ပါရမီရှင်တိုက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ယခင်က ယုံကြည်မှုအပြည့်ရှိသော လူငယ်မှာ ထွက်လာပြီး ကိုယ်တစ်ချက်လှုပ်ကာ ပထမအဆင့် စမ်းသပ်မှုဖြစ်သော ကောင်းကင်တက်လှေကားအောက်သို့ ရောက်ရှိသွားသည်။
ကောင်းကင်တက်လှေကားမှာ မြင့်မားစွာ တည်ရှိပြီး ဖျော့တော့သော အလင်းတန်းကို ထုတ်လွှတ်နေကာ အထက်သို့ သွယ်တန်းနေပြီး တိမ်တိုက်များထဲသို့ ရောက်ရှိကာ အထွတ်အထိပ်သို့ တက်လှမ်းရာ မဟာလမ်းမကြီးတစ်ခုနှင့် တူနေ၏။
လှေကားမှာ ကိုးဆယ့်ကိုးထစ် တိတိရှိပြီး မည်သည့် မသိနိုင်သော အဓိပ္ပာယ်များ ပါဝင်နေသည်ကို မသိနိုင်ချေ။
“ကိုးဆယ့်ကိုးထစ် လှေကားလေးပဲ... ဒီ ကောင်းကင်တက်လှေကားက ဘယ်လောက် ခက်ခဲလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့…’’
လူငယ်မှာ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ခြေတစ်လှမ်းလှမ်းကာ လှေကားကို စတင် တက်လှမ်းလိုက်သည်။
ထိုအချိန်တွင် လူတိုင်း၏ အကြည့်များမှာလည်း လူငယ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဤလူငယ်မှာ အလွန် ထူးချွန်ပုံရပြီး သူ မည်သည့်အဆင့်အထိ တက်လှမ်းနိုင်မည်ကို မသိနိုင်ချေ။
ပထမအဆင့် ကောင်းကင်တက်လှေကားမှာ ငါးဆယ်ထစ် တက်လှမ်းနိုင်လျှင်ပင် နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
လူတိုင်းမှာလည်း ငါးဆယ်ထစ်ဆိုသည်မှာ ထင်သလောက် မခက်ခဲလောက်ဟု တွေးထင်နေကြသည်။
သို့သော် မကြာမီပင် သူတို့၏ အတွေးများမှာ ပြောင်းလဲသွားသည်။
လူငယ်မှာ ကောင်းကင်တက်လှေကားကို စတင် တက်လှမ်းစဉ်က လွယ်ကူချောမွေ့နေပြီး အလွန်တရာ ပေါ့ပါးလွတ်လပ်နေဟန်ရှိသည်ကို တွေ့လိုက်ရသည်။
သို့သော် သုံးဆယ်ထစ်သို့ ရောက်သောအခါ သူ၏ ခြေလှမ်းများမှာ အလွန်တရာ လေးလံလာပြီး အထက်သို့ တက်လှမ်းနှုန်းမှာလည်း လိပ်နှုန်းကဲ့သို့ ဖြစ်သွားသည်။
သုံးဆယ့်ငါးထစ်သို့ ရောက်သောအခါ၊
ဘုန်း...။
လေဟာနယ်ထဲမှ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်တက်လှေကားဆီသို့ ပြန်ကြည့်သောအခါ လူငယ်၏ အရိပ်မှာ မရှိတော့ဘဲ သွေးအိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေ၏။
ဘုရားရေ...